Skip to content

New Book Launched

12 July 2011

ယနေ့ ဖြန့်ချိလိုက်တဲ့ စာအုပ်သစ်

စာမြည်း

ပညာတတ်နာ

အတန်ကြာမှ ပဲ့နင်းရောက်လာကာ လှေထွက်ရန်ပြင်သည်။ လှေသမားငယ် တစ်ဦးက ရေစုပ်ပိုက်ဖြင့် လှေဝမ်းထဲမှ ရေများကို စုတ်ထုတ်ရန် ကြိုးစားသည်။ ပိုက်က ဘာဖြစ်နေသည်မသိ၊ ရေကောင်းကောင်း မထွက်။

အင်ဂျင်စက်ကို ထိုလူငယ်ကပင် နှိုးသည်။ မနိုး။

ပဲ့နင်းကိုယ်တိုင် ရောက်လာပြီး နှိုးတော့မှ နိုးလာသည်။ သို့သော် စက်သံက မမှန်။ ခဏအကြာတွင် ဖုတ်ခနဲ ရပ်သွားသည်။ လှေသမားငယ်က ရေထုတ်ပိုက်ကို ပြင်ဆင်ရန်အားထုတ်နေသည်။ ပဲ့နင်းက စက်ပြန်နှိုး သည်။ နိုးလာပြန်သည်။ သို့သော် ခဏအကြာတွင် ပြန်ရပ်သွားသည်။

ပဲ့နင်း၏ပါးစပ်မှ ညစ်ညမ်းသော စကားလုံးများထွက်လာသည်။ သူ့ လှေသမားကို တရစပ် ဆဲဆိုကြိမ်းမောင်းလျက်။

ဆဲဆိုရင်း ရေထုတ်ပိုက်ကို သူကိုယ်တိုင် ပြုပြင်သည်။ ကျွန်တော့် စိတ်ထင် တစ်ကမ္ဘာလောက်ကြာတော့မှ အဆင်ပြေသွားသည်။ ရေတွေ စုပ်လို့ရသွားသည်။ တစ်ချက်နှစ်ချက် စုပ်ပြီးသွားသောအခါ လှေသမားငယ်ကို ရေစုပ်ခိုင်းသည်။ အဆဲအဆိုကတော့ မရပ်။ လှေသမားငယ် ဆယ်တန်းအောင်ထားတာလည်းပါသည်။ ဆယ်တန်းအောင်သော်လည်း ဘာမှ အသုံးမကျဆိုသော စကားမျိုးဖြစ်သည်။

အင်း… ပညာတတ်နာ ရောဂါက သည်နေရာမှာလည်း ရှိနေပါလား ဟရို့။

မြို့ပေါ်မှာသာမက စာပေနယ်၊ အနုပညာနယ်တွင်လည်း ထိုရောဂါကို မကြာခဏ တွေ့ရသည်။ ပညာတတ်များကို အသားလွတ် မျက်မုန်းကျိုးနေသာ ရောဂါကို ဆိုလိုပါသည်။

တစ်ခါကဆိုလျှင် ကျွန်တော်နှင့် ရင်းရင်းနှီးနှီး မဆက်ဆံဖူးသော နာမည်ကျော် ပန်းချီဆရာတစ်ယောက်က မူးမူးဖြင့် ကျွန်တော့်အား အယုတ္တ အနတ္တစုံအောင် ဆဲတာကို ကျွန်တော်ကိုယ်တိုင်ခံဖူးသည်။ ဧည့်ခံပွဲအလယ်တွင် ဖြစ်သည်။ ထူးဆန်းစွာပင်၊ ထိုစဉ်က ကျွန်တော် သူ့ကို ဒေါသမဖြစ်ခဲ့ပါ။ ပထမတော့ အံ့ဩသည်။ နောက်တော့ သူ့ကို သနားသွားမိရပါသည်။ သူ့အဆဲအဆိုများထဲတွင် သူ့ပညာတတ်နာကို ပြက်ပြက်ထင်ထင်ကြီး လှမ်းတွေ့လိုက်ရသောကြောင့်ပင်ဖြစ်ပါသည်။

အမှန်မှာတော့ လူတိုင်းတွင် ရှိသော်လည်း ငုပ်နေတတ်မြဲ သိမ်ငယ်စိတ်ပင် ဖြစ်ပါသည်။ ဥစ္စာချို့တဲ့သည့် ဘဝလမ်းကို ဖြတ်သန်းခဲ့ရသူက မည်မျှပင် ကြွယ်ဝလာစေကာမူ ဥစ္စာနှင့်ပတ်သက်သော သိမ်ငယ်စိတ်ရှိသည်။ အသိုင်းအဝိုင်း ချို့တဲ့သည့် ဘဝလမ်းကို ဖြတ်သန်းခဲ့ရသူက မည်မျှပင် အခြွေအရံပေါစေကာမူ အသိုင်းအဝိုင်းနှင့် ပတ်သက်သော သိမ်ငယ်စိတ် ရှိသည်။ ပညာနှင့်ပတ်သက်လျှင်လည်း ထို့အတူ ရှိပါသည်။

ကျွန်တော့်မှာလည်း အသိုင်းအဝိုင်းနှင့်ပတ်သက်သော သိမ်ငယ်စိတ် ရှိပါသည်။ ယနေ့ထက်တိုင် ထိုသိမ်ငယ်စိတ်က စွတ်ကယ်စွတ်ကယ်  ပေါ်နေဆဲလည်း ဖြစ်သည်။ ထိုသိမ်ငယ်စိတ်ကြောင့် အသိုင်းအဝိုင်းကြီးမားသဖြင့် ထယ်ဝါနေသူများကို အသားလွတ် မျက်မုန်းကျိုးသော အသိုင်းအဝိုင်းနာ ရောဂါအခံလည်း ကျွန်တော့်မှာ ရှိသည်။

ယခု ပဲ့နင်းမှာလည်း ပညာတတ်နာ ရှိနေပုံပင်။ သူကလည်း ကျွန်တော့်ကို အသားလွတ် ထဆဲသော ပန်းချီဆရာနှယ်ပင်၊ သေရည်မူးမူးဖြင့် သူ့ လှေသမားကို အော်ဟစ်ဆဲဆိုနေလေမှန်း ရိပ်စားမိလာသောအခါ အတော်ကြီး စိတ်ပျက်လက်ပျက် ဖြစ်သွားရပါသည်။ သို့သော် ကျွန်တော့် မျက်နှာကမူ မပျက်ပါ။

ထိုပဲ့နင်းကို “တော်ပါတော့ဗျာ”ဟု ခပ်ပြုံးပြုံးပင် တားလိုက်ပါ သည်။ ပဲ့နင်းက ကျွန်တော့်ကို ရယ်ပြပြီး စက်ကိုနှိုးပြန်သည်။ စက်က သည်တစ်ချီမှာတော့ ကောင်းစွာ နိုးသွားပြီ။ ထိုအခါကျမှ ပဲ့နင်းလည်း ပဲ့ပိုင်းသို့ သွားကာ လှေကို စတင်မောင်းပါတော့သည်။

စက်သံနှင့်အတူ သူ့လှေသမားငယ်အား မြည်တွန်တောက်တီးနေခြင်းများကလည်း တရစပ်၊ အမျှင်မပြတ်။

သည်းထိတ်ရင်ဖို

သူ့ကျွမ်းကျင်မှုကတော့ မူးနေသည့်ကြားမှပင် အမှားအယွင်းမရှိ။ ရေတက် ဖြစ်သဖြင့် ကျွန်တော်တို့စီးနင်းလာသည့် ဝန်ပိလှေထက်မြင့်လှသော လှိုင်းတံပိုးများက လှေဆီသို့ တစ်လုံးပြီးတစ်လုံး တိုးဝင်လာသည်။ ကျွန်တော်တို့ လှေလေးက ထိုလှိုင်းလုံးများကို ထိပ်တိုက်ရင်ဆိုင်ကာ ကျော်ဖြတ်သွားနေသည်။

ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင်၊ လှေဦးကို မျက်နှာမူကာ ထိုင်နေသာ ကလေးငယ်နှင့်လင်မယားက မျက်စိစုံမှိတ်ရင်း ဘုရားစာတွေ ပြိုင်တူ ရွတ်နေကြသည်။ မယားလုပ်သူ၏ ရင်ခွင်ထဲမှ သမီးငယ်လေးက ငါးနှစ် ခြောက်နှစ်မျှသာ ရှိဦးမည်။ မျက်လုံးဝိုင်းဝိုင်း၊ မျက်ခုံးကောင်းကောင်းနှင့် ချစ်စရာ ကလေးငယ်လေး။ မအေလုပ်သူက သမီးငယ်ကို တင်းတင်းပွေ့ထားရင်းက ဘုရားစာတွေ ရွတ်နေလေသည်။ သူတို့လင်မယား တအား ကြောက်နေကြပြီမှန်း သိသာလွန်းလှသည်။

ကျွန်တော်လည်း အနည်းနှင့်အများတော့ ကြောက်သလိုလို ရှိပါသည်။ သို့သော် ရှေ့တွင်ရေးခဲ့သည့်အတိုင်း ကျွန်တော့်စိတ်က တစ်ခါတရံများတွင် ဘာကိုမှ မမှုတော့သော မထူးစိတ်အဖြစ်သို့ ပြောင်းသွားတတ်သည်။ အထူးသဖြင့် ယခုလို မိုးထဲရေထဲတွင် ထိုမထူးစိတ်က ဦးဆောင်နေသည်မို့ သိပ် မထိတ်ပျာမိတော့ပါ။ သေသွားတော့ရော ဘာဖြစ်သေးတုံး။ ဇာတ်ဆရာတွေ ပြောသလို စောစော သေ၊ စောစော အိပ်ရတာပ။

အခုနေ ကျွန်တော်တို့ သားအဖနှစ်ယောက် သေသွားလျှင် သမီးနှင့် ဇနီးတို့သာ ကျန်ရစ်ပေလိမ့်မည်။ ပထမတော့ သူတို့လည်း ကြေကွဲကြလိမ့်မည်။ သို့သော် ကျွန်တော်တို့ သေသည်နှင့် သူတို့လည်း လိုက်သေကြမည် မဟုတ်တာကတော့ သိပ်သေချာသည်။ ထို့ထက် ပိုသေချာသည်ကတော့ နောက် ၄-၅-၁၀ နှစ်ကြာလျှင် ကျွန်တော်တို့ကို မေ့သွားကြမည်သာဖြစ် သည်။ သူတို့ဘဝအမောတွေနှင့် သူတို့ လူးလာ ရုန်းကန်ရင်း သတိရချင်သည့်အခါ ဖျတ်ခနဲ သတိရတာမျိုးလောက်သာ ရှိပေတော့မည်။

ဒါက လောကတံထွာ ဓမ္မတာပင် ဖြစ်ပါသည်။

သေခြင်းကို ကျွန်တော် စဉ်းစားဖြစ်နေသည်မှာ နှစ်တွေပင် အတန်ကြာခဲ့ပြီ။ ၁၉၉၄ခုနှစ်မှာ ယာဉ်တိုက်မှုအကြီးအကျယ်ဖြစ်စဉ်က အသက်မသေဘဲ ရှိနေခဲ့သည့်အတွက် ယခု နေရသမျှမှာ သည်ဘဝတာအတွက် အမြတ်ဟု ပင် အောက်မေ့ထားပါသည်။ ထို့ကြောင့်လည်း ယခုနောက်ပိုင်းတွင် သေရ မှာကို သိပ်မကြောက်တော့ပါ။ သေနေ့စေ့တဲ့အခါ ပျော်ပျော်ပါးပါးကြီး သေလိုက်ရုံပေါ့ဟုသာ အောက်မေ့ထားလိုက်ပါသည်။

ထို့ကြောင့်လည်း ယခုအခါမှာ ကျွန်တော် ကြောက်မနေမိပါ။ စိတ်ထဲမှာကလည်း သင်္ဘောဆီသို့ ဘေးမသီရန်မခ ပြန်ရောက်ကိုရောက်ရမည်ဟု အလိုလို သိနေပါသည်။

ပင်လယ်ကြီးကတော့ ညို့ညို့ကြီး မဲမှောင်နေပါသည်။

ခရီးအတန်ပေါက်သောအခါ ပဲ့နင်းက ကျွန်တော့်ကို လက်မထောင်ပြပါသည်။ ကျွန်တော့်လည်း ရယ်ပြုံးလျက်ပင် သူ့ကို လက်မ ပြန်ထောင်ပြလိုက်သည်။ သူက တစ်ယောက် တစ်ရာပေးရန် တောင်းဆိုကြေညာသည်။ ငွေအတွက် မပူပါနှင့်ဟု ကြောက်ရွံ့တုန်ယင်လျက်ရှိသော လင်မယားက ပြိုင်တူ လောလော ပြောသည်။ ပြီးတော့ ပါးစပ်တွေ တလှုပ်လှုပ် နှင့် ဘုရားစာတွေ ဆက်ရွတ်နေကြသည်။

ကြားဖူးနားဝနှင့်ပြောရလျှင် ထိုအကြင်လင်မယားကား ရာသက်ပန်မြဲမည့် အိမ်ထောင်ဖက်များပင်ဖြစ်လောက်ပေသည်။ သူတို့၏မျက်နှာများမှာ မောင်နှမများနှယ်ပင် အလွန်ဆင်လှသဖြင့် ထိုသို့ ပြောလိုက်ရခြင်းပင် ဖြစ်သည်။ ကလေးလေးကတော့ ဘာမှ မသိလှသဖြင့် ကြောက်ရွံ့ဟန် အလျဉ်းမရှိချေ။

သြော်… လူတွေ။ လူတွေ

ရေထုတ်ပိုက်မှာ ထုတ်ရင်းက ပြန်ပျက်သွားပြန်သည်။     

အဆဲဆိုခံလှေသမား လူငယ်လေးက ပြုပြင်ပြန်လေသည်။ သင်္ဘောနားသို့ ကပ်လာပြီကား ဖြစ်ပါသည်။ ထိုအချိန်မှာ ပဲ့နင်းက စက်ကို သတ်လိုက်သည်။
ထို့နောက် သူ့အဆဲအဆိုများဖြင့် ရေထုတ်ပိုက်ကို ကိုယ်တိုင် ပြုပြင်နေလေတော့သည်။ အဆဲဆိုခံ လူငယ်လေးကမူ သွားဖြူဖြူများပေါ်အောင် ရယ်၍သာနေတော့သည်။

ဓာတ်ပဲ ကူးသွားတာလားတော့မသိ။ သား၏ နံဘေးမှာ ထိုင်နေသော စားသောက်ဆိုင်မှ လူငယ်ကလည်း လှေနံရံတွင် မှေးထိုင်နေသော သူ့တပည့်လူငယ်လေးကို ဟိန်းဟောက်မာန်မဲနေပြန်သည်။ ထိုသို့ အမျိုးစုံ ရွတ်ဖတ် မောင်းမဲနေခြင်းဖြင့် တစ်ဖက်သားအတွက် မည်သို့မျှ အကျိုးမရှိသည်ကို ထိုသူများ သိနိုင်ကြလိမ့်မည်မဟုတ်ပေ။

စက်သတ်ထားသော လှေငယ်လေးကာ လှိုင်းများကြားတွင် တလူးလူး တလိမ့်လိမ့်။ ကျွန်တော်တို့ နောက်မှ ထွက်လာသော လှေကပင် သင်္ဘောနှင့် ကပ်သွားပေပြီ။

ကျွန်တော်တို့ တစ်လှေလုံး စိတ်နှလုံး ညှိုးခြုံးနေကြလေပြီ။ သူမှ ကပ်မပေးလျှင်လည်း ကျွန်တော်တို့ သင်္ဘောပေါ် ပြန်ရောက်တော့မည် မဟုတ်သည်မို့ အမူးသမား ကိုရွှေပဲ့နင်းကို ဘာတစ်ခွန်းမှ မပြောသာဘဲ အသာကြည့်နေကြရပါသည်။

လက်ဖြစ် ရေထုတ်ပိုက်က ဝါရှာပြားတစ်ခုမှာ အဆဲခံ လှေသမား လူငယ်လေး၏ လက်ထဲမှ လှေဝမ်းထဲမှ ရေတွေထဲသို့ ပြုတ်ကျသွားသည်။ ပြန်ရှာလို့ မရတော့။ အဲဒါကိုပဲ သည်းကြီးမည်းကြီးရှာရင်းက ကိုရွှေပဲ့နင်းသည် မနားတမ်း ဆိုဆဲလျက်။

ကျွန်တော်တို့နောက်မှ ထွက်ကာ ကျွန်တော်တို့အရင် သင်္ဘောနှင့် ကပ်သွားသော လှေပင်လျှင် ပြန်ထွက်လေပြီ။ ကျွန်တော်တို့ကတော့ ရေလယ်လှိုင်းလုံးများ ကြားမှာ နိမ့်တုံမြင့်တုံ၊ သည်းလှိုက်လှိုက်ခုန်။

ဘာဖြစ်တာလဲဟု အော်ဟစ်ပြီး ထိုလှေက လှမ်းမေးသေးသည်။ ပဲ့နင်းက ထိုလှေသမားတွေကို လက်ခါပြလိုက်သည်။

“ကဲပါ… ခင်ဗျာ့ပိုက်ကို နောက်မှ ပြင်။ ကျုပ်တို့လှေကို အရင် ကပ်ပေးဦး”ဟု ကျွန်တော်ကပဲ ပြောလိုက်ပါသည်။ ဟိုလင်မယားကလည်း ထိုအခါမှ လှေကို အရင်ကပ်ပါဟု သံပြိုင်ပြောကြသည်။

ကျွန်တော်က ပိုက်ဆံအိတ်ထဲမှ တစ်ထောင်တန်တစ်ချပ်ကို ဆွဲထုတ် လိုက်ပြီး ယောကျာ်းဖြစ်သူထံ လှမ်းပေးလိုက်သည်။ ခင်ဗျားတို့လည်း တစ်ထောင်ပေးလိုက်ကြဟုလည်း အော်ပြောလိုက်ပါသည်။ ထိုသူက အိပ်ကပ်ကို နှိုက်လိုက်သည်။ နှစ်ရာတန်၊ တစ်ရာတန် အြွေကများ ထွက်လာသည်။ ငါးရာတန်ပင်မပါ။ စုစုပေါင်း လေး၊ ငါးရာခန့်သာ ရှိမည်ဟု တွက်ဆရသည်။ ဒါပဲရှိတယ်ဟု ပြောကာ ပဲ့နင်းကို ကျွန်တော့်တစ်ထောင်တန်နှင့် စုပေါင်းပြီး ပေးလိုက်တော့ ပဲ့နင်းက လှေဦးမှ သူ့လှေသမားကို ပေးဖို့ မေးထိုးပြသည်။ စားသောက်ဆိုင်အဖွဲ့က လှမ်းယူပြီး ငွေတစ်ထောင် ထပ်ဖြည့်ကာ လှေဦးမှ လှေသမားအား ပေးလိုက်သည်။

လူ့စရိုက်သဘာဝတွေကို ဖျတ်ခနဲ တွေ့လိုက်ရခြင်းပင်ဖြစ်သည်။ ထို လင်မယားမှာ ဆင်းတောင့်ဆင်းရဲဟန်ပန် လုံးဝမရှိပါ။ သူတို့ဝတ်ဆင်ထားသော အဝတ်အစား၊ သူတို့ မျက်နှာသွင်ပြင်၊ ကလေးငယ်၏အပြင်အဆင်နှင့် အသွင်အပြင်အရ ငွေကြေးချို့ငဲ့သည့်ပုံလည်း တစ်စက်မှ မပေါ်။ ပြီးတော့ ပဲ့နင်း ပိုက်ဆံတောင်းတုန်းကလည်း ပိုက်ဆံအတွက် မပူနှင့်ဟု သူတို့ပင် သံပြိုင်ပြောခဲ့ကြသေးသည်။ ထို့အပြင် လင်မယား နှစ်ယောက်စလုံး သည်မျှ ထိတ်လန့်နေသည့်ကြား၊ စိတ်ပျက်စရာကောင်းလှသည့်ကြားမှပင် အကြွေများကို နှိုက်ထုတ်လျက် “ဒါပဲရှိတယ်”ဟု ပြောထွက်သော ထိုယောက်ျား၏ ပါးစပ်မှာ ရွှေချထားဖို့ပင် ကောင်းလွန်းလှသည်။

လောလောလတ်လတ် ဖတ်ထားတဲ့ စာဖတ်ပရိသတ်တစ်ဦးရဲ့ အသံ

“ပီကင်းအကြောင်းကို ပိုကြိုက်​တယ်။ ခပ်သောသောလေး ဖြစ်နေလို့။ ကိုကိုးကျွန်းမှာ တစ်ကျွန်းသမားတွေ ထားသေးတယ်လို့ပဲ ထင်ထားခဲ့တာ။ မရောက်ဖူးတဲ့သူတွေအတွက် ဒေသန္တရ ဗဟုသုတရတဲ့ စာအုပ်ကလေးပါ။ စာမျက်နှာ ၂၅၆ နဲ့ ၂၅၇ မှာ ကြိုးတွဲလောင်းရထားစီးနေရတဲ့​အချိန် ဆရာအမြင့်မှာ အသည်းတယားယားဖြစ်နေတဲ့ပုံကို ရေးထားတာ ရယ်လိုက်ရတာ…”

Advertisements
3 Comments leave one →
  1. 12 July 2011 8:41 pm

    အကုန်ဖတ်ပြီးသွားပြီ =D အခုမှ အကုန် ပြီးတာ။
    အတူတူချင်းကို ဘာလို့ ပေကျင်းအကြောင်းပိုကြိုက်သလဲလို့ ကိုယ့်ဟာကိုယ် စဉ်းစားမိနေတာ ဆရာ။ နောက်တစ်ခါ ပြန်ကြည့်တော့မှ ကိုကိုးကျွန်းသွားတဲ့အကြောင်းက စကားပြေနဲ့ရေးထားပြီး၊ နောက်တစ်ပိုင်းဖြစ်တဲ့ ပေကျင်းသွားတဲ့အကြောင်းကို စကားပြောနဲ့ ခပ်သောသောလေးရေးထားလို့ ပိုကြိုက်မိတာဖြစ်မယ်။

    ပေကျင်းအကြောင်း ဖတ်လို့ကောင်းရင်းကောင်းရင်းနဲ့ နောက်ဆုံးမှာ့  “ဂျောနယန်” မျက်နှာမသာမယာနဲ့ နှုတ်ဆက်နေပုံကို သနားသလို၊ ဘာဂလိုတိုတို ရင်ထဲမှာ တမျိုးဖြစ်ကျန်ခဲ့တယ်။

    အခုလိုခရီးသွားမှတ်တမ်းတွေပြန်ဖတ်ရတော့၊ စ ဖတ်ခဲ့ဖူးပြီး အခုထိလည်း မဆုံးသေးတဲ့ စမလုံးချင်ဘု လုံးလုံးကြီးစိတ်နာ ကို ပြန်သတိရမိတယ်။ တကယ်လို့များ ဒီစာအုပ်ကို နောက်တစ်ကြိမ် ထပ်ပြီး ထုတ်ဝေဖြစ်ခဲ့မယ်ဆိုရင် စမလုံးချင်တဲ့အကြောင်းနဲ့ စိတ်နာတဲ့အကြောင်းတွေကိုပါ တစ်ပါတည်း ဖတ်ချင်ပါတယ် ဆရာ။

  2. shwe gyi permalink
    12 July 2011 9:13 pm

    ဆရာ့ စာမြည်းလေးကကိုထုံးစံအတိုင်းတော်တော်တွေးဆစရာလေးတွေနဲ့ ဝေဆာပါပေ့…
    ရှဲလိုက်ပါတယ်ဆရာ FACEBOOK မှာ…

  3. Moe permalink
    16 July 2011 5:45 am

    မြန်မာ စာအုပ် စာပေ ဝယ်လို့  မလွယ်တဲ့ နေရာမှာမို့  စာအုပ်ဝယ်မဖတ်နိုင်တာ ကြာပေါ့ ဆရာရယ်။ စာမြည်းလေးကို ဖတ်ပြီး၊ ပြီးဆုံးတဲ့ထိ ဖတ်ချင်စိတ်တွေ မရိုးမရွ ဖြစ်နေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: