Skip to content

Dogs

15 August 2011

ခွေးတွေ

(Dogs by Stan Gibilisco)

၈ နာရီ ထိုးပြီဆိုတာနဲ့ တစ်ဖက်ခြံက ခွေးက စ ဟောင်တော့တာ မနက်တိုင်းပါပဲ။ တစ်ဖက်ခြံရဲ့ ခြံစည်းရိုးက ပျဉ်ပြားတွေကို စေ့ပြီး ပိန်းပိတ်နေအောင်လုပ်ထားတာမျိုးမို့ ခြံထဲကို ဘယ်လိုမှ မမြင်နိုင်ပါဘူး။ ဒါကြောင့်လည်း အဲဒီ့ခွေးကို ကျွန်တော် တစ်ခါဆို တစ်ခါမှ မမြင်ဖူးဘူး။

ပျဉ်ကြိုပျဉ်ကြားမှာလည်း အပေါက်ဆိုတာက မရှိသလောက်။ ရှိစုမဲ့စု အပေါက်ကလေး သေးသေးတစ်ပေါက်တွေ့လို့ တစ်ခါလားနှစ်ခါလား၊ အဲဒီ့ခြံထဲကို ချောင်းတော့ ကြည့်ဖူးတယ်။ ဒါပေမယ့် မြေကြီးပေါ် စိုက်ထားတဲ့ ငုတ်ရယ်၊ အဲဒီ့ငုတ်မှာ ချည်ထားတဲ့ သံကြိုးရယ်ကိုပဲ တွေ့ရတာချည်းပဲ။ ကြိုးရဲ့ တစ်ဖက်စွန်း၊ ခွေးရှိလောက်တဲ့ နေရာကိုကျတော့ ဘယ်လိုမှ မမြင်ရဘူး။

လှေကားတစ်စင်းကိုယူ၊ ခြံစည်းရိုးမှာ ထောင်ပြီး တစ်ဖက်ခြံကို ကျော်ကြည့်ဖို့လည်း စဉ်းတော့ စဉ်းစားဖူးသား။ ဒါပေမယ့် အဲဒါလည်း သိပ်တော့ မလွယ်ဘူး။ ကျွန်တော်တို့အရပ်ထဲမှာ ခိုးမှုတွေ၊ အနုကြမ်းစီးတာတွေ ဖြစ်ဖူးထားတော့ အရပ်က ရဲသွားတိုင်နေမှ အခက်။

အဲတော့လည်း အဲဒီ့ခွေးဟောင်သံဟာ ကျွန်တော့်အတွက် စိတ်ဝင်စားစရာအဖြစ်နဲ့ပဲ အတော်ကြာကြာ ရှိနေပါတော့တယ်။ တစ်ခါတလေတော့လည်း အဲလို စူးစူးဝါးဝါး ထိုးဟောင်တတ်တာ ဘယ်လိုခွေးမျိုးများ ဖြစ်လေမလဲဆိုတာ စဉ်းစားရတာကိုက စိတ်ဝင်စားစရာ အကောင်းသား။

ကျွန်တော့်စိတ်အာရုံမှာတော့ အဲဒီ့ခွေးရဲ့ပုံပန်းကို ဘယ်လိုမှကို ဖော်လို့မရဘူး ဖြစ်နေတယ်။ အမွေးပွခွေးလား၊ အမွေးတိုခွေးလား၊ ဘာ အရောင်လဲဆိုတာ ဘယ်လိုမှ မှန်းမရဘူး။ ဟောင်သံက ခပ်စူးစူးဆိုတော့ ခွေးပေါက်စလေးပဲလို့တော့ ထင်တယ်။ သည့်ထက် ပိုပြီးတော့တော့ နည်းနည်းမှ မခန့်မှန်းတတ်တော့ဘူး။

ဟောင်သံနဲ့အတူ ခြွင်ခြွင်မြည်သံတွေလည်း ပါနေတတ်တယ်။ ခွေး အဟောင် ရပ်နေရင်တောင်မှ သံကြိုးဆီက ထွက်တဲ့ တခြွင်ခြွင်အသံကိုတော့ ကြားနေရတတ်တာပါပဲ။ အဲတော့လည်း သည်ခွေးဟာဖြင့် တစ်စက်ကလေးမှ အငြိမ်မနေတတ်တဲ့သတ္တဝါပဲလို့ ကောက်ချက်ချထားလိုက်မိပါတော့တယ်။

ဟောင်သံက နေ့တိုင်းပါပဲ၊ အဲဒီ့ခွေးမို့လို့ တစ်ချိန်လုံးလိုလို မနားတမ်း ဟောင်နိုင်ပါပေရဲ့။ မနက် ၈ နာရီကတည်းက ဟောင်နေတာများ နေဝင်တဲ့အထိကို ဟောင်နေတော့တာပါ။ တစ်ခါတစ်ခါကျတော့ ကျွန်တော့်မှာ အဲဒီ့ဟောင်သံကြောင့် အလုပ်တောင် ပျက်ချင်ချင်ရယ်။

အဲ… မဟောင်တဲ့နေ့တွေကတော့ ရာသီဥတုဆိုးရွားတဲ့နေ့တွေပါပဲ။ မိုးတွေ သိပ်သည်းနေတဲ့အခါ၊ ခိုက်ခိုက်တုန်အောင် အေးနေတဲ့အခါ၊ လေပြင်းကျနေတဲ့အခါမျိုးတွေမှာတော့ အဲဒီ့ ခွေးဟောင်သံကို မကြားရတတ်ဘူး။ အဲတော့လည်း ရာသီဥတု မကောင်းမယ့်နေ့ကိုပဲ မျှော်မိသလိုတောင် ဖြစ်လာရပါတော့တယ်။ တော်တော့ တော်ပါသေးရဲ့။ မောင်မင်းကြီးသား၊ (အဲ… မယ်မင်းကြီးမလည်း ဖြစ်ချင်ရင် ဖြစ်နေနိုင်ပါတယ်လေ) အဲ… အဲဒီ့ရွှေခွေးက ညဘက်ကျတော့ ဘာသံမှ မထွက်ပေလို့။ အိပ်ရေးမပျက်တဲ့အတွက် သူ့ပဲ ကျေးဇူးတင်ရဦးမယ်။

ခွေးရှင်ကိုလည်း စိတ်ကူးထဲမှာ မှန်းကြည့်တယ်။ မျက်မှန်ကြီး တပ်လို့၊ အသက်ခပ်ကြီးကြီး၊ ခပ်ဖိုင့်ဖိုင့်လူကြီးတစ်ယောက် ဖြစ်ချင် ဖြစ်နေမှာ။ မုတ်ဆိတ်မွေးကျိုးကျဲ၊ သွားကျိုးကျဲနဲ့ လူ့ခွစာလိုဟာမျိုးနေမှာ။ အဲဒီ့လူ့ခွစာ နေစိမ့်ပုံများ သူ့ခွေး တစ်နေကုန် ဟောင်နေတာတောင် တစ်ခွန်းဟန့်ဖော် မရဘူး။ ဒါပေမယ့် အိပ်ချိန်လေးတော့ ခွေးမဟောင်အောင် ထိန်းပေးထားဖော် ရသေးတဲ့အတွက် သူ့ကို ကျွန်တော်တင်မကဘူး၊ တခြားအိမ်နီးချင်းတွေကပါ သူ့ကိုပါ ကျေးဇူးရှင်စာရင်းထဲ ထည့်သွင်းရမလိုပါပဲ။

ခက်တာက ကျွန်တော်တို့နေတဲ့ ဖှလော်ရီဒါပြည်နယ်မှာကလည်း  ရာသီဥတုက နေ့တိုင်းလို သာတောင့်သာယာရယ်။ အဲတော့လည်း ခွေ ကို တစ်ချိန်လုံး ခြံထဲထုတ်ထားလို့ရနေတော့တာပေါ့။ သံကြိုးသံ တခြွင်ခြွင်၊ ဟောင်သံ တစ်ဝုတ်ဝုတ်ကိုလည်း ရက်ဆက် အချိန်ပြည့် ကြားနေရတော့တာပေါ့။

ခွေးရဲ့ဟောင်သံက ကြေကြေကွဲကွဲနိုင်လှတဲ့အတွက် ကျွန်တော်လည်း တစ်ခါမှ မမြင်ဖူးတဲ့ခွေးကို သနားသလိုလိုဖြစ်လာရတယ်။ သာတောင့်သာယာ အချိန်မှာ ခွေးတစ်ကောင်ဟာ ဘာလို့ သည်လောက်တောင် ဟောင်နေတာလဲ။ သံကြိုးဆန့်နိုင်သလောက် ၄-၅-၆ ကိုက် အဝန်းအဝိုင်းလေးအတွင်းမှာသာ လှုပ်ရှား နေထိုင်ရတာကို ညည်းငွေ့နေတာမို့ သက်သာရာ သက်သာကြောင်း ရှာတဲ့သဘော မဖြစ်နိုင်ဘူးလား။ ဒါမှမဟုတ် ငှက်ကျေးတွေ၊ လိပ်ပြာလေးတွေ၊ ရွက်ကြွေတွေ၊ လူတွေကို ခြောက်ဖို့ဖြစ်ဖြစ်၊ စိတ်ဝင်စားအောင်ဖြစ်ဖြစ် ဟောင်နေတာရော မဖြစ်နိုင်လား။ ဒါမှမဟုတ်ရင်လည်း ပျော်လို့ ဟောင်တာရော မဖြစ်နိုင်ဘူးလို့ ပြောလို့ဘယ်ရပါ့မလဲ၊ နော်…။ ဟောင်တာဟာ သူ့ဘဝရဲ့တေးသံ ဖြစ်ချင်ဖြစ်နေမှာလေ။

အင်း… ခံစားချက်လည်း ဖြစ်ချင်ဖြစ်နေမှာ။ ဒါမှမဟုတ်လည်း တစ်ယောက်တည်း တတွတ်တွတ် ရွတ်နေ၊ ပြောနေတတ်တဲ့လူတွေလို ကိုယ့်အသံကိုယ် ပြန်ကြားရတာကို အရသာတွေ့နေတာလည်း ဖြစ်ချင် ဖြစ်နေနိုင်ပါတယ်။

ဒါမှမဟုတ်လည်း အမှတ်တမဲ့ လုပ်ဖြစ်နေတာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ်ရင်လည်း တစ်ဖက်သားကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လို့ ရနေမှန်း သိနေတဲ့အတွက် ဟောင်တာရော မဖြစ်နိုင်ဘူးတဲ့လား။ တစ်ခါတစ်ခါဆို ကျွန်တော့်စိတ်ထဲမှာ အဲဒီ့ဟောင်သံကြောင့် ဒေါသတွေ အလိပ်လိုက်ထွက်လာတာမျိုးလို သူ့ဟောင်သံကြောင့် ပတ်ဝန်းကျင်က လူတွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေနိုင်တာကို သိလို့ စွတ်ဟောင်နေတာလည်း ဖြစ်နိုင်တာပေါ့နော်။

ဘာလို့ဟောင်တာလဲလို့ ကျွန်တော် သည်ခွေးကို တစ်ခါမှ မမေးခဲ့ဖူးပါဘူး။ ခြံစည်းရိုးကို ကျော်လွှားပြီးတော့လည်း ခွေးကို မမာန်ခဲ့ဖူးပါဘူး။ တကယ်တော့လည်း ကျွန်တော် အသံကုန်ဟစ်ပြီး အော်လိုက်မိရင်တောင်မှ တစ်ဖက်က တိုးဟောင်လာဖို့က လွဲလို့ ဘာမှတုန့်ပြန်မှာ မဟုတ်ဘူး ဆိုတာလည်း သိနေတယ်လေ။

နောက်ဆုံးမှာတော့ သည်ခွေးဟာ စိတ်မချမ်းမသာ ဖြစ်နေလွန်းလို့သာ ဟောင်နေတာနေမှာလို့ ကျွန်တော် ကောက်ချက်ချမိပါတော့တယ်။ မာန်ဖီတာ၊ ညည်းငွေ့တာ၊ ကြံရာမရဖြစ်နေတာ၊ အမျိုးစုံကြောင့် သူ ဟောင်နေတာနေမှာပါ။ ပျော်လို့ ဟောင်တာကတော့ တော်တော့်ကို မဖြစ်နိုင်ပါဘူး။

တစ်ခါတလေကျတော့ အဲဒီ့ ဟောင်သံက ဘာပစ္စည်းတွေမှန်း တိတိပပ မသိနိုင်တဲ့အရာဝတ္ထုတွေဆီကနေ ပဲ့တင်ထပ်လား ထပ်ရဲ့။ အဲလိုအခါကျတော့ ပိုဟိန်းနေသလိုပါပဲ။ စိတ်ပျက်ညည်းငွေ့နေတာ၊ အပယ်ခံထားရတာကိုအကြောင်းပြုပြီး သည်ခွေးဟာ အလကားနေရင်းကို ဟောင်နေတာပဲဖြစ်မှာဆိုတဲ့ ကောက်ချက်က ကျွန်တော့်အတွက် ကြာလေ ခိုင်မာလာလေဖြစ်လို့နေပါတော့တယ်။

ဟောင်တာကို သိပ်အကျင့်ပါသွားတဲ့အခါကျတော့ ဟောင်သံမှာက သံရှည်ဆွဲပြီး အူသံပါ ရောစွက်လာတတ်ပါသေးတယ်။ ဟောင်နေရတာကို အကျင့်ပါနေလို့ပဲ အဲဒီ့ ဟောင်သံဟာ ဘာ အနက်အဓိပ္ပာယ်မှ မရှိတော့သလိုပဲ။ အစာစားချင်လို့၊ လူသံကြားလို့၊ မမာလို့ ဟောင်နေ အီနေတာ မဟုတ်တော့ဘူး။ သူရှိနေမှန်း သတိထားမိစေချင်လို့ ဟောင်တာမျိုးလည်း မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။

တကယ်တမ်း အဲဒီ့ ဟောင်နေတဲ့သတ္တဝါကို မြင်လိုက်ရချိန်မှာ ကျွန်တော် ဘယ်လောက် အံ့ဩသွားသလဲဆိုတာ စာဖတ်သူများ စဉ်းစား ကြည့်ကြစေချင်ပါတယ်။ မေလရဲ့အလယ် တစ်နေ့ခင်းမှာပေါ့။ အဲဒီ့ ဟောင်သံကို နားမခံသာတော့တဲ့အဆုံးမှာ တစ်ဖက်ခြံထဲကို ချောင်းကြည့်နေကျ အပေါက်လေးထဲကနေ ချောင်းနေလိုက်မိပါတယ်။

ပထမတော့ မတွေ့ရသေးဘူး။ အတော်လေးနေမှ တွေ့ရတာ။

ကျွန်တော်တွေ့တာ ခွေးမဟုတ်ဘူးဗျ၊ အဘွားကြီးတစ်ယောက်။ ငုတ်မှာ အသေချည်းထားတဲ့ သံကြိုးနဲ့ အတည်းခံထားရတဲ့ စုတ်စုတ်ပြတ်ပြတ် မိန်းမကြီးတစ်ယောက်ရယ်…။

ခါတိုင်း ကျွန်တော်ကြည့်တဲ့အခါ ဘာမှ မတွေ့ရတာက ငုတ်ကို တခြားနေရာမှာ စိုက်ထားလို့ရင်လည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ်လည်း ကျွန်တော် ချောင်းကြည့်တဲ့အချိန်မှာ သည်မိန်းမကြီးက ခပ်လှမ်းလှမ်း၊ ကျွန်တော် မမြင်နိုင်တဲ့နေရာကိုမှ တိုက်တိုက်ဆိုင်ဆိုင် ရောက်နေလို့ရင်လည်း ဖြစ်ချင်ဖြစ်မယ်။

ဘာပဲဖြစ်ဖြစ်၊ အခုတော့ သူ့ကိုတွေ့လိုက်ရပြီလေ။

မယုံနိုင်လောက်အောင် အံ့ဩလှတဲ့အတွက် ပထမတော့ ကျွန်တော့် မျက်စိများ မှားနေတာလားလို့တောင် ထင်မိတယ်။ သေချာကြည့်လိုက်ရင် ပျောက်သွားမှာပါလို့လည်း တွေးမိသေးတယ်။

ဒါပေမယ့် မဟုတ်ဘူး၊ တစ်ဖက်ခြံထဲမှာ မိန်းမကြီးက တကယ်ကြီးကို ခွေးလိုဟောင်နေတာဗျ။

မိန်းမကြီးရဲ့ ဆံပင်တိုနံ့နံ့ကလည်း စုတ်ဖွားပဲ။ ပြီးတော့ ချည်ထားတဲ့ သံကြိုး အလျားရှိသလောက်လည်း လေးဘက်သွားနေလေရဲ့။ ငုတ်ကို ပတ်ပြီး အဲလို လမ်းသလားလွန်းတဲ့အတွက် တစ်ဖက်ခြံက မြက်ခင်းပေါ်မှာ သူ့လမ်းကြောင်း အကွင်းလိုက် ဝိုင်းဝိုင်းကြီးတောင် ပေါ်နေပြီ။  တစ်နေ့တာအတွင်းမှာတင် ဘယ်နှကြိမ် ပတ်ပြီးပြီလဲ မသိဘူး၊ ဒါကြောင့်မို့လဲ စက်ဝိုင်းကြီးက မြက်ခင်းအလယ်မှာ အဲလောက်ကြီးကို ထင်းနေတာ ဖြစ်မှာပါ။

ဒါဆိုရင်တော့ အဲဒီ့ခြံထဲမှာ ဘယ်တုန်းကမှ ခွေးမရှိတာ ထင်ရှားနေပါပြီ။ ခွေးလို့ တစ်လျှောက်လုံး ကျွန်တော်တွေးထားခဲ့တဲ့ အသံရှင်ဟာ သည်မိန်းမကြီးပဲ ဆိုတာလည်း သေချာပါတယ်။ ဟုတ်တယ်လေ၊ ကျွန်တော် ရက်ရှည် လများ မနည်း သည်းခံနေခဲ့ရတဲ့ အသံဗလံပေါင်းစုံကို သည်မိန်းမကြီးက အခုပဲ လုပ်နေတာပဲ မဟုတ်လား။

မိန်းမကြီးက ပါးစပ်လှုပ်လိုက်တာနဲ့ ဟောင်သံက သူ့နှုတ်ခမ်းတွေထဲကနေ အလိုက်သင့်ထွက်လာတယ်ဗျ။ အဲဒီ့ ဟောင်သံကို ပြက်ပြက်ထင်ထင် ကြားနေရမှတော့ ခါတိုင်းနေ့တွေမှာ ကျွန်တော်ဆက်တိုက် ကြားနေခဲ့ရတဲ့ ဟောင်သံဟာလည်း သည်မိန်းမကြီးဆီက ထွက်လာတာပဲ ဆိုတာ သိပ်ကို သေချာသွားတော့တာပေါ့။

တစ်အောင့်လောက်ကြာအောင် သေချာစိုက်ကြည့်ပြီး သေချာ နားထောင်ယူတော့မှ ဒါဟာ အိပ်မက်မက်နေတာမဟုတ်ဘူး၊ တကယ်ပဲဆိုတာကို ကျွန်တော် နှလုံးသွင်းနိုင်လာပါတော့တယ်။

မျက်တောင်တစ်ချက်တောင်မခတ်မိဘဲ ကျွန်တော် ချောင်းကြည့်နေတဲ့အပေါက်လေးဖက်ကို နောက်ဆုံးတော့ မိန်းမကြီး လှည့်လာပါတော့တယ်။

“သည်မှာဗျ…”

ကျွန်တော် အော်လိုက်တယ်။

မိန်းမကြီးဟာ ကျွန်တော့်အသံကို ကောင်းကောင်း ကြားသွားပုံပဲ။ ပထမတော့ ဆတ်ခနဲ နောက်ကြောင်းပြန်လှည့်ဖို့ ပြင်လိုက်သေးတယ်။ ပြီးတော့မှ အပေါက်ဖက်ကို ပြန်လှည့်လာတယ်။

“ဟေ…၊ ဝုတ် ဝုတ်၊ ဝူး၊ ဝေါင်း၊ ဘယ်သူလဲဗျ…”တဲ့။

“သည်မှာ၊ သည်နားလေးမှာ…”လို့ ကျွန်တော်ပြန်အော်လိုက်တယ်။

ကြည့်ရတာ မိန်းမကြီးက ကျွန်တော့်ကို မြင်ပုံမရဘူး။

အပေါက်လေးက သိပ်ကို သေးလွန်းလို့ သူမမြင်နိုင်တာကို ကျွန်တော် စဉ်းစားမိသွားတာနဲ့အတူ ကျွန်တော် အဲဒီ့မှာ တစ်ချိန်လုံး ရှိနေတာကို သူသိနေဦးတောင်မှ သူ ကျွန်တော့်ကို ဘယ်နည်းနဲ့မှ မမြင်နိုင်ဘူး ဆိုတာကိုပါ စဉ်းစားမိသွားတယ်။

“သည်မှာ၊ ဟောဒီ့မှာ…” ကျွန်တော် ထပ်ပြောလိုက်မိတယ်။ “ခြံစည်းရိုးပျဉ်ပြားပေါ်က အပေါက်လေးမှာ…”လို့ ပြောလည်း ပြောရင်း အပေါက်လေးထဲကနေ ကျွန်တော့်လက်ညှိုကိုလည်း ရသလောက် သွင်းတဲ့ပြီး ပြလိုက်တယ်။

ပထမတော့ ဘာသံမှကို မကြားရတော့ဘူး။ ကျွန်တော်လည်း လက်ညှိုကို ဖယ်ပြီး အပေါက်မှာ မျက်စိအပ်လို့ ပြန်ကြည့်လိုက်ရပါတယ်။

မိန်းမကြီးက ကျွန်တော့်ဘက်ကို စိန်းစိန်းကြီး ကြည့်နေတယ်။ မျက်မှောင်ကို တွန့်ပြီး သေချာကြည့်နေတာပါ။ သူ့ကို ကြည့်နေသူတစ်ယောက် တကယ် ရှိနေတာ သေချာအောင် ကြည့်နေတဲ့အကြည့်မျိုးပါ။

ခဏနေတော့ အဲဒီ့မိန်းမကြီးရဲ့မျက်နှာထားပြောင်းသွားတယ်။ သူ ကျွန်တော့်မျက်စိတစ်ဖက်ကို ကောင်းကောင်း မြင်သွားပြီဆိုတာကိုလည်း ကျွန်တော် သိလိုက်ပါတယ်။

မိန်းမကြီး အတော် စိတ်သက်သာရာရသွားမှန်း သိသာတယ်။ လေးဘက်သွားနေရာက မြေကြီးပေါ်ကို ပိုလို့တောင် ငိုက်ကျသွားအောင် မှောက်ချလိုက်ပြီးမှ အဖွားကြီးက ပီပီသသကြီး ပြောလာပါတယ်။

“သွား… သွား…၊ မလာနဲ့…”

“ခင်ဗျားကို မကြည့်စေချင်ရင် သည်အပေါက်လေးကို တစ်ခုခုနဲ့ ဆို့ပြီး ပိတ်လိုက်ပေါ့ဗျာ…”လို့ ကျွန်တော် ပြန်ပြောလိုက်ပါတယ်။

“သွား၊ သွား၊ အဲဒီ့အပေါက်ကို ငါမမီဘူးဟဲ့။ သံကြိုးက သိပ်တိုတယ်။ အပေါက်ကို နင့်ဘာသာ နင်ပိတ်လိုက်၊ ပြီးရင် နောက် ငါ့ကို ဘယ်တော့မှ လာမနှောင့်ယှက်နဲ့…”

“ကျွန်တော်ကိုယ်တိုင် ပိတ်ရအောင် ဒါ ကျွန်တော်ပိုင် ခြံစည်းရိုးမှ မဟုတ်တာဗျာ..”

“အပေါက်ရှိနေတာနဲ့ နင် ငါ့ကို… ဝုတ်… ချောင်းကြည့်စရာ လားဟဲ့…”

“ဘာပဲဖြစ်ဖြစ် အပေါက်ကလေးရှိနေတော့ ခင်ဗျားနဲ့ စကားပြောရတာ ပိုလွယ်တာပေါ့…”

ပြောရင်းနဲ့ အော်ကြီးဟစ်ကျယ် မရယ်မိအောင် ကျွန်တော့်ကိုယ် ကျွန်တော် အတော်ထိန်းလိုက်ရသေးတယ်။ သူ့ကိုယ်သူ ဘယ်ပုံဘယ်ပန်း ဖြစ်နေမှန်း လုံးလုံး သတိမထားမိတဲ့ အဘွားကြီးကို မြင်ရတာနဲ့ကို ကျွန်တော့်မှာ ရယ်ချင်ပက်ကျိဖြစ်နေတာကိုး။

ကျွန်တော်ဟာ အဲဒီ့အပေါက်လေးကနေ တော်တော်နဲ့ ခွာမယ့်ပုံ မပေါ်မှန်း သတိထားမိသွားတဲ့အခါ အဘွားကြီးလည်း တည်တည်ငြိမ် ငြိမ်ဖြစ်စပြုလာပါတယ်။ အဘကြီးရဲ့ဒေါသတွေကလည်း မေလရဲ့နွေးထွေးတဲ့လေပြည်ထဲမှာ မျောလွင့်သွားပုံပါပဲ။

“နင် ဘာလိုချင်လို့လဲ”လို့ သူက မေးတယ်။

နေကုန်နေခမ်း ဟောင်နေတဲ့ ခွေးကို မြင်ဖူးချင်လို့ ကြည့်မိပါတယ်၊ ခွေးမဟုတ်ဘဲ လူအကောင်လိုက်ကြီး ဖြစ်နေတော့လည်း ကျွန်တော့်မှာ အဲဒီ့ မေးခွန်းအတွက် ပြင်ဆင်ထားတာ မရှိဘူး။ ကျွန်တော် မဖြေတော့ အဖွားကြီးက အသံတုန်တုန်နဲ့ ထပ်မေးတယ်။ တုန်ဆို အသက်က စကားပြောနေပြီကိုး။ တစ်ချိန်က လှပတင့်တယ်ခဲ့ပုံရတဲ့ သူ့မျက်နှာမှာ ဇရာအရေးအကြောင်းတွေက တင်းကြမ်း ပြည့်နေပါပြီ။

“ဘာ့ကြောင့် ခင်ဗျားကို သံကြိုးနဲ့ချည်ထားကြတာလဲ…”

သူ ချက်ချင်းမဖြေဘူး၊ ကျွန်တော် ရှိနေတဲ့အပေါက်လေးဆီကို လှမ်း လှမ်းကြည့်နေသေးတယ်။ ပြီးမှ…

“ချည်ထားတော့ ဘာဖြစ်လဲ”

“ဘာရယ်….”
“ငါ ခွေးလိုနေနေတာ နင်မမြင်ဘူးလား…”

“သဏ္ဌာန်လုပ်တဲ့နေရာမှာ ခင်ဗျားက တော်တော့်ကို သရုပ်တူပေတာပဲဗျာ။ ကျွန်တော့်ကို အရူးဖြစ်လို့…”

“ဝုတ်… ဝေါင်း…”

အဘွားကြီး ခွေးလိုဟောင်လိုက်ပြန်တယ်။ သူ့ဟောင်သံဟာ တကယ့်ခွေးတစ်ကောင်ရဲ့ဟောင်သံနဲ့ တစ်ထပ်တည်းတူနေပြီး လူတကာကလည်း အဲဒီ့အသံကို ခွေးအစစ် ဟောင်သံလို့ မှတ်နေကြတာကို သူ ကောင်းကောင်းကြီး သိနေပုံပါပဲ။ အဲလို သိနေတာနဲ့အတူ အဲလို လူတွေ ထင်ယောင်မှားနေတာကိုလည်း သာယာနေပုံပဲ။

တစ်ဆက်တည်းမှာပဲ အဖွားကြီးက “ဝု… အု… အု… အူ…” ဆိုပြီး ခွေးလို ထ အူလိုက်တဲ့အခါ ကျွန်တော့်မှာ ကြက်သီးတောင် ထချင်ချင်ဖြစ်သွားတယ်။

“ကျွန်တော်ခင်ဗျားကို စော်ကားတာမဟုတ်ဘူးနော်၊ အမယ်ကြီး”

“ရပါတယ်။ ငါ့အဖေက အိမ်ထဲမှာနေတယ်၊ သူက…”

“ခင်ဗျားအဖေ၊ ဟုတ်လား…”

ကျွန်တော့်စိတ်ထဲမှာ မှန်းဆမြင်ယောင်ထားတဲ့ ခွေးရှင်ရဲ့ပုံပန်းဟာ ဖျန်းခနဲ ကွဲသွားတယ်။ အဘွားကြီးရဲ့အဖေဆိုတော့ မတ်တတ်တောင် ကောင်းကောင်း ရပ်နိုင်တော့မှာ မဟုတ်တဲ့ ခါးကုန်းကုန်းနဲ့ အဘိုးအိုကြီးပဲ နေမှာပေါ့။ နှုတ်ခမ်းတွေ တင်းတင်းစေ့လို့၊ သူ့မှာ သွားမရှိတော့တာ လူတွေ မြင်ကုန်မှာစိုးလို့ ပါးစပ်ကို အတင်း ပိတ်ထားတဲ့ ပါးရိုးချောင်ချောင်နဲ့ အဘိုးကြီးတစ်ယောက်ရဲ့ ပုံပန်းက ကျွန်တော့်အာရုံမှာ ပေါ်လာတယ်။

“ဟုတ်တယ်၊ ငါ့ဖေဖေ။ ဖေဖေက အိမ်ထဲမှာနေတယ်လေ။ သူက ငါ့ကို ခွေးလို့ပဲ ထင်တယ်။ သူ ဘာကြောင့် အဲလို ထင်နေတယ်ဆိုတာ နင် နားလည်မှာ မဟုတ်ပါဘူး။ သူက ငါ့ကို ခွေးတစ်ကောင်လို ဆက်ဆံခဲ့တာ ကြာလှပြီ။ ဝုတ်… ဝုတ်… ဝေါင်း… အောင်း… အောင်း”

“ဘယ်လို၊ ဘယ်လို…”

ကျွန်တော် အတော် တုန်လှုပ်သွားတယ်။

“ဝေါင်း…”

“ကျွန်တော် ရဲကို ချက်ချင်း ခေါ်ပြီး သည်ကိစ္စကို အကြောင်းကြားမှဖြစ်မယ်။ ခင်ဗျာ့အဖေကို ထောင်ထဲဖြစ်ဖြစ်၊ စိတ္တဇဆေးရုံဖြစ်ဖြစ်ပို့မှ ဖြစ်တော့မယ်၊ ခင်ဗျားလည်း…၊ ထားပါတော့လေ…”

မိန်းမကြီးဟာ တစ်ဖက်ကို ပြန်လှည့်သွားပြီး အကျယ်ကြီး ဟောင်လိုက်ပြန်တယ်။ ဟောင်သံက ကျယ်လွန်းတော့ တစ်ရပ်လုံးကို ဟိန်းသွားသလိုပါပဲ။

အစက ခွေးပေါက်စလေးတစ်ကောင်အနေနဲ့ ဘယ်လို လုပ်ပြီး သည်လောက် အကျယ်ကြီး ဟောင်နိုင်တာပါလိမ့်လို့ ကျွန်တော် တွေးလို့ မရခဲ့ဘူး။ အခုတော့လည်း သည်လောက် အကောင်သေးသေး အဖွားကြီးတစ်ယောက်က သည်လောက် အကျယ်ကြီး ဘယ်လိုလုပ် ဟောင်နိုင်တာပါလိမ့်လို့ တွေးနေမိရပြန်ရော။

နောက်တစ်ချက်က သည်မိန်းမကြီးကို အိမ်နောက်ဖေးမှာ အဲလိုကြီး သံကြိုးနဲ့ချည်ထားတာ ကျွန်တော့်အရင်က ဘယ်သူ တစ်ဦးတစ်ယောက်ကမှ သတိမထားမိခဲ့ကြဘူးတဲ့လား။ သည်လောက် တစ်နေကုန်၊ နေမကွယ်မချင်း မနားတမ်း ဟောင်နေတာကို ဘယ်သူကမှ အရေးတယူ မလုပ်ခဲ့ကြဘူးတဲ့လားဆိုတဲ့ အတွေးတွေက ကျွန်တော့်ကို ဖိစီးလာပြန်တယ်။

အဲ… ဒါပေမယ့် သူတို့ခြံစည်းရိုးကို ပျဉ်ပြားတွေနဲ့ လက်ကြားမယိုအောင် ပိတ်ဆို့ပြီး အမြင့်ကြီး ကာထားလို့ လူသူလေးပါး မရိပ်မိတာပဲနေမှာ။ သည်အရပ်ထဲမှာကလည်း မိုင်ယာမီ ကမ်းခြေမှာရှိတဲ့ တခြားရပ်ကွက်တွေလိုပါပဲ၊ လူတွေက တစ်အိမ့်တစ်အိမ် ကူးလူး သွားလာဖို့ ဝန်လေးတတ်ကြတာလည်း တစ်ကြောင်းပေါ့။

အဲတော့လည်း သည်မိန်းမကြီးကို ပိန်းပိတ်နေတဲ့ ခြံစည်းရိုးနောက်ကွယ်မှာ အသာလေး ဝှက်ထားလို့ ရနေတာ မဆန်းတော့ မဆန်းလှပါဘူး။ ဒါပေမယ့်လည်း အခုတော့ ပျဉ်ပေါ်က ပိုးပေါက်လေးတစ်ပေါက်နဲ့ ကျွန်တော့်ကြောင့် အဲဒီ့ခြံဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ရသွားခဲ့ပါပြီကော။

အဘွားကြီးက ကျွန်တော်ချောင်းကြည့်နေတဲ့ အပေါက်ဘက်ကို ပြန်လှည့်လိုက်ပြန်တယ်။ သူကျွန်တော့်ကို လှမ်းကြည့်နေတဲ့ပုံက ကျွန်တော့် တစ်ကိုယ်လုံးကိုတောင် သူ ထွင်းဖောက်မြင်သွားတယ်လို့ ကျွန်တော်ကိုယ်တိုင် ခံစားလာရတဲ့အထိ စူးရှနေတယ်။

“နင့်ကို ငါ ခင်သွားပြီ ထင်တယ်…”

“ကျွန်တော်လည်း ခင်ဗျားကို ခင်ပါတယ်”လို့ ကျွန်တော်ပြန်ပြောလိုက်မိတယ်။ ပြောမယ့်သာ ပြောရတယ်၊ ရယ်ချင်စိတ်ကို မနည်း မျိုသိပ်ပြီး ပြောရတဲ့အတွက် နည်းနည်းတောင် ထစ်ချင်ချင်ရယ်။

အဘွားကြီး ငြိမ်သွားပြန်တယ်။ အပေါက်ကလေးကို မျက်တောင် မခတ်လှမ်းကြည့်နေတယ်။ သူကြည့်နေပုံက နဂါးငွေ့တန်းထဲမှာ အလင်းနှစ် ကုဋေပေါင်းများစွာ ဝေးကွာတဲ့အရပ်က လူတစ်ယောက်ကို မမြင်မကန်းနဲ့ လှမ်းကြည့်ပုံမျိုးကြီး။

“ဒါဆိုရင် ကျွန်တော့်ကို အမယ်ကြီး လက်ခံနိုင်တဲ့စာရင်းထဲမှာ ထည့်လို့ရတယ် ဆိုပါတော့နော်…”

“တစ်ခါတလေ စကားလုံးတွေကို ပြောရတာ အပြောင်းအလဲပေါ့ မောင်ရင်ရယ်…”

“ခင်ဗျားအဖေနဲ့ကျတော့ ခင်ဗျား စကားမပြောဘူးလား…”

“တိရစ္ဆာန်တွေနဲ့ ကျေးငှက်တွေက စကားမပြောဘူးလေ။ သူတို့က လူစကားလည်း နားမလည်ကြဘူးဟဲ့…” အဘွားကြီးက ကျွန်တော့် မေးခွန်းကို ဂရုမစိုက်ဘဲ သူပြောချင်တာတွေပဲ ဆက်ပြောနေတယ်။ “သည့်ထက်သာ ကြာရင် စကားဘယ်လိုပြောရတယ်ဆိုတာတောင် မေ့သွားလောက်တယ်…”

“စကားပြောတာကို ခင်ဗျား ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးဗျာ”

အဘွားကြီးက လည်ချောင်း တစ်ချက် ရှင်းလိုက်တယ်။ ကြည့်ရတာ၊ သူ့အတွက် စကားပြောရတာဟာ ဟောင်ရတာထက် ပိုပင်ပန်းနေသလိုပါပဲ။ ပြီးလည်းပြီးရော သူက ဟောင်လိုက်ပြန်တယ်။ သည်တစ်ချီ ဟောင်တာက တအားကျယ်လွန်းလို့ ကျွန်တော့်မှာ ထခုန်မိမတတ် ဖြစ်သွားရတယ်။

“ခင်ဗျားကို အခုလို ချုပ်နှောင်ထားတာကို ဘယ်လိုလုပ်ပြီး သည်းခံနေနိုင်တာလဲ…၊ ကျွန်တော်သာဆိုရင်…”

“ဘာ.. ချုပ်နှောင်ထားတာလဲ…”

“ခင်ဗျားကို သံကြိုးကြီးနဲ့ ငုတ်မှာ ချည်ထားတာလေ။ ခင်ဗျားရဲ့ ကမ္ဘာက အလွန်ဆုံးမှ အလျား ပေ ၄၀ ၊ အနံ ပေ ၄၀ လောက်ပဲရှိမှာ…”

“အောင်မယ်… နင့်ကမ္ဘာကရော ဘယ်လောက်များကျယ်လို့လဲဟဲ့”

ကျွန်တော် ပြန်မဖြေမိဘူး။

“ငါ့အဖေက စိတ်ကောင်းရှိပါတယ်။ အပြင်မှာ သိပ်ပူလွန်းရင်၊ ဒါမှမဟုတ် သိပ်အေးလွန်းရင်၊ ညကျရင်၊ မုန်တိုင်းရှိရင် အိမ်ထဲမှာပဲ ငါ့ကို ခေါ်ထားတယ်။ ငါ့ကိုလည်း ကောင်းကောင်း ကျွေးတယ်၊ ပြီးတော့လည်း ငါ့ခေါင်းကိုလည်း ပွတ်သပ်ပြီး နွေးနွေးထွေးထွေး သက်သက်သာသာ နေရအောင် စီစဉ်ပေးထားတယ်”

]ပြီးတော့ ခင်ဗျားကို ကြိုးနဲ့ချည်ထားတယ်၊ ပြီးတော့ မြေကြီးပေါ်၊ ဖုတ်ထဲသဲထဲမှာ လူးချင်တိုင်း လူးခွင့်ပေးတယ်၊ အဲဒါ စိတ်ကောင်းရှိ တာလားဗျ…”

“ဟဲ့… ခွေးတွေအားလုံး သည်လိုပဲ နေကြတာပဲဟ…။ ငါလည်း ဖုတ်ထဲသဲထဲမှာ နေမှာပေါ့၊ ကောင်လေးရဲ့…”

အဘွာကြီး လှည့်ပတ်နေကျ စက်ဝိုင်းရဲ့အလယ်မှာ မြေမို့မို့လေးတွေ ဟိုတစ်ကွက် သည်တစ်ကွက်ကို ကျွန်တော် သတိထားမိတယ်။ အဲဒီ့နားတဝိုက်က မြက်တွေကလည်း ပိုပြီးစိမ်းစိုနေတယ်။

အံ့တော့ မအံ့ဩမိတော့ပါဘူး။ သည်နေ့သည်ရက်က စပြီး နောင် ဘယ်သောဘယ်အခါမှာမှ ဘာအတွက်မှ ကျွန်တော် အံ့ဩတကြီးဖြစ်မိတော့မယ် မထင်ဘူး။ ချောင်းကြည့်ပေါက်ကလေးကနေ ကျွန်တော့်မျက်စိကို ဆတ်ခနဲ ခွာလိုက်မိသွားရသေးတယ်။

အဲဒီ့ စက်ဝိုင်းအလယ်ကောင်က မြေမို့မို့လေးတွေဟာ အဘွားကြီး အခင်းကြီးသွားထားတာတွေ ဖြစ်မှာလေ။ ကျွန်တော့်စိတ်ထဲမှာ အနံ့ဆိုးကို ခံစားလိုက်ရသလို ရှိသွားတာမို့ မျက်စိကို ချောင်းကြည့်ပေါက်က ခွာလိုက်တာပါ။

ဒါပေမယ့် တကယ်တော့ လေပြည်လေး တစ်ချက် အသုတ်မှာပါလာတဲ့ တစ်ဖက်ခြံဆီက ရနံ့ကတော့ မြက်ပင်၊ သစ်ပင်တို့ရဲ့အနံ့တွေပါပဲ။

ဒါနဲ့ ကျွန်တော်လည်း အဘွားကြီး သေချာကြားရအောင်လို့ ပါးစပ်ကို ချောင်းကြည့်ပေါက်လေးမှာ အပ်လိုက်ပြီး ပြောရပြန်တယ်။

“ကျွန်တော့်အလုပ်က ကောင်းတယ်ဗျ…”

အဘွားကြီးက အားခွန်ပြည့်စွာ ပြန်ဟောင်လိုက်ရင်း ကျွန်တော့်စကားကို ကြားကြောင်း တုန့်ပြန်တယ်။

“ကျွန်တော်လုပ်ချင်တဲ့အလုပ်ကို ကျွန်တော့်ဘာသာ ရွေးချယ်ထားတာဗျ။ အခုနေခါ ကွန်ပျူတာအစီအစဉ် ရေးတဲ့သူဆိုတာ နေရာတိုင်းမှာ လိုအပ်နေတာကလား။ ကျွန်တော်ဆို သည်တိုင်းပြည်ထဲ ကြိုက်တဲ့နေရာသွား၊ အလုပ်က အဆင်သင့်။ ကျွန်တော့်ဘဝဟာ ဘယ်လောက် လွတ်လပ်လဲ၊ ခင်ဗျားပဲစဉ်းစားကြည့်။ ခင်ဗျား ဘယ်လိုလုပ်ပြီးတော့ အခုလို အနှောင်ခံဘဝနဲ့ နေနိုင်လဲဆိုတာ ကျွန်တော်ဖြင့် စဉ်းစားလို့ကို မရဘူး၊ ကျွန်သဘောက်တွေတောင် ခင်ဗျားလောက် အဖြစ်ဆိုးမှာ မဟုတ်ဘူး”

အဖွားကြီးဆီက ဘာသံမှ မကြားရတော့ဘူး။ သူ့မှာ ချေပစရာ စကား မရှိတော့ဘူးလေ…။ ကျွန်တော် ဆက်ပြောလိုက်တယ်။

“သည်ထဲမှာမှ ခင်ဗျားက ခင်ဗျားအဖေကို စိတ်ကောင်းရှိတယ်လို့ ထင်လိုက်သေးတယ်။ တကယ်တော့ ခင်ဗျားအဖေက ရူးနေတာ၊ စိတ်ပုပ်တာ။ ခင်ဗျားကို အခုလို ညှင်းဆဲထားတာ ဥပဒေအရ အရေးယူလို့ ရတယ်ဗျ။ ကျွန်တော် ရဲတိုင်မယ်။ ရဲက ခင်ဗျာ့အဖေကို ဖမ်းချုပ်လိမ့်မယ်…”

“မလုပ်နဲ့၊ မလုပ်ရဘူး…”

အဘွားကြီးက အော်လိုက်တယ်။

“ဟ… ဘာဖြစ်လို့ မလုပ်ရမှာတုန်း…”

“ငါ့ဘဝ ငါကျေနပ်တယ်။ ဒါ ငါလုပ်တတ်တဲ့ အလုပ်ပဲ…”

“ဘယ်လို…”

“သူဌေးဖြစ်ဖို့အတွက် နင့်ဘာသာနင် အလုပ်ကို သေအောင်လုပ်။ ငါ့ကို လာမပြောနဲ့။ နင်ရူးနေတယ်လို့ ငါတစ်ခွန်း ပြောသလား။ ငါနေသလို နင်မနေတဲ့အတွက် နင့်ဘဝကို ပြောင်းလဲပစ်ဖို့ ငါတစ်ချက် ကြိုးစားသလား။ ငါ့ဘဝမှာ ငါကြိုက်သလို ငါ့ဘာသာ နေပါရစေ။ နင်လည်း နင့်ဘာသာနင် ဂုဏ်တွေ၊ ငွေတွေအတွက် လုပ်စရာရှိတာဆက်လုပ်ပေါ့”

သည်နေရာရောက်တော့ အဘွားကြီးအသံမှာ နာကျည်းသံတွေပါလာသလိုပဲ။ သူက ဆက်ပြောနေပြန်တယ်။

“နင့်ဂုဏ်တွေ၊ ငွေတွေက နင့်သွေးကို ဖောက်စုပ်နေပြီး နင့်ကို မသေရုံတမယ် ကျွေးသွားမှာကိုရော နင်မြင်ရဲ့လား။ ဝုတ်… ဝုတ်၊  နင်လို ကောင်မျိုး သေသွားတာကမှ အေးဦးမယ်၊ အောင်း… ဝေါင်း… ဝေါင်း…၊ ငါက နေ့တိုင်း အမဲသားစားရတယ်ဟဲ့၊ အကောင်ရဲ့…”

သူက အဲလိုပြောလိုက်တဲ့အခါ ကျွန်တော့်လုပ်ခကို ပိုတောင်းဖို့ စိတ်ကူး ရနေခဲ့တာကို ဖျတ်ခနဲ တွေးမိသွားရပြန်တယ်။

“ခင်ဗျား အသက်ဘယ်လောက်ရှိပြီလဲ…”

“ဝေါင်း… အောင်း… အောင်း၊ ငါ့ဘဝက နေဖို့ပဲ။ ပိုးကောင်လေးတွေ၊ ငှက်တွေ၊ အိမ်မြှောင်တွေ၊ ဖားတွေကို ကြည့်နေရင်းနဲ့ တစ်နေ့ တစ်နေ့ အချိန် ဘယ်လို ကုန်သွားမှန်းတောင် မသိဘူး…”

“ခင်ဗျားမွေးနေ့ကို သိလား…”

ကျွန်တော်ထပ်မေးတော့မှ သူဖြေတယ်။

“မေလ ၁၅ရက်နေ့…”

“သန်ဘက်ခါပေါ့…”

“ဟုတ်လား…”

“ဟုတ်တယ်၊ မင်္ဂလာရှိတဲ့ မွေးနေ့ဖြစ်ပါစေဗျာ။ ခင်ဗျား ဘာလိုချင်လဲ။ အမဲရိုးလား…”

“ဝုတ်… ဝေါင်း… အောင်း၊ ဝုတ်… ဝုတ်… ဝေါင်း…”

အဘွားကြီးကို ကျွန်တော်ကြည့်မိရပြန်တယ်။ ကျွန်တော် ဘာပြောပြော၊ သူ့အတွက် ဘာတစ်ခုမှ အရေးမပါသလိုကြီးပဲ။ သူက ကျွန်တော့်ကို လှမ်းကြည့်ပြန်တယ်။ ခြံစည်းရိုးက တစ်ဖက်နဲ့တစ်ဖက် ထုတ်ချင်းပေါက် လှမ်းမြင်ရတာကျလို့၊ သူကြည့်နေပုံက ကျွန်တော့်ကို ငယ်ထိပ်ကနေ ခြေဖျားအထိ စူးစမ်းနေတဲ့ပုံမျိုးနဲ့။ အကြာကြီး စိုက်ကြည့်နေပြီးမှ မျက်လုံးလွှဲသွားတယ်။

အဘွားကြီးဟာ သူ့ခြံရဲ့တစ်ဖက်စွန်းမှာရှိတဲ့ သစ်ပင်တွေဆီ လှမ်းသွားရင်းက ပြောလိုက်ပြန်တယ်။

“ငါခွေးလိုပဲ နေမယ်၊ ခွေးလိုပဲ သေမယ်။ နင်လည်း နင့်ကို ကောင်းကောင်း ဂရုစိုက်စောင့်ရှောက်မယ့်သူနဲ့တွေ့ရင် မိခင်မြေကြီးမှာ ငါ့လိုပဲ အချည်ခံရဦးမှာပါ။ ဝေါင်း… ဝုတ်… ဝုတ်… ဝေါင်း… အောင်း…”

သူ့ဟောင်သံဟာ ခြံရဲ့တခြားတစ်ဖက်စွန်းကို ရောက်သွားပြီ။ သစ်ပင်တွေ၊ ပိုးကောင်တွေ၊ အိမ်မြှောင်တွေ၊ ဖားတွေ၊ ငှက်တွေကို ကျော်ပြီး ရောက်သွားပြီ။ ကျွန်တော်တို့ရဲ့ စကားပြောခန်းလည်း နိဋ္ဌိတံခဲ့ပါပြီ။

နောက် ၄-၅-၁၀ ရက်နေတော့ ကျွန်တော်လည်း အဲဒီ့အိမ်မှာ ဆက်မနေချင်တော့တဲ့အကြောင်း အိမ်ရှင်ကို အကြောင်းကြားလိုက်ပါတယ်။ တစ်ချိန်လုံးဟောင်နေတာ ဘာသံလဲဆိုတာကို သိသွားတဲ့နောက်မှာတော့ အဲဒီ့အိမ်ထဲမှာ အောင်းပြီး ကျွန်တော်ဘယ်လိုမှ ဆက်အလုပ် လုပ်လို့မရတော့တာမို့ပါ။

ကွန်ပျူတာအစီအစဉ်အသစ်တွေကို ရေးဆွဲဖို့ ကျွန်တော် ကြိုးစားကြည့်ပါသေးတယ်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာကတော့ လေးဘက်သွားနေတဲ့၊ သံကြိုးတန်းလန်းနဲ့၊ စုတ်ပြတ်သတ်ပြီး အရောင်မပေါ်တော့တဲ့ အဝတ်အစားတွေနဲ့ အဖွားကြီးက ခြယ်လှယ်နေတာမို့ ကျွန်တော့်မှာ ဘာဆို ဘာမှ ရေးလို့၊ ဆွဲလို့မရဘူး ဖြစ်နေပါတော့တယ်။
အိမ်ရှင်ကလည်း သဘောကောင်းပါတယ်။ ကျွန်တော့် စပေါ်ကို အသာတကြည် ပြန်ပေးရှာတယ်။ သူသာ အဲသလို အသာတကြည် မလိုက်လျောဘူးဆိုရင် ကျွန်တော် ဘာလုပ်ရမှန်း သိတော့မှာ မဟုတ်ဘူး။

အဲလိုနဲ့ ကျွန်တော်လည်း တိုက်ခန်းတစ်ခန်းကို ရွှေ့ခဲ့တယ်။ အဲဒီ့တိုက်မှာကျတော့ တိုက်ရှင်က ဘယ်သူ့ကိုမှ အိမ်မွေးတိရစ္ဆာန်တွေ မွေးခွင့် မပေးထားတော့ ဟန့်ကို ကျလို့။

အဲ… ဒါပေမယ့် ခွေးတွေကို နေရာတကာမှာ တစ်ချိန်လုံး ရှောင်ကွင်း သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဗျ။ အပြင်ထွက် လမ်းလျှောက်တဲ့အခါ၊ စက်ဘီးစီးသွားတဲ့အခါတွေမှာ ခွေးဟောင်သံတွေကို မကြာခဏဆိုသလို ကြားမိရတတ်ပါတယ်။

ဟောင်သံက တော်တော် ဝေးဝေးကမို့လို့ ခပ်သဲ့သဲ့လေး ကြားလိုက်ရတာပဲဖြစ်ဦး၊ ကျွန်တော့်အာရုံက ချက်ချင်းနိုးလာပြီး စိတ်က ခွေးဟောင်သံဆီကို တန်းခနဲ ရောက်ရောက်သွားတတ်တယ်။

ခွေးဟောင်သံကြားလိုက်တာနဲ့ သွေးသံရဲရဲ အမဲသားတုံးကို အဘွားကြီးဆီ အဘိုးကြီးတစ်ယောက်က ပစ်ပေးလိုက်တဲ့ပုံ၊ ဗိုက်နဲ့ မြေကြီးနဲ့ ထိမတတ် လေးဘက်သွားနေတဲ့ အဘွားကြီးက အဲဒီ့ အမဲသားတုံးကို ပါးစပ်နဲ့ လှမ်းဟပ်ပုံ၊ ပြီးတော့ မာန်တဖီဖီနဲ့ အငမ်းမရ စားသောက်နေပုံတို့က မျက်လုံးထဲမှာ အလိုလို ပေါ်လာတယ်။

စိတ်ထဲမှာ အဲလို တစ်ချက်တစ်ချက် ဖြစ်သွားပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော့်လမ်း ကျွန်တော် ဆက်လျှောက်၊ ကျွန်တော့်ခရီး ကျွန်တော် ဆက်နှင်ဖြစ်သွားတာပဲ။

နည်းနည်းလေး လှမ်းသွားတဲ့အခါကျတော့လည်း အဲဒီ့ ဟောင်သံတွေကို လုံးလုံး မကြားရတော့ဘူးပေါ့လေ။    ။

 

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော် (ဘာသာပြန်သူ)

(၁၉၉၄ ခုနှစ်)

(၁၉၉၄ ခုနှစ်အတွက် ထုတ်ဝေတဲ့ The Miami Beach Wire မှာ ပါရှိခဲ့တဲ့ Stan Gibilisco ရဲ့ Dogs ခေါင်းစဉ်ပါ ၀တ္ထုတိုလေးကို အဲဒီ့နှစ်မှာပဲ ဘာသာပြန်ဖြစ်ခဲ့ပါတယ်။ အဲဒီ့နောက် မဂ္ဂဇင်းတစ်စောင်ကို ပေးလိုက်တယ်။ ပုံနှိပ်ဖော်ပြတဲ့ အဆင့်ကို ရောက်မလာခဲ့ဘူး။ ဒါနဲ့ ၂၀၀၀ ပြည့်နှစ်မှာ ဆရာ “ကိုတာ”က “စတိုင်သစ်”မဂ္ဂဇင်းကို ထုတ်ဝေတဲ့အခါ စာမူတောင်းပြန်တော့ သည်စာမူကို ပေးဖြစ်သွားရပြန်တယ်။ ပုံနှိပ်ဖော်ပြတဲ့ အဆင့်ကို ရောက်မလာပြန်ဘူး။ သို့သော် ဆရာကိုတာက အသိမ်းအဆည်း ကောင်းသဗျ။ ၂၀၁၁ ခုနှစ် သြဂုတ်လထုတ် စတိုင်သစ်မဂ္ဂဇင်း အမှတ် ၆၅ မှာ သည်စာမူကို ပြန်ဖော်ပြထားပြီး စာမူခနဲ့ မေတ္တာလက်ဆောင် စာအုပ်ကို အိမ်လာပေးသွားတယ်။ အဲတော့မှ ကျွန်တော်တောင် မေ့တေ့တေ့ဖြစ်ချင်သလိုလို ရှိနေတဲ့ သည်စာမူလေးကို ပုံနှိပ်မူနဲ့ မြင်ရပါတော့တယ်ဗျာ။ အခုတော့ အဲဒါလေးကို ပုံနှိပ်မူ မဟုတ်ဘဲ “အီးမူ”နဲ့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။)

Advertisements
2 Comments leave one →
  1. nanohearted permalink
    15 August 2011 5:47 pm

    ဆရာ့ ၀က်ဘ်ဆိုက်မှာ Search မရှိသေးလို့ အဲ့တာလေးထည့်ဖို့အကြံပြုပါရစေ။

  2. thawtar permalink
    9 October 2011 6:15 pm

    ခွေးတော့ မဖြစ်ချင်ဘူးဆရာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: