The Origin of Spilling Over Other People’s Pockets

သူတစ်ပါး အိတ်များထဲ ဖိတ်လျှံလွင့်စင်ကုန်ခြင်း၏ မူလဘူတ

ကျွန်တော် မချမ်းသာပါဘူး။ သည်ကြားထဲကပဲ ဘန်ကောက်မှာ ကျန်းမာရး စစ်ဆေးမှု ခံယူဖို့ သွားလိုက်ပါတယ်။ တကယ်က စစ်ဆေးမှု ခံယုံတင်ဆို သိပ်လည်း မကုန်ပါဘူး။ လေယာဉ်ခ တည်းခိုခ အပါအဝင် ခြစ်ခြစ်ကုပ်ကုပ်သာ သုံးမယ်ဆိုရင် စုစုပေါင်း ကျပ် ခြောက်သိန်းလောက်ဆို လုံလောက်ပါတယ်။ အဲ… တစ်ခုတော့ ရှိသပေါ့။ ကျွန်တော် သွားစစ်ချိန်မှာ အလုံးစုံ အသေးစိတ် စစ်ဆေးမှုအတွက် ကျသင့်ငွေကို ၅၀ % လျှော့ချပေးနေတဲ့ အချိန်မို့ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ရှစ်သိန်း ကိုးသိန်း ကုန်မယ်ထင်တယ်။

သည်နေရာမှာ ဘန်ကောက်ဖြစ်ဖြစ်၊ စင်္ကာပူမှာဖြစ်ဖြစ်၊ တခြား အာရှနိုင်ငံမှာဖြစ်ဖြစ် ဆေးသွားကုမယ်၊ ဆေးစစ်မယ်ဆိုရင် ဂျေစီအိုင် အသိအမှတ်ပြု ဆေးရုံ ဟုတ်မဟုတ် အရင် စုံစမ်းသင့်ပါတယ်။ ဂျေစီအိုင် ဆိုတာက ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ အဖွဲ့အစည်းများကို  တရားဝင် လက်ခံ အသိအမှတ်ပြုပေးတဲ့ ကမ္ဘာ့အဖွဲ့အစည်း တစ်ခု ဖြစ်ပါ တယ်။ အရှည်က Joint Commission International ပါတဲ့။

ထားပါတော့… ကျွန်တော် ပြောချင်တာ အဲဒါ မဟုတ်ပါဘူး။ ဘန်ကောက်မှာ ဆေးစစ်ပြီး ရလာတဲ့ အဖြေတွေကို အင်တာနက်ပေါ်မှာ တင်လိုက်တော့ တစ်ယောက်က မေးလာတယ်။

“ဒါတွေကို မြန်မာပြည် မှာ စစ်လို့ မရလို့လား”တဲ့။

ကျွန်တော် ပြန်ဖြေလိုက်ပါတယ်။

“အိုး… သိပ်ရတာပေါ့ဗျာ။ ဘန်ကောက်မှာ ပိုကောင်းတာကတော့ဗျာ၊ ဓာတ်ခွဲခန်း ဝန်ထမ်းတွေ၊ သူနာပြုတွေ၊ ရောဂါရှာဖွေရေး ဆရာဝန်တွေသာမကဘူး၊ တံခါးစောင့်က အစ မျက်နှာတွေက ပြုံးလို့ ချိုလို့။ လူကို လူလိုဆက်ဆံလို့၊ လူသားတစ်ယောက်အနေနဲ့ ခံစားထိုက်တဲ့ ဂါရဝတရားနဲ့ လေးစားမှုကို ပြသကြလို့ပါပဲခင်ဗျား”လို့ပါ။

မှန်ပါတယ်။ သည်ကနေ ကျွန်တော်မထွက်ခင်ကတည်းက သည်က သက်ဆိုင်ရာ ဆေးရုံရဲ့ ကိုယ်စားလှယ်လုပ်ငန်းက ဝန်ထမ်းတွေကအစ ပြေပြစ်လှပါတယ်။ ချေငံလှပါတယ်။ အစစ အဆင်ပြေအောင် ဆောင်ရွက်ပေးကြတယ်။ ပြည်ဝင်ခွင့်၊ လေယာဉ်လက်မှတ်၊ ထွက်ခွာပုံစံများကို အစအဆုံး လုပ်ပေးတယ်။ ဟိုရောက်တော့ လာကြိုပေးမယ်လို့ ပြောပြီး တကယ်တမ်းမှာ လာမကြိုဖြစ်ကြဘူး။

ကျွန်တော်က ဘန်ကောက်မှာ ရှိတဲ့ အဲဒီ့လုပ်ငန်းက မြန်မာလူငယ်ကို လေဆိပ်ကနေ ဖုန်းလှမ်းဆက်တော့ သူ့ကို လေဆိပ်မှာ မကြိုနဲ့တော့လို့ အဲဒီ့မနက်ကမှ အကြောင်းကြားလို့ မကြိုဖြစ်တဲ့အကြောင်း၊ သည်အတွက် တောင်းပန်ပါကြောင်း၊ ခဏစောင့်ပေးမယ်ဆိုရင် သူချက်ချင်း လာကြိုမှာ ဖြစ်ကြောင်းတွေ ချေချေငံငံပြန် ပြောပေးခဲ့ပါတယ်။

ဘန်ကောက်က ကျွန်တော့်အတွက် အိမ်ဦးနဲ့ ကြမ်းပြင်လို ဖြစ်နေပြီမို့ မစောင့်တော့ဘူး၊ ကျွန်တော့်ဘာသာပဲ လေဆိပ်ကနေ တည်းခိုမယ့် ဟိုတယ်ဆီ တန်းသွားလိုက်ပါတော့မယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ ကျွန်တော် ရောက်နေတဲ့အချိန်မှာ မြန်မာပြည်ရုံးခွဲက ကျွန်တော့်ဆီ အင်တာနက်ကတစ်ဆင့် ဆက်သွယ်လာပြန်သေးတယ်။ အဆင်ပြေရဲ့ လား၊ လိုအပ်တာ ပြောပါ၊ ဘာညာပေါ့။ သည်မှာတင် ကျွန်တော်လည်း ရောက်ရောက်ချင်းမှာ လာကြိုမယ် ပြောထားပြီးမှ လွဲချော်သွားတာကိုတော့ စိတ်မချမ်းသာလှကြောင်း အကြောင်းပြန်လိုက်ပါတယ်။

နောက်တစ်ရက်မှာ အဲဒီ့ လုပ်ငန်း ပိုင်ရှင်ကိုယ်တိုင်က တောင်းပန်စာ ချက်ချင်း ပြန်ပို့လာတယ်။ အခုလို ဖြစ်သွားတဲ့အတွက် သူကိုယ်တိုင်မှာ တာဝန်ရှိကြောင်းနဲ့ တောင်းပန်ပါကြောင်း၊ ကျွန်တော် ပြန်ရောက်လာတဲ့ ရက်မှာ ရန်ကုန်လေဆိပ်မှာ လာကြိုပေးပြီး အိမ်အရောက် ပြန်ပို့ပေးရင်း ကျွန်တော့်ကို လူချင်းတွေ့ပြီး ထပ်မံ တောင်းပန်လိုပါကြောင်းတွေအထိ ပြောလာတာပါ။

မလိုအပ်ပါဘူး၊ တာဝန်ရှိသူတစ်ယောက်အနေနဲ့ ကိုယ့်လုပ်ငန်းက အမှားအယွင်းကို ဘယ်သူ့အပေါ်မှ လွှဲမချဘဲ ကိုယ်တိုင် တာဝန်ယူပေး၊ တောင်းပန်ပေးတဲ့အတွက်ပဲ ကျေနပ်လှ၊ ကျေးဇူးတင်လှပြီဖြစ်ကြောင်း ကျွန်တော့်ဘက်က ပြန်ကြားခဲ့ပါတယ်။

ဒါတွေကို ရေးပြနေရတာက စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့အခါမှာ ကိုယ့်ကို အားပေးသူအပေါ်မှာ တလေးတစားနဲ့ လူလူသူသူ ဆက်ဆံခြင်းရဲ့ အရေးကြီးပုံကို ထင်ရှားစေချင်လို့ ဖြစ်ပါတယ်။

ကျွန်တော် ဘန်ကောက်ကို ရောက်ပြီး နောက်တစ်ရက် မနက် ၈ နာရီခွဲမှာ ကျွန်တော့်ကို ဟိုတယ်မှာ လာကြိုပေးမယ်လို့ ပြောထားပါတယ်။ ၈ နာရီခွဲခါနီး မိနစ်ပိုင်းအလိုမှာ ကျွန်တော့်ဆီ ဖုန်းဝင်လာတယ်။ (ဘန်ကောက်မှာက တယ်လီဖုန်းကတ်ကို ပဲလှော်လို နေရာတကာမှာ အလွယ်တကူ ဝယ်လို့ ရတာမို့ ကျွန်တော်လည်း ဘန်ကောက်ဖုန်းနဲ့ ဘာနဲ့ အိုခေမှာ စိုပြည်နေတာပါ ခင်ဗျ။) ယာဉ်ကြော ပိတ်နေလို့ အရောက်နောက်ကျနတာ ဖြစ်ကြောင်း၊ နောက် ငါးမိနစ်လောက်နေမှ ရောက်မှာဖြစ်ကြောင်းနဲ့တကွ နောက်ကျနေတဲ့အတွက် ကျွန်တော့်ကို တောင်းပန်ပြန်တာပါပဲ။

သည်လိုနဲ့ ဆေးရုံရောက်သွားတော့လည်း လိုလေသေး မရှိပါဘူး။ ဆေးရုံဝန်ထမ်းတွေက အလွန် မျက်နှာချိုပါတယ်။ တလေးတစားနဲ့ ပျပ်ဝပ် ရိုကျိုးကြတာကိုတောင် တွေ့နေရသေးတယ်။ စောင့်ရတယ်ဆိုတာလည်း မရှိသလောက်ပဲ။ ဝမ်းဗိုက်တစ်ပြင်လုံးကို အသံလွန်လှိုင်းစနစ်နဲ့ စစ်ဆေးမယ်ဆိုတော့မှသာ ဆီးအိမ်တင်းအောင် ရေများများသောက်ခိုင်းပြီး ဆီးအိမ်တင်းတဲ့အထိ စောင့်ရတာလေးပဲ ရှိပါတယ်။

စစ်ချက်တွေ အဖြေ မပေါ်ခင်မှာ ကျွန်တော့်ကို မနက်စာစားဖို့ ကူပွန်လေး ပေးပါတယ်။ အချိန်က နေ့လည်ခင်းကို ရောက်နေပြီမို့ ကူပွန်အပြင် ကိုယ့်ပိုက်ဆံ ထပ်ဖြည့်ပြီး နေ့လည်စာ စားလိုက်ပါတယ်။ စားပြီးစမှာပဲ ဖုန်းဝင်လာတယ်။ ကျွန်တော့် ဆေးစစ်ချက် ရလဒ်တွေ အသင့်ဖြစ်နေကြောင်းပါ။

ကျွန်တော် ပြန်ရောက်သွားတော့ ဆရာဝန်နဲ့ တွေ့ရပါပြီ။ ဆရာဝန်က ဆေးစစ်ချက် အဖြေတစ်ခုစီကို ကွန်ပျူတာ ဖန်သားပြင်မှာ ပြသပြီး တစ်ချက်ချင်း ရှင်းပြပါတယ်။

တစ်သက်နဲ့ တစ်ကိုယ် ကိုယ်မသိတဲ့ ဆရာဝန်တစ်ယောက်၊ ဆေးရုံ/ဆေးခန်းက ဆရာဝန်တစ်ယောက်နဲ့ ဒါ အကြာဆုံး စကားပြောဖူးတာပါ ခင်ဗျား။ ဆရာဝန်က နာရီ တကြည့်ကြည့်လည်း မရှိဘူး၊ လောပျာနေတဲ့ ပုံလည်း တစ်ချက်မှ မထွက်ဘူး။ သူနဲ့ ကျွန်တော် လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး မိတ်ဆွေချင်း အေးအေးဆေးဆေး ပြောသလို ပြောနေတော့တာပါပဲ။ ပြီးတော့ သူက ကျွန်တော့်ကို လူသားချင်း လေးလေးစားစား ဆက်ဆံပါတယ်။ လက်အောက်ငယ်သားတစ်ယောက်လို၊ လူနာတစ်ယောက်လို တစ်ဆင့်နှိမ့်ပြီး ဆက်ဆံနေတယ်လို့ တစ်ချက်ကလေးမှ မခံစားမိခဲ့ရဘူး။

အားလုံး ပြီးတော့ မန္တလေးသား အဖေနဲ့ ထိုင်းမိခင်တို့ကနေ ဘန်ကောက်မှာ မွေးပြီး ကျွန်တော့်သမီးထက် လပိုင်းသာကြီးတဲ့၊ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူမလေးက မွှတ်နေတဲ့ မြန်မာစကားနဲ့ ကျွန်တော့်ကို ပြန်ပို့မယ့် ကားပေါ်ရောက်တဲ့အထိ တာဝန်ယူပြီး ပို့ပေးခဲ့ပါတယ်။ သူကလေးကလည်း ရိုကျိုးလိုက်ပုံများ အားတောင် နာမိရတဲ့ အထိပဲ။

ဆေးကုသမှု ခရီးသွားလုပ်ငန်းဟာ အာရှမှာ တအားကို ဖွံ့ဖြိုး တိုးတက်နေတဲ့ “စီးပွားရေး”လုပ်ငန်းဖြစ်ပါတယ်။ အနောက်နိုင်ငံသားတွေ၊ အမေရိကန်တွေတောင်မှ အာရှကို အုံနဲ့ ကျင်းနဲ့ လာပြီး ဆေးကုသမှု ခံယူနေကြပါပြီ။

သည်အခါမှာ “စီးပွားရေး”လုပ်ငန်းပီပီ အဲဒီ့ လုပ်ငန်းမှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေအားလုံးရဲ့ ဆက်ဆံရေးဟာ သိပ်ကို စကားပြောမှန်း သဘောပေါက်နေကြတာမို့ သူတို့က သူတို့ဆီ လာရောက်ကြတဲ့ အားပေးသူတွေကို တလေးတစားသာမက ပျပ်ဝပ်ရိုကျိုးစွာ ဆက်ဆံနေကြတာကို မျက်ဝါးထင်ထင် မြင်လိုက်ရတာပါပဲ။

အဟဲ… ကျွန်တော်တို့မှာကျတော့ဗျာ… အခုတလော ရုပ်မြင်သံကြား အစီအစဉ်တွေမှာ ပြတဲ့ ကြော်ငြာတစ်ခုက သက်သေပါ။ အချိုရည် ကြော်ငြာလား၊ ကော်ဖီ ကြော်ငြာလားတော့ မသိဘူးခင်ဗျ။ အဲဒီ့မှာ လုံခြုံရေးဆိုတဲ့ စာတန်းရှေ့က တူညီဝတ်စုံဝတ်ထားတဲ့ သရုပ်ဆောင်က လာတဲ့လူကို မျက်နှာထားတင်းတင်းနဲ့ ဆီးဟောက်တဲ့ ပြကွက်ကို နှစ်ကြိမ်လား မသိဘူး၊ ပြထားပါတယ်။ ရွှေတို့ရဲ့ လက်တွေ့ဘဝကို ရောင်ပြန်ဟပ်နေတဲ့ ပြကွက်ပါပဲ။

သူများနိုင်ငံမှာတော့ လုံခြုံရေး တာဝန်ကျများသာမက ရဲများကပါ ရှစ်ခေါက်ချိုးမထားကြပါဘူး။ ပုံမှန်မျက်နှာများနဲ့ ဖြစ်တဲ့အပြင် ကုန်တိုက်လို၊ ရထားလို၊ ဆေးရုံလို နေရာမျိုးက လုံခြုံရေးဝန်ထမ်းတွေဟာ မျက်နှာထားချိုကြပါတယ်။ တချို့ဆို ပျပ်ဝပ်ရိုကျိုးပါတယ်။ ကုန်တိုက်တစ်ခုက ဝတ်စုံဖြူဝတ် လုံခြုံရေး တာဝန်ကျတွေဆိုရင် လာသမျှလူကို အလေးပြု၊ ဆလံသတာက ပါပါသေးတယ်။ အဲဒါ စီးပွားရေး လပ်မြင်တာပါ။

ကျွန်တော် သူတစ်ပါးကို ပိုက်ဆံတွေ သွားပေးခဲ့ရပါတယ်။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်စေချင်ပေမယ့် ကိုယ့်အိတ်ထဲ ထည့်မယ်ဆိုရင် ရင်ဆိုင်ရမယ့် စိတ်ကသိကအောင့် ဖြစ်ရမှုများကို တွက်မိလို့ပါ။ စောင့်ဆိုင်းရမှာ၊ သူတို့ ကျွေးတဲ့ ထမင်းပဲ ကိုယ်က စားနေရသလို  မသယ်နိုင် မပိုးနိုင် မျက်နှာထားနဲ့ ကိုယ့်ကို ဆက်ဆံကြမှာ၊ ကိုယ့်ကို အချိန်မပေးကြမှာတွေကို တွက်ဆမိနေတယ်ဆိုရင် ကျွန်တော်များ လွန်နေသလားပဲနော်။ ဒါမှမဟုတ် “သင့်မာနနှင့် စည်းစိမ်ကို အိမ်မှာ ထားခဲ့ပါ”ဆိုတဲ့ အရင်က ရှိခဲ့ဖူးတဲ့ ကားတချို့ပေါ်က စာတမ်းတွေလိုဟာမျိုးကို မုန်းတီးတတ်တဲ့ ကျွန်တော့်အကျင့်ကြောင့်ပဲလားတော့ မသိဘူးပေါ့နော်။

မည်သို့ပင်ဆိုစေ…

ဖိတ်ချင်းဖိတ် သူတစ်ပါး အိတ်ထဲ ဖိတ်ဖိတ်ကုန်ရခြင်း အကြောင်းရင်းတစ်ရပ်ကို ဆင်ခြင်မိရင်းက ဖတ်မိသူများပါ တွေးဖြစ်စေခြင်း အလို့ငှာ ကျွန်တော် တွေးမိ မြင်မိတာလေးတွေကို ပြန်လည်ဖောက်သည်ချလိုက်ရကြောင်းပါ ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဘန်ကောက် – ၁၀ဝ၈၁၁)

(ယနေ့ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတာလေးကို
ပြန်လည်တင်ဆက်လိုက်တာပါ)