From the Chic, 2011 June issue

သြော်… အချစ်တဲ့လား

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။

သည်တစ်ပတ်တော့ ကျွန်တော့်ဆီ ရောက်လာတဲ့ စာလေးတစ်စောင်နဲ့ စလိုက်ချင်ပါတယ်။ ပြည်နယ်တစ်ခုက အမျိုးသမီး တစ်ယောက် ရေးလိုက်တဲ့ စာပါ။ သူ့စာက သည်လိုပါ။

ကျွန်မဘဝမှာ အချစ်ကို မတွေ့နိုင်သေးခင် “အတွေ့”ကို မရှောင်နိုင်လို့ အဲဒီ့ “အတွေ့”ကို အချစ်လို့မြင်ပြီး အိမ်ထောင်ကျခဲ့ပါတယ်။ အိမ်ထောင်သက် သုံးနှစ်အကြာမှာ သားသမီး မထွန်းကားနိုင်လို့ လမ်းခွဲခဲ့ကြပါတယ်။ ကျွန်မ ပြောချင်တာက လူငယ်သဘာဝ ဘာမှ နားမလည်တတ်သေးတဲ့အရွယ်မှာ လမ်းမှားခဲ့မိတဲ့အကြောင်းကိုပါ။
ယောကျာ်းတွေရဲ့ မရခင် တစ်မျိုး၊ ရပြီး တစ်မျိုး အများကြီး ပြောင်းလဲတတ်တဲ့ စိတ်ဓာတ်ကို လိုက်လို့ မမီခဲ့ပါဘူး။ အမှန်တော့ မယူခင်ကတည်းက သူ့ဆီမှာ စိတ်ပျက်စရာ တွေ့ခဲ့ပါတယ်။ ဒါပေမယ့် မှားခဲ့တဲ့အမှားကြောင့် သူများ အပြောအဆို ခံရမှာ စိုးလို့ လက်ထပ်ခဲ့ပါတယ်။ ယူပြီးကတည်းကလည်း တန်းတူ ရုန်းကန်ခဲ့ရပါတယ်။

သားသမီး မရနိုင်လို့ဆိုပြီး စွပ်စွဲ ညှဉ်းပမ်းခဲ့တာ ရင်အနာဆုံးပါပဲ။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီ သွားစစ်ကြည့်ကြမယ်ဆိုတော့လည်း သူက သတ္တိ မရှိဘူး။ နောက်ဆုံးမှာ လမ်းခွဲခဲ့မိပါတယ်။

လမ်းခွဲပြီးနောက်ပိုင်းမှာ သူ မိန်းမ ထပ်ယူတယ်။ အခု ကလေးတစ်ယောက် ရနေပြီ။ သူနဲ့ လမ်းခွဲခဲ့တာ အခုဆို ငါးနှစ်ရှိပါပြီ။ သည်ကြားထဲမှာ အချစ်နဲ့ တူတဲ့ ရင်ခုန်သံကို ကျွန်မ တွေ့လာရပါတယ်။ သူက လူပျိုပါ။ ကျွန်မက တစ်ခုလပ်ဆိုတော့ လက်တွဲလို့ မဖြစ်နိုင်ပါဘူး။ နောက်ဆုံးမှာတော့ သူကလည်း မိဘသဘော တူတဲ့သူကို လက်ခံလိုက်ရပါတယ်။ ကျွန်မလည်း သူ့မိဘသဘောတူသူနဲ့ ယူဖြစ်အောင် တိုက်တွန်းခဲ့ပါတယ်။ ကျွန်မတောင် အတွေ့ကို မရှောင်နိုင်လို့ မှားခဲ့ဖူးတာ၊ လူပျိုလေးကို ကျွန်မ ယူလိုက်ရင် ကျွန်မက ဖျားယောင်းတယ်လို့ စွပ်စွဲကြမှာလေ။ ကျွန်မ ကိုယ်ချင်းစာပါတယ်။ ကျွန်မ တကယ်လိုချင်ခဲ့တာက အချစ်စစ်ကိုပါရှင်။ တွေ့နိုင်ပါဦးမလား ဆရာ။ နောက်ပြီး လောကကြီးမှ အချစ်စစ်ဆိုတာရော ရှိလို့လားရှင်။
ငါးနှစ်အတွင်းမှာ ကျွန်မရဲ့ ခင်ပွန်းဟောင်းက ကျွန်မနဲ့ ပြန်ပေါင်းချင်တယ်ဆိုပြီး ကမ်းလှမ်း လာပါသေးတယ်။ သူ အခု ယူထားတဲ့ မိန်းမက စိတ်ရင်း မကောင်းလို့၊ အခုမှ ဘယ်သူက စိတ်ရင်းကောင်းမှန်း သိလာရလို့ပါတဲ့။ အိမ်ထောင်ရေးမှာ ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းဖို့ အရေးကြီးတာ မဟုတ်လား ဆရာ။ အခုတော့ ယောက်ျားတွေက မိန်းမတွေကို သူတို့ ဆော့စရာ၊ ကစား စရာ အရုပ်တွေလို သဘောထားနေကြတယ်လို့ပဲ ကျွန်မ ခံစားရတယ်။

ကျွန်မတော့ နောက်ထပ် အိမ်ထောင်ပြု ဖြစ်ဖို့ မလွယ်တော့ဘူး ထင်ပါတယ်။ ယောက်ျား ကောင်းဆိုတာ ပွဲဈေးတန်းမှာ မဲလိပ် နှိုက်သလိုမျိုး ဗလာမဲက ခပ်များများပါ။ ကျွန်မ အိမ်ထောင် ထပ်ပြုရင်လည်း ဗလာမဲပဲ ကျမယ်ထင်တယ်။ ယောက်ျား အယောက် တစ်ရာမှာ ကောင်းတာ ဆယ်ယောက်မှ ရှိရဲ့လား မသိဘူး။

ဆရာ့ဆီ စာရေးတာက တခြား ငယ်ရွယ်တဲ့ မိန်းကလေးတွေ ကျွန်မလို အဖြစ်ဆိုးမျိုးနဲ့ မကြုံစေချင်လို့ပါဆရာ။

သူ့စာ ဖတ်ရတော့ ကျွန်တော် အတော် မောသွားပါတယ်။ သူ့စေတနာကိုလည်း အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး။ တခြား ငယ်ရွယ် နုနယ်သူ မိန်းကလေးတွေ သူ့လို အဖြစ်ဆိုးမျိုးနဲ့ မကြုံစေချင်လို့ ကျွန်တော့်ဆီ စာရေးတာတဲ့။

မှန်ပါတယ်။ ငယ်ရွယ်နုနယ်တဲ့ အချိန်မှာ အချစ်ဆိုတာကို ယောက်ျာလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် သိပ်ကို အကြီးကြီးပဲလို့ ထင်မြင်ယူဆမိတတ်ကြပါတယ်။ အဲသလို ထင်မြင်ယူဆအောင်လည်း လှိုင်ထိပ်ခေါင်တင် တို့၊ နတ်သျှင်နောင်တို့ ခေတ်မှသည် ကနေ့ နာမည်ကျော် ဂီတဆရာတွေ၊ ရုပ်ရှင်ဆရာတွေ၊ ဝတ္ထုဆရာတွေက ပျော်ပျော်ပါးပါးကြီး ပါးနေတဲ့ သတင်းစကားများမှာက အချစ်မှ မပါရင် လူပဲ လုပ်လို့ မရတော့မယောင် ဖြစ်နေပါတယ်။ ရှိသေးတယ်၊ ကျွန်တော်တို့ ငယ်ငယ်က ကြားခဲ့ ဖူးတဲ့စကား၊ “သစ်ပင်မှန်ရင် အမြစ်ရှိသလို လူမှန်ရင်လည်း အချစ်ရှိရမယ်”ဆိုပဲ။

တကယ်တော့ဗျာ၊ အဲဒီ့အချစ်ဆိုတာ ဘာလဲလို့ သေသေချာချာ ဆန်းစစ်ကြည့်ဖူးတဲ့ သူတော့ အတော် ရှားမယ် ထင်ပါတယ်။ အချစ်ဆိုတာ စွန့်လွှတ် အနစ်နာခံခြင်းတို့၊ ပေးဆပ်ခြင်းတို့ စသဖြင့် ကိုယ့်ရင်ထဲမှာ နင့်နေအောင် ခံစားရသမျှတွေနဲ့ ဝေတေဝါတား လျှောက်ပြောကြတာသာ ရှိပါတယ်။ အချစ်နဲ့ ပတ်သက်လို့ ကျွန်တော့် ဘဝသက်တမ်း ၅၂  နှစ်အတွင်း ဖတ်ဖူးသမျှထဲမှာ သဘောအတူနိုင်ဆုံး အချစ်နဲ့ ပတ်သက်တဲ့ဖွင့်ဆိုချက်ကတော့ “အချစ်ဆိုတာ တစ္ဆေသရဲလိုပဲ၊ တကယ်လည်း မမြင်ဖူးပဲနဲ့ လျှောက်ပြောနေကြတဲ့အရာဟာ အချစ်ပါ”တဲ့။

ဒါဖြင့် ကျွန်တော်ကရော မချစ်ဖူးလို့လား။ ဟုတ်ကဲ့ – ချစ်ဖူးသမှ ဖျစ်ဖျစ်မြည်အောင်ကို ချစ်ဖူးပါတယ်။ အသက် ၁၃ နှစ်အရွယ် လူပျိုဖော် ဝင်ကတည်းက အသက် ၄၀ ကျော်တဲ့အထိ ချစ်ခဲ့လိုက်ရတာများဗျာ၊ ကွဲလိုက်တဲ့ အသည်းဆိုလည်း မနည်း လှပါဘူး။ အဲဒီ့ ကျွန်တော့်အတွေ့အကြုံအရ ပြောမယ်ဆိုရင်တော့ ဖိုနဲ့ မကြားက တပ်မက်စွဲလန်းမှုကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ကိလေသာစိတ်ကို အချစ်လို့ ခေါ်နေကြတာပါ။ အဲဒါကိုပဲ ချစ်ခြင်း မေတ္တာဆိုပြီး ရောနှော သုံးစွဲကြတဲ့အခါကျတော့ ရှုပ်ကုန်ပါတယ်။ ရှင်တော်မြတ်ဘုရား ဟောကြားခဲ့တဲ့ မေတ္တာဆိုတာက အင်မတန်မှ ပူလောင်ခြင်း ကင်းပြီး အေးချမ်းလှတဲ့စိတ်၊ တစ်ဖက်သားရဲ့ အကျိုးကို လိုလားတဲ့စိတ်ပါ။ အဲဒီ့စင်ကြယ် မွန်မြတ်တဲ့ မေတ္တာနဲ့ ကိလေသာ ပါဝင်နေတဲ့ အချစ်နဲ့က ဘယ်လိုမှ မနှိုင်းအပ် မယှဉ်သာပါဘူး။

မေတ္တာရဲ့ သဘောကို အကျယ်သိချင်ကြ တယ်ဆိုရင်တော့ အိမ်ကို ဆွမ်းခံကြွတဲ့ ဘုန်းကြီးကိုသာ မေးလျှောက်တော်မူကြပါ ခင်ဗျာ။ ဘုန်းဘုန်းတွေက ကျွန်တော့်ထက် မေတ္တာသဘောကို စောကြော ပြောပြနိုင်ကြပါလိမ့်မယ်။ ကျွန်တော်ကတော့ အဖိုနဲ့ အမ ကြားက အချစ်ဆိုတာရဲ့ အတိမ်အနက်ကို ချိန်စက်ပြချင်ပါတယ်။

တကယ်တော့ လူရယ်လို့ ဖြစ်လာပြီး အချိန်တန် အရွယ်ရောက်လာတဲ့အခါ သဘာဝတရားရဲ့ စေ့ဆော်မှုကြောင့် ဆန့်ကျင်ဘက် လိင်အပေါ်မှာ တပ်မက် စွဲလန်းစိတ်က ပေါ်ပေါက်လာတာ ဓမ္မတာပါပဲ။ အဲဒီ့ တပ်မက်စွဲလန်းစိတ်ကိုပဲ အချစ်ရယ်လို့ အနွတ္ထသညာ ပြုထားကြတာပါ။
အခုခေတ်မှာ လောကဓာတ်ပညာက တအား ထွန်းကားလာလေတော့ကာ အဲဒီ့လို ဆန့်ကျင်ဘက်လိင်အပေါ် တပ်မက်စွဲလန်းစိတ် ဖြစ်ပေါ်နေချိန်မှာ လူ့ရဲ့ဦးနှောက်တွေ၊ အာရုံကြောတွေ ဘယ်နည်းဘယ်ပုံ အလုပ်လုပ်တယ်၊ အဘယ်ဟော်မုန်းတွေကဖြင့် ကိုယ်ခန္ဓာထဲမှာ ပေါ်ပေါက်လာတယ်၊ အကျိုးဆက်အဖြစ် နှလုံးခုန်တာ၊ ရင်တုန်တာ၊ လက်ဖျား ခြေဖျား အေးလာတာတွေ ဖြစ်လာတယ် စသဖြင့် သုတေသန အထွေထွေ ပေါ်ပေါက်လို့နေပါပြီ။ တစ်နည်းပြောရရင် သည်တပ်မက်စွဲလန်းမှုရဲ့ သဘောကို သိပ္ပံနည်းနဲ့ တိုင်းတာ ချင့်တွက်နေကြပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ်၊ မြေကြီးလက်ခတ်မလွဲ သေချာတဲ့ အချက်တစ်ချက်ကတော့ အဲဒီ့ တပ်မက်စွဲလန်းစိတ်ဟာ ဘယ်သူ့ဆီမှာမှ ကြာတောင့်ကြာရှည် မတည်မြဲဘူး ဆိုတာပါပဲ။ သည်စိတ် ဝင်ခါစမှာတော့ သူ့ကိုမှ မရရင် သေလိုက်ချင်စိတ်တွေ၊ တဲအိုပျက်မှာ နေရနေရ၊ ထမင်းရည် အတူ လျက်ရ လျက်ရ၊ ပေါင်းကို ပေါင်းလိုက်ရမှ သည်ဘဝ နေပျော်တော့မယ်လို့ ယူဆမိတတ်ကြပါတယ်။ သို့ပေမယ့် အဲဒါက အချိန်တစ်ချိန်အထိသာ တည်တံ့ပါတယ်။

သိုးဆောင်း ဘာသာစကားနဲ့က အဲဒါကို infatuation လို့ ခေါ်ပါတယ်။ မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာတော့ အဲဒါကို အရူးအမူးစွဲလန်းစိတ်လို့ ဖွင့်ဆိုထားပါတယ်။ အင်္ဂလိပ်လို အနက်ဖွင့်ပေးတဲ့ အဘိဓာန်မှာက ပိုရှင်းတယ်။ strong but not usually lasting feelings of love or attraction တဲ့။ ဆိုလိုတာက ချစ်တဲ့စိတ်၊ ဒါမှမဟုတ် စွဲလန်းတပ်မက်မှုကြောင့် ပြင်းပြသော်လည်း တာရှည် သိပ်မခံတတ်တဲ့ ခံစားမှုကို infatuation လို့ ခေါ်တာပါ။

ကျွန်တော်ပြောနေတဲ့ စွဲလန်း တပ်မက်စိတ်ပေါ့ခင်ဗျာ။ သို့သော် အဲဒီ့ အင်္ဂလိပ်လို ဖွင့်ဆိုချက်မှာ သိပ်အရေးကြီးတဲ့အချက်တစ်ချက် ပါဝင်ပါတယ်။ အဲဒါက တာရှည် သိပ်မခံတတ်တာပါ။ ထပ်ပြောပါရစေ ခင်ဗျာ၊ အဲဒီ့စိတ်ဟာ သိပ်အကြာကြီး မခံပါဘူး။

အဲဒီ့စိတ်ဟာ အရွယ်သုံးပါးမရွေး၊ ဆူကြုံ နိမ့်မြင့်မရွေး၊ အသိဉာဏ် ဘယ်လောက်ရှိရှိ၊ ပညာတွေ ဘယ်လောက် တတ်တတ်၊ ပုထုဇဉ် လူမှန်သမျှ အချိန်မရွေး တွေ့ကြုံခံစားရတတ်နိုင တဲ့ ခံစားမှုပါ။ အဲဒါကို သတိကြီးကြီးနဲ့ သိထားဖို့လိုပါတယ်။ စားလည်း သည်စိတ်၊ သွားလည်း သည်စိတ်နဲ့ ထိုင်လို့လည်း မရ၊ ထလို့လည်း အခက်၊ စက်လို့လည်း မပျော်ဖြစ်နေပြီဆိုရင် အဲဒါ “အချစ်”လို့ မထင်ပါနဲ့။ အဲဒါ အရူးအမူး စွဲလန်းတပ်မက်နေတဲ့ပါ။ ဒါမှမဟုတ်လည်း အဲဒါ လူပြောသူပြောများလှတဲ့ အချစ်လို့ နားလည်လိုက်ပါ။

အဲဒီ့အချိန်မှာ လူ့ရဲ့ ဆင်ခြင်တုံတရားက လုံးဝ ကွယ်ပျောက်သွားပါတယ်။ ရှက်စိတ် သိပ်မွှန်နေချိန်မှာ လူတစ်ယောက်ဟာ လုပ်သင့်၊ မလုပ်သင့် မချင့်ချိန်နိုင်တော့ဘဲ ကိုယ့်အသက် ကိုယ်ရန်ရှာမိတဲ့အထိ မှားနိုင်တာမျိုး ရှိသလို ဒေါသစိတ် သိပ်မွှန်နေချိန်မှာလည်းပဲ တစ်ဖက်သားကို အသက်အန္တရာယ်မဟုတ်တောင် အနာတရဖြစ်စေတဲ့အထိ မှားတတ်တာမျိုး၊ ပြီးမှ နောင်တတွေ တစ်သီတစ်တန်းကြီးရတဲ့ အမှားမျိုးကို ကျူးလွန်မိတတ်ကြပါတယ်။ အဲဒါဟာ မွှန်ထူနေချိန်မှာ ဆင်ခြင်တုံတရား ကင်းမဲ့သွားတာများရဲ့ ထင်ရှားတဲ့ ဥပမာပါ။ အဲသလိုပဲ ကျွန်တော်ပြောနေတဲ့ အရူးအမူး စွဲလန်းတပ်မက် စိတ်၊ ဒါမှမဟုတ် ချစ်စိတ် သိပ်မွှန်နေချိန်မှာလည်း လူ့ရဲ့ ဆင်ခြင်တုံတရားက ကင်းမဲ့နေတတ်ပါတယ်။

ဒါ့ကြောင့်လည်း ကျွန်တော့်ဆီ ရေးခဲ့တဲ့ စာထဲက မိန်းကလေးလို အရွယ်မတိုင်ခင် အိမ်ထောင်ရက်သားကျတာတွေ ဖြစ်ကုန်ရတော့တာမျိုး ရှိသလို တချို့ဆို အသက်လည်း အတော်ရ၊ သားတွေ သမီးတွေတောင် အရွယ်ရောက်ကာမှ နောက်တစ်အိုးတစ်အိမ် ထူထောင်တာတွေ၊ အရှက်တကွဲ အကျိုးနည်းရတာတွေ ဖြစ်ကုန်တာပါ။

သည်မှာလည်း ထပ်ပြောပါရစေခင်ဗျာ။ ပညာ ဘယ်လောက်တတ်တတ်၊ အသိဉာဏ် ဘယ်လောက်ရှိရှိ၊ အသက်အရွယ် ဘယ်လောက် ရနေနေ သည်စိတ်သာ ဝင်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် သိပ်ဒေါသဖြစ်သွားတဲ့ သူလို၊ သိပ်ရှက်သွားတဲ့သူလို ဆင်ခြင်တုံတရား ကင်းမဲ့သွားစေနိုင်ပါတယ်။ အဲ… ဒေါသစိတ်၊ ရှက်စိတ်တို့ထက် ပိုသာတာက အဲဒီ့စိတ်ဟာ ကိလေသာ စိတ်ပီပီ ဒေါသစိတ်တို့၊ ရှက်စိတ် တို့ထက်တော့ နည်းနည်း ပိုကြာနေတာမို့ ဆင်ခြင်တုံတရား ကင်းမဲ့နေတဲ့ အခိုက်အတန့်ကလည်း တော်တော့်ကို ကြာတတ်ပါတယ်။

ဒါဖြင့် ဘယ်လောက်အထိ ကြာတတ်သလဲလို့ မေးစရာ ရှိပါတယ်။ ဒါကျတော့ တစ်ယောက်နဲ့တစ်ယောက် မတူတတ်ကြပါဘူး။ တချို့ကျတော့ တစ်လ၊ နှစ်လလောက်နဲ့ ပြီးသွားတတ်တယ်။ တချို့ကျ လေး-ငါး-ခြောက်လအထိ သည်စိတ်ရဲ့ဖမ်းစားမှုကို ခံကြရတတ်သလို တချို့တွေကျပြန်တော့လည်း အဲဒီ့ထက် ပိုချင် ပိုကြာပြီး နှစ်ပေါက်တဲ့အထိ ခံစားကြရတတ်ပါတယ်။

အဲတော့ လူတစ်ယောက်အနေနဲ့ အဲသလို ဆန့်ကျင်ဘက်လိင်အပေါ် တပ်မက်စွဲလန်းနေတဲ့ မွှန်စိတ်ဟာ ၁၈ လ၊ တစ်နည်းပြောရရင် တစ်နှစ်ခွဲဟာ အာဏာကုန်ပါပဲ။ သည်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ချင်တဲ့အခါမှာဖြစ်ဖြစ်၊ တစ်ဖက်သားက ကိုယ့်ကို မွှန်စိတ်နဲ့ တပ်မက် စွဲလန်းနေတာလား၊ မွှန်စိတ်ကင်းမဲ့တဲ့ ချစ်ခင် မြတ်နိုးမှုလားဆိုတာကို ခွဲခြားသိချင်ရင် ၁၈ လ ကျော်တဲ့ အထိ စောင့်ကြည့်တဲ့ နည်းက အသင့်ဆုံးပဲလို့ အကြုံပလိုက်ချင်ပါတယ်။ အမှန်တော့ ရှေးလူကြီးများ ကျင့်သုံးခဲ့ကြတဲ့ သုံးနှစ်သုံးမိုး စောင့်ကြည့် အကဲခတ်တယ် ဆိုတာကတော့ ပိုလို့တောင် သေချာနိုင်ပါ သေးတယ်။ သို့သော် ရှေးထုံးပယ်ချင်ကြသူတွေ လည်း ရှိကောင်း ရှိနေနိုင်တဲ့အတွက် လျှော့လျှော့ပေါ့ပေါ့ အဲဒီ့ သုံးနှစ်ကို ခေါက်ချိုး ချိုးပြီး တစ်နှစ်ခွဲ၊ ဒါမှမဟုတ် တစ်ဆယ်နဲ့မှ ရှစ်လတော့ အနည်းဆုံး စောင့်ကြည့်သင့်တဲ့ အကြောင်း အလေးအနက်ထားပြီး အကြံပြုနေရတာပါပဲ ခင်ဗျား။

ဒါဖြင့် မေးစရာရှိပါတယ်။ အဲလိုသာ ပြောနေတယ်၊ ခင်ဗျားကျတော့ရော အိမ်ထောင်ပြုမယ်လုပ်တော့ ဘယ်လောက် အချိန်ယူ စောင့်ကြည့်ခဲ့လို့တုံးလို့။ ဟုတ်ကဲ့ခင်ဗျာ… ကျွန်တော်နဲ့ ကျွန်တော့်အိမ်သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် လူချင်းသိကျွမ်းတာ သုံးနှစ်ကျော်၊ သမီးရည်းစားသက် နှစ်နှစ်ကျော်တော့မှ စုလျား ရစ်ပတ် လက်ထပ်ခဲ့ကြတာပါ။ ကနေ့ဆိုရင် ကျွန်တော်တို့ အိမ်ထောင်သက်ဟာ ၂၁ နှစ်ကို ကောင်းကောင်းကျော်လို့ ၂၂ နှစ်ထဲကို ရောက်ရှိနေပါပြီ။ တစ်ယောက်နဲ့ တစ်ယောက်လည်း အတော် နားလည်မှုရှိစွာ၊ အေးချမ်းသာယာတဲ့ အိမ်ထောင်လေးတစ်ခုလည်း ရနေပါပြီ။ တစ်ချက်တစ်ချက် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အော်လိုက်ကြ၊ ကောက်လိုက်ကြ လုပ်တာလေးတွေက လွဲရင်ပေါ့ဗျာ။ အမယ်… ဒါလည်း တစ်ဖက်က လှည့်တွက်ရင်တော့ အချစ်စမ်းနေကြတာလို့ ပြောရမလိုပါပဲလေ။

ပြောလက်စကို ပြန်ကောက်ရရင်တော့ အဲဒီ့ ဖိုနဲ့ မတို့ကြားက ကိလေသာနဲ့ တွယ်ငြိ တပ်မက် နှစ်သက် စွဲလန်းစိတ်ဟာ သိပ်ကို ကြောက်စရာ ကောင်းလှပါတယ်။ အဲဒီ့စိတ် ဝင်နေခိုက်မှာ ချမိလေသမျှ ဆုံးဖြတ်ချက်တိုင်း ဟာလည်းပဲ ရှေ့မှာ ကျွန်တော် အစီရင်ခံခဲ့တဲ့ အတိုင်း လွဲနေတာချည်းဖြစ်နေဖို့ များပါတယ်။ ဆင်ခြင်တုံတရားမှ မပါပေတာကိုး။

ဒါ့ကြောင့် လူမှန်ရင် အဲဒီ့စိတ်ကို ရှောင်လွှဲလို့ မရတာကို နားလည်ထားသင့်သလို တစ်ဖက်ကလည်း အဲဒီ့စိတ် ပြင်းထန်နေခိုက်မှာ ဘဝနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်မှန်သမျှကို မချမှတ်ဖြစ်မိအောင် ကိုယ့်ကိုယ်ကိုယ် သတိထားနိုင်ကြဖို့ အထူးလိုပါတယ်။

နောင်တဆိုတာ နောက်မှ ရကြရတာမျိုးပါ။ ကျွန်တော့်ဆီ စာရေးလိုက်တဲ့ အမျိုးကောင်းသမီးလေးခမျာမှာလည်း အခုတော့ နောင်တတွေရလို့ တခြား ငယ်နုသူ မိန်းကလေးတွေ သူမှားခဲ့တဲ့ အမှားမျိုး မကျူးလွန်ဖြစ်ကြရလေအောင် ကျွန်တော့်ဆီ စာရေးပြီး အကူအညီ လှမ်းတောင်းထားရှာပါတယ်။

သူ့လို ကျွန်တော့်ဆီ စာလှမ်း မရေးဘဲ ပူဝန်နောင်တကို တရရ ခံစားနေကြရလေတဲ့ ယောကျာ်းတွေ၊ မိန်းမတွေ သည်လောကကြီးမှာ ဘယ်လောက်အထိ များနေမလဲဆိုတာ မှန်းတောင် မမှန်းဆရဲပါဘူး။ ဪ… အချစ်… အချစ်လို့တောင် သက်ပြင်းသံ ဖွဖွနဲ့ ညည်းရတော့မလိုပါပဲ။

ပြောရင်းနဲ့ သွားလေသူ မိတ်ဆွေကြီး တစ်ယောက်ကိုတောင် ပြေးသတိရမိပါသေးတယ်။ သူ့ခမျာ အဲဒီ့နောင်တနဲ့ အသက် ဆုံးပါးသွားခဲ့တာများ ခြောက်နှစ်တောင် ကျော်ပါပြီ။

သူက လူကြီးလူကောင်း၊ ပညာတတ်၊ အရာရှိ ကြီးကြီး မာစတာပါ။ သူ့အိမ်ထောင်နဲ့သူ အေးအေးချမ်းချမ်း သာသာယာယာ နေနိုင်ခဲ့ရာ က သူ့သားသမီးတွေ လူပျိုပေါက်၊ အပျိုပေါက်ကလေးတွေ ဖြစ်လာချိန်ကျတော့မှ ဒိန်းဒလိန်း နတ်ရဲ့ ဖမ်းစားခြင်းကို အလူးအလိမ့် ခံရပါတော့တယ်။ နောက်ဆုံးမှာတော့ လူတကာက သူ့ကို အပြင်းအထန် ကန့်ကွက် သတိပေးနေကြတဲ့ ကြားကပဲ နောက်တစ်အိုးတစ်အိမ်ကို တရားဝင် ပေါ်ပေါ်တင်တင် ထူထောင်တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

သည်လိုနဲ့ သူ ဆုံးခါနီး ရက်ပိုင်းအလိုမှာ ကျွန်တော်သည်လည်းပဲ သူ့လမ်းစဉ်နောက်ကို လိုက်လုဆဲဆဲ အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေရချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ သည်အချိန်မှာ သူ ကျွန်တော့်ကို ပြောသွားတဲ့ စကားက ယနေ့ ထက်တိုင် ကျွန်တော့် နားထဲက မထွက်ပါဘူး။

သူပြောတာက “သည်လမ်းကို ကိုယ် လျှောက်ခဲ့ပြီးသားပါ ကိုယ့်လူရာ။ စိတ်ချမ်းသာမယ် ထင်ပြီး လုပ်ခဲ့တာပေမယ့် တကယ့်တကယ်ကျတော့ တစ်စက်မှ စိတ်ချမ်းသာစရာ ကောင်းတဲ့ လမ်း မဟုတ်ဘူး ကိုယ့်လူ။ ကိုယ့်အဖြစ်ကတော့ သိပ်ကို နောက်ကျသွားပြီ။ ဘာမှ ပြန် အဖတ်ဆယ်လို့ မရတော့ဘူး။ ကိုယ့်လူက အချိန်မှီသေးတယ်။ မလုပ်မိပါစေနဲ့ ကိုယ့်လူရယ်”တဲ့။

အဲဒီ့စကားကို သူ ပြောပြီးတဲ့နောက် တစ်လတောင် မပြည့်ခင်မှပဲ သူဟာ အသည်းရောဂါနဲ့ ကွယ်လွန်တိမ်းပါးသွားခဲ့ပါတယ်။ ကျွန်တော် သိနေတယ်။ သူ့ အသည်း မကောင်းတာကို သူ သိနေတာ နှစ်နှစ်မကတော့ဘူး။ သည်ကြားက စိတ်ညစ်ညစ်နဲ့ အရက်တွေချည်း ဖိသောက်နေခဲ့တာလည်း အနီးကပ် နေနေတဲ့ ကျွန်တော်က အသိဆုံးပါ။ သူက သူ့နှောင်း နောင်တကို တနုံ့နုံ့ ခံစားရင်း ဘဝကို ရေစုန်မျှောသွားခဲ့သူတစ်ဦးပါ။ သိပ်ကို နှမျောစရာ၊ ရင်နာစရာ ကောင်းလှပါတယ်ခင်ဗျာ။

သည်လောက်ဆိုရင် ကျွန်တော့် အစီအစဉ်ကို နားဆင်နေကြသူ လူကြီးမင်းများ အနေနဲ့ လူတကာက “အချစ်”လို့ အလွယ် ပြောနေကြတဲ့ အရူးအမူး စွဲလန်းတပ်မက်စိတ်ရဲ့ သဘောသဘာဝကို ဆင်ခြင်ပြီး ကိုယ်တိုင် ရင်ဆိုင်ရချိန်မှာ ဘယ်လို ကိုင်တွယ်ဖြေရှင်းသွား သင့်သလဲဆိုတာကိုပါ စိတ်ကူးရသွားတန်ကောင်းရဲ့လို့ ယုံကြည်မျှော်လင့်နေမိရပါတယ်။

မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြတဲ့ အပြင် အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျာ်က ဂါရဝနဲ့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျား။

အားလုံးတွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၁၃၀၄၁၁)

ဝန်ခံချက် – ၂၀ဝ၉ ခုနှစ် နိုဝင်ဘာလအတွင်း က မန္တလး အက်(ဖှ်)အယ်(မ်)ရေဒီယိုအစီအစဉ် မှာ ထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်ချက်ကို စာအဖြစ် ပြန်လည် တင်ဆက်လိုက်တာ ဖြစ်ကြောင်းပါ။

၂၀၁၁ ခုနှစ် ဇွန်လထုတ် Chic မဂ္ဂဇင်းမှာ ပုံနှိပ်မူအဖြစ် ဖော်ပြထားပါတယ်။

New Book Launched

ယနေ့ ဖြန့်ချိလိုက်တဲ့ စာအုပ်သစ်

စာမြည်း

ပညာတတ်နာ

အတန်ကြာမှ ပဲ့နင်းရောက်လာကာ လှေထွက်ရန်ပြင်သည်။ လှေသမားငယ် တစ်ဦးက ရေစုပ်ပိုက်ဖြင့် လှေဝမ်းထဲမှ ရေများကို စုတ်ထုတ်ရန် ကြိုးစားသည်။ ပိုက်က ဘာဖြစ်နေသည်မသိ၊ ရေကောင်းကောင်း မထွက်။

အင်ဂျင်စက်ကို ထိုလူငယ်ကပင် နှိုးသည်။ မနိုး။

ပဲ့နင်းကိုယ်တိုင် ရောက်လာပြီး နှိုးတော့မှ နိုးလာသည်။ သို့သော် စက်သံက မမှန်။ ခဏအကြာတွင် ဖုတ်ခနဲ ရပ်သွားသည်။ လှေသမားငယ်က ရေထုတ်ပိုက်ကို ပြင်ဆင်ရန်အားထုတ်နေသည်။ ပဲ့နင်းက စက်ပြန်နှိုး သည်။ နိုးလာပြန်သည်။ သို့သော် ခဏအကြာတွင် ပြန်ရပ်သွားသည်။

ပဲ့နင်း၏ပါးစပ်မှ ညစ်ညမ်းသော စကားလုံးများထွက်လာသည်။ သူ့ လှေသမားကို တရစပ် ဆဲဆိုကြိမ်းမောင်းလျက်။

ဆဲဆိုရင်း ရေထုတ်ပိုက်ကို သူကိုယ်တိုင် ပြုပြင်သည်။ ကျွန်တော့် စိတ်ထင် တစ်ကမ္ဘာလောက်ကြာတော့မှ အဆင်ပြေသွားသည်။ ရေတွေ စုပ်လို့ရသွားသည်။ တစ်ချက်နှစ်ချက် စုပ်ပြီးသွားသောအခါ လှေသမားငယ်ကို ရေစုပ်ခိုင်းသည်။ အဆဲအဆိုကတော့ မရပ်။ လှေသမားငယ် ဆယ်တန်းအောင်ထားတာလည်းပါသည်။ ဆယ်တန်းအောင်သော်လည်း ဘာမှ အသုံးမကျဆိုသော စကားမျိုးဖြစ်သည်။

အင်း… ပညာတတ်နာ ရောဂါက သည်နေရာမှာလည်း ရှိနေပါလား ဟရို့။

မြို့ပေါ်မှာသာမက စာပေနယ်၊ အနုပညာနယ်တွင်လည်း ထိုရောဂါကို မကြာခဏ တွေ့ရသည်။ ပညာတတ်များကို အသားလွတ် မျက်မုန်းကျိုးနေသာ ရောဂါကို ဆိုလိုပါသည်။

တစ်ခါကဆိုလျှင် ကျွန်တော်နှင့် ရင်းရင်းနှီးနှီး မဆက်ဆံဖူးသော နာမည်ကျော် ပန်းချီဆရာတစ်ယောက်က မူးမူးဖြင့် ကျွန်တော့်အား အယုတ္တ အနတ္တစုံအောင် ဆဲတာကို ကျွန်တော်ကိုယ်တိုင်ခံဖူးသည်။ ဧည့်ခံပွဲအလယ်တွင် ဖြစ်သည်။ ထူးဆန်းစွာပင်၊ ထိုစဉ်က ကျွန်တော် သူ့ကို ဒေါသမဖြစ်ခဲ့ပါ။ ပထမတော့ အံ့ဩသည်။ နောက်တော့ သူ့ကို သနားသွားမိရပါသည်။ သူ့အဆဲအဆိုများထဲတွင် သူ့ပညာတတ်နာကို ပြက်ပြက်ထင်ထင်ကြီး လှမ်းတွေ့လိုက်ရသောကြောင့်ပင်ဖြစ်ပါသည်။

အမှန်မှာတော့ လူတိုင်းတွင် ရှိသော်လည်း ငုပ်နေတတ်မြဲ သိမ်ငယ်စိတ်ပင် ဖြစ်ပါသည်။ ဥစ္စာချို့တဲ့သည့် ဘဝလမ်းကို ဖြတ်သန်းခဲ့ရသူက မည်မျှပင် ကြွယ်ဝလာစေကာမူ ဥစ္စာနှင့်ပတ်သက်သော သိမ်ငယ်စိတ်ရှိသည်။ အသိုင်းအဝိုင်း ချို့တဲ့သည့် ဘဝလမ်းကို ဖြတ်သန်းခဲ့ရသူက မည်မျှပင် အခြွေအရံပေါစေကာမူ အသိုင်းအဝိုင်းနှင့် ပတ်သက်သော သိမ်ငယ်စိတ် ရှိသည်။ ပညာနှင့်ပတ်သက်လျှင်လည်း ထို့အတူ ရှိပါသည်။

ကျွန်တော့်မှာလည်း အသိုင်းအဝိုင်းနှင့်ပတ်သက်သော သိမ်ငယ်စိတ် ရှိပါသည်။ ယနေ့ထက်တိုင် ထိုသိမ်ငယ်စိတ်က စွတ်ကယ်စွတ်ကယ်  ပေါ်နေဆဲလည်း ဖြစ်သည်။ ထိုသိမ်ငယ်စိတ်ကြောင့် အသိုင်းအဝိုင်းကြီးမားသဖြင့် ထယ်ဝါနေသူများကို အသားလွတ် မျက်မုန်းကျိုးသော အသိုင်းအဝိုင်းနာ ရောဂါအခံလည်း ကျွန်တော့်မှာ ရှိသည်။

ယခု ပဲ့နင်းမှာလည်း ပညာတတ်နာ ရှိနေပုံပင်။ သူကလည်း ကျွန်တော့်ကို အသားလွတ် ထဆဲသော ပန်းချီဆရာနှယ်ပင်၊ သေရည်မူးမူးဖြင့် သူ့ လှေသမားကို အော်ဟစ်ဆဲဆိုနေလေမှန်း ရိပ်စားမိလာသောအခါ အတော်ကြီး စိတ်ပျက်လက်ပျက် ဖြစ်သွားရပါသည်။ သို့သော် ကျွန်တော့် မျက်နှာကမူ မပျက်ပါ။

ထိုပဲ့နင်းကို “တော်ပါတော့ဗျာ”ဟု ခပ်ပြုံးပြုံးပင် တားလိုက်ပါ သည်။ ပဲ့နင်းက ကျွန်တော့်ကို ရယ်ပြပြီး စက်ကိုနှိုးပြန်သည်။ စက်က သည်တစ်ချီမှာတော့ ကောင်းစွာ နိုးသွားပြီ။ ထိုအခါကျမှ ပဲ့နင်းလည်း ပဲ့ပိုင်းသို့ သွားကာ လှေကို စတင်မောင်းပါတော့သည်။

စက်သံနှင့်အတူ သူ့လှေသမားငယ်အား မြည်တွန်တောက်တီးနေခြင်းများကလည်း တရစပ်၊ အမျှင်မပြတ်။

သည်းထိတ်ရင်ဖို

သူ့ကျွမ်းကျင်မှုကတော့ မူးနေသည့်ကြားမှပင် အမှားအယွင်းမရှိ။ ရေတက် ဖြစ်သဖြင့် ကျွန်တော်တို့စီးနင်းလာသည့် ဝန်ပိလှေထက်မြင့်လှသော လှိုင်းတံပိုးများက လှေဆီသို့ တစ်လုံးပြီးတစ်လုံး တိုးဝင်လာသည်။ ကျွန်တော်တို့ လှေလေးက ထိုလှိုင်းလုံးများကို ထိပ်တိုက်ရင်ဆိုင်ကာ ကျော်ဖြတ်သွားနေသည်။

ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင်၊ လှေဦးကို မျက်နှာမူကာ ထိုင်နေသာ ကလေးငယ်နှင့်လင်မယားက မျက်စိစုံမှိတ်ရင်း ဘုရားစာတွေ ပြိုင်တူ ရွတ်နေကြသည်။ မယားလုပ်သူ၏ ရင်ခွင်ထဲမှ သမီးငယ်လေးက ငါးနှစ် ခြောက်နှစ်မျှသာ ရှိဦးမည်။ မျက်လုံးဝိုင်းဝိုင်း၊ မျက်ခုံးကောင်းကောင်းနှင့် ချစ်စရာ ကလေးငယ်လေး။ မအေလုပ်သူက သမီးငယ်ကို တင်းတင်းပွေ့ထားရင်းက ဘုရားစာတွေ ရွတ်နေလေသည်။ သူတို့လင်မယား တအား ကြောက်နေကြပြီမှန်း သိသာလွန်းလှသည်။

ကျွန်တော်လည်း အနည်းနှင့်အများတော့ ကြောက်သလိုလို ရှိပါသည်။ သို့သော် ရှေ့တွင်ရေးခဲ့သည့်အတိုင်း ကျွန်တော့်စိတ်က တစ်ခါတရံများတွင် ဘာကိုမှ မမှုတော့သော မထူးစိတ်အဖြစ်သို့ ပြောင်းသွားတတ်သည်။ အထူးသဖြင့် ယခုလို မိုးထဲရေထဲတွင် ထိုမထူးစိတ်က ဦးဆောင်နေသည်မို့ သိပ် မထိတ်ပျာမိတော့ပါ။ သေသွားတော့ရော ဘာဖြစ်သေးတုံး။ ဇာတ်ဆရာတွေ ပြောသလို စောစော သေ၊ စောစော အိပ်ရတာပ။

အခုနေ ကျွန်တော်တို့ သားအဖနှစ်ယောက် သေသွားလျှင် သမီးနှင့် ဇနီးတို့သာ ကျန်ရစ်ပေလိမ့်မည်။ ပထမတော့ သူတို့လည်း ကြေကွဲကြလိမ့်မည်။ သို့သော် ကျွန်တော်တို့ သေသည်နှင့် သူတို့လည်း လိုက်သေကြမည် မဟုတ်တာကတော့ သိပ်သေချာသည်။ ထို့ထက် ပိုသေချာသည်ကတော့ နောက် ၄-၅-၁၀ နှစ်ကြာလျှင် ကျွန်တော်တို့ကို မေ့သွားကြမည်သာဖြစ် သည်။ သူတို့ဘဝအမောတွေနှင့် သူတို့ လူးလာ ရုန်းကန်ရင်း သတိရချင်သည့်အခါ ဖျတ်ခနဲ သတိရတာမျိုးလောက်သာ ရှိပေတော့မည်။

ဒါက လောကတံထွာ ဓမ္မတာပင် ဖြစ်ပါသည်။

သေခြင်းကို ကျွန်တော် စဉ်းစားဖြစ်နေသည်မှာ နှစ်တွေပင် အတန်ကြာခဲ့ပြီ။ ၁၉၉၄ခုနှစ်မှာ ယာဉ်တိုက်မှုအကြီးအကျယ်ဖြစ်စဉ်က အသက်မသေဘဲ ရှိနေခဲ့သည့်အတွက် ယခု နေရသမျှမှာ သည်ဘဝတာအတွက် အမြတ်ဟု ပင် အောက်မေ့ထားပါသည်။ ထို့ကြောင့်လည်း ယခုနောက်ပိုင်းတွင် သေရ မှာကို သိပ်မကြောက်တော့ပါ။ သေနေ့စေ့တဲ့အခါ ပျော်ပျော်ပါးပါးကြီး သေလိုက်ရုံပေါ့ဟုသာ အောက်မေ့ထားလိုက်ပါသည်။

ထို့ကြောင့်လည်း ယခုအခါမှာ ကျွန်တော် ကြောက်မနေမိပါ။ စိတ်ထဲမှာကလည်း သင်္ဘောဆီသို့ ဘေးမသီရန်မခ ပြန်ရောက်ကိုရောက်ရမည်ဟု အလိုလို သိနေပါသည်။

ပင်လယ်ကြီးကတော့ ညို့ညို့ကြီး မဲမှောင်နေပါသည်။

ခရီးအတန်ပေါက်သောအခါ ပဲ့နင်းက ကျွန်တော့်ကို လက်မထောင်ပြပါသည်။ ကျွန်တော့်လည်း ရယ်ပြုံးလျက်ပင် သူ့ကို လက်မ ပြန်ထောင်ပြလိုက်သည်။ သူက တစ်ယောက် တစ်ရာပေးရန် တောင်းဆိုကြေညာသည်။ ငွေအတွက် မပူပါနှင့်ဟု ကြောက်ရွံ့တုန်ယင်လျက်ရှိသော လင်မယားက ပြိုင်တူ လောလော ပြောသည်။ ပြီးတော့ ပါးစပ်တွေ တလှုပ်လှုပ် နှင့် ဘုရားစာတွေ ဆက်ရွတ်နေကြသည်။

ကြားဖူးနားဝနှင့်ပြောရလျှင် ထိုအကြင်လင်မယားကား ရာသက်ပန်မြဲမည့် အိမ်ထောင်ဖက်များပင်ဖြစ်လောက်ပေသည်။ သူတို့၏မျက်နှာများမှာ မောင်နှမများနှယ်ပင် အလွန်ဆင်လှသဖြင့် ထိုသို့ ပြောလိုက်ရခြင်းပင် ဖြစ်သည်။ ကလေးလေးကတော့ ဘာမှ မသိလှသဖြင့် ကြောက်ရွံ့ဟန် အလျဉ်းမရှိချေ။

သြော်… လူတွေ။ လူတွေ

ရေထုတ်ပိုက်မှာ ထုတ်ရင်းက ပြန်ပျက်သွားပြန်သည်။     

အဆဲဆိုခံလှေသမား လူငယ်လေးက ပြုပြင်ပြန်လေသည်။ သင်္ဘောနားသို့ ကပ်လာပြီကား ဖြစ်ပါသည်။ ထိုအချိန်မှာ ပဲ့နင်းက စက်ကို သတ်လိုက်သည်။
ထို့နောက် သူ့အဆဲအဆိုများဖြင့် ရေထုတ်ပိုက်ကို ကိုယ်တိုင် ပြုပြင်နေလေတော့သည်။ အဆဲဆိုခံ လူငယ်လေးကမူ သွားဖြူဖြူများပေါ်အောင် ရယ်၍သာနေတော့သည်။

ဓာတ်ပဲ ကူးသွားတာလားတော့မသိ။ သား၏ နံဘေးမှာ ထိုင်နေသော စားသောက်ဆိုင်မှ လူငယ်ကလည်း လှေနံရံတွင် မှေးထိုင်နေသော သူ့တပည့်လူငယ်လေးကို ဟိန်းဟောက်မာန်မဲနေပြန်သည်။ ထိုသို့ အမျိုးစုံ ရွတ်ဖတ် မောင်းမဲနေခြင်းဖြင့် တစ်ဖက်သားအတွက် မည်သို့မျှ အကျိုးမရှိသည်ကို ထိုသူများ သိနိုင်ကြလိမ့်မည်မဟုတ်ပေ။

စက်သတ်ထားသော လှေငယ်လေးကာ လှိုင်းများကြားတွင် တလူးလူး တလိမ့်လိမ့်။ ကျွန်တော်တို့ နောက်မှ ထွက်လာသော လှေကပင် သင်္ဘောနှင့် ကပ်သွားပေပြီ။

ကျွန်တော်တို့ တစ်လှေလုံး စိတ်နှလုံး ညှိုးခြုံးနေကြလေပြီ။ သူမှ ကပ်မပေးလျှင်လည်း ကျွန်တော်တို့ သင်္ဘောပေါ် ပြန်ရောက်တော့မည် မဟုတ်သည်မို့ အမူးသမား ကိုရွှေပဲ့နင်းကို ဘာတစ်ခွန်းမှ မပြောသာဘဲ အသာကြည့်နေကြရပါသည်။

လက်ဖြစ် ရေထုတ်ပိုက်က ဝါရှာပြားတစ်ခုမှာ အဆဲခံ လှေသမား လူငယ်လေး၏ လက်ထဲမှ လှေဝမ်းထဲမှ ရေတွေထဲသို့ ပြုတ်ကျသွားသည်။ ပြန်ရှာလို့ မရတော့။ အဲဒါကိုပဲ သည်းကြီးမည်းကြီးရှာရင်းက ကိုရွှေပဲ့နင်းသည် မနားတမ်း ဆိုဆဲလျက်။

ကျွန်တော်တို့နောက်မှ ထွက်ကာ ကျွန်တော်တို့အရင် သင်္ဘောနှင့် ကပ်သွားသော လှေပင်လျှင် ပြန်ထွက်လေပြီ။ ကျွန်တော်တို့ကတော့ ရေလယ်လှိုင်းလုံးများ ကြားမှာ နိမ့်တုံမြင့်တုံ၊ သည်းလှိုက်လှိုက်ခုန်။

ဘာဖြစ်တာလဲဟု အော်ဟစ်ပြီး ထိုလှေက လှမ်းမေးသေးသည်။ ပဲ့နင်းက ထိုလှေသမားတွေကို လက်ခါပြလိုက်သည်။

“ကဲပါ… ခင်ဗျာ့ပိုက်ကို နောက်မှ ပြင်။ ကျုပ်တို့လှေကို အရင် ကပ်ပေးဦး”ဟု ကျွန်တော်ကပဲ ပြောလိုက်ပါသည်။ ဟိုလင်မယားကလည်း ထိုအခါမှ လှေကို အရင်ကပ်ပါဟု သံပြိုင်ပြောကြသည်။

ကျွန်တော်က ပိုက်ဆံအိတ်ထဲမှ တစ်ထောင်တန်တစ်ချပ်ကို ဆွဲထုတ် လိုက်ပြီး ယောကျာ်းဖြစ်သူထံ လှမ်းပေးလိုက်သည်။ ခင်ဗျားတို့လည်း တစ်ထောင်ပေးလိုက်ကြဟုလည်း အော်ပြောလိုက်ပါသည်။ ထိုသူက အိပ်ကပ်ကို နှိုက်လိုက်သည်။ နှစ်ရာတန်၊ တစ်ရာတန် အြွေကများ ထွက်လာသည်။ ငါးရာတန်ပင်မပါ။ စုစုပေါင်း လေး၊ ငါးရာခန့်သာ ရှိမည်ဟု တွက်ဆရသည်။ ဒါပဲရှိတယ်ဟု ပြောကာ ပဲ့နင်းကို ကျွန်တော့်တစ်ထောင်တန်နှင့် စုပေါင်းပြီး ပေးလိုက်တော့ ပဲ့နင်းက လှေဦးမှ သူ့လှေသမားကို ပေးဖို့ မေးထိုးပြသည်။ စားသောက်ဆိုင်အဖွဲ့က လှမ်းယူပြီး ငွေတစ်ထောင် ထပ်ဖြည့်ကာ လှေဦးမှ လှေသမားအား ပေးလိုက်သည်။

လူ့စရိုက်သဘာဝတွေကို ဖျတ်ခနဲ တွေ့လိုက်ရခြင်းပင်ဖြစ်သည်။ ထို လင်မယားမှာ ဆင်းတောင့်ဆင်းရဲဟန်ပန် လုံးဝမရှိပါ။ သူတို့ဝတ်ဆင်ထားသော အဝတ်အစား၊ သူတို့ မျက်နှာသွင်ပြင်၊ ကလေးငယ်၏အပြင်အဆင်နှင့် အသွင်အပြင်အရ ငွေကြေးချို့ငဲ့သည့်ပုံလည်း တစ်စက်မှ မပေါ်။ ပြီးတော့ ပဲ့နင်း ပိုက်ဆံတောင်းတုန်းကလည်း ပိုက်ဆံအတွက် မပူနှင့်ဟု သူတို့ပင် သံပြိုင်ပြောခဲ့ကြသေးသည်။ ထို့အပြင် လင်မယား နှစ်ယောက်စလုံး သည်မျှ ထိတ်လန့်နေသည့်ကြား၊ စိတ်ပျက်စရာကောင်းလှသည့်ကြားမှပင် အကြွေများကို နှိုက်ထုတ်လျက် “ဒါပဲရှိတယ်”ဟု ပြောထွက်သော ထိုယောက်ျား၏ ပါးစပ်မှာ ရွှေချထားဖို့ပင် ကောင်းလွန်းလှသည်။

လောလောလတ်လတ် ဖတ်ထားတဲ့ စာဖတ်ပရိသတ်တစ်ဦးရဲ့ အသံ

“ပီကင်းအကြောင်းကို ပိုကြိုက်​တယ်။ ခပ်သောသောလေး ဖြစ်နေလို့။ ကိုကိုးကျွန်းမှာ တစ်ကျွန်းသမားတွေ ထားသေးတယ်လို့ပဲ ထင်ထားခဲ့တာ။ မရောက်ဖူးတဲ့သူတွေအတွက် ဒေသန္တရ ဗဟုသုတရတဲ့ စာအုပ်ကလေးပါ။ စာမျက်နှာ ၂၅၆ နဲ့ ၂၅၇ မှာ ကြိုးတွဲလောင်းရထားစီးနေရတဲ့​အချိန် ဆရာအမြင့်မှာ အသည်းတယားယားဖြစ်နေတဲ့ပုံကို ရေးထားတာ ရယ်လိုက်ရတာ…”