Photos in My Heart

ရင်ထဲက ဓာတ်ပုံ

၁။

ဓာတ်ပုံတိုင်းက ဇာတ်လမ်းတစ်ပုဒ်စီကို ပြောနေကြတယ်တဲ့။

ဟုတ်မယ်။ တစ်လောဆီက အင်တာနက်ထဲမှာ ဗြိတိသျှ စာကြည့်တိုက်ရဲ့ ဓာတ်ပုံသိုက်တစ်ခု သွားတွေ့တယ်။ အဲဒီ့မှာ ၁၈၈၅-၈၆ခုနှစ် လောက်က မန္တလေးတို့၊ ရန်ကုန်တို့ရဲ့ မြင်ကွင်းတွေကို ပုံနှိပ်ယူလို့ ရတဲ့ အရည်အသွေးနဲ့ မြင်တွေ့ရပါတယ်။ မန္တလေးကို သိမ်းဖို့အတွက် ဂေါဝန်ဆိပ်ကနေ ဗြိတိသျှ စစ်သားတွေ တက်လာတဲ့ ပုံတွေတောင် ပါသေးတယ်။ အဲဒီ့အချိန်မှာ ဆိပ်ကမ်းအနီးတဝိုက်မှာ ရှိနေကြတဲ့ အရပ်သူ အရပ်သားတွေက ကြည့်ချင်ပွဲတစ်ပွဲကို ကြည့်နေကြသလို အုံပြီး ကြည့်နေကြတာကို တွေ့ရတယ်။

ကျွန်တော်က မန္တလေးသားဆိုတော့ မန္တလေးနဲ့ ပတ်သက်တဲ့ ပုံတွေကိုပဲ အဓိကထားပြီး ကြည့်မိသွားရတယ်။ ဟုတ်တယ်… ဓာတ်ပုံတိုင်းက ဇာတ်လမ်းတစ်ပုဒ်စီကို ပြောနေကြတာ အမှန်ပါပဲ။

သီပေါမင်း၊ စုဖုရားလတ်၊ စုဖုရားကြီးဆိုတာလည်း အဲတော့မှ မြင်ဖူးတယ်။ ကုလားဖြူတွေကို ခံတိုက်ဖို့အတွက် လက်နက်အပြည့်အစုံနဲ့ သီပေါရဲ့ စစ်သင်္ဘောလည်း အဲတော့မှ မြင်ဖူးတယ်။ အဲဒီ့ဓာတ်ပုံတွေ မမြင်ဖူးခင်က မြန်မာတွေက လက်နက်အင်အား ချို့ငဲ့လို့ ခံလိုက်ရတယ် မှတ်တာ။ ဘယ်ဟုတ်မလဲ စစ်သင်္ဘောတွေလည်း ရှိသတဲ့။ အင်းဝခံတပ် မှာဆိုလည်း အမြောက်တွေနဲ့။

ဓာတ်ပုံတွေက ပြောပြနေတဲ့ ဇာတ်လမ်းတွေပေါ့။ စာဖတ်သူ လူကြီးမင်းများလည်း ကိုယ့်ဘာသာ အဲဒီ့ဇာတ်လမ်းများကို မှန်းဆကြည့်ချင်ပါရင် British Library On Line Gallery မှာ ဝင်ကာ  mandalay လို့ ရိုက်ထည့်ပြီး ရှာလိုက်ရင် ပုံငါးရာကျော် တွေ့ရနိုင်ပါတယ် ခင်ဗျား။

၂။

ကျွန်တော့် ပုဂ္ဂလိကဘဝမှာလည်း ဓာတ်ပုံတွေ အတော်များများ ရှိခဲ့ဖူးတယ်။

ကျွန်တော် မွေးကင်းစတုန်းက ပုံတွေ၊ ကလေးဘဝက ပုံတွေ၊ ရှင်ပြုတုန်းက ပုံတွေ၊ လူပျိုဖော် ဝင်ခါနီးပုံတွေ၊ လူပျိုပေါက်တုန်းက ပုံတွေသာမကဘဲ ကျွန်တော့်မေမေ အပျိုတုန်းက ပုံ၊ အမေ့ဘက်က အဘိုးနဲ့ အဘွားပုံ စသဖြင့် အထိုက်အလျောက် ရှိခဲ့ဖူးပါတယ်။

အလားတူပဲ၊ ဖေဖေ လူပျိုဘဝ ရေတပ်မှာ တာဝန်ထမ်းဆောင်စဉ်က ပုံတွေအပါအဝင် အဖေ့ပုံအမျိုးမျိုးလည်း ရှိဖူးတယ်။ ဒါတင်မက ကျွန်တော် လူပျိုပေါက်အရွယ် စိတ်ကစားစဉ်အချိန်က အရူးအမူးဖြစ်ခဲ့ရသူများရဲ့ ပုံတချို့တောင် ကျွန်တော့်မှာ ရှိဖူးတယ်။

အဲဒီ့ပုံတွေသာ အခုနေ ရှိနေရင် ပုံတစ်ပုံစီက ဇာတ်လမ်းတစ်ပုဒ်စီကို ပြောပြနေမှာ သိပ်ကို သေချာလှပါတယ်။

သို့ပေမယ့် ကျွန်တော့် ပုဂ္ဂလိက ဘဝထဲမှာ ငယ်ဘဝ ဓာတ်ပုံတွေက မရှိသလောက် ရှားသွားပြီ ဖြစ်သလို အမေနဲ့ အဖေတို့ရဲ့ ဓာတ်ပုံဆိုတာလည်း မနည်း လိုက်ရှာတော့မှ နှစ်ပုံစီလောက်သာ ရနိုင်ပါတယ်။

တော်တော် ကြေကွဲစရာ ကောင်းတာပါ။

၃။

ကျွန်တော်တို့ မိသားစုက သုံးယောက်ရှိတယ်။ အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ်ပေါ့။ ဒါပဲ ရှိတာ။

အဲဒီ့မိသားစုမှာ ဓာတ်ပုံစာအုပ်က မှတ်မှတ်ရရ နှစ်အုပ် ရှိဖူးတယ်။ မေမေ အပျိုတုန်းက ဓာတ်ပုံစာအုပ်က တစ်အုပ်၊ အဖေနဲ့ အိမ်ထောင်ကျပြီးမှ ထပ်ထားတဲ့ ဓာတ်ပုံစာအုပ်က တစ်အုပ်။ မေမေ့စာအုပ်ထဲမှာ မေမေ့ သူငယ်ချင်းတွေ၊ မေမေ့ တပည့်တွေအပြင် မေမေ့အသည်းစွဲ ရုပ်ရှင်မင်းသမီး၊ အဆိုတော်ကြီး (ဒေါ်)မေရှင့်ပုံတွေပါ ပါနေခဲ့တာကို မှတ်မိနေပါတယ်။

ဒါပေမယ့် အဲဒါတွေ အားလုံး အခုအခါမှာ မရှိတော့ပါဘူး။

တော်တော် ကြေကွဲစရာ ကောင်းတာပါ။

၎။

ဖြစ်ပုံက သည်လိုပါ။

ကျွန်တော့်မေမေဟာ စိတ်ဒဏ်ရာ အရင့်အမာနဲ့ သူ့ဘဝရဲ့ ၇၅ နှစ် သက်တမ်းကို ဖြတ်သန်းသွားသူဖြစ်ပါတယ်။ သူ့ကို မလိုချင်ဘဲ အမျိုးမျိုး ဖျက်ချဖို့ ကြိုးစားတဲ့ကြားက လူဖြစ်လာ၊ လူ့လောကထဲ ဝင်မယ့်ဆဲဆဲမှာလည်း သူ့ကို မလိုချင်၊ မလိုချင်တော့ မအေ့အသက်နဲ့ ကလေးအသက် ဘယ်သင်းကို ယူမလဲလို့ ဖအေလုပ်သူကို မေးတဲ့အခါ မအေ့အသက်ပဲ ယူမယ်လို့ ပြောလိုက်။ ဆရာဝန်ကလည်း ဒါနဲ့ ကလေးကို ညှပ်နဲ့ဆွဲပြီး မွေး။ အသေလေး မွေးတယ်အမှတ်နဲ့ နီးရာ စားပွဲပေါ် သည်တိုင်း ပစ်တင်ထားပြီး သေလုမျောပါး ဝေဒနာ ခံစားနေရတဲ့ မီးဖွားပြီးစ မိခင်ကိုပဲ ဂရုစိုက်နေ။ အဲဒီ့အခိုက်မှာမှ အသေလေး မွေးထားတယ်လို့ ထင်တဲ့ (ကျွန်တော့်မိခင်လောင်းလျာ) မွေးကင်းစလေးက လှုပ်လိုက်ပြီး စားပွဲ ပေါ်က ပြုတ်ကျ။ မွေးပြီးလို့ မိနစ်ပိုင်းတင် ခေါင်းပေါက်သွားခဲ့ရ။

ဟား… ဆိုးလိုက်တဲ့ အဖြစ်ဗျာ။ သည်အဖြစ်ဆိုးကို ထိန်ချန် မထားကြဘဲ ကျွန်တော့်အမေ သိအောင် ပြောပြခဲ့ကြလို့ ကျွန်တော့်အမေက ကျွန်တော့်ကို ပြန်ပြောပြလို့ ကျွန်တော်တောင် သိခွင့်ရတဲ့အဆင့်အထိ ရောက်လာခဲ့ပါတယ်။ အဲသလို ပြောပြသူတွေကလည်း ကျွန်တော့်အမေရဲ့ မိရင်း ဘရင်းများ ကိုယ်တိုင် ဖြစ်နေကြတာလည်း အမှန်ပါပဲ။ သည်လောက်တောင် အသိဉာဏ်ဆင်းရဲရကောင်းလားလို့ ကိုယ့်အဘိုး၊ ကိုယ့်အဘွားကို အပြစ်တင်ချင်သလို ဖြစ်မိခဲ့ဖူးပါသေးတယ်။

ဒါပေမယ့် အစမှာ ဖော်ပြခဲ့တဲ့ အဲဒီ့အချိန်က မန္တလေးသူ မန္တလေးသားများရဲ့ ဓာတ်ပုံတွေက ပြောနေတဲ့ ဇာတ်လမ်းတွေကို ပြန်ကြည့်မိတော့ အပြစ်မတင်ရက်တော့ဘူး။ သူ့ခေတ်နဲ့တော့ သူတွင်ကျယ်ပေါ့။

အဓိက ပြောလိုရင်းက မေမေက အဲဒီ့ စိတ်ဒဏ်ရာကြီး ရှိနေခဲ့တာ။ ဒါ့အပြင် မေမေ့ကို မွေးပြီးတော့လည်း ဂြိုဟ်ကောင်မလေး၊ စနေဂြိုဟ်လေးဆိုတဲ့ အစွဲတွေနဲ့ ငယ်ဘဝမှာ ကောင်းကောင်း နှိပ်စက်ခဲ့ကြပြန်တယ်။ သမီးလေး တစ်ယောက်တည်းရယ်လို့လည်း တန်ဖိုး မထားကြဘူး။ သမီး၊ မိန်းမဆိုတာကို တန်ဖိုးမထားဘဲ ခွဲခြားဆက်ဆံကြတဲ့ ခေတ်ကာလလည်း ဖြစ်တာကိုး။

အဲတော့ မေမေဟာ စိတ်ဒဏ်ရာ အရင့်အမာနဲ့ လူဖြစ်ခဲ့ရတယ်။ အဖေနဲ့ ရတော့လည်း အဖေက မဟာဖိုဝါဒနဲ့။ အမေ့ စိတ်ဒဏ်ရာကို သေသည်အထိ နားလည်မသွားဘဲ သူ စိတ်တိုင်းမကျတိုင်း အမေ့ကို ဖိရိုက်တဲ့ နည်းနဲ့သာ သူ့အိမ်ထောင်ရေးဘဝကို ကျော်လွှားသွားခဲ့ပါတယ်။ အဲတော့ မေမေ့စိတ်ဒဏ်ရာက သက်သာမလာဘဲ တစ်သက်လုံး တစ်တိ တစ်တိနဲ့ အုံကျင်းဖွဲ့လာရပါတော့တယ်။

မေမေ့မှာ နိုင်လို့ရတာ ဘာမှ မရှိရှာဘူး။ ကျွန်တော် ငယ်ငယ်တုန်းကတော့ ကျွန်တော့်ကို နိုင်လို့ ရချင်ရမှာ ဖြစ်ပေမယ့် မိခင်စိတ်နဲ့ ညှာခဲ့မှာပါ။ အဲတော့ သူ နိုင်လို့ ရတာက ဓာတ်ပုံတွေပါ။

အဖေ့ကို မကျေနပ်တိုင်း အဲဒီ့ဓာတ်ပုံတွေကို အမေက ရမယ်ရှာခဲ့ပါတယ်။ ပထမတော့ အဖေနဲ့ သူနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေထဲက တချို့တွေကို အဖေ့ဘက် တစ်ခြမ်း ကပ်ကြေးနဲ့ ကိုက်ကာ လှီးဖြတ်ပစ်ပြီး မီးရှို့ပစ်တတ်တာ ကျွန်တော် ငယ်ငယ်ကတည်းက မကြာခဏ ကြုံခဲ့ဖူးပါတယ်။

အဲတုန်းက ကျွန်တော်က ကလေးလည်း ကလေး၊ ကျွန်တော့်ကိုပါ ကျွဲရိုက်၊ နွားရိုက်ရိုက်တတ်ရုံတင်မက ကျွန်တော် သိပ်ချစ်တဲ့ ကျွန်တော့် အမေကိုပါ ကျွန်တော့် မျက်စိအောက်တင် လူမဆန်စွာ ရိုက်နှက် နှိပ်စက်တာတွေကို တစ်လမှာ ရက် ၂၀ လောက် မြင်ထားရတဲ့ အရှိန်ကလည်း ရှိနေတော့ အမေ လုပ်နေတာတွေကို တားရကောင်းမှန်း မသိတဲ့အပြင် စိတ်ထဲက ကျိတ်ပြီးတောင် အားရနေမိခဲ့သလား မသိဘူး။

၅။

အမေနဲ့ အဖေနဲ့က စုစုပေါင်း ၂၃ နှစ်နီးပါး ပေါင်းလိုက်ရတယ်။

ဖေဖေ မရှိတဲ့ အချိန်မှာ ဖေဖေ့ဓာတ်ပုံတွေကလည်း မကျန်သလောက် ဖြစ်သွားပါပြီ။

ကျွန်တော်ကလည်း အခု အသက် ၅၃ နှစ်ရောက်တော့မှသာ မေမေ့ စိတ်ဒဏ်ရာ၊ ဘာညာနဲ့ လျှောက်ရေးမိတော့တာ၊ အဖေကွယ်ချိန် အသက် ၁၉ နှစ်သားတုန်းကတော့ ဒါတွေ ဘယ်နားလည်ပါ့မလဲဗျာ။ ကျွန်တော့်အမေနဲ့ ကျွန်တော်နဲ့က တော်တော် အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။ မေမေကလည်း ကျွန်တော့်ကို စိတ်တိုင်းမကျပါဘူး။

ဆိုးသွားတာက မေမေက ကျွန်တော့်ကို မွေးထားတာဆိုတော့ သူ နိုင်လို့ ရမယ်လို့ ထင်ထားတယ်။ ခက်တာက ကျွန်တော်ကလည်း လူလေးလည်း တစ်နေ့တခြား ဖြစ်လာ၊ အမေကိုလည်း ခါးချိအောင် ကားမောင်းပြီး ရှာကျွေးနေရတော့ လူဝါးက ဝ၀လာတယ်။ အမေ ပြောရင် မခံတော့ဘူး။  အမေနဲ့ ထိပ်တိုက်တွေ ဖြစ်လာတယ်။

အဲဒီ့မှာတင် ကျွန်တော့် ဓာတ်ပုံတွေလည်း စတင် ထိုးနှက်ခံရတော့တာပါပဲ။

ဇာတ်ရှိန်တက်သွားတာက မေမေ သဘောမတူတဲ့ မိန်းမကို ယူလိုက် တာပါ။ မေမေ သဘောမတူတဲ့ မိန်းမဆိုလို့ တစ်မျိုးတော့ မထင်လိုက်ကြ ပါနဲ့။ စာရိတ္တတွေ၊ ဉာဏ်ရည်တွေနဲ့ မဆိုင်ပါဘူး။ မေမေ့ ပေတံနဲ့ မကိုက် ညီတာ သက်သက်ပါ။

အဲဒီ့နောက် ချွေးမနဲ့ ယောက္ခမ ဘောက်ကျကြ၊ ကျွန်တော်က တစ်အိုးတစ်အိမ်လည်း ခွဲလိုက်ရော၊ ဟား… မေမေ့ရဲ့ ဒေါသတွေဟာ ကျွန်တော့်ဓာတ်ပုံတွေ အပေါ်မှာ ကျရောက်သွားပါတယ်။ ကျွန်တော်တို့ အိမ်ထောင်သက် နှစ် ၁၇ နှစ်ကျော် အကြာမှာ မေမေ ဆုံးပါတယ်။ (ကံအားလျော်စွာ ကျွန်တော့် လက်ပေါ်မှာပဲ ဆုံးသွားတာပါ။)

အဲဒီ့ ၁၇ နှစ်သက်တမ်းအတွင်းမှာ မေမေဟာ သူနိုင်မယ့်နည်းနဲ့ ကျွန်တော့်ကို အရေးယူတဲ့ အလုပ်တွေ လုပ်ပါတယ်။ အဲဒါကတော့ ဓာတ်ပုံတွေ အားလုံးသာမက ဓာတ်ပုံစာအုပ်များကိုပါ စုပ်စမြုပ်စ မကျန်အောင် ဖျက်ဆီးပစ်ခဲ့တာပါပဲ။

၆။

ဓာတ်ပုံတိုင်းဟာ ဇာတ်လမ်းတစ်ပုဒ်စီကို ပြောနေကြတယ်တဲ့။

ဟုတ်ကဲ့… ကျွန်တော့်မှာ ဇာတ်လမ်း မရှိတော့ပါဘူး။ ကျွန်တော် မွေးခဲ့တဲ့ ဇာတ်လမ်း မရှိဘူး။ ငယ်ဘဝ ဇာတ်လမ်း မရှိဘူး။ လောပိတမှာ နေခဲ့တဲ့ ဇာတ်လမ်း မရှိဘူး။ မန္တလေးမှာ နေခဲ့တဲ့ ဇာတ်လမ်းလည်း မရှိဘူး။  လူပျိုဖော်ဝင်ချိန်နဲ့ လူပျိုပေါက်အရွယ်၊ ရွှေစက်တော်ကို၊ ကျိုက်ထီးရိုးကို၊ ပုဂံကို သွားခဲ့တဲ့ ဇာတ်လမ်းတွေလည်း မရှိတော့ဘူး။ ကျွန်တော် ချစ်တဲ့ အမေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလည်း မရှိတော့ဘူး။ အမေချစ်တဲ့ ခင်တဲ့ သူတွေရဲ့ ဇာတ်လမ်းတွေလည်း မရှိတော့ဘူး။

အားလုံး စုပ်စ မြုပ်စပျောက်။

၇။

တော်သေးတယ်၊ အဖေနဲ့ အမေနဲ့ မင်္ဂလာဆောင်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံရယ်၊ အမေကိုယ်တိုင် တမင် သေချာကူးပြီး ချန်ထားခဲ့တဲ့ အမေ ငယ်ငယ်က ဓာတ်ပုံတစ်ပုံရယ်၊ ချောင်ကြိုချောင်ကြားက ထွက်လာတဲ့ အဖေ့ဓာတ်ပုံတစ်ပုံရယ် ရှိနေလို့သာ ကျွန်တော့် သားနဲ့ သမီးမှာ သူတို့အဖေဟာ မိစုံဖစုံနဲ့ မွေးလာခဲ့တာမှန်း မှန်းဆနိုင်ကြလိမ့်မယ်။ တကယ့်တကယ် ကျွန်တော့်မှာ တခြား ပြစရာ မရှိတော့ဘူး။ ကျွန်တော့်ဆီမှာ ရှိနေတဲ့ ကျွန်တော် အငယ်ဆုံး ဓာတ်ပုံက အသက် ၂၀ အရွယ်လောက်က ပုံတွေသာ ဖြစ်ပါတယ်။

အဲဒီ့ရှေ့ပိုင်း နှစ် ၂၀ လုံးလုံးက မရှိတော့ဘူး။

၈။

ပြောရင်းနဲ့ ကြေကွဲလာပါတယ်။ ပြန်စဉ်းစားမိတဲ့အခါတိုင်းလည်း တကယ် ကြေကွဲရပါတယ်။

ဒါပေမယ့် လူ့စိတ်ဆိုတာ ကြေကွဲစရာကို ကြိတ်ဖြေတတ်တဲ့အမျိုး ဆိုတော့ သူ့ဟာနဲ့သူတော့ ဖြေယူရတာပေါ့ဗျာ။

ဘာမှ မရှိတော့ဘူးဆိုတော့လည်း ရှင်းသွားတာပေါ့။ အတိတ်ကို အတိတ်မှာပဲ ထားလိုက်ကြစို့ရဲ့ပေါ့။

ဒါပေမယ့် တကယ်တော့ အတိတ်က ဓာတ်ပုံထဲမှာ ရှိနေတာ မဟုတ်ပါဘူး။ ကျွန်တော့် ရင်ဘတ်ထဲမှာ ရှိနေတာ။

အခုပဲ ကြည့်လေ… ကျွန်တော့်အတိတ် တစ်စွန်းတစ်စကို စာဖတ်သူလူကြီးမင်းတွေတောင် ဖျိုးခနဲ ဖျတ်ခနဲ မြင်လိုက်ကြရပြီ မဟုတ်ပါလား။

ဓာတ်ပုံလေးနဲ့ပါ ပြနိုင်ရင်တော့ ပိုလို့ ဝေဝေဆာဆာ ဖြစ်မှာပါ။ သို့ပေမယ့် ဓာတ်ပုံမပါသည့်တိုင် ကျွန်တော့် ရင်ဘတ်ထဲက ဝေဒနာတွေကို လက်ဆင့်ကမ်းပေးလိုက်တော့ အခုလည်း စာဖတ်သူလူကြီးမင်းရဲ့ ရင်ထဲကို တစ်စိတ်တစ်ပိုင်းတော့ ရောက်သွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

၉။

ကိုယ့်ဘဝကိုယ် အချဉ်ပေါက်ပေါက်နဲ့ပဲ ပြောလိုက်ချင်ပါတယ်။

ဓာတ်ပုံတွေ ရှိတာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် မရှိတော့လည်း ဘာဖြစ်သေးတုံးဗျာလို့။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ဝ၁၀၈၁၀)

(မြန်မာနိုင်ငံ ဓာတ်ပုံအသင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ် အဖြစ် ၂၀၁၁ ခုနှစ် မတ်လမှာ ထုတ်ဝေတဲ့ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။)
Advertisements

7 thoughts on “Photos in My Heart

  1. ရှဲခွင့်ပြုပါဆရာရှင့်…. တကယ်ကို သိစေချင်တဲ့ လူတွေ ရှိလို့ပါ… သူတို့ချည်းပဲ ဘဝ ဆိုးတယ် ဆိုပြီး မိဘကို စိတ်နာနေကြသူတွေ ရှိပါတယ်

  2. ရင်နာစရာ အတိတ်ပုံတွေကိုတော့ ပြန် မကြည့် ဖြစ်တာ ပဲ ကောင်းပါလိမ့်မယ် ထင်ပါတယ် ဆရာ ရေ.. ( တခါတလေတော့လည်း ဓါတ်ပုံဟောင်းလေးတွေကို ပြန်ကြည့်ပြီး လွမ်းမောရတာ လည်း အရသာ တမျိုးပါပဲ နော် .)

  3. ကောင်းလိုက်တာဆရာရယ်…….ဒီ post ကို ခါတိုင်းလိုပဲ ပညာပေး/ မှတ်သားစရာ /…………/……… တွေ ထင်ပြီး ဖတ်ကြည့်မိတာပါ…….ဖတ်လို့ ပြီးသွားတဲ့အချိန်မှာ ရင်ထဲမှာ ခံစားမှုတစ်ခု ကျန်ရစ်သွားတယ်…..အရမ်းကို ကောင်းပါတယ်ဆရာ…….( ကျွန်တော်က အမြဲလိုလို ၀င်ဖတ်တတ်ပေမယ့် ဘာမှ ၀င်မရေးဘဲ ဒီအတိုင်းလှည့်ပြန်သွားတတ်တဲ့သူပါ…….ဒီတစ်ခါတော့ ရင်ထဲမှာ ထိထိခိုက်ခိုက် ဖြစ်သွားလို့ ၀င်ရေးမိပါတယ်ခင်ဗျာ…..)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s