Skip to content

On a Thai Train

19 May 2011

ဇင်းမယ်-ဘန်ကောက်-ဇင်းမယ်သွား ရထားပေါ်ဝယ်

ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့မှာ တစ်ချိန်က ဇင်းမယ်လို့ ခေါ်ပြီး အခုတော့ ‘ချင်းမိုင်‘လို့ လူသိများတဲ့ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော်ကို ရောက်သွားပါတယ်။ မနှစ်က ပထမဆုံးအကြိမ် စရောက်ခဲ့ရပြီးကတည်းက သည်မြို့လေးကို ကျွန်တော် ချစ်နေမိတယ်။ မန္တလေးနဲ့ ဆင်သလိုလို ဘာလိုလိုမို့လားတော့ မသိဘူး။ သူ့မှာလည်း သူ့ပုံစံ ကျုံးနဲ့၊ မြို့ရိုး အပြိုအပျက်တွေနဲ့မို့လည်းပါရဲ့။ ဘန်ကောက်လို မွန်းကျပ်ရှုပ်ထွေးမှု မရှိဘဲ အေးအေးသက်သာရှိတဲ့ ၀န်းကျင်မို့လည်းပါရဲ့။

ကျွန်တော့်သဘောနဲ့ ကျွန်တော်သာ ဆိုရင်တော့ ဘယ်မှ ဆက်မသွားဘဲ ချင်းမိုင်မှာပဲ စတည်းချမိမှာ သေချာပါတယ်။ အခုတော့ နိုင်ငံရပ်ခြားကို တစ်ခါမှ မရောက်ဖူးသေးလေသူ ကျွန်တော့်သမီးတော် ငါးကျည်းကြော်ရဲ့ အလိုဆန္ဒကို လိုက်လျောပြီး ဘန်ကောက်ကို သွားဖို့ ခရီးစဉ် ထည့်ဆွဲခဲ့ပါတယ်။ ချင်းမိုင်ကနေ ဘန်ကောက်ကို သွားဖို့တော့ လေယာဉ် စီးမနေတော့ဘဲ ရထားစီးဖို့တော့ ကျွန်တော်ကပဲ ဆုံးဖြတ် ရွေးချယ်ထားနှင့်ခဲ့တယ်။

ခက်တာက ချင်းမိုင်မှာ ကျွန်တော်နဲ့ ကိုယ်ရင့်တတူ ရင်းနှီးတဲ့သူ မရှိဘူး။ အသိအကျွမ်းလည်း ကောင်းကောင်းကန်းကန်း ရှိလှတာ မဟုတ်ဘူး။ မနှစ်က တစ်ခေါက်သွားတုန်းက သိခဲ့တဲ့သူ တစ်ယောက် ရှိတယ်။ ကျွန်တော့် ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ ချစ်သူရည်းစားအဖြစ် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က သိကျွမ်းခင်မင်ခဲ့ဖူးသူ တစ်ယောက် ရှိတယ်။ သို့သော် သူတို့တွေမှာကလည်း သူတို့အလုပ်နဲ့သူတို့ ဖြစ်နေသလို သိပ်လည်း အရင်းကြီး မဟုတ်တော့ ရထား လက်မှတ်ကို ကြိုဝယ် ခိုင်းထားလို့ မရဘူး။

အို. . . ဖြစ်ချင်ရာဖြစ် ဆိုပြီး ညနေငါးနာရီလောက်မှာ ချင်းမိုင်မြို့ထဲ ရောက်ပြီး ချက်ချင်းလိုပဲ ဘူတာရုံကို ပြေးသွားခဲ့ပါတယ်။ ဟိုကျတော့ လက်မှတ်ရုံမှာက ကျီးနဲ့ ဖုတ်ဖုတ်။ တာဝန်ကျ အရောင်းစာရေးလေး တစ်ယောက်ပဲ ရှိရှာတယ်။ သို့သော် သူက လေအေးစက် တပ်ဆင်ထားတဲ့ အခန်းထဲမှာ သန့်လို့ ပြန့်လို့ရယ်။ သူ့ရှေ့မှာလည်း ကွန်ပျူတာနဲ့။

ကျွန်တော်က နက်ဖြန်ညရထားနဲ့ ဘန်ကောက်ကို သွားလိုကြောင်း ပြောတော့ သူက ကွန်ပျူတာမှာ နှိပ်ကြည့်ပြီး ထိုင်ခုံနဲ့ သွားရမယ့် ရထား ရှိကြောင်း ပြောပါတယ်။ အိပ်စင်ရထားတော့ မရနိုင်တော့ဘူးတဲ့။ ဘာဖြစ်ဖြစ် သွားတာပေါ့။ ရထားခ ဘတ်ငွေ ၆၆၁ ဘတ် ကျသင့်ပါမယ်တဲ့။

ဒါဆို လေးစောင်ယူပါမယ်လို့ ကျွန်တော် ပြောလိုက်တယ်။ သူက ကျွန်တော့် နာမည်ကို စာလုံးပေါင်းခိုင်းတာနဲ့ ကျွန်တော်လည်း သတ်ပုံခေါ်သလို တစ်လုံးချင်း ပြောပြလိုက်ပါတယ်။ ဒါလေးတစ်ခုပဲ သူ မေးတယ်။ ကျွန်တော် ပိုက်ဆံပေးတယ်။ တစ်မိနစ်လောက်အတွင်းမှာ ကွန်ပျူတာနဲ့ ပုံနှိပ်ထားတဲ့ ရထားလက်မှတ်တွေ ထွက်လာပါတယ်။ အရောင်းစာရေးလေးက ကျွန်တော့်ကို လက်မှတ်ဖြန့်ပြပြီး ကျွန်တော့်နာမည် စာလုံးပေါင်း မှန်မမှန် စစ်ခိုင်းပါတယ်။ ပြီးတော့ တွဲနံပါတ်နဲ့ ထိုင်ခုံနံပါတ်တွေကို တစ်စောင်ချင်း ထောက်ပြပေးပါတယ်။ လေးစောင်စလုံးမှာ ကျွန်တော့်နာမည်နဲ့ပါပဲ။

လွယ်ချင်တော့လည်း ကျွန်တော့်ဘ၀ သက်တမ်း ၅၄ နှစ်နီးပါး အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရထားလက်မှတ် လေးစောင်ကို လွယ်လွယ်ကူကူ ၀ယ်ယူ ရရှိခဲ့ဖူးတဲ့ အဖြစ်လို့ မှတ်တမ်းတင်ရတော့မလို ဖြစ်သွားပါတော့တယ်။ ဒါနဲ့ကျွန်တော်လည်း ဘူတာထဲက ပြန်ထွက်ခဲ့ပါတယ်။ ဒုတိယမြို့တော်ရဲ့ ဘူတာ ဆိုပေမယ့် မခမ်းနားဘူး။ မကြီးကျယ်လှဘူး။ မန္တလေးဘူတာကြီးနဲ့ ယှဉ်မယ်ဆိုရင် ကျယ်ပုံ၊ ကြီးပုံက ဆင်နဲ့ ဆိတ်လောက် ကွာခြားလှပေတယ်။ မန္တလေးဘူတာက ဆင်ဆိုရင် ချင်းမိုင်ဘူတာက ဆိတ်ပေါ့ခင်ဗျာ။

သည်လိုနဲ့ နောက်တစ်ရက် ညဦးပိုင်းမှာ ဘူတာကို ဆင်းခဲ့ကြတယ်။ ဘူတာရောက်တော့မှ မနေ့က တစ်ခါတည်း လုပ်ရမယ့် အလုပ်ကို အခုမှ သတိရပြီး လုပ်မိရပြန်တယ်။ အဲဒါကတော့ အပြန်လက်မှတ် စုံစမ်းဖို့ပါ။ ဒါနဲ့ မနေ့က လက်မှတ်ဝယ်တဲ့ နေရာကိုပဲ ပြန်သွားလိုက်တယ်။ စုံစမ်းလိုက်တယ်။

အိပ်စင်ရထား နှစ်စီး ရှိတယ်။ တစ်စီးက ၆ နာရီခွဲ၊ နောက်တစ်စီးက ၇ နာရီခွဲပါတဲ့။ မနေ့က လက်မှတ်ရောင်းပေးတဲ့သူကပဲ ပြောပြတာပါ။ သူ့မျက်နှာက အေးအေးချမ်းချမ်းပါပဲ။ ခက်ထန်တဲ့ မျက်နှာလည်း မဟုတ်သလို အလွန်အမင်း ဖော်ရွေပုံလည်း မပြပေမယ့် သူ့မျက်နှာကြောင့် တစ်စက်မှ စိတ်အနှောင့်အယှက် မဖြစ်ရပါဘူး။ ၆ နာရီခွဲ ထွက်တဲ့ ရထားက ချင်းမိုင်ကို ၈ နာရီခွဲ ၀င်မယ်၊ ၇ နာရီခွဲက ၉ နာရီခွဲ ၀င်မယ် ဆိုတာကိုပါ ကျွန်တော်မေးစရာ မလိုဘဲ သူက ပြည့်ပြည့်စုံစုံ ပြောပြလိုက်ပါတယ်။ လက်မှတ်ခကတော့ ၈၈၂ ဘတ် ကျပါမယ်တဲ့။ ဒါကျတော့ အိပ်စင်ကိုး။

ကျွန်တော်လည်း ၀ယ်ချလိုက်ပြန်တယ်။ မနေ့က နည်းအတိုင်းပဲ၊ ကျွန်တော့် နာမည် စာလုံး ပေါင်းပြလိုက်တာ တစ်ခုက လွဲလို့ ဘာမှလုပ်စရာ မလိုဘဲ ငွေချေလိုက်တာနဲ့ လက်ထဲကို လက်မှတ်လေးစောင်က ချက်ချင်း ရောက်လာပါတယ်။

ကျွန်တော်တို့ စီးရမယ့် ရထားက စင်္ကြံ အမှတ် ၂ မှာ ဆိုက်မယ်လို့ သူ့ဆီက သိရတာနဲ့ ကျွန်တော်တို့လည်း စောင့်နေလိုက်ကြပါတယ်။ ရထားက နာရီဝက်လောက် နောက်ကျပြီးမှ ဆိုက်လာတယ်။ ခရီးသည်က သိပ် များများစားစား မရှိပါဘူး။ ရထားကလည်း စုစုပေါင်းမှ သုံးတွဲလေးပဲ ပါတယ် ခင်ဗျ။

ဘန်ကောက်က လာတာလို့ ယူဆရတဲ့ ခရီးသည်တွေ ဆင်းလာကြတယ်။ ဆင်းလာသူတွေ ကုန်သွားတော့ ကျွန်တော်တို့ တက်ရမယ် မှတ်တာ၊ မတက်ရသေးဘူး။ ရထားတွဲစောင့်တွေက တားထားတယ်။

ဘယ်ဟုတ်မတုန်း၊ သူတို့က ရထားကို “ရေချိုးပေး” ကြသေးတာကိုး။ ရထားကို ရေဆေးတာ မဟုတ်ဘူးနော်။ ဆပ်ပြာတွေကို ရထားအပြင်ဘက် ကိုယ်ထည် နေရာအနှံ့ ရှေ့က စက်နဲ့ ဖျန်းသွား၊ နောက်က တစ်ယောက်က ရေမြှုပ်ကြီးကြီး ထိပ်မှာ တပ်ထားတဲ့ တံမြက်စည်းဆန်ဆန် တုတ်ရှည်နဲ့ လိုက်ပွတ်၊ နောက်က လူက ရေပန်းနဲ့ အဲဒီ့ဆပ်ပြာတွေ စင်အောင် ဖျန်းသွားတာမို့ ရထားကို ရေဆေးတာ မဟုတ်ဘဲ “ရေချိုးပေးတာ”လို့ ရေးလိုက်မိရတာပါပဲ ခင်ဗျား။

ကျွန်တော်ကလည်း ဒါမျိုးကို ၀ါသနာပါတတ်သူမို့ သူတို့ လုပ်ပုံကိုင်ပုံကို ကြည့်မိတယ်။ ၀တ်ကျေတန်းကျေ ပြီးကပစ် မဟုတ်ဘူး။ ဓာတ်ပုံတွေကို ကြည့်လိုက်မယ် ဆိုရင် ပြောင်စင်ဖိတ်လက်နေတဲ့ ရထားတွဲတွေကို တွေ့ကြရမှာမို့ သူတို့ရဲ့ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တတ်ပုံကို မျက်ဝါးထင်ထင် မြင်ကြရမှာပါ။

ရထားတစ်စင်းလုံး ဟိုဘက်သည်ဘက် အကျအန ဆေးကြောသန့်စင် ပြီးတော့မှ ကျွန်တော်တို့ ရထားပေါ် တက်ရပါတယ်။ ရထားပေါ်မှာတော့ လေအေးစက်က အေးလို့ စိမ့်လို့ရယ်။ ထိုင်ခုံတွေက ဆိုဖာပေါ်မှာ သားရေတု အုပ်ထားတဲ့ ထိုင်ခုံတွေပါပဲ။

ကျွန်တော်တို့လည်း ၀န်စည်စလယ်တွေကို ခေါင်းပေါ်က တန်းတွေပေါ် ထိုးသိပ်တင်ပြီး ၀င်ထိုင်လိုက်ကြတယ်။ သက်သောင့်သက်သာ ရှိပါတယ်။

ခဏနေတော့ ခေါင်းလောင်းသံ ကြားရပြီး ရထားလည်း ထွက်ပါတော့တယ်။ အပြင်ဘက်မှာ မှောင်နေပြီမို့ ဘာမှ သိပ် သတိထား ကြည့်မနေမိတော့ဘူး။

ခဏနေတော့ လက်မှတ်စစ် ပေါ်လာတယ်။ လက်မှတ်စစ်ရဲ့ မျက်နှာက ကျွန်တော်တို့ အညာလေ အလင်္ကာနဲ့ တန်ဆာဆင်ရရင် “ခွေး တက်လျက်ချင်စရာ ကောင်းအောင်”ကို ချိုနေတာကို သတိထားမိတယ်။ သူက ကျွန်တော့်အိမ်သူ ထုတ်ပေးတဲ့ လက်မှတ်လေးစောင်ကို ကြည့်တယ်ဆိုရုံ တစ်ချက် ဖြန့်ကြည့်လိုက်ရင်း စစ်ဆေးပြီး ဖြစ်ကြောင်း အထိမ်းအမှတ်နဲ့ သူ့လက်ထဲက ပလိုင်ယာလို ကိရိယာလေးနဲ့ အပေါက်ဖောက်သွားတယ်။

တော်ကြာနေတော့ ပလတ်စတစ်အိတ်နဲ့ ထုတ်ထားတဲ့ မျက်နှာသုတ်ပ၀ါလို အသားမျိုး ခြုံစောင်တွေ လာပေးတယ်။ ပလတ်စတစ်အိတ်နဲ့ အလုံ ထုတ်ပိုးထားတယ်။ အိတ်ပေါ်မှာတော့ လျှော်ဖွပ်လုပ်ငန်းရဲ့ တံဆိပ်ကို ထိုင်း၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရိုက်နှိပ်ထားလေရဲ့။

သူတို့က ခြုံစောင် လာပေးနေပြီ ဆိုမှတော့ ကျွန်တော်လည်း အိပ်တော့တာပေါ့။ ရထားကတော့ သုံးတွဲထဲမို့လား မသိဘူး၊ အသံ တော်တော်မြည်သလို ရမ်းခါနေတယ်။ အထက်အောက်တော့ မခုန်ဘူး။ ဘယ်ညာ တအား ရမ်းခါနေတာပါ။

ခဏနေလို့ ကျွန်တော် တစ်ရေးနိုးလာတော့ ရထားက လာပေးသွားတဲ့ ထမင်းဘူးနဲ့ ရေခဲရေတစ်ခွက်ကို ကျွန်တော့်လက်ထဲ ကျွန်တော့်အိမ်သူက ထည့်ပေးတယ်။ ကျွန်တော့် အစာအိမ်က သိပ်ကောင်းလှတာ မဟုတ်လို့ “စားလိုက်ဦး”လို့ တိုက်တွန်းတာနဲ့ ကျွန်တော်လည်း ပလတ်စတစ် ထမင်းဘူးကို ဖွင့်စားလိုက်တယ်။ အမယ်… ကြက်သားဟင်းနဲ့ ခင်ဗျ။ ထိုင်းပုံစံ၊ အုန်းနို့လေးနဲ့ ချိုချို ဆိမ့်ဆိမ့် စပ်စပ်လေး ချက်ထားတာ။ မှိုနဲ့ ပန်းငရုတ်သီးလေးတွေတောင် ပါသေး။ ဟင်းလေးက မွှေးလို့ရယ်။ ဟင်းရံက သင်္ဘောသီးသုတ်လေး။ ဆန်ကတော့ ထိုင်းဆန်ပီပီ နည်းနည်းစေးတယ်။ ကျွန်တော်တို့ဆီက ဆန်သစ်ပေါ်စမှာ စားရတာမျိုးရယ်။

စားပြီးတော့ ပြန်အိပ်တာပေါ့ဗျာ။ ဘာရမလဲ။ တော်တော်လည်း အိပ်လို့ ကောင်းနေတယ်။ မနက်လင်းပြန်တော့ ကော်ဖီတစ်ခွက်နဲ့ မုန့်တစ်ခုစီ ရပြန်တယ်။ တွယ်ပေါ့။ ပြီးတော့ ပြန်အိပ်တာပဲ။ ဘာဖြစ်နေမှန်း မသိဘူး၊ အိပ်လို့က လွှတ်ကောင်းနေတယ်။

တစ်ပိုတစ်ပါး ထသွားတော့ ရထားတွဲထဲက အိမ်သာရဲ့ သန့်ရှင်းမှုကို သတိထားမိသွားခဲ့ရပါသေးတယ်။

ဘန်ကောက် ၀င်လုနီးမှ ပြန်ထလိုက်တယ်။ ဘန်ကောက် တရုတ်တန်းနဲ့ ကပ်နေတဲ့ ဟွာလန်းပေါင်း ဘူတာမှာ ဆိုက်ပါတယ်။ အဲဒီ့ကနေ အငှားကားနဲ့ တည်းခိုရာ ဟိုတယ်ကို သွားတာပေါ့။

ရထားအကြောင်းပဲ အဓိကထား ပြောချင်တာမို့ အပြန်ခရီးစဉ်ဆီပဲ တန်းသွားလိုက်ပါရစေ ခင်ဗျား။

အပြန်ကျတော့လည်း အဲဒီ့ ဟွာလမ်းပေါင်းမှာပဲ သွားစီးရတယ်။ သည်တစ်ခါကျတော့ တွဲတွေ အတော်များသား ခင်ဗျ။ စိတ်ထင် ဆယ်တွဲလောက်ရှိမယ် မှတ်တယ်။

သူတို့ အိပ်စင်တွဲက အိပ်ခန်းတော့ မဟုတ်ဘူး။ သို့သော် လေးယောက်ခန်းများသဖွယ် ကန့်ထားပါတယ်။ အပေါ်၊ အောက် အိပ်စင်တစ်စုံစီနဲ့ပေါ့။ နှစ်ယောက်အိပ်စင် နှစ်ကန့်လား ပါတယ်။ အိပ်စင်မှာကတော့ ဆိုဖာခင်းထားတယ်။

အဲဒီ့အထက်မှာမှ မွေ့ယာအပါးလို ဖြန့်ခင်းလို့ ရတဲ့ ထိုင်ဖုံလိုဟာမျိုး သုံးခုဆက် ရှိတယ်။ ရထား ထွက်ပြီးတော့ အိပ်ရာခင်းနဲ့ စောင်တွေ လိုက်ဝေပါတယ်။

ထူးခြားတာက သည်ရထားရဲ့ လေအေးစက်က ခိုက်ခိုက်တုန်အောင် အေးတာပါပဲ။ သို့ပေမယ့် အိပ်တဲ့အခါ အိပ်စင်ပတ်လည်ကို ကာထားလို့ ရတဲ့ ကန့်လန့်ကာ နှစ်စကို ဆွဲစေ့လိုက်တဲ့အခါမှာတော့ အအေးသက်သာသွားပြီး သက်သောင့်သက်သာ အိပ်လို့ရသွားပါတယ်။

နောက်တစ်ချက်က သည်ရထားမှာ ညစာမကျွေးဘူး။ စားသောက်တွဲက တာဝန်ကျ ၀တ်စုံဝတ် အမျိုးသမီးကြီးက စာအုပ်တစ်အုပ်နဲ့ ဘာစားချင်လဲဆိုတာ လိုက်မေးတယ်။ ဈေးနှုန်း ဖော်ပြထားတဲ့ စားစရာ စာရင်းကတ်ပြားကိုလည်း ပြတယ်။ ညစာအတွက်သာမက မနက်စာအတွက်ပါ ကြိုတင် မှာကြားနိုင်ကြောင်းလည်း ပြောပါတယ်။

အဲဒီ့အတွက်တော့ ပိုက်ဆံပေးရတယ်။ ကိုယ်စားရင် စားသလောက် ကုန်တာပေါ့။ ရထားက အလာတုန်းကလို ဒလကြမ်း လှုပ်ခါမနေတော့ဘူး။ ငြိမ့်ငြိမ့်ငြောင်းငြောင်း ရှိတယ်။ အဲတော့ ကျွန်တော့်မှာ အိပ်လို့ကောင်းရပြန်တယ်ပေါ့။

သည်ရထားရဲ့ နောက်ထူးခြားချက် တစ်ခုက (ကန်တော့ပါရဲ့) အလွန် သေးစော်နံတာပါပဲ။ ဒါနဲ့ တွဲထိပ်က ရေအိမ်တွေကို သွားကြည့်တော့ သန့်တော့ သန့်ပြန့်တာ အမှန်ပဲ။ သေးစော်ကတော့ အလွန်နံနေတယ်။ ဒါနဲ့ ကျွန်တော်လည်း ရေအိမ် နှစ်လုံးစလုံးရဲ့ တံခါးတွေကို စေ့နေအောင် ပိတ်ထားလိုက်ပြီး ပြန်လာခဲ့ပါတယ်။ အဲတော့လည်း အနံ သက်သာသွားပြန်တယ်။

ကျွန်တော့်ဇနီးကတော့ တစ်ညတာ အတွင်းမှာ အလားတူပဲ အိမ်သာ တံခါးကို သုံးကြိမ်တိတိ ထပိတ်လိုက်ရကြောင်း မနက်ကျတော့ ပြောပြပါတယ်။ ကျွန်တော်ကတော့ အိပ်လိုက်ရင် တုံးမို့ မိုးလင်းမှ တစ်ရေးပဲ။

လင်းတော့ လမ်းဘေးဝဲယာကို ကြည့်မိရပြန်တယ်။ အိမ်နီးချင်းနိုင်ငံပီပီ ကျွန်တော်တို့ ရေမြေနဲ့ သိပ်မကွာဘူး။ စိုစိုစိမ်းစိမ်း ရှိတယ်။

ဘူတာငယ်လေးတွေကို ဖြတ်တယ်။ ချင်းမိုင်ဘူတာလိုပဲ လူသူ ကျဲကျဲပါးပါး၊ ဆိတ်ဆိတ်ငြိမ်ငြိမ်။ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း။ ဘူတာအိုလေးတွေမှန်း သိသာပေမယ့် သူ့ဟာလေးနဲ့သူ စိုစိုလွင်လွင်။ တမင် စိုက်ပျိုးထားတဲ့ သစ်ပင်ပန်းပင်တွေနဲ့ စိမ်းစိမ်းစိုစို။ ဘူတာစင်္ကြံဆိုလည်း သန့်ရှင်းလို့။

ကြားဘူတာ တချို့မှာရပ်တဲ့အခါလည်း ရပ်။ အဲဒီ့ဘူတာတွေလည်း အလားတူ၊ သန့်သန့်ရှင်းရှင်း၊ စိုစိုပြည်ပြည်။ လူသူ ကျဲကျဲပါးပါး။

ရထားလမ်းနဲ့ ပြိုင်နေတဲ့ ကားလမ်းတွေကို မြင်ရတယ်။ လမ်းမကျယ်ကြီးတွေ မဟုတ်ပေမယ့် ဖြူးနေအောင် ချောတဲ့ လေးလမ်းသွား အဝေးပြေးလမ်းတွေပါ။ လမ်းမှာ ဆက်ရာ မရှိ၊ ဖာထေးရာ မရှိ၊ ချိုင့်ခွက် မရှိ၊ လှိုင်းတွန့် မရှိတာကို ကားသမားပီပီ ကောင်းကောင်းကြီး သတိထားမိနေရပြန်သေးတယ်။ ရထားကို ရွေးချယ်ခဲ့မိတဲ့ ကျွန်တော့်စိတ်ကူးကို ကျွန်တော့်ဘာသာ သဘောကျနေမိတယ်။ သူတို့ရဲ့ ကျေးလက်ကို ဖျတ်ခနဲ လှမ်းမြင်ခွင့် ရလိုက်တာပေါ့။

ရွာသိမ်ရွာငယ်လေးတွေကို မြင်ရတယ်။ အားလုံး သပ်သပ်ရပ်ရပ်၊ စိုစိုလွင်လွင်။

သည်လိုနဲ့ ချင်းမိုင်ဘူတာကို မနက်ဆယ်နာရီကျော်စမှာ ပြန်ရောက်လာတယ်။ ကျွန်တော်တို့မှာက ၀န်စည်စလယ်တွေ အများသား။ ဘန်ကောက်မှာ ဈေးဝယ်လို့ ကောင်းလာခဲ့ကြတာကိုး။ အဲတော့လည်း ၀န်စည်စလယ် အကြီးစားကိုက ငါးအိတ်၊ အသေးက ငါးအိတ်၊ စုစုပေါင်း အိတ်ဆယ်အိတ်နဲ့မို့ နောက်ဆုံး ချန်ရစ်ပြီးမှ ရထားပေါ်က ဆင်းလိုက်ကြတယ်။

ကျွန်တော်တို့ရော ၀န်စည်စလယ်အားလုံးပါ ဘူတာစင်္ကြံပေါ် ရောက်သွားချိန်မှာတော့ ၀န်ထမ်းတွေက ရထားကို ရေ စ ချိုးပေးနေကြပြန်ပါပြီ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော် (ရန်ကုန် – ၂၈၀၄၁၁)

ယနေ့ (၁၉-၀၅-၁၁) ထုတ် Bi Weekly Eleven Journal မှာ ဖော်ပြပါရှိတဲ့ စာကို ပြန်လည် တင်ဆက်ထားတာပါ။ 
Advertisements
4 Comments leave one →
  1. lettwebaw permalink*
    23 May 2011 1:44 pm

    သည်ပို့(စ်)မှာ ဘယ်သူမှ ကွန်မန့်မရေးကြဘဲ Facebook ထဲက လင့်(ခ်)တင်ထားတဲ့ဆီမှာ ရေးသွားတာလေးတွေ ရှိပါတယ်။ အဲဒါလေးတွေထဲက တချို့ကို မပျောက်ပျက်အောင် သည်ပို့(စ်)နဲ့ တွဲပြီး ပြန်တင်ထားလိုက်ပါတယ်။

    Michelle Lwin မြန်မာပြည်မှာလည်း မြို့ပတ်ရထားတွေကို ၀န်ကြီးက လိုက်စစ်ဆေးနေပြီတဲ့ ဆရာရဲ့ …
    19 May at 16:31 ·
    #
    Aung Myo Kyaw Express Train မဟုတ်ပဲ ရိုးရိုးရထားကို ရိုးရိုးတန်းကပဲ စီးမယ် ဆိုရင် အခမဲ့ စီးလို့ရပါတယ် … အခမဲ့ပေမယ့် တိုးကြိတ်လုယက် တက်စီးနေကြတာတော့ တခါမှ မတွေ့ဖူးပါဘူး … ဒီနေရာကနေလဲ လိုအပ်တဲ့ သတင်းအချက်အလက်ကို အလွယ်တကူရှာလို့ ရပါသေးတယ် http://www.railway.co.th/home/default.asp … ဒီထက်ပို သိချင်သေးရင် Hotline ကို လှမ်းဖုန်းဆက်ပြီး အသေးစိတ်သိလိုတာ ထပ်မေးလို့ရပါသေးတယ် …
    19 May at 16:46 ·

    Win Aung မြန်မာ့မီးရထားလဲ တိုးတက်လာနေပါပြီ၊လက်တော့လို့ခေါ်တဲ့ လက်နှိပ်စက်ကို တန်ဆာဆောင်စရာမလိုတော့ဘူးတဲ့။
    19 May at 17:02 ·

    Ko Thinker ၁) ချင်းမိုင်-ဘန်ကောက်က လင်ပျံပဲ စီးကြသည်။ ဖွတ်-ဒိုင်း-ရောက်။
    (၂) ထိုင်းတွေက အိမ်သာနား မစီးကြပါ။ အဲဒီနေရာက ဝယ်ရလွယ်သည်။ အဲဒါကို ဝယ်မိသည်ထင့်။
    (၃) ဘူတာရုံ သေးခြင်း ကြီးခြင်းထက် ဝန်ဆောင်မှု ဘယ်နှာနေသတုန်း တွေးရင် ရန်ကုန် ဘူတာကြီးမှာ အထာမသိရင် လက်မှတ်ရဖို့ သေရေး ရှင်ရေးလောက် လုပ်ရတာ သတိရမိပါသည်။
    19 May at 21:52 ·

    Kyaw Thu Yein Lwin အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ပါစေ..(ဆရာ အတ္တကျော်)
    19 May at 21:56 ·

    Ramanya Ravika ဒီဆောင်းပါး ဖတ်ပြီး ရန်ကုန်မှာ လက်မှတ်တန်းစီးရပုံကို သတိရမိတယ်။ ဒီလောက်ရှည်တဲ့ ရထား၊ ရောင်းမယ့်လက်မှတ်က (၅၀)တောင် မကျော်ဘူးလေ။ လက်မှတ်ရဖို့ ညနေ(၁၀)နာရီကတည်းက လာတန်းစီရပါတယ်။ ဘုန်းကြီးတွေက တန်းစီးစရာမလိုပေမယ့် အခြားသာသနာ့ဝန်ထမ်း မော်လဝီတွေ သီလရှင်တွေနဲ့အပြိုင် တိုးရသေးတယ်လေ။
    19 May at 22:51 ·

  2. 15 June 2011 11:46 am

    ဘန်ကောက်က သူငယ်ချင်းကို ဘန်ကောက်-ဇင်းမယ် အိပ်စင် ရထားလက်မှတ်ဝယ်ခိုင်းထားတာ မနေ့ညကမှ ဝယ်ပြီးပြီလို့ သိရတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ကျတော့ ဆရာ့ အတွေ့အကြုံဆောင်းပါးကို ဖတ်လိုက်ရတော့ ခရီးစဉ်အတွက် မြင်သာထင်သာရှိသွားတယ်။ ကျေးဇူးပါ ဆရာ။ ခရီးသွားဆောင်းပါးများလဲ အခါအားလျော်စွာ တင်ပေးစေချင်ပါတယ်။

    တောင်ငူ စာပေဟောပြောပွဲမှာ သွားဟောခဲ့တဲ့ အတွေ့အကြုံများကိုလဲ ဖတ်ခွင့်ရချင်ပါတယ်ဆရာ။ ကျွန်တော်တို့ မြို့နဲ့ ပက်သက်တဲ့ ဆရာ့အမြင် အတွေ့အကြုံလေးတွေ သိခွင့်ရပါရစေ။

    • lettwebaw permalink*
      15 June 2011 2:20 pm

      အဲဗျ… တောင်ငူဟောပြောပွဲ မလာခင် ညမှာ တစ်ညလုံး စာမူကြွေးတွေ ဆပ်နေခဲ့ရလို့ မအိပ်ခဲ့ရဘူး။ အလာမှာ ကားပေါ် အိပ်လာခဲ့ပေမယ့် အိပ်ရေးက မ၀သေး။ တောင်ငူရောက်တော့ ဧည့်ခံကြိုဆိုရေး ဆရာများက ဟိုသည် လိုက်ပို့ပေးမယ်လို့ ပြောကြသော်လည်း မပို့ရန် တောင်းပန်ပြီး အိပ်နေခဲ့ပါတယ်ဗျာ။ ဟောပြောချိန်နား ရောက်တော့မှ ရေလေး မိုးလေး ချိုး၊ ညစာလေး စားပြီး ဟောပြောရာကို ပြေးလာ၊ တက်ပြော။ ပြီးတာနဲ့ တည်းခိုရာကို ပြန်၊ အိပ်။ မနက်လင်းတော့ ကားက တည်းခိုရာ ရှေ့ကနေ ၀င်ခေါ်သွားတာမို့ ရန်ကုန်ကို တန်းပြန်သွားခဲ့ရဆိုတော့… တောင်ငူမြို့ဟာ ကျွန်တော့်အတွက် အလွန် အိပ်လို့ ကောင်းသော မြို့သာ ဖြစ်သွားခဲ့ရကြောင်းပါ ခင်ဗျား။ 😀

  3. 16 June 2011 8:40 am

    စာမူကြွေးတွေ ကယ်လို့ ဆရာ သက်သာသွားတယ်ဗျ 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: