တီကောင်နဲ့ လိပ်ပြာ

ဆရာတော်တစ်ပါးရဲ့ စာအုပ်အသစ်တစ်အုပ် ထွက်လာပါတယ်။

ဘာစာအုပ်၊ ဘယ်ဆရာတော်ဆိုတာကို ညွှန်းဆို ဖော်ပြလိုက်ချင်လှပေမယ့် ဆရာတော် ကိုယ်တိုင်က ကျွန်တော့်ကို စာနဲ့ပေနဲ့ အတိအလင်း တားမြစ်ထားတာမို့ မဖော်ပြနိုင်တော့ပါဘူး။

စကားစပ်လို့ပြောရရင် ဆရာတော့်စာတွေ၊ မိန့်ကြားချက်တွေကို ကျွန်တော့်ရဲ့ဗီဒီယိုဇာတ်ညွှန်းတစ်ပုဒ်မှာ လှိုင်လှိုင်ကြီး ထည့်သွင်း အသုံးပြုခဲ့မိပါတယ်။ ဇာတ်ကား ရိုက်ကူးပြီးတဲ့နောက် ဆရာတော့်ထံ ခွင့်ပြုချက် တောင်းခံရာမှာ ဆရာတော်က သူ့စာတွေ၊ သူ့မိန့်ကြားချက်တွေ ကိုးကား သုံးစွဲတာကို လုံးဝ မကန့်ကွက်သော်လည်းပဲ ဆရာတော့်နာမည်ကို ရည်ညွှန်း အသုံးပြုခွင့်ကိုတော့ လုံးဝ မပေးကြောင်း ကျွန်တော့်ကို စာနဲ့ပေနဲ့ တိတိကျကျ မိန့်မှာတော်မူခဲ့ပါတယ်။

စကားကြုံလို့ ပြောရရင် ဆရာတော့်မိန့်ကြားချက်က မှတ်သားစရာ ကောင်းလှပါတယ်။

ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို အားပေးရာရောက်တဲ့ကိစ္စမျိုး ဖြစ်တာမို့ ဆရာတော့်ဘွဲ့တော်ကို ဘယ်လိုနည်းနဲ့မှ ရည်ညွှန်းခွင့် မပြုနိုင်ဘူးလို့ အတိအလင်း မိန့်ကြားတာပါ။ တရားပြန့်ပွားရေးအတွက် ဆရာတော့် တရားတွေ၊ စာတွေ၊ မိန့်ကြားချက်တွေကို ကောက်နုတ် အသုံးပြုတာကိုတော့ ခြွင်းချက်မရှိ ခွင့်ပေးတော်မူခဲ့ပါတယ်။

အခုလည်း ဆရာတော့်စာအုပ်သစ်ထဲမှာပါလာတဲ့ အကြောင်းအရာလေး တစ်ခုကို ဖတ်မိရာကနေ တွေးမိတဲ့အတွေးကို ရေးချင်လာရပြန်တဲ့အခါ တားမြစ်ချက်ကို ချက်ချင်း သတိရလိုက်မိခြင်းနဲ့အတူ ဆိုင်ရာစာအုပ်အမည်နဲ့ ဘွဲ့တော်များကို ညွှန်းဆို ဖော်ပြဖို့ အခက်အခဲတွေ့သွားရပါတော့တယ်။ သည်အတွက် စာဖတ်သူ လူကြီးမင်းများ အားလုံးကို ကျွန်တော်ကပဲ တောင်းပန်လိုက်ပါရစေ။

စာအုပ်ထဲမှာ ပါလာတာက ရောက်နေတဲ့ဘဝနဲ့ ရှုမြင်သုံးသပ်ပုံများ တည်မီနေပုံကို ဥပမာပေးလိုက်တာလေးတစ်ခုပါ။

တီကောင်လေးတစ်ကောင်နဲ့ လိပ်ပြာလေးတစ်ကောင်ရဲ့ အမြင်ဟာ တူနိုင်ပါ့မလားလို့ ဥပမာ တင်စားထားတဲ့ စာပိုဒ်လေးတွေကို ဖတ်မိရင်းက သည်ဆောင်းပါးကို ရေးချင်စိတ် ပေါ်လာရတာပါပဲ။

တီကောင်လေးတစ်ကောင်ရဲ့အမြင်အာရုံမှာ အလင်းနဲ့ အမှောင်ကို ရေးတေးတေးလေး၊ သိတယ်ဆိုရုံလောက်လေးပဲ သိပါတယ်။ အနံ့ကို မခံစားနိုင်၊ အရသာဆိုရင်လည်း မြေကြီးရဲ့ အရသာလောက်ကိုပဲ သိပါတယ်။ အမြင့်ဆိုတာလည်း တီကောင်အတွက် မြေကြီးအောက်ကို တိုးဝင်တဲ့ အမြင့်လောက်ပဲ သိတယ်။

အဲဒီ့တီကောင်လေးကို လိပ်ပြာလေးကသာ စကားပြောနိုင်ခဲ့မယ် ဆိုရင်ပေါ့၊ “ကြည့်လိုက်စမ်းပါကွာ၊ ပန်းကလေးတွေ လှလိုက်တာ”ဆိုတာမျိုးများ ပြောလာရင် တီကောင်လေးက “ဘာတွေ လာပြောနေတာလဲ၊ ပန်းဆိုတာ ဘာလဲ၊ ငါမသိဘူး”လို့ ပြန်ပြောတော့မှာပါ။ ပန်းဝတ်ရည်လေးတွေရဲ့ ချိုမြပုံကို ပြောပြော၊ ပန်းရနံ့လေးတွေရဲ့ထုံသင်းပုံကို ပြောပြော၊ အမြင့်က ကြည့်တဲ့အခါ မြင်လိုက်ရတဲ့ ဩကာသလောကကြီးရဲ့ သာမောတင့်တယ်မှုကိုပဲ ပြောပြော၊ တီကောင့်အတွက် ဘာအဓိပ္ပာယ်မှ ရေရေရာရာ မရှိတဲ့ အကြောင်းအရာတွေ ဖြစ်နေပါလိမ့်မယ်။

တီကောင့်ဘဝအနေအထား၊ တီကောင့်ဘဝ အဆင့်အတန်းအရ လိပ်ပြာလေး ပြောသမျှဟာ ဘယ်လိုမှ လက်ခံချင်စရာ ကောင်းနေတော့မှာ မဟုတ်ပါဘူး။

အလားတူပဲ၊ လိပ်ပြာလေးနဲ့ ငှက်ကလေးနဲ့ကျရင်ကော တူမလိုလိုနဲ့ ကွဲပြားနေမှာပါ။ လိပ်ပြာက သက်တမ်းမရှည်ဘူး၊ သူ့ထက်စာရင် ငှက်ကလေးတွေက သက်တမ်းရှည်ရှည် နေရတယ်။ သည်အခါမှာ ငှက်ကလေးတွေဟာ လိပ်ပြာလေးထက် ဘဝအတွေ့အကြုံတွေ ပိုလို့ ပြည့်စုံနေတော့မှာ အသေအချာပဲပေါ့။

သည်ကမှတစ်ဆင့် ကြောင်ကလေးတွေ၊ ခွေးကလေးတွေ၊ ဆင်ကြီးတွေအထိ ချဲ့ကား စဉ်းစားရင်းကနေ လူဆိုတာအထိ ရောက်လာတယ်။

လူတွေမှာလည်း လူတစ်ဦးစီရဲ့ ဘဝ အနေအထား၊ ဘဝ အဆင့်အတန်း ပေါ်လိုက်ပြီး ရှုမြင် သုံးသပ်မှုတွေက ကွာခြားနေတော့မှာ အသေအချာပါပဲ။ တစ်မအေတည်းက ပေါက်ပွား၊ တစ်ချိန်တည်းမှာ မွေး၊ တစ်ကျောင်းတည်းမှာ နေ၊ တစ်မြို့တည်းမှာ ကြီးပြင်းခဲ့သူချင်းပင် ဖြစ်လင့်ကစား မိမိရဲ့ဘဝ အနေအထား၊ ဘဝအဆင့်အတန်းရဲ့ အဓိက မောင်းနှင်အားဖြစ်တဲ့ အသိဉာဏ် အတိမ်အနက်ပေါ်လိုက်ပြီး ရှုမြင်သုံးသပ်ပုံတွေ ကွဲပြားနေတော့မှာပါ။

အနီးစပ်ဆုံး ဥပမာတစ်ခုကို ရေးပြပါရစေဦး။

တစ်နေ့က ဂျာနယ်ထုတ်ဝေသူတစ်ဦးနဲ့တွေ့ပါတယ်။  သူ့ဂျာနယ်က ဂျာနယ်လောကမှာ သံမဏိသက်တမ်း ရှည်ကြာလှပြီဖြစ်တဲ့ ဂျာနယ်ပါ။ အခု ပလူပျံနေတဲ့ ဂျာနယ်တွေ မပေါ်ခင် ပဝေသဏီ၊ ဆယ်စုနှစ်ပေါင်း ၃-၄-၅ခုလောက်ကတည်းက ထုတ်ဝေခဲ့တဲ့ ဂျာနယ် ဖြစ်ပါတယ်။

ကျွန်တော်နဲ့ သူနဲ့ ခင်နေခဲ့တာကလည်း နှစ်ပေါင်း ၂၀ကျော် အစိတ်လောက်တောင် ရှိခဲ့ပြီပေါ့။ တစ်နေ့က ဆုံဖြစ်တော့ “ဘယ့်နှယ့်လဲ၊ ရောင်းရေး ဝယ်တာ အဆင်ပြေပါရဲ့လား”ဆိုတဲ့စကားမျိုးနဲ့ ပဋိသန္ဓာရလိုက်မိသွားပါတယ်။

သူက ဂျာနယ်များ အရောင်းကျလာတဲ့အကြောင်းကို ပြောပါတယ်။ အဲသလို အရောင်းကျလာတာ ဘာဖြစ်လို့လဲလို့ မေးတော့ အခုထွက်နေတဲ့ ဂျာနယ်တချို့မှာ “စည်း” မရှိကြလို့ ဖြစ်ရတာလို့ ဆိုပါတယ်။ ကျွန်တော် သဘောမပေါက်လှတာနဲ့ သူ့ကို အကျယ် ရှင်းခိုင်းရပါတယ်။

သူပြောတော့လည်း ရှင်းရှင်းလေးပါ။ ဂျာနယ်တို့ရဲ့ “စည်း”ဆိုတာ ထွက်ရက်နဲ့ ပတ်သက်တဲ့ စည်းကို သူပြောနေတာပါ။ ဥပမာအားဖြင့် ကကြီး ဂျာနယ်က တနင်္လာနေ့မှာ ထွက်မယ်၊ ခကွေးဂျာနယ်က အင်္ဂါနေ့မှာ၊ ဂငယ်က ကြာသပတေး၊ ဃကြီးက သောကြာစသဖြင့် စတင် ထုတ်ဝေတဲ့ အချိန်ကတည်းက ဘယ်နေ့ ဘယ်ရက် ထွက်မယ်ဆိုတဲ့ ထွက်ရက်ကို အတိအလင်း ကြေညာထားရစမြဲ ဖြစ်ပါတယ်။ ဒါမှလည်း ပရိသတ်က ဘယ်နေ့ကျ၊ ဘယ်ဂျာနယ် ဝယ်ဖတ်လိုက်ဦးမှဆိုပြီး ပြင်ဆင်ထားနိုင်မှာပါ။

ဒါပေမယ့် အခုကာလမှာတော့ အင်္ဂါနေ့ထွက်မယ့် ဂျာနယ်က တနင်္လာနေ့မှာ ဖြန့်ချိလိုက်တဲ့အခါ အားလုံး ကသောင်းကနင်း ဖြစ်ကုန်ပါတော့တယ်။ တနင်္လာနေ့ ထွက်မယ့် ကကြီးဂျာနယ်ကို ဝယ်ဖတ်ဖို့ ကြံထားသူများအနေနဲ့ တနင်္လာနေ့မှာ ကကြီးရော၊ ခကွေးပါ ပြိုင်တူ တွေ့ရတဲ့အခါကျတော့ ထွေကုန်ပါတော့တယ်။ အလားတူပဲ၊ လက်ပွေ့လည်ရောင်းသူများအနေနဲ့ ကျတော့လည်း တနင်္လာနေ့ ရောက်လာတဲ့အခါ ခါတိုင်းလို ကကြီးဂျာနယ်ချည်းပဲ အစောင် ၂၀ ယူပြီး ရောင်းဖို့ တွန့်သွားပါပြီ။ ခကွေးဂျာနယ်ကိုပါ မျှယူရမယ်ဆိုတဲ့ အသိနဲ့ ဖြစ်လာတဲ့အခါ ကကြီးကို လျှော့ဖို့ သူတို့ တွေးရတော့မှာပါ။

သည်လိုနဲ့ စည်းတွေ မထားကြတော့တဲ့အခါ ဂျာနယ် တစ်လောကလုံး ဖရိုဖရဲနဲ့ အရောင်းကျကုန်တော့တာပဲလို့ ကျွန်တော့်မိတ်ဆွေက သုံးသပ်ပြပါတယ်။

ပြီးတော့ သူဆက်ပြောတဲ့စကားလေးက ပိုလို့ စိတ်ဝင်စားစရာ ကောင်းပါတယ်။

“သည်မောင်တွေကိုလည်း အပြစ်မဆိုသာဘူးဗျ။ သူတို့တွေက ကျွန်တော်တို့နဲ့ မတူဘူးလေ။ ကျွန်တော်တို့က ကျွန်တော်တို့ဂျာနယ်ရဲ့ သက်တမ်းနဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားတယ်။ သူတို့အတွက်ကျတော့ ဒါ မလိုအပ်ဘူး။ သည်ဂျာနယ် အလုပ်မဖြစ်ရင် နောက်ဂျာနယ် တစ်စောင် ပြောင်းလုပ်လိုက်ရုံပဲ၊ ကိုယ်လုပ်နေတဲ့ ဂျာနယ် သက်တမ်းရှည်ရေး၊ ဂျာနယ် နာမည်ထွက်ရေးဆိုတာထက် မြန်မြန် ငွေပေါ်ရေးကို ဦးစားပေးနေကြရတာ ဆိုတော့ လုပ်ချင်သလိုလုပ်နေတာ သူတို့ဟာနဲ့ သူတို့တော့ ဟုတ်နေမှာပေါ့ဗျာ”တဲ့။

ကျွန်တော် သူ့ကို လေးစားသွားပါတယ်။ တစ်ဖက်သားကို ငဲ့ညှာ စဉ်းစားပေးတတ်တဲ့နေရာမှာ သူ ကျွန်တော့်ထက် အပုံကြီး သာနေပါလား ဆိုတာကို တွေးမိရတာနဲ့အတူ သူ့သုံးသပ်ပုံများကို နမူနာယူလိုက်မိရပါတယ်။

သည်အချိန်မှာမှ တီကောင်နဲ့လိပ်ပြာကို စာအုပ်ထဲမှာ သွားဖတ်လိုက်မိတာပါပဲ။

ကျွန်တော့်မိတ်ဆွေဂျာနယ်ဆရာက လိပ်ပြာလို တွေးလိုက်တာ ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်၊ ယနေ့ ဂျာနယ်လောကထဲက ပေါ်ပင် ဂျာနယ်ဆရာတွေက တီကောင်လေးတွေပေါ့။ ဒါပေမယ့် လိပ်ပြာက တီကောင်လေးတွေဟာ လိပ်ပြာလို မမြင်ရကောင်းလားလို့ ဒေါသဖြစ်မနေဘူး၊ ကရုဏာလည်း သက်မနေဘူး။ သူတို့ဟာ တီကောင်လေးတွေပဲ၊ တီဟာ တီလိုပဲ တွေး၊ တီလိုပဲ နေ၊ တီလိုပဲကျင့်မှာပေါ့ဆိုပြီး အသာတကြည် နှလုံးသွင်း လက်ခံလိုက်တာပါ။

ကျွန်တော်ကိုယ်တိုင်ကတော့ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလို့ ထင်တဲ့အခါလည်း ရှိရဲ့၊ ငှက်ကျေးလို့ တွေးတဲ့အခါလည်း ရှိရဲ့၊ ဆင်လို့ မြင်တဲ့အခါလည်း ရှိရဲ့။ ဘဝင်အပြည့်နဲ့ ပုထုဇဉ်မို့ပါလို့ ဆင်ခြေကန်ပြီး ပြောရမယ်ဆိုရင်ပေါ့။

သည်အခါမှာ တီကောင်လေးတွေကို တီလို တွေးရကောင်းလား၊ တီလို ကျင့်ရကောင်းလား၊ တီလို မြင်ရကောင်းလားဆိုပြီး ကရုဏာ တစ်ကျပ်သားနဲ့ ဒေါသ တစ်ပိဿာ ရောထားတဲ့ ကရုဏာ ဒေါသောတွေ ဖြစ်ပြီးရင်း ဖြစ်နေမိတတ်ခဲ့ပါတယ်။

အခုကျတော့ ကျွန်တော်ဟာလည်း တစ်ခါတလေ တီကောင်လေးလောက်ပဲ မြင်နေတာ ဖြစ်ချင်ဖြစ်နေမယ်ဆိုတာကို တွေးမိလာရပါတယ်။  ဒါမှမဟုတ် ကျွန်တော်က လိပ်ပြာလို တွေးမြင်မိတယ်ဆိုရင်လည်း တီကောင်ရဲ့ဘဝအခြေအနေ၊ ဘဝ အဆင့်အတန်းအရ ကျွန်တော့်အမြင်ကို ငြင်းပယ်တာ၊ ကျွန်တော့် အမြင်နဲ့ ဖီလာ ဖြစ်နေတာတွေအတွက် တီကောင်လေးတွေအပေါ် ဒေါသော နှောတဲ့ ကရုဏာတွေ မဖြစ်သင့်တော့ဘူးဆိုတာ မြင်လာမိရပါတယ်။

ယာဉ်မောင်းတစ်ယောက်က ခြေလျင်လျှောက်သူများရဲ့ ဗျာပါဒကို မြင်ဖို့ခဲယဉ်းပါတယ်။ ခြေလျှင်လျှောက်သူတစ်ဦးကလည်း ယာဉ်မောင်းတွေရဲ့ဖိစီးမှုကို မြင်နိုင်ဖို့ မလွယ်ပါဘူး။ အလားတူပဲ၊ သာမန်လူ တစ်ယောက် ဆယ်လျူလာဖုန်းကိုင်နေသူတွေကို မျက်မုန်းကျိုးပြီး အလကား ဟိတ်ထုတ်နေတဲ့သူတွေပါလို့ မြင်တဲ့အတွက်လည်း အပြစ်မဆိုသာဘူး။ သူ့အနေနဲ့ ဆယ်လျူလာသမားရဲ့ ဝဋ်ကြီးပုံကို ဘယ်လိုနည်းနဲ့မှ နားလည်ပေးနိုင်မှာ မဟုတ်ဘဲကိုး။

ဆန့်စဉ်းစားမယ်ဆိုရင် အများကြီးရှိပါတယ်။

ကျွန်တော်ကတော့ “တီကောင်နဲ့ လိပ်ပြာ”ဆိုတဲ့ စာတန်းလေးကိုတောင် ခပ်ကြီးကြီးလေး ရေးပြီး အိမ်မှာ၊ ရုံးမှာ၊ ကားထဲမှာ စသဖြင့် မြင်သာတဲ့နေရာ အားလုံးမှာ ကပ်ထားရင် ကောင်းမလားလို့တောင် စဉ်းစားနေမိရပါတယ်။ ဒါမှလည်း တစ်ခုခုဆိုရင် ဒါလေးမှ မသိရကောင်းလား၊ ဒါလေးမှ မကျင့်ရကောင်းလားဆိုပြီး တစ်ဖက်သားအပေါ် ဒေါသောမိနေတဲ့ ကရုဏာ အပိုင်းအစ အလေအလွင့်တွေ နည်းပါးသွားနိုင်မှာ ဖြစ်သလို တစ်ဖက်သားက ကိုယ့်ဘဝင်နဲ့ မဟပ်တာတွေ ပြောဆို ကျင့်ကြံလာတဲ့အခါမျိုးမှာလည်း ကိုယ်ဟာ တီကောင်လေးလောက်ပဲ သိနိုင်သေးသူလား၊ တစ်ဖက်သားက လိပ်ပြာအမြင်နဲ့ တင်နေတာလားဆိုတာတွေကို ထည့်သွင်း စဉ်းစားပြီး သကာလ ကိုယ်သဘောမမျှသည့်တိုင်  နားထောင်နိုင်တဲ့ နားရွက်ကလေး တစ်စုံတော့ ပိုင်ဆိုင်လာနိုင်တော့မှာပါ။

စာဖတ်သူများလည်း စဉ်းစားကြည့်ပါဦး။

ကျွန်တော် အခုတင်ပြလိုက်တာကလည်း တီကောင်လေးတစ်ကောင်ရဲ့အမြင်လောက်နဲ့ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။

စာဖတ်သူလူကြီးမင်းတွေထဲမှာ လိပ်ပြာလို မြင်နိုင်သူတွေ၊ ကျေးငှက်လိုမြင်နိုင်သူတွေ၊  ဆင်လို မြင်နိုင်သူတွေ အုံနဲ့ကျင်းနဲ့ ရှိနေမှာလည်း အသေအချာပါပဲ။

(၂၀၀၁ ခုနှစ် မေလ ၁ ရက်နေ့ထုတ် “အတွေးသစ်”ဂျာနယ်မှာ ဦးစွာ တင်ဆက်ခဲ့ပြီး၂၀၀၂ စက်တင်ဘာတွင် ပထမအကြိမ်၊ ၂၀၀၆ အောက်တိုဘာတွင် ဒုတိယအကြိမ် ထုတ်ဝေထားသော အတ္တကျော်၏ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့ စိတ်” စာအုပ်ထဲမှာလည်း ထပ်မံ ဖော်ပြထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။)

Advertisements

3 thoughts on “တီကောင်နဲ့ လိပ်ပြာ

  1. ကျွန်တော်လည်း ဆရာတော့်ကို လူချင်းတော့ တစ်ခါမှ ဖူးခွင့် မကြုံဖူးပါသေးဘူး။ ဒါပေမယ့် ကျွန်တော် ၉ တန်းနှစ်က စလို့ ဆရာတော်ရဲ့ စာအုပ်တစ်အုပ်ကို မထင်မှတ်ဘဲ ဖတ်မိရာကစ နောက်ပိုင်း ဆရာတော်ရဲ့ စာအုပ်တွေ တော်တော်များများကို မလွတ်တမ်း ဖတ်ဖြစ်ပြီး ဆရာတော့်ကို ကိုယ့်ဆရာသမားအရင်းလို၊ ဖခင်အရင်းလိုပါ စိတ်ထဲမှာ လေးစားကြည်ညိုမှုနဲ့ နေ့စဉ် ဆရာတော်ကိုလည်း ရည်မှန်းကန်တော့၊ ဆရာတော်ရဲ့ အဆုံးအမတွေကိုလည်း တတ်နိုင်သမျှ နှလုံးသွင်းဆင်ခြင်ပြီး နေဖြစ်ပါတယ်။

    ဆရာတော်ရဲ့ အဆုံးအမတွေကို အခုလို ထပ်ဆင့်ဖော်ပြ အတွေးတွေ ချဲ့ထွင်ပြီး မျှဝေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆရာ ခင်ဗျား။

  2. အင်း ၀င်လာဖတ်တဲ့ တစ်ချို့သူတွေက ဘယ်ဆရာတော့် စာအုပ်ပါလိမ့်လို့ သိချင် ဖတ်ချင်ကြမှာဗျ။ အဲတော့ ဆရာပြောလို့ မရပေမဲ့ ကျွန်တော်ကတော့ ပြောလို့ ရတော့ ဆရာတော့် နာမည် ရေးခဲ့လိုက်မယ်ဗျာ။ ဆရာတော်စာအုပ်တွေ ဖတ်တဲ့သူတွေ များလာစေချင်လို့ပါ။

    ဆရာတော် ဦး…. (….) ပါဗျာ။ [Deleted by Admin]

    ဆရာတော့် နောက်ဆုံးထွက်တဲ့စာအုပ်က “မင်္ဂလာတရားတော်”ပါ။

    [This comment was edited before moderation by Admin]

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s