Skip to content

Dear World

26 August 2011

ချစ်သော လောကကြီးခင်ဗျား

ကျွန်တော့်သားတော်မောင်ရဲ့ ကျောင်းအုပ်ကြီးက ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ အရေးတကြီး ပြောစရာလေး ရှိလို့ ကျွန်တော်နဲ့ လာတွေ့ချင်ပါတယ်တဲ့။ အဲဒါ ကျွန်တော် ဘယ်အချိန်အားမလဲလို့ လှမ်းမေးတာပါ။

သားက နောက်နှစ်ပတ်လောက်နေရင် အထက်တန်းကျောင်းဆင်းပွဲကို တက်ရတော့မှာပါ။ သည်တော့ကာ ကျောင်းအုပ်ကြီး ကျွန်တော်နဲ့ ပြောချင်တဲ့ကိစ္စက အဲဒီ့ကျောင်းဆင်းပွဲနဲ့ ပတ်သက်နေလိမ့်မယ်လို့ တွေးမိရပါတယ်။ သို့ပေမယ့် တစ်ဖက်ကလည်း သားက အထက်တန်း ကျောင်းသား ဆယ်ကျော်သက်ဆိုတော့ သူ ဗရုတ်ဗရက်လုပ်ထားတာ တစ်ခုခုအတွက် လာပြောချင်တာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်ဆိုတဲ့အတွေးကလည်း ကျွန်တော့်ခေါင်းထဲ ဖျတ်ခနဲ ဝင်လာသေးတယ်။ ဘာပဲဖြစ်ဖြစ်၊ ဆရာကြီး ရောက်အလာကိုသာ မျှော်ရင်းနဲ့ သူလာတဲ့အကြောင်းက အကြောင်းကောင်းဖြစ်ပါစေလို့ပဲ ကျွန်တော် ဆုတောင်းနေလိုက်ပါတယ်။

တကယ်တော့လည်း ဆရာကြီး လာတဲ့အကြောင်းက တကယ့် အကြောင်းကောင်းပါ။ ကျောင်းဆင်းပွဲမှာ သားက အဲဒီ့နှစ်အတွက် အထက်တန်းကျောင်းဆင်းကြသူများ အားလုံးကိုယ်စား အမှတ်တရစကား ပြောရမှာတဲ့။ သားက စာလည်းတော်၊ မိတ္တဗလအရာမှာရော၊ စာရိတ္တမှာပါ ချွန်သူပီပီ ကျောင်းရဲ့ ဂုဏ်ကိုဆောင်သူ တစ်ယောက် ဖြစ်တာမို့ သားကို ဂုဏ်ပြုတဲ့အနေနဲ့ အဖေ ကျွန်တော်ကလည်း သားပြောမယ့် စကားထဲမှာ ထည့်ဖတ်နိုင်မယ့် သဝဏ်လွှာတစ်စောင် ရေးပေးဖို့ ဆရာကြီးက ကျွန်တော့်ကို လာပြောတာပါ။

ကျွန်တော်လည်း ရေးပေးပါမယ့်အကြောင်း ဆရာကြီးကို ဝမ်းပန်းတသာ ပြန်ပြောလိုက်ပါတယ်။ တကယ်လည်း တကယ်ပါ။ ကျွန်တော်ဟာ ကျွန်တော့်သားအတွက် အလွန်ကို ဂုဏ်ယူနေမိရပါတယ်။

သည်လိုနဲ့ ရေးမယ်လို့ ပြင်ပြီး လက်နှိပ်စက်ရဲ့ ရှေ့မှာ ထိုင်နေရင်း သားရဲ့ဘဝတစ်လျှောက်မှာ ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို ပြန်ပြောင်း အောက်မေ့နေမိရပါတယ်။ သည်လိုတွေးနေရင်းကနေ အထက်တန်းကျောင်း ဆင်းပွဲရဲ့ အနှစ်သာရ အစစ်အမှန်ကို သတိထားမိသွားတယ်။

သည်ကျောင်းဆင်းပွဲပြီးရင် သားနဲ့ သားသူငယ်ချင်းတွေဟာ အစိမ်းသက်သက် လောကကြီးထဲကို ဝင်ကြရတော့မယ့်သဘောပါ။ ကျွန်တော်တို့ မိဘတွေဟာလည်း သူတို့ကို နည်းပေးလမ်းပြ လုပ်ဖို့၊ ဖေးမပေးဖို့ သူတို့ နားမှာ အရင်ကလို နေ့စဉ်နဲ့အမျှ ရှိနေတော့မှာလည်း မဟုတ်ပါဘူး။ ဒါကို တွေးမိသွားတာနဲ့ ကျွန်တော်လည်း လောကကြီးဆီ လိပ်မူလို့ စာတစ်စောင် ကောက်ရေးလိုက်ပါတယ်။

ကျွန်တော့်စာလေးက သည်လိုပါ။

ချစ်သော လောကကြီးခင်ဗျား

ကျွန်တော်တို့ရဲ့ သားသမီးလေးတွေဟာ သည်နေ့ပဲ အထက်တန်းကျောင်းမှာ သင်ကြားခဲ့တဲ့ ပညာရေး ဆုံးခန်းတိုင်သွားကြပါပြီ။ သည်အခါ သူတို့လေးတွေဟာ ခဏတစ်ဖြုတ်တော့ တမျိုးတမည်ဖြစ်နေကြဦးမှာ၊ မနေတတ် မထိုင်တတ် ဖြစ်နေကြဦးမှာပါ။ အဆွေလောကကြီးအနေနဲ့ သူတို့လေးတွေအပေါ် ကြင်ကြင်နာနာ ဆက်ဆံပေးပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံပါရစေလား ခင်ဗျာ။

အခုချိန်ထိတော့ သူတို့လေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာ သူတို့သာ ရှင်ဘုရင်လေးတွေအဖြစ် နေခဲ့ကြပါတယ်။ သူတို့လေးတွေ အနာတရ ဖြစ်လာချိန်မှာ မိဘတွေက သူတို့အနာတွေ သက်သာအောင် ဆေးထည့်တန်ထည့်၊ ကျပ်ပူတိုက်တန် တိုက်ပေးခဲ့ကြတယ်။ သူတို့ရင်ထဲက ခံစားချက် အစိုင်အခဲလေးတွေကိုလည်း ပြန်လည် ကောင်းမွန်လာအောင် မိဘတွေကပဲ ဂရုတစိုက်နဲ့ ပြုပြင်လို့ ပေးခဲ့ကြပါတယ်။ ဒါကိုလည်း အဆွေ လောကကြီး အသိဆုံးပါနော်။

အခုတော့ အဲသလို မဟုတ်တော့ပါဘူး။ သူတို့လေးတွေဟာ စွန့်စားခန်းသစ်တစ်ခုကို စတင်ကြတော့မှာပါ။ အဲဒီ့စွန့်စားခန်းမှာတော့ ပရိဒေဝတွေလည်း ပါချင်ပါမယ်၊ စိတ်ဆင်းရဲစရာတွေလည်း ပါချင်ပါနေပါလိမ့်မယ်။ သည်ခရီးမှာ ဆက်လက်ချီနိုင်ဖို့ သူတို့မှာ ခိုင်မာတဲ့ ယုံကြည်ချက် ပြင်းပြင်းပြပြ ရှိနေဖို့ လိုပါလိမ့်မယ်။ စစ်မှန်တဲ့ မေတ္တာလည်း  လိုပါလိမ့်မယ်။ ခန္တီစဆိုတဲ့ သည်းခံခြင်းတရားကိုလည်း လက်ကိုင်ထားကြရပါလိမ့်မယ်။ ဒါတင်မကသေးဘဲ၊ နားလည်မှု ဆိုတာလေးကိုလည်း ရင်ဝယ် ပိုက်နိုင်မှသာ သူတို့ရဲ့ ရှေ့ခရီး ချောမွေ့မှာပါ။

သည်တော့ကာ ချစ်စွာသော လောကကြီးခင်ဗျား…

သူတို့လေးတွေအား စောင့်ရှောက်ပါရန် ကျွန်တော်က အဆွေ့အား လေးစားစွာ ပန်ကြားချင်ပါတယ်။ သူတို့လေးတွေရဲ့ လက်ကို ဆွဲကာ ဦးဆောင် ခေါ်ယူလို့ သူတို့တွေသိသင့်သိထိုက်တာအားလုံးကို သင်ကြားပြသပေးတော်မူပါ။ ဒါပေမယ့် တဆိတ်လောက်ခင်ဗျာ၊ ဖြစ်နိုင်မယ်ဆိုရင်တော့ သူတို့လေးတွေ အပေါ်မှာ နူးနူးညံ့ညံ့လေးသာ ထိန်းကျောင်း သင်ကြားပေးစေချင်လှပါတယ် ခင်ဗျား။

လူတိုင်းလူတိုင်းဟာ တရားသူချည်း ဖြစ်လို့မနေသလို လူတိုင်းလူတိုင်းဟာလည်း မျှတသူချည်း မဟုတ်တာ၊ လူတိုင်းလူတိုင်း ဖြောင့်မတ်လို့ချည်း မနေတာကို သူတို့လေးတွေ သိသွားဖို့ လိုပါတယ်။ ဒါပေမယ့် နေရာတိုင်းမှာ လူဆိုးတွေ၊ လူကြမ်းတွေရှိသလို သူရဲကောင်းတွေလည်း ရှိတယ်၊ ကလိန်ကကျစ် နိုင်ငံရေးသမားတွေ ရှိသလို ကြီးကျယ်မြင့်မြတ်ပြီး စိတ်ရောကိုယ်ပါနှစ်ကာ လုပ်ကိုင် ဆောင်ရွက်တတ်တဲ့ ခေါင်းဆောင်တွေ ရှိတယ်၊ ရန်သူတွေ ရှိသလို မိတ်ဆွေကောင်းဆိုတာလည်း ရှိတယ်ဆိုတာကိုလည်း သူတို့လေးတွေကို သင်ကြားပေးပါလို့ အဆွေလောကကြီးကို အပ်ချင်ပါတယ် ခင်ဗျာ။

အချိန်တော့ ယူရမှာပေါ့ခင်ဗျာ။ ဒါပေမယ့် ကောက်ရတဲ့ ငွေတစ်ထောင် ထက်စာရင် ကိုယ့်လုပ်အားနဲ့ကိုယ် ရှာလို့ရတဲ့ ငွေတစ်ရာက ပိုတန်ဖိုးရှိတဲ့ အကြောင်းကိုတော့ သူတို့လေးတွေကို သင်ဖြစ်အောင် သင်ပေးလိုက်ပါ အဆွေ လောကကြီးခင်ဗျား။

ဒါတင်မကသေးဘဲ၊ အောင်မြင်မှုရဲ့ အရသာကို ကောင်းကောင်းကြီး ခံစားတတ်ဖို့ ဆုံးရှုံးတဲ့အခါမှာလည်း သိက္ခာရှိရှိ အရှုံးပေးတတ်အောင် သင်ပေးတော်မူလိုက်ပါဦးခင်ဗျား။

ဖြစ်နိုင်မယ်ဆိုရင် သူတို့လေးတွေရဲ့ ရင်မှာ ဝန်တို မစ္ဆရိယစိတ်တွေ  မမွေး ဖြစ်အောင်လည်း လမ်းညွှန်ပေးလိုက်တော်မူပါ။ မစ္ဆရိယစိတ်အစား တိတ်တိတ်ကလေး ကြိတ်ပြီး ရယ်နိုင်တဲ့အတတ်ကို သူတို့လေးတွေ တစ်ဖက်ကမ်းခတ် တတ်အောင် သင်ပြပေးလိုက်ပါလားခင်ဗျာ။

ဘာသာတရားရဲ့ အရိပ်အာဝါသအောက်မှာ ငြိမ်းချမ်းမှုကို ရှာတတ်အောင်လည်း သင်ပြပေးပါခင်ဗျာ။

အရှုံးကြောင့်ပေါ်ပေါက်လာရတဲ့ နာကျင်ထိခိုက်မှုကို ရင်ဆိုင် ကျော်လွှားပြီး အောင်မြင်တဲ့အထိ မဆုတ်မနစ် အားထုတ်လိုတဲ့ စိတ်ဆန္ဒကလေးတွေ ရလာဖို့အတွက် သူတို့ရဲ့ ရင်ထဲမှာ ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်ကလေးတွေ မွေးယူနည်းကိုလည်း ကျကျနနလေး ပြပေးလိုက်ပါဦး ခင်ဗျား။ သိမ်မွေ့သူများနဲ့ သိမ်သိမ်မွေ့မွေ့ရင်ဆိုင်ဖို့၊ ခဲခဲကပ်ကပ်တွေနဲ့ ကြုံတဲ့အခါ ကိုယ့်ဖက်ကလည်း ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ရပ်တည်တတ်ဖို့ကိုလည်း သင်ပြပေးပါနော် အဆွေလောကကြီး။

မိုးခါးရေသောက်နေတဲ့ အများနောက်ကို မလိုက်ဘဲ မိမိတို့ရဲ့ ဆင်ခြင်တုံတရားကို လက်ကိုင်ထားကြဖို့ကိုလည်း သူတို့ကို လမ်းပြပေးပါခင်ဗျာ။ တစ်ဆက်တည်းမှာပဲ လူတကာ ပြောသမျှကို တလေးတစား နားထောင်ပါ၊ သို့သော်လည်းပဲ၊ သစ္စာတရားဆိုတဲ့ ဆန်ကာနဲ့ တိုက်ပြီးမှ ကြားသမျှကို ရင်ထဲထည့်ပါလို့လည်း သူတို့ကို သေချာမှာပေးပါ လောကကြီးခင်ဗျာ။

ကြေကွဲခိုက်မှာ ရယ်တတ်အောင် သူတို့ကို သင်ပေးပါလို့ မှာလိုက်ချင်သေးသလို မျက်ရည်ကျတာဟာလည်း ရှက်စရာ မဟုတ်ကြောင်းကိုပါ တစ်ပါတည်း ပြောပြပေးပါနော်။ ဒါတင်မကသေးဘူး၊ ဆုံးရှုံးမှုရဲ့နောက်မှာ အသရေ ဆိုတာ ရှိနိုင်နေသေးသလို အောင်နိုင်မှုရဲ့နောက်မှာလည်း မှိုင်တွေစရာတွေ ရှိနေတတ်သေးတာကိုလည်း သူတို့ကို သင်ပြပေးတော်မူပါ အဆွေလောကကြီး ခင်ဗျား။

သူတစ်ပါးရဲ့ မျက်ချေးကိုပဲ မဲပြီး မြင်တတ်သူတွေကို အမှုမထားဖို့သာ မကဘဲ သိပ်ချိုလွန်းသူတွေကို ဆိုရင်လည်း ကောင်းကောင်းကြီးကို သတိထားဖို့ သူတို့လေးတွေကို သင်ပြပေးတော်မူပါခင်ဗျာ။

သူတို့ရဲ့ ကာယနဲ့ ဥာဏကို ဈေးအမြင့်ဆုံးပေးသူကိုသာ ရောင်းချပါ၊ ဒါပေမယ့် သူတို့ရဲ့ နှလုံးသားနဲ့ ယုံကြည်ချက်ကိုတော့ ဘယ်ဘယ်သောအခါမှ ဈေး အဖြတ်မခံ၊ တန်ဖိုးဖြတ် မခံကြဖို့ကိုလည်း သေသေချာချာ သင်ပြပေးတော်မူပါဦးခင်ဗျား။

တခြားတပါးသူတွေနဲ့ သူတို့ကိုယ်သူတို့ မနှိုင်းမိ၊ မယှဉ်မိအောင်လည်း သင်ပေးလိုက်ပါဦးနော်။ အဲသလို နှိုင်းတိုင်း၊ ယှဉ်တိုင်း သူတို့ထက် သာတဲ့သူ၊ သူတို့ထက် ချာတဲ့သူဆိုတာ အမြဲတန်းရှိနေမှာပဲ မဟုတ်ပါလားခင်ဗျာ။ သည်တော့ကာ သူတို့လေးတွေအနေနဲ့ သူတစ်ပါးနဲ့ ယှဉ်မယ့်အစား ကိုယ့်ရဲ့ စွမ်းဆောင်မှုကိုသာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ထက်မြက်နေအောင်၊ တစ်နည်းအားဖြင့် ကိုယ့်အရည်အချင်းကသာ တစ်ကြိမ်ထက် တစ်ကြိမ် ပို ပိုတက်လာ၊ ထက်လာအောင် အားထုတ်တတ်တဲ့ အလေ့အထလေး မွေးဖြစ်အောင်သာ လမ်းကြောင်းပေးတော်မူပါ အဆွေလောကခင်ဗျား။

သူနိုင်ကိုယ်နိုင် ဝင်ကစားရတဲ့ အချိန်ဆိုတာ ရှိသလို တစ်ဖက်သားကို အလှည့်ပေးရတဲ့ အခိုက်အတန့်ဆိုတာလည်း ရှိတဲ့အကြောင်း သူတို့ကို သင်ပေးဖို့လည်း မမေ့ပါနဲ့နော်။

သူတို့အပေါ်မှာ နူးနူးညံ့ညံ့ ဆက်ဆံပေးဖို့ ကျွန်တော် ထပ်ပြီး အနူးအညွတ် တောင်းပန်အပ်ပါတယ် အဆွေလောကကြီး။ သို့သော်လည်း သည်စကားဟာ သူတို့ကို ဖူးဖူးမှုတ်ထားပေးပါလို့ ပြောတာမျိုးတော့ လုံးဝ မဟုတ်ပါဘူးခင်ဗျာ။ မီးနာမှ သံမဏိရဲ့ အရည်အသွေးက ကောင်းမြဲမို့ သူတို့ကို ဖူးဖူးမှုတ်နေဖို့တော့ တစ်စက်ကလေးမှ မလိုတာလည်း အမှန်ပဲ ခင်ဗျ။

သူတို့ကိုယ်သူတို့ ပြည့်ပြည့်ဝ၀ ယုံကြည်တတ်အောင်လည်း သင်ပြပေးပါ ခင်ဗျာ။ ဒါမှလည်း သူတို့က လူသားအားလုံးအပေါ်မှာ ပြည့်ပြည့်ဝ၀ ယုံကြည်တတ်မှာ မဟုတ်ပါလားခင်ဗျာ။

ကျွန်တော် တောင်းဆိုတာတွေက သိပ်များ များသွားပြီလားတော့ မဆိုတတ်နိုင်ဘူးခင်ဗျ။ ဘာပဲဖြစ်ဖြစ်၊ အဆွေလောကကြီးအနေနဲ့ နိုင်သလောက်တော့ လုပ်ပေးတော်မူပါလို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။

ကျွန်တော်တို့ရဲ့ သားသမီးလေးတွေဖြစ်တဲ့ သူတို့လေးတွေဟာ အင်မတန် သင်လွယ် တတ်လွယ်တဲ့ အရိုးခံ အဖြူထည်လေးတွေပါခင်ဗျာ။

Avril Johannes ရေးတဲ့ Dear World ကို ပြန်ဆို တင်ဆက်လိုက်တာပါ။ သည်တစ်ပုဒ်မှာလည်း ကျွန်တော့်က ဘာမှ ဝင်ပြောစရာမလိုအောင်ကို ပြည့်စုံနေပါတယ်။

သို့သော် မပြောရရင် မနေနိုင်လို့ သည်တစ်ပုဒ်ရဲ့ဆိုလိုရင်းနဲ့ သိပ်မဆိုင်လှတာလေး တစ်ခုကိုတော့ ပြောကြည့်စမ်းချင်ပါတယ်။

အဲဒါကတော့ လောကကြီးကို ရည်ရွယ်ရေးသားတဲ့ စာကို ရေးဖြစ်စေဖို့ အတွက် လာရောက်တိုက်တွန်းသူ ကျောင်းအုပ်ကြီးရဲ့ အပြုအမူပါပဲ။

သူက ကျောင်းသားမိဘကို တွေ့ချင်တယ်။ တွေ့ချင်တော့ ဘာလုပ် သလဲ။ ကျောင်းသား မိဘကို ကြိုတင် ဖုန်းဆက်တယ်၊ လာတွေ့နိုင်မယ့် အချိန်ကိုမေးတယ်၊ ကြိုချိန်းတယ်၊ ပြီးမှ သူက မိဘရှိရာကို သွားတွေ့တယ်။

အဲဒါလေးက ကျွန်တော့်အတွက် သိပ်ကြည်နူးစရာကောင်းနေတယ်။

ရုပ်ရှင်တွေထဲမှာလည်း ခဏခဏ မြင်ဖူးတယ်။ အတန်းပိုင်ဆရာမက ဖြစ်စေ၊ ဘာသာရပ်သင် ဆရာကဖြစ်စေ၊ ကျောင်းသားတစ်ယောက်ယောက်ရဲ့ အဆိုးအကောင်းနဲ့ပတ်သက်လို့ အဲဒီ့ကျောင်းသားရဲ့ မိဘတွေကို ပြောချင် ဆိုချင်လာတဲ့အခါမှာ မိဘတွေရဲ့အိမ်ကို တကူးတကသွားပြီး ပြောကြတဲ့ ဓလေ့လေး။

သိပ်ချစ်ဖို့ကောင်းတဲ့ ဓလေ့လေးပါ။ တစ်နည်းအားဖြင့် လူနဲ့လူချင်း အပြန်အလှန်လေးစားမှု သဘောလေးကို အဲဒါလေးမှာ သွားတွေ့ရတယ်။

ကျွန်တော်သာ မူရင်းစာရေးသူလို လောကကြီးဆီ စာရေးဖြစ်မယ် ဆိုရင် အဲဒါလေးပါ ဖြည့်ထည့်မိသွားမလားမသိဘူး။

သည်လိုလေးပေါ့လေ…

လောကကြီးခင်ဗျား…

မိမိ ဘာကောင်ဖြစ်နေနေ တစ်ဖက်သားကို လေးလေးစားစားနဲ့ နှိမ့်နှိမ့်ချချ ဆက်ဆံတတ်တဲ့စိတ်ဟာ ကောင်းမြတ်တဲ့ စိတ်နှလုံးဖြစ်ကြောင်း သူတို့လေးတွေရဲ့ ရင်ထဲ အသည်းထဲက နားလည်သဘောပေါက်သွားအောင်လည်း ဖြည့်စွက် သင်ပြပေးတော်မူပါဦးခင်ဗျား… လို့။

 

လက်တွဲဖော် စာအုပ်တိုက်က စာမူ ခွင့်ပြုချက်အမှတ် ၁၂၀၂/၂၀၀၄ (၁၀) နဲ့ ၂၀၀၅ ခုနှစ် ဇန်န၀ါရီလက 
ထုတ်ဝေထားတဲ့ ကျွန်တော့်ရဲ့ “ဘယ်ဆီကိုများ ဒုန်းစိုင်းသွားနေ (မောဟပြေပုံတိုပတ်စများ - တတိယအစု)
စာအုပ်ထဲက စာတစ်ပုဒ် ဖြစ်ကြောင်းပါ။
Advertisements
2 Comments leave one →
  1. Ying permalink
    26 August 2011 1:13 pm

    ဆရာ့ရဲ့ ဆောင်းပါးကို ဖတ်ဖူးပြီးသားဆိုပေမယ့် ဆရာဒီလိုနောက်တစ်ခေါက်ပြန်တင်တော့ ထပ်ဖတ်မိတယ်..ထပ်ဖတ်မိတော့ ကိုယ့်ကိုယ်ကိုပိုမြင်လာတယ်..အရမ်းကျေးဇူးတင်ပါတယ်ဆရာ..သိသိကြီးနဲ့ သတိမမူမိတာတွေကို သတိရှိလာစေပါတယ်..ဆရာရေးတဲ့စာတွေက အသိဥာဏ်တွေကို တကယ်တိုးပွားစေပါတယ်..
    အမြဲအားပေးလေးစားလျှက်..

  2. 23 September 2011 10:47 pm

    အစွန်းတွေ သိမ်းလိုက်ရင် အစွမ်းတွေ ထွက်လာမယ်ဆို တဲ့ စကားလိုပဲ မာနဆိုတာ ကို ခ၀ါချလိုက်ရင် နိဝါတ တရားနဲအညီ ဖြစ်သွာတဲ့ လူအတွက် အောင်မြင်မှု့ လမ်းကို အဆင်သင့် ဖြစ်နေ နိုင်သောကြောင့် ဆရာပြောတဲ့စကား ကို လေးစား ဦးနှိမ် ချလျက် ထပ်ဆင့် ထောက်ခံအပ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: