From the Chic, 2011 May Issue

အိမ်ထောင်ရေးဘ၀ ချမ်းမြေ့ရလေအောင်…

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။

သည်တစ်ပတ် ကျွန်တော့်ရဲ့ “ဘဝ အမောပြေဖို့ အဖြေရှာစို့”အစီအစဉ်မှာတော့ ကျွန်တော့်ဆီ ရောက်လာတဲ့ မီးခိုးကြွက်လျှောက် ဓာတ်ချောစာလေးတစ်စောင်ကို အခြေခံချင်ပါတယ်။ မီးခိုးကြွက်လျှောက် ဓာတ်ချောစာဆိုတာက မှတ်သားစရာလေးကိုပဲဖြစ်ဖြစ်၊ တွေးစရာလေး တစ်ခုခုကိုပဲဖြစ်ဖြစ်၊ ရယ်ရွှင်ဖွယ်ရာ ဟာသ အတိုအထွာလေးတွေကိုပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်း ပေးပို့ ဖြန့်ဝေကြတဲ့ ဓာတ်ချောစာလေးတွေပါ။

သည်တစ်ခါ ကျွန်တော့်ဆီကို ရောက်လာတာလေးကို ကျွန်တော်ကပဲ ဖတ်ပြပါရစေ။ နားဆင်တော်မူကြည့်ကြပါခင်ဗျား။

အပျိုကြီးတို့ကို “ဖက်လုံး အဖော်ပြုသူ” “တိရစ္ဆာန်ထိန်း ကျောင်းသူ” “အထီးကျန်သူ”စသဖြင့် တချို့က ထိခိုက်ပြောဆိုတတ်ကြသော်လည်း အိမ်ထောင် မပြုကြသဖြင့် သူတို့တွင် အားသာချက်များ ရှိနေကြပါသည်။ အဆိုပါ အားသာချက်များကား –

(၁) ရုပ်မြင်သံကြားကြည့်ပါက အဝေးထိန်းခလုတ် လုစရာ မလိုခြင်း။
(၂) နံစော်သော အဝတ်အစားများကို လျှော်စရာ မလိုခြင်း။
(၃) ချွတ်ချင်ရာ ချွတ်ထားသော ဖိနပ်များကို လိုက်သိမ်းစရာ မလိုခြင်း။
(၄) ရေချိုးခန်းကို စိတ်ကြိုက် သုံးခွင့်ရခြင်း။
(၅) တစ်ကိုယ်ရေ သန့်ရှင်းမှုကို အထူးလုပ်နေစရာ မလိုခြင်း။
(၆) “ဘာဝတ်မှာလဲ” “ဒါလေး ဝတ်ပါလား”ဟု နေ့စဉ် ပြောစရာ မလိုခြင်း။
(၇) အထူးချက်ပြုတ်၊ ကြော်လှော်၊ ဆေးကြောစရာ မလိုခြင်း။
(၈) မိမိမှာ တစ်ယောက်သောသူအတွက် ဖြစ်နေသည်ဟု စဉ်းစားစရာမလိုခြင်း။
(၉) စိတ်ထဲရှိသလို နေထိုင် လုပ်ကိုင် လွတ်လပ်မှုရှိခြင်း။
(၁၀) အရက်သောက်သူ၊ ဆေးလိပ်သောက်သူ၊ လောင်းကစားလုပ်သူ တစ်ဦးဦးကို စောင့်ကြည့်၊ ဆူပူ၊ ထိန်းချုပ် နေစရာ မလိုခြင်း။
(၁၁) ခုတင်ပေါ်တွင် လွတ်လွတ်လပ်လပ် တစ်ကိုယ်တည်း စိတ်ကြိုက် အိပ်စက်ရခြင်း။
(၁၂) မည်သူနှင့်မျှ စကားမပြောလိုဘဲ တစ်ကိုယ်တည်း တိတ်ဆိတ်စွာ နေလိုပါက နေခွင့်ရခြင်း။
(၁၃) လွတ်လပ်စွာ ရွေးချယ်ခွင့် ရခြင်း။
(၁၄) သွားရည်များ ပေမနေသော ခေါင်းအုံးနှင့် အိပ်ခွင့်ရခြင်း။
(၁၅) ဟောက်သံကင်းကင်းဖြင့် အိပ်ခွင့်ရခြင်း။
(၁၆) သွားချင်ရာသို့ သွားချင်သည့် အချိန်တွင် သွားလာခွင့်ရခြင်း။
(၁၇) ဝယ်ချင်ရာကိုဝယ်နိုင်ခြင်း၊ အဝတ်ဗီရိုထဲ ထည့်ဝှက်ထားစရာ မလိုခြင်း၊ ဝယ်ထားတာ ကြာပါပြီဟု လိမ်ပြောစရာလည်း မလိုခြင်း။
(၁၈) စည်းကမ်းများ၊ တင်းကြပ်မှုများ၊ ဘောင်များကြားတွင် နေစရာ မလိုခြင်း။
(၁၉) မိမိယုံကြည်ရာ၊ ပြောလိုရာကို ပြောလိုသူနှင့် ပြောဆို ဆွေးနွေးနိုင်ခြင်း။
(၂၀) စားချင်ရာ စားသောက်နိုင်ခြင်း။
(၂၁) လုပ်ချင်သည့် အလုပ်အကိုင် လုပ်ကိုင်နိုင်ခြင်း။
(၂၂) ညဘက် အလုပ်လုပ်နိုင်ခြင်း၊ စာဖတ်နိုင်ခြင်း၊ ရုပ်မြင်သံကြား ကြည့်ရှုနိုင်ခြင်း၊ အိပ်ချင်သည့်အချိန်မှ အိပ်ရာ ဝင်နိုင်ခြင်း။
(၂၃) အဝတ်ဗီရိုကို စိတ်ကြိုက် အသုံးပြုနိုင်ခြင်း။
(၂၄) မိမိ စိတ်မဝင်စားသည့် အကြောင်းအရာ ပစ္စည်းပစ္စယတို့ကို လိုက်ပါ စိတ်ဝင်စားနေစရာ မလိုခြင်း။
(၂၅) မိမိ မကြိုက်သော အပြုအမူ၊ အနေအထိုင်၊ အသံဗလံများကို အထူး သည်းခံ ခွင့်လွှတ်စရာ မလိုခြင်း။
(၂၆) လွတ်လွတ်လပ်လပ် လေပုပ် ထုတ်နိုင်ခြင်း။
(၂၇) အမျိုးသမီး လစဉ်သုံး ပစ္စည်းကို လွတ်လွတ်လပ်လပ် ထားနိုင်ခြင်း။
(၂၈) မိမိ မသုံးဘဲ ရေအိမ်ကို ရေဆွဲချစရာ၊ တိုက်ချွတ်သန့်ရှင်းစရာ မလိုခြင်း။
(၂၉) စိတ်မပါသော်လည်း သည်းခံ စိတ်လျှော့ကာ ပြုစုနေစရာ မလိုခြင်း။
(၃၀) မိမိကို ထားရစ်ခဲ့မှာကို စိတ်ပူစရာ မလိုခြင်း။
(၃၁) တစ်စုံတစ်ဦးကို မှီခိုအားကိုး နေစရာမလိုခြင်း စသည်တို့ ဖြစ်သည်။

ဘယ့်နှယ့်လဲခင်ဗျ။ သူ့ဟာလေးက စိတ်ဝင်စားစရာ အကောင်းသား။ ကြည့်ရတာ နိုင်ငံရပ်ခြား ဟာသအတိုအထွာထဲက ဘာသာပြန်ထားတာပဲလား၊ တစ်စုံတစ်ယောက်က ပင်ကို စိတ်ကူး ကောင်းကောင်းနဲ့ ရေးထားတာလေးပဲလားတော့ မသိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အပျိုကြီးများသာမက လူပျိုကြီးများလည်း သည်အချက်တွေထဲက အတော်များများကို လက်ခံနိုင်ကြမှာ ဖြစ်သလို အခု ကျွန်တော် ဖတ်ပြခဲ့တာကို နားဆင်လိုက်ရသူ အိမ်ထောင်ရှင် မမများလည်း မှန်လိုက်လေတော်၊ အပျိုလို မနေမိလို့ ကိုယ်ရိနေခဲ့ရတာပ၊ သည်လို ဓာတ်ချောစာမျိုးသာ စောစောက ရခဲ့မယ်ဆိုရင် ဘယ် အိမ်ထောင်ပြုမိမှာတုံးလို့ တွေးနေမိသူများလည်း ရှိကောင်းရှိပါလိမ့်မယ်။

တကယ်တော့ သည် ဓာတ်ချောစာလေးထဲမှာ အမှန်တရားတွေ အများအပြား ပါဝင်နေတာကိုလည်း နားဆင်နေကြသူ လူကြီးမင်းအပေါင်း သတိထားမိကြလိမ့်မယ် ထင်ပါတယ်။ ဒါကို တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင်တော့ အိမ်ထောင်ရှင်တွေ ဖြစ်လာကြတဲ့ ဘဝမှာ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေ အသားကျအောင်၊ အိမ်ထောင်ရေး တည်တံ့ခိုင်မြဲအောင် ညှိယူဖို့လိုအပ်တဲ့  အချက်လေးတွေကိုလည်း မြင်လာရနိုင်ပါတယ်။ ဒါလေးကို ကျွန်တော် ဆွေးနွေးချင်တာပါ။

ပထမဆုံးပြောထားတဲ့ ရုပ်မြင်သံကြား ကြည့်ပါက အဝေးထိန်းခလုတ် လုစရာ မလိုခြင်းဆိုတာမျိုးကတော့ အိမ်ထောင်ရှင် အတော်များများ ကြုံရတဲ့ပြဿနာပါ။ သူက ဘောလုံးပွဲ ကြည့်ချင်တယ်၊ ကိုယ်က ကိုရီးယားကား ကြည့်ချင်တယ်။ တကယ့် ပြဿနာပါပဲ။ ငွေလေးကြေးလေး တတ်နိုင်လို့ တစ်ယောက်တစ်လုံး ကြည့်နိုင်ရင်တော့ သိပ်အကြောင်း မဟုတ်ဘူး။ တစ်အိမ်လုံးမှ ရုပ်သံတစ်လုံးသာ ရှိကြသူများအတွက်တော့ အဲဒီ့ဒုက္ခကလည်း သေးမယ် မထင်ပါဘူး။

ကျွန်တော့် အိမ်ထောင်ရေးမှာလည်း ဒါမျိုး အရင်က ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော်ကြည့်ချင်တာက အနောက်တိုင်းဇာတ်ကားတွေ၊ ကျွန်တော့်အိမ်သူ ကြည့်ချင်တာက မြန်မာကားတွေ။ သို့သော် ကံကောင်းချင်တော့ ကျွန်တော့် အိမ်သူက သဘောကောင်းတယ်၊ ကျွန်တော့်ကို ဦးစားပေးတယ်။ ကျွန်တော်ကလည်း ကျွန်တော် ကြည့်တဲ့ အနောက်တိုင်းကားတွေကို သူ အရသာခံတတ်လာအောင် စည်းရုံးရတယ်။ ဘယ်နားလေးက ဘယ်စကားလေး ပြောလိုက်လို့ ဘယ်လို ကောင်းသွားတာ စတာမျိုး တွေပေါ့။ သည်လိုနဲ့ တဖြည်းဖြည်းနဲ့ သူပါ အနောက်တိုင်းကားတွေကို အရသာတွေ့လာတယ်။ အဟဲ၊ လောလောဆယ်တော့ သူက ကိုရီးယားကား စွဲနေသဗျ။

အဲဒါကျတော့ ကျွန်တော့်ဘက်က လည်း ရှင်းပါတယ်။ ကိုရီးယားကား လေး၊ ငါး၊ ဆယ်ကားလောက် ကြည့်လိုက်ပြီးတဲ့အခါ သူတို့ရဲ့ အထာကို သဘောပေါက်လာတယ်။ မိသားစုဘဝကို အခြေခံမယ်၊ ကြံဖန်လွဲမယ်၊ ပရိသတ်ကို မချင့်မရဲဖြစ်အောင် ထိုးဇာတ်တွေနဲ့ ဇွတ်လုပ်ဆွဲဆန့်မယ်။ ဇာတ်ဆောင်တွေသာ ပြောင်းသွားတယ်၊ ကိုရီးယား ကားတွေရဲ့ အခြေခံ ဇာတ်ဖွဲ့ပုံကတော့ အဲဒီ့ ပုံသေနည်းအတိုင်းပဲ ဆိုတာ တွေ့လာရတယ်။ သည်မှာတင် ကျွန်တော် အချိန်ကုန် မခံတော့ဘူး။ ကျွန်တော့်အိမ်သူ ကံကောင်းချင်ပြန်တော့ ကျွန်တော်က အလုပ်များတဲ့သူ၊ အချိန်မပေးနိုင်တဲ့သူဖြစ်နေတာပါပဲ။ အဲတော့ သူ့ကိုရီးယားကားအပါအဝင် ဘာ ရုပ်ရှင်မှ ကျွန်တော် မကြည့်ဖြစ်တာ နှစ်နဲ့ ချီပြီး ကြာနေပြီ။ ရုပ်သံစက်ကို ကြည့်ချင်တဲ့သူ ကြည့်၊ အဝေး ထိန်းခလုတ် လုမယ့်သူထဲမှာ ကျွန်တော် လုံးဝမပါတော့ဘူး။

သို့သော် အိမ်ထောင်ရှင်တိုင်းက ကျွန်တော်နဲ့ ကျွန်တော့် အိမ်သူမှ မဟုတ်တာ။ သည်တော့လည်း သူ့ဘက်က လျှော့တန် လျှော့၊ ကိုယ့်ဘက်က လျှော့တန် လျှော့၊ လိုတိုး ပိုလျှော့ လုပ်ရင်း ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးကို ဦးစားပေးနေကြရမှာပဲပေါ့ဗျာ။

အပျိုကြီးတွေရဲ့ အားသာချက်ထဲမှာ ရေချိုးခန်းကို စိတ်ကြိုက်သုံးခွင့် ရခြင်းဆိုတာလည်း ပါပါတယ်။ ဟုတ်ပါတယ်။ ဒါဟာလည်း အိမ်ထောင်ရှင်တွေကြားမှာ ရုပ်မြင်သံကြားထက် ဆိုးတဲ့ ပြဿနာပါ။ မိသားစုကများ၊ ရေချိုးခန်းက တစ်ခန်းတည်း ဖြစ်နေလို့ကတော့ သာတောင် ဆိုးပါ သးတယ်။ ကျွန်တော့်အိမ်မှာဆို ရေချိုးခန်း နှစ်ခန်းရှိတယ်။ မိသားစုက ကျွန်တော်တို့ မိသားစုဝင်ချည်းက လေးယောက်၊ အတူလာနေတဲ့ ကျွန်တော့်အိမ်သူရဲ့ အသက် ၈၀ ကျော် ကြီးတော် အပျိုကြီးနဲ့ဆိုရင် ပေါင်း ငါးယောက် နဲ့ ရေချိုးခန်းနဲ့ဟာ တစ်ခါတလေကျရင် အတော် ကသိကအောင့်နိုင်တဲ့ ကိစ္စပါ။ ကျွန်တော်ရယ်၊ ကျွန်တော့်အိမ်သူရယ်၊ သားတော်မောင်ရယ်က ကျွန်တော်တို့ အိပ်ခန်းနဲ့ တွဲလျက် ရေချိုးခန်းကို သုံးကြတယ်။ လူက သုံးယောက်၊ ရေချိုးခန်းက တစ်လုံး။ သည်မှာလည်း ကျွန်တော့်အိမ်သူက သူ့ဗီဇနဲ့ မွေးဖွားကြီးပြင်းခဲ့ရပုံအရ ကျွန်တော် တို့သားအဖကို ဦးစားပေးပါတယ်။ ကျွန်တော်ကလည်း သူ ဦးစားပေးမှန်း သိတော့ သူ့ကို ပြန်ဦးစားပေးတယ်။ သားကလည်း အဖေနဲ့ အမေကို ဦးစားပေးတတ်တဲ့သားမျိုးဆိုတော့ ပြဿနာမရှိဘူးလို့ ထင်စရာပဲ။ သို့သော် ကိုယ်ခန္ဓာဆိုတာ စာချုပ်ထားလို့ရတဲ့အမျိုးမှ မဟုတ်တာ။ သူ သွားချင်တဲ့ အချိန်နဲ့ ကိုယ်သွားချင်တဲ့အချိန် တိုက်ဆိုင်နေတာတွေက ခဏခဏ မဟုတ်တောင် မကြာမကြာတော့ ဖြစ်ကြတာချည်းပါပဲ။ သို့ပေမယ့် ဆိုခဲ့သလို ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ကြရေးမှာ သည်အရေးကိုလည်း မိသားစုဝင်တိုင်းဟာ ကျေကျေနပ်နပ် ကြည်ကြည်ဖြူဖြူ လက်ခံတတ်ပါမှ အဆင်ပြေနိုင်တာမျိုးပါ။

နံစော်သော အဝတ်အစားများကို လျှော်စရာ မလိုခြင်း၊ ချွတ်ချင်ရာ ချွတ်ထားသော ဖိနပ်များကို လိုက်သိမ်းစရာ မလိုခြင်း၊ သွားရည်များ ပေမနေသော ခေါင်းအုံးနှင့် အိပ်ခွင့်ရခြင်း၊ ဟောက်သံ ကင်းကင်းဖြင့် အိပ်ခွင့်ရခြင်း၊ အဝတ် ဗီရိုကို စိတ်ကြိုက် အသုံးပြုနိုင်ခြင်း၊ မိမိ မသုံးဘဲ ရေအိမ်ကို ရေဆွဲချစရာ၊ တိုက်ချွတ် သန့်ရှင်းစရာ မလိုခြင်း၊ စိတ်မပါသော်လည်း သည်းခံ စိတ်လျှော့ကာ ပြုစုနေစရာ မလိုခြင်းစတဲ့အချက်တွေကတော့ ကျွန်တော်တို့ ငါးတောင်ဝတ် ယောက်ျားသားကြီးများရဲ့ မသိသား ဆိုးရွားမှု၊ ပစ္စလက္ခ နေတတ်တဲ့ ဉာဉ်ကြောင့် ပေါ်ပေါက်လာရတတ်ပါ။

ပြောလိုက်ရင်တော့ ကျွန်တော်တို့ယောက်ျားတွေဟာ မိန်းမတွေထက် မြင့်မြတ်တယ်ဆိုပြီး အကျောကြီးက တယ်နေချင်သူများပါ။ ကျွန်တော်လည်း သည်ပုတ်ထဲက သည်ပဲပါပဲ။ သို့သော် ကျွန်တော်တို့ ယောက်ျားတွေလောက် ညှာတာစာနာစိတ် ကင်းနေတတ်တာလည်း ကျွန်တော်တို့ပါပဲ။ မောင်တစ်ထမ်း မယ်တစ်ရွက်လို့ ဆိုပင် ဆိုငြားသော်လည်း ကိုယ်က တစ်အိမ်ထောင်လုံးအတွက် ပိုက်ဆံရှာနေရတာ၊ ဦးစီးဦးဆောင်နေရတာဆိုတဲ့အချက်နဲ့ ကိုင်ပေါက်ပြီး အိမ်အလုပ်ကို ခေါင်း ရှောင်ချင်တတ်ကြတာလည်း ကျွန်တော်အပါအဝင် ယောက်ျားသား အတော်များများရဲ့ ဉာဉ်ဆိုးပါပဲ။

ကျွန်တော်ဆို တစ်သက်လုံးက ကိုယ်စားခဲ့တဲ့ ပန်းကန် ကိုယ်ဆေး၊ ကိုယ့်အဝတ် ကိုယ်လျှော်၊ ကိုယ့်ဘာသာ မီးကြွေထိုး၊ ကိုယ့်အိပ်ရာ ကိုယ်သိမ်းဘဝနဲ့ နေခဲ့တာပါ။ အဲ… အိမ်ထောင်လည်းကျရော ကျွန်တော့်အိမ်သူက အကုန် လိုက်လုပ်ပေးတာနဲ့ အခုဆို ကိုယ် စားပြီးသား ပန်းကန် ကိုယ်ဆေးရရင်တောင် ပင်ပန်းတယ်လို့ ထင်လာတယ်။ ကိုယ့်အဝတ် ကိုယ်မလျှော်၊ မီးပူ မတိုက်ရတာတော့ အိမ်ထောင်ကျကတည်းကဆိုတော့ ဘယ်လို လုပ်ရမယ်ဆိုတာ မေ့တောင်နေပြီ။ ယောက်ျားတွေရဲ့ အကျင့်ဆိုးများ ပြောပါတယ်။ သို့သော် ကျွန်တော့်အိမ်သူ ကံကောင်းချင်တော့ ကျွန်တော်တို့မှာက အိမ်အလုပ် လာလုပ်ပေးတဲ့သူ ငှားထားနိုင်တယ်။ ကျွန်တော်တို့ မလုပ်ချင်တာတွေ အားလုံးကို အဲဒီ့ ဝန်ထမ်းက လုပ်ပေးသွားတော့လည်း ကျွန်တော့်မှာ ကျွန်တော့် အိမ်သူကို အားနာနေစရာ မလိုတော့သလို သူ့မှာလည်း အဲဒီ့ဒုက္ခတွေက ကင်းဝေးနေပါတော့တယ်။ ဒါတောင် အဲဒီ့ဝန်ထမ်းပြန်ချိန်မှာ ကျွန်တော် စားရင် သောက်ရင် သူက ပြင်ပေး၊ ဆေးကြောပေးဖို့ တာဝန်ယူပေးချင်တတ်ပါသေးတယ်။ ကျွန်တော်ကလည်း သည်လောက်ကျတော့ သူ့ကို ညှာပါတယ်။ မလုပ်ပါနဲ့၊ မလိုပါဘူး။ ခိုင်းစားဖို့ ညည်းကို ကျုပ်ယူထားတာ မဟုတ်ဘူးဆိုတဲ့ လေလုံးလှလှတွေနဲ့ မိန်းမကို ချွဲပြတတ်တဲ့ ကောင်စားမျိုးဆိုတော့ အဆင့်ကို ပြေလို့ ခင်ဗျ။

ပြောချင်တာက အိမ်ထောင်ဖက်ရယ်လို့ ဖြစ်လာကြပြီဆိုရင် တစ်ဖက်နဲ့ တစ်ဖက် ငါက ယောကျာ်း၊ မင်းက မိန်းမဆိုတဲ့ အထာမျိုးတွေနဲ့ သူ့တာ ကိုယ့်တာ ခွဲမနေဘဲ အမြင် မတော်တာကို အလိုက်သိစွာ ဝင်လုပ်ပေးတတ်ကြမယ်ဆိုရင်တော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမှသည် ပျော်ရွှင်ချမ်းမြေ့စွာ နှစ်ယောက် တစ်ဘဝ တည်ဆောက်ရေးဆီ အထိ တက်လှမ်းနိုင်ကြမယ် ဆိုတာလေးပါပဲ။

မိမိမှာ တစ်ယောက်သောသူအတွက် ဖြစ်နေသည်ဟု စဉ်းစားစရာမလိုခြင်း၊ လွတ်လပ်စွာ ရွေးချယ်ခွင့်ရခြင်း၊ သွားချင်ရာသို့ သွားချင်သည့်အချိန်တွင် သွားလာခွင့်ရခြင်း၊ ဝယ်ချင်ရာကို ဝယ်နိုင်ခြင်း၊ အဝတ်ဗီရိုထဲ ထည့်ဝှက်ထားစရာ မလိုခြင်း၊ ဝယ်ထားတာ ကြာပါပြီဟု လိမ်ပြောစရာလည်း မလိုခြင်း၊ မိမိ စိတ်မဝင်စားသည့် အကြောင်းအရာ ပစ္စည်းပစ္စယတို့ကို လိုက်ပါ စိတ်ဝင်စားနေစရာ မလိုခြင်း၊ တစ်စုံတစ်ဦးကို မှီခို အားကိုးနေစရာ မလိုခြင်းစတာများကကျပြန်တော့ ကျွန်တော်တို့ ယောကျာ်းသားတွေရဲ့ လွှမ်းမိုး ခြယ်လှယ်လိုတဲ့ ဝသီစရိုက်များကို ဆလိုက်မီးနဲ့ ထိုးသလို ထင်းနေအောင် ပြလိုက်ကာ သာသာလေး နဲ့ နာနာလေး နှက်လိုက်တဲ့အချက်တွေပါပဲ။

မှန်ပါတယ်။ ကျွန်တော်တို့တွေဟာ အိမ်ထောင်ဦးစီးဆိုတဲ့ အခွင့်အရေးကို လိုသည်ထက် ပိုပြီး ကိုင်စွဲမိရင်းက ကိုယ်စုံမက်လို့ လက်ထပ်ထားလေတဲ့ အိမ်သူ သက်ထား ဇနီး မယားအပေါ် နိုင်လိုမင်းထက်နဲ့ သူ့ဘဝထဲ ဝင် ဝင် စွက်မိတတ်တာများလည်း ရှိချင်ရှိနေတတ်ပြန်ပါတယ်။ တကယ်တော့ လူချင်း ဘယ်လောက်ပင် တူစေကာမူ အသက်ရှူချင်း ကွဲသလိုပဲ သူနဲ့ကိုယ်နဲ့ လင်ရယ်၊ မယားရယ်ဆိုပေမယ့် သူ့မှာလည်း သူ့အကြိုက် သူ့စရိုက်နဲ့ သူ့ဆန္ဒ၊ သူ့သဘောထားတွေ၊ သူ့ကိုယ်ပိုင် စိတ်ဝင်စားမှုတွေ ရှိနေတာ အလွန်အင်မတန်မှ သဘာဝကျပါတယ်။ အဲဒါကို နားလည်ပေးဖို့က ယောက်ျားများမှာသာမက မိန်းမသားများအတွက်လည်း လိုအပ်ပါတယ်။

အလွယ်ပြောမယ်ဗျာ၊ ကျွန်တော့်အိမ်သူက ငါးပိရည်ကြိုက်တယ်၊ ကျွန်တော်က အနံ့တောင် မခံနိုင်ဘူး။ ကျွန်တော်က တညင်းသီး ကြိုက်တယ်၊ သူက အနံ့တောင် မခံနိုင်ဘူး။ ဘာဖြစ်တုံး၊ သူကြိုက်တာ သူစား၊ ကျွန်တော်ကြိုက်တာ ကျွန်တော်စားပေါ့။ မခက်ပါဘူး။ ကျွန်တော့် အကြိုက် ကျွန်တော့်စရိုက်က ဖြစ်စေ၊ သူ့ အကြိုက် သူ့စရိုက်ကဖြစ်စေ ကျွန်တော်တို့ အိမ်ထောင်ရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကို မထိခိုက်နိုင်သမျှ ကာလပတ်လုံး သူလည်း သူ့သဘောနဲ့သူ ကြိုက်တာလုပ်၊ သူ သွားချင်တဲ့ နေရာကို ကြိုက်သလိုသွား၊ သူ ဝယ်ချင်တာ ဝယ်ပိုင်ခွင့် ပေးထားနိုင်မယ်ဆိုရင်တော့ အိမ်ထောင်ရေးမှန်သမျှဟာ အတော်ကြီး သာယာနေမှာလည်း မြေကြီး လက်ခတ် မလွဲပါဘူး။

ပြဿနာက တချို့အိမ်ထောင်ရှင်တွေမှာက အဓိကနဲ့ သာမညကို မခွဲတတ်ကြတာပါပဲ။ တကယ့် အဓိကအချက်က အဲဒီ့အိမ်ထောင်ရေး သာယာဖို့၊ ခိုင်မြဲဖို့၊ စည်းလုံး ချစ်ခင်နေဖို့ပဲ မဟုတ်ပါလားခင်ဗျာ။ အဲဒါကို အဓိကလို့ နှလုံးသွင်းပြီး ကျန်တဲ့ အပရိကတွေကို လိုတိုး ပိုလျှော့လုပ်တတ်မယ်၊ တချို့ဟာတွေကိုလည်း မျက်နှာ လွှဲနေလိုက်ဖို့ ဝန်မလေးဘူးဆိုရင်တော့ သာယာတဲ့ အိမ်ထောင်ရေးနဲ့တကွ ပျော်ရွှင်ချမ်းမြေ့စရာ မိသားစုဘဝကိုပါ ရရှိခံစားနိုင်လာကြမှာပါ။

နားဆင်တော်မူနေကြသူ ချစ်စွာသော လူကြီးမင်းအပေါင်းတို့ခင်ဗျား။ သည်တစ်ပတ်မှာတော့ ကျွန်တော့်ဆီ ရောက်လာတဲ့ ရယ်ရွှင်ဖွယ်ရာ ဓာတ်ချောစာလေး တစ်စောင်ကို အကြောင်းပြုပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမှသည် သာယာချမ်းမြေ့တဲ့ မိသားစုဘဝ တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်များကို အမြွက်သဘော ဆွေးနွေးတင်ပြလိုက်နိုင်ခဲ့ပြီလို့ ယူဆမိရပါတယ်။

အေးချမ်းသာယာတဲ့ အိမ်ထောင်ရေးကမှ ချမ်းမြေ့ပျော်ရွှင်ဖွယ်ရာ မိသားစုဘဝကို ဖန်တီးနိုင်မှာပါ။ ချမ်းမြေ့ပျော်ရွှင်စရာ မိသားစု ဘဝက ပေါက်ဖွားလာတဲ့ ကလေး သူငယ်လေးများမှလည်း အမျိုးကောင်း သားသမီးလေးတွေ ဖြစ်ကြပြီး အိမ်ထောင်ရေးဘဝမှာလည်း မောစရာ မရှိ၊ သားရေးသမီးရေးအတွက်လည်း ရင်မောစရာ မလိုတော့ဘဲ ဘဝခရီးကို ပျော်ပျော်ကြီး လျှောက်လှမ်းနိုင်ကြမှာဖြစ်ပါတယ်။ ဒါလေးကို တွေးကြည့်ကြရင်း မိမိတို့ရဲ့ အိမ်ထောင်ရေးဘဝကို ဘယ်လို တည်ဆောက် မွမ်းမံ သွားကြမယ်ဆိုတာကို မြင်လာကြနိုင်လိမ့်မယ် ထင်ပါတယ်ခင်ဗျာ။

မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြတဲ့ အပြင် အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါ စေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျား။

အားလုံးတွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် – ဝ၅၀၃၁၁)

[၂၀ဝ၉ ခုနှစ် နိုဝင်ဘာလအတွင်း က မန္တလေး အက်(ဖှ်)အယ်(မ်)ရေဒီယိုအစီအစဉ်မှာ ထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်ချက်ကို 
၂၀၁၁ ခုနှစ် မေလထုတ် The Chic မဂ္ဂဇင်းမှာ စာအဖြစ် ပြန်လည် တင်ဆက်ထားတာလေးကို ပြန်လည် ဖော်ပြလိုက်တာပါ။]
Advertisements

Author: lettwebaw

A prolific Burmese writer whose main work is non-fiction with many articles and books on psycho-social and health issues including sex education for teenagers, proper etiquette, child rearing practices and marriage counselling tips. Another nom de plume is "Pseudonym."

2 thoughts on “From the Chic, 2011 May Issue”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s