Skip to content

နောလေ့(ခ်ျ)သည် ပါဝါမဟုတ်တော့ပါ

17 February 2011

ဒေးထာ(data)ဆိုတာကို အဘိဓာန်မှာက “အချက်အလက်”လို့ ဖွင့်ဆိုထားပါတယ်။ တစ်နည်းအားဖြင့် သင်္ကေတတွေပေါ့။ နမူနာ ရေးပြရရင် “းယေ-ွမ။-ာတ-ိန-ုရ-်”ဟာ ဒေတာပါ။ အလားတူပဲ “၈၊ ၄၊ ၂”ဆိုတာလည်း “ဒေးထာ”သာ ဖြစ်ပါတယ်။ “အချက်အလက်သက်သက်”ပေါ့။
အဲဒီ့ဒေးထာအချက်အလက်တွေကို စနစ်တကျ စီစဉ်လိုက်ပြီး “ဘာ၊ ဘယ်သူ၊ ဘယ်နေရာ၊ ဘယ်တုန်းက”အစရှိတဲ့ မေးခွန်းများကို ဖြေနိုင်လာအောင် ဆောင်ရွက်တော့မှ အင်ဖှမေးရှင်း (information) ဆိုတာကို ရလာပါတော့တယ်။ အထက်က နမူနာနှစ်ခုကို စနစ်တကျ စီလိုက်တဲ့အခါ ပထမတစ်ခုအတွက် “မိုးရွာနေတယ်”ကို ရလာပြီး ဒုတိယတစ်ခုအတွက်ကျ တော့ “၂ x ၄ = ၈”ဆိုတာကို ရလာပါလိမ့်မယ်။ အဲဒါ အင်ဖှမေးရှင်း ဖြစ်သွားပါပြီ။ မြန်မာအဘိဓာန်မှာ အင်ဖှမေးရှင်းကို “အချက်အလက်၊ သတင်း၊ သုတ”လို့ ပြန်ဆိုပြီး အခုလတ်တလော လူသုံးများနေတာကတော့ “သတင်းအချက်အလက်”ဆိုပြီး ပြန်ဆိုသုံးစွဲနေကြပါတယ်။ “အကြောင်းအချက်”လို့ သုံးရင် ကောင်းမလားပဲ။

အဲဒီ့ သတင်းအချက်အလက်တွေကိုမှ အသုံးတည့်လာစေမယ့် ရည်ရွယ်ချက်မျိုးနဲ့ ဆီလျော်အောင် စုစည်းလိုက်တဲ့အခါမှာတော့ နောလေ့(ခ်ျ) (knowledge) ဖြစ်လာပါတော့တယ်။ အဘိဓာန်က “သိခြင်း၊ အသိ၊ အလိမ္မာ”လို့ ပြန်ဆိုထားပါတယ်။ [သည်နေရာမှာ လူငယ်အများစုက နောလေ့(ခ်ျ)ကို “ဗဟုသုတ”လို့ မှားယွင်း ပြန်ဆိုမိတတ်တာ မကြာခဏ တွေ့ရပါတယ်။ ဂျယ်နရယ်(လ်)နောလေ့(ခ်ျ) (general knowledge) ကသာ “ဗဟုသုတ”ဖြစ်ပါတယ်။ ပါဠိလို “ဗဟု”ဆိုတာက “များစွာသော”လို့ အနက်ရတဲ့အတွက် ဗဟုသုတဆိုရင် များစွာသော (ဝါ) အထွေထွေ အပြားပြားသော အသိတွေလို့ ဆိုလိုရာ ရောက်နေပါတယ်။] အဲဒီ့ နောလေ့(ခ်ျ)ကို “သညာသိ”လို့ သုံးပါရစေ။

အဲဒီ့နောလေ့(ခ်ျ)ဆိုတဲ့ “သညာသိ”ကျတော့ ဇာတ်လမ်း နည်းနည်း ရှုပ်လာပါပြီ။ သညာသိမှာ ပိုင်းဖြတ်ထားတဲ့ လုပ်ငန်းစဉ်တစ်ရပ်က ပူးတွဲလာ ပါတော့တယ်။ ဆိုကြပါစို့၊ သတင်းအချက်အလက်တွေကို တစ်စုံတစ်ယောက်က မှတ်သားလိုက်တဲ့အခါ၊ သိပ်ရည်မှန်းချက် ကြီးကြီးမားမား မရှိလှဘဲ စာမေးပွဲအောင်ရေးသာ ပဓာန ထားတဲ့ ကျောင်းသားတွေ စာအံသလို ကျက်မှတ်လိုက်တဲ့အခါမျိုးမှာ “သညာသိ”တွေ အမြောက်အမြား ရလာပါတော့တယ်။ အဲဒီ့ “သညာသိ”က သက်ဆိုင်ရာ ပုဂ္ဂိုလ်အတွက်တော့ အသုံးတည့်ပါတယ်။ သို့ပေမယ့် နောက်ထပ် အသိတစ်ခုခု တိုးပွား လာဖို့အတွက်တော့ သညာသိက အကျိုးမပေးနိုင်ပါဘူး။

နမူနာပြောရင် အမြှောက်အလီပေါင်းတွေကို နှုတ်တက်ရွရွ ကျက်ထားတဲ့ ကျောင်းသားဟာ “နှစ် နှစ်လီ လေး”မှသည် “၁၆ ၁၂လီ ၁၉၂”အထိကို ဒေါင်းဒေါင်းပြေး ရွတ်နိုင်ပါလိမ့်မယ်။ အဲဒါ အလီနဲ့ ပတ်သက်တဲ့ “သညာသိတွေ” အမြောက်အမြား ရှိနေတာပေါ့။ သို့ပေမယ့် ၁၈၉၅ ကို ၃၀ဝ နဲ့ မြှောက်ပါဆိုရင်တော့ နည်းနည်း အူသွားတော့မှာပါ။ ဘာလို့လဲဆိုတော့ သူကျက်ထားတဲ့ အလီထဲမှာ ၁၈၉၅ အလီမှ မရှိတာကိုး။ အဲဒီ့ အဖြေအတွက်ကျတော့ သိမှတ်မှုနဲ့ ပိုင်းခြားစိတ်ဖြာ ဝေဖန်တတ်မှု စွမ်းရည်က လိုလာပါပြီ။ အဲဒီ့ စွမ်းရည်တွေက နောက်တစ်ဆင့်ဖြစ်တဲ့ “နားလည် သဘောပေါက်မှု” (understanding)နဲ့ သက်ဆိုင်သွားပါတယ်။

နားလည်သဘောပေါက်မှုမှာကျတော့ ဆက်စပ်တွေးမြင်နိုင်တာ၊ ဖြည့်စွက်ကြည့်တာ၊ ဖြစ်နိုင်ချေကို တွက်ချက်တာတွေ ပါဝင်လာပါပြီ။ သည်မှာကျတော့ သိမှတ်မှုနဲ့ ပိုင်းခြားစိတ်ဖြာမှုတွေက အဓိက ဖြစ်ပါတယ်။ သညာသိအသစ်တစ်ခု ရလာတယ်၊ အဲဒီ့ သညာသိအသစ်ကို အရင်က သိထားတာနဲ့ ပေါင်းစပ်လိုက်ပြီးတော့ ချသုံးတတ်လာတယ်။ အဲဒါ နားလည်မှုပါပဲ။ အထက်က ၁၈၉၅ ကို ၃၀ဝ နဲ့ မြှောက်တဲ့အခါမှာ မူလရှိထားတဲ့ သညာသိက သုံးအလီရယ်၊ မြှောက်ပုံမြှောက်နည်းရယ်ပါ။ အဲဒါကို နားလည်တဲ့အတွက် ၁၈၉၅ ကိုမြှောက်ချိန်မှာ သုည နှစ်လုံးကို မေ့ထားလိုက်မယ်၊ ပြီးရင် ၁၈၉၅ ကို သုံးနဲ့ မြှောက်မယ်။ သုံး ငါးလီ၊ သုံးကိုးလီ၊ သုံး ရှစ်လီ စသဖြင့် နဂို သညာသိနဲ့ တွက်ချက် ပေါင်းစပ်သွားပြီး ရတဲ့အဖြေကိုမှ သုညနှစ်လုံး ဖြည့်လိုက်ရင် ၃၀ဝ နဲ့ မြှောက်တာအတွက် မှန်ကန်တဲ့ အဖြေကို ရလာပါလိမ့်မယ်။

“နားလည်သဘောပေါက်မှု”နဲ့ “သညာသိ”တို့ ကြားမှာ ကွာခြားပုံက သင်ယူမှတ်သားမှုနဲ့ အလွတ်ကျက်မှုတို့နှစ်ခု ကွာခြားသလိုပါပဲ။ သင်ယူ မှတ်သားလိုက်တယ် ဆိုတာက ကြောင်းကျိုးဆင်ခြင်မှုတွေ၊ ဆက်စပ်မှုတွေ ပါဝင်ပါတယ်။ “ခွေးကောင်”ဆိုတဲ့ ဝေါဟာရတစ်ခုကို ကလေးတစ်ယောက် သင်ယူမှတ်သားတာနဲ့ပဲ ကြည့်ရအောင်ပါ။ တစ်စုံတစ်ယောက်က သူ့ကို “ခွေးကောင်”လို့ ပြောလိုက်တယ်။ ကလေးက အဲဒါကို အလွတ်ကျက်ပြီး မှတ်သားလိုက်တာ မဟုတ်ပါဘူး။ စိတ်တိုတိုနဲ့ ပြောတဲ့အခါမှာ သည်စကားလုံးကို သုံးလိုက်တယ်။ ဒါကို ကလေးက မှတ်လိုက်ပါတယ်။ နောက်တစ် ယောက်က သူ့ကို “ခွေးကောင်”လို့ ပြောပြန်တယ်။ သည်တစ်ခါကျတော့ သူ့ကို ချစ်ခင်တဲ့စိတ်နဲ့ ချစ်စနိုးပြောလိုက်တာကို ဆက်မှတ်တယ်။ အဲဒီ့ နှစ်ခုအပေါ်မှာ ကလေး သင်ယူမှတ်သားလိုက်တာက “ခွေးကောင်”ဆိုတဲ့ ဝေါဟာရကို ဒေါသဖြစ်တဲ့အခါမှာ သုံးလို့ရသလို ချစ်စနိုးပြောတဲ့ နေရာမှာလည်း သုံးလို့ရတယ်ဆိုတာကို သင်ယူမှတ်သားလိုက်ပါတယ်။ အဲဒါဟာ နားလည်မှုပါ။ ဒါပေမယ့် “ဧရာဝတီမြစ်သည် မိုင်ပေါင်း ၁၃၅၀ ရှည်လျားသည်”ဆိုတာကျတော့ ကလေးက ကျက်ပြီ။ အဲဒီ့မှာ အဆက်အစပ်က ဘာမှ မပါဘူး။ အဲဒါ သညာသိဖြစ်သွားပြီ။

အဲဒီ့ကလေးက စာမေးပွဲအောင်ဖို့အတွက်ကျတော့ အဲဒါကို အလွတ် ကျက်ထားတယ်။ ဖြေချလိုက်တယ်။ ကိစ္စက ပြတ်သွားတယ်။ နောက် တစ်တန်းတက်တယ်၊ နောက်ထပ် သညာသိတွေ ထပ်မှတ်ရပြန်တယ်။ အဲလိုနဲ့ အချိန်တစ်ခုကို ရောက်လာတဲ့အခါ ဧရာဝတီ ဘယ်လောက် ရှည်လျားမှန်း သူ မသိတော့ဘူး။ အဲဒါဟာ သညာသိရဲ့ ပြဿနာပါပဲ။ မိုင်ပေါင်း ၁၃၅၀ကို မှတ်သားပုံနဲ့ “ခွေးကောင်”ကို သင်ယူပုံတို့ ကွာခြားတာကို စာဖတ်သူလူကြီးမင်းများ သဘောပေါက်နိုင်ကြပြီ ထင်ပါတယ်။ အဲဒါဆိုရင် နားလည်သဘောပေါက်မှုနဲ့ သညာသိတို့ ကွာခြားတာကိုလည်း  ခွဲခြားနိုင်လောက်ပါပြီ။

“ဒေးထာ”ဆိုတဲ့ “အချက်အလက်သက်သက်”ကို ကွန်ပျူတာမှာ ထည့်လိုက်လို့ရတယ်။ ကိန်းဂဏန်းတွေ ဖြစ်ချင်ဖြစ်မယ်၊ သင်္ကေတတွေ ဖြစ်ချင် ဖြစ်မယ်။ အက္ခရာတွေ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

အဲဒီ့ “ဒေးထာ”တွေကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်လိုက်ပြီး အနက်ဖွင့် လိုက်တဲ့အခါမှာ “အင်ဖှမေးရှင်း”ဆိုတဲ့ “အကြောင်းအချက်” ရလာပါတယ်။ စောစောက ကွန်ပျူတာမှာ ထည့်သွင်းလိုက်တဲ့ အချက်အလက်တွေမှာ အလွယ်ဆုံး ပြောရရင် ဇန်နဝါရီကနေ ဒီဇင်ဘာအထိ လနာမည်တွေ ထည့်တယ်။ ဒါ အချက်အလက် သက်သက်၊ ပြီးတော့ တစ်လစီရဲ့ ဘေးမှာ ဂဏန်းတွေ ထည့်တယ်။ လေးလုံးဖြစ်ချင်ဖြစ်မယ်၊ ငါးလုံး၊ ခြောက်လုံးလည်း ဖြစ်ချင်ဖြစ်မယ်။ အချက်အလက် သက်သက်တွေ ထပ်ဖြည့်လိုက်တယ်။ ဒါပေမယ့် အနက်ဖွင့်တဲ့အခါကျတော့ “နှစ်ချုပ်ဝင်ငွေစာရင်း”ဆိုတဲ့ “အင်ဖှမေးရှင်း” (အကြောင်းအချက်)ကို ရလာပါလိမ့်မယ်။

“နောလေ့(ခ်ျ)” (သညာသိ)ကလည်း ကွန်ပျူတာမှာ ရှိတယ်။ ကွန်ပျူ တာရဲ့ မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းထားတဲ့ အကြောင်းအချက်တွေကို နေရာတကျ ချသုံးတဲ့အခါ ကျွန်တော်တို့ ယနေ့ ကွန်ပျူတာတွေမှာ သုံးနေတဲ့ “အပျော့ထည်” အတော်များများကို ရလာပါတယ်။ အခု ကျွန်တော် စာရိုက်နေတာ “စာမျက်နှာဖွဲ့စပ်ရာ” (Pagemaker) အပျော့ထည်ကို သုံးနေတာပါ။ အဲဒါကို သုံးနိုင်ဖို့အတွက် သက်ဆိုင်ရာ အပျော့ထည် ထုတ်လုပ်သူများက အချက်အလက် သက်သက်များကို ထည့်သွင်းရတယ်။ ဒါပေမယ့် အဲဒီ့အချက်အလက်တွေကနေ အနက်ဖွင့်ပေးပြီး အကြောင်းအချက်တွေ ဖန်တီးထားရတာ။ အဲဒီ့ အကြောင်းအချက်တွေကို ကွန်ပျူတာက သညာသိ သိသွားအောင် ဖန်တီးယူလိုက်တဲ့အခါမှာ လူအများသုံးလို့ ရတဲ့ လုပ်ငန်းသုံး ပရိုဂရယ်(မ်) (application) တစ်ခု ရလာပါတော့တယ်။

“နားလည်သဘောပေါက်မှု”ကလည်းပဲ ကွန်ပျူတာတွေမှာ ရှိလာပါပြီ။ အဲဒါကတော့ “ဉာဏ်အတု” (Artificial Intelligence) ဆိုတဲ့ စနစ်တွေပါ။ အေအိုင်စနစ်များ(AI Systems)လို့ အတိုကောက် ခေါ်ပါတယ်။ အဲဒါကကျတော့ စောစောက ပြောနေတဲ့ လုပ်ငန်းသုံးအစီအစဉ်တွေ၊ သာမန်အပျော့ထည်တွေထက် ကျော်လွန်သွားပါပြီ။ ကွန်ပျူတာက လူစကား နားလည်တာ၊ လူ့လက်ရေး ဖတ်တတ်လာတာမျိုးကို အရိုးဆုံး ဥပမာများအဖြစ် ပြလို့ရပါတယ်။ လူပေါင်း မြောက်များစွာရဲ့ ပြောပုံဆိုလက် အသံထွက်အမျိုးမျိုးကို ကွန်ပျူတာက ပိုင်းခြားစိတ်ဖြာတတ်လာတာဟာ နားလည်သဘောပေါက်မှုဆိုတဲ့ အဆင့်ကို ရောက်လာတာပါပဲ။

ဒါပေမယ့် ကွန်ပျူတာဟာ “ခွေးကောင်”ဆိုတဲ့ ဝေါဟာရကိုသာ သိမှတ်နိုင်ပြီး အဲဒီ့နောက်ကွယ်မှာ ဒေါသနဲ့ ပြောလိုက်တာလား၊ ချစ်စနိုး ပြောလိုက်တာလားဆိုတာကို နားလည်နိုင်တဲ့ အဆင့်တစ်ဆင့် ကျန်နေပါသေးတယ်။ ခက်တော့ သိပ်မခက်တော့ပါဘူး။ ယနေ့ကာလ ကွန်ပျူတာ နည်းပညာ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်နေပုံနဲ့ဆိုရင် အဲဒါကိုလည်း ကွန်ပျူတာက မကြာခင်ကာလအတွင်းမှာ ပိုင်းခြားစိတ်ဖြာတတ်ပြီး နားလည် သဘောပေါက်နိုင်တော့မှာပါ။

ကျွန်တော် ဒါတွေ ဘာ့ကြောင့် ဝိတ္တာရချဲ့နေတာလဲလို့ စာဖတ်သူ လူကြီးမင်း တွေးနေမယ်ထင်ပါတယ်။ ဒေးထှာဆိုတဲ့ အချက်အလက် သက်သက်မှသည် နားလည်သဘောပေါက်မှုအထိက လူတိုင်း လုပ်နိုင်တယ်၊ လူတိုင်း တတ်နိုင်တယ်ဆိုတာအပြင် လူသာမက ကွန်ပျူတာလို သက်မဲ့မှာ ပင်လျှင် ထည့်သွင်း၊ စီစဉ်၊ ထားသို၊ ရေးဆွဲ၊ ညွှန်ကြားလို့ရနေတာကို ပြောချင်တာပါ။

အဲဒီ့ကမှတစ်ဆင့် လူသားမှသာ တတ်နိုင်တဲ့ “မြော်မြင်ဆင်ခြင်မှု”ဆိုတာကို ဆက်သွားချင်လို့ပါ။ ဝစ္စဒမ် (Wisdom) ကို “ဉာဏ်ပညာ၊ အမြော်အမြင်”ရယ်လို့ အဘိဓာန်က ဖွင့်ဆိုပါတယ်။ မြော်မြင်ဆင်ခြင်မှုကျတော့ ရတတ်သမျှ အချက်အလက်တွေ၊ အသိတွေ၊ နားလည်မှုတွေအပေါ် အခြေခံပြီး တွက်ချက် ခန့်မှန်းတာ ပါသွားပြီ၊ ဖြစ်နိုင်ချေတွေကို ကျော်လွန်ပြီး စဉ်းစားတာလည်း ပါတယ်။ လှေနံဓားထစ်တာတွေလည်း မရှိတော့ဘူး။ အဲဒါက မြော်မြင်ဆင်ခြင်မှု ဖြစ်ပါတယ်။ သည်မှာက လူသားတို့ရဲ့ ကျင့်ဝတ်တွေ၊ စာရိတ္တတွေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ၊ ဘေးပယောဂတွေ အစရှိတဲ့ တခြားအကြောင်းအချက်တွေနဲ့ ကိုယ်သိထား၊ ကိုယ်နားလည်ထားတာတွေနဲ့ စပ်ဟပ်ယူပါတော့တယ်။

အရင်က နားမလည်ထား၊ သဘောပေါက်မထားခဲ့တာတစ်ခုကို အဲဒီ့ မြော်မြင်ဆင်ခြင်မှုကသာ ပေးစွမ်းနိုင်ပါတယ်။ တစ်နည်းပြောရရင် အချက်အလက် သက်သက်တွေ၊ အကြောင်းအချက်တွေ၊ သညာသိတွေ၊ နားလည်သဘောပေါက်မှုတွေလို လွယ်လွယ်ကူကူ ရနိုင်မယ့် အဖြေမျိုးတွေ မဟုတ်ဘဲ အင်မတန်မှ ခက်ခဲ နက်နဲတဲ့ အဖြေတွေ၊ ဘယ်သက်ရှိ လူသားကမှ တစ်ခါဖူးမှ မတွေးခဲ့ဖူးတာတွေကို မြော်မြင်ဆင်ခြင်မှုက ဖော်ယူပေးနိုင်ပါတယ်။ နောက်တစ်နည်း ပြောရရင် အမှားနဲ့ အမှန်၊ အဆိုးနဲ့ အကောင်း ဆိုတာကို ရိပ်စားမိလာအောင်၊ ဒါမှမဟုတ် ချိန်ဆတတ်အောင် အဲဒီ့ မြော်မြင်ဆင်ခြင်မှုနဲ့သာ လုပ်ယူရပါတယ်။

  • ပေါက်ပင် ကိုင်းတယ် (အချက်အလက်သက်သက်ပါ)။
  • ဗျိုင်းနားလို့ ပေါက်ပင်ကိုင်းတယ် (အကြောင်းအချက် အင်ဖှမေးရှင်း ဖြစ်လာပါပြီ။)
  • ဗျိုင်းရဲ့ ကိုယ်အလေးချိန်ကို ပေါက်ပင်က မခံနိုင်ဘူး။ ဒါ့ကြောင့် ပေါက်ပင်ကိုင်းတာပဲ (သညာသိဖြစ်လာပါပြီ။)
  • ဒါဆိုရင် ဗျိုင်းသာ မဟုတ်ဘူး၊ တခြား ဘာကောင်ပဲ နားနား၊ ပေါက်ပင် ကိုင်းတော့မယ်။ စာကလေးနားမယ်ဆိုရင်တော့ ဗျိုင်းနားသလောက် ကိုင်းမှာ မဟုတ်ဘူး။ (နားလည်သဘောပေါက်မှုပါ။ သည်အထိက ကျောင်းသင်ပညာလောက်နဲ့ အလွယ်တကူ ရနိုင်ပါတယ်။)

ပေါက်ပင် ဘာ့ကြောင့် ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ်၊ ဗျိုင်း ဘာ့ကြောင့် နားရတယ်၊ ငါးပေါ်လို့ နားရတယ် အစရှိသဖြင့် တစ်ဆင့်ချင်း မြော်မြင် ဆင်ခြင်မှုကျတော့ နက်နဲလာပါတယ်။ အဲဒါကျတော့ အဖတ်အရှု အလေ့အလာ နည်းနေသမျှ ဘယ်လိုမှ မရနိုင်တော့ပါဘူး။ အဲဒါကို မရအောင် ကြားခံ ဆီးတာနိုင်တာကလည်း “နားလည်သဘောပေါက်မှု”လောက်ကို အသိဉာဏ်ရဲ့ လမ်းဆုံးလို့ ထင်မိယောင်မှားပြီး ပညာတတ်မာန် တက်သွားတဲ့အခါမှာပါ။

အဲဒီ့ မြော်မြင်ဆင်ခြင်မှုကိုကျတော့ ဘယ်ကွန်ပျူတာမှ ဘယ်တော့မှ  မရနိုင်တဲ့ စွမ်းရည်ဖြစ်သွားသလို လူတိုင်းလည်း အလွယ်တကူ မရနိုင်တော့ပါဘူး။ အထူးသဖြင့် ကနေ့ခေတ် လူငယ်တွေလို ခေတ်မီ ဆက်သွယ်ရေး နည်းပညာ လှိုင်းတံပိုးများကြားမှာ တလိမ့်လိမ့် မျောနစ်နေရင်းက စာမေးပွဲအောင်ရေး၊ ဘွဲ့လက်မှတ်ဆိုတဲ့ စက္ကူများ ရရှိရေးကိုသာ လုံးပမ်းနေကြရင်း ပိုက်ဆံတစ်မျိုးတည်းကိုသာ ကိုးကွယ်ရာလို့ ယုံမှတ်နေကြသူများဟာ အချက်အလက်သက်သက်တွေ၊ အကြောင်းအချက်တွေ၊ သညာသိတွေလောက်ကိုပဲ အဟုတ်မှတ်နေကြပါလိမ့်မယ်။

“နောလေ့(ခ်ျ) အစ်(စ်) ပါဝါ (Knowledge is power.)”ဆိုတဲ့ စကားလည်း ခေတ်နောက်ကျကျန်ရစ်ခဲ့တာကို အများ သိသင့်နေပါပြီ။ ကွန်ပျူတာမှာ ဉာဏ်အတုထိတောင် ရောက်လာတဲ့အပြင် နောလေ့(ခ်ျ)ထက် တစ်ဆင့်မြင့်တဲ့ နားလည်သဘောပေါက်မှုကိုတောင် ကွန်ပျူတာဆိုတဲ့ သက်မဲ့(စက်) တစ်လုံးက လုပ်နိုင်နေမှတော့ နောလေ့(ခ်ျ)ဟာ ကနေ့ နည်းပညာခေတ်မှာ နှစ်ပြားမှ မတန်တော့ပါဘူး။ နောလေ့(ခ်ျ)အစ်(စ်) ပါဝါ မဟုတ်တော့ဘဲ “နောလေ့(ခ်ျ)အစ်(စ်) ဖျူထိုင်း(လ်) (Knowledge is futile.)” ဖြစ်သွားပါပြီ။

ကွန်ပျူတာတစ်လုံးကို ဖွင့်၊ အင်တာနက်ကြီးနဲ့ ချိတ်ဆက်လိုက်တာနဲ့ တစ်ပြိုင်နက် ဘာသိချင်သလဲ၊ ဘာသညာသိ လိုချင်သလဲ၊ လိုချင်တာ အားလုံးလောက် နီးပါးကို စက္ကန့်ပိုင်းအတွင်းမှာ  ရယူနိုင်တဲ့ခေတ် ဖြစ်နေပါပြီ။ သညာသိအလျှံပယ်ခေတ်ကို ကျွန်တော်တို့ ဖြတ်သန်းနေကြပါတယ်။

ကနေ့ခေတ် လူငယ်တွေဟာ ကျွန်တော်တို့တွေထက် အချက်အလက်သက်သက်တွေ၊ အကြောင်းအချက်တွေ၊ သညာသိတွေ အများကြီး ပိုရနေကြတာမို့ အဲဒီ့ဘက်မှာ ကျွန်တော်တို့ထက်၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေထက် အဆများစွာ သာနေတာ အင်မတန်မှ သေချာလှပါတယ်။

ဒါပေမယ့် သညာသိမှသည် နားလည်သဘောပေါက်မှုအဆင့် တစ်ဆင့်ကို ဆက်တက်နိုင်ဖို့၊ တစ်နည်းပြောရရင် ဉာဏ်ရှိလာဖို့နဲ့ အဲဒီ့ကမှ နောက်တစ်ဆင့်ဖြစ်တဲ့ မြော်မြင်ဆင်ခြင်မှုတွေ ရင့်သန် ခိုင်မာလာဖို့အတွက်ကျတော့ အများစုက မေ့လျော့ပစ်ပယ်ထားနေကြတယ်လို့ ရှုမြင်မိရလို့ ကျွန်တော် မြင်တာလေးတွေကို ချရေးလိုက်မိရကြောင်းပါခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ဝ၉၀၂၁၁)

ကျမ်းကိုး –

  • Ackoff, R. L., “From Data to Wisdom”, Journal of Applied Systems Analysis, Volume 16, 1989 p 3-9.
  • Gadomski, Adam Maria, Information, Preferences and Knowledge, An Interesting Evolution in Thought
  • Sharma, Nikhil, The Origin of the Data Information Knowledge Wisdom Hierarchy
  • Gene Bellinger, Anthony Mills, Durval Castron, Data Information Knowledge and Wisdom

(ယနေ့ ၁၇-၀၂-၂၀၁၁ ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၃ အမှတ် ၄၇ ရဲ့ စာမျက်နှာ ၂၂ နဲ့ ၂၄ မှာ ဖော်ပြပါရှိတာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။)

 

Data, Information, Knowledge, and Wisdom

by Gene Bellinger, Durval Castro, Anthony Mills

Advertisements
9 Comments leave one →
  1. Soe Nay Lynn Aung permalink
    18 February 2011 3:54 am

    ဟုတ်တယ်ဆရာ.. “နားလည်သဘောပေါက်မှု”လောက်ကို အသိဉာဏ်ရဲ့ လမ်းဆုံးလို့ ထင်ပြီး ပညာတတ်မာန် တက်နေတဲ့သူတချို့ကို တွေ့ဖူးပါတယ်။ (တွေ့တိုင်းလည်း ဆင်ခြင်မိပါတယ်၊ စဉ်းစားဆင်ခြင်မှုပိုင်း လိုနေတယ်လို့ထင်ခဲ့ပါတယ်၊ ဆရာရေးထားတာ ဖတ်မိမှ မြော်မြင်ဆင်ခြင်မှုပိုင်းလို့တွေးမိပါတယ်။ ဆရာသုံးတဲ့ မြော်မြင်ဆင်ခြင်မှု ဆိုတာကို သဘောကျမိပါတယ်)။ နောက်တစ်ဆင့်ဖြစ်တဲ့ မြော်မြင်ဆင်ခြင်မှုပိုင်းကို ရောက်မလာကြတာများပါတယ်။ ဆရာမြင်သလိုပဲ အဲအဆင့်ကိုမေ့နေကြသူတွေ များတယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း မမေ့အောင် သတိထားနေပါတယ်။ ဒီပို့စ်လေးကို ကြိုက်လို့ ကျွန်တော် ရှယ်သွားပါတယ်။ ကျေးဇူးပါ ဆရာ။

  2. Ba Lit permalink
    27 February 2011 6:57 pm

    ဒီပို့စ်ကို ဖတ်ပီး သညာသိအပြင် အကြောင်းအချက်လဲ ရပြီးသကာလ နားလည်သဘောပေါက်သွားပါတယ်။ နောက်နောင်လဲ နားလည်သဘောပေါက်တဲ့ အဆင့်မှသည် ခွဲခြမ်းစိတ်ဖြာတတ်တဲ့ အဆင့်အထိ တက်လှမ်းနိုင်အောင် ကြိုးစားပါ့မယ်။ ကျေးဇူးတင်ပါတယ် ဆရာ

  3. 6 March 2011 4:22 pm

    ဆရာ ပိုစ့် (နောလေ့(ခ်ျ)သည် ပါဝါမဟုတ်တော့ပါ)ကို ကျွန်တော့ဆိုက်မှာ ပြန်ရှယ်လိုက်မယ်ဆရာ ခွင့်ပြုပါလို့ ….

  4. 21 March 2011 1:45 pm

    သူငယ်ချင်းတွေ ကို forward မေးအဖြစ် ပို့ခွင့်ပြုပါဆြာ၊ ဆြာ့ ပို့စ် ဆိုတာ သိအောင် ဆြာ့နာမည်ပါ ထည့်ပေးမှာပါ ၊

  5. 24 March 2011 11:20 am

    Knowledge is power.ကတော့ ခေတ်နောက်ကျခဲ့တာ သေချာပါတယ် ဆရာ ။ ဒါပေမယ့် Knowledge ကို များသထက်များအောင် ရှာဖွေ စုစည်း ဆင်ခြင်နိုင်လေ ပိုကောင်းလေလို့တော့ ထင်ပါတယ် ။ ရှုပ်ပါစေ ။ ဆင်ခြင်သိနဲ့ ရှင်းမှာ ဖြစ်တော့ များများကို အခြေခံထားရင် ပိုကောင်းနိုင်တာမို့ Knowledge ရရာ ရကြောင်းတွေကလည်း အရေးပါနေတာ ဖြစ်မယ်လို့ ယူဆမိပါတယ် ခင်ဗျား …

  6. Htet Aung permalink
    6 June 2011 3:28 pm

    ဆရာ၊ ဖေ့စ်ဘွတ်ခ် က ကျွန်တော့် page မှာ share ခွင့်ပြုပါဆရာ။

  7. 21 June 2011 5:15 am

    ကျမဆိုက်ဒ်တွင် ဝေမျှခွင့်ပေးပါဆရာ။

  8. 30 March 2012 4:09 am

    အရမ်းကောင်းတယ် ဗျာ…..အခုလိုရှင်းပြပေးတဲ.အတွက်ကျေးဇူးပါ……

Trackbacks

  1. Knowledge is Power! Yes, it is. : Lionslayer: The Legend

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: