Skip to content

Emotional Literacy and Development

22 September 2011

ခြေခင်းလက်ခင်း ညှင်းညှင်းသာဖို့ ခံစားမှုကို နောက်တန်းပို့

သတိထားမိနေတာ ကြာပြီ။ ထိုင်းက ပြန်မယ်လုပ်တိုင်း ဖြစ်ဖြစ်သွားတဲ့ ကိုယ့်စိတ်အခြေအနေကို။ အလုပ်ကိစ္စနဲ့ပဲသွားသွား၊ မိသားစုနဲ့ပဲသွားသွား ပြန်ရတော့မယ်ဆိုရင် စိတ်က မပျော်တော့တာ။ ကိုယ့်အိမ်ကိုယ့်ရာ ပြန်ရမှာကိုပဲ မပြန်ချင်သလို ဖြစ်နေတာ။ တစ်ယောက်တည်း မိသားစုမပါဘဲ သွားလည်း မိသားစုနဲ့ တွေ့ချင်သည့်တိုင် ထိုင်းကို လွမ်းတမ်းတမ်းဖြစ်နေတဲ့ စိတ်ကြီးက ရင်ကို လွှမ်းမိုးနေဆဲပဲ။

ကိုယ့်ကိုယ်ကိုယ် အတော် မကျေမနပ်ဖြစ်မိတယ်။ ဘယ့်နှယ့်၊ ကိုယ့် မြေ၊ ကိုယ့်ရေ၊ ကိုယ့်ဒေသလည်း မဟုတ်ဘဲနဲ့ ဘာပြုလို့များ သူများ တစ်တိုင်း၊ တစ်နိုင်ငံ၊ တစ်မြို့တစ်ရွာကို လွမ်းနေရတာလဲ။ ဟုတ်သေးပါဘူးပေါ့။

အမယ်… သေချာ ပြန်စဉ်းစားကြည့်တော့ ဩစတြေးလျတုန်းကလည်း လွမ်းတဲ့ မြို့လေး ရှိသဗျ။ ဆစ်ဒနီတွေ၊ ခယ်(န်)ဘာရာတွေကို လွမ်းတာ မဟုတ်ဘဲ မော်လီမု(ခ်)ဆိုတဲ့ ကမ်းခြေ မြို့သိမ်မြို့ငယ်လေးကို လွမ်းတာပါ။ ဘယ်လိုလေးမှန်း မသိဘူး၊ ချစ်စရာ အေးချမ်းလှတဲ့ မြို့လေးမို့ ထင်ပါရဲ့။

အလားတူပဲ၊ မြန်မာပြည်ထဲမလည်း ကိုယ့်မြို့ကိုယ့်ရွာ မဟုတ်ဘဲနဲ့ လွမ်းမိတဲ့ မြို့တွေ ရှိသဗျ။ မြစ်ကြီးနား၊ လွိုင်ကော်နဲ့ သထုံတို့ကို အဲသလို လွမ်းဖူးတယ်ဆိုတာ တွေးမိမှ ဘဝင်ကျတယ်။ မန္တလေးကတော့ မွေးဇာတိဖြစ်တဲ့အတွက် အထူးပြောစရာမလိုပါဘူး။ မန္တလေးက ပြန်တိုင်း မပြန်ချင်စိတ်ကြီးက ဖိစီးနေခဲ့ဖူးတာလည်း လူပျိုပေါက်ကနေ အခုထိပါ။

သို့ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဘန်ကောက်နဲ့ ဇင်းမယ်က ပြန်တိုင်း အဲဒီ့မြို့တွေကို လွမ်းမိတာကိုကျတော့ ဘဝင်မကျဘူး။ ဘာပြုလို့များ အဲလို ဖြစ်နေရတာလဲလို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်မိရပါတယ်။ အဲတော့လည်း အဖြေက ငေါက်ခနဲ ထွက်လာပါတယ်။ ခြေခင်းလက်ခင်း သာတာကိုး၊ စိတ်အေး လက်အေး ရှိတဲ့နေရာမှာ နေရတာကိုး။ စိုးရိမ်စိတ်တွေ၊ ပူပန်မှုတွေ ကင်းစွာနဲ့ နေရတာကိုး။ ကိုယ်နဲ့ အသားအရောင်ချင်း၊ အလုံးအဖန်ချင်း၊ ရေမြေချင်း၊ အစားအသောက်ချင်းကလည်း မနီးရိုးစွဲ၊  ယုံကြည်ကိုးကွယ်ရာဘာသာချင်းလည်း အတူတူပဲကိုး။

စားစရိတ် နေစရိတ်ကလည်း အလွန့်ကို သက်သာ၊ သွားရေးလာရေးကလည်း မတရားအဆင်ပြေ၊ လမ်းလျှောက်ရတာကအစ ခနော်နီခနော်နဲ့ မဟုတ်၊ ခဲတံလို ဒေါက်သေးသေးလေးနဲ့ ဒေါက်မြင့်ဖိနပ် စီးတဲ့ အမျိုးသမီးတွေတောင် လမ်းဘေးကို ငေးပြီး အေးအေးဆေးဆေး လျှောက်လို့ရတဲ့  လူသွားစင်္ကြံတွေ၊ လမ်းသွယ်၊ လမ်းမတွေ။  စားစရာ သောက်စရာဆိုလည်း လမ်းဘေးမှာ တွန်းလှည်းနဲ့ရောင်းတဲ့ သစ်သီးသည်၊ ပြောင်းဖူးဖုတ်သည်ကအစ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့။  လမ်းဘေး ဈေးသည်တွေက တစ်ခါသုံး ကျွတ်ကျွတ်အိတ် လက်အိတ်တွေ စွပ်လို့ စားစရာတွေကို ကိုင်တွယ်နေကြတာ။

သည်တစ်ခေါက် ပြန်မယ့် မနက်ကဆိုရင် အချိန်မရတော့လို့ ကျွန်တော်တည်းခိုတဲ့ မြို့လယ်နားက လမ်းဘေးထမင်ဆိုင်လေးမှာ ဝင်စားမိတယ်။ အသားဟင်းနှစ်မျိုးကို ထမင်းပေါ် ပုံခိုင်းပြီး စားတာဗျာ၊ ထမင်းကိုတောင် သူထည့်နေကျထက် တစ်ဝက်ပဲ ထည့်ဖို့ တောင်းပန်ယူရတယ်။ အသားဟင်းတွေကလည်း အလျှံပယ်။ ထမင်း ပန်းကန်တစ်ဝက်မကကို ဖုံးလို့။ အဲဒါကို ပိုက်ဆံရှင်းတော့ ဘတ် ၃၀ တဲ့။ သည်စာရေးတဲ့အချိန် ပေါက်ဈေးနဲ့ ဆိုရင် အဲဒီ့ထမင်းတစ်ပွဲဟာ ကျပ်ငွေ ၆၉၀ ပဲကျပါတယ်။ စားလို့ကလည်း မြိန်၊ အစပ်ကလည်း တည့်တဲ့အပြင် သန့်ရှင်းမှုကလည်း အပီအပြင်။ ခင်းထားတဲ့ စားပွဲမှာ ဆီဝေ့မနေဘူး။ ကြိုက်သလောက် ယူစားလို့ရအောင် ချပေးထားတဲ့ ပဲပင်ပေါက်၊ ဂေါ်ဖီထုပ်၊ ပဲတောင့်ရှည်တွေကလည်း သန့်လို့၊ ရှင်းလို့၊ လတ်ဆတ်လို့။ ယင်ကောင်လည်း တစ်ကောင်တစ်မြီး မတွေ့ရဘူး။

ဟိုတယ်က အင်တာနက် အလကားပေးထားတယ်။ နေနေတဲ့ တစ်ပတ်လုံးလုံး အင်တာနက်က အခုဝင် အခုရပဲ။ ဓာတ်ပုံတွေ တင်တယ်၊ ဘာမှ မကြာဘူး၊ အကုန်လုံး လွယ်လွယ်ကူကူ။ အဆင်ပြေပြေ၊ အချိန်ကုန် သက်သာ။ ဇနီးသည်နဲ့ အင်တာနက်ကတစ်ဆင့် နေ့စဉ် အပြန်အလှန် စကားပြောကြတယ်။ နာရီနဲ့ ချီပြီး ပြောတာ။ ပိုက်ဆံ တစ်ပြားမှ ထပ် မကုန်တော့ဘူး။ ဘယ်လောက် နိပ်သလဲ။

အငှားယာဉ်ငှားစီးရင် မီတာစတက်တာ ၃၅ ဘတ်။ အခုဈေးနဲ့ ၇၅၀ ပဲ။ ဟိုနားသည်နားလောက်တော့ ကျပ်တစ်ထောင်တောင် အကုန်ခံစရာမလိုဘဲ သွားလို့ရတယ်။ အငှားကားတိုင်းက သစ်သစ်လွင်လွင်။ လေအေးစက်တွေက စိမ့်လို့။ စတိုင့်ကို ကျလို့။

အဲလိုမှ မဟုတ်ဘဲ မိုးပျံရထားစီးရင်လည်း တစ်ဘူတာတည်းဆို ၁၅ ဘတ်။ အဝေးဆုံးမှ ဘတ် ၄၀။ မတ်တတ်ရပ်လည်း အေးအေးဆေးဆေး ရပ်လို့ ရတယ်။ ဝေးရင် ထိုင်စရာနေရာက တစ်ချိန်ချိန်မှာ ရဖို့ သေချာသလောက်။ အလုပ်ဆင်း၊ အလုပ်တက်ချိန်သာ နည်းနည်း တိုးတိုးဝှေ့ဝှေ့ ရှိတာ။ သို့တိုင်အောင် ချွေးတလုံးလုံးနဲ့ လူတွေကို တိုးဝှေ့နေရတာ မဟုတ်ဘူး။ မြေအောက်ရထားဆိုလည်း မြေအောက်ရထားမို့လို့ မနီးရိုးစွဲပဲ။ လေအေးစက်တွေနဲ့ အေးစိမ့်နေတဲ့ ရထား၊ စည်းကမ်းရှိစွာ အချိန်မှန် ရောက်လာတဲ့ ရထားတွေ။

ဒါက ဘန်ကောက်။ ချင်းမိုင်များဆို သည့်ထက်နိပ်သေး။ ဘယ်သွားသွား၊ တစ်ယောက်ကို ဘတ် ၂၀ ပေးစီးလို့ရတဲ့၊ ကုန်တင်ယာဉ်ငယ်ကို ခရီးသည်တင် ပြောင်းထားတဲ့၊ ဟိုင်းလပ်(စ်)ကားတွေ တားစီးရင် ကိုယ်သွားချင်တဲ့ နေရာ ရှေ့အရောက် ဒုတ်ဒုတ်ထိ ပို့ပေးတာချည်းပဲ။ စဉ်းစားကြည့်တော်မူပါခင်ဗျာ။ ဘတ် ၂၀ ဆိုတာ အခုကာလ ကျပ် ၄၆၀ ပဲ ရှိ ပါတယ်။ အဲလိုကားတွေကျတော့ ကြိတ်ကြိတ် မတိုးဘူးခင်ဗျ။ တစ်စီးလုံးမှ အများဆုံးပါတာ ၁၀ ယောက်လောက်ပဲ ကြုံဖူးတယ်။ များသောအားဖြင့်က လေး-ငါးယောက်ရယ်။ တစ်ခါတလေ ကိုယ်တစ်ယောက်တည်း စီးနေရလည်း သည်ဈေးပဲ ပေးရတာပဲ။ ကိုယ်သွားချင်ရာ အရောက်ပို့ ပေးတာချည်းပဲ။

လေယာဉ်ကွင်းကနေ မြို့ထဲအထိတောင်မှ အဲဒီ့ကား ကျွန်တော် စီးဖူးသေးတယ်။ တွက်ကြည့်ဗျာ၊ လေယာဉ်ကွင်းကနေ မြို့ထဲက ဟိုတယ် ဆင်ဝင်အောက် အရောက်ကို ကျပ် ၄၆၀ ပဲကျတဲ့ကား။ ဘယ်လောက် တန်သတုံး။ ဘန်ကောက်မှာတော့ ဘတ်(စ်)ကား မစီးတတ်လို့ မစီးတာ။ ၂၀ဝ၂ လောက်တုန်းကတော့ လိုက်ပို့ပေးတဲ့သူ ရှိလို့ စီးဖူးတယ်။ သူလည်း နိပ်တာပဲ။ ဈေးသက်သာတယ်၊ လေအေးစက်နဲ့ပဲ။ လိုက်ပို့ပေးတဲ့သူက လက်ညှိုးထိုးပြပြီး ပြောသေးတယ်။ “ဆင်းရဲသားကား”လို့ သူတို့ အမည် ပေးထားတဲ့ ဘတ်(စ်)ကားတွေ အကြောင်း။ အဲဒါကျတော့ လေအေးစက် မပါဘူး။ သို့ပေမယ့် ပိုက်ဆံလည်း တစ်ပြားမှ မပေးရတဲ့ လိုင်းကားတွေ တဲ့ခင်ဗျ။ ပိုက်ဆံမပေးရလို့ ကြိတ်ကြိတ်တိုးနေလားဆိုတော့ တိုးမနေဘူး။ ၄-၅-၁၀ယောက်လောက်သာ ပါပါသွားတာ ယနေ့ထက်တိုင် မြင်နေရပါတယ်။

ပြီးတော့ ဘယ်မြို့မှာဖြစ်ဖြစ် ထိုင်းလူမျိုးတွေ ရန်လိုနေတာ မတွေ့ရ ဘူး။ ယာဉ်ကြော ကြပ်သိပ်ရှုပ်ထွေးနေလို့ မတော်တရော် တိုးဝင်တဲ့ ကားတွေလည်း ရှိတာပဲ။ အဲလိုကျလည်း သူ့နောက်က အလားတူ မတော်တရော်တိုးဝင်မယ့် ကားတွေက ရန်ကုန်မှာလို တစ်သီကြီး ပါမလာဘူး။   တိုးဝင်တဲ့ကားကိုလည်း တန်းစီနေတဲ့ကားက အသာတကြည် အလျှော့ပေးတယ်။ သူလည်း အလျင်လိုရင် အဲလိုပဲ တိုးဝင်ချင် ဝင်မယ့်ဟာကိုး။

ပိုက်ဆံရှိတဲ့သူတွေအတွက်လည်း အဆင်ပြေပြေစားလို့ သောက်လို့၊ သွားလို့ရမယ့် နေရာတွေ တစ်ပုံတစ်မ။ ခပ်ကဲကဲ ကျွန်တော်က တစ်ညခင်းကျတော့ အီတာလျံ ဆိုင်ကြီးကန္နားကြီးမှာ တစ်ယောက်တည်း ညစာ ဝင်စားလိုက်တယ်။ တစ်ယောက်တည်းစားတာ မြန်မာငွေနဲ့ တွက်ရင် ခုနစ်သောင်းလောက်ကျတယ်။ ဒါ အလယ်အလတ်တန်းလောက် ရှိတဲ့ ဆိုင်ပါ။ သည့်ထက် အများကြီးဈေးကြီးမယ့် ဆိုင်တွေလည်း အပုံ။

ဘီယာဆိုင်ဆိုလည်း ဟိုတံဆိပ် စည်ဘီယာ ရောင်းတဲ့ဆိုင်မှာ သည်တံဆိပ်ကျတော့ ပုလင်းပဲ ရမယ်ဆိုတာမျိုး မရှိဘူး။ သူ့ဟာနဲ့သူ လိုချင်တာ အကုန်ရတယ်။

ဝန်ထမ်းတွေ မျက်နှာချိုတာတော့ မပြောနဲ့။ သည်တစ်ခေါက်မှာ ဘူတာ အဆင်းအတက် လှေကားမှာ ငုတ်တုတ်ထိုင်ရင်း ကော်ဖီတစ်ခွက်နဲ့ စီးကရက်ဖွာမိတယ်။ မကြာဘူး၊ တူညီဝတ်စုံဝတ် ဘူတာ လုံခြုံရေး ဝန်ထမ်းတစ်ယောက် ရောက်လာတယ်။  သည်နေရာမှာ မသောက်ပါနဲ့၊ လှေကားခြေရင်းက အမှိုက်ပုံးနားမှာ သွားသောက်ပေးပါလို့ ချေချေငံငံပဲ လာပြောတယ်။  ဟောက်တာ၊ ဟန့်တာ၊ မာရေကျောရေနိုင်တာ၊ မျက်နှာ ထားတင်းတာ တစ်ခုမှ မပါဘူး။ စင်္ကာပူမှာသာ ဆေးလိပ်မသောက်ရမယ့်နေရာမှာ နမော်နမဲ့နဲ့ အဲသလို သွားသောက်မိရင် အနည်းဆုံးတော့ ဒဏ်ငွေရိုက်ခံရမှာ တွေးမိပြီး သူ့ကို ကျေးဇူးတင်စကားပြောလိုက်မိရသေး။

ပါလေရာဖုန်းအကြောင်း ပြောဦးမလား။ ဘယ်မှာ ဝယ်ဝယ် ဘတ် ၂၀၀ ပေးရင် ဖုန်းကတ်တစ်ကတ်တော့ ရတာချည်းပဲ။ ကုမ္ပဏီမှာ သွား လျှောက်၊ နေ့ချင်းပြီးလို့ ကြော်ညာနေစရာ မလိုဘူး။ တွေ့တဲ့ ကုန်စုံဆိုင်မှာ ဝယ်ရုံပဲ။ ရော့… ဘတ် ၂၀၀၊ ပေးဖုန်းကတ်၊ အခုချက်ချင်း ကိုယ့်ပါတဲ့ ဖုန်းမှာ ထိုးထည့်၊ အခု ကောက်ပြော။ ကိစ္စက ပြတ်ရော။ ဖုန်းပြောတာလည်း အမိုးအောက် ရောက်နေလို့တို့၊ အခန်းထဲ ရောက်နေလို့တို့ မကြားတချက် ကြားတချက်တွေ၊ အိုးခွက် ထုသံတွေ တစ်ခါမှ မကြားခဲ့ရပေါင်။

အဲ… ကုန်တိုက်ကြီးတွေမှာ ဈေးဝယ်ရင် ဘတ် ၂၀ဝ၀ ဖိုး (မြန်မာငွေ လေးသောင်းခွဲလောက်) ကျော်တာနဲ့ လေဆိပ်ကျရင် တန်ဖိုးမှာ ထပ်ပေါင်းထားတဲ့ အခွန်ငွေ ၇ % ကို ပြန်ထုတ်ပေးတဲ့ စာရွက်တစ်ခုကို သွားလုပ်ထားလို့ ရသေးတယ်။ ၂၀ဝ၀ ဖိုး ဝယ်တဲ့သူက ဘတ် ၁၄၀ ပြန်ရမယ်။ နှစ်သောင်းဖိုးဝယ်တဲ့သူက ၁၄၀ဝ၊ နှစ်သိန်းဖိုးဝယ်ရင် တစ်သောင်းလေးထောင် လေဆိပ်ကျတော့ အတိအကျ ပြန်ရမယ်။လေဆိပ်မှာ ပိုက်ဆံ ပြန်ပေးတဲ့ အကောက်ခွန်ဝန်ထမ်းကလည်း ပြုံးလို့ ချိုလို့ဗျ။ ဘာမှ ခက်ခက်ခဲခဲ မရှိဘူး။ စာအုပ်ကြီးအတိုင်းလည်း ကိုယ်ဝယ်လာတဲ့ ပစ္စည်းတွေ တစ်ခုချင်း ထုတ်ပြစရာ မလိုဘူး။ အားလုံး ရှောရှောရှူရှူ။ သက်ဆိုင်ရာ စာရွက်တစ်ရွက်နဲ့ ဆိုင်က ငွေရပြေစာ ပိစိလေး ပါလာတာနဲ့ ၇ % အတိအကျ ပြန်ရခဲ့တာချည်းပဲ။

အဲတော့မှ သတိထားမိတယ်။ သူတို့က ခရီးသွားလုပ်ငန်းကနေ နိုင်ငံရဲ့ ဝင်ငွေကို လှိမ့်ရှာတတ်ကြမှန်း။ ၂၀ဝ၉ ခုနှစ်တုန်းက မဲခေါင်ဒေသနိုင်ငံများရဲ့ ဌာနဆိုင်ရာ အစည်းအဝေးတစ်ခုမှာ နားနဲ့ ဆတ်ဆတ် ကြားခဲ့ရဖူးတယ်။ ၂၀ဝ၈ ခုနှစ်တစ်နှစ်တည်းမှာ ခရီးသွားလုပ်ငန်းက ဝင်တဲ့ ဝင်ငွေဟာ ဘတ်ဘီလျံပေါင်း ၅၇ သန်း ဝင်ပါတယ်တဲ့။ အဲဒီ့ထဲက ဘီလျံ ပေါင်း ၄၈ သန်းကို လူထုအတွက် ပြန်လည် သုံးစွဲပြီးခဲ့ပါပြီတဲ့။ ထိုင်း ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက တရားဝင် ပြောလိုက်တဲ့ စကား။

ထိုင်းမှာ ခရီးသွားတွေ ပျော်ကြတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။ အနောက်တိုင်းသားတွေတင်လည်းမဟုတ်ဘူး၊ ဂန္ဓာလရာဇ်က ဟာတွေရော၊ ဂျပန်တွေရော၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေက လူတွေaရာ စုံတကာ့ကို စေ့နေတာပဲ။ ပိုက်ဆံရှိသူတွေကလည်း ပိုက်ဆံဖြုန်းပြီး ပျော်နိုင်သလို ပိုက်ဆံသိပ်မရှိသူတွေလည်း သူ့ဟာလေးနဲ့သူ နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး ပျော်နိုင်အောင် သူတို့က ဖန်တီးပေးထားတယ်။

ထိုင်းခရီးသွားလုပ်ငန်းက ထိုင်းနိုင်ငံကို ကြော်ငြာပုံကလည်း သင်းတယ်၊ “အပြုံးတွေနဲ့ မြေ”လို့ ကြော်ငြာတယ်။ ဘန်ကောက်ကိုကျတော့ “သက်ရှိမြို့”တဲ့။ ဟုတ်တယ်၊ ဘန်ကောက်က အသက်ဝင်နေတယ်။ ဘဝက နေပျော်နေတယ်။ အဲလိုဖြစ်အောင်လည်း ဖန်တီးထားတယ်။

မနှစ်ကတုန်းကဆို အင်္ကျီနီတွေ ဆန္ဒပြနေခိုက် ရောက်သွားလို့ သူတို့ စီးထားတဲ့ မြို့လယ်ပိုင်းကို ဝင်လို့ မရခဲ့ဘူး။ သို့ပေမယ့် မြို့ရဲ့ ကျန်တဲ့ အပိုင်းတွေမှာတော့ သွားချင်သလို သွားပဲ။ ဘာမှလည်း ခြောက်ခြောက်ခြားခြား မဖြစ်တာ ကိုယ်တွေ့ ကြုံခဲ့ရတယ်။ ဆန္ဒပြတဲ့သူတွေက သူတို့ဟာ သူတို့ ပြနေကြ၊ ကျန်တဲ့သူတွေက ကိုယ့်အလုပ် ကိုယ်လုပ်နေကြပဲ။ အငှားယာဉ်ဆရာတွေကတော့ ရေဒီယိုကနေ အဲဒီ့ ဆန္ဒပြပွဲက ပြောဟောနေတာတွေကို နားထောင်နေကြတာ တွေ့ရတယ်။ ဒါလောက်ပဲ။

ကျွန်တော်တို့လည်း ဟိုတယ် ပြန်ရောက်တဲ့အခါ အဲဒီ့ဆန္ဒပြပွဲကို တိုက်ရိုက်လွှင့်ပြတဲ့ လိုင်းတွေကို ကြည့်မိတယ်။ ပြောနေ ဟောနေတာက လက်သီးလက်မောင်း တန်းပြီး တံတွေးစင်အောင် ပြောနေတာတွေ မတွေ့ရဘူးဗျ။ ခပ်အေးအေးပဲ ပြောဆိုနေကြတာ။ မျက်နှာထားတွေကလည်း အေးအေးပဲ။ ဘာတွေ ပြောနေမှန်းတော့ သူတို့စကား မတတ် တော့ မသိဘူးပေါ့လေ။ ဒါပေမယ့် ကိုယ်ခန္ဒာဘာသာစကားနဲ့ ပြနေတာ ကတော့ သူတို့ ရန်လို မနေကြဘူး။ ပရိသတ်ကလည်း စည်းကမ်းရှိရှိ။

အားလုံးခြုံလိုက်တဲ့အခါ သူတို့မှာ ကောင်းမွန်တဲ့ စနစ်တစ်ခုနဲ့ နှစ်လိုဖွယ် လူမျိုးစရိုက်တစ်ခုကို တွေ့လိုက်ရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ တုန်းက ကျွန်တော်တို့ကို မော်ကြည့်ခဲ့ရတဲ့ နိုင်ငံ။ အဲဒီ့နှစ် ၄၀ အတွင်း အဲဒီ့နိုင်ငံမှာလည်း နိုင်ငံရေး မုန်တိုင်းက ထန်ခဲ့တာ တစ်ကမ္ဘာလုံး အသိပဲ။ ၁၉၃၂ ခုနှစ် စည်းမျဉ်းခံ ဘုရင်စနစ်ကို ပြောင်းလဲချိန်ကစပြီး ယနေ့ထက်ထိ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စုစုပေါင်း ၁၇ ကြိမ် ပြောင်းခဲ့ပါပြီ။ အခု နောက်ဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုရင် ၂၀ဝ၇ ခုနှစ်ကမှ ပြဋ္ဌာန်းတာပါ။ စစ်တပ်က အာဏာသိမ်းတာဆိုရင်လည်း အောင်မြင်တာက ၁၁ ခု၊ မအောင်မြင်တာက ၇ ခု အပါအဝင် စုစုပေါင်း ၁၈ ကြိမ် ရှိခဲ့တဲ့ နိုင်ငံပါ။ ထိုင်းရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် အမြင့်မားဆုံး ကာလဖြစ်တဲ့ ၁၉၆၃ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အတွင်းမှာကိုပဲ စစ်တပ်က အာဏာ သိမ်းမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီ့ထဲက နှစ်ကြိမ်ပဲ မအောင်မြင်ခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးမတည်ငြိမ်သလောက် စီးပွားရေးကျ တည်ငြိမ်ခဲ့တာ သိပ်သေချာပါတယ်။

လတ်တလောအနေအထားမှာတော့ ထိုင်းရဲ့ တစ်နိုင်ငံလုံး စာတတ်မြောက်မှု အတိုင်းအတာက ၉၄.၁ % ဖြစ်ပြီး ဒေသတွင်းမှာ အမြင့်ဆုံးထဲက တစ်ခု အပါအဝင်ဖြစ်နေတယ်။ အိန္ဒိယရဲ့ စာတတ်မြောက်မှုနှုန်း ၇၄.ဝ၄ နဲ့ နှိုင်းယှဉ်ကြည့်နိုင်ကြပါလိမ့်မယ်။ ဝယ်နိုင်အားနဲ့ တွက်ရင် ကမ္ဘာ့စီးပွားရေး အင်အား ကြီးမားတဲ့ နိုင်ငံစာရင်းမှာ အမှတ်စဉ် ၂၄ က ရှိနေပြီး အာရှမှာတော့ အမှတ်စဉ် ၂ မှာ ရှိနေပါတယ်။ (အမှတ်စဉ် ၁ မှာ နေရာယူထားတာက အင်ဒိုနီးရှားပါ။) သို့ပေမယ့်လည်း ကြွယ်ဝမှု ဖြန့်ကျက်မှု နှုန်းထားကျတော့ အလယ်အလတ်ပဲ ရှိသေးတယ်လို့ ပြောနိုင်ပါသတဲ့။ တစ်ဦးချင်းစီရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုးအရ ပြောမယ်ဆိုရင်တော့ အာရှမှာ စတုတ္ထဆင့်ပဲ ရှိသေးလို့ပါ။ သူ့ရှေ့ မှာ စင်္ကာပူ၊ ဘရူနိုင်းနဲ့ မလေးရှားတို့ ရှိနေပါတယ်။

စိတ်ဝင်စားစရာကောင်းတာက သူ့ရဲ့ မော်တော်ကား ထုတ်လုပ်ရေး အင်အားဟာ ၂၀၁၀ ပြည့်နှစ်မှာ ၆၃ % တိုးတက်လာပြီး အဲဒီ့နှစ်မှာ ကားအစီးရေပေါင်း တစ်သန်းနဲ့ ခြောက်သိန်းထုတ်လုပ်နိုင်ခဲ့တာမို့ ကမ္ဘာ့ မော်တော်ကားထုတ်လုပ်ရေး နိုင်ငံများအနက်မှာ အမှတ်စဉ် ၁၃ ကို ရောက်နေတာပါပဲ။ ကျွမ်းကျင်သူတွေကတော့ သည်နှုန်းအတိုင်းသာ သွားမယ်ဆိုရင် ထိုင်းဟာ ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်တဲ့ နိုင်ငံ ဆယ်နိုင်ငံစာရင်းကို ၂၀၁၅ ခုနှစ်မှာ ဝင်ရောက်သွားနိုင်တယ်တဲ့။

အလုပ်လက်မဲ့ နှုန်းထားက ၁.၂ % ရှိပြီး ၂၀၁၂ ခုနှစ်မှာ ၁% အထိကျဆင်းသွားမယ်လို့ မျှော်မှန်းထားကြတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဘရူနိုင်းနဲ့ မလေးရှားနိုင်ငံများနည်းတူပဲ ဆင်းရဲနွမ်းပါးမှု နှုန်းထား အနိမ့်ပါးဆုံး အာရှနိုင်ငံထဲမှာလည်း ပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၂ % အောက်သာလျှင် တစ်နေ့ကို လူတစ်ဦးဟာ ကျပ်တစ်ထောင် နှုန်းထက် နည်းပြီး ရပ်တည်ရှင်သန်နေပါသတဲ့။

ထိုင်းရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ၂၀ဝ၀ ပြည့်နှစ်မှာ အဆင့် ၄၇ သတ်မှတ်ပေးထားပါတယ်။ အမေရိကန်နိုင်ငံရဲ့ အဆင့်က ၃၇ နဲ့ ဗြိတိန်နိုင်ငံရဲ့ အဆင့်ကို ၁၈ သတ်မှတ်ပေးထားနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ထိုင်းအဆင့်က မသေးမှန်း ထင်ရှားပါတယ်။ ၂၀ဝ၈ ခုနှစ် တရားဝင် ကိန်းဂဏန်း ထုတ်ပြန်ချက်များအရ ထိုင်းကို လာရောက်ကုသတဲ့ လူနာအရေအတွက်ဟာ တစ်သန်းခွဲ ရှိပါတယ်။ လာကုတဲ့သူများဟာ နိုင်ငံပေါင်းစုံက ဖြစ်ပေမယ့် အဓိကအားဖြင့်ကတော့ ဂျပန်၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ အနောက်ဥရောပနဲ့ ဩစတြေးလျနိုင်ငံတွေက အုံနဲ့ကျင်းနဲ့ ဝင်ရောက်လာပြီး ကုသနေကြတာပါ။

တော်တော့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ကိန်းဂဏန်း အချက်အလက်တွေပါပဲ။ ထိုင်းတွေက ရွှေတွေလောက် ဉာဏ်မကောင်းပေမယ့် သူတို့လူ့ဘောင်က ရွှေတွေရဲ့ ရှေ့၊ ဟိုးအဝေးကြီးမှာ ပြေးနေတာ သိသာလွန်းလှပါတယ်။ အဲဒါကို ရင်နာနေသူတစ်ယောက်က အဲဒီ့ဉာဏ်ကိစ္စကို ပြောလာတော့ ကျွန်တော် ပြုံးမိတယ်။

ဉာဏ်ရည်အကြောင်းကို အနောက်ကမ္ဘာက စတင်ပြောခဲ့တာပါ။ ဒါပေမယ့် အာရှသားတွေ ထိပ်တန်းကို တက်လာတဲ့အခါ အနောက်တိုင်း က ဖွံ့ဖြိုးတိုးတက်မှု ပညာရှင်တွေ မျက်စိတွေလည်ကုန်ကြတယ်။ ဉာဏ်ရည်မှာ အနောက်နိုင်ငံသားတွေက ပိုသာတယ်လို့ တစ်လျှောက်လုံး ယုံထားခဲ့တာကိုး။ အနောက်တိုင်းကို ယှဉ်နိုင်တဲ့ ပထမဆုံး လူ့ဘောင်အဖြစ် ဂျပန်နိုင်ငံက ရပ်တည်လာကတည်းက အနောက်တိုင်းသားတွေ မျက်လုံးမျက်ဆံ နည်းနည်းကျယ်လာတယ်။ အာရှကျားတွေ အလျှိုလျှိုပေါ်လာတော့ မျက်လုံးပြူးကုန်ကြတယ်။ ဒါနဲ့ အကြောင်းရင်းကို ရှာတော့ အနောက်က ပညာရှင်တွေဟာ ဉာဏ်ရည် (အိုင်ခယူ) ထက် ပိုအရေးကြီးတဲ့ ခံစားမှုထိန်းချုပ်နိုင်စွမ်း (အီးခယူ)ကို သွားတွေ့လာကြပါတယ်။ သည်မှာတင် ဉာဏ်ရည် ဘယ်လောက်မြင့်မြင့် ခံစားမှုထိန်းချုပ်နိုင်စွမ်းသာ မမြင့်မားရင် လူတစ်ယောက်ဟာ အစွမ်းရှိသလောက် မတိုးတက်လာနိုင်ဘူးဆိုတဲ့ အသိအမြင်တစ်ခုကို ရလာခဲ့ကြပါတယ်။

ထိုင်းတွေဟာ ရွှေတွေထက် ဉာဏ်နိမ့်ချင်လည်း နိမ့်မယ်၊ တန်းတူ ဖြစ်ချင်လည်း ဖြစ်မယ်၊ သာချင်လည်း သာမယ်။ ဒါက သိပ်အရေးမကြီးဘူး။ ထိုင်းလူ့ဘောင်တိုးတက်မှုအတွက် အခရာက အဲဒီ့ ခံစားမှုထိန်းချုပ် နိုင်စွမ်း၊ တစ်နည်းပြောရရင် သည်းခံနိုင်စွမ်းက အခရာကျတယ်လို့ ကျွန်တော်မြင်လာရတယ်။

ယနေ့ခေတ် ထိုင်းနိုင်ငံမှာ မိန်းမလျာဦးရေက သိသိသာသာ ဖြစ်နေတာကို တွေးမိရာကနေ သည်အချက်ကို စမြင်မိခဲ့တာ။ သူတို့လူ့ဘောင်မှာ အပုန်းတွေ နည်းလာပြီး အပွင့်တွေ များလာတယ်။ ဘာဖြစ်လို့တုန်း၊ ထိုင်းတွေက မတူ ကွဲပြားမှုကို သည်းခံနိုင်လို့။ ကိုယ်နဲ့ မတူတိုင်း မတူသလို မတန်သလို သဘောထားတာတွေ၊ ချိုးဖဲ့တာတွေ၊ ရန်လိုတာတွေ သိပ်မလုပ်ကြလို့ပဲ။ သူလည်း သူ့သဘော သူဆောင်နေတာပဲဆိုတဲ့ အတွေးနဲ့ ရေငုံနေတတ်ခဲ့ကြတယ်။ ကိုယ့်အလုပ်သာ ကိုယ်မဲပြီး လုပ်နေကြတယ်။ စီးပွားရေး လပ်မြင်သူတွေကဆိုရင် သည်မိန်းမလျာတွေရဲ့ အရည်အချင်းတွေကို အသုံးချပြီး ခရီးသွားလုပ်ငန်းရဲ့ ဆွဲဆောင်မှုတစ်ရပ်အဖြစ်တောင် အသုံးပြုလာကြတယ်။

နောက်ထပ် ထင်ရှားတဲ့ ထိုင်းတို့ရဲ့ သည်းခံနိုင်စွမ်းက ပြည့်တန်ဆာကိစ္စပဲ။ ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြည့်တန်ဆာ အပေါများဆုံးနိုင်ငံ ဖြစ်နေတယ်။ ဒါကို ထိုင်းတွေက မမှုဘူး။ ရမယ်လည်း ရှာမနေဘူး။ သူတို့ဆီမှာ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေက ၁၉၆၀ ပြည့်နှစ် ကတည်းက အခိုင်အမာရှိခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြန်သေးပေမယ့် အစိုးရ အဆက်ဆက်က သည်ကိစ္စကို လက်ရှောင်ထားတယ်။  ထိုင်းရဲ့ တရားရေးဌာနကဆိုရင် ၂၀ဝ၃ ခုနှစ်မှာ ပြည့်တန်ဆာအလုပ်ကို တရားဝင် အသက်မွေးမှုတစ်ခုအဖြစ် အသိအမှတ်ပြုဖို့အထိ အားထုတ်ခဲ့ဖူးသေးတယ်။ ဒါမှ ကျန်းမာရေးကိစ္စတွေလည်း ဆောင်ရွက်နိုင်မယ်၊ ဝင်ငွေခွန်တွေလည်း ကောက်ခံနိုင်မယ်၊ အကျင့်ပျက်ခြစားမှုတွေလည်း လျှော့ချနိုင်မယ်၊ သည်အလုပ်ကို လုပ်နေသူတွေရဲ့ အခြေအနေတွေလည်း တိုးတက်ကောင်းမွန်လာလိမ့်မယ်ဆိုတဲ့ ခဲတစ်လုံးတည်းနဲ့ ငှက်လေးကောင် ပစ်ဖို့ ရည်သန်ခဲ့တာပါ။ ဒါပေမယ့် အဲဒီ့နောက်ပိုင်းမှာ ဘာ အကောင်အထည်မှ ပေါ်မလာခဲ့သေးတာကတော့ ယနေ့ထက်တိုင်ပါပဲ။ တစ်ဖက်ကလည်း ပြည့်တန်ဆာကိစ္စကို ထိုင်းတစ်မျိုးသားလုံးကလည်း ရေးကြီးခွင့်ကျယ် လုပ်မနေကြဘူး။ လူမှုရေးဘဝရဲ့ ရှောင်လို့မရတဲ့ ကိစ္စတစ်ခုပဲဆိုတဲ့ ယေဘုယျအမြင်ရှိတယ်။

ဒါတွေနဲ့ ချိန်ထိုးလိုက်ရင် ထိုင်းတွေဟာ ရင်ဘတ်ထဲက ခံစားမှုထက် ဦးနှောက်ထဲက ဆင်ခြင်ဉာဏ်ကို ပိုပြီးတော့ အလေးထားတယ်။ တစ်နည်းပြောရင် ခံစားမှု ထိန်းချုပ်နိုင်စွမ်း မြင့်မားတယ်ဆိုတဲ့ အတွေးတစ်ခု ရလာပါတယ်။

သည်အချက်က လူ့ဘောင်တစ်ခု တိုးတက်ရေးအတွက် အရေးကြီးတယ်။ နိုင်ငံရေးမှာလည်း ထို့အတူပဲ၊ ထိုင်းလူမျိုးတွေဟာ နိုင်ငံရေးဟာ သူတို့အရာ မဟုတ်ဘူးလို့ သဘောထားကြသလားပဲ။ ဒါ့ကြောင့်လည်း မတည်ငြိမ်တဲ့ နိုင်ငံရေး ဝဲဂယက်တွေကြားမှာ သူတို့နိုင်ငံက အရှိန်မပျက် ဖွံ့ဖြိုး တိုးတက်ခဲ့တာပဲလို့ တွေးမိလာရတယ်။ သူတို့က သမိုင်းစဉ်အရ ဘုရင်စနစ်နဲ့ တစ်လျှောက်လုံး အသားကျလာခဲ့တာမို့ နိုင်ငံရေးသည် ဘုရင့်ကိစ္စပဲလို့ ခံယူခဲ့ကြတာလားတော့ မသိဘူး။ စည်းမျဉ်းခံ ဘုရင် စနစ်မှာလည်းပဲ နိုင်ငံရေးမှာ တွင်ကျယ်နေသူတွေက အခွင့်ထူးခံတွေ၊ စစ်တပ်က ထိပ်ပိုင်းပုဂ္ဂိုလ်တွေ၊ ဗျူရိုကရက်တွေသာ ဖြစ်တယ်။ တခြား အရပ်သားတွေက ဝင်ပြီး စွာကျယ် စွာကျယ် မလုပ်ကြဘူး။ ဒါ သူတို့ အရာလို့လည်း ခံယူထားပုံ မရဘူး။

သိပ်လိုအပ်လာတဲ့အချိန်ကျမှသာ သာမန် နိုင်ငံသားတွေက သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ပြသခဲ့ကြတာ ထိုင်းရဲ့ ၁၉၃၂ ခုနှစ် နောက်ပိုင်း သမိုင်းစဉ်မှာ တွေ့ရပါတယ်။  ခဏခဏ ဆန္ဒတွေ ထမပြကြဘဲ လိုအပ်မှ ပြကြတာမို့လည်း ဘုရင်ရော စစ်တပ်ကပါ အဲလို လူထုက ဆန္ဒပြတဲ့အခါ အလေးအနက်ထားပြီး ပြင်သင့်တာ ပြင်ကြ၊ ဆင်ခြင်သင့်တာ ဆင်ခြင်ခဲ့ကြပါတယ်။ ပမာဆောင်ရရင် ၁၉၉၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းတာကို လူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာမို့ ၁၉၉၂ ခုနှစ်မှာ ဘုရင့်ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့အတူ အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာခဲ့ပြီး စစ်တပ်ကို ဖယ်ရှားပေးခဲ့တာဟာ ထင်ရှားတဲ့ သာဓကပါပဲ။

သည့်ထက်အရေးကြီးတာက ပညာရေး။ ၁၉၆၀ ပြည့်လွန်စအချိန်များမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်တွေနဲ့ အစိုးရက အထောက်အပံ့ပေးတဲ့ ပညာရေးတို့ကို ချိတ်ဆက်လိုက်တာဟာ ၂၀ ရာစု ကုန်ခါနီး ဆယ်စုနှစ်များအတွင်း ထိုင်းနိုင်ငံရဲ့ ပညာရေးစနစ်အား လုံးလုံးလျားလျား  ပြုပြင်ပြောင်းလဲသွားအောင် တွန်းပို့ပေးလိုက်တာပါပဲ။

ထိုင်းရဲ့ မသင်မနေရ အခြေခံ ပညာဟာ ကိုးနှစ်သက်တမ်း ရှိတယ်။ တစ်နည်းပြောရရင် လူတိုင်းဟာ အသက် ၁၆ နှစ်အထိ ပညာကို မသင်ဘဲ နေလို့ မရတော့ဘူး။ အဲဒီ့နောက် အထက်တန်းပညာရေး သုံးနှစ်တာကို ဆက်လက်သင်ကြားမယ်ဆိုလည်း အစိုးရက ပံ့ပိုးပေးပြန်တယ်။ သည်တော့ ထိုင်းနိုင်ငံသားတွေရဲ့ ပညာရေးက တအားမြင့်လာပါတယ်။ ပညာရည်မြင့်လာတာနဲ့အညီ အသိပညာလည်း တိုးလာခဲ့တယ်။

မူလက သည်းခံနိုင်စွမ်း အပြည့်ရှိပြီး မတူကွဲပြားတာကို အသာတကြည်လက်ခံနိုင်တဲ့ လူမျိုးစရိုက်၊ မဟုတ်တာတွေအတွက် ဇာချဲ့ဖို့ အားမသန်တဲ့ စရိုက်များမှာ ပညာကို ထပ်ဆောင်းပေးလိုက်တော့ ဆင်ခြင်တုံတရားရှိတဲ့ လူ့ဘောင်တစ်ရပ်က ထိုင်းမှာ ပေါ်ထွန်းလာတယ်။ သည်အခါ ထိုင်းနိုင်ငံက ခြေခင်းလက်ခင်းသာလာတယ်။

စဉ်းစားစရာတွေက များလှသလို ရေးမယ်ဆိုလည်း ရေးစရာတွေက တော့ အများကြီး ကျန်ပါသေးတယ်။ ဖတ်မယ်ဆိုရင်လည်း ကျွန်တော် တစ်ယောက်တည်းနဲ့ကို ဖတ်စရာတွေ တစ်ပုံတစ်ပင် ကျန်သေးတယ်။ စာတစ်အုပ် ပေတစ်ဖွဲ့၊ စာတမ်းတစ်စောင်အထိကို ထိုင်းရဲ့ ၁၉၃၂ ခုနှစ် နောက်ပိုင်း သမိုင်း၊ လူမျိုးစရိုက်များကို လေ့လာစူးစမ်းသင့်ပါတယ်။ ပြီးရင် ကျွန်တော်တို့ရဲ့ အားနည်းချက်ကို သူတို့နဲ့ နှိုင်းယှဉ်ဆင်ခြင်သင့်တယ်လို့ မြင်မိရပါတယ်။

ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့ဖူးကြပေမယ့် အရွယ်ရောက်တော့မှ မူးယစ်ဆေးစွဲကာ သွေးကြောထဲ မူးယစ်ဆေးသွင်းရင်း အိပ်(ခ်ျ)အိုင်ဗှီ ပိုးဝင်သွားတဲ့လူတွေလည်း မနည်းပါဘူး။ အဲတော့ ရွှေထီးကိစ္စကို မေ့ထားကြပြီး ကိုယ်ဘာလုပ်နိုင်မလဲဆိုတာကို အများအနေနဲ့ ဝိုင်းစဉ်းစားသင့်တယ်လို့ ခံယူမိတဲ့အတွက် သည်စာကို ရေးပါတယ်။

အဓိကကတော့ လူမျိုးစရိုက်ကို ဆင်ခြင်နေမိတာပါပဲ ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၂၄၀၈၁၁)

ကျမ်းကိုးစာရင်း
1.     Encyclopedia Britannica, 2010
2.     Hello My Big Big Honey!: Love Letters to Bangkok Bar Girls and Their Revealing Interviews by Dave Walker and Richard S. Ehrlich (2000, ISBN 0-86719-473-1)
3.     Thailand Tourism Review, Bangkok Post, 2010-09-16
4.    CIA – The World Factbook – Thailand. 2009-10-03
5.    http://en.wikipedia.org/wiki/Thailand
6.    http://www.health-tourism.com/thailand-medical-tourism/

(၁၅-၀၉-၂၀၁၁ နဲ့ ၂၂-၀၉-၂၀၁၁ နေ့များမှာ ထုတ်ဝေတဲ့ Bi Weekly Eleven ဂျာနယ်မှာ
နှစ်ပတ်ခွဲပြီး ဖော်ပြခဲ့တာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။)
Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: