ကနေ့ ဆရာများရဲ့ အခန်းကဏ္ဍနဲ့ ကနေ့ပညာရေး
ပုံမှန်အားဖြင့်တော့ အပတ်စဉ် ထုတ်လွှင့်နေကျ ကျွန်တော့် အစီအစဉ်တွေကို သည် ဘလော့(ဂ်)မှာ အချိန်အတော်ကြာမှ တင်ဖြစ်ပါတယ်။ သည်မှာ တင်ထားတာ သိပ်လည်း များများစားစား မရှိပါဘူး။ အခုအချိန်အထိ စုစုပေါင်း အပိုင်းပေါင်း ၇၀ ကျော် ထုတ်လွှင့်ပြီး ဖြစ်ပေမယ့် သည်မှာ တင်ထားတာ အလွန်ဆုံးမှ ဆယ်ပိုင်းလောက်ပဲ ရှိပါလိမ့်မယ်။ သည်ကနေ့ ထုတ်လွှင့်တာကိုတော့ ဘလော့(ဂ်)မှာ တင်ပေးစေချင်တယ်လို့ ပြောလာသူ ရှိတာနဲ့ တင်ပေးလိုက်ပါတယ်။ နားဆင်တော်မူကြည့်ကြပါခင်ဗျား။ ၁၅ မိနစ်စာလောက်ပဲ ရှိပါတယ်။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၅ ရက် ညနေ ၇း၁၅ အချိန်က မန္တလေး FM မှ
“ဘ၀အမောပြေဖို့ အဖြေရှာစို့” အစီအစဉ် အသံလွှင့်ချက်ကို ပြန်လည်တင်ဆက်လိုက်တာပါ။
အဲဒီလိုမပြောတတ်ပေမယ့် အဲဒီလိုအမြဲခံစားရတယ် ကလေးတွေအထူးသဖြင့် ၁၀ ကျော်သက်တွေ ရိုင်းလာလိုက်တာ ရိုင်းတယ်လို့သူတို့ကိုယ်သူတို့မထင်တော့ ပြောတဲ့သူက ပြတိုက်ထဲကအဘွားကြီးဖြစ်ပါလေရော၊ စကားပြောရိုင်း အသုံးအနှုန်းရိုင်း မိန်းကလေးများပြောသင့်မပြောသင့်စကားမသိ မျက်တောင်တစ်ချက်မခတ်ဘဲပြောချလိုက်တာများ ကြားရသူများမျက်ခုံးပင့်မိသလို ယောက်ကျားလေးများကလဲ ပါးစပ်စည်းကမ်းမရှိ စိတ်ဓါတ်စည်းကမ်းတွေမရှိကြ၊ ကိုယ့်တူတစ်ယောက်တောင် မနဲဆုံးမထားလို့ လွပ်လပ်စွာတွေးတောပြောဆိုတတ်ခြင်းဟာ မိုက်ရိုင်းစွာပြောခြင်းနဲ့ကွာခြားကြောင်း ရှင်းပြနေရဆဲပါဘဲ။
သိပ်ကောင်းတဲ့ဆွေးနွေးမှုပါပဲ ဆရာ။ကျွန်တော်တို့ကတော့ ဒီပညာရေးစနစ်ရဲ့ဆိုးမွေကို ခံခဲ့ရပါပြီ။ သူငယ်တန်းကနေ ဘွဲ့ရတဲ့ အထိ အင်္ဂလိပ်စာ သင်ခဲ့ရပေမယ့် ကျောင်းပြီးချိန်မှ ထပ်ပြီး အင်္ဂလိပ်စကားပြောသင်တန်းတွေ တက်နေရတယ်ဆိုကတည်းက ဆရာ့ စကားနဲ့ပြောရရင် တွေးဆဆင်ခြင်ကြည့်ဖို့ သိပ်ကောင်းပါတယ်ဆရာ။နောက်မျိုးဆက်တွေကိုတော့ ကျွန်တော်တို့လို မခံစားစေချင်ဘူးဆရာ။ဒီအသံလွှင့်ချက်အတွက် ကျေးဇူးတင်ပါတယ် ဆရာ။
အရမ်းကောင်းပါတယ်…
ဒီကမ္ဘာမှာ မြန်မာဆိုတဲ့ လူးသားတွေကို ဦးမမော့နိုင်အောင် အသေအလဲ ထိုးလိုက်တာလေ ဘာသာတရား အစုတ်ပလုတ် (ဘုရားဟောတဲ့တရားကိုမဆိုလို) ယဉ်ကျေးမှု မရှိသလောက် အဲဒါကိုပဲ မြန်မာပါလို့ပြောရတော့ မလိုဖြစ်နေပြီ ပညာ အကြောင်းမပြောနဲ့ နိုင်ငံရေး သဘွတ်အူ ကဲ …..ရစရာရှိသေးလား…..အကြွေး…..
Facebook မှာ လုပ်သက်ရင့် ကျောင်းဆရာမ တစ်ယောက်က အောက်ပါအတိုင်း မှတ်ချက် အရှည်ကြီး ရေးသွားပါတယ်။
ဆရာ့ဆွေးနွေးချက်ကို ဖတ်ပြီး ကျမ အမြင်ရေးဖို့ရာမှာ တော်တော် aခါင်းစားပါတယ်ဆရာ။ တကယ့်ကို ပြည့်ပြည့်စုံစုံ ရေးရင် စာတမ်းတစ်စောင်လောက် တောင်ရှိမယ်ထင်ပါတယ်။ ဆရာ့ဆွေးနွေးချက်တွေ မှန်ပါတယ်ဆရာ။ အဲဒီဆရာ့ကို လှမ်းမေးတဲ့ ဆရာမလေး တွေ့ရတဲ့ ပြသနာမျိုးတွေ ကျမတို့ ရင်ဆိုင်နေရတာပါပဲ။
ကျမကတော့ ကျောင်းဆရာ/မတွေရဲ့ side ကနေဆွေးနွေးချင်တာပါဆရာ အဓိကဖြစ်တဲ့ ကျူရှင်ကိစ္စက စပါမယ်။ 1970 -80 ခုနှစ်များတုန်းက ကျမတို့ နယ်တွေမှာ ကျုရှင်ဆိုတာ အပြင်လူတွေ (အစိုးရ ကျောင်းဆရာမဟုတ်သူတွေ)သာ သင်ခဲ့ကြတာပါ ။ ကျမကိုယ်တိုင်ကို တက်ခဲ့ဖူးပါတယ်ဆရာ။ လူနည်းစုသာ ကျူရှင်တက်ကြတာပါ။ အဲဒီအချိန်တုန်းက အစိုးရကျောင်းဆရာတွေရဲ့လစာက မိသားစု စားဝတ်နေရေး ကိုဖူလုံစေလောက်အောင်ကို အဆင့်တစ်ခုအထိရှိနေသေးတဲ့ သဘောပါ။ နောက်ပိုင်းခေတ်စနစ်ကြောင့် ၀င်ငွေနဲ့ထွက်ငွေ မမျှကြတော့တဲ့အခါမှာ ကျောင်းဆရာတွေမှာ တစ်နေ့ ၈ နာရီ နိုင်ငံတာဝန် ထမ်းရတာကတမျိုး၊ ကိုယ်ပိုင်အချိန်မှာ စာညံ့တဲ့ (သို့) စာတော်တဲ့ ကလေးတွေကို အပိုဝင်ငွေရအောင် စာသင်ရတာတစ်မျိုးနဲ့ စားဝတ်နေရေးအဆင်ပြေအောင် ရုန်းကန်ရပါတော့တယ်။ အဲလိုနဲ့ပဲ ကျူရှင်ဆိုတာကြီးဟာ ဆရာပြောသလို မိုးခါးရည် ဖြစ်လာတော့တာပါပဲ။ ဒါပေမယ့် ဒီမိုးခါးရည်ကြီးကို ကျောင်းဆရာ/မတွေတင် မကပါဘူး။ နိုင်ငံ့စီးပွားရေး အခြေအနေအရ မိုးခါးရည်သောက်မှ တစ်ဝမ်းတစ်ခါးလှမယ့်သူတွေ အကုန်သောက်ခဲ့ကြတာ/ သောက်နေကြဆဲ ပါဆရာ။
အခုရနေတဲ့ လစာကိုကြည့်ပါအုံးဆရာ မူလတန်းပြတစ်ဦးလစာက ( 47,000 to 52,000 ကျပ်)
အလယ်တန်းပြတစ်ဦးလစာက ( 53,000 to58,000 ကျပ်)
အထက်တန်းပြတစ်ဦးလစာက ( 59,000 to 64,000 ကျပ်)။ ကဲ ဘယ်လိုလုပ်မလဲ။ မိသားစု မပြောနဲ့ တစ်ဦးထဲအတွက်တောင် မလောက်ငတဲ့ ပိုက်ဆံပါ။ ပေးရတဲ့အချိန်က တစ်နေ့ ၈ နာရီ။
ကျမပြောရဲပါတယ် အခုနေသာ နိုင်ငံတော်က ကျောင်းဆရာ/မတွေကို နိုင်ငံတကာက ဆရာ/မတွေနဲ့ တန်းတူ လုပ်ခလစာတွေ ရပိုင်ခွင့်တွေ ပေးလိုက်မယ်ဆိုရင်တော့ ဆရာ/မတွေကလဲ ကျူရှင်ဆိုတာ ကိုယ်နဲ့ မဆိုင်သလိုကို နေပစ်လိုက်ကြမှာပါဆရာ။ စဉ်းစားကြည့်ပါဆရာရယ်၊ စားဝတ်နေရေး ပြေလည်အောင်သာ စာအပိုသင်နေရတာ တစ်နေ့ ၁၂ နာရီလောက် အလုပ်လုပ်ရတဲ့ဘ၀ ဘယ်သူပျော်နေမှာလဲ။
အဲတစ်ခုတော့ရှိပါတယ်ဆရာ ကျောင်းဆရာ/မတွေကို နိုင်ငံတကာက ဆရာ/မတွေနဲ့ တန်းတူ လုပ်ခလစာတွေ ရပိုင်ခွင့်တွေပေးရုံနဲ့တော့မရသေးပါဘူး။ စာသင်ကျောင်းခန်းတွေ ၊ ဆရာ/မ အရေအတွက်၊ နောက် အတန်းတစ်တန်းမှာရှိတဲ့ ကျောင်းသားအရေအတွက် ဒါတွေကိုလဲ control လုပ်ပေးဖို့လိုပါလိမ့်မယ်။ အခုလိုမျိုးစာသင်ခန်းတစ်ခန်း ကျောင်းသား ၆၀ ကျော် ၇၀ ဆိုလို့ကတော့ အဆင်မပြေနိုင်ပါဘူး။ ( စာသင်ခန်းထဲမှာ ကျား မ နှစ်ခြမ်းစာခွဲပြီး စာသင်ခုံတွေတန်းစီလို့ ထိုင်ကြရတာပါ။ နောက်ဆုံးတန်းကလေး ၊ အလယ်မှာ ထိုင်နေတဲ့ကလေး ဘာလုပ်နေလဲ ၊ တကယ်ကျောင်းစာလုပ်နေတာမှ ဟုတ်ရဲ့လား စစ်ချင်ရင်တောင် စစ်လို့မရတဲ့ အခြေအနေပါ။)
နောက်တစ်ခုရှိပါသေးတယ်ဆရာ။ အဲဒါကတော့ အတန်းတက်လာခဲ့တဲ့ကလေးတွေဟာ မိမိသင်ခဲ့တဲ့ အတန်းရဲ့ပြဌာန်းသင်ခန်းစာတွေကိုလဲ တကယ်တတ်ပြီး တက်လာတဲ့သူမျိုးတွေဖြစ်ရပါမယ်။ ကလေးတကယ်တတ်တတ် မတတ်တတ် အောင်ချက်ရာခိုင်နှုန်း ကိုးဆယ်ကျော် ဖြစ်ရမယ် ဆိုတဲ့ အမိန့် (by phone)မျိုးနဲ့ အောင်ချက်ရာခိုင်နှုန်း ပြည့်မီဖို့ အတန်းတင်ပေးတဲ့ ကလေးမျိုးတွေ မဖြစ်စေရပါဘူး။
ဒီလိုအခြေအနေရောက်သွားရင် ဆရာတွေ လောဘတက်ပြီးကျူရှင်ဖွင့်ချင်အုံးတော့ တက်မယ့်သူရှိမှာ မဟုတ်ပါဘူး။ ကျောင်းမှာသင်တာနဲ့ ကိုတတ်နေပြီကိုး။
နောက် ကျောင်းမှာကတော့ သင်ရိုးကို ချန်သင်လို့မရပါဘူးဆရာ။ သင်ခန်းစာတွေ အချိန်မီ ပြီးမပြီး၊ သင်ရိုးကုန်မကုန်ကို ပြည်နယ်/ တိုင်းပညာရေးစစ်ဆေးရေး အဖွဲ့က စာသင်နှစ် တစ်နှစ်ကို သုံးကြိမ် ကျောင်းတိုင်းကို လာစစ်ဆေးပါတယ်ဆရာ။ အဲလိုစစ်ရာမှာ လေ့ကျင့်ခန်းစာအုပ်တွေ တင်မက စာသင်ခန်းတွေ အထိပါ ၀င်စစ်တာပါ။ သပ်မှတ်ချက်နဲ့မကိုက်ညီရင် ပထမအကြိမ်မှာတော့ မှတ်ချက်ရေးသွားတာ ခံရပါတယ်။ အဲနောက်တစ်ကြိမ်မှာ ဒီမှတ်ချက်တွေအတိုင်း ထပ်လွဲနေရင်တော့ ပြသနာရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်ဆရာမဆို တစ်ကြိမ်ပဲမှတ်ချက် အထိခံတာပါ။ ဒါကြောင့် ဆရာပြောတဲ့ စပေါ့လဲသင်ဆိုတာ အပြင်က ဆရာတွေပဲဖြစ်နိုင်ပါတယ်။ ကျမတို့မြိုက အပြင်ကျူရှင်တွေ အဆောင်တွေမှာတော့ တကယ်တတ်ပြီးသင်တဲ့သူရှိသလို အဝေးသင် BA ဘွဲ့ရထားသူတွေကလဲ အထူးထုတ်စာအုပ်တွေ အကူအညီနဲ့ ၉တန်း ၁၀ တန်း chemistry, physics, biology စတာတွေ သင်လိုသင်ပါပဲ ဆရာရယ်။ သူတို့က အရွှီးတော်တာတော့ အမှန်ပါပဲ။ သူတို့အားကိုးနဲ့ ကျောင်းက ဆရာတွေကို အာခံနေတဲ့ တပည့်တွေလဲ ရှိတာပါပဲ။ အဲလောက်ကြီး ကျက်စရာမလိုပါဘူး ။ ဒီအပိုင်းတွေလောက်ကျက်ရင် အောင်မှတ်ရပြီဆိုပြီးလေ။
အဲလိုကလေးမျိုးတွေနဲ့ကျရင် ကျမတို့တွေမှာ ကလေးကလားဆန်စွာ အခြေအတင်ပြောရတာပါ။ နင်တို့ကိုရွေးပေးတဲ့ဆရာက ဘယ်လောက်သိလို့လဲပေါ့။ သူတို့မှန်းပေးတာတွေ ပါမလာလို့ အောင်ချက်ကျရင် ထုချေလွှာတင်ရမှာက ကျောင်းကဆရာတွေလေ။ ပြီးခဲ့တဲ့ 2011 ၁၀တန်းစာမေးပွဲတုန်းကဆို သင်္ချာကို chapter 1 to 7 ပဲကြည့်ရင် D တောင်ထွက်တယ် ဆိုပြီး ဆရာ့ ဆရာများက ရိတ်ဖြီး လုပ်လိုက်တာ ကျမတို့မြို့နယ်မှာ သင်္ချာထိပြီးကျတဲ့သူတွေ အများကြီးရယ်။
ဒါပေမယ့် ကလေးတွေက ပိုက်ဆံပေးပြီးသင်ရတဲ့ ဆရာတွေ စကားကျတော့ ငွေတန်ဖိုးပါလို့လား မသိပါဘူး။ တကယ်ထင်ကြတာဆရာရဲ့။ အဲ ထိပြီးသွားတဲ့ အချိန်ကျရင်တော့ သိသွားကြပါတယ်။
မြို့ကြီးတွေမှာတော့ မသိပါဘူး။ ကျမတို့နယ်တွေမှာတော့ ဆရာ့ကျင့်ဝတ်ငါးပါးနဲ့ ညီတဲ့ဆရာတွေ ရှိနေဆဲပါ။ အဲ ဆရာဦးရေ ၁၀၀% တော့မဟုတ်ဘူးဆရာရေ။ စုန်းပြူးတွေက အများကြီးရယ်။ ကျမသဘောကတော့ ကျောင်းမှာရော အပြင်မှာပါ ဆရာတွေ ဆရာပီသစေချင်တာပါပဲ။ ဒါဆိုရင် ကလေးတွေလဲတကယ်စာတတ်မယ် ဆရာတွေလဲ မငတ်တော့ဘူးပေါ့နော်။ မဟုတ်ရင်တော့ အလုပ်ထွက်ပြီး အပြင် အလုပ်လုပ်ဖို့ပဲရှိတော့တာ။ အခုနောက်ပိုင်း ဆရာတွေမှာ tension တွေ ၊ အထက်က pressure တွေ များလာတော့ မနိုင်ဝန်တွေ ထမ်းနေရသလိုဖြစ်လို့ ထွက်ချင်တဲ့သူတွေ ပိုပိုများလာပါတယ်။ ဒီပြင်ပြည်နယ်တွေ ဌာနတွေတော့မသိပါဘူး။
ကျမတို့ ပြည်နယ်မှာတော့ ကျောင်းဆရာ/မတွေ လုပ်သက် ပင်စင် (လုပ်သက် နှစ်30ပြည့် ) တင်ခွင့်မပေးပါဘူး။ ဘာလို့လဲမသိပါဘူးဆရာရယ်။ မိမိရဲ့ နုပျိုတဲ့အချိန်တွေကို ပညာရေးဌာနမှာ မြုတ်နှံခဲ့ကြရတာဆိုတော့ အလုပ်နားချိန်မှာ ပင်စင်ကတော့ရချင်ကြပါတယ်။
ဘာတွေပဲဖြစ်ဖြစ် အဓိက ကတော့ နိုင်ငံတော်ရဲ့ ပညာရေးအသုံးစားရိတ်က စလို့ သင်ကြားရေးပုံစံ စာမေးပွဲစစ်ဆေးမှုပုံစံ( တကယ်တတ်မှ အတန်းတင်ပေးတဲ့ ပုံစံ) တွေကို ပြောင်းလဲပါမှ မြန်မာနိုင်ငံရဲ့ပညာရေး တိုးတက်လာမယ်လို့ထင်မိပါတယ်ဆရာ။
နောက် ကျမ အထင်ကတော့ မိဘတွေကလဲ ဘယ်လိုဆုံးမရမယ်ဆိုတာ မသိတော့ဘူးဆိုတာထက် ဆုံးမဖို့အချိန်ကို မပေးနိုင်တော့တာပါ။