Skip to content

“အိပ်မက်အတူ မက်ကြစို့”နှင့် စပ်လျဉ်း၍…

20 March 2011

ကျွန်တော့်ရဲ့ “အိပ်မက်အတူ မက်ကြစို့ မနက်မလင်းခင်” ဆိုတဲ့ တစ်ပုဒ်တည်းသော ပင်ကိုရေး ၀တ္ထုရှည် (လုံးချင်း)ကို ထုတ်ဝေမယ်လုပ်တော့ ကျွန်တော့်အစ်ကိုရင်းပမာ ရင်းနှီးနေတဲ့ ဆရာမောင်ဝဏ္ဏ (စာရေးဆရာ၊ ဒါရိုက်တာ)ကို အမှာစာ ရေးပေးဖို့ ပူဆာခဲ့ပါတယ်။ အစ်ကို ကျွန်တော့်ကို အမှာစာမဟုတ်ဘဲ မှတ်ချက် ရေးပေးခဲ့ပါတယ်။  ဒါနဲ့ ၂၀၀၇ စက်တင်ဘာလမှာ စာအုပ်ထွက်တော့ အစ်ကို့ မှတ်ချက်နဲ့ ထွက်လာပါတယ်။

အစ်ကို မကွယ်လွန်ခင် နှစ်နှစ်လောက်မှာ ကျွန်တော့်ကို အစ်ကိုက ဆရာ မြတ်သစ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဆရာမြတ်သစ်က မော်ဒန်ဝတ္ထုများကို ရေးသားလေ့ ရှိတဲ့ စာရေးဆရာတစ်ဦးဖြစ်သလို စာဖတ်လည်း အလွန်နှံ့တဲ့အပြင် မော်ဒန်နဲ့ ပို့(စ်)မော်ဒန် စာပေ သဘောတရားများကိုလည်း ထုံးလိုချေ ရေလိုနှောက်နိုင်သူ တစ်ယောက်ဖြစ်မှန်း တဖြည်းဖြည်း ရိပ်စားလာမိခဲ့ရပါတယ်။

ဒါနဲ့ စာအုပ် ထွက်အပြီး လေးနှစ်နီးပါးအကြာ ၂၀၁၁ ခုနှစ် မတ်လ ၅ ရက်နေ့မှာ ကျွန်တော့် ၀တ္ထုကို ဆရာမြတ်သစ်ကို လက်ဆောင်ပေးပြီး တစ်ခုခု ရေးပေးဖို့ ပူဆာမိရပြန်တယ်။ ဆရာက အောက်ပါအတိုင်း မှတ်ချက်တိုလေးတစ်ခု ရေးပေးခဲ့ပြီး ကျွန်တော့်ကို မတ်လ ၁၉ ရက်နေ့မှာ ပြန်ပေးပါတယ်။

အဲဒီ့ စာအုပ်ကို ဖတ်ပြီးသူများအတွက် စဉ်းစားစရာလေးတွေ ဖြစ်နေပါလိမ့်မယ်။ မဖတ်ရသေးသူများအတွက်ဆိုရင်တော့ “ကြော်ငြာ”လို့သာ ယူဆပါတော့ ခင်ဗျား။

ဆရာမြတ်သစ်ရဲ့ မှတ်ချက်

နှစ်ခေါက်ဖတ်တယ်။

(၁) မောင်ဝဏ္ဏနဲ့ သဘောမတူဘူး။ ရေးဟန်က ကိုငြိမ်းကျော်နဲ့ ပိုတူတယ်။ တချို့နေရာတွေမှာ ဆရာသိန်းသန်းထွန်း ဆန်တယ်။

(၂) ဇာတ်ကောင် စရိုက်က – ညိုနဲ့ နေနိုင်က ၀တ္ထုမဆန်ဘူး၊ လူငယ်စရိုက် ပီပြင်တယ်။

(၃) မမနဲ့ နေနိုင်ကတော့ ၀တ္ထုဆန်တယ်၊ လူတွေနဲ့ မတူဘူး။ (တူလို့လည်း မရဘူး။)

(၄) ၀င်းဦးရဲ့ “မိန်းမလှ အမုန်း”နဲ့ ဘယ်လိုမှ မပတ်သက်ဘူး။

ဝတ္ထုပုံစံက မော်ဒန်နဲ့ ပို့(စ်)မော်ဒန် ကြားမှာ ရှိတယ်။ Post Freudian လို့ ပြောချင်တယ်။ မသိစိတ်နဲ့တင် Freud က ပြီးတယ်။ ပို့(စ်)မော်ဒန်မှာကတော့ အိပ်မက်ဟာ အိပ်မက်သီးသန့် မခေါ်နိုင်တော့ဘူး။

သည်ဝတ္ထုမှာ ပါနေတဲ့ Dream က မသိစိတ်ရဲ့ ဖြစ်စဉ်မဟုတ်ဘဲ reality မှာ ရှိနေတဲ့ sex နဲ့ love နှစ်ခု၊ ပေါင်းစည်းမှု၊ ကွဲပြားမှု ဖော်ပြနေတယ်။ ဘယ်ဟာ dream လဲ၊ ဘယ်ဟာ reality လဲဆိုတာ စာဖတ်သူက ကိုယ့်ဘာသာကိုယ် ရှာဖွေဖို့ပဲ။ (မမနဲ့ နေနိုင်ဟာ platonic love မဟုတ်ဘူး။ sex ပဲ။)

အခန်းခွဲထားတာတွေကို ပြန်ပြင်ကြည့်တယ်။ အဲဒါဆိုရင် ဖတ်သူ reader ဟာ ပို လွတ်လပ်သွားမလားပဲ။ နားလည်မှု ပိုရမယ် ထင်တယ်။

ဝတ္ထုကောင်းတစ်ပုဒ်ပဲ။ တက္ကသိုလ် ဘုန်းနိုင်တို့၊ ၀င်းဦးတို့ trend မျိုး မဟုတ်တာ သေချာတယ်။

မြတ်သစ်

၁၂း၀၀

၅-၃-၂၀၁၁ စနေနေ့

စာအုပ်ထုတ်ဝေစဉ်က စာအုပ်ထဲမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ ဆရာမောင်ဝဏ္ဏရဲ့ မှတ်ချက်ကို ပြန်လည် ဖတ်ရှုမှ ဆရာမြတ်သစ်ရဲ့ မှတ်ချက်ကို ဇာတ်ရည်လည်မှာမို့ ဆရာမောင်ဝဏ္ဏရဲ့ မှတ်ချက်ကို အောက်မှာ ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

ဆရာမောင်ဝဏ္ဏသာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် သည်ဝတ္ထုလေးအကြောင်း ငြင်းခုန်ဆွေးနွေးလို့ သိပ်ကောင်းမှာလို့ ဆရာမြတ်သစ်က ကျွန်တော့်လက်ထဲ သူ့မှတ်ချက်ကို ထည့်ပေးရင်း လွမ်းဆွတ်တသစွာ ပြောလိုက်ပါသေးတယ်။

ကျွန်တော်ကတော့ သည်ဝတ္ထုဟာ ကျွန်တော့်ရဲ့ “စမ်းသပ်မှုစစ်စစ်”ဖြစ်ကြောင်း စာအုပ်ထုတ်ဝေစဉ်က ရေးခဲ့တဲ့ ကျွန်တော့်အမှာစကားမှာ အတိအလင်း ရေးခဲ့ပါတယ်။ ကျွန်တော် ဘာကို စမ်းသပ်လိုက်တယ်ဆိုတာ ဆရာမောင်ဝဏ္ဏ သတိမထားမိခဲ့ပေမယ့် ဆရာမြတ်သစ်ကတော့ ကျကျနန မြင်လိုက်တယ်လို့ ခံစားမိရပါတယ်။ မှတ်ချက်ကို တခုတ်တရ ရေးပေးခဲ့ရုံမက ကျွန်တော့်စာအုပ်ထဲမှာပါ ကွင်းစ ကွင်းပိတ်တွေ၊ အမှတ်အသားတွေ၊ အောက်မျဉ်းသားထားတွေနဲ့အတူ မှတ်ချက်တိုလေးများကို စေတနာ အပြည့်အ၀နဲ့ ရေးသားပေးခဲ့တဲ့ ဆရာမြတ်သစ်ကို ဂါရ၀တရားနဲ့ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ချင်ပါတယ်။

တစ်ဆက်တည်းမှာပဲ ကျွန်တော့်အနွံအတာကို ခံကာ ကျွန်တော့်စာအုပ်ကို မဖတ်ချင်လှပေမယ့် အစအဆုံး အောင့်ဖတ်ပေးသွားခဲ့ရုံမက မှတ်ချက်လေးပါ ရေးပေးသွားခဲ့တဲ့ ဆရာမောင်ဝဏ္ဏသည်လည်း ကောင်းမြတ်ရာ ဘုံဘ၀မှာ ကျင်လည်နိုင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ် ခင်ဗျား။

စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ၏ မှတ်ချက်

ဤမှတ်ချက်ကို ရေးရာမှာ ATK (ခေါ်) အတ္တကျော် (ခေါ်) ဆူဒိုနင်အား ချစ်ခင် ရင်းနှီးမှုကို ခေတ္တ ချောင်ထိုးထားပြီး ရေးပါတယ်။

“အိပ်မက်အတူ မက်ကြစို့ မနက်မလင်းခင်”ဆိုတဲ့ ဝတ္ထုကို ဖတ်ရင်းနဲ့ ကျွန်တော် ပထမဆုံး သတိရတာက အစ်ကို ကိုဝင်းဦးပါပဲ။ ရုပ်ရှင်မင်းသား၊ စာရေးဆရာ “ဝင်းဦး”ဟာ အဲသလို သဘော၊ အဲသလို ပုံစံမျိုးတွေ ရေးတတ်ပါတယ်။ အရှင်းဆုံး ဥပမာပြရရင် “ဆောင်းအိပ်မက်”ရုပ်ရှင်ပါပဲ။ မှီးထားတာ စသဖြင့် ပြောချင် ပြောလို့ ရပေမယ့် (ဦး)ဝင်းဦးရဲ့ စိတ်အခြေအနေဟာ အဲဒီ ရုပ်ရှင်မှာ ပေါ်နေပါတယ်။

နောက်ဆရာကြီးတစ်ဦးက ဆရာ “တက္ကသိုလ် ဘုန်းနိုင်”ပါ။ စိတ်ပညာနဲ့ နွယ်တဲ့ ဝတ္ထုတွေ ရေးခဲ့ပါတယ်။

တစ်ပြိုင်နက်တည်းမှာ ဆရာကြီးရွှေဥဒေါင်းရဲ့ “ရူပနန္ဒီ”လို ဝတ္ထုတွေကို သတိရမိပါတယ်။

ကျွန်တော့်စိတ်ထင်တော့ အတ္တကျော်ကို အဲဒီ့ဆရာကြီးတွေက လွှမ်းမိုးထားတာ ခံခဲ့ရလို့ သည်လို ဝတ္ထုမျိုး ရေးတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဆရာကြီး ဦးသိန်းဖေမြင့်စကားနဲ့ “ပွင့်ပွင့်လင်းလင်း ပြောပါရစေ။” “ဆရာကြီးတက္ကသိုလ် ဘုန်းနိုင်”နဲ့ ဆရာ“ဝင်းဦး”တို့ရဲ့ ခြေဖျားကိုတောင် အတ္တကျော်ခမျာ မမီရှာပါဘူး။ ကျွန်တော့်အသက်အရွယ်ကြောင့် ခေတ်ပေါ်ခံစားမှုကို မျက်ခြေပြတ်နေတာလည်း ဖြစ်နိုင်ရဲ့။

အတ္တကျော်ရဲ့ စာသားတချို့ကိုတော့ ကြိုက်မိပါရဲ့။

“လူတစ်ယောက်ဟာ မိန်းမသားနှစ်ဦးကို တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ချစ်နေနိုင်သလား”တဲ့။ ဒါပေမယ့် ယောက်ျားမှ လူလား။ မိန်းမက လူမဟုတ်ဘူးလား။ “ယောက်ျားတစ်ယောက်ဟာ မိန်းမသား နှစ်ဦးကို…”လို့ ရေးရင် ပို သင့်လျော်လေမလား။

“အချစ်ဆိုသည်မှာ ဇွတ်အတင်း ဖျောက်ဖျက်ပစ်လို့ မရနိုင်သလို အတင်း ဖန်တီးယူလို့လည်း ရတတ်စကောင်းသော အရာမျိုးမှ မဟုတ်တာကပဲ”

အတ္တကျော်ရဲ့ စာသားပါပဲ။ ကျွန်တော့်မှာလည်း အဲသလိုအဖြစ်မျိုး ရှိနေလေတော့ အဲဒီစာသားကို ခွကျကျနဲ့ ကြိုက်လိုက်ရပြန်ပါတယ်။

အတ္တကျော်ရဲ့ “အိပ်မက်အတူ မက်ကြစို့ မနက်မလင်းခင်”ဝတ္ထုကို ကျွန်တော် ကြိုးစားဖတ်ရပါတယ်။ ဝတ္ထုတိုတွေသာ အဖတ်များနေတဲ့ အချိန်မို့ ကြိုးစား ဖတ်ရတယ်လို့ ပြောတာပါ။

သည်ဝတ္ထုမှာ အပိုင်း သုံးပိုင်း ပါပါတယ်။ ပထမပိုင်းက “ခံစား မှုဝေစုယူ။” ဒါ အပျိုးပါပဲ။ အပိုင်း (၂)က “အတူစက်ပါလှည့် မောင့်ချစ်သက်သခင်။”

ကျွန်တော် အီစလံဝေအောင် ခံစားလိုက်ရတာက အပိုင်း (၁) နောက်ဆုံးနား ရှမ်းပြည်နယ်ရောက်သွားတဲ့ နေရာက စပြီး နောက်… အပိုင်း (၂)ပါပဲ။

ကျွန်တော့်မှာလည်း အိပ်မက်ထဲက ချစ်သူရှိသဗျ။ အဲ… ဘယ်သူမှန်း မသိဘဲ မက်တာ မဟုတ်ပါဘူး။ “သိလျက်နှင့်ပင် ဝိပါက် ကြမ္မာငင်”ပြီး မက်ခဲ့တဲ့ အိပ်မက်တွေပါ။ ကျွန်တော့် “သူ”နဲ့ ပြန်တွေ့ရတယ်။ ရင်နင့်အောင် ခံစားရတယ်။

အဲသလို တိုက်ဆိုင်တော့ အဲဒီ့အခန်းတွေထဲက “အတူစက်ပါလှည့်…” က ကျွန်တော့် နှလုံးသားကို ဆွဲခါပစ်လိုက်တယ်။ ကျွန်တော့်မှာတော့ မနက် လင်းတော့မယ်။

အပိုင်း (၃) “အိပ်မက်အတူမက်ကြစို့…”ကတော့ အတ္တကျော် ကိုယ်တိုင် မဖြေရှင်းနိုင်တော့လို့ “မောင့်မမ”ကို ဘယ်နားမှန်း မသိအောင် ပို့ပစ်လိုက်တယ်လို့ ထင်ပါရဲ့။ အတ္တကျော်ကိုသာ ပြောနေတာ ကျွန်တော်ကိုယ်တိုင် ဝတ္ထုရေးလို့ အဆုံးသတ် ပြဿနာ ရှင်းရတဲ့အခါ တော်စွလျော်စွတွေ ကြံဖန်ရှင်းပစ်ခဲ့ တာတွေ ရှိပါရဲ့။ သိပ်မထူးလှပါဘူး။

အတ္တကျော်ကတော့ လှလှပပလေး ရှင်းသွားတယ်။ အိပ်မက်တွေထဲမှာ မောင်နဲ့ မမ ညားကြလေသတည်းပေါ့။ အပြင်မှာလည်း “ညို”နဲ့ ညားကြလေသတည်းပေါ့။ သိပ်ဟုတ်တာပဲ။

ကျွန်တော့် မှတ်ချက်ကို အဆုံးသတ်ပါရစေ။

အတ္တကျော်ဟာ ဖတ်ကောင်းအောင်တော့ ရေးတတ်ပါရဲ့။ ဝတ္ထုတစ်ပုဒ်ကို ဖတ်ပြီးတဲ့အခါ စာဖတ်သူမှာ ဝေဒနာတစ်ခု ကျန်ခဲ့ဖို့ လိုပါတယ်။

ဆရာမင်းကျော်ရဲ့ စကားနဲ့ ပြောရရင် “စာရေးသူရဲ့ ဝတ္ထုအဆုံးသတ်ဟာ စာဖတ်သူအတွက် အစ ဖြစ်ရမယ်”တဲ့။

အတ္တကျော်ပေးတဲ့ တာဝန်အရ ဝတ္ထုကို အစအဆုံး ဖတ်နေရပေမယ့် ကျွန်တော့်အတွက်တော့ အိပ်မက်မက်တဲ့အခန်းတွေဟာ ဖတ်လို့ကောင်းပြီး ရှမ်းပြည်နယ်ကိုရောက်၊ အိပ်မက်ထဲက “မောင့်မမ”နဲ့ စတွေ့တဲ့အခါ အဲဒီ့ဝတ္ထုကို ကျွန်တော် ဖတ်လို့ ပြီးသွားပြီလို့ ယူဆလိုက်ပါတယ်။

ကျန်တာတွေကို သိပ် စိတ်မဝင်စားနိုင်တော့ပါဘူး။

စာဖတ်သူ ကျွန်တော့်ရဲ့ “အစ”ဟာ မမကို “မောင်”တွေ့လိုက်ရတဲ့အခါ၊ မမက မောင့်ကို တွေ့လိုက်ရတဲ့အခါမှာ ကျွန်တော့်ဘာသာ ဇာတ်လမ်းဆက်ပြီး ခံစားနေမိပါတယ်။

သည်ဝတ္ထုမှာ ယုတ္တိရှိ၊ မရှိဆိုတာကို ထည့်စဉ်းစားဖို့ မလိုပါဘူး။ ယုတ္တိသိပ် ရှိနေရင် ဝတ္ထုနဲ့ မတူတော့ပါဘူး။ တကယ်တမ်း ပြောကြကြေးဆိုရင်လည်း လောကကြီးဟာ ယုတ္တိနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ တကယ့် အဖြစ်အပျက်တွေမှာ ယုတ္တိမရှိပါဘူး။

ဝတ္ထုမှာ ယုတ္တိရှိအောင် ကြံဖန်နေရတာ ဝတ္ထုရေးသူအတွက် ကြီးကျယ်တဲ့ အနှောင့်အယှက်ပါပဲ။

ဝတ္ထုရေးတဲ့အခါ ယုတ္တိရှိ၊ မရှိကို သိပ်မစဉ်းစားဘဲ ကိုယ်ပြောပြချင်တဲ့ ပုံပြင်ကလေးတစ်ပုဒ်ကို ပြောပြလိုက်ရုံပါပဲ။ ပုံပြင်တိုင်းမှာ နီတိ (မှတ်သားဖွယ်) လေး ပါရပါလိမ့်မယ်။

အတ္တကျော်ရေးတဲ့ “အိပ်မက်အတူ မက်ကြစို့ မနက်မလင်းခင်” ဝတ္ထုကို ကြိုက်တဲ့နေရာမှာ ရပ်ပြီး ကိုယ့်ဘာသာ ခံစားကြည့်စေချင်ပါတယ်။

အတ္တကျော်က စိတ်ပညာ ဒီပလိုမာလည်း တက်ဖူးတော့ စိတ်ပညာဆန်နေပါတယ်။ တစ်နည်းအားဖြင့် စိတ္တဇဆန်နေပါတယ်။ စိတ္တဇဆိုတာက “စိတ်ကြောင့်ဖြစ်သော”လို့ အဘိဓာန်မှာ ဖွင့်ထားပါတယ်။

ဝတ္ထုဆိုတာ ခံစားဖို့ပါပဲ။ ပညာပေး(သုတ)စာမျိုး မဟုတ်ပါဘူး။ စာဖတ်သူ အတွက် ဝေဒနာလေးတစ်ခု ခံစားလိုက်ရတယ်ဆိုရင် ပြီးပါပြီ။ ခံစားရတဲ့ ဝေဒနာကနေ သိမ်မွေ့နူးညံ့တဲ့ စိတ်အနေအထားလေး ရမယ်ဆိုရင် ဝတ္ထုရေး ဆရာ တာဝန်ကျေပါတယ်။ သိုင်းဝတ္ထုတွေမှာတောင် မတရားမှုကို စက်ဆုပ်ရွံရှာတဲ့ ခံစားမှု ပေးစွမ်းနိုင်ပါတယ်။

“အိပ်မက်အတူ မက်ကြစို့ မနက်မလင်းခင်”ဝတ္ထုကို နှစ်သက်သလို ခံစားကြည့်ပါ။ မနှစ်သက်ရင်လည်း မကြိုက်နဲ့ပေါ့ဗျာ။ အရှင်းကြီးဥစ္စာ။

ကျွန်တော့်ကို မေးရင် “နည်းနည်းတော့ ကြိုက်တယ်။ အပြည့်အဝတော့ ခံစားလို့ မရဘူး”လို့ အားမနာဘဲ ပြောပါရစေ။

လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ ကြိုက်နှစ်သက်သူများ လွတ်လပ်စွာ ကြိုက်နှစ်သက်လိုက်ပါ။ မကြိုက်နှစ်သက်သူများ လွတ်လပ်စွာ မကြိုက်နှစ်သက်ပစ်လိုက်ပါ။

တချို့ဟာလေးတွေတော့ ကြိုက်သားဆိုလည်း ရပါတယ်။

စာဖတ်သူများကို ရိုသေလေးစားသော

မောင်ဝဏ္ဏ

ထပ်ဖြည့်ချင်တာလေး တစ်ခု ကျန်သေးတယ်ခင်ဗျ။ အခုမှ သတိရလို့။ သည်စာအုပ်နဲ့ ပတ်သက်ပြီး တကယ့် စာဖတ်ပရိသတ်စစ်စစ်က ရေးထားတဲ့ မှတ်ချက်လည်း Facebook ထဲမှာ ရှိနေပါတယ်။ မလေးမှာ အလုပ်လုပ်နေတဲ့ လူငယ်လေး “ကိုအောင်စိုး”က ရေးထားတာပါ။ အဲဒါလေးကိုလည်း သည်စာအုပ်နဲ့ “စပ်လျဉ်း၍”မှာ ထည့်သွင်း မှတ်တမ်းတင်ချင်ပါတယ်။

ဖတ်ပြီး ခံစားရလို့ ရေးမိတဲ့စာ

by Aung Soe on Wednesday, 16 February 2011 at 01:36

မြို့ထဲ မရောက်ဖြစ်တာကြာလို့ သည်နေ့ နားရက်မှာတော့ စာအုပ်ဝယ်ဖို့နဲ့ သူငယ်ချင်းကိုထွန်းကို အကြွေးဆပ်ရင်း သူ့ဆီမှာနည်းနည်းပါးပါးသောက်ဖို့ မြို့ထဲကို ထွက်ခဲ့ဖြစ်ပါတယ်။ အဓိက ဝယ်ချင်တာကတော့ ဆရာ တာရာမင်းဝေရဲ့ ဝတ္ထုစာအုပ်လေးတွေပါ။ သူ့စာအုပ်တွေ အကုန်နီးနီးဖတ်ဖူးပေမယ့် ကိုယ်ကြိုက်တဲ့ စာအုပ်တွေကို ဖတ်ပြီး စာဖတ်ဝါသနာပါတယ် ဆိုတဲ့ သူငယ်ချင်းတွေက ငှားတိုင်းပေးဖတ်တာနဲ့ ပြန်မရတော့ဘူး။ ကျွန်တော်ကတော့ ဖတ်ပြီးသားစာအုပ်ဆိုလည်း ထပ်တလဲလဲ ပြန်ဖတ်တတ်တဲ့ အကျင့်ရှိတယ်။ ဖတ်ပြီးသားကို ပြန်ဖတ်ရတာလည်း အရသာတစ်မျိုးပဲလေ။

ပထမဆုံးတော့ သိဒ္ဓိဝင် ဆိုင်မှာ အရင်ဝင်ရှာတယ်။ လိုချင်တဲ့ စာအုပ်မရသေးခင် အမှတ်မထင် တွေ့မိတာကတော့ ဆရာအတ္တကျော်ရဲ့ စာအုပ်တွေပဲဗျ။ အရင်ကတော့ လိုက်ရှာဖူးတယ်။ ဘယ်လိုမှ ရှာလို့ မရတာနဲ့ မလေးကို ဆရာ့စာအုပ်တွေ မရောက်ဘူးဆိုပြီး လက်လျော့နေခဲ့တာ အခုတွေ့မယ့်တွေ့တော့လည်း ဆိုက်ဆိုက်မြိုက်မြိုက်ပဲ။ ကျွန်တော်လည်း ရေငတ်တုန်း ဘီယာခေါ်တိုက်တဲ့သူနဲ့ တွေ့သလို တော်တော်ဝမ်းသာမိသဗျ။ တော်တော်များတယ်ဗျ။ ခက်တာက ကိုယ်က မြို့ထဲထွက်ရင် ပါသမျှပိုက်ဆံ ကုန်တတ်တာမို့ ပိုက်ဆံကို အကန့်အသတ်နဲ့ပဲ ယူလာခဲ့တော့ နှစ်အုပ်လောက်ပဲ ဝယ်လာခဲ့တယ်။ “အိပ်မက် အတူမက်ကြစို့ မနက်မလင်းခင်” ဆိုတဲ့စာအုပ်နဲ့ ဘာသာပြန်စာအုပ်လေးပါ။ တော်သေးတယ် စာအုပ်မို့လို့ ကော်ပီ အကူးမခံရတာ သီချင်းခွေသာဆိုလို့ကတော့ ငါ့ဆရာ မလေးက ဆိုင်တွေကို လုပ်ကျွေးသလိုဖြစ်မှ ။

တာရာမင်းဝေရဲ့ စာအုပ်တွေ မရသေးတာနဲ့ ဇေယျာဆိုင်ဘက်ကို ထွက်လာခဲ့တယ်။ အရင်ကတော့ ဇေယျာမှာ တွေ့နေကျ။ ဒါပေမယ့် ဒီနေ့တော့ မတွေ့မိဘူး။ မေးကြည့်တော့ ကုန်သွားပြီတဲ့။ အဲဒါနဲ့ လက်လျော့ပြီး စားသောက်ခန်း ဝင်ရတယ် ။ မုန့်ဟင်းခါးနဲ့ လဘက်ရည်သောက်ရင်း “အိပ်မက်အတူမက်ကြစို့ မနက်မလင်းခင်” ဆိုတဲ့စာအုပ်ကို ကောတ်ဖတ်နေမိတယ် ။ အရင်ကတော့ သူ့ဘလောဂ်ကို သွားတိုင်းတွေ့မိတယ်။ သူ့ခေါင်းစဉ်က အတွင်းသားကို မှန်းလို့မရတော့ ဘာမှန်းကို မသိတာ။ စဖတ်ဖတ်ချင်း စာရေးဆရာ၊ ဒါရိုက်တာ ဆရာမောင်ဝဏ္ဏရဲ့ မှတ်ချက်ကို အရင်ဖတ်မိတယ်။ သူကတော့ သူ့လူကို သူများတွေ ဆော်မှာစိုးလို့လား မသိဘူး။ ပယ်ပယ်နှယ်နှယ် ဝေဖန်ထားလေရဲ့။ နောက်ပြီး သူပြောထားတာက “နည်းနည်းတော့ ကြိုက်တယ်၊ အပြည့်အဝတော့ ခံစားလို့မရဘူး”တဲ့။ ကျွန်တော့် အထင်တော့ သူက ဒါရိုက်တာဆိုတော့ ရုပ်ရှင်ဇာတ်ကား အဖြစ် ပြောင်းလဲဖို့ မလွယ်လို့ ထင်ပါရဲ့။ သူ့ရဲ့ဝေဖန်ချက်ကို ဖတ်ရတော့ စာဖတ်သူ ကျွန်တော့်မှာ ရင်ထိတ်သွားတယ် ဘာတွေများ ဖြစ်နေလို့လဲပေါ့…။

 

အဲလို ဖတ်ကောင်းနေတုန်း ဆိုင်ရှင်က “စားပြီးသောက်ပြီးသော ပုဂ္ဂိုလ်များ နောက်လူကို ဦးစားပေးပါခများ” ဆိုတဲ့ ထအော်သံကြောင့် ထလစ်လာရတယ်။ သည်ဆိုင်က သည်အကျင့် ရှိတတ်လို့ သိပ်မထိုင်ဖြစ်တာကြာပြီ။ အခုက မလွှဲသာ မရှောင်သာလို့ ။ အဲဒါနဲ့ သူငယ်ချင်းစီသွားရင်း ကားပေါ်မှာ ဆက်ဖတ်တယ် ဘေးနားမှာ ဝင်ထိုင်တဲ့ တရုတ်မက ကျွန်တော်ဖတ်နေတဲ့ စာအုပ်ကို စောင်းငဲ့ကြည့်ပြီး…

“Humm… semua bulat bulat pnya’

အကုန်လုံး အဝိုင်းတွေချည်းပါလားလို့ မှတ်ချက်ချတယ် ။

ကျွန်တော်လည်း ပြုံးရုံပဲပြုံးပြီး ဘာမှ ပြန်မပြောဖြစ်ပါဘူး။ သည်လိုနဲ့ ကိုထွန်းဆီရောက်သွားတော့ တိုက်ပွဲကျင်းပပေမယ့် ကျွန်တော်က သောက်ရုံ သောက်ပြီး စကားဝိုင်းထဲ မဝင်ဖြစ်ဘူး။ ကျွန်တော်တို့ အိုသမားတွေ အဖို့တော့ အပန်းဖြေစရာဆိုလို့ အလုပ်နားရက်မှာ သူငယ်ချင်းတွေစုပြီး ၁၀ ပေ ပတ်လည် အခန်းကျဉ်းလေးထဲမှာ တခါးလုံအောင်ပိတ်ပြီး သီချင်းဖွင့်၊ ဘီယာသောက်ရင်း အတိတ်က ကြုံခဲ့ရတဲ့ ဒုက္ခတွေကို ဟာသလုပ်ရင်း အပန်းဖြေရတာ။ တစ်ခါတစ်လေတော့လည်း ပစ္စပ္ပန်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲလေးတွေကို ရင်ဖွင့်ရင်းပေါ့။ သူငယ်ချင်းတစ်ယောက်က သူ့မကျေနပ်ချက်ကို ဟာသလေးနှောပြီး… “ငါမလေးမှာ ပန်းကန်ဆေးနေရလို့ အထင်မသေးနဲ့ကွ။ ငါက မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးသား” လို့ဖေါက်တော့ နောက်တစ်ယောက်ကလည်း သံဝေဂ ရတဲ့အသံလေးနဲ့ “အေးကွာ ဘဝကလည်း လုပ်သမျှ မဖြစ်တော့ အနာဂါတ်ကိုလည်း ကြိုတွေးပြီး သိပ်မပူချင်တော့ဘူး။ လက်ရှိအချိန်မှာ ပျော်အောင်နေပြီး အိမ်ကို လစဉ် ထောက်ပံ့နေနိုင်ရင် တော်ပါပြီ”လို့ ရင်ဖွင့်တယ် ။

 အခါတိုင်းဆိုရင် စကားသွက်သွက်ပြောပြီး စကားဝိုင်းကို ဦးဆောင်တတ်တဲ့ ကျွန်တော်ကတော့ စာအုပ်ဖတ်နေတာ အရှိန်မသေသေးလို့ စကားဝိုင်းထဲ မဝင်ဖြစ်သေးဘဲ စာအုပ်ကိုပဲ တကိုင်ကိုင် လုပ်နေတယ် ။ အဲဒါကိုစိတ်မရှည်တဲ့ ကိုထွန်းက… “ချထားစမ်းပါကွာ မင်းစာအုပ်က ဘာစာအုပ်မို့လဲ”လို့ ခပ်ငေါက်ငေါက်လေးဆိုပြီး စာအုပ်ကိုဆွဲယူတယ်။

“သြော်… အတ္တကျော်ပါလား။ ငါလည်း နည်းနည်းပါးပါး ဖတ်ဖူးတယ်ကွ” ဆိုပြီး စာအုပ်ကိုဆွဲလှန်တယ်။

“အော်… ဆူဒိုနင်ဆိုတာက အတ္တကျော်နဲ့ အတူတူပဲလား။ ဆူဒိုနင် နာမည်နဲ့ စာအုပ်တော့ တော်တော်များများဖတ်ဖူးတယ်ကွတဲ့။ ထားခဲ့ကွာ သည်စာအုပ် နောက်မှပြန်ယူ”တဲ့။

ဘာတွေဖတ်ဖူးလဲတော့ မသိဘူး။

“မရဘူး။ ငါလည်း ပြီးအောင် မဖတ်ရသေးဘူး။ မင်းဖတ်ချင်ရင် သည်စာအုပ် ယူထားလိုက်…”ဆိုပြီး တခြား ဘာသာပြန်စာအုပ်ကို ပေးထားခဲ့ရတယ်။

သူငယ်ချင်းပေမယ့် ဘီယာသာ မျှသောက်မယ်၊ မပြီးသေးတဲ့စာအုပ်တော့ ပေးမဖတ်နိုင်ဘူး။ ဒါပေမယ့် ဆက်မဖတ်ဖြစ်ဘဲ သူတို့နဲ့ပဲ စကားပြောနေဖြစ်လိုက်တယ်။

သူတို့ဆီက အပြန်ခရီးမှာတော့ စာဖတ်နိုင်တော့ဘူး။ ကျွန်တော်က ကျားနှစ်ကောင်လောက်ပဲ ဆွဲပြီး တိုက်ပွဲဝင်ပေမယ့် သူတို့က 13.8 အယ်လ်ကိုဟော ပါတဲ့ ဘီယာနဲ့ ပြန်ဆော်တော့ သူတို့ရဲ့ တိုက်ကွတ်တွေအောက်မှာ ကျွန်တော် အလူးအလဲနဲ့ မူးပြဲသွားရတယ်။ ကားပေါ်မှာ ခေါင်းတောင် မထောင်နိုင်ဘဲ အိပ်ပြီး ပြန်လာရတယ်။

အခန်းရောက်လို့ ရေချိုးပြီး နေသာထိုင်သာ ရှိတော့မှ စာအုပ်ကို ဆက်ဖတ်ဖြစ်တယ်။ ကျွန်တော့် အကျင့်အတိုင်းပဲ တစ်ခါထဲပြီးတဲ့အထိပေါ့။

စာအုပ်လည်းဖတ်လို့ဖတ်လို့ပြီးရော ရင်ထဲမှာ တစ်မျိုးကြီးဖြစ်ကျန်နေခဲ့တယ်ဗျ။ ဆရာကတော့ ပြုစားလိုက်ပြီ။ ရင်ထဲမှာ မကောင်းဘူးဗျာ…။

ဆရာမောင်ဝဏ္ဏကတော့ နည်းနည်းပဲ ကြိုက်တယ် ဆိုပေမယ့် ကျွန်တော်ကတော့ များများကြီး ကြိုက်ပါတယ်။ နောက်လည်း ထပ်ခါ ထပ်ခါ ဖတ်မိနေဦးမှာပါ ။ ဒါပေမယ့် ဖတ်ရမှာတော့ ကြောက်နေမိတယ်။ ဝေဒနာ မခံစားချင်လို့ပါဗျာ…။

 

အခုဝတ္ထုလိုမျိုး အဖြစ်အပျက်ကို စိတ်နယ်လွန်ဆန်ဆန် ရေးထားတယ်ဆိုပေမယ့် အပြင်မှာ သည့်ထက် ထူးဆန်းတာတွေလည်း ဖြစ်တတ်ပါတယ်။

ဘာသာပြန်ဝတ္ထုတိုတစ်ပုဒ် ဖတ်ဖူးတယ်ဗျ။ အမေရိကန်က သားအမိနှစ်ယောက်ရဲ့ အဖြစ်အပျက်လေးပေါ့။ သူ့သား အိမ်ကနေ ပျောက်သွားလို့ မိခင်က လိုက်ရှာတာ၊ သားက အဆက်အသွယ်လည်း မလုပ်တော့ ဘယ်ကိုသွားရှာလို့ ရှာရမှန်း မသိပေမယ့် သူ့စိတ်ထဲမှာ သူ့သားဟာ ကမ္ဘာ့အရှေ့တောင်ဘက်မှာ ရှိနေတယ်ဆိုတဲ့ အသိက ရှိနေတယ်။ အဲဒါနဲ့သူ ဩစတေးလျဘက်ကို ထွက်လာတာ၊ ဖြစ်ချင်တော့ လမ်းမှာ သင်္ဘောပျက်လို့ နှစ်ခါတောင် ပြောင်းစီးရတယ်။ သူကလည်း နေမကောင်းဖြစ်လို့ သေမလို ဖြစ်နေပြီ။ နောက်ဆုံးစီးတဲ့ သင်္ဘောကလည်း ထပ်ပျက်လို့ ပင်လယ်ထဲမှာ မျောနေတုန်း ဩစတေးလျ ရေတပ် စစ်သင်္ဘောက လာကယ်ရာမှာ သူ့သားကိုပြန်တွေ့တယ်။ သူ့သားက ဩစတေးလျ ရေတပ်မှာ အလုပ်လုပ်နေတာတဲ့…။ အဲဒီတော့မှ သားကို တွေ့တဲ့ဇောနဲ့ ဝမ်းသာပြီး ကျန်းမာရေးကောင်းသွားသတဲ့ ။

နောက်တစ်ခုက အိပ်မက်ထဲကနေပြီး လက်တုန့်ပြန်တဲ့ ဝတ္ထုလည်းဖတ်ဖူးတယ်။ အင်္ဂလန်က လွှတ်တော်အမတ် နှစ်ယောက်အကြောင်းပေါ့။ တစ်ယောက်က အိပ်မက် မက်ပြီး အိပ်မက်ထဲမှာ သူ့ရန်ဘက်ကို ရိုက်လိုက်တယ်ဆိုရင် သူ့ရန်ဘက်က အပြင်မှာ တကယ်နာနေတတ်တာမျိုးပေါ့။ နောက်တော့ သူတို့နှစ်ယောက် အိပ်မက်ထဲမှာပဲ လက်တုန့်ပြန်ရင်းနဲ့ နှစ်ယောက်စလုံး ဘာရောဂါမှ မယ်မယ်ရရ မဖြစ်ပဲနဲ့ ရုတ်တရက် သေသွားခဲ့တယ်။

နောက်တစ်ခုက အိပ်မက်ထဲက ချစ်သူအကြောင်း ဆရာမင်းသိင်္ခ ရေးတာလည်း ဖတ်ဖူးတယ်ဗျ။ ၂၀၀၁ ရန်ကုန်မှာ နေတုန်းကပေါ့။ ဂျာနယ်မှာ အခန်းဆက် အဖြစ်ရေးခဲ့တာ။ နာမည်ကတော့ “မောင့်ညိုချော”တဲ့။ မောင်မောင် ငယ်စဉ်ကတည်းက မက်ခဲ့တာ အရွယ်ရောက်တဲ့အထိပေါ့။ နောက်ဆုံး အပြင်မှာ တွေ့မယ့် တွေ့တော့ သူ့သူငယ်ချင်းလှဖေရဲ့ မိန်းမအဖြစ်နဲ့ တွေ့ရသတဲ့။ ကျွန်တော် အဲဒီတုန်းကလည်း တော်တော် ခံစားခဲ့ရဖူးတယ် ။

အခုလည်း ဆရာရေးတဲ့ စာအုပ်ဖတ်ပြီး ခံစားနေရပြန်ပြီဗျာ။ ဆရာဝန်မ နွေးနွေးထွေးကို သနားလိုက်တာ။

ဖြစ်နိုင်ရင် ကျွန်တော်လည်း အဲလိုအိပ်မက်မျိုးတော့ မက်ချင်သားဗျ။ တခြားတော့ ဟုတ်ပါဘူး၊ လက်စွပ် အတုဝတ်ပြီး ဆွဲကြိုးနဲ့ လဲချင်လို့ပါ…။

ကျွန်တော်ကတော့ဗျာ ဆရာ့ဝတ္ထုထဲက နန်းခမ်းလင်းလိုပါပဲ….

(ကိုအောင်စိုးရဲ့ မူရင်းကို http://www.facebook.com/note.php?note_id=184412821594455&comments မှာ ဖတ်နိုင်ကြပါလိမ့်မယ်။)

Advertisements
4 Comments leave one →
  1. 21 March 2011 1:08 pm

    စာအုပ်ကိုတော့ အတော်စိတ်ဝင်စားနေမိပီ ။ ၀ယ်ဖတ် အုံးမှ

    • lettwebaw permalink*
      21 March 2011 1:21 pm

      ကျေးဇူးတင်ပါတယ်။ ၀ယ်ဖတ်ပြီးတဲ့နောက် ဖတ်ပြီး ခံစားရတာလေးကို ပွင့်ပွင့်လင်းလင်း မကျဉ်းမကျယ်လေး ရေးပေးမယ်ဆိုရင် မေတ္တာလက်ဆောင် စာအုပ်တစ်အုပ် ပေးဦးမယ်ဗျာ။ ဘယ်လို သဘောရတုံး။ 🙂

      • 11 April 2011 2:52 pm

        ဆြာ့ဆီက စာအုပ်မေတ္တာ လက်ဆောင်ရလို့ကတော့ အတိုင်းထက်အလွန်ပျော်တာပေါ့ဆြာရ ၊ အော် MRTV 4 ကလွှင့်တဲ့ Sunday talk မှာ ဆြာ့တို့ဆွေးနွေးတာကို အားပေးခဲ့တယ်နော်၊ Sunday Talk ကို အရင်တုန်း ကကြည့်ရကောင်းမှန်း မသိလို့ကျော်ကျော် သွားတာ ကိုယ့်ဆြာ မျက်နှာကို ဘွားခနဲတွေ့ လိုက်မှ အားပေးရကောင်းမှန်းသိတော့တယ်၊အဟီး ၊ တခြား ဆြာတွေ ကို ပြန်မပြောနှင့်နော်၊ ပုဂ္ဂိုလ်ခင်တော့လဲ တရားမင်တာပေါ့ လေ ၊

  2.ွှDawThanThanNu permalink
    21 March 2011 9:43 pm

    I’m excited to peep into your web, but I was not favoured to devour the whole lot because of the different fonts. Then I just read by guessing the words. Maybe Zawgyi font used in my software is the problem. It needs checking. But it’s OK while using on FB line.

    The same thing happened this morning when surfing the net to find dimplemit.wordpress.com. She wrote some Buddha ‘s ways of meditation on line.

    Thanks all the same, Saya. By the way I would like to confess that I was not aware that you are Pseudonym. Please accept my respect.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: