Skip to content

The Origin of Spilling Over Other People’s Pockets

18 August 2011

သူတစ်ပါး အိတ်များထဲ ဖိတ်လျှံလွင့်စင်ကုန်ခြင်း၏ မူလဘူတ

ကျွန်တော် မချမ်းသာပါဘူး။ သည်ကြားထဲကပဲ ဘန်ကောက်မှာ ကျန်းမာရး စစ်ဆေးမှု ခံယူဖို့ သွားလိုက်ပါတယ်။ တကယ်က စစ်ဆေးမှု ခံယုံတင်ဆို သိပ်လည်း မကုန်ပါဘူး။ လေယာဉ်ခ တည်းခိုခ အပါအဝင် ခြစ်ခြစ်ကုပ်ကုပ်သာ သုံးမယ်ဆိုရင် စုစုပေါင်း ကျပ် ခြောက်သိန်းလောက်ဆို လုံလောက်ပါတယ်။ အဲ… တစ်ခုတော့ ရှိသပေါ့။ ကျွန်တော် သွားစစ်ချိန်မှာ အလုံးစုံ အသေးစိတ် စစ်ဆေးမှုအတွက် ကျသင့်ငွေကို ၅၀ % လျှော့ချပေးနေတဲ့ အချိန်မို့ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ရှစ်သိန်း ကိုးသိန်း ကုန်မယ်ထင်တယ်။

သည်နေရာမှာ ဘန်ကောက်ဖြစ်ဖြစ်၊ စင်္ကာပူမှာဖြစ်ဖြစ်၊ တခြား အာရှနိုင်ငံမှာဖြစ်ဖြစ် ဆေးသွားကုမယ်၊ ဆေးစစ်မယ်ဆိုရင် ဂျေစီအိုင် အသိအမှတ်ပြု ဆေးရုံ ဟုတ်မဟုတ် အရင် စုံစမ်းသင့်ပါတယ်။ ဂျေစီအိုင် ဆိုတာက ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ အဖွဲ့အစည်းများကို  တရားဝင် လက်ခံ အသိအမှတ်ပြုပေးတဲ့ ကမ္ဘာ့အဖွဲ့အစည်း တစ်ခု ဖြစ်ပါ တယ်။ အရှည်က Joint Commission International ပါတဲ့။

ထားပါတော့… ကျွန်တော် ပြောချင်တာ အဲဒါ မဟုတ်ပါဘူး။ ဘန်ကောက်မှာ ဆေးစစ်ပြီး ရလာတဲ့ အဖြေတွေကို အင်တာနက်ပေါ်မှာ တင်လိုက်တော့ တစ်ယောက်က မေးလာတယ်။

“ဒါတွေကို မြန်မာပြည် မှာ စစ်လို့ မရလို့လား”တဲ့။

ကျွန်တော် ပြန်ဖြေလိုက်ပါတယ်။

“အိုး… သိပ်ရတာပေါ့ဗျာ။ ဘန်ကောက်မှာ ပိုကောင်းတာကတော့ဗျာ၊ ဓာတ်ခွဲခန်း ဝန်ထမ်းတွေ၊ သူနာပြုတွေ၊ ရောဂါရှာဖွေရေး ဆရာဝန်တွေသာမကဘူး၊ တံခါးစောင့်က အစ မျက်နှာတွေက ပြုံးလို့ ချိုလို့။ လူကို လူလိုဆက်ဆံလို့၊ လူသားတစ်ယောက်အနေနဲ့ ခံစားထိုက်တဲ့ ဂါရဝတရားနဲ့ လေးစားမှုကို ပြသကြလို့ပါပဲခင်ဗျား”လို့ပါ။

မှန်ပါတယ်။ သည်ကနေ ကျွန်တော်မထွက်ခင်ကတည်းက သည်က သက်ဆိုင်ရာ ဆေးရုံရဲ့ ကိုယ်စားလှယ်လုပ်ငန်းက ဝန်ထမ်းတွေကအစ ပြေပြစ်လှပါတယ်။ ချေငံလှပါတယ်။ အစစ အဆင်ပြေအောင် ဆောင်ရွက်ပေးကြတယ်။ ပြည်ဝင်ခွင့်၊ လေယာဉ်လက်မှတ်၊ ထွက်ခွာပုံစံများကို အစအဆုံး လုပ်ပေးတယ်။ ဟိုရောက်တော့ လာကြိုပေးမယ်လို့ ပြောပြီး တကယ်တမ်းမှာ လာမကြိုဖြစ်ကြဘူး။

ကျွန်တော်က ဘန်ကောက်မှာ ရှိတဲ့ အဲဒီ့လုပ်ငန်းက မြန်မာလူငယ်ကို လေဆိပ်ကနေ ဖုန်းလှမ်းဆက်တော့ သူ့ကို လေဆိပ်မှာ မကြိုနဲ့တော့လို့ အဲဒီ့မနက်ကမှ အကြောင်းကြားလို့ မကြိုဖြစ်တဲ့အကြောင်း၊ သည်အတွက် တောင်းပန်ပါကြောင်း၊ ခဏစောင့်ပေးမယ်ဆိုရင် သူချက်ချင်း လာကြိုမှာ ဖြစ်ကြောင်းတွေ ချေချေငံငံပြန် ပြောပေးခဲ့ပါတယ်။

ဘန်ကောက်က ကျွန်တော့်အတွက် အိမ်ဦးနဲ့ ကြမ်းပြင်လို ဖြစ်နေပြီမို့ မစောင့်တော့ဘူး၊ ကျွန်တော့်ဘာသာပဲ လေဆိပ်ကနေ တည်းခိုမယ့် ဟိုတယ်ဆီ တန်းသွားလိုက်ပါတော့မယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ ကျွန်တော် ရောက်နေတဲ့အချိန်မှာ မြန်မာပြည်ရုံးခွဲက ကျွန်တော့်ဆီ အင်တာနက်ကတစ်ဆင့် ဆက်သွယ်လာပြန်သေးတယ်။ အဆင်ပြေရဲ့ လား၊ လိုအပ်တာ ပြောပါ၊ ဘာညာပေါ့။ သည်မှာတင် ကျွန်တော်လည်း ရောက်ရောက်ချင်းမှာ လာကြိုမယ် ပြောထားပြီးမှ လွဲချော်သွားတာကိုတော့ စိတ်မချမ်းသာလှကြောင်း အကြောင်းပြန်လိုက်ပါတယ်။

နောက်တစ်ရက်မှာ အဲဒီ့ လုပ်ငန်း ပိုင်ရှင်ကိုယ်တိုင်က တောင်းပန်စာ ချက်ချင်း ပြန်ပို့လာတယ်။ အခုလို ဖြစ်သွားတဲ့အတွက် သူကိုယ်တိုင်မှာ တာဝန်ရှိကြောင်းနဲ့ တောင်းပန်ပါကြောင်း၊ ကျွန်တော် ပြန်ရောက်လာတဲ့ ရက်မှာ ရန်ကုန်လေဆိပ်မှာ လာကြိုပေးပြီး အိမ်အရောက် ပြန်ပို့ပေးရင်း ကျွန်တော့်ကို လူချင်းတွေ့ပြီး ထပ်မံ တောင်းပန်လိုပါကြောင်းတွေအထိ ပြောလာတာပါ။

မလိုအပ်ပါဘူး၊ တာဝန်ရှိသူတစ်ယောက်အနေနဲ့ ကိုယ့်လုပ်ငန်းက အမှားအယွင်းကို ဘယ်သူ့အပေါ်မှ လွှဲမချဘဲ ကိုယ်တိုင် တာဝန်ယူပေး၊ တောင်းပန်ပေးတဲ့အတွက်ပဲ ကျေနပ်လှ၊ ကျေးဇူးတင်လှပြီဖြစ်ကြောင်း ကျွန်တော့်ဘက်က ပြန်ကြားခဲ့ပါတယ်။

ဒါတွေကို ရေးပြနေရတာက စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့အခါမှာ ကိုယ့်ကို အားပေးသူအပေါ်မှာ တလေးတစားနဲ့ လူလူသူသူ ဆက်ဆံခြင်းရဲ့ အရေးကြီးပုံကို ထင်ရှားစေချင်လို့ ဖြစ်ပါတယ်။

ကျွန်တော် ဘန်ကောက်ကို ရောက်ပြီး နောက်တစ်ရက် မနက် ၈ နာရီခွဲမှာ ကျွန်တော့်ကို ဟိုတယ်မှာ လာကြိုပေးမယ်လို့ ပြောထားပါတယ်။ ၈ နာရီခွဲခါနီး မိနစ်ပိုင်းအလိုမှာ ကျွန်တော့်ဆီ ဖုန်းဝင်လာတယ်။ (ဘန်ကောက်မှာက တယ်လီဖုန်းကတ်ကို ပဲလှော်လို နေရာတကာမှာ အလွယ်တကူ ဝယ်လို့ ရတာမို့ ကျွန်တော်လည်း ဘန်ကောက်ဖုန်းနဲ့ ဘာနဲ့ အိုခေမှာ စိုပြည်နေတာပါ ခင်ဗျ။) ယာဉ်ကြော ပိတ်နေလို့ အရောက်နောက်ကျနတာ ဖြစ်ကြောင်း၊ နောက် ငါးမိနစ်လောက်နေမှ ရောက်မှာဖြစ်ကြောင်းနဲ့တကွ နောက်ကျနေတဲ့အတွက် ကျွန်တော့်ကို တောင်းပန်ပြန်တာပါပဲ။

သည်လိုနဲ့ ဆေးရုံရောက်သွားတော့လည်း လိုလေသေး မရှိပါဘူး။ ဆေးရုံဝန်ထမ်းတွေက အလွန် မျက်နှာချိုပါတယ်။ တလေးတစားနဲ့ ပျပ်ဝပ် ရိုကျိုးကြတာကိုတောင် တွေ့နေရသေးတယ်။ စောင့်ရတယ်ဆိုတာလည်း မရှိသလောက်ပဲ။ ဝမ်းဗိုက်တစ်ပြင်လုံးကို အသံလွန်လှိုင်းစနစ်နဲ့ စစ်ဆေးမယ်ဆိုတော့မှသာ ဆီးအိမ်တင်းအောင် ရေများများသောက်ခိုင်းပြီး ဆီးအိမ်တင်းတဲ့အထိ စောင့်ရတာလေးပဲ ရှိပါတယ်။

စစ်ချက်တွေ အဖြေ မပေါ်ခင်မှာ ကျွန်တော့်ကို မနက်စာစားဖို့ ကူပွန်လေး ပေးပါတယ်။ အချိန်က နေ့လည်ခင်းကို ရောက်နေပြီမို့ ကူပွန်အပြင် ကိုယ့်ပိုက်ဆံ ထပ်ဖြည့်ပြီး နေ့လည်စာ စားလိုက်ပါတယ်။ စားပြီးစမှာပဲ ဖုန်းဝင်လာတယ်။ ကျွန်တော့် ဆေးစစ်ချက် ရလဒ်တွေ အသင့်ဖြစ်နေကြောင်းပါ။

ကျွန်တော် ပြန်ရောက်သွားတော့ ဆရာဝန်နဲ့ တွေ့ရပါပြီ။ ဆရာဝန်က ဆေးစစ်ချက် အဖြေတစ်ခုစီကို ကွန်ပျူတာ ဖန်သားပြင်မှာ ပြသပြီး တစ်ချက်ချင်း ရှင်းပြပါတယ်။

တစ်သက်နဲ့ တစ်ကိုယ် ကိုယ်မသိတဲ့ ဆရာဝန်တစ်ယောက်၊ ဆေးရုံ/ဆေးခန်းက ဆရာဝန်တစ်ယောက်နဲ့ ဒါ အကြာဆုံး စကားပြောဖူးတာပါ ခင်ဗျား။ ဆရာဝန်က နာရီ တကြည့်ကြည့်လည်း မရှိဘူး၊ လောပျာနေတဲ့ ပုံလည်း တစ်ချက်မှ မထွက်ဘူး။ သူနဲ့ ကျွန်တော် လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး မိတ်ဆွေချင်း အေးအေးဆေးဆေး ပြောသလို ပြောနေတော့တာပါပဲ။ ပြီးတော့ သူက ကျွန်တော့်ကို လူသားချင်း လေးလေးစားစား ဆက်ဆံပါတယ်။ လက်အောက်ငယ်သားတစ်ယောက်လို၊ လူနာတစ်ယောက်လို တစ်ဆင့်နှိမ့်ပြီး ဆက်ဆံနေတယ်လို့ တစ်ချက်ကလေးမှ မခံစားမိခဲ့ရဘူး။

အားလုံး ပြီးတော့ မန္တလေးသား အဖေနဲ့ ထိုင်းမိခင်တို့ကနေ ဘန်ကောက်မှာ မွေးပြီး ကျွန်တော့်သမီးထက် လပိုင်းသာကြီးတဲ့၊ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူမလေးက မွှတ်နေတဲ့ မြန်မာစကားနဲ့ ကျွန်တော့်ကို ပြန်ပို့မယ့် ကားပေါ်ရောက်တဲ့အထိ တာဝန်ယူပြီး ပို့ပေးခဲ့ပါတယ်။ သူကလေးကလည်း ရိုကျိုးလိုက်ပုံများ အားတောင် နာမိရတဲ့ အထိပဲ။

ဆေးကုသမှု ခရီးသွားလုပ်ငန်းဟာ အာရှမှာ တအားကို ဖွံ့ဖြိုး တိုးတက်နေတဲ့ “စီးပွားရေး”လုပ်ငန်းဖြစ်ပါတယ်။ အနောက်နိုင်ငံသားတွေ၊ အမေရိကန်တွေတောင်မှ အာရှကို အုံနဲ့ ကျင်းနဲ့ လာပြီး ဆေးကုသမှု ခံယူနေကြပါပြီ။

သည်အခါမှာ “စီးပွားရေး”လုပ်ငန်းပီပီ အဲဒီ့ လုပ်ငန်းမှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေအားလုံးရဲ့ ဆက်ဆံရေးဟာ သိပ်ကို စကားပြောမှန်း သဘောပေါက်နေကြတာမို့ သူတို့က သူတို့ဆီ လာရောက်ကြတဲ့ အားပေးသူတွေကို တလေးတစားသာမက ပျပ်ဝပ်ရိုကျိုးစွာ ဆက်ဆံနေကြတာကို မျက်ဝါးထင်ထင် မြင်လိုက်ရတာပါပဲ။

အဟဲ… ကျွန်တော်တို့မှာကျတော့ဗျာ… အခုတလော ရုပ်မြင်သံကြား အစီအစဉ်တွေမှာ ပြတဲ့ ကြော်ငြာတစ်ခုက သက်သေပါ။ အချိုရည် ကြော်ငြာလား၊ ကော်ဖီ ကြော်ငြာလားတော့ မသိဘူးခင်ဗျ။ အဲဒီ့မှာ လုံခြုံရေးဆိုတဲ့ စာတန်းရှေ့က တူညီဝတ်စုံဝတ်ထားတဲ့ သရုပ်ဆောင်က လာတဲ့လူကို မျက်နှာထားတင်းတင်းနဲ့ ဆီးဟောက်တဲ့ ပြကွက်ကို နှစ်ကြိမ်လား မသိဘူး၊ ပြထားပါတယ်။ ရွှေတို့ရဲ့ လက်တွေ့ဘဝကို ရောင်ပြန်ဟပ်နေတဲ့ ပြကွက်ပါပဲ။

သူများနိုင်ငံမှာတော့ လုံခြုံရေး တာဝန်ကျများသာမက ရဲများကပါ ရှစ်ခေါက်ချိုးမထားကြပါဘူး။ ပုံမှန်မျက်နှာများနဲ့ ဖြစ်တဲ့အပြင် ကုန်တိုက်လို၊ ရထားလို၊ ဆေးရုံလို နေရာမျိုးက လုံခြုံရေးဝန်ထမ်းတွေဟာ မျက်နှာထားချိုကြပါတယ်။ တချို့ဆို ပျပ်ဝပ်ရိုကျိုးပါတယ်။ ကုန်တိုက်တစ်ခုက ဝတ်စုံဖြူဝတ် လုံခြုံရေး တာဝန်ကျတွေဆိုရင် လာသမျှလူကို အလေးပြု၊ ဆလံသတာက ပါပါသေးတယ်။ အဲဒါ စီးပွားရေး လပ်မြင်တာပါ။

ကျွန်တော် သူတစ်ပါးကို ပိုက်ဆံတွေ သွားပေးခဲ့ရပါတယ်။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်စေချင်ပေမယ့် ကိုယ့်အိတ်ထဲ ထည့်မယ်ဆိုရင် ရင်ဆိုင်ရမယ့် စိတ်ကသိကအောင့် ဖြစ်ရမှုများကို တွက်မိလို့ပါ။ စောင့်ဆိုင်းရမှာ၊ သူတို့ ကျွေးတဲ့ ထမင်းပဲ ကိုယ်က စားနေရသလို  မသယ်နိုင် မပိုးနိုင် မျက်နှာထားနဲ့ ကိုယ့်ကို ဆက်ဆံကြမှာ၊ ကိုယ့်ကို အချိန်မပေးကြမှာတွေကို တွက်ဆမိနေတယ်ဆိုရင် ကျွန်တော်များ လွန်နေသလားပဲနော်။ ဒါမှမဟုတ် “သင့်မာနနှင့် စည်းစိမ်ကို အိမ်မှာ ထားခဲ့ပါ”ဆိုတဲ့ အရင်က ရှိခဲ့ဖူးတဲ့ ကားတချို့ပေါ်က စာတမ်းတွေလိုဟာမျိုးကို မုန်းတီးတတ်တဲ့ ကျွန်တော့်အကျင့်ကြောင့်ပဲလားတော့ မသိဘူးပေါ့နော်။

မည်သို့ပင်ဆိုစေ…

ဖိတ်ချင်းဖိတ် သူတစ်ပါး အိတ်ထဲ ဖိတ်ဖိတ်ကုန်ရခြင်း အကြောင်းရင်းတစ်ရပ်ကို ဆင်ခြင်မိရင်းက ဖတ်မိသူများပါ တွေးဖြစ်စေခြင်း အလို့ငှာ ကျွန်တော် တွေးမိ မြင်မိတာလေးတွေကို ပြန်လည်ဖောက်သည်ချလိုက်ရကြောင်းပါ ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဘန်ကောက် – ၁၀ဝ၈၁၁)

(ယနေ့ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတာလေးကို
ပြန်လည်တင်ဆက်လိုက်တာပါ)
Advertisements
10 Comments leave one →
  1. Moe Pyae permalink
    18 August 2011 11:33 am

    ဆရာရေ..
    ကျွန်တော့အစ်မ လည်း ဘန်ကောက် Piyavate Hospital မှာ နှလုံးနဲ့ပတ်သက်ပီး သွားကုသေးတယ်
    နှလုံးရောဂါကတော့ အရမ်းဂရုစိုက်ရမို့ အမြဲတမ်းဈေးကြီးတဲ့အထဲမှာပါပုံပါပဲ..
    မြန်မာပြည်က စစ်ဆေးရေးနဲ့တွေ့ ပီးမှ နာမည်ကြီးဆရာဝန်တစ်ယောက်ရဲ့  လမ်းညွှန် မှုနဲ့ပဲ ဘန်ကောက်မှာသွားကုဖြစ်တာပါ.. ငွေကြေးကုန်တယ်ဆိုပေမဲ့ ကုန်တဲ့ငွေပမာဏ အတိုင်း ဝန်ဆောင်မှုကတော့အရမ်းကွာပါတယ်.. မြန်မာပြည် မှာ Echo (အသုံးအနှုန်းကတော့သေချာမသိပါ) ရိုက်တုန်းက ဆရာဝန်မတစ်ယောက်လုပ်ပေးတယ်. ရိုက်နေရင်းနဲ့ .. ဒီရောဂါရှားလို့ သူဟာသူ လန့်လို့လား ဘာလားတော့မသိပါဘူး.. အသံမာနဲ့ ညီမ နှလုံးက ခွဲ မှရမယ် .. ဘာညာပြောတယ်.. ရောဂါသည်က ကိုယ့်ရောဂါ ဘာမှန်းတောင် မသိသေးဘူး . ရောဂါကြောင့် ဘာမှမဖြစ်ဘဲ ဆရာဝန်မရဲ့  စကားကြောင့်ပိုလန့်နေပီ..
    ဘယ်လိုမှမမျှော်လင့်ထားတဲ့ ရောဂါကြောင့် လူနာကို ပိုအားပေးရမယ်ဆိုတာမျိုးမရှိဘူးဗျာ..

    နောက်မှပဲ စာရှည်၂ ရေးတော့မယ်.. ဆရာရေ.

    ဆရာရဲ့ စာတွေအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား

  2. သုည permalink
    19 August 2011 4:55 pm

    ဘန်ကောက်မှာပြောင်းနေလိုက်ပါခင်ဗျာ

  3. သုည permalink
    19 August 2011 5:55 pm

    ဘန်ကောက်မှာသာသွားနေလိုက်ပါခင်ဗျား

  4. သုည permalink
    21 August 2011 1:37 pm

    READ IT
    လုပ်ငန်းအပေါ် သဘောထားခံယူချက်ချင်း ကွာခြားနေသေးတာပါ။ ခေတ်အမြင် မတူကွာခြားခဲ့တာပေါ့… ထိုင်းက ကျန်းမာရေးကုသမှုမှာ စီးပွားရေးအရ ဝန်ဆောင်မှုကို ထည့်ပေးတယ်.. အခကြေးငွေပါ ထည့်ယူတယ်။ မြန်မာက ကျန်းမာရေးအတွက် ကုသမှုပေးနေတာ လို့ခံယူတယ်။ စီးပွားရေးလုပ်နေတာလို့ အပြည့်အဝ မခံယူဘူး။ ဝန်ဆောင်မှု ကောင်းအောင်လုပ်ပြီး စီးပွားရေး ပီပီပြင်ပြင် ဖြစ်အောင် မလုပ်သေးဘူး။
    Nay Oo ဝန်ဆောင်မှုသဘော မပါတာတောင် လက်မလည်အောင် လုပ်နေရတော့ ဝန်ဆောင်မှုလုပ်ငန်းထည့်ပြီး စီးပွားရေး တွက်ခြေပိုကိုက်အောင်လုပ်ဖို့ မစဉ်းစား နိုင်သေးဘူး ထင်မိပါတယ်။ အရင်က စ ကြားဖူးတာ .. ဒေါက်တာချိုလေးမာ ထင်တယ်။ နှလုံးအထူးကု .. ရိုးရိုးနဲ့ ရှယ် ဆိုပြီး .။ ရှယ်က မစေါင့်ရဘူး။ မေးချင်တာမေးလို့ နည်းနည်းရတယ်.. ပိုပြုံးပြတယ် … ဒါပေမယ့် လူတိုင်းက ရှယ်ကုန်ကြတော့ … မရှယ်တော့ပဲ .. ရိုးရိုးနဲ့ သိပ်မကွာ ဖြစ်သွားရော ဆိုလား…

    ဆရာအတ္တကျော် ထည့်မပြောတာလား … အဲဒီ ကျေနပ်လောက်အောင် ဝန်ဆောင်မှုမျိုးအတွက် .. မြန်မာပြည်ထက် ဘယ်လောက်ပိုပေးခဲ့ရလဲ .. ကုသမှု(သို့) ဆေးစစ်မှုမှာ မြန်မာပြည်ထက် အပိုဆောင်းကုန်ကျမှု .. ခရီးစရိတ်၊ တည်းခိုစရိတ်၊ အချိန်ကုန်လိုက်ရတာအတွက် တန်ဖိုး၊ လုပ်ငန်းပျက်ကွက်ခဲ့ရရင် ပျက်ကွက်မှုကြောင့် ပေးဆပ်ရတဲ့ တန်ဖိုး။

    အဲဒါတွေ အကုန်မဟုတ်တောင် အဲလိုကုန်ကျနိုင်တဲ့ငွေရဲ့ တစိတ်တပိုင်းလောက် တန်ဖိုးမြှင့်ပြီး ဝန်ဆောင်မှုကောင်းကောင်းနဲ့ ထည့်ပေးရင် ဆရာအတ္တကျော်လို တတ်နိုင်သူတွေ ကိုယ့်အိပ်ထဲကို တကယ်ဖိတ်ပေးနိုင်ကြပါ့မလား .. အဲဒီကျတော့ မဟားဒရားရိတ်တယ်… ဝိသမ အမြတ်ကြီးစားတယ် … အော်ကြမှာက အများစု နိုင်ငံခြားကမှ ကောင်းတယ် .. ဂုဏ်ရှိတယ်.. ပေးရတာ တန်တယ်.. အထင်မျိုးက အတော်များများမှာ ရှိနေဦးမှာပါ။

    • lettwebaw permalink*
      25 August 2011 6:13 pm

      http://www.news-eleven.com/index.php?option=com_content&view=article&id=9830:2011-08-18-03-56-36&catid=78:2009-11-13-06-25-17&Itemid=135 မှာလည်း အထက်က ကွန်မန့်ရဲ့ အောက်ဆုံးပိုဒ်ကို “ဗေလု”ဆိုတဲ့ နာမည်နဲ့ ၏ သည် မလွဲ ပြန်ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီ့မှာ ကွန်မန့်က နှစ်ခုပဲ ရှိတယ်။ အောက်က ကွန်မန့်အမှတ် ၁ ကို အပေါင်း လက္ခဏာပေးထားသူ ၂၇ ဦး ရှိသော်လည်း သည်ကွန်မန့်ကိုတော့…

  5. lettwebaw permalink*
    7 September 2011 7:05 pm

    Eleven ရဲ့ သည်ဆောင်းပါးကို ပြန်လည်ဖော်ပြထားချက်အောက်မှာ နောက်ထပ် ကွန်မန့်တစ်ခု တွေ့ရပါတယ်။ မှတ်တမ်းမှတ်ရာအနေနဲ့ ကျွန်တော့်ဆီမှာ ကျန်အောင် အဲဒါကိုလည်း ကူးယူ ဖော်ပြလိုက်ပါတယ်။

    phoehtet 2011-09-05 17:20
    ကျနော် ဆရာဝန်တစ်ယောက် မဟုတ်ပါ..တကယ်ကျတော့ လူတွေက အားနည်းတဲ့ ထိလို့ ခိုက်လို့ရတဲ့ ပညာရေးနယ်ပယ်က ဆရာ၊ ဆရာမတွေနဲ့ ကျန်းမာရေး နယ်ပယ်က ဆရာဝန်/မ၊ ၀န်ထမ်းတွေကိုဘဲ ထိခိုက်နေတာပါ။ တကယ်ကျတော့ သူတို့ အပြစ်မဟုတ်ဘူးလို့ ကျနော် (တစ်ဦးတည်း အမြင်) မြင်တယ်။ ထိုင်းလို၊ စလုံးလို အဲဒီ ကျန်းမာရေးနဲ့ ပညာရေး နယ်ပယ်မှာ အလုပ်လုပ်ရင်း ကိုယ့်မိသားစုအတွက် ဖူလုံမယ်၊ နောက်ကြောင်းအေးမယ်ဆိုရင် အဲဒီ အပေါက်ဆိုးတယ်၊ ၀န်ဆောင်မှုမကောင်းဘူးဆိုတာ မဖြစ်နိုင်ဘူးထင်တယ်။ အခုက ဂျာအေး သူ့အမေရိုက်နေတာ။ ပိုက်ဆံမရှိဘဲ အဲဒီဌာနတွေက ဘယ်လို ကောင်းအောင် ပြင်မလဲ။ နိုင်ငံဘတ်ဂျက်ရဲ့ ဘယ်နှစ်ရာခိုင်နှုန်းကိုဘဲ သုံးတယ်ဆိုတာ လူတိုင်းသိတယ်။ ပညာရေးနဲ့ ကျန်းမာရေး မှာ ပိုက်ဆံပိုသုံးရမယ်ဆိုတဲ့ ပညာတတ်အစိုးရ မရှိမချင်း လုပ်ချင်ရာလုပ်၊ ဘယ်တော့မှ မတိုးတက်ဘူး။ အရေးအခင်းတွေဖြစ်လိုက်၊ စစ်တပ်က ပြန်အာဏာသိမ်းလိုက် ဖြစ်နေအုံးမှာဘဲလို့ ထင်တယ်။

    နောက် ကျနော်က ဆရာအတ္တကျော်စာတွေကို ဆူဒိုနင်ဆိုတဲ့ ကလောင်ကတည်းက ဖတ်မိတယ်။ ဆရာ့စာတွေ ကြိုက်ပါရဲ့။ တစ်ခါတစ်လေတော့လဲ ကိုယ်ရည်သွေးတာတွေ ပါနေသလားလို့ မြင်မိတယ်။ ဒါ ကျနော့်ရဲ့ လွတ်လပ်တဲ့ အမြင်ပါ။

    • lettwebaw permalink*
      7 September 2011 7:17 pm

      အဲဒီ့ ကွန်မန့်လေး ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော် စာရေးတာပဲ ညံ့လွန်းသလား၊ စာဖတ်တဲ့သူကပဲ မျက်စိလျှမ်းတာလားတော့ မသိဘူး။ ကျွန်တော် ရေးခဲ့တာက အများနဲ့ သက်ဆိုင်တဲ့ ၀န်ဆောင်မှုကို ပြောနေတာ လုံးဝ မဟုတ်ခဲ့ပါဘူး။ ပိုက်ဆံတွေ မနိုင်ရင်ကာ ယူနေကြတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေရဲ့ ၀န်ဆောင်မှုတွေကို ပြောနေတာသာ ဖြစ်ပါတယ်။ အဲဒါကို စာလုံးမည်းကြီးနဲ့ ထည့်ရေးမှပဲ သည်အချက်ကို နားလည်သဘောပေါက်ကြတော့မှာလားလို့တောင် တွေးမိရတဲ့အထိ သည်ဆောင်းပါးနဲ့ ပတ်သက်ပြီး ပြန်ကြားရတဲ့ တုံ့ပြန်ချက်တချို့မှာ ပုဂ္ဂလိက ကဏ္ဍနဲ့ လူထုဝန်ဆောင်မှုကဏ္ဍကို ရောချပြီး တုံ့ပြန်ကြတာတွေ တွေ့ရပါတယ်။ တော်တော် စိတ်မကောင်းဖြစ်မိရတာပါ။

      “တစ်ခါတလေ ကိုယ်ရည်သွေးတာတွေ ပါနေသလားလို့ မြင်မိတယ်” ဆိုတာအတွက်တော့ ကျေးဇူးတင်မိတယ်။ ဒါပေမယ့် ဘယ်လို စကားလုံးတွေ၊ ဘယ်လို ရေးလိုက်တာတွေက ကိုယ်ရည်သွေးရာ ရောက်ပါတယ်လို့သာ ထောက်ပြခဲ့မယ်ဆိုရင်တော့ ကျွန်တော့်အတွက် ပိုအကျိုးရှိမှာပါ။ အခုလို လုံးချပြီး တံဆိပ်ကပ်ပေးလိုက်တာကျတော့ ကျွန်တော့်ဘက်က ဘယ်နေရာမှာ ဘယ်လို ပြင်ရမှန်း မသိအောင် ခက်ခဲနေပါတယ်။ ဒါလည်း စိတ်မကောင်းစရာပါပဲ။ ရွှေတွေမှာက အပြုသဘောဆောင်တဲ့ မှတ်ချက်မျိုး ပေးတဲ့ အလေ့အထမှ မရှိတာကိုးလေ။

      • ko phyo permalink
        20 September 2011 11:29 am

        ဆရာခင်ဗျာ.. ဆရာပြောတဲ့ ဝန်ဆောင်မှုဆိုတဲ့  သဘောကို ကျွန်တော်တို့ ဆီက အတော်များများသဘောမပေါက်ကြသေးပါဘူးခင်ဗျာ….
        ကျွန်တော်တို့ ဆရာဝန်တွေ အတော်များများက ကိုယ့်ကိုကိုယ် ကယ်တင်ရှင်ကြီးတွေဆိုတဲ့ အမြင်ဝင်နေကြတာတွေများနေပါတယ်…အထူးသဖြင့် လူငယ်ဆရာဝန်ပေါက်လေးတွေပါ…ဆရာဝန်ဆိုတာ ဆေးကုသတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေတာပါ…အသက်မွေးဝမ်းကျောင်းဆိုကထဲက ထိုက်သင့်တဲ့  အဖိုးအခကိုတော့ ယူမှာပါပဲ..အဖိုးအခယူပီးဆိုကထဲက ထိုက်သင့်တဲ့  ဝန်ဆောင်မှုတော့ ပြန်ပေးရမှာပါပဲ…(ပိုက်ဆံမတတ်နိုင်တဲ့ လူနာတွေကို အလကားကုပေးရတာကို ကျွန်တော်ပြောချင်တဲ့ အထဲမှာမပါပါဘူး..ဒါက ဆရာဝန်တယောက်လုပ်ရမဲ့ ကျင့်ဝတ်နဲ့ ဝတ္တရား ပါပဲ)

  6. zawye permalink
    9 September 2011 6:35 pm

    ဆရာ အတ္တကျော်ဆိုလိုချင်တဲက အဓိပ္ပါယ်က ပိုက်ဆံပေးရတာချင်းအတူတူ စိတ်ချမ်းသာတယ်ဆိုတဲ့သဘောမျိုးပါဗျာ. အမှန်ပဲဗျ ဘယ်သူမဆိုပိုက်ဆံကို စိတ်ချမ်းသာသာနဲ့ပဲကုန်စေချင်မှာပေါ့ နောက်ပြီးလူနာ ကိုလူနာလိုဆက်ဆံတာလေးတစ်ချက်ကိုတော့ ကြိုက်တယ်ဗျာ.

  7. eiei khaing permalink
    12 February 2016 6:27 pm

    ဆရာ သမီးမှာမေးစရာရှိလို့ ဆရာ့ gmail address လေးပေးနိုင်မလားရှင့်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: