The Bolster (Audio Version)

အိမ်မှာ ကက်ဆက် မ၀ယ်နိုင်တော့ သီချင်းနားထောင်ချင်ရင် ရေဒီယိုကိုပဲ အားထားခဲ့ရတာ လူမှန်းသိကတည်းကနေ အသက် နှစ်ဆယ်ကျော်အထိပါပဲ။ အဲတုန်းက “မြန်မာ့အသံ”ပေါ့။ မှတ်မှတ်ရရ ၁၉၇၉ ခုနှစ် နောက်ပိုင်း ကက်ဆက် ၀ယ်နိုင်လာကတည်းက ရေဒီယိုဆိုတာကို မေ့လျော့ပစ်ပယ်ထားခဲ့တာများ အခုဆိုရင် နှစ်ပေါင်း ၃၀ ကျော်နေခဲ့ပါပြီ။

လွန်ခဲ့တဲ့ ငါးနှစ်လောက်က သင်တန်းတစ်ခုမှာ မြန်မာ့အသံက အစီအစဉ်မှူးတစ်ယောက်နဲ့ ဆုံတော့ သူက ကျွန်တော့် စာတွေထဲက တချို့ကို မြန်မာ့အသံကနေ အခါအားလျော်စွာ ထုတ်လွှင့်တင်ဆက်နေတဲ့အကြောင်း ပြောလာပါတယ်။ သြော်… သြော်ပေါ့။ ကျေးဇူးတင်ပါတယ်ပေါ့။ ဟုတ်တယ်လေ… သည်လောက် ပြောပြတာပဲ ကျေးဇူးတင်ရမှာပါ။ သူတို့က နိုင်ငံတော်က ထုတ်လွှင့်နေတဲ့ ရေဒီယိုပဲလေ။ ဘယ်သူ့ဆီက ခွင့်ပြုချက်ကို အရေးလုပ် တောင်းနေမှာလဲ။ မူပိုင်ခွင့်တွေ ဘာတွေ ပြောရအောင်ကလည်း ကျွန်တော်တို့ လူမှန်းသိခါစကသာ ရေဒီယိုမှာ ကြော်ငြာတွေ ဘာတွေ ရှိခဲ့တာ။ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ ရေဒီယိုမှာ ကြော်ငြာမှ မရှိတော့ဘဲ။ ၁၉၈၈ နောက်ပိုင်းမှာတော့ ရေဒီယိုမှာ ကြော်ငြာတွေ ပေါ်လာပေမယ့် ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ မြန်မာ့အသံကို တခုတ်တရ နားထောင်ကြသူတွေ ပါးရှားနေပြီ ဆိုတော့လည်း မူပိုင်ခွင့် သွားပြောရင် ပြောတဲ့သူက ရူးရာများ ကျနေမလားပဲ။ ကိုယ်ကိုယ်တိုင်တောင်မှ ရေဒီယိုကို လုံးလုံး နားမထောင် ဖြစ်တော့ ကိုယ့်စာ လွှင့်လည်း လွှင့်လွှင့်ပဲ၊ ကိုယ်မှ မသိလိုက်တာ။ အခုလို ကြုံတုန်း ကြုံခိုက် ပြောပြတာကိုပဲ ကျေးဇူးတင်လှပြီပေါ့။

စကားစပ်တုံး ကြော်ငြာထိုးရရင် မြန်မာ့အသံတင်မဟုတ်ဘူး၊ ဘာ ရေဒီယိုကိုမှ ကျွန်တော် နားမထောင်ဘူး။ BBC, VOA, RFA, DVB… ကြားပဲ ကြားဖူးတယ်။ နားမထောင်ဖြစ်ပါဘူး။ ရန်ကုန် ဆစ်ထီး FM ပေါ်လာခါစက ခဏတဖြုတ် နားထောင်ကြည့်ခဲ့ဖူးတယ်။ ကြော်ငြာတွေ သိပ်များတော့ နားငြီးလာလို့ သိပ် အာရုံ မထားဖြစ်တော့ဘူး။ အဲဒီ့ ဆစ်ထီး FM က ကျွန်တော့် အစီအစဉ် နှစ်ခု လွှင့်ခဲ့ဖူးတယ်။ တစ်ခုကို လွှင့်နေတုန်း တစ်ပိုင်းတစ်စ ကြားခဲ့ဖူးပြီး နောက်တစ်ခုကို လွှင့်ခိုက်မှာ လုံးလုံး မကြားဖူးခဲ့ဘူး။ နောက်ကျတော့မှ သူတို့ ပေးတဲ့ အသံစီဒီများကတစ်ဆင့် ကိုယ့်ဘာသာကိုယ် ပြန်နားထောင်ယူရပါတယ်။ အခုနောက်ပိုင်း မန္တလေး FM ပေါ်လာတော့ ကျွန်တော်တို့ ငယ်ငယ်က စွဲလန်းခဲ့ဖူးတဲ့ ရေဒီယို သီချင်းတွေ ကြားရတတ်လို့ ရံဖန်ရံခါ နားထောင်ဖြစ်တယ်။ အဲဒီ့ မန္တလေး FM မှာ ကျွန်တော့်ရဲ့ ပင်တိုင်ကဏ္ဍတစ်ခုကို ၂၀၀၉ ခုနှစ် အနှောင်းပိုင်းက စတင်ပြီး အပတ်စဉ် တင်ဆက်ဖြစ်သွားတဲ့အခါကျတော့ ဂရုတစိုက် နားထောင်ဖြစ်လာပါတယ်။ ဒါလည်း တကယ်တော့ အပတ်မမှန်ပါဘူး။ မေ့တဲ့အခါ မေ့သွားလိုက်၊ မအားတာနဲ့ နားမထောင်ဖြစ်လိုက်နဲ့ပါ။ အဲဒါ ကျွန်တော်နဲ့ ရေဒီယိုနဲ့ အဆက်အစပ်ဖြစ်ပါတယ်။

အဲ… မြန်မာ့အသံကြီး နေပြည်တော် ရွေ့သွားပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော့်ဆီ ကလေးမလေး တစ်ယောက် ဖုန်းဆက်တယ်။ သူက ကျွန်တော့်ရဲ့ ၀တ္ထုတိုတစ်ပုဒ်ကို ထုတ်လွှင့်ချင်တဲ့အကြောင်း လှမ်းပြောတာပါ။ လွှင့်ပါ ခင်ဗျားပေါ့။ အခုလို အသိပေး အကြောင်းကြားတာလည်း ကျေးဇူးတင်ပါတယ် ခင်ဗျားပေါ့။ ဘာဝတ္ထုလဲဆိုတော့ “ဖက်ခွလုံး”တဲ့။ ဘယ်ဆိုးလို့တုံး၊ သူတို့တွေ စာဖတ်ကြသားပဲ။ ကျွန်တော်က ၀တ္ထုတိုကို အားစိုက် ရေးနေတဲ့သူ မဟုတ်ပါဘူး။ အပျင်းထူပြီး ၀တ္ထုတိုထက် လွယ်တဲ့ ဆောင်းပါးတွေပဲ ရေးနေတာလေ။ အဲလိုလူရဲ့ ရှားရှားပါးပါး ၀တ္ထုတိုထဲကမှ “လူ့သဘာဝဖွဲ့”လေးကိုမှ ရွေးလိုက်ပုံဟာ စာတော်တော် အဖတ်နာလို့ပဲလို့ တွေးမိပြီး ကျေးဇူးတင်လိုက်မိရပါတယ်။

ပြီးတော့လည်း မေ့မေ့ပျောက်ပျောက်ပါပဲ၊ ၄-၅-၆ လလောက်နေတော့ နောက်တစ်ယောက်က ဖုန်းဆက်ပြန်တယ်။ နေပြည်တော် မြန်မာ့အသံကပါပဲ။ သူကကျတော့ ကျွန်တော်နဲ့ အင်တာဗျူးချင်လို့ပါတဲ့။ ရက်ချိန်း တောင်းပါတယ်။ ကျွန်တော့်ဇနီးကိုပါ ဗျူးချင်တာတဲ့။ ဒါနဲ့ ရက်ချိန်းပေးလိုက်ပါတယ်။ ချိန်းထားတဲ့ ရက်မှာ သူဗျူးပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံလည်း ဖြေပေးလိုက်ပါတယ်။ ဖုန်းနဲ့ အင်တာဗျူးပေါ့ခင်ဗျာ။ အဲဒီ့ အစီအစဉ်ကို လွှင့်ပြီးရင် ကျွန်တော့်ဆီကို အသံစီဒီ ပို့ပေးပါ့မယ်လို့ သူက ပြောပါတယ်။ ဒါဆိုလည်း “ဖက်ခွလုံး”အသံဖိုင်လေးပါ တွဲပြီး ပို့ပေးနိုင်မလားဆိုတော့ သူက ပို့ပေးပါ့မယ်တဲ့။

သည်လိုနဲ့ အခု အသံဖိုင်ကို ရလာပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံရဲ့ အင်တာဗျူးကိုတော့ ကျွန်တော်တို့ အိမ်ထောင်သက် ၂၃ နှစ် ပြည့်မယ့် အချိန်ကျတော့မှပဲ အမှတ်တရ တင်ပေးပါ့မယ်။ (သိပ်မလိုတော့ပါဘူး၊ အလွန်ဆုံး စောင့်ရလှ နှစ်လခွဲ သာသာပဲ စောင့်ရမှာပါ ခင်ဗျာ။)

အခုတော့ နေပြည်တော် မြန်မာ့အသံက ဇာတ်ညွှန်းရေးသား စီစဉ် ထုတ်လွှင့်လိုက်တဲ့ ကျွန်တော့်ရဲ့ “ဖက်ခွလုံး” ၀တ္ထုတိုကိုသာ နားဆင်တော်မူကြည့်ကြပါတော့ ခင်ဗျား။

(မူရင်း ကျွန်တော့် ၀တ္ထုကိုတော့ အထက်က အရောင်ကွဲနဲ့ ဖော်ပြထားတဲ့ လင့်(ခ်) မှာ သွားဖတ်နိုင်ကြောင်းပါခင်ဗျား။)


Talking About Sexuality

အချိန်ရမှ နားထောင်ပါ

ရန်ကုန်မြို့မှာ ရုံးစိုက်တဲ့ Burnet Institute က သူတို့ရဲ့ Gender and Sexuality Training Workshop မှာ ဧည့်ဟောပြောသူအဖြစ် Sexuality and Youth ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပေးဖို့ ကျွန်တော့်ကို ဖိတ်ကြားလာပါတယ်။ လူငယ် ၂၁ ဦး တက်ရောက်တဲ့ အဲဒီ့ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လည် တစ်နာရီခွဲကနေ နှစ်နာရီခွဲအထိ ကျွန်တော် သွားပြောပေးခဲ့ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေတာ တတိယမြောက်နေ့ဖြစ်တဲ့အပြင် ကျွန်တော့် ရှေ့မှာ ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင်နဲ့ ဒေါက်တာ ဒေါ်ခင်အေးဝင်းတို့ ပြောသွားခဲ့ပြီး ဖြစ်တာမို့ ဘာပြောရမယ်မှန်း၊ ဘာလိုအပ်မယ်မှန်း မသိပါဘူး။ ဒါ့ကြောင့် Sexuality (လိင်မှုရေးရာ) အကြောင်းပြောမယ်ဆိုရင် လိင်မှုရေးရာ အသိပညာ၊ လိင်မှုရေးရာ သဘောထား၊ လိင်စိတ် ကိုင်းညွတ်မှု၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး အစရှိသဖြင့် ဘာသာရပ်ခွဲတွေ ရိှပါကြောင်းနဲ့ အဲဒီ့ထဲကမှ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဖယ်ရှားကာ ကျန်တဲ့ ခေါင်းစဉ်များအောက်က မေးလိုရာ မေးကြဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။

မေးရာမှာ ပုဂ္ဂလိက မေးခွန်းတွေ မဖြစ်စေချင်တဲ့အတွက် အဖွဲ့ လေးဖွဲ့ ခွဲပြီး တက်ရောက်သူတွေ အချင်းချင်း ဆွေးနွေးညှိနှိုင်းကြကာ မေးခွန်းတွေကို စာနဲ့ ရေးမေးကြဖို့ အချိန် ငါးမိနစ်ပေးခဲ့ပါတယ်။ အဲဒီ့က တက်လာတဲ့ မေးခွန်းတွေကို ဖြေကြားပေးရင်း ကျွန်တော့် ဟောပြောမှု အစီအစဉ်ကို တင်ဆက်ခဲ့ပါတယ်။ အဲဒီ့ ဖြေကြားချက် အသံဖိုင်ကို တင်ပေးလိုက်ပါတယ်။

စုစုပေါင်း တစ်နာရီ နီးပါး (အတိအကျ ပြောရင် ၅၆ မိနစ်)  ကြာမြင့်တဲ့အတွက် အေးအေးဆေးဆေး အချိန်အား ရတော့မှသာ နားဆင်တော်မူကြပါခင်ဗျား…

နောလေ့(ခ်ျ)သည် ပါဝါမဟုတ်တော့ပါ

ဒေးထာ(data)ဆိုတာကို အဘိဓာန်မှာက “အချက်အလက်”လို့ ဖွင့်ဆိုထားပါတယ်။ တစ်နည်းအားဖြင့် သင်္ကေတတွေပေါ့။ နမူနာ ရေးပြရရင် “းယေ-ွမ။-ာတ-ိန-ုရ-်”ဟာ ဒေတာပါ။ အလားတူပဲ “၈၊ ၄၊ ၂”ဆိုတာလည်း “ဒေးထာ”သာ ဖြစ်ပါတယ်။ “အချက်အလက်သက်သက်”ပေါ့။
အဲဒီ့ဒေးထာအချက်အလက်တွေကို စနစ်တကျ စီစဉ်လိုက်ပြီး “ဘာ၊ ဘယ်သူ၊ ဘယ်နေရာ၊ ဘယ်တုန်းက”အစရှိတဲ့ မေးခွန်းများကို ဖြေနိုင်လာအောင် ဆောင်ရွက်တော့မှ အင်ဖှမေးရှင်း (information) ဆိုတာကို ရလာပါတော့တယ်။ အထက်က နမူနာနှစ်ခုကို စနစ်တကျ စီလိုက်တဲ့အခါ ပထမတစ်ခုအတွက် “မိုးရွာနေတယ်”ကို ရလာပြီး ဒုတိယတစ်ခုအတွက်ကျ တော့ “၂ x ၄ = ၈”ဆိုတာကို ရလာပါလိမ့်မယ်။ အဲဒါ အင်ဖှမေးရှင်း ဖြစ်သွားပါပြီ။ မြန်မာအဘိဓာန်မှာ အင်ဖှမေးရှင်းကို “အချက်အလက်၊ သတင်း၊ သုတ”လို့ ပြန်ဆိုပြီး အခုလတ်တလော လူသုံးများနေတာကတော့ “သတင်းအချက်အလက်”ဆိုပြီး ပြန်ဆိုသုံးစွဲနေကြပါတယ်။ “အကြောင်းအချက်”လို့ သုံးရင် ကောင်းမလားပဲ။

အဲဒီ့ သတင်းအချက်အလက်တွေကိုမှ အသုံးတည့်လာစေမယ့် ရည်ရွယ်ချက်မျိုးနဲ့ ဆီလျော်အောင် စုစည်းလိုက်တဲ့အခါမှာတော့ နောလေ့(ခ်ျ) (knowledge) ဖြစ်လာပါတော့တယ်။ အဘိဓာန်က “သိခြင်း၊ အသိ၊ အလိမ္မာ”လို့ ပြန်ဆိုထားပါတယ်။ [သည်နေရာမှာ လူငယ်အများစုက နောလေ့(ခ်ျ)ကို “ဗဟုသုတ”လို့ မှားယွင်း ပြန်ဆိုမိတတ်တာ မကြာခဏ တွေ့ရပါတယ်။ ဂျယ်နရယ်(လ်)နောလေ့(ခ်ျ) (general knowledge) ကသာ “ဗဟုသုတ”ဖြစ်ပါတယ်။ ပါဠိလို “ဗဟု”ဆိုတာက “များစွာသော”လို့ အနက်ရတဲ့အတွက် ဗဟုသုတဆိုရင် များစွာသော (ဝါ) အထွေထွေ အပြားပြားသော အသိတွေလို့ ဆိုလိုရာ ရောက်နေပါတယ်။] အဲဒီ့ နောလေ့(ခ်ျ)ကို “သညာသိ”လို့ သုံးပါရစေ။

အဲဒီ့နောလေ့(ခ်ျ)ဆိုတဲ့ “သညာသိ”ကျတော့ ဇာတ်လမ်း နည်းနည်း ရှုပ်လာပါပြီ။ သညာသိမှာ ပိုင်းဖြတ်ထားတဲ့ လုပ်ငန်းစဉ်တစ်ရပ်က ပူးတွဲလာ ပါတော့တယ်။ ဆိုကြပါစို့၊ သတင်းအချက်အလက်တွေကို တစ်စုံတစ်ယောက်က မှတ်သားလိုက်တဲ့အခါ၊ သိပ်ရည်မှန်းချက် ကြီးကြီးမားမား မရှိလှဘဲ စာမေးပွဲအောင်ရေးသာ ပဓာန ထားတဲ့ ကျောင်းသားတွေ စာအံသလို ကျက်မှတ်လိုက်တဲ့အခါမျိုးမှာ “သညာသိ”တွေ အမြောက်အမြား ရလာပါတော့တယ်။ အဲဒီ့ “သညာသိ”က သက်ဆိုင်ရာ ပုဂ္ဂိုလ်အတွက်တော့ အသုံးတည့်ပါတယ်။ သို့ပေမယ့် နောက်ထပ် အသိတစ်ခုခု တိုးပွား လာဖို့အတွက်တော့ သညာသိက အကျိုးမပေးနိုင်ပါဘူး။

နမူနာပြောရင် အမြှောက်အလီပေါင်းတွေကို နှုတ်တက်ရွရွ ကျက်ထားတဲ့ ကျောင်းသားဟာ “နှစ် နှစ်လီ လေး”မှသည် “၁၆ ၁၂လီ ၁၉၂”အထိကို ဒေါင်းဒေါင်းပြေး ရွတ်နိုင်ပါလိမ့်မယ်။ အဲဒါ အလီနဲ့ ပတ်သက်တဲ့ “သညာသိတွေ” အမြောက်အမြား ရှိနေတာပေါ့။ သို့ပေမယ့် ၁၈၉၅ ကို ၃၀ဝ နဲ့ မြှောက်ပါဆိုရင်တော့ နည်းနည်း အူသွားတော့မှာပါ။ ဘာလို့လဲဆိုတော့ သူကျက်ထားတဲ့ အလီထဲမှာ ၁၈၉၅ အလီမှ မရှိတာကိုး။ အဲဒီ့ အဖြေအတွက်ကျတော့ သိမှတ်မှုနဲ့ ပိုင်းခြားစိတ်ဖြာ ဝေဖန်တတ်မှု စွမ်းရည်က လိုလာပါပြီ။ အဲဒီ့ စွမ်းရည်တွေက နောက်တစ်ဆင့်ဖြစ်တဲ့ “နားလည် သဘောပေါက်မှု” (understanding)နဲ့ သက်ဆိုင်သွားပါတယ်။

နားလည်သဘောပေါက်မှုမှာကျတော့ ဆက်စပ်တွေးမြင်နိုင်တာ၊ ဖြည့်စွက်ကြည့်တာ၊ ဖြစ်နိုင်ချေကို တွက်ချက်တာတွေ ပါဝင်လာပါပြီ။ သည်မှာကျတော့ သိမှတ်မှုနဲ့ ပိုင်းခြားစိတ်ဖြာမှုတွေက အဓိက ဖြစ်ပါတယ်။ သညာသိအသစ်တစ်ခု ရလာတယ်၊ အဲဒီ့ သညာသိအသစ်ကို အရင်က သိထားတာနဲ့ ပေါင်းစပ်လိုက်ပြီးတော့ ချသုံးတတ်လာတယ်။ အဲဒါ နားလည်မှုပါပဲ။ အထက်က ၁၈၉၅ ကို ၃၀ဝ နဲ့ မြှောက်တဲ့အခါမှာ မူလရှိထားတဲ့ သညာသိက သုံးအလီရယ်၊ မြှောက်ပုံမြှောက်နည်းရယ်ပါ။ အဲဒါကို နားလည်တဲ့အတွက် ၁၈၉၅ ကိုမြှောက်ချိန်မှာ သုည နှစ်လုံးကို မေ့ထားလိုက်မယ်၊ ပြီးရင် ၁၈၉၅ ကို သုံးနဲ့ မြှောက်မယ်။ သုံး ငါးလီ၊ သုံးကိုးလီ၊ သုံး ရှစ်လီ စသဖြင့် နဂို သညာသိနဲ့ တွက်ချက် ပေါင်းစပ်သွားပြီး ရတဲ့အဖြေကိုမှ သုညနှစ်လုံး ဖြည့်လိုက်ရင် ၃၀ဝ နဲ့ မြှောက်တာအတွက် မှန်ကန်တဲ့ အဖြေကို ရလာပါလိမ့်မယ်။

“နားလည်သဘောပေါက်မှု”နဲ့ “သညာသိ”တို့ ကြားမှာ ကွာခြားပုံက သင်ယူမှတ်သားမှုနဲ့ အလွတ်ကျက်မှုတို့နှစ်ခု ကွာခြားသလိုပါပဲ။ သင်ယူ မှတ်သားလိုက်တယ် ဆိုတာက ကြောင်းကျိုးဆင်ခြင်မှုတွေ၊ ဆက်စပ်မှုတွေ ပါဝင်ပါတယ်။ “ခွေးကောင်”ဆိုတဲ့ ဝေါဟာရတစ်ခုကို ကလေးတစ်ယောက် သင်ယူမှတ်သားတာနဲ့ပဲ ကြည့်ရအောင်ပါ။ တစ်စုံတစ်ယောက်က သူ့ကို “ခွေးကောင်”လို့ ပြောလိုက်တယ်။ ကလေးက အဲဒါကို အလွတ်ကျက်ပြီး မှတ်သားလိုက်တာ မဟုတ်ပါဘူး။ စိတ်တိုတိုနဲ့ ပြောတဲ့အခါမှာ သည်စကားလုံးကို သုံးလိုက်တယ်။ ဒါကို ကလေးက မှတ်လိုက်ပါတယ်။ နောက်တစ် ယောက်က သူ့ကို “ခွေးကောင်”လို့ ပြောပြန်တယ်။ သည်တစ်ခါကျတော့ သူ့ကို ချစ်ခင်တဲ့စိတ်နဲ့ ချစ်စနိုးပြောလိုက်တာကို ဆက်မှတ်တယ်။ အဲဒီ့ နှစ်ခုအပေါ်မှာ ကလေး သင်ယူမှတ်သားလိုက်တာက “ခွေးကောင်”ဆိုတဲ့ ဝေါဟာရကို ဒေါသဖြစ်တဲ့အခါမှာ သုံးလို့ရသလို ချစ်စနိုးပြောတဲ့ နေရာမှာလည်း သုံးလို့ရတယ်ဆိုတာကို သင်ယူမှတ်သားလိုက်ပါတယ်။ အဲဒါဟာ နားလည်မှုပါ။ ဒါပေမယ့် “ဧရာဝတီမြစ်သည် မိုင်ပေါင်း ၁၃၅၀ ရှည်လျားသည်”ဆိုတာကျတော့ ကလေးက ကျက်ပြီ။ အဲဒီ့မှာ အဆက်အစပ်က ဘာမှ မပါဘူး။ အဲဒါ သညာသိဖြစ်သွားပြီ။

အဲဒီ့ကလေးက စာမေးပွဲအောင်ဖို့အတွက်ကျတော့ အဲဒါကို အလွတ် ကျက်ထားတယ်။ ဖြေချလိုက်တယ်။ ကိစ္စက ပြတ်သွားတယ်။ နောက် တစ်တန်းတက်တယ်၊ နောက်ထပ် သညာသိတွေ ထပ်မှတ်ရပြန်တယ်။ အဲလိုနဲ့ အချိန်တစ်ခုကို ရောက်လာတဲ့အခါ ဧရာဝတီ ဘယ်လောက် ရှည်လျားမှန်း သူ မသိတော့ဘူး။ အဲဒါဟာ သညာသိရဲ့ ပြဿနာပါပဲ။ မိုင်ပေါင်း ၁၃၅၀ကို မှတ်သားပုံနဲ့ “ခွေးကောင်”ကို သင်ယူပုံတို့ ကွာခြားတာကို စာဖတ်သူလူကြီးမင်းများ သဘောပေါက်နိုင်ကြပြီ ထင်ပါတယ်။ အဲဒါဆိုရင် နားလည်သဘောပေါက်မှုနဲ့ သညာသိတို့ ကွာခြားတာကိုလည်း  ခွဲခြားနိုင်လောက်ပါပြီ။

“ဒေးထာ”ဆိုတဲ့ “အချက်အလက်သက်သက်”ကို ကွန်ပျူတာမှာ ထည့်လိုက်လို့ရတယ်။ ကိန်းဂဏန်းတွေ ဖြစ်ချင်ဖြစ်မယ်၊ သင်္ကေတတွေ ဖြစ်ချင် ဖြစ်မယ်။ အက္ခရာတွေ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

အဲဒီ့ “ဒေးထာ”တွေကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်လိုက်ပြီး အနက်ဖွင့် လိုက်တဲ့အခါမှာ “အင်ဖှမေးရှင်း”ဆိုတဲ့ “အကြောင်းအချက်” ရလာပါတယ်။ စောစောက ကွန်ပျူတာမှာ ထည့်သွင်းလိုက်တဲ့ အချက်အလက်တွေမှာ အလွယ်ဆုံး ပြောရရင် ဇန်နဝါရီကနေ ဒီဇင်ဘာအထိ လနာမည်တွေ ထည့်တယ်။ ဒါ အချက်အလက် သက်သက်၊ ပြီးတော့ တစ်လစီရဲ့ ဘေးမှာ ဂဏန်းတွေ ထည့်တယ်။ လေးလုံးဖြစ်ချင်ဖြစ်မယ်၊ ငါးလုံး၊ ခြောက်လုံးလည်း ဖြစ်ချင်ဖြစ်မယ်။ အချက်အလက် သက်သက်တွေ ထပ်ဖြည့်လိုက်တယ်။ ဒါပေမယ့် အနက်ဖွင့်တဲ့အခါကျတော့ “နှစ်ချုပ်ဝင်ငွေစာရင်း”ဆိုတဲ့ “အင်ဖှမေးရှင်း” (အကြောင်းအချက်)ကို ရလာပါလိမ့်မယ်။

“နောလေ့(ခ်ျ)” (သညာသိ)ကလည်း ကွန်ပျူတာမှာ ရှိတယ်။ ကွန်ပျူ တာရဲ့ မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းထားတဲ့ အကြောင်းအချက်တွေကို နေရာတကျ ချသုံးတဲ့အခါ ကျွန်တော်တို့ ယနေ့ ကွန်ပျူတာတွေမှာ သုံးနေတဲ့ “အပျော့ထည်” အတော်များများကို ရလာပါတယ်။ အခု ကျွန်တော် စာရိုက်နေတာ “စာမျက်နှာဖွဲ့စပ်ရာ” (Pagemaker) အပျော့ထည်ကို သုံးနေတာပါ။ အဲဒါကို သုံးနိုင်ဖို့အတွက် သက်ဆိုင်ရာ အပျော့ထည် ထုတ်လုပ်သူများက အချက်အလက် သက်သက်များကို ထည့်သွင်းရတယ်။ ဒါပေမယ့် အဲဒီ့အချက်အလက်တွေကနေ အနက်ဖွင့်ပေးပြီး အကြောင်းအချက်တွေ ဖန်တီးထားရတာ။ အဲဒီ့ အကြောင်းအချက်တွေကို ကွန်ပျူတာက သညာသိ သိသွားအောင် ဖန်တီးယူလိုက်တဲ့အခါမှာ လူအများသုံးလို့ ရတဲ့ လုပ်ငန်းသုံး ပရိုဂရယ်(မ်) (application) တစ်ခု ရလာပါတော့တယ်။

“နားလည်သဘောပေါက်မှု”ကလည်းပဲ ကွန်ပျူတာတွေမှာ ရှိလာပါပြီ။ အဲဒါကတော့ “ဉာဏ်အတု” (Artificial Intelligence) ဆိုတဲ့ စနစ်တွေပါ။ အေအိုင်စနစ်များ(AI Systems)လို့ အတိုကောက် ခေါ်ပါတယ်။ အဲဒါကကျတော့ စောစောက ပြောနေတဲ့ လုပ်ငန်းသုံးအစီအစဉ်တွေ၊ သာမန်အပျော့ထည်တွေထက် ကျော်လွန်သွားပါပြီ။ ကွန်ပျူတာက လူစကား နားလည်တာ၊ လူ့လက်ရေး ဖတ်တတ်လာတာမျိုးကို အရိုးဆုံး ဥပမာများအဖြစ် ပြလို့ရပါတယ်။ လူပေါင်း မြောက်များစွာရဲ့ ပြောပုံဆိုလက် အသံထွက်အမျိုးမျိုးကို ကွန်ပျူတာက ပိုင်းခြားစိတ်ဖြာတတ်လာတာဟာ နားလည်သဘောပေါက်မှုဆိုတဲ့ အဆင့်ကို ရောက်လာတာပါပဲ။

ဒါပေမယ့် ကွန်ပျူတာဟာ “ခွေးကောင်”ဆိုတဲ့ ဝေါဟာရကိုသာ သိမှတ်နိုင်ပြီး အဲဒီ့နောက်ကွယ်မှာ ဒေါသနဲ့ ပြောလိုက်တာလား၊ ချစ်စနိုး ပြောလိုက်တာလားဆိုတာကို နားလည်နိုင်တဲ့ အဆင့်တစ်ဆင့် ကျန်နေပါသေးတယ်။ ခက်တော့ သိပ်မခက်တော့ပါဘူး။ ယနေ့ကာလ ကွန်ပျူတာ နည်းပညာ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်နေပုံနဲ့ဆိုရင် အဲဒါကိုလည်း ကွန်ပျူတာက မကြာခင်ကာလအတွင်းမှာ ပိုင်းခြားစိတ်ဖြာတတ်ပြီး နားလည် သဘောပေါက်နိုင်တော့မှာပါ။

ကျွန်တော် ဒါတွေ ဘာ့ကြောင့် ဝိတ္တာရချဲ့နေတာလဲလို့ စာဖတ်သူ လူကြီးမင်း တွေးနေမယ်ထင်ပါတယ်။ ဒေးထှာဆိုတဲ့ အချက်အလက် သက်သက်မှသည် နားလည်သဘောပေါက်မှုအထိက လူတိုင်း လုပ်နိုင်တယ်၊ လူတိုင်း တတ်နိုင်တယ်ဆိုတာအပြင် လူသာမက ကွန်ပျူတာလို သက်မဲ့မှာ ပင်လျှင် ထည့်သွင်း၊ စီစဉ်၊ ထားသို၊ ရေးဆွဲ၊ ညွှန်ကြားလို့ရနေတာကို ပြောချင်တာပါ။

အဲဒီ့ကမှတစ်ဆင့် လူသားမှသာ တတ်နိုင်တဲ့ “မြော်မြင်ဆင်ခြင်မှု”ဆိုတာကို ဆက်သွားချင်လို့ပါ။ ဝစ္စဒမ် (Wisdom) ကို “ဉာဏ်ပညာ၊ အမြော်အမြင်”ရယ်လို့ အဘိဓာန်က ဖွင့်ဆိုပါတယ်။ မြော်မြင်ဆင်ခြင်မှုကျတော့ ရတတ်သမျှ အချက်အလက်တွေ၊ အသိတွေ၊ နားလည်မှုတွေအပေါ် အခြေခံပြီး တွက်ချက် ခန့်မှန်းတာ ပါသွားပြီ၊ ဖြစ်နိုင်ချေတွေကို ကျော်လွန်ပြီး စဉ်းစားတာလည်း ပါတယ်။ လှေနံဓားထစ်တာတွေလည်း မရှိတော့ဘူး။ အဲဒါက မြော်မြင်ဆင်ခြင်မှု ဖြစ်ပါတယ်။ သည်မှာက လူသားတို့ရဲ့ ကျင့်ဝတ်တွေ၊ စာရိတ္တတွေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ၊ ဘေးပယောဂတွေ အစရှိတဲ့ တခြားအကြောင်းအချက်တွေနဲ့ ကိုယ်သိထား၊ ကိုယ်နားလည်ထားတာတွေနဲ့ စပ်ဟပ်ယူပါတော့တယ်။

အရင်က နားမလည်ထား၊ သဘောပေါက်မထားခဲ့တာတစ်ခုကို အဲဒီ့ မြော်မြင်ဆင်ခြင်မှုကသာ ပေးစွမ်းနိုင်ပါတယ်။ တစ်နည်းပြောရရင် အချက်အလက် သက်သက်တွေ၊ အကြောင်းအချက်တွေ၊ သညာသိတွေ၊ နားလည်သဘောပေါက်မှုတွေလို လွယ်လွယ်ကူကူ ရနိုင်မယ့် အဖြေမျိုးတွေ မဟုတ်ဘဲ အင်မတန်မှ ခက်ခဲ နက်နဲတဲ့ အဖြေတွေ၊ ဘယ်သက်ရှိ လူသားကမှ တစ်ခါဖူးမှ မတွေးခဲ့ဖူးတာတွေကို မြော်မြင်ဆင်ခြင်မှုက ဖော်ယူပေးနိုင်ပါတယ်။ နောက်တစ်နည်း ပြောရရင် အမှားနဲ့ အမှန်၊ အဆိုးနဲ့ အကောင်း ဆိုတာကို ရိပ်စားမိလာအောင်၊ ဒါမှမဟုတ် ချိန်ဆတတ်အောင် အဲဒီ့ မြော်မြင်ဆင်ခြင်မှုနဲ့သာ လုပ်ယူရပါတယ်။

  • ပေါက်ပင် ကိုင်းတယ် (အချက်အလက်သက်သက်ပါ)။
  • ဗျိုင်းနားလို့ ပေါက်ပင်ကိုင်းတယ် (အကြောင်းအချက် အင်ဖှမေးရှင်း ဖြစ်လာပါပြီ။)
  • ဗျိုင်းရဲ့ ကိုယ်အလေးချိန်ကို ပေါက်ပင်က မခံနိုင်ဘူး။ ဒါ့ကြောင့် ပေါက်ပင်ကိုင်းတာပဲ (သညာသိဖြစ်လာပါပြီ။)
  • ဒါဆိုရင် ဗျိုင်းသာ မဟုတ်ဘူး၊ တခြား ဘာကောင်ပဲ နားနား၊ ပေါက်ပင် ကိုင်းတော့မယ်။ စာကလေးနားမယ်ဆိုရင်တော့ ဗျိုင်းနားသလောက် ကိုင်းမှာ မဟုတ်ဘူး။ (နားလည်သဘောပေါက်မှုပါ။ သည်အထိက ကျောင်းသင်ပညာလောက်နဲ့ အလွယ်တကူ ရနိုင်ပါတယ်။)

ပေါက်ပင် ဘာ့ကြောင့် ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ်၊ ဗျိုင်း ဘာ့ကြောင့် နားရတယ်၊ ငါးပေါ်လို့ နားရတယ် အစရှိသဖြင့် တစ်ဆင့်ချင်း မြော်မြင် ဆင်ခြင်မှုကျတော့ နက်နဲလာပါတယ်။ အဲဒါကျတော့ အဖတ်အရှု အလေ့အလာ နည်းနေသမျှ ဘယ်လိုမှ မရနိုင်တော့ပါဘူး။ အဲဒါကို မရအောင် ကြားခံ ဆီးတာနိုင်တာကလည်း “နားလည်သဘောပေါက်မှု”လောက်ကို အသိဉာဏ်ရဲ့ လမ်းဆုံးလို့ ထင်မိယောင်မှားပြီး ပညာတတ်မာန် တက်သွားတဲ့အခါမှာပါ။

အဲဒီ့ မြော်မြင်ဆင်ခြင်မှုကိုကျတော့ ဘယ်ကွန်ပျူတာမှ ဘယ်တော့မှ  မရနိုင်တဲ့ စွမ်းရည်ဖြစ်သွားသလို လူတိုင်းလည်း အလွယ်တကူ မရနိုင်တော့ပါဘူး။ အထူးသဖြင့် ကနေ့ခေတ် လူငယ်တွေလို ခေတ်မီ ဆက်သွယ်ရေး နည်းပညာ လှိုင်းတံပိုးများကြားမှာ တလိမ့်လိမ့် မျောနစ်နေရင်းက စာမေးပွဲအောင်ရေး၊ ဘွဲ့လက်မှတ်ဆိုတဲ့ စက္ကူများ ရရှိရေးကိုသာ လုံးပမ်းနေကြရင်း ပိုက်ဆံတစ်မျိုးတည်းကိုသာ ကိုးကွယ်ရာလို့ ယုံမှတ်နေကြသူများဟာ အချက်အလက်သက်သက်တွေ၊ အကြောင်းအချက်တွေ၊ သညာသိတွေလောက်ကိုပဲ အဟုတ်မှတ်နေကြပါလိမ့်မယ်။

“နောလေ့(ခ်ျ) အစ်(စ်) ပါဝါ (Knowledge is power.)”ဆိုတဲ့ စကားလည်း ခေတ်နောက်ကျကျန်ရစ်ခဲ့တာကို အများ သိသင့်နေပါပြီ။ ကွန်ပျူတာမှာ ဉာဏ်အတုထိတောင် ရောက်လာတဲ့အပြင် နောလေ့(ခ်ျ)ထက် တစ်ဆင့်မြင့်တဲ့ နားလည်သဘောပေါက်မှုကိုတောင် ကွန်ပျူတာဆိုတဲ့ သက်မဲ့(စက်) တစ်လုံးက လုပ်နိုင်နေမှတော့ နောလေ့(ခ်ျ)ဟာ ကနေ့ နည်းပညာခေတ်မှာ နှစ်ပြားမှ မတန်တော့ပါဘူး။ နောလေ့(ခ်ျ)အစ်(စ်) ပါဝါ မဟုတ်တော့ဘဲ “နောလေ့(ခ်ျ)အစ်(စ်) ဖျူထိုင်း(လ်) (Knowledge is futile.)” ဖြစ်သွားပါပြီ။

ကွန်ပျူတာတစ်လုံးကို ဖွင့်၊ အင်တာနက်ကြီးနဲ့ ချိတ်ဆက်လိုက်တာနဲ့ တစ်ပြိုင်နက် ဘာသိချင်သလဲ၊ ဘာသညာသိ လိုချင်သလဲ၊ လိုချင်တာ အားလုံးလောက် နီးပါးကို စက္ကန့်ပိုင်းအတွင်းမှာ  ရယူနိုင်တဲ့ခေတ် ဖြစ်နေပါပြီ။ သညာသိအလျှံပယ်ခေတ်ကို ကျွန်တော်တို့ ဖြတ်သန်းနေကြပါတယ်။

ကနေ့ခေတ် လူငယ်တွေဟာ ကျွန်တော်တို့တွေထက် အချက်အလက်သက်သက်တွေ၊ အကြောင်းအချက်တွေ၊ သညာသိတွေ အများကြီး ပိုရနေကြတာမို့ အဲဒီ့ဘက်မှာ ကျွန်တော်တို့ထက်၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေထက် အဆများစွာ သာနေတာ အင်မတန်မှ သေချာလှပါတယ်။

ဒါပေမယ့် သညာသိမှသည် နားလည်သဘောပေါက်မှုအဆင့် တစ်ဆင့်ကို ဆက်တက်နိုင်ဖို့၊ တစ်နည်းပြောရရင် ဉာဏ်ရှိလာဖို့နဲ့ အဲဒီ့ကမှ နောက်တစ်ဆင့်ဖြစ်တဲ့ မြော်မြင်ဆင်ခြင်မှုတွေ ရင့်သန် ခိုင်မာလာဖို့အတွက်ကျတော့ အများစုက မေ့လျော့ပစ်ပယ်ထားနေကြတယ်လို့ ရှုမြင်မိရလို့ ကျွန်တော် မြင်တာလေးတွေကို ချရေးလိုက်မိရကြောင်းပါခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ဝ၉၀၂၁၁)

ကျမ်းကိုး –

  • Ackoff, R. L., “From Data to Wisdom”, Journal of Applied Systems Analysis, Volume 16, 1989 p 3-9.
  • Gadomski, Adam Maria, Information, Preferences and Knowledge, An Interesting Evolution in Thought
  • Sharma, Nikhil, The Origin of the Data Information Knowledge Wisdom Hierarchy
  • Gene Bellinger, Anthony Mills, Durval Castron, Data Information Knowledge and Wisdom

(ယနေ့ ၁၇-၀၂-၂၀၁၁ ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၃ အမှတ် ၄၇ ရဲ့ စာမျက်နှာ ၂၂ နဲ့ ၂၄ မှာ ဖော်ပြပါရှိတာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။)

 

Data, Information, Knowledge, and Wisdom

by Gene Bellinger, Durval Castro, Anthony Mills

ကွန်မန့်ရေးတတ်ကြရဲ့လား

Erica Johnson ရေးတဲ့ Are you well-versed in comment etiquette? ကို တိုက်ရိုက်ပြန်ဆိုဖော်ပြလိုက်တာပါ။ မူရင်းကို https://en.blog.wordpress.com/2011/02/15/comment-etiquette/ မှာ ဖတ်နိုင်ကြကြောင်းပါ။

အောက်ဖော်ပြပါ ကွန်မန့်နှစ်မျိုးအနက်က ဘယ်လိုကွန်မန့်မျိုးကို လိုချင်လဲ။

“ကောင်းလိုက်တာ၊ ကျုပ်ဘလော့(ဂ်)ကို http://someblog.blogspot.com မှာ ကြည့်လိုက်ပါ”ဆိုတာနဲ့

“တင်ပြပုံကောင်းတယ်။ X ဆိုတဲ့အကြောင်းရပ်နဲ့ ပတ်သက်ပြီး ခင်ဗျား ဘာဆိုလိုချင်မှန်း ကျုပ်တန်းသိသွားတယ်။ ပြီးတော့လည်း အဲသလို ယူဆနေတာ ကျုပ်တစ်ယောက်တည်း မဟုတ်မှန်း သိလိုက်ရလို့လည်း ၀မ်းသာတယ်။ ကျုပ်သာဆိုရင် A တွေ၊ B တွေ၊ C တွေတောင် ပါအောင် ထည့်ပြောမိဦးမှာ။ အခုလို ပွင့်ပွင့်လင်းလင်း ပြောပြတာကို အရမ်း သဘောကျမိပါတယ်”ဆိုတာနဲ့ပေါ့။

ဒုတိယကွန်မန့်ကိုသာ ပိုလိုချင်မယ်ဆိုတာ သေချာတာပေါ့နော်။ ဘာ့ကြောင့်လဲ။ နှစ်လိုစရာ ကောင်းနေတဲ့ အချက် တစ်ချက်ကတော့ အဲဒီ့ ဒုတိယကွန်မန့်ဟာ အောက်မှာ ဖော်ပြထားတဲ့ ကျင့်ဝတ်ထုံးတမ်းလမ်းညွှန်တွေကို လိုက်နာထားတဲ့အတွက်ပါပဲ။ သို့သော် သည့်ထက်ပိုအရေးကြီးတာက သည်ဒုတိယကွန်မန့်ကို ရေးတာဟာ ခင်မင်မှုတစ်ရပ်ကို ခိုင်မာလာအောင် ဖြစ်ပါတယ်။ သူ့ကိုယ်သူ ဇန်းတင်ဖို့ ရေးလိုက်တာမျိုး မဟုတ်ဘူး။

ခင်မင်မှုတည်ဆောက်ခြင်းဟာ ကိုယ့်စာမျက်နှာကို ဧည့်သည်စောင်သည်အသစ်များ တိုးပွားဝင်ရောက်လာအောင် ဆွဲဆောင်ရာမှာ ဇွတ်အတင်း ကြော်ငြာတွေ လိုက်ပို့တာထက် အများကြီး ပိုထိရောက်ပြီး အများကြီးလည်း ပိုအကျိုးများလာစေနိုင်တဲ့ မဟာဗျူဟာတစ်ရပ်ဖြစ်ပါတယ်။ အဲတော့ကာ ကိုယ့်စာမျက်နှာကို ၀င်ဖတ်တဲ့သူတွေ များလာအောင် လုပ်ချင်တယ်ဆိုရင် တခြားသူတွေ တင်ထားတာတွေနဲ့ ပတ်သက်လို့ ကွန်မန့်ရေးတဲ့အခါတွေမှာ အောက်ဖော်ပြပါ အချက်များကို လိုက်နာသင့်တယ်လို့ အကြံပြုလိုက်ချင်ပါတယ်။

၁။ ရေရေရာရာ ရှိပါစေ။ ပုဂ္ဂိုလ်ရေးအရ ရင်းရင်းနှီးနှီး ရေးသားတဲ့ ကွန်မန့်များကြောင့် ကိုယ်ဟာ သူ ပြောတာကို အမှန်တကယ် စိတ်ဝင်စားပြီး သူရေးထားတာကို ဖတ်ဖို့အတွက် ကိုယ် တကယ်အချိန်ပေးခဲ့တယ်ဆိုတာကို တစ်ဖက်သား သိသွားအောင် ပြဆိုလိုက်ရာ ရောက်သွားပါတယ်။ သည်လိုဆိုတဲ့အတွက် ကွန်မန့် အရှည်ကြီး ရေးပါလို့ ပြောလိုက်တာ မဟုတ်ပါဘူး။ သည်ကွန်မန့်ကို ရေးဖြစ်သွားအောင် ကိုယ့်ကို လှုံ့ဆော်ခဲ့ပုံလေးကို ရှင်းရှင်းလင်းလင်း ရေးပြဖို့ပါပဲ။ ကိုယ် မသိသေးတာ သိလိုက်ရတာလား။ ဒါမှမဟုတ် ကိုယ့်မှာရော အလားတူ အတွေ့အကြုံမျိုး ရှိခဲ့သလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ တခြား အမြင်တစ်ခုကို ပြောလိုက်ချင်တာလား။ ကိုယ်ရေးနေတဲ့ ကွန်မန့်နဲ့ သက်ဆိုင်တဲ့ မူရင်း ရေးသူရဲ့ ၀ါကျတွေကို တိုက်ရိုက် ပြန်ကိုးကားတန် ကိုးကားသင့်ပါတယ်။ (“မျက်တောင် အဖွင့် အပိတ်”နဲ့ သူရေးထားတာကို ပြန်ကိုးကားနိုင်ပါတယ်။)

သူရေးထားတာကို ရိုးရိုးလေးပဲ ချီးမွမ်းချင်တယ်ဆိုဦးတော့တောင်မှ ဘာကို ကြိုက်တယ်ဆိုတာကို ရှင်းပြသင့်ပါတယ်။ “အရမ်းကောင်းတာပဲ၊ ရှဲတဲ့အတွက် ကျေးဇူးပါ”ဆိုတာမျိုးလို မရေမရာ ရေးတာမျိုးကို ရှောင်သင့်တယ်။ ဘာပြောရမှန်း မသိဘူးဆိုရင် ကိုယ် သူ့ကို (သူရေးတာကို) ထောက်ခံအားပေးကြောင်း ပြဖို့ လိုက်(ခ်)ဆိုတာလေး နှိပ်လိုက်ရင် ရတာပဲဟာနော်။

၂။ ကိုယ့်ဘလော့(ဂ်)ရဲ့ လင့်(ခ်)ကို ထည့်မရေးပါနဲ့။ ဘလော့(ဂ်)တွေမှာက ကိုယ်လည်း အဲဒီ့ ဘလော့(ဂ်)ဖွင့်ထားရာ ပင်မစာမျက်နှာကို သုံးနေတယ်ဆိုရင် ကိုယ့်နာမည်နဲ့ ကွန်မန့်ရေးလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ဘလော့(ဂ်)နဲ့ အလိုအလျောက် ချိတ်ဆက်ပြီးသား ဖြစ်နေပါတယ်။ အဲတော့ နှစ်ခါပြန် ထည့်နေစရာ မလိုတော့ပါဘူး။ ပေါ်တင်ကြီး ကိုယ့်ကိုယ်ကိုယ် ကြော်ငြာတာမျိုးကို လူတွေက သိပ်မကြိုက်ကြတာမို့ လစ်လျူရှုဖြစ်သွားကြမယ့် အလားအလာက ပိုများပါတယ်။ အဲတော့ကာ ကိုယ့်ကို ဇွတ်အတင်းကြော်ငြာတွေ လိုက်ထိုးနေသူလို့ မြင်သွားပြီး ကိုယ့်နာမည် ကိုယ်ဖျက်မိရာ မရောက်လေအောင် သတိထားသင့်ကြပါတယ်။

တစ်ဆက်တည်းမှာပဲ ကိုယ့်ဘလော့(ဂ်)မှာ တခြား စာရေးသူတစ်ဦးကို ရည်ညွှန်းတဲ့အခါ သူတင်ထားတာရဲ့ ခေါင်းစဉ် ဒါမှမဟုတ် သူ့ဘလော့(ဂ်)ရဲ့ နာမည်ကိုသာ ဖော်ပြမယ့်အစား သူ့လင့်(ခ်)ကို ဖော်ပြပေးသင့်ပါတယ်။ အဲလို ဖော်ပြ ပေးလိုက်မယ်ဆိုရင် သက်ဆိုင်တဲ့ စာရေးသူအနေနဲ့ ကိုယ်က သူတင်ထားတာကို ရည်ညွှန်းခဲ့ကြောင်း နည်းပညာရဲ့ စောင်မမှုနည်းနဲ့ သိသွားနိုင်ပါတယ်။

၃။ ပြောထားတဲ့ အကြောင်းအရာကနေ မသွေဖည်ပါစေနဲ့။ မူရင်း တင်ထားတဲ့ အကြောင်းအရာနဲ့ မဆိုင်လှတာတွေဆီ သွေဖည် မသွားအောင် သတိထားသင့်ပါတယ်။ မူရင်းတင်ထားတဲ့ စာနဲ့ ဘာမှ မဆိုင်ဘဲ တခြား ကွန်မန့်ရေးသူတွေနဲ့  အပြန်အလှန် ပြောဖြစ်နေပြီဆိုရင် မူရင်းရေးသူ တင်ထားတဲ့ အကြောင်းအရာကို စိတ်မ၀င်စားတော့ဘဲ တခြားဟာကို အာရုံပြောင်းကုန်အောင် လုပ်မိသလို ဖြစ်နေကြောင်း အဲဒီ့လူတွေဆီကို သီးခြား မက်ဆေ့(ခ်ျ)ပို့သင့်ပါတယ်။

သက်ဆိုင်ရာ လင့်(ခ်)တွေကို မျှဝေပေးတာက ကောင်းပါတယ်။ တစ်ခုပါပဲ၊ မူရင်း တင်ထားတာနဲ့ ဘယ်လို သက်ဆိုင် နေကြောင်းတော့ ရှင်းပြပေးဖို့ လိုပါလိမ့်မယ်။

၎။ ယဉ်ကျေးပါ။ ကိုယ် သဘောမတူဘူးဆိုရင်တောင်မှ စော်ကားတာ၊ ဆဲရေးတာ၊ တခြား မဖွယ်ရာတဲ့ စကားလုံးတွေ သုံးတာမျိုးဟာ ဘယ်တော့မှ မလုပ်သင့်တဲ့ အရာတွေပါ။ ရိုင်းပြတဲ့ ကွန်မန့်တွေဟာ ဘယ်ဆွေးနွေးချက်အတွက်မှ တန်ဖိုး မရှိပါဘူး။ ရေးသူရဲ့ အာဘော်ကနေ တခြားကို အာရုံပြောင်းသွားရုံသာ တတ်နိုင်ပါတယ်။ အပြုသဘော ဆောင်တဲ့ ဝေဖန်ချက်ပေးတာ ဘာပြဿနာမှ မရှိပါဘူး။ ယဉ်ကျေးဖို့၊ ချေငံဖို့ပဲ လိုတာပါ။ အဲလို မလေးမစား၊ မဖွယ်မရာ ကွန်မန့်တွေ၊ ပြဿနာကို မီးထွန်းရှာတဲ့ ကွန်မန့်တွေကို တခြားသူတွေက ရေးလာရင်ဖြစ်ဖြစ်၊ ကိုယ့်ဘလော့(ဂ်)မှာ အဲလို ကွန်မန့်မျိုးရလာရင်ပဲဖြစ်ဖြစ် အဲလို ကွန်မန့်မျိုးတွေကို လစ်လျူရှုလိုက်ပါ။ ဒါမှမဟုတ် ဖျက်သာပစ်လိုက်ပါ။ အဖက်လုပ်ပြီး တစ်ခုခု ပြန်ပြောနေမယ်ဆိုရင် အဲလိုလူတွေကို အားပေးအားမြှောက် လုပ်ရာ ရောက်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အချိန်ကို အလဟဿ အဖြစ် မခံပါနဲ့။

၅။ လိုတိုရှင်းပါ။ ကွန်မန့်က ကျစ်လစ်လေလေ၊ တခြားသူတွေအတွက် ဖတ်ရတာ၊ ပြန်ရေးရတာ ပိုလွယ်လေလေပါပဲ။ အတော်များများမှာ ၀ါကျ နှစ်ကြောင်း၊ သုံးကြောင်းဆိုရင်ကို ပြည့်စုံနေပါပြီ။

သို့ပေမယ့် အကြောင်းအရာတစ်ရပ်နဲ့ ပတ်သက်လို့ အခိုင်အမာ အခြေအတင် ပြောချင်လာပြီး ပြောစရာတွေ အများကြီး ရှိလာတယ်ဆိုရင် ဘယ့်နှယ့်လုပ်မတုံး။ ကွန်မန့်အရှည်ကြီး ရေးသင့်သလား။ ဒါမှမဟုတ်လည်း ကိုယ်ရေးချင်တာကို ကိုယ့်ဘလော့(ဂ်)မှာ အားရပါးရ ရေးပြီး ကိုယ်တင်ထားတာရဲ့ အတိုချုပ်ကိုပဲ ကွန်မန့်မှာ ရေးပြသင့်သလား။

ဒါကတော့ တစ်ဦးချင်းစီရဲ့ သဘောပါပဲ။ တချို့ ဘလော့ဂါတွေကတော့ ကွန်မန့်အရှည်ကြီးတွေက သိပ်လွန်လွန်းတယ်၊ အနှောင့်အယှက်ဖြစ်တယ်လို့ ယူဆကြပါတယ်။ တချို့ကကျပြန်တော့လည်း ဆွေးနွေးချက် အားလုံးကို တစ်နေရာတည်းမှာပဲ စုစုစည်းစည်း ရှိနေစေချင်ကြတယ်။ ခင်ဗျားကရော အဲဒါကို ဘယ်လို သဘောရသလဲ မသိဘူးနော်။


အမှတ်တရ ဖေဖော်ဝါရီ ၁၅

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် အင်္ဂါနေ့ဟာ ကျွန်တော့်အတွက် အမှတ်တရ ဖြစ်သွားခဲ့ပါတယ်။

နေ့ခင်းက လျှပ်စစ်မီးဖိုတစ်လုံး ၀ယ်ဖို့ ဇနီးသည်က ပြောတာနဲ့ အိမ်နဲ့ နီးတဲ့ ရန်ကင်း ဆယ်(န်)ထာက ဆစ်ထီးမာ့(ထ်)ကို ရောက်သွားတယ်။ မီးဖိုကို ရွေးချယ် စမ်းသပ်ပြီး ၀ယ်ဖို့ ဆုံးဖြတ်လိုက်ကာ ငွေရှင်းမယ်လုပ်တော့ ငွေလက်ခံတဲ့ စားပွဲငယ်လေးမှာ ကျွန်တော့်ရှေ့က တစ်ဦးက အသက် ၅၀ ကျော် သီလရင်တစ်ပါး ဖြစ်နေပါတယ်။ သီလရင်က ငွေရှင်းဖို့ စောင့်နေရင်းက သူ့နောက်က ကျွန်တော့်ကို မြင်သွားတော့ “စာရေးဆရာ အတ္တကျော် မဟုတ်လား”တဲ့။ ဘယ်လိုမှ မျှော်လင့် မထားတဲ့ နေရာမှာ ဘယ်လိုမှ မျှော်လင့်မထားသူ တစ်ဦးဆီက သည်လို မေးခွန်းမျိုးကို ကြားလိုက်ရတော့ အံ့အားသင့်သွားခဲ့ရသလို ကြည်နူးသွားတာကိုလဲ ၀န်ခံပါတယ်။

ခက်တာက သီလရင်ကို ဘယ်လို နာမ်စားနဲ့ စကားပြောရမှန်း မန္တလေးသား ကျွန်တော် မသိတော့တာပါပဲ။ တင်ပါ့လို့ပဲ ပြောရတာပ။ သို့သော် ဘုရားဆိုတာလည်း ထည့်လို့ မဖြစ်မှန်း သိနေတော့ အတော် ခက်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း တပည့်တော်လို့ ပြောရမလား၊ မပြောရဘူးလား မသိဘူး။ ဆရာလေးက ကျွန်တော့်စာအုပ်တွေကို ဖတ်ရုံမက ခင်မင်သူတွေကို လက်ဆောင် ၀ယ်ပေးဖြစ်တဲ့အကြောင်းတွေ ဆက်မိန့်ပါသေးတယ်။ စာအုပ်နာမည်တွေလည်း ရွတ်ပြသွားလေရဲ့။

ကြည်နူးစွာ အိမ်ပြန်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ စာတစ်ထပ်က ကျွန်တော့်ကို ဆီးကြိုနေပါတယ်။ ကျွန်တော့်မှာ စာတိုက်သေတ္တာ သတ်သတ် လုပ်ထားတာ ရှိတယ်။ ပရိသတ်က ဆက်သွယ်ချင်ရင် လွယ်ကူ အဆင်ပြေအောင် စီစဉ်ထားတာပါ။ စာတိုက်သေတ္တာကို ကျွန်တော့် စာအုပ်တိုက် ၀န်ထမ်းက ရန်ကုန်စာတိုက်ကြီးဘက် ရောက်တာနဲ့ လမ်းကြုံလို့ ၀င်ဖွင့်လာခဲ့ပုံ ရပါတယ်။

အဲဒီ့ထဲက စာတစ်စောင်ကလည်း ကျွန်တော့်အတွက်တော့ ကြည်နူးစရာ ကောင်းနေပြန်တယ်။ ကျွန်တော့်ကို “မင်း”ဆိုတဲ့ နာမ်စားနဲ့ တရင်းတနှီး ရေးထားတဲ့ မန္တလေးက “အဘွား”တစ်ယောက်ရဲ့ စာတစ်စောင်ပါပဲ။ သူ့စာ အသွားအလာ၊ သတ်ပုံနဲ့၊ လက်ရေး ခပ်သော့သော့တို့ကြောင့် အဲဒီ့အဘွားဟာ ကျွန်တော့် အမေ အရွယ်၊ အသက် ၈၀ ပတ်ဝန်းကျင်လောက် စာဖတ်နာသူ အမေကြီးတစ်ယောက် ဖြစ်မယ်လို့ မှန်းဆမိရပါတယ်။ ကျွန်တော့်အတွက် ကြည်နူးစရာ ကောင်းနေတဲ့ အဲဒီ့ အဘွားရဲ့ စာလေးကိုလည်း မူရင်း သူ့သတ်ပုံများအတိုင်း အစအဆုံး ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အဲဒီ့စာကို ခေါင်းစဉ်တပ်ရရင်တော့ “ကျွန်တော်မျိုးကြီး သေသင့်ပါတယ်”လို့ ဖြစ်သွားမလားပဲခင်ဗျ။

သို့

အတ္တကျော်

မှ

ဒေါ်တင်တင်ရီ

မန္တလေးမြို့

နေ့စွဲ ၁၁၊ ၁၊ ၂၀၁၁

ကျေးဇူးတင်လှစွာဖြင့်

ဒီနေ့မှာ အဖွားစိတ်တွေ တစ်ခါမှ မဖြစ်စဖူး အထူးပဲ လေးနေခဲ့တယ်။ လောကကြီးထဲမှာ နေရတာကို ဘာမှ အဓိပ္ပာယ်မရှိသလိုလဲ ခံစားနေခဲ့မိတယ်။

အဲဒီလိုဖြစ်နေတုံးမှာဘဲ အဖွားရဲ့ သ္မီး အငယ်ဆုံးလေးရောက်လာပြီး မင်းရဲ့ “မဖတ်ကြည့်နဲ့နော်”ဆိုတဲ့ စာအုပ်ကလေး လာပေးတယ်။ (အမေ… သူများဆီက ငှားလာတာတဲ့။ ဘတ်ပြီးရင်လဲ သူ့စာအုပ်ထဲမှာ ပါတဲ့အတိုင်း စာပြန်ရေးလိုက်ပါအုံး)လို့ ပြောသွားတယ်။

ဒါနဲ့ သ္မီးငယ်လေး ပြန်သွားပြီးမှ စိတ်မပါ့တပါနဲ့ဘဲ မင်း စာအုပ်ကို စဘတ်မိတယ်။ ဘတ်ရင်း၊ ဘတ်ရင်းနဲ့ ပြုံးလာမိတယ်။ နောက် အသံမထွက်ပဲ ရီခဲ့တယ်။ နောက် သစ်ကုလားအုပ်တွေ ကာရာအိုကေဆိုတာ မြင်လိုက်ရတော့ အသံထွက်ပြီး တစ်ယောက်တည်း ရယ်မိတယ်။ စောစောက စိတ်ညစ်၊ ၀မ်းနည်းနေခဲ့တာတွေ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ ကိုယ်ဘတ်ပြီးတော့ ချက်ချင်းပဲ လက်ဆင့်ကမ်းခြင်စိတ် ဖြစ်ပေါ်လာတယ်။ ခက်တာက အနားရှိတဲ့လူတွေက သိပ်မအားကျဘူး။ စာဖတ်ချိန်လည်း သိတ် မပေးနိုင်ကြဘူး။ ၀ါသနာလဲ သိတ်မပါကြဘဲ အားရင် မြန်မာ ဟာသခွေတွေလောက်ပဲ ငှားပြီး တစ်အိမ်လုံး ကြည့်လေ့ရှိနေတော့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။

အဲ… ၁၀ တန်း ကျောင်းသားလေး ကျူရှင်က ပြန်လာတာ တွေ့တော့ ခဏလေး… ငါးမိနစ်လောက်ကလေး အချိန်ပေးပြီး ဒါလေး ဖတ်ကြည့်စမ်းပါလို့ ပြောတော့ အင်တင်တင်ရယ်။ အော်… ဖတ်စရာ မလိုဘူး အရုပ် ကြည့်ယုံလေးရယ်လို့ ပြောပြီး လက်ထဲ အတင်း ထဲ့ပေးလိုက်ရတယ်။ နောက်တော့ သူတို့ တအိမ်လုံး ဖတ်ဖြစ်သွားကြတယ်။ အားလုံး ပြုံးလို့ဘဲ။ ရီရတယ်နော်တဲ့။ မင်းစာအုပ်ကလေးကြောင့် အားလုံး ပြုံးပျော်သွားကြပါတယ်။ ဒါကြောင့် ကျေးဇူးတင်ပါတယ်။

အဖွား အကြံပေးခြင်တာကတော့ နောက်ထပ် ရိုက်အုံးမယ်ဆိုရင် မူရင်း အင်္ဂလိပ်စာတန်းလေးပါ တွဲပြီး ထည့်ပေးစေခြင်ပါတယ်။

မင်းဘာသာပြန်ထားတာကို မယုံလို့ မဟုတ်ပါဘူးနော်။ ဘတ်တဲ့လူတွေ အင်္ဂလိပ်စာ တိုးအောင်ရယ်၊ တခါတလေ အင်္ဂလိပ်စာလုံးလေး တစ်လုံးရဲ့ အဓိပ္ပာယ်ဟာ မြန်မာလို ပြန်ရရင် သိတ်ပြီး မထိရောက်ပဲ ရှေလျားထွေပြားသွားတတ်လို့ မူရင်းလေးနဲ့ ထိထိမိမိ ဘတ်စေချင်တဲ့ ဆန္ဒပါဘဲ။

နောက်တခုက မင်း ကလောင်နံမည်ဘဲ။ ဒီစာအုပ်လေးကို မင်းက လူအများ ဘတ်ပြီး ပြုံးရွှင်ကြပါစေ။ ပျော်နိုင်ကြပါစေလို့ စေတနာအပြည့်အ၀နဲ့ လုပ်ထားခဲ့ပြီး မင်းနာမည်ကျမှ “အတ္တ”တဲ့လား။ အတ္တဆိုတာ အဖွားနားလည်သလောက်ကတော့ တစ်ကိုယ်ကောင်းသမားပဲလေ။ ဒီတော့ မင်းနံမည်လေးက စေတနာ လျော့ပါးမှာ မဟုတ်၊ မေတ္တာကို အရင်းခံပြီးမှ ဖြစ်ပေါ်လာရတဲ့ စေတနာမို့ “မေတ္တာကျော်”လို့ပဲ ဖြစ်သင့်ပါတယ်။

နံမည်ပြောင်း ကင်ပွန်းတတ်ရင် အဖွားကိုလဲ ဖိတ်ပါအုံး။

ကျမ္မာစွာ၊ စိတ်ရော လူရော ချမ်းသာစွာနှင့် စာပေများ ဆက်လက်ပြီး ရေးကာ ထုတ်ပေးနိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

တင်တင်ရီ

P.S.  မင်းစာအုပ်တွေကို ဒီတအုပ်ပဲ ဖတ်ဖူးပါတယ်။ ကြိုက်သွားပြီ။

နောက်ဆက်တွဲ

နံမည်ဟာလဲ ဆွဲဆောင်မှု ရှိတယ်။ မြေးတွေ မင်းစာအုပ်တွေ ဖတ်နေတာ တွေ့ပေမယ့် “အတ္တ”ဆိုတဲ့ နံမည်ကို ကြည့်ပြီး ခေတ်လူငယ်လေး ရူးကြောင် မူးကြောင် ရေးချင်ရာတွေ ရေးထားတာပဲ ဖြစ်မယ်ဆိုပြီး ကိုင်ကို မကြည့်ခဲ့ဘူး။

ဒီလိုဘဲ မင်းခိုက်စိုးစံ ဆိုလဲ နံမည်ကိုက ဘ၀င်ကိုင်နေတဲ့ နံမည်လို့…

အဖွားတို့က ဒဂုန်မဂ္ဂဇင်း ပေါ်တဲက စာတွေ ဘတ်လာပြီး စာပေ အနုအယဉ်ဆို မောင်သာရ၊ နိုင်ငံရေးဆို ရန်ကုန်ဘဆွေ။ ဂျာနယ်ကျော် မမလေးတို့၊ ခင်နှင်းယုတို့ကိုတော့ လက်ခံပါတယ်။ လမင်းမိုမိုတို့၊ နွန်ဂျသိုင်းတို့ တခါလောက် ဘတ်ကြည့်ပြီး လှဲ့ကို မကြည့်တေ့ဘူး။ နောက်တော့ ဘာသာပြန်တွေဘဲ ကြိုက်သွားတယ်။ ဒီတော့ မြန်မာစာရေးဆရာတွေကို သိတ်စိတ်မ၀င်စားတော့ဘူး။ ဂျူးလဲ ထွက်ခါစ ခဏကတော့ ဘတ်ပါတယ်။ နောက်တော့ ၀တ္ထုဇာတ်လမ်းကို မရေးတော့ဘဲ သူသိထားတာတွေ သူတတ်တာတွေဘဲ ရေးလာတော့တယ်။

မောင်သာရ အသက်ကြီးလာတော့ လက်ပြောင်းသွားသလိုပါဘဲ။ ဒီလိုပါဘဲ ကိုယီးယားကားတွေ ကြည့်ပြီး မြန်မာအငြိမ့်တို့ ဇာတ်လမ်းတို့က ဘာအဓိပ္ပာယ်မှ မရှိတော့သလို ဖြစ်ကုန်သွားတယ်။ စာပေအနုပညာမှာလဲ ရေးစက ၀ါသနာပါပြီး လူအများ လက်ခံအောင် အပြုသဘော စာပေတွေ ရေးကြပေမယ့် နံမည်လေး ရလာရင် စီးပွားရေးဆန်ပြီး ၀တ္ထု တအုပ်ပြီး တအုပ်ထွက်ဘို့ သက်သက်ဘဲ ရည်ရွယ်လာကြတာ စာပေ အရသာက ပျောက်ပျောက်ကုန်တယ်။

ပရိသတ်ကို အလေးထားတတ်စေချင်တယ်။ “မြန်မာပြည် မြောက်ပိုင်း” ၀တ္ထုစာအုပ်ကြီးကို အစချီ တည်ခဲ့ပြီး ယနေ့တိုင် အဆုံးမသတ်နိုင်တဲ့ စာရေးဆရာကြီးလဲ ရှိသေးတယ်။ အဆုံးသတ်ရ ခက်နေပုံ ရတယ်။ ဇာတ်အိမ်ကြီး ဘွဲ့ထားပြီး ဇာတ်သိမ်းခက်နေပုံ ပေါက်တယ်။ တိုင်းပြည်က သူထင်သလို၊ သူ စ ရေးတုံးကလို မဖြစ်လာဘဲ ကမောက်ကမတွေ ဖြစ်နေတော့ သနားပါတယ်။

တချို့ဝတ္ထုထဲ ဇာတ်လိုက်နာမည်ပေးထားတာက မင်းသိင်္ခထက်တောင် ကဲနေသေးတယ်။ မြေးတွေက ပြောပါတယ်။ အဖွားက ခေတ်မမှီတော့လို့တဲ့။ ဒါ့ကြောင့် နံမည်ဟာလဲ အရေးကြီးပါတယ်။ ရုပ်ရှင်ကား၊ စာအုပ် ၀တ္ထုတစ်ပုဒ်တိုင်းမှာ “ပညာပေး”တခုခုတော့ ပါမှ စာပေ၊ ရုပ်ရှင်လို့ အဘွားက ယူဆထားတော့ ခေတ်နဲ့ မကိုက်ညီတော့ဘူးပေါ့ကွယ်။

ရီ

ကျွန်တော့်ဆီမှာ ရှိတဲ့ scanner က အခု Windows 7 နဲ့ အဆင်မပြေတော့ဘူး။ driver ကို အင်တာနက်ကနေ download လုပ်ကြည့်ပေမယ့်လည်း ဘာလွဲနေမှန်း မသိတော့ scanner သုံးလို့လို့ မရဘူးဖြစ်နေပါတယ်။ အခု စာရေးလိုက်တဲ့ ဒေါ်တင်တင်ရီရဲ့ စာနဲ့ စာအိတ် တစ်စိတ်တစ်ပိုင်းကို ကင်မရာနဲ့သာ ဖြစ်သလို ရိုက်ပြီး အဖြစ်ပဲ တင်ပေးလိုက်ရတာကို နားလည် သည်းခံတော်မူပေးကြပါခင်ဗျား။

သြော်… သူပြောတဲ့ ကျွန်တော့်စာအုပ်နာမည်က “မဖတ်ကြည့်နဲ့နော်” မဟုတ်ပါဘူး။ “မဖတ်နဲ့နော်”သာ ဖြစ်ပါတယ်။ အလားတူပဲ၊ နွမ်ဂျာသိုင်းကိုလည်း သူ စာလုံးပေါင်းထားတဲ့အတိုင်း “နွမ်ဂျသိုင်း”လို့သာ သူ့စာကို ပြန်ကူးရာမှာ ရေးထည့်လိုက်တာပါ။ မင်းခိုက်စိုးစန်ဆိုလဲ သူက စံထားတဲ့အတိုင်းပါပဲ ခင်ဗျား။ နောက်ဆက်တွဲ အပါအ၀င် စာတစ်စောင်လုံး သူ့စာလုံးပေါင်းများအတိုင်းသာ ဖြစ်ကြောင်းပါ။

ဂျီကျတတ်တဲ့ ချစ်သူရဲ့ အမော

သမီး သူ့ကို အရမ်းချစ်ပါတယ်။ နှစ်နှစ်ပြည့်ခါနီးမှာတော့ နေ့တိုင်းနီးပါး ရန်ဖြစ်ကြပါတယ်။ သူ့ကို စိတ်ထဲက မပါဘဲနဲ့ ပြတ်ပြီလို့လည်း သမီးက ခဏခဏ ပြောပါတယ်။ ဒါပေမယ့် သူ အဲဒါတွေ သည်းခံခဲ့ပါတယ်။ အဲဒါတွေကြောင့် သမီး သူ့ကို ပိုချစ်ခဲ့ပါတယ်။

သမီး အဲလို လုပ်တာတွေက လွဲရင် သူ့ကို ဂရုလည်း စိုက်ပါတယ်။ သစ္စာလည်း ရှိပါတယ်။ သမီး ဘဝမှာ သူတစ်ယောက်တည်းပဲ ရှိတယ်လို့ သတ်မှတ်ထားတာပါ။ ဒါပေမယ့် သူက သမီးကို နားမလည်ဘူး၊ သမီး ဆိုးတယ်လို့ပဲ ပြောနေတယ်။ နောက်ဆုံး ရန်ဖြစ်တဲ့ နေ့က သူ့ပါးကို ရိုက်လိုက်မိပါတယ်။ သူ အရမ်း နာကျည်းသွားတယ်။ နောက်နေ့ကျတော့ သူ ဖုန်းဆက်ပြီး သမီးကို ပြောတယ် သူတစ်ယောက်တည်းပဲ နေချင်ပြီတဲ့။ သူ့ကို စိတ်ဒဏ်ရာတွေ  ခဏခဏ ပေးတယ်တဲ့။ ခဏ လောက် ခွဲနေကြရအောင်တဲ့။ သူက အဲလိုပြောတော့ သမီး သိပ်ကို ချောက်ချားသွားပါတယ်။ အဲဒါနဲ့ သူ့ကို ချိန်းပြီးတော့ သူ့ကို တောင်းပန်ပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မရတော့ပါဘူး။ နောက်နေ့လည်း ငိုပြီးတော့ သမီး အားလုံး ပြုပြင်ပါ့မယ်၊ နောက် မဆိုးတော့ပါဘူး။ မကြိုက်တာတွေလည်း မလုပ်တော့ပါဘူး၊ သူ စိတ်ချမ်းသာစေရပါမယ်လို့ ပြောပေမယ့် မရတော့ပါဘူး။

သမီး သူ့ကို နည်းမျိုးစုံနဲ့ ခခယယ တောင်းပန်ပါတယ်။ သမီး ဘဝကိုလည်း အားလုံး ပေးထားပြီးပြီ၊ သမီးကို မစွန့်လွှတ် သွားပါနဲ့လို့ ပြောတော့ သူက အရမ်းကို စိတ်ပင်ပန်းနေပြီ အားလုံးကို ဂရုမစိုက်ဘဲ ထွက်သွားချင်နေပြီလို့ ပြောပါတယ်။ သမီးကို စိတ်ပျက်စိတ်ကုန်သွားပြီတဲ့။ အရင်လို သမီးကို ချစ်နိုင်မှာ မဟုတ်တော့ဘူးတဲ့။ သူ့ကို မေ့လိုက်ပါတဲ့။ သမီးတို့ကိစ္စ ဘယ်လိုလုပ်မလဲလို့ မေးတော့ သူက သည်ကိစ္စကြောင့် သူ့ကို အခုလို ပြောနေတာပါ အဲလို မဟုတ်ရင် သူ့ကို အရေးတောင် စိုက်မှာ မဟုတ်ဘူးလို့ သူက  ပြောပါတယ်။ သူ သမီးကို နားမလည်ဘူး။

သူ့ကိုလည်း မခွဲနိုင်ဘူး သမီးဘဝပေးထားတဲ့ကိစ္စကိုလည်း စိုးရိမ်တယ်။ အခု သူ သမီးကို ထားသွားပါပြီ။

သည်စာလေးကို အကြောင်းပြုပြီး မန္တလေး FM မှာ မနှစ်က ဆွေးနွေးထားတာလေးကို ပြန်တင်ပေးထားပါတယ်။ နားဆင်တော်မူကြည့်နိုင်ကြကြောင်းပါ။