Skip to content

ဆယ်ကျော်သက်နဲ့ ပြစ်ဒဏ်

13 April 2011

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။

သည်တစ်ပတ် ကျွန်တော့်ရဲ့ “ဘဝအမောပြေဖို့ အဖြေရှာစို့” အစီအစဉ်ကတော့ ဖတ်လိုက်ရတဲ့ ကြေကွဲစရာ ဂျာနယ်သတင်းတစ်ခုကို အကြောင်းပြုထားပါတယ်။ နားဆင်တော်မူနေကြတဲ့ ချစ်သော ပရိသတ် လူကြီးမင်းများထဲက တချို့တွေလည်း ဖတ်မိကောင်း ဖတ်မိလိုက်ပါလိမ့်မယ်။ မဖတ်မိလိုက်သူများအတွက် အဲဒီ့သတင်းလေးကို အတိုချုံးပြီး ပြန်အစီရင်ခံပြပါရစေ။

၂၀ဝ၉ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်မှာ ထွက်လာတဲ့ ဂျာနယ်တစ်စောင်မှာ ဖော်ပြထားတာကတော့ အလယ်တန်း ကျောင်းသူလေးတစ်ဦးဟာ ချစ်သူ ခင်သူတွေနဲ့ စာတွေ အပြန်အလှန် ရေးတဲ့ “ရေးပေးပါ”လို စာအုပ်မျိုး လေးကို ထားရှိပါသတဲ့။ အဲဒီ့ စာအုပ်လေးထဲမှာ သူ့ခံစားချက်လေးတွေ၊ သူ့ကို ချစ်ကြ ခင်ကြတဲ့ သူငယ်ချင်းတွေရဲ့ ခံစားချက်လေးတွေကိုလည်း စုပေါင်း ရေးဖွဲ့ထားပါတယ်။ ဖြစ်ချင်တော့ အဲဒီ့စာအုပ်လေးကို သူ့သူငယ်ချင်းလေးတစ်ယောက်က ဖတ်နေခိုက်မှာ သူတို့ရဲ့ အတန်းဆရာမက မြင်သွားပြီး အဲဒီ့စာသားတွေကို အတန်းထဲမှာ အော်ဖတ်ခိုင်းရုံသာ မက အဲဒီ့ကလေးမလေးရဲ့ စာအုပ်ထဲမှာ ပါနေလေတဲ့ ကောင်လေး တစ်ယောက်ရဲ့ တန်းခွဲကိုပါ သွားအော်ဖတ်ခိုင်းခဲ့တယ်။ ဒါ့အပြင် ကလေးမလေးကိုလည်း နောက်တစ်ရက် ကျောင်းလာတဲ့အခါ မိဘတွေ ခေါ်လာရမယ်၊ ခေါ်မလာရင် ကျောင်းလာမတက်နဲ့လို့လည်း ရာဇသံပေးလိုက်ပါတယ်။ ဒါတင် မကသေးဘူး “စာသင်ဖို့ ကျောင်း လာတက်တာလား၊ လင်လာရှာ တာလား”လို့လည်း ရင့်ရင့်သီးသီး ဆိုလိုက်ပါသေးသတဲ့။

တိုတိုပြောရရင်တော့ဗျာ၊ ကာယကံရှင် ကလေးမလေးဟာ ရှက်စိတ်တွေ သည်းလွန်းမက သည်းသွားရာကနေ သူ့ကိုယ်သူ အဆုံးစီရင်သွားတဲ့ သတင်းလေးပါပဲ။ သည်သတင်းလေးကို ဖတ်လိုက်ရတဲ့အခါ ကျွန်တော့် ရင်ထဲ မှာ ဆို့သွားရပါတယ်။ တစ်ဆက်တည်းမှာပဲ ဒါလေးကို အကြောင်းပြုပြီး ဆယ်ကျော်သက်တွေကို ကိုင်တွယ် အုပ်ထိန်းနေတဲ့ မိဘတွေ၊ ဆရာတွေကို ဆွေးနွေး တင်ပြချင်တာလေးတွေ ရှိလာရပါတော့တယ်။ ဒါ့ကြောင့် သည်တစ်ပတ်မှာတော့ ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေရဲ့ သဘာဝကို ဆွေးနွေးတင်ပြသွားပါရစေခင်ဗျား။

စိတ်ပညာနယ်ပယ်မှာတော့ ကြီးကောင်ဝင်စ ဆယ်ကျော်သက်အရွယ်ကို “မုန်တိုင်းထန်ထန် စိတ် ဒဏ်ပိပိအရွယ်”လို့ ခေါ်ဆိုကြပါတယ်။ အင်္ဂလိပ်ဘာသာနဲ့တော့ Storm & Stress ပေါ့။ ဘယ်လို မုန်တိုင်းထန်ပြီး ဘယ်လို စိတ်ဒဏ် ပိနေတာလဲလို့ မေးစရာ ရှိပါတယ်။

ဟုတ်ကဲ့ခင်ဗျာ၊ တကယ်တော့ သည်အရွယ်ဟာ စကောစက အရွယ်ပါ။ လူကြီးဖြစ်ပြီလား ဆိုရင်လည်း လောက်လောက်လားလား ဖြစ်မလာသေးဘူး။ ဒါဖြင့် ကလေးလားဆိုရင်လည်း ကလေးက မဟုတ်တော့ဘူး။ ယောက်ျားလေးဆိုလည်း ပုဆိုး ကွင်းသိုင်း ထင်ရာစိုင်းလို့ မရတော့သလို မိန်းကလေးဆိုလည်း ကလေးဘဝတုန်းကလို ယောက်ျားလေးများနဲ့ လုံးလုံးလားလား ကစားချင်တိုင်း ကစားလို့ မရတော့တဲ့ အရွယ်ပေါ့။ ကိုယ့်ကိုယ်ခန္ဓာ ကိုယ်ပြန်ကြည့်ပြန်တော့လည်း အပြောင်းအလဲတွေက အများသား။ သည်ကြားထဲမှာ ကိုယ်က ရွယ်တူ သူငယ်ချင်းတွေထက် ပိုပြီး အထွားမြန်နေရင် ဖြစ်ဖြစ်၊ သူတို့မှာ ကိုယ်ခန္ဓာတွေ ဖွံ့ဖြိုး၊ အရပ်တွေ ထွက်လာသလောက် ကိုယ်က မဖွံ့ဖြိုးသေး ရင်ဖြစ်ဖြစ် ပိုလို့ ညစ်စရာ ကောင်းနေရပါသေးတယ်။ ငါများ လူစဉ်မမီ ဖြစ်နေသလား၊ ငါများ သာမန်ထက် ပိုပြီး ထူးကဲတဲ့ ကျွဲပေါက်စများ ဖြစ်နေပြီလားစသဖြင့် အတွေး ပေါင်းများစွာနဲ့ ဗျာများရတာလည်း သည်အရွယ်ပါပဲ။

အဲတော့ ကလေးမက လူကြီးမကျ စကောစကအရွယ်၊ သည်လို ဆယ်ကျော်သက်စ ပျိုမြစ်နုနယ်သူလေးများခမျာမှာ အလိုလိုနေရင်းကို စိတ်ရှုပ်နေရပါတယ်၊ စိတ်ညစ်နေရပါတယ်။ လေတိုက်လို့ သစ်ရွက်ကလေး လှုပ်တာကို ကြည့်ရင်းနဲ့တောင် ကိုယ်က ကြားထဲက အခြောက်တိုက် ငိုချင်သလိုလို၊ ရယ်ချင်သလိုလိုဖြစ်ရတာကလည်း တကယ်တော့ သည်အရွယ်ပါ။

အခု ကျွန်တော့်အစီအစဉ်ကို နားဆင်တော်မူနေကြတဲ့ ချစ်သော ပရိသတ်များထဲက အရွယ်ကောင်းစွာ ရောက်နေကြသူ လူကြီးမင်းများလည်း အဲဒီ့အရွယ်တုန်းက ကိုယ့်အခြေအနေ၊ ကိုယ့်စိတ် ခံစားချက်တွေကို ပြန်ဆင်ခြင်ကြည့်မယ်ဆိုရင် သည်အတိုင်းပဲ ပြန်မြင်ရမှာပါနော်၊ ဟုတ်ကဲ့လား မသိဘူး။

ကိုယ့်စိတ်နဲ့ကိုယ် ဇယားရှုပ်၊ ကိုယ့်စိတ်နဲ့ကိုယ် နပန်းလုံး၊ ကိုယ့်စိတ်နဲ့ကိုယ် မကျေမလည် ဖြစ်နေရတဲ့ ကြားထဲ ကိုယ့်ပတ်ဝန်းကျင်က လူကြီးသူမတွေ၊ ရွယ်တူတွေကလည်း တစ်မှောင့်၊ နှစ်မှောင့်၊ သုံး မှောင့်မက အမှောင့်ပေါင်းများစွာနဲ့ နှောင့်နေတာတွေကလည်း တစ်သီ တစ်တန်းကြီး ရှိပါသေးတယ်။ 

လူကြီးတွေကလဲ “ဟဲ့… ကလေးမဟုတ်တော့ဘူးနော်”ဆိုတဲ့ စကားနဲ့ ဟန့်တာလေးတွေ ရှိလာပြီ။ သို့သော် ကလေးဆန်တာကို ဟန့်ချင်တဲ့အခါမှာသာ ကလေး မဟုတ်တော့ဘူးလို့ ပြောကြတာ၊ သိပ်လူကြီးဆန်လာပြန်ရင်လည်း “အရွယ်လေးကဖြင့် လက်တောက်လောက် ရှိသေးတယ်”တို့၊ ”အခုမှ လူဖြစ်မယ် ကြံရုံရှိသေး”တို့၊ “ကလေးက ကလေးလို မနေဘဲ လူပျိုဂိုက်၊ အပျိုဂိုက်ဖမ်းနေတယ်” ဆိုတာမျိုးတွေကိုလည်း လူကြီး မိဘတွေက အခါအားလျော်စွာ ပြောဖြစ်နေတတ်ကြပြန်ပါတယ်။

ကြားနာရသူ ကြီးကောင်ဝင်စ ဆယ်ကျော်သက် အထီး အမလေးများရဲ့ နေရာမှာ တစ်ဆိတ် ဝင်နေ ကြည့်တော်မူကြစမ်းပါဗျာ။ အဲလို “ကလေး မဟုတ်တော့ဘူး”လို့ အခုပဲ ပြောလိုက်၊ တော်နေကြာတော့ “အရွယ်ကလေးကဖြင့် လက်တောက်လောက် ရှိသေးတယ်”လို့ ပြောလိုက်နဲ့ ကိုယ် တစ်ယောက်တည်းကိုပဲ ဆန့်ကျင်ဘက် နှစ်မျိုး အပြောခံနေရတဲ့အခါ ဘယ်လိုများ ခံစားကြရပါမလဲဗျာ။

ကလေးမဟုတ်တော့ဘူးလို့ ပြောတဲ့အတွက် ဘဝင်လေး မြင့်မယ်ကြံခါ ရှိသေးတယ်၊ လက်တောက်လောက်ရှိသေးတယ်နဲ့လည်း တွေ့ရော စောစောက တက်မယ် ပြင်ထားတဲ့ ဘဝင်လေးက ဖုတ်ဆို ထွက်ပြေးသွားလိုက်တော့တာများ၊ ကုလားထိုင်ကျို ကုလားထိုင်ကြား၊ ဖျာကျို ဖျာကြား လိုက်ရှာတောင် မတွေနိုင်တော့မယ့် အဖြစ်။

အဲတော့ နဂိုကမှ ကိုယ့်စိတ်နဲ့ ကိုယ်နပန်းလုံးပြီး ညစ်နေရတဲ့ စိတ်က ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူကြီးသူမတွေရဲ့စကားအထွေထွေကြောင့် ပိုနွမ်းလာရတယ်။ ပို ဇဝေဇဝါ ဖြစ်လာရတယ်။ ပို ကယောင်ခြောက်ခြား ဖြစ်လာရပါတယ်။

ရွယ်တူတွေကကျပြန်တော့လည်း တစ်မျိုး၊ တို့ကတော့ ဘယ်ကဲ့သို့၊ ဘယ်ချမ်းသာဟေ့၊ တို့ကတော့ ဘယ်လို စွံတာ၊ တို့ကိုတော့ ဘယ်သူက ဘယ်လို စွဲလန်းနေတယ် ဆိုတာမျိုးတွေ၊ တို့ကိုယ်ခန္ဓာမှာ ဘယ်လိုတွေ ဖြစ်လာနေတယ် ဆိုတာမျိုးတွေက သည်အရွယ်တွေကြားမှာ ပွထနေပါတယ်။ ဟုတ်တာတွေလည်းပါရဲ့၊ မဟုတ်တာတွေလည်း ပါရဲ့။ အမှန်က ရွယ်တူတွေမှာကလည်း သူတို့စိတ်နဲ့ သူတို့ ဗရုတ်ဗရက် ဖြစ်ချင်တိုင်း ဖြစ်နေကြလေတော့ကာ သည်လို တောရမ်းမယ်ဘွဲ့တွေ လျှောက်ပြောရင်းက စိတ်ထွက်ပေါက် ရှာတတ်ကြတာမျိုးကလား။ ဘာပဲ ဖြစ်ဖြစ်၊ အဲသလို ရွယ်တူတွေကြားမှာ နေရတဲ့ ကြီးကောင်ဝင်စ ဆယ်ကျော်သက် တစ်ယောက်အတွက်ကျတော့ နောက်ကျိနေတဲ့ စိတ်အလျဉ်ကို ကြည်လင်မလာစေနိုင်တဲ့အပြင် ပိုလို့သာ ညစ်နွမ်းစရာ ဖြစ်လာရပါတော့တယ်။

ဒါတွေ အားလုံးကို စုပေါင်း လိုက်တဲ့အခါမှာတော့ သည်လို ကြီးကောင်ဝင်စ ဆယ်ကျော်သက်အရွယ်ကို မုန်တိုင်းထန်ထန်၊ စိတ်ဒဏ်ပိပိနေတဲ့အရွယ်လို့ ပညာရှင် တွေက သတ်မှတ်လိုက်ကြတော့တာပါပဲ။

သည်အရွယ်ဟာ လူကြီးသူမတွေရဲ့ မျက်စိထဲမှာ ဘယ်လိုမှကို အချိုးမပြေနိုင်တဲ့အရွယ်ပါ။ ဘယ် အချိုးပြေနိုင်ပါ့မလဲဗျာ၊ ဟိုအဆိုတော့်ဆံပင်ပုံက ကောင်းနိုးနိုး၊ ဟိုမင်းသမီးရဲ့ အမူအရာက ကောင်းနိုးနိုးနဲ့ ကိုယ့်မျက်စိအောက် ရောက်လာသမျှထဲက သင့်နိုးရာရာကို လိုက်အတုခိုးရ၊ ဆံပင် သရ၊ မှန် ကြည့်ရ၊ မိန်းကလေး ဆိုလည်း မရှိ ရှိတဲ့ ကိုယ်ခန္ဓာအချိုးအစား မပေါ် ပေါ်အောင် ထဘီကို မတရားသဖြင့် တင်းတင်းစီးလို စီးရ၊ လမ်းလျှောက်တဲ့အခါကျပြန်တော့လည်း အမြင် တင့်တယ်အောင် မော်ဒယ်လို လျှောက်ရနဲ့ဆိုတော့ မြင်ရသူ လူအပေါင်းရဲ့ မျက်စိထဲမှာ ဘယ်လိုမှကို အချိုးကျမှာလည်း မဟုတ်ပါဘူး။

သည်အထဲမှာ ကိုယ်လည်း သည်အရွယ်တုန်းက သည်လို ဖြစ်ခဲ့တာပဲဆိုတာ အင်မတန် မေ့လွယ် ပျောက်လွယ်တဲ့ လူကြီးသူမတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အပြည့်အသိပ်နဲ့ ဖြစ်နေလေတော့ ကြီးကောင်ဝင်စ ဆယ်ကျော်သက်လေးများခမျာမှာ နေစရာကို မရှိရှာကြတော့ပါဘူး။ တချို့ကျတော့လည်း သူတို့ကို အပြစ်တင် ဝေဖန်တဲ့ လူကြီးသူမတွေကို ကလန်ကဆန် လုပ်ချင်တဲ့ စိတ်ကလေးတွေနဲ့ ကျွပ်ဆတ်ဆတ်၊ ဂျစ်ကန်ကန်လေးတွေ ဖြစ်လာကြတယ်။ အဲ… တချို့ကျပြန်တော့လည်း အဲသလို ပြစ်တင် ဝေဖန်လွယ်တဲ့ လူကြီးသူမတွေကြောင့် မအုံမနွေးနဲ့ မထုံတက်သေးလေးတွေ၊ မြုံစိစိလေးတွေ၊ မလှုပ်တလှုပ်လေးတွေ ဖြစ်ကုန်ရပြန်တယ်။

တကယ်တော့ ဂျစ်ကန်ကန်ရော၊ မြုံစိစိရော ဘယ်ဟာကမှ မကောင်းဘူးဆိုတာ နားသောတ ဆင်တော်မူနေကြတဲ့ ပရိသတ် လူကြီးမင်းများလည်း လက်ခံနိုင်ကြမှာပါနော်။ သို့သော် ကျွန်တော်တို့က ဆယ်ကျော်သက်အရွယ်ကို ကောင်းကောင်း လွန်မြောက်ပြီး အရွယ်ရောက်သူဘဝ ရောက်လာတဲ့အခါ ကိုယ့်တုန်းက ခံစားခဲ့ရတာတွေ၊ တွေ့ကြုံခဲ့ရတာတွေကို အမေ့ကြီး မေ့လို့ ကောင်းနေတတ်ကြပါတယ်။ မေ့ရုံတင်မကဘူး၊ သူတို့လေးတွေကို လူကြီးမျက်စိနဲ့ ကြည့်မိတဲ့အခါကျတော့ ဘယ်နေရာမှ ကြည့်လို့ မရချင်သလိုဖြစ် နေတတ်ကြတာလည်း ကျွန်တော်တို့လို အရွယ်ရောက်နေသူ လူကြီးသူမ အတော်များများပါပဲ။

အဲတော့ ကြီးကောင်ဝင်စ ဆယ်ကျော်သက်တွေနဲ့ အနီးကပ် ဆက်စပ်ပတ်သက်နေရသူ လူကြီးသူမတိုင်း၊ မိဘဆရာသမားတိုင်း  စဉ်းစားသင့်တာက တို့များရော အဲဒီ့အရွယ်တုန်းက ဘယ်လိုစိတ်မျိုး၊ ဘယ်လိုခံစားမှုမျိုးတွေ ရှိခဲ့ပါလိမ့်၊ အဲဒီ့စိတ်တွေ၊ အဲဒီ့ ခံစားမှုတွေကရော ဘယ့်ကလောက်အထိများ အရှည်တည်နေ၊ စွဲမြဲနေလို့ပါလိမ့်၊ အဲတုန်းက ထားခဲ့တဲ့ ဆံပင်ပုံ၊ အဲတုန်းက ကြိုက်ခဲ့တဲ့ အဝတ်အစား၊ အဲတုန်းက ကျင့်ကြံခဲ့တဲ့ နေပုံထိုင်ပုံတွေ အားလုံးဟာလည်း ဘယ်လောက်အထိများ တာသွားခဲ့လို့ပါလိမ့်ဆိုတဲ့ အချက်များပါပဲ။ ဒါတွေကို ဆင်ခြင်မိမယ် ဆိုရင်တော့ ဘာမဟုတ်တဲ့ ကိစ္စ အသေးအမွှားလေးများကြောင့် ကိုယ်နဲ့ ထိစပ်ပတ်သက်နေရသူ ကြီးကောင်ဝင်စ ဆယ်ကျော်သက်များနဲ့ သိပ်အဟပ်ကွာနေတော့မှာ မဟုတ်တဲ့အပြင် ဂျစ်ကန်ကန်လေးတွေ၊ မထုံတက်သေးလေးတွေလည်း တဖြည်းဖြည်း ရည်မွန်လာနိုင်ကြပါလိမ့်မယ်။

အဲ… သည်လိုမှ မဟုတ်ဘဲ ကိုယ့်မျက်စိထဲ အချိုးမပြေလေတိုင်း သည်ကြီးကောင်ဝင်စ ဆယ်ကျော်သက်လေးများကို နှိပ်ကွပ်ရာ၊ ချိုးဖဲ့ရာရောက်တဲ့အပြောအဆို အပြုအမူတစ်ခုခု လုပ်မိနေမယ်ဆိုရင်တော့ သည်အရွယ်လေးတွေကို လမ်းမှားဆီ တွန်းပို့သလို ဖြစ်နေနိုင်တတ်တဲ့အပြင် အခု ကျွန်တော့် ဆွေးနွေးချက်လေး ဖြစ်လာအောင် အကြောင်းဖန်သွားတဲ့ ဖြစ်ရပ်ထဲကလို ရင်နာ ရင်ကျိုးစရာ အဖြစ်ဆိုးများအထိ ကြုံရတတ်နိုင်တာကို ကြီးကောင်ဝင်စလေးတွေနဲ့ ထိစပ် ပတ်သက်နေသူ လူကြီးမိဘတိုင်း၊ ဆရာ သမားတိုင်း သတိထားအပ်ကြပါ တယ်ခင်ဗျား။

ဆွေးနွေးစရာ နောက်တစ်ချက် ကျန်ပါသေးတယ်။ အဲဒါကတော့ အပြစ်ပေး ဒဏ်ခတ်တဲ့ ကိစ္စပါ။ ကျွန်တော်တို့ မှီတင်း နေထိုင်ရာ လူ့ဘောင်ကြီးတစ်ခုလုံးမှာက အပြစ်ပေးလိုက်၊ ဒဏ်ခတ်လိုက်ရင် လူတစ်ယောက် နောင်ကြဉ်သွားမယ်ဆိုတဲ့ အစွဲက ဘယ်ကတည်းက စခဲ့မှန်းတော့ မသိဘူး၊ လူအများစုရဲ့ ရင်ထဲမှာ အဲဒီ့ အတွေးအမြင်ကြီးက ခိုင်မာနေပါတယ်။ ကျွန်တော်ဆို အမြဲတမ်း ဆင်ခြင်မိတယ်။ သူခိုးတစ်ယောက်ကို ပြစ်ဒဏ်ပေးလိုက်ရုံနဲ့ အဲဒီ့သူခိုး နောက်မခိုးတော့ပါဘူးလို့ ဘယ်သူ တာဝန်ယူနိုင်မှာလဲ။ အလားတူပဲ၊ တခြား စာရိတ္တပိုင်းဆိုင်ရာ ပြစ်မှု ကျူးလွန်သူတွေကိုလည်း တစ်ခေတ်ကဆို ကြိမ်ဒဏ်၊ နောက်ပိုင်းကျတော့ ထောင်ဒဏ် အမျိုးမျိုး စတာတွေနဲ့ အပြစ်ပေးလိုက်ရုံနဲ့ သည်လူတွေရဲ့ စာရိတ္တကို ပြုပြင်နိုင်ပါမတဲ့လား။

တခြားမကြည့်ပါနဲ့၊ ကျွန်တော့်ရဲ့ ဆေးလိပ်၊ အရက် ကြိုက်တဲ့ အမူအကျင့်ကို ကျွန်တော့်ရဲ့ ပီတာဖခင်ကြီးက ကြိမ်လုံးနဲ့ နာနာ နှက်ရင်း ဖြိုဖျက်ဖို့ ကြိမ်ဖန်များစွာ အားထုတ်ခဲ့ဖူးပါတယ်။ ဟုတ်ကဲ့ ခင်ဗျာ၊ အခုဆို ကျွန်တော့်ကို ကြိမ်နှက်ပြီး အကျင့်ဖျက်မယ့် အဖေမရှိတာ ၃၃ နှစ် ကျော်ပါပြီ။ ကျွန်တော် လူပျိုပေါက်အရွယ် ၁၃-၄ နှစ်သားမှသည် သူ ကျွန်တော့်ဘဝထဲက ပျောက်သွားချိန် ၁၉ နှစ်သား အရွယ်အထိ ငါးနှစ်၊ ခြောက်နှစ်လောက် မပြတ်တမ်း ထစ်ခနဲရှိ ကြိမ်နဲ့ဆော်ပြီး ပြုပြင်ဖို့ အားထုတ်ခဲ့တဲ့ အဖေ့ ပြစ်ဒဏ်များရဲ့ အကျိုးဆက်ကတော့ ကျွန်တော်ဟာ ယနေ့ထက်တိုင် ဆေးလိပ်ရော၊ အရက်ပါ ပျော်ပျော်ကြီး သောက်သုံးနေဆဲ လူသားတစ်ယောက် ဖြစ်နေပါတယ်။ အရက်အိုး ချိုးကပ်နေတဲ့ အရက်သမားဘဝကို ဘယ်တုန်းကမှ မရောက်ခဲ့တာ မှန်သော်လည်း အရက်ကို အခါအားလျော်စွာ ခုံခုံမင်မင် သောက်သုံးတတ်သူထဲမှာ ကျွန်တော် ထိပ်ဆုံးက ပါပါတယ်။ ဆေးလိပ်ကတော့ လက်ကြားကကို မချဖြစ်ဘူးခင်ဗျ။ အဖေ့ ကြိမ်လုံးရဲ့ စွမ်းချက်ကတော့ အဲဒီ့အတိုင်းပါပဲ။

အကြမ်းဖက်တဲ့နည်းနဲ့ မဟုတ်ဘဲ အရှက်ခွဲ တဲ့နည်းနဲ့ အပြစ်ပေးတာမျိုးလည်း ရှိပါသေးတယ်။ အဲဒါလည်း ကျွန်တော့် ပီတာဖခင်က လုပ်တတ်ခဲ့ပြန်ပါသေးတယ်။ တမင် ရည်ရွယ်ပြီး လုပ်တာတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ သို့သော် သူ့စိတ်ကို လူရှေ့မရှောင်၊ သူရှေ့ မရှောင် မထိန်းနိုင်ဘဲ ကျွန်တော့်ကို ရိုက်မောင်း ပုတ်မောင်း လုပ်တာများက ကျွန်တော့်ရင်ထဲမှာ အစိုင်အခဲ တစ်ခုလို ဖြစ်နေတတ်ခဲ့ပါတယ်။   နိုင်ငံအသီးသီးရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တိုင်းလိုလိုမှာ “လူ့သိက္ခာ ညှိုးနွမ်း သေးသိမ်စေသော အပြစ်ဒဏ်မျိုးမပေးရ”ဆိုတာကို အတိအလင်း ထည့်သွင်း ပြဋ္ဌာန်းလေ့ရှိကြတယ်။ တစ်နည်းအားဖြင့် လူတစ်ယောက်ရဲ့ အရှက်အိုးကို ခွဲရာရောက်တဲ့ အပြစ်ဒဏ်မျိုး မပေးရလို့ ဆိုလိုတာဖြစ်ပါတယ်။

သို့သော် ဥပဒေက မည်သို့ပင် ဆိုစေကာမူ လူကြီးမိဘ ဆရာသမားတချို့မှာတော့ သည်အချက်ကို သတိမမူမိဘဲ အရှက်ခွဲတဲ့နည်းနဲ့ အပြစ်ပေးလိုက်ရင် နောင်ကြဉ်သွားမယ်ဆိုတဲ့ အစွဲကြီးကလည်း မြဲမြဲမတ်မတ် ရှိနေတတ်ပါတယ်။ တကယ်တော့ ကြီးကောင်ဝင်စ လူပျိုပေါက် အပျိုပေါက်ကလေးပဲဖြစ်ဖြစ်၊ လူကြီးတစ်ယောက်ပဲဖြစ်ဖြစ် အသက်ထက် အရှက်ကို ပိုတန်ဖိုးထားကြသူချည်းပါပဲ။ မိမိတို့ရဲ့ အရှက်အိုးကို အခွဲခံရတဲ့အခါ အကျိုးဆက်က နှစ်မျိုးသာ ဖြစ်နိုင်ပါတယ်။ တစ်မျိုးက အရှက်ကြီး ရှက်ပြီး လူတောမတိုးတော့တဲ့ လူသားလေးတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ် အရွဲ့တိုက်ပြီး မကောင်းမှု ပြုရမှာကို လုံးဝ ရှက်ရကောင်းမှန်း မသိတော့ဘဲ ထင်ရာကျဲတဲ့ လူသားအဖြစ် ရပ်တည်သွားနိုင်တာပါ။ သေချာတာကတော့ အဲဒီ့နှစ်မျိုးစလုံးကြောင့် စိတ်မှာ အနာတရ ဖြစ်ကြရတာပါပဲ။

ပိုဆိုးတာက ရှက်စိတ်၊ ဒေါသစိတ်၊ ချစ်စိတ်ဆိုတဲ့ ခံစားမှုအပြင်းစားတွေ သိပ်ကိုတရားလွန် မွှန်ထူသွားပြီဆိုရင်တော့ ဆင်ခြင်တုံတရားတွေ လုံးဝ ပျောက်ဆုံးသွားပြီး ဒရောသောပါးနဲ့ လုပ်မိ လုပ်ရာ လုပ်တတ်ကြတဲ့ လူ့သဘာဝပါပဲ။

ကြီးကောင်ဝင်စ လူငယ်လေးတွေမှာကျတော့ ပိုဆိုးပါတယ်။ ရှေ့မှာ တင်ပြ ဆွေးနွေးခဲ့တဲ့အတိုင်း သူတို့လေးတွေမှာက သူတို့စိတ်နဲ့သူတို့ နပန်းလုံးရင်း စိတ်ကယောက်ကယက် ဖြစ်နေတာပါ။ အသက်အရွယ် ငယ်နုလေသေးတဲ့အလျောက် အတွေ့အကြုံကလည်း နည်းကြရှာပါသေးတယ်။ သည်အချိန်မှာ သူတို့ရဲ့ အရှက်အိုးကို အခွဲခံရပြီဆိုရင် သည်အရွယ်လေးများခမျာ ရှက်စိတ်တွှေ တအားမွှန်ကာ ထူပူကုန်တတ်ကြပြီး နဂိုကမှ သိပ်မပြည့်ဝသေးတဲ့ ဆင်ခြင်တုံတရားက လုံးလုံးလျားလျား ပျောက်ကွယ်သွားတတ်ပါတယ်။ အဲဒီ့မှာတင် မဆင်မခြင်နဲ့ ထင်ရာလုပ်လိုက်ကြပြီဆိုရင် ကိုယ်ကျိုးနည်းရတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာတတ်တာကို သည်အရွယ်လေးတွေကို ကိုင်တွယ်နေရသူ လူကြီးမိဘတိုင်း ဆရာသမားတိုင်း ဆင်ခြင်သင့်တယ်လို့ ယူဆမိရပါတယ်။

ကလေးသူငယ်များနဲ့ ပတ်သက်လာရင် “ပြစ်ဒဏ်ပေးခြင်းသည် မှား၏”လို့ စိတ်ပညာရှင် အများစုက တညီတညွတ်တည်း ခံယူထားကြပါတယ်။ အထူးသဖြင့် ဒေါသစိတ်ကလေး ဖက်ပြီး အပြစ်ဒဏ်ပေးမိရင် လွဲကုန်တတ်ပါတယ်။

ကိုယ်ပြုစုပျိုးထောင်နေတဲ့ ကလေးတွေ၊ လူငယ်လေးတွေကို အပြစ်ပေးမယ်ကြံတဲ့အခါတိုင်း လူကြီးမိဘ ဆရာသမားများအနေနဲ့ မလွဲမသွေ စဉ်းစားအပ်တာက ဒေါသကင်းရဲ့လားဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ကျွန်တော့်အစီအစဉ်ကို နားဆင်တော်မူနေကြသူ ချစ်စွာသော လူကြီးမင်းများခင်ဗျား။ အခုတစ်ပတ် ကျွန်တော့်ရဲ့ ဆွေးနွေးတင်ပြချက်ကတော့ ကြီးကောင်ဝင်စ အရွယ် ဆယ်ကျော်သက် လူငယ်လေးများရဲ့ မုန်တိုင်းထန်ထန် စိတ်ဒဏ်ပိပိ နေရတတ်မြဲ သဘာဝရယ်၊ အဲဒီ့ အပျိုပေါက် လူပျိုပေါက်လေးတွေကို ပြုစု ပျိုးထောင်နေကြတဲ့ လူကြီးမိဘတွေ၊ ဆရာသမားတွေရဲ့ အရိုးစွဲနေတဲ့ အပြစ်ပေး ဒဏ်ခတ်နည်း အထွေထွေရဲ့ ဘေးထွက် ဆိုးကျိုးတွေရယ်ကို ဇောင်းပေးထားခဲ့တာပါ။

ကျွန်တော် တင်ပြခဲ့တာလေးကို နားဆင်နေကြတဲ့ ချစ်စွာသော ပရိသတ်အပေါင်းအနေနဲ့လည်း ကိုယ့်ကို အားကိုးနေ၊ ကိုယ့်ကို အရိပ်ကြည့်ပြီး ရင့်ကျက်ဖို့ တာစူနေကြတဲ့ ပန်းဖူး ပန်းငုံလေးများ လူ့လောကအလယ်မှာ ဝင့်ဝင့်ထည်ထည်နဲ့ စွင့်လန်းလာနိုင်ကြစေဖို့အတွက် ကိုယ့်ဘက်က ကိုယ်ချင်းစာတရား၊ ကရုဏာ တရား၊ မေတ္တာတရားများ ရှေ့ထားကာ ပြုစု ပျိုးထောင်နိုင်ရေးကို တွေးဆပြီး ဆင်ဆင်ခြင်ခြင်လေး လုပ်ကိုင် ဆောင်ရွက်သွားနိုင်ကြမယ်လို့ ယုံကြည် မျှော်လင့်နေမိပါတယ် ခင်ဗျာ။

မင်္ဂလာအပေါင်းနဲ့ ခညောင်း ပြည့်စုံကြတဲ့အပြင် အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်း မေတ္တာ ပိုသလိုက်ပါတယ် ခင်ဗျား။

[ဝန်ခံချက် – ၂၀ဝ၉ ခုနှစ် နိုဝင်ဘာလအတွင်း က မန္တလေး အက်(ဖှ်)အယ်(မ်)ရေဒီယိုအစီအစဉ် မှာ ထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်ချက်ကို စာအဖြစ် ပြန်လည် တင်ဆက်လိုက်တာ ဖြစ်ကြောင်းပါ။]

(၂၀၁၁ ခုနှစ် ဧပြီလထုတ် The Chic မဂ္ဂဇင်း အမှတ် ၆ မှာလည်း သည်အတိုင်း ဖော်ပြထားပါတယ်။)

Advertisements
22 Comments leave one →
  1. hninn naing permalink
    13 April 2011 10:30 pm

    ဖေ့စ်ဘွတ်ခ်မှာ ရှဲခွင့် ပြုပါဆရာ… :))

    • lettwebaw permalink*
      13 April 2011 10:34 pm

      ဟုတ်ကဲ့… သဘောရှိပါဗျာ… ခွင့်တောင်းတဲ့အတွက် ကျွန်ုပ်ကတောင် ကျေးဇူးတင်ရဦးမှာပါ။ ကျေးဇူးတင်းပါ၏ ဒေါ်နှင်းနိုင်… 😀

  2. 13 April 2011 11:00 pm

    ဒီပိုစ်ကို ဖတ်ပြီး….”ဓါးသွား၊ လှံသွားထက် လျှာသွားက ပိုထက်တယ်” ဆိုတာလေးကို သတိရမိတယ်။ “ဆရာ” ဆိုတာနဲ့ ပါတ်သက်ပြီး စာပေဟောပြောပွဲတစ်ခုက ကြားဖူးတဲ့..”မိကျောင်းဖွေးဖွေး မိုးအေးအေး” “ရွှေဇီဦး” တို့ရဲ့ အဓိပ္ပာယ်တွေကို ရှင်းပြတာလေးကို သတိရမိတယ်။ မေတ္တာပင် ဖြစ်သော်ငြားလည်း ဒေါသ ပါလာတဲ့အခါ ချစ်ရာ မရောက်ပဲ နစ်..ရာ ရောက်ကြောင်း ခံစားမိပါတယ်။

  3. aye kyaw permalink
    13 April 2011 11:18 pm

    ဆယ်ကျော်သက်တွေအတွက်အင်မတန်ကောင်းတဲ့စာပါဆ၇ာ

    http://www.99sanay.com/2011/01/bl
    og-post_08.html

    if possible ဆယ်ကျော်သက်မဟုတ်သော် ဒီဆောင်းပါးအပေါါ်
    ဆ၇ာ့အမြင်ကို ပြောပြပါဆ၇ာ

  4. Moe permalink
    14 April 2011 5:23 am

    အဲဒီ ဆရာမကို သက်ဆိုင်ရာက ဘာမှမလုပ်ကြဘူးလားဟင်။ နုနယ်သေးတဲ့ ကလေးစိတ်ကို စကားလုံးတွေနဲ့  ဖိသတ်လိုက်တာ။ အဲဒီဆရာမ ထိုက်သင့်တဲ့ အပြစ်ဒဏ် ကျခံသင့်ပါတယ်။ နောက်ဆက်တွဲသတင်းလေး သိရင် ဝေမျှပေးပါ။

  5. 15 April 2011 4:10 pm

    Facebook မှာ share ခွင့်ပြုတဲ့ဆရာ့ကိုကျေးဇူးတင်ပါတယ်။ “လူကြီးတွေကလဲ “ဟဲ့… ကလေးမဟုတ်တော့ဘူးနော်”ဆိုတဲ့ စကားနဲ့ ဟန့်တာလေးတွေ ရှိလာပြီ။ သို့သော် ကလေးဆန်တာကို ဟန့်ချင်တဲ့အခါမှာသာ ကလေး မဟုတ်တော့ဘူးလို့ ပြောကြတာ၊ သိပ်လူကြီးဆန်လာပြန်ရင်လည်း “အရွယ်လေးကဖြင့် လက်တောက်လောက် ရှိသေးတယ်”တို့၊ ”အခုမှ လူဖြစ်မယ် ကြံရုံရှိသေး”တို့၊ “ကလေးက ကလေးလို မနေဘဲ လူပျိုဂိုက်၊ အပျိုဂိုက်ဖမ်းနေတယ်” ဆိုတာမျိုးတွေကိုလည်း လူကြီး မိဘတွေက အခါအားလျော်စွာ ပြောဖြစ်နေတတ်ကြပြန်ပါတယ်။” ဆိုတာကိုသဘောအကျဆုံးပဲ..

  6. Kyaw Myat Thu permalink
    29 May 2011 11:28 am

    ဆရာ ဒီပိုစ့်လေးကို facebook မှာရှယ်လိုက်ပြီနော်…

  7. ပြည့်စုံ permalink
    23 July 2011 4:20 pm

ှကျေးဇူးပါဆရာ

  8. ပြည့်စုံ permalink
    23 July 2011 4:21 pm

    ဆရာ့ရဲ့ ထိန်းမြားလက်ထပ်ရန်ဖြစ်လျက်ပင်ချစ်ကြင်နေနည်း စာအုပ်ဖတ်ချင်တယ်
    ရှာမရတော့ဘူး ဆရာ။

    • lettwebaw permalink*
      23 July 2011 11:07 pm

      ဟုတ်ကဲ့ခင်ဗျာ… ရှိပါတယ်… အခုတစ်လော ဆိုင်တချို့က ဘာဖြစ်လို့မှန်း မသိဘူး၊ သူတို့ပဲ အရောင်းအ၀ယ် မကောင်းလို့လား၊ တခြား အလုပ် ပြောင်းလုပ်ကြဖို့များ ကြံနေလို့လား မသိဘူး၊ ကျွန်တော်တို့ဆီက တချို့စာအုပ်တွေကို ရောင်းကောင်းလျက်နဲ့ မမှာကြဘူးဖြစ်နေပါတယ်။ ရန်ကုန်ကဆိုရင် အရုဏ်သစ်တို့၊ စာပေလောက ၂ တို့၊ အင်းဝ (ပန်းဆိုးတန်းရော၊ ဦးထွန်းလင်းခြံလမ်းပါ) ဆိုင်တွေမှာ မလွဲမသွေ ရရှိနိုင်ပါလိမ့်မယ် ခင်ဗျား။

      • ပြည့်စုံ permalink
        27 July 2011 1:16 pm

        ကျေးဇူးပါဆရာ။ လိုက်ရှာကြည့်လိုက်ပါဦးမယ်။

      • ပြည့်စုံ permalink
        28 July 2011 12:46 pm

        ကျေးဇူးပါဆရာ။ စာအုပ်ရပါပြီး။ စာပေလောက(3) ကနေပါ။

  9. ၀င်းမင်းဦး permalink
    24 July 2011 8:04 am

    ဆရာကျော်ရေး ဆောင်းပါးလေးကို..
    ဆယ်ကျော်သက်ရွယ် လူမမည်တို့
    ကောင်းရာအကျိုး ဆထက်တိုးရန်
    အုပ်ထိမ်းမိဘ ဆရာမနှင့်
    လူအပေါင်းလျှင် သိစေချင်၍
    ဖေ့စ်ဘုတ်ပေါ်၌ ရှယ်ပေးလိုက်သည်
    ကောင်းကျိုးဆယ်ဆ တွင်စေသော်ဝ်……
    (ရှယ်လိုက်ပါတယ်ဆရာ)
    ထီလာမောင်

  10. michelwatoke permalink
    24 July 2011 7:24 pm

    အလွန်တရာ အကျိုးရှိသော နေ့တစ်နေ့ အဖြစ် မှတ်ယူမိလိုက်ရပါတယ် ။

  11. Luna Nwe permalink
    31 July 2011 9:22 am

    သမီးတို့ ကျောင်းက ဆရာမတွေထဲမှာလဲ အဲလို ဆရာမတွေ ရှိပါတယ် ဆရာ… အင်တာနက်ဆိုင် သွားတဲ့ ကျောင်းသူကို စိတ်ဆိုးတာက စပြီး နင်တို့တွေ အပျိုရော စစ်ကြသေးရဲ့လားဆိုပြီး မိုက်မိုက်ရိုင်းရိုင်းတွေပါ ပါအောင် တစ်ခန်းလုံးကို ဆဲတာ သမီး ကိုယ်တိုင် ကြုံခဲ့ရပါတယ်… အခု အဲဒီ ဆရာမက ဒုတိယ ကျောင်းအုပ်တောင် ဖြစ်နေပြီ ဆိုပါလား… ဆရာရယ်…

  12. kyaw permalink
    31 July 2011 11:05 am

    ဒီ post လေးကို အခုမှ ဖတ်မိပါတယ်ဆရာ။ အဖတ်နောက်ကျလေခြင်းလို့ ခံစားမိပါတယ်။ share ခွင့်ပြုပါခင်ဗျာ။

  13. Zaw Lin Tun permalink
    20 August 2011 5:22 pm

    Sometime most of the parents couldn’t notice about that and also important for their children.
    Thank you for highlight that how to treat our children.

  14. Myo Maw permalink
    12 January 2012 6:19 pm

    ကျွန်တော်ငယ်ငယ်တုန်းက ဆရာမစာသင်နေတုန်း စကားပြောမိလို့ အတန်းရှေ့မှာ ဒူးထောက်ခဲ့ရတာကို သွားသတိရမိတယ်..ရိုးရိုးထောက်ခဲ့ရတာမဟုတ်ဘူး…ဆရာမစားထားတဲ့ ဇီးစေ့တွေကို ဒူးခေါင်းအောက်မှာထားပြီး ဒူးထောက်ခဲ့ရတာ…ဒီကြားထဲ လက်ကိုလည်း မြောက်ခိုင်းထားသေးတယ်…တခြားအတန်းက ဖြတ်သွားဖြတ်လာကျောင်းသားကျောင်းသူတွေက ဘာဖြစ်တာလဲ လို့မေးမေးသွားကြတယ်…ဘာမှပြန်မဖြေနိုင်ခဲ့ဘူး…နာလည်းနာ ရှက်လည်းရှက်…မျက်ရည်ဆိုတာ တောက်တောက်ကိုကျရောပဲ..။ နောင်ကျဉ်သွားအောင် အပြစ်ပေးတယ်ဆိုပေမယ့် ညီမျှခြင်းချလို့မရတဲ့ ပြစ်ဒဏ်မျိုးတွေ မပေးမိအောင် ကျွန်တော်တို့ကြိုးစားကြရပါမယ်။

  15. minthant969 permalink
    5 June 2013 12:55 am

    ဆရာ ကျွန်တော်က အရမ်းနောက်ကျပြီးမှ ဆရာ့အိမ်ကို ရောက်ခဲ့ရသူပါ။ “ဆယ်ကျော်သက်နှင့် အပြစ်ဒဏ်” ဆိုတာလေး ဖတ်ပြီး အရမ်းကို သဘောကျမိတယ်။ ကျွန်တော်ကိုယ်တိုင်ကလဲ ဆရာပြောတဲ့ လူကြီးတစ်ယောက်လို ဖြစ်နေတယ်။ ဒါကြောင့် အသိညာဏ်လေး ရအောင် ရေးသွားပေးတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်ဆရာ။ ဒီပို့(စ်)ကို facebook မှာ ပြန်တင်ခွင့် တောင်းပါတယ်ဆရာ။

    • lettwebaw permalink*
      8 June 2013 11:38 pm

      ဟုတ်ကဲ့ပါဗျာ၊ ခွင့်တောင်းတဲ့အတွက် လေးစားစွာ ကျေးဇူးတင်ပါတယ်။ ကျွန်တော့် site ကို ရည်ညွှန်းပြီး ပြန်တင်နိုင်ကြောင်းပါ ခင်ဗျား။

  16. Maung Maung permalink
    9 June 2013 9:55 am

    ဆရာရေးတဲ့ စာတွေကို အတော်များများဖတ်ဖြစ်ခဲ့ပါတယ်။ ဒီအတွက်ကျေးဇူးလည်းတင်ပါတယ်။ ပို့(စ်)တစ်ခုစီတိုင်းမှာ အင်မတန်မှတ်သားစရာ ကောင်းတဲ့ အချက်တွေအများကြီးပါ ပါတယ်။ ” နှုတ်မှုရေးရာ စဉ်းစားစရာ” ဆိုတဲ့ ပို(စ်)ကိုလည်းအတော်သဘောကျပါတယ်။ ဒီပို(စ်)ထဲမှာပါတဲ့ ကောင်မလေးကိုဆုံမတဲ့ဆရာမ
    က အတော်ကို အဆင်အခြင်မဲ့တာပဲ။ ဒီအတွက်အဲဒီလိုမျိုး ဆရာ၊ ဆရာမမျိုးကို အပြင်းအထန်ဝေဖန်ပါတယ်။ ကျွန်တော်ထင်တယ် အဲဒီဆရာမက အပျိုကြီးပဲ ဖြစ်ပါလိမ့်မယ်။ တစ်ချို့တွေက သားသမီးမရှိတော့ ကိုယ်ချင်းစာစိတ် မရှိကြပါဘူး။ ကျွန်တော် ဆယ်တန်းတုန်းက ဆရာတစ်ယောက်က ကျွန်တော့် နဲ့ သူငယ်ချင်းနှစ်ယောက်ကို လူတောထဲမှာ အရှက်ခွဲတယ် တကယ်တော့လည်းကျွန်တော်တို့မမှားပါဘူး။ ကျွန်တော့်ရင်ထဲမှာ ခုအချိန်အထိ အစိုင်အခဲကြီးဖြစ်နေတုန်းပါ။ အေးအေးဆေးဆေးခေါ်ပြီး ဆုံးမရင်လည်းရပါတယ်။ လက္ခံပါတယ် ဒါပေမယ့် လူတောထဲမှာ အရှက်ခွဲခံခဲ့ရပါတယ်။ အဲဒီကောင်မလေးကို ကိုယ်ချင်းစာတယ် နားလည်ပါတယ်၊ ဒီလို ကိုယ်ချင်းစာစိတ်မရှိ၊ အသုံးမကျ၊ မဆုံးမတတ်တဲ့ ဆရာမတွေ ရှိနေသ၍တော့ နောင်လည်း ဒီလည်းဒီလိုသတင်းတွေကြားနေရအုံးမယ်ထင်ပါတယ်၊ ဒီပို(စ်)ကို ဖတ်ရတာစိတ်မကောင်းပါဘူး၊ ဒါပေမယ့် ဆင်ခြင်စရာ ဗဟုသုတတော့ရပါတယ် ဆရာ။ ဆရာခင်ဗျာ ဆရာရေးတဲ့ တစ်ချို့ပို(စ်)တွေကို ကျွန်တော်ကူးယူထားချင်ပါတယ်၊ တစ်ချို့စာတွေ မဖတ်ရသေးလို့ပါ အလုပ်အားတဲ့ အချိန်ဖတ်ချင်လို့ပါ။
    ကျေးဇူးတင်ပါတယ်ဆရာ….။

  17. PaingNway permalink
    15 June 2013 9:42 am

    ကျွန်တော် ၈ တန်းတုန်းက ပထမဆုံး ကျောင်းပြေးပြီး ရေသွားကူးဖူးတယ် ကျောင်းမှာ ကျွန်တော့်အမေလည်း စာသင်တယ်ဗျ… aနာက်နေ့ ကျောင်းတတ်တော့ ကိုယ့်အမေက ကျောင်းဆရာမ… ဆရာမသားတစ်ယောက်က အဲလိုလုပ်ရလားဆိုပြီး အတန်းပိုင်ဆရာမက…..တစ်တန်းလုံးရှေ့မှာ ပြောပြီး တစ်နာရီ ဒူးထောက်ခိုင်းတယ်ဗျာ… အစကတော့ အရမ်းရှက်တာပေါ့… တစ်ချို့ ကျောင်းသားတွေက ကျွန်တော့်ကို ဆရာမသားဆိုပြီး ကြည့်မရတဲ့ လူတွေရှိတယ်။ သူတို့ကိုလည်း ရှက်တယ်… နည်းနည်းကြာလာတော့ သူတို့ကို ပြန်သနားလာတယ်ဗျ…. ငါ ပျော်ပြီး ရေကူးနေတဲ့ အချိန်တွေမှာ သူတို့ကတော့ အတန်းပိုင်ဆရာမရဲ့ အဆူခံ အဆဲခံပြီး စက်ရုပ်တွေလို နေနေရတာဆိုတဲ့ အတွေးဝင်လိုက်ပြီးကတည်းက ကျွန်တော် လွတ်လပ်သွားတယ်ဗျာ…. ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်တတ်တော့ဘူး… နောင်တဆိုတာလဲ သတိမပြုမိတော့ဘူး… အခုဆို ကျွန်တော် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကျွန်တော်ရပ်တည်သွားနိုင်တယ်ဗျ… မကြောက်တော့ဘူး… ဘယ်သူ့ကို ကျေးဇူးတင်ရမှန်းလည်း မသိဘူး အတန်းပိုင်ဆရာမကိုလား ကျွန်တော့်ကို အမြင်ကပ်တဲ့ ကျောင်းသားတွေကိုလား…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: