Believe it or not?

ကဲ… မယုံချင်နေ…

လေယာဉ်နဲ့ ကျွန်တော်က ဖွားဖက်တော်လို့တောင် ဆိုနိုင်ပါတယ်။ အသက် နှစ်လသား မပြည့်ခင်ကတည်းက လေယာဉ်စ စီးရတာကိုး။ ၁၉၅၈ ခုနှစ် ဇန်နဝါရီလထဲလောက်မှာ ဖြစ်လိမ့်မယ်ထင်တယ်။

ဆန်းတော့လည်း မဆန်းပါဘူး။ ကျွန်တော့်အဖေက အဲဒီ့အချိန်က တည်ဆောက်ဆဲ လောပိတ လျှပ်စစ် ဓာတ်အားပေး လုပ်ငန်းက ဝန်ထမ်းဆိုတော့ သျှောင်နောက်ကို ဆံထုံးတင် လိုက်ရတာမဟုတ်ဘဲ ဆံညှပ်လေး ပိစိကွေး ကျွန်တော်ပါ အချောင်ပါသွားရတော့တာပါ။

အခုဆို ကျွန်တော့်အသက်က ၅၄ နှစ်ထဲမှာ။ အဲဒီ့အတောအတွင်း စီးလိုက်ရတဲ့ လေယာဉ်ခရီးစဉ်တွေဆိုတာ မနည်းပါဘူး။ သမုဒ္ဒရာကြီး ကျော်ဖြတ်ပြီး အချိန်ကာလကို ကျော်လွှားသွားရတဲ့ ခရီးစဉ်တောင် ပါခဲ့ဖူးသေးတယ်။

သို့ပေမယ့်ဗျာ… မြေပြင်ကနေ ပေပေါင်း နှစ်သောင်းနဲ့မှ ရှစ်ထောင် အမြင့်မှာ လေယာဉ် ပျံသန်းနေတုန်း လေယာဉ်မယ် တစ်ယောက် တာတိုပြေးပွဲဝင်သလို အူယားဖားယားပြေးတာ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါဆို တစ်ခါဖူးမှ မမြင်ခဲ့ဖူးပါဘူး။ မြင်မယ့်မြင်တော့ မနေ့ တစ်နေ့ကမှ ခင်ဗျ။

၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ကျွန်တော်တို့ မိသားစု ဇင်းမယ်ကနေ ရန်ကုန်ကို ပုဂံလေကြောင်းနဲ့ ပြန်လာကြပါတယ်။ အဲဒီ့အချိန်မှာ တွေ့လိုက်ရတာပါ။ ဟုတ်မဟုတ်တော့ မသေချာဘူး၊ ခရီးသည်တွေကို ကျွေးမွေးပြီးလို့ လေယာဉ်ပဲ့ပိုင်းမှာ သိမ်းစရာ ရှိတာ သိမ်းနေကြတုံး သူတို့ဆီမှာ အချက်ပေးသံတို့၊ အချက်ပြမီးတို့ ပေါ်သွားလို့လား မသိဘူး။ လေယာဉ်မယ်လေး ကျွန်တော့်ဘေးကနေ လှစ်ခနဲ ပြေးချသွားလိုက်တာ မျက်စိနဲ့ တပ်အပ်မြင်လိုက်ရပါတယ်။

အား… ဘယ်ဟုတ်မတုန်း။ သူ့ခမျာ ပြေးသင့်လို့ ပြေးရတာပါ။ သူ သွားတာက ကျွန်တော်တို့ ရှေ့ ခုံတန်း ငါးတန်းအကျော်လောက်ကို ပြေးတာပါ။ အဲဒီ့ ခုံတန်းမှာ ထိုင်နေတဲ့သူနှစ်ဦးထဲက တစ်ဦးက လေယာဉ်ရဲ့ အရေးပေါ်ထွက်ပေါက် အဖွင့်ခလုတ်ကို သွားဆွဲလို့ ပြေးရတာမှန်း ကျွန်တော်တို့ သိလိုက်ရပါတယ်။ သိဆို လေယာဉ်မယ်လေးက အဲဒီ့ခလုတ် ကို တဖိဖိ လုပ်နေတော့တာကိုး။

အဲဒါနဲ့လည်း သူ စိတ်မချဘူး၊ အဲဒီ့ ခရီးသည်နှစ်ဦးကို နေရာပြောင်းခိုင်းပါတော့တယ်။ အဲလိုနဲ့ ကျွန်တော့်ရှေ့ ငါးတန်းအကျော်က နှစ်ဦးဟာ ကျွန်တော်တို့နောက် နှစ်တန်းကျော်က လေယာဉ်မောင်မယ်များအတွက် ထားရှိတဲ့ ခုံကို ရွှေ့လာကြရပါတယ်။ ဘယ့်နှယ့်ဟာတွေတုံးဆိုပြီး စူးစမ်းချင်မိလို့ ကြည့်လိုက်မိရတော့ သားအမိလို့ ယူဆရတဲ့ မြန်မာအမျိုးသမီး နှစ်ယောက်ပါခင်ဗျ။

ခုခေတ်စကားနဲ့ ပြောရရင်တော့ အဲဒီ့နှစ်ယောက်ဟာ သူတို့ပဲ ဘာမှ အမှားမလုပ်မိသလို “ရုပ်တည်ကြီးတွေနဲ့” ချီတက်လာပါတယ်။ ဘာပြုလို့များ အဲဒီ့အရေးပေါ် ထွက်ပေါက် ခလုတ်ကို သွားဆွဲရတာလဲဗျာလို့ မေး ကြည့်ချင်စိတ်က တဖွားဖွားပေါ်ပါတယ်။ သို့ပေမယ့် သည်အခြေအနေမှာ သင်းတို့ ရှက်ရမ်း ရမ်းမဲ့ အရေးကို တွေးမိရတဲ့အတွက် သိချင်စိတ်ကို ဇွတ်မျိုချရင်း အသာငြိမ်နေလိုက်ရပါတော့တယ်။

လေယာဉ်မယ်လေးခမျာ စိတ်မချရှာဘူး။ ဟိုသားအမိ ထသွားတဲ့ နေရာမှာ ထိုင်လိုက်၊ ထလိုက်နဲ့ အဲဒီ့ ခလုတ်ကို ဖိနေ၊ စမ်းနေရရှာတယ်။ နောက်ဆုံးမှာ လေယာဉ်မှူးကြီးကိုယ်တိုင် ရောက်လာ၊ စစ်ဆေးပြီးတော့မှ ကိစ္စပြီးသွားပါတယ်။

ထပ်ပြောပါရစေနော်… ဇင်းမယ်က ရန်ကုန်ကို လာတဲ့ ခရီးစဉ်ပါ ခင်ဗျာ။ ဒါကို ထပ်ပြောရတာက အဲဒီ့ နှစ်ယောက်ဟာ အခုမှ လေယာဉ်ကို ပထမဆုံး စစီးဖူးသူတွေ မဖြစ်နိုင်တာပါ။ ပြီးတော့ သမီးလုပ်သူက ဂါဝန်နဲ့ ဘာနဲ့ အကျအန ဆိုတော့လည်း ခေတ်နဲ့အထိုက်အလျောက်တော့ ညီနေပါသေးတယ်။

စာမတတ်သူတွေများလားလို့ ဖော့တွေးလည်း ဖြစ်နိုင်စရာ သိပ်တော့ အကြောင်းမရှိပါဘူး။ အဲဒီ့အရေးပေါ်ထွက်ပေါက် အဖွင့်ခလုတ်က အနီရောင်ဖြစ်သလို “ထွက်ပေါက်”ဆိုတဲ့ စာတန်းကိုလည်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ အနီရောင်ပဲ ထင်ထင်ရှားရှား ရေးထားပါတယ်။ အဲဒါကိုမှ ဘာပြုလို့ သွားဆွဲတာလဲဆိုတာ ကျွန်တော့်အတွက်တော့ အဖြေရှာ မရတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်နေခဲ့ပါတယ်။

ဖြစ်ချင်တော့ အဲဒီ့ကနေ နှစ်ပတ်အကြာ မေလ ၇ ရက်နေ့မှာ တောင်ငူကို စာပေဟောပြောပွဲ သွားရပြန်ပါတယ်။ ဟောပြောပွဲစီစဉ်သူတွေက အသွားအပြန်ကို ခရီးသည်တင် မှန်လုံ လေအိတ် ဘတ်(စ်)ကားကြီးတွေ စီစဉ်ပေးပါတယ်။ ကားတွေက ကားသစ်ကြီးတွေဖြစ်တော့ အင်မတန် ငြိမ့်ငြိမ့်ငြောင်းငြောင်း ရှိပါတယ်။ လေအေးစက်ကလည်း အသွားတုန်းက ကားက သိပ်မအေးပေမယ့် အပြန်ကားက အတော်အေးတယ်။ အသွားတုန်းက သိပ်မအေးဘူးဆိုသည့်တိုင် အပြင်မှာ ခြစ်ခြစ်တာက် ပူနေတာနဲ့ စာရင် အတော်နေသာထိုင်သာ ရှိတဲ့ အပူချိန်မို့ သက်သောင့်သက်သာပါပဲ။

သို့သော်… အသွားမှာရော၊ အပြန်မှာပါ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေက ကျွန်တော်တို့ နောက်ဖက်က ခရီးသည်တွေကို ဘေးမှန်တွေ မဖွင့်ကြပါနဲ့လို့ လှမ်းလှမ်းအော်ရတာ ငါးခေါက်စီလောက် ကျပါတယ်။ အသွားတုန်းကလဲ သူတို့မှာ အတော်အော်ရရှာတယ်။ အပြန်ကျတော့လည်း အော်ရရှာတယ်။

အဲတော့မှ ကျွန်တော်လည်း လေယာဉ်ပေါ်က သားအမိကို သွား သတိရမိပါတော့တယ်။ အင်း… အဲဒီ့သားအမိလည်း သည်ခရီးသည်တွလိုပဲ နေမှာဆိုတဲ့အတွေးနဲ့ ပြုံးမိရပါတယ်။

ဟုတ်တယ်လေ… တချို့က မှန်လုံကားနဲ့ သိပ်ယဉ်ပါးတာ မဟုတ်ဘူး။ မွန်းကျပ်ရှာကြမှာပေါ့။ သူတို့ တစ်သက်လုံး အစီးများလာခဲ့တဲ့ကား ဆိုတာတွေက ဘေးမှန်တွေ ဖွင့်ထားရင်လည်း ဖွင့်ထား၊ ဒါမှမဟုတ်လည်း ကုန်တင်ယာဉ်ကြီးငယ်ရဲ့ နောက်ပိုင်း ကုန်တင်တဲ့နေရာကို ပျဉ်ပြား ဘယ်ညာ ဆင်ရိုက်ထားပြီး ကားဦးတည်ရာကို ပုခုံးလှည့်ထားရာတဲ့ ခရီးသည်တင်ကားမျိုးတွေရင်လည်း ဖြစ်နေခဲ့မှာမို့ အသက်ကို ဝအောင် ရှူနိုင်ရုံသာမက လူတောင် လွင့်မကျန်ရစ်အောင် မနည်း ကိုင်တွယ်ထားရတဲ့ လေတိုးမှုကို ခံစားခဲ့ရမှာလေ။ အဲဒါတွေနဲ့ အသားအကျ လွန်သွားတာ့ လေလုံးလုံး မတိုးတဲ့ မှန်လုံကားတွေထဲမှာ ဗျာတွေ များကုန်ပြီး လျှောက်ဖွင့်ကြတာနေမှာပေါ့။

အင်း… ဟိုသားအမိခမျာလည်း အလုံပိတ် လေယာဉ်ထဲ မွမ်းရှာကြ မှတ်တယ်။ တော်သေးတယ်။ လေယာဉ်ပြတင်းတွေက အသေပိတ်တွေမို့၊ ခရီးသည်တင်ကားတွေမှာလို အရှင်သာဆိုလို့ကတော့ လေယာဉ်မယ်လေးတွေခမျာ တစ်နေ့တစ်နေ့ ပြေးလိုက်ရမယ့် ဖြစ်ခြင်း… အံမယ်မင်းတဲ့မှ မင်း…

ဇာတ်လမ်းက သည်မှာ ဆုံးရမှာ။ မဆုံးချင်တော့ နောက်ဆက်တွဲနဲ့ တွေ့တယ်။ သည်အဖြစ်ကို စင်္ကာပူက ပြန်လာပြီး ကျွန်တော့်ကို တခုတ်တရ လာနှုတ်ဆက်တဲ့ မိတ်ဆွေလေးတစ်ယောက်ကို ပြောပြတော့ သူနဲ့ အတူ ပါလာသူ ပြန်ပြောတဲ့ စကားက ငိုအားထက်ရယ်အားသန်။

သူလည်း ကျွန်တော့်လိုပဲ လေယာဉ် ခဏ ခဏ စီးခဲ့ရာက မကြာသေးခင် တစ်ခေါက်မှာတော့ စင်္ကာပူက ရန်ကုန်ကို အပြန်ခရီးမှာ သူနဲ့ ဘေးချင်းကပ်ထိုင်ရသူက သနရုပ္ပ သူငယ်မလေး တစ်ယောက်တဲ့ခင်ဗျ။ ဝတ်ထား စားထားတာကလည်း အပျံစားတဲ့။

အဲ… သို့သော် လေယာဉ်ပေါ်မှာ အစားအသောက်ကျွေးတဲ့အခါကျတော့ အဲဒီ့ ကလေးမလေးက လေယာဉ်က ပေးတဲ့ တစ်ယောက်စာ ပလတ်စတစ် သောက်ရေအေးခွက်ကလေးကို ဖွင့်၊ ပြီးတော့ ကော်ဖီ၊ လက်ဖက်ရည်သောက်တဲ့အခါ သုံးဖို့ အရံသင့်ပေးထားတဲ့ သကြားနဲ့ နို့မှုန့် ထုတ်ကလေးတွေထဲက နို့မှုန့်ထုတ်လေးကို ဖြည်ကာ အဲဒီ့အမှုန့်တွေကို သောက်ရေအေးခွက်ထဲ သွန်ချပြီး မွှေပါသတဲ့ ခင်ဗျား။ နို့မှုန့်လို့သာ  အလွယ်ရေးလိုက်တာပါ။ အမှန်က ကော်ဖီ၊ လက်ဖက်ရည်နဲ့ သောက်တဲ့အခါ နို့အစား သုံးလို့ရတဲ့ “ခရီမာ”ခေါ် နို့မှုန့်နဲ့ ခပ်ဆင်ဆင် တစ်မျိုးသာ ဖြစ်ပါတယ်။

အဲဒါက ရေနွေးပူပူနဲ့မှ ပျော်ပါတယ်။ ရေအေးနဲ့ကတော့ အခဲလိုက် အဖတ်လိုက်တွေ ဖြစ်နေတာပေါ့ခင်ဗျာ။

မိတ်ဆွေခမျာ မိန်းကလေး ရှက်သွားမှာ စိုးတာနဲ့ ပြောလည်း မပြော ရဲ၊ ရယ်ကလည်း ရယ်ချင်ပက်ကျိဖြစ်နေပါသတဲ့။ အမယ်… မမက အဲဒါကို သောက်ကြည့်သေးတယ်တဲ့ခင်ဗျ။ သောက်ကြည့်တော့လည်း ဘယ် အဆင်ပြေမတုံးခင်ဗျာ။

မိတ်ဆွေက ဆက်ပြောပါတယ်။ “စင်္ကာပူ အသွားခရီးစဉ်ဆိုရင်တော့လည်း မပြောပါဘူးဗျာ။ အခုဟာက အပြန်ဆိုတော့ သူ လေယာဉ်စီးဖူးမှာ သေချာပါတယ်။ ဟိုမှာလည်း နေခဲ့မှာ သေချာတယ်။ ဒါပေမယ့် ဒါတွေနဲ့ မကြုံခဲ့ဖူးတာ အံ့ဩစရာနော်”တဲ့။

ကျွန်တော်လည်း ရယ်လို့သာ နေမိပါတယ်။ စိတ်ထဲမှာလည်း ကျွန်တ်ာကိုယ်တိုင် လွန်ခဲ့တဲ့ သုံးနှစ်ကျော် အထက်ကာရီက ကြုံဖူးတာလေးကို ပြေးမြင်မိတယ်။ အဲတုန်းက ကျွန်တော်က အလုပ်တာဝန်နဲ့ သွားရတာ ခင်ဗျ။ တစ်ယောက်တည်းလည်း မဟုတ်ဘူး။ ၁၅ ယောက်လောက် ပါတဲ့ အဖွဲ့နဲ့သွားရတာ။ တည်းတော့ ဟိုဘက်က စီစဉ်ပေးတာမို့ ကြယ်ငါးပွင့် ဟိုတယ်အကောင်းစားကြီးမှာ တည်းရတာဖြစ်သလို စားတော့လည်း အဲဒီ့ ဟိုတယ်ကြီးမှာပဲ မနက်စာရော၊ နေ့လည်စာရော၊ ညစာပါ စားရတာခင်ဗျ။

အဲဒါဗျာ၊ တစ်ရက်မှာ တစ်ယောက်တည်း ထိုင်စားနေတဲ့ ကျွန်တော်နဲ့ အတူ လာပူးပေါင်းပြီး မနက်စာစားတဲ့ ဘိုးတော်တစ်ပါးနဲ့ ကြုံတယ်ခင်ဗျ။ လာကတည်းက တစ်ဖွဲ့တည်း အတူလာ၊ ဟိုကျတော့လည်း အတူတွဲပြီး အလုပ်လုပ်တဲ့ ရက်ကလေးလည်း ရလာပြီမို့ တစ်ယောက်နဲ့ တစ်ယောက် ကောင်းကောင်း သိကျွမ်းနေပြီဆိုတော့ တစ်စားပွဲတည်း လာစားတာ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး၊ အဖော်တောင် ရပါသေးတယ်။

အဲ… သူ ထိုင်အချလိုက်မှာ မြင်လိုက်တာက သူ့ပန်းကန်ထဲမှာ ထည့်လာတဲ့ ထောပတ်တွေပါပဲ။ စားနေတာက မနက်ခင်းစာ ခင်ဗျာ။ အဲတော့လည်း ပေါင်မုန့် သုတ်စားဖို့ တစ်ယောက်စာ ထောပတ်ခဲလေးတွေ ချပေးထားပါတယ်။ အဲဒါလေးတွေက အလျား အနံ တစ်လက်မ ပတ်လည် မရှိ တရှိ၊ အထူ တစ်မတ်လောက် ရှိတဲ့ ကော်ဘူးလေးထဲမှာ ထည့်ပြီး အလုံပိတ်ထားတာလေးတွေပါ။ ပေါင်မုန့်စားတဲ့သူအတွက် အဲဒါလေး တစ်ဘူးက ကောင်းကောင်း လုံလောက်ပါတယ်။

အဲဒါဗျာ၊ သူ့ပန်းကန်ထဲမှာ ပါလာတာ အနည်းဆုံး ငါးဘူးခင်ဗျ။ ကျွန်တော် လန့်သွားပါတယ်။ အိမ်များ သယ်သွားဖို့ ကြံတာလားလို့လည်း တွေးမိတယ်။ ဘယ်ဟုတ်မတုံးခင်ဗျာ၊ သူက ခဏနေတော့ အဲဒါလေးတွေကို ဖွင့်၊ စားပွဲတင်ဓားနဲ့ အကျအန ကလော်ပြီး တုပ်ပါလေရောလား။

အား… တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးတာ မြင်ရပြန်တာပါပဲခင်ဗျာ။ ကျွန်တော်လည်း ဘာပြောရမှန်း မသိဘူး။ စောစောက မိတ်ဆွေ ပြောသလိုပဲ၊ ကျွန်တော် တစ်ခုခု ပြောလိုက်ရင် ခမျာ ရှက်သွားမှာ စိုးတာနဲ့ မသိချင်ယောင်ပဲ ဆောင်နေလိုက်ရပါတယ်။

ဒါနဲ့ မပြီးသေးပါဘူး။ အဲဒီ့ ထောပတ် ငါးဘူးလောက်ကို ကုန်အောင် တွယ်ပြီးတဲ့နောက် သူ ထသွားပြန်ပါတယ်။ မနက်စာက ဘူဖှေးဆိုပြီး ကိုယ့်ဟာကိုယ် ကြိုက်တာ ကြိုက်သလောက် ထယူစားလို့ရတဲ့အမျိုးဆိုတော့ သူက ထပ်သွားယူတာပါ။ ပြန်လာတော့ သူ့လက်ထဲမှာ ဒိန်ချဉ်ဘူးလေးတွေ ပါလာပြန်တယ်။ သည်တစ်ခါလည်း လေးဘူး သယ်လာပြန်တာ ခင်ဗျ။

အဲဒီ့ဘူးလေးတွေကလည်း တစ်ခါသုံး ဖန်ခွက်ပုံစံ၊ ဖော့ဘူးလေးတွေနဲ့ အလုံပိတ်ထားတဲ့ ဘူးလေးတွေပါ။ လေးဘူးဆိုတော့ သူ့ခမျာ ဒိန်ချဉ် အတော်ကြိုက်ရှာလို့ နေမှာပဲလို့ ကျွန်တော် တွေးမိနေရပြန်တယ်။

သူက ပြန်ထိုင်တယ်။ အဲဒီ့ လေးဘူးကို သူ့ဘေးမှာ ချတယ်။ ပြီးတော့ တစ်ဘူးကို ဖောက်တယ်၊ ဇွန်းကလေးနဲ့ မြည်းပါတယ်ခင်ဗျ။ ပြီးတော့ မှိုရတဲ့ မျက်နှာနဲ့ “ဟီး… ဟီး… ဒိန်ချဉ်တွေဗျ… ကောင်းတယ်၊ စားပါဦးလား”လို့ ကျွန်တော့်ကို ပြောပါတယ်။ ကျွန်တော် ခေါင်းသာ ရမ်းပြလိုက်မိရပါတော့တယ်။ (ဘူးပေါ်မှာ ဒိန်ချဉ်လို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်စာလုံးကို ထင်ထင်ရှားရှား ရေးထားတာ သူမဖတ်မိတာလား၊ မဖတ်တတ်တာလားတော့ သူပဲ သိပါလိမ့်မယ်။)

အင်း… ခက်လှပါလားကွယ်ရို့။

ကျွန်တော့်ကိုယ်တွေ့ဆီ စွေ့ခနဲ စိတ်လည်သွားခိုက်မှာ စောစောက မိတ်ဆွေက နောက်အတွေ့အကြုံတစ်ခုကို ဆက်ပြောပြန်ပါတယ်။

အဲဒါကတော့ ကနေ့ မြန်မာပြည်က နာမည်ကျော်လူကြိုက်များလှတဲ့ အဆိုတော် သရုပ်ဆောင်နဲ့ လေယာဉ်ပေါ်မှာ ဘေးချင်းကပ်ထိုင်ခဲ့ရတဲ့ အဖြစ်တဲ့။ သူက နာမည်နဲ့ အတိအကျ ပြောတာပါ။ ကနေ့ နာမည်ကျော် ဆိုကတည်းက မြန်မာပြည်မှာတော့ သူတို့ထက် ခေတ်လွန်တဲ့ သူကောင့်သား၊ သူကောင့်သမီးတစ်ယောက်မှ မရှိတဲ့ အိုက်တင်အပြည့်နဲ့ပေါ့ခင်ဗျာ။

အဲဒီ့နာမည်ကျော်ဟာ အဲဒီ့ နိုင်ငံခြားက ပြန်လာတဲ့ လေယာဉ်ပေါ် ရောက်တာနဲ့ သူ့အိတ်ထဲက အိုင်ဖှုန်း၊ သို့မဟုတ် အိုင်ပေါ့(ထ်)ကို ထုတ်ပါသတဲ့။ ပြီးတော့ သီချင်း နားထောင်ပါသတဲ့။ အဲဒါကတော့ ဘာမှ ပြောစရာ မရှိပါဘူး။ သူ့ပစ္စည်းနဲ့ သူ၊ သူ့ဝါသနာနဲ့သူ၊ သူ့လွတ်လပ်မှုနဲ့ သူပါ။

ပြောစရာ ရှိတာက မောင်မင်းကြီးသားက သီချင်းနားထောင်တာကို ရိုးရိုး နားမထောင်ဘဲ လိုက်ဆိုတော်မူတာပါပဲတဲ့။ ကဲဗျား… နှစ်နာရီ ကျော်စီးရတဲ့ လေယာဉ်ခရီးစဉ်မှာ ကိုယ့်ဘေးက လူက တလှုပ်လှုပ်တရွရွှနဲ့ သီချင်းဆိုနေတာကို ခံစားနေခဲ့ရသူတစ်ဦးရဲ့ နေရာကို ကျွန်တော် ကိုယ်ချင်းစာမိပါတယ်။ ကျွန်တော်သာဆိုရင်တော့ အဲဒီ့မောင်မင်းကြီးသားကို ပြောမိသွားမှာ အမှန်ပါပဲ။

“ကိုယ့်ဆရာရေ… ကိုယ့်ဆရာ သီချင်းကြိုက်တာကို နားလည်ပါတယ်။ အဆိုတော် ဖြစ်နေလို့ လိုက်ဆိုနေတာကိုလည်း သဘောပေါက်ပါတယ်။ သို့သော် ကျွန်ုပ်အတွက်တော့ အလွန်အနှောင့်အယှက်ဖြစ်နေတာလေးကို နားလည်ပေးစေချင်ပါတယ်။ နားပဲ ထောင်ပါ ကိုယ့်ဆရာ၊ လိုက်တော့ မဆိုပါနဲ့လို့ လေးစားစွာ မေတ္တာရပ်ခံပါရစေလားခင်ဗျ”လို့ ပြောလိုက်မိမှာပါ။

အားလုံးကို ချုပ်လိုက်တဲ့အခါမှာတော့ ကျွန်တော့် ပါးစပ်ထဲမှာ ညည်းချင်းတစ်ခု ဝင်လာပါတယ်။ အဲဒါကတော့ “ဪ… ရွှေ…ရွှေ”ဆိုတာလေးပါပဲ။

ရွှေတွေ ဘာ့ကြောင့် သည်လို ဖြစ်နေတာလဲဆိုတာကို ဆက်စဉ်းစားတဲ့အခါမှာတော့ ကျွန်တော့်မှာ အဖြေတွေ့သလိုလို၊ မတွေ့သလိုလိုနဲ့ ခေါင်းနောက်လာပါတယ်။

ဒါ့ကြောင့် စာဖတ်သူလူကြီးမင်းများကို အဖော်စပ်ပါရစေလား။ ရွှေတွေ ဘာ့ကြောင့် အဲလိုတွေ ဖြစ်နေတာလဲဆိုတာလေး ကျွန်တော့်ကို တစ်ဆိတ် ကူစဉ်းစားတော်မူပေးကြပါလားခင်ဗျာ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် - ၂၈၀၅၁၁)

[ဝန်ခံချက် - “ကဲ... မယုံချင်နေ”ဟူသည့် ခေါင်းစဉ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က ရုပ်ရှင်ကားတစ်ကားအမည် ဖြစ်ပါသည်။]

ယနေ့ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၄ အမှတ် ၁၀ မှာ ဖော်ပြထားတဲ့ ဆောင်းပါးကို ပြန်လည် တင်ဆက်လိုက်တာပါ။ 
အပြာရောင် အရောင်ကွဲနဲ့ ဖော်ပြထားတဲ့ စာသားတွေတော့ ပါမလာပါဘူး။