Money makes the world go round, but…

ပိုက်ဆံရဲ့ သဘောထားအမှန်

မနက်က ကျွန်တော့် ရည်းစားဟောင်း တစ်ယောက်ဆီက ဓာတ်ချောစာ ဝင်လာတယ်။ သူက ကျွန်တော် ပိုက်ဆံ မစုတာကို တစ်ချိန်လုံး မကျေမနပ် ဖြစ်နေတာ၊ အားမလိုအားမရ ဖြစ်နေတာ။

ကျွန်တော်က လူမိုက်ပေါ့။ ကျွန်တော်က ပြည်တွင်းမှာပဲ အိုးမကွာ အိမ်မကွာ ဒေါ်လာစားလာတာ ၁၁ နှစ်တောင် ရှိနေပြီ။ ကနေ့အထိ တိုက်ခန်းလေးတစ်ခန်းတောင် အပိုင်မဝယ်နိုင်သေးဘဲ အိမ်ငှားနေရတဲ့အတွက် သူတင် မဟုတ်ပါဘူး၊ ကျွန်တော့် ပတ်ဝန်းကျင်တစ်ခုလုံးကပါ ကျွန်တော့်ကို အားမရကြဘူး။

ကျွန်တော်ကတော့ ပန်းချီ ကိုမုတ်သုန်ပြောနေကျစကားလို “ဘဝကို ချောင်ထိုးထားတဲ့သူပါ။”  ဖန်တရာတေနေတဲ့ ကလီရှေး (cliché) ကို သုံးရရင်တော့ နေသလိုမဖြစ်တဲ့ လောကမှာ ဖြစ်သလိုနေလိုက်တာ အကောင်းဆုံးလို့ အောက်မေ့လိုက်ရုံပါပဲ။

ကျွန်တော့်အသက် ၄၀ကျော်ပြီ။ ၁၉နှစ်သားကတည်းက ပိုက်ဆံရှာတဲ့ အလုပ်ကိုလုပ်ခဲ့တာ။ ကျောင်းတစ်ဖက်နဲ့ အငှားယာဉ်မောင်းတဲ့ အလုပ်က စလာလိုက်တာ အခုအခါမှာတော့ စားပွဲနဲ့၊ ကုလားထိုင်နဲ့၊ လေအေးစက်နဲ့၊ ကွန်ပျူတာနဲ့၊ ဓာတ်ချောပို့စနစ်နဲ့၊ အသံသွင်းချောပို့စနစ်နဲ့၊ စတိုင်ကျကျ အလုပ်တစ်ခုမှာ ရောက်နေတယ်။ အကြီးတန်း အရာရှိဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုလည်း ရှိတယ်။ လစာအနေနဲ့ကလည်း တစ်လကို သုံးသိန်းလောက် ဝင်နေတာ။

ဒါပေမယ့် အဲဒီ့အလုပ်ကနေထွက်ဖို့ ကြံနေမိပြီ။ ဒါဖြင့် မင့်မှာ တခြား ဘာအလုပ် ရှိလို့လဲဆိုရင် ဘာမှမရှိဘူး။ ခပ်တည်တည်ပဲ၊ လုပ်နေရတဲ့ အလုပ်မှာ မပျော်ပိုက်တော့တဲ့အတွက် ထွက်ဖို့ စိတ်ကူးတော့တာ။ ပိုက်ဆံ ဆိုတာလေး ရလိုမှုတစ်ခုအတွက် ကျွန်တော့်စိတ်ချမ်းသာမှုကို မစတေးချင်တော့တာ။

အားလုံးကတော့ ကျွန်တော့်ကိုလူမိုက်တဲ့။ ကျွန်တော့်အိမ်သူ အပါအဝင် ကျွန်တော့်ကို နားလည်သူ၊ ကျွန်တော်နဲ့အယူအဆချင်းတူသူ တချို့က လွဲရင်ပေါ့။

ဟိုးလွန်ခဲ့တဲ့ နှစ်၂၀လောက်က မိတ်ဆွေတစ်ယောက် ပြောဖူးတဲ့ စကားကို သတိရတယ်။

ဆီဦးထောပတ်ကို လာကျွေးတဲ့အခါ ဇွန်းနဲ့ဖြစ်ဖြစ်၊ လက်နဲ့ ဖြစ်ဖြစ် စားခွင့်မရှိဘဲ နှုတ်သီးနဲ့ ထိုးဟပ်ပြီး စားရမယ်ဆိုလို့ကတော့ နတ်သုဓာ လောက်ကောင်းနေစေဦးတော့ မစားသင့်ဘူးတဲ့။

ကျွန်တော်သိပ်သဘောကျတဲ့စကား။ လူ့သိက္ခာနဲ့လူ့မာနကို အထိပါး ခံပြီး ခွေးလိုဟပ်ရမှတော့ အဲဒီ့စားစရာက နတ်သုဓာပင် ဖြစ်နေစေဦးတော့ ဘယ်အရသာရှိပါတော့မလဲ။ ဒါပေမယ့်လည်း လောကမှာ လူ့သိက္ခာ လူ့မာနကို တန်ဖိုးမထားဘဲ စားရဖို့လေးကိုပဲ မဲနေတတ်တဲ့သူတွေကလည်း အများသားဆိုတော့ ကျွန်တော်က လူမိုက်ပေါ့။

အခုလည်း ရည်းစားဟောင်းကြီးက ကျွန်တော်အားကျစေချင်ဇောနဲ့ ရေးလာတယ်။ သူ့လင်တော်မောင်က နိုင်ငံခြားမှာ အလုပ်သွားလုပ်တာ ရှစ်နှစ်ရှိပြီတဲ့။ သူတို့က အခု ရန်ကုန် ဆင်ခြေဖုံးမှာ တိုက်ဆောက်နေတဲ့ အကြောင်း၊  မြေကွက်ကိုက သိန်းကိုးဆယ်လောက် တန်တဲ့အကြောင်း၊ နောက်ထပ် မြေတစ်ကွက်၊ တိုက်ခန်းနှစ်ခန်းနဲ့ ကားတစ်စီးလည်း ရှိနေပြီ ဖြစ်တဲ့ အကြောင်းတွေကို ရိုးရိုးလေး ရေးထားပါတယ်။

ရိုးရိုးလေးဆိုတာက သူ တမင်အကြွားတိုက်နေတာ မဟုတ်တာကို ပြောလိုရင်းပါ။ သူ့သဘောကို ကျွန်တော်သိပါတယ်။ ကျွန်တော့်မှာက သမီးနဲ့သားနဲ့၊ သူ့မှာက သားသမီးတစ်ယောက်မှ မထွန်းကားဘူး။ ဆိုလိုတာက ကျွန်တော်က သူ့ထက်ပိုလို့ စုသင့် ဆောင်းသင့်တယ်လို့ သူက ယူဆပါတယ်။

အခုလောက် စုမိနေတာတောင် သူက အခုလည်း ဆက်စုနေတုန်းပဲလို့ ရေးလိုက်တာပါ။ သူ့စာထဲမှာ တခြားဘာမှမပါဘူး။ ဒါလေးပဲ ပါတာ။ သူကတော့ အားကျစေချင်လို့ပေါ့။

ကျွန်တော်က အခု အများလို မတွေးတော့တာ သူမသိဘူး။

အဲဒါနဲ့ သူ့ကို တစ်ခုခု ပြန်ရေးလိုက်ဖို့ စဉ်းစားတဲ့အခါ တစ်ခါက ရေးပြဖူးတဲ့ “ကိုယ့်မြေ”ဆိုတဲ့ ပုံပြင်လေးကို သတိရသွားတယ်။ အဲဒါလေးကို ပြန်ရှာရင်းနဲ့ကဗျာလေးတစ်ပုဒ်ကို တွေ့ရပြန်တဲ့အခါ စာဖတ်သူ လူကြီးမင်းများအတွက် ပြန်ဆိုပေးချင်မိသွားရပြန်တယ်။

ဖတ်ကြည့်ကြပါဦး…

ပိုက်ဆံရှိရင် အိမ်ဝယ်လို့ရတယ်၊

ဒါပေမယ့် နားခိုရာကိုတော့ ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် နာရီဝယ်လို့ရတယ်၊

ဒါပေမယ့် အချိန်ကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် စာအုပ်ဝယ်လို့ရတယ်၊

ဒါပေမယ့် ပညာကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် သွေးဝယ်လို့ရတယ်၊

ဒါပေမယ့် အသက်ကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် အပျော်ရှာလို့ရတယ်၊

ဒါပေမယ့် အချစ်ကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် အာမခံထားလို့ရတယ်၊

ဒါပေမယ့် လုံခြုံမှုကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် ခုတင်ဝယ်လို့ရတယ်၊

ဒါပေမယ့် အိပ်ပျော်အောင် ငွေနဲ့လုပ်လို့မရဘူး။

ပိုက်ဆံရှိရင် စားစရာဝယ်လို့ရတယ်၊

ဒါပေမယ့် ခံတွင်းလိုက်အောင် ပိုက်ဆံပေးပြီး လုပ်လို့မရဘူး။

ပိုက်ဆံရှိရင် ဆေးဝယ်လို့ရတယ်၊

ဒါပေမယ့် ကျန်းမာအောင် ငွေနဲ့လုပ်လို့မရဘူး။

ပိုက်ဆံရှိရင် လူရာဝင်တယ်၊

ဒါပေမယ့် လူရိုသေအောင် ငွေနဲ့လုပ်လို့မရဘူး။

တွေ့တယ်နော်?

ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတာ ဟုတ်လို့လား?

ခင်ဗျားမှာ ထားစရာမရှိအောင် များနေရင်

ကျုပ်ကို နည်းနည်းပါးပါး ပေးလိုက်ပါတော့လား။

ကဗျာလေးကတော့ ဒါပါပဲ။ ကျွန်တော် ပြန်တတ်သလို ပြန်ဆိုထားတာပါ။ စာဖတ်သူများအတွက်တော့ စဉ်းစားစရာလေးတွေ အထိုက်အလျောက် ပေါ်လာတန်ကောင်းတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြန်ဆို တင်ပြလိုက်ရပြန်တာပါပဲခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၂၇-ဝ၃-ဝ၁ ထုတ် အတွေးသစ် ဂျာနယ်မှာ ဖော်ပြခဲ့ပြီး လက်တွဲဖော် စာအုပ်တိုက်က စာမူခွင့်ပြုချက်အမှတ် ၄၀၀၂၉၂၀၆၀၃ နဲ့ 
၂၀၀၆ အောက်တိုဘာလမှာ ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိခဲ့တဲ့ ကျွန်တော့်ရဲ့ “နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်” 
(ပထမအကြိမ် ၂၀၀၂ စက်တင်ဘာလ) စာအုပ်ထဲက စာတစ်ပုဒ်ပါ။

အဟဲ… သည်စာနောက်မှာ ပြောစရာ နည်းနည်း ရှိသဗျ။ သည်စာပါတဲ့ အတ္တကျော်ရဲ့ ပထမဆုံး လုံးချင်း ထွက်ပြီး သိပ်များ မကြာခင်မှာ (၂၀၀၃ ခုနှစ်ထဲမှာပေါ့) သည်စာထဲမှာ “ရည်းစားဟောင်းကြီး”လို့ ရည်ညွှန်းခံထားရသူက ကျွန်တော့်ကို ရုပ်တည်ကြီးနဲ့ ပြောလာတယ်။ သူ့ကို “ရည်းစားဟောင်း”လို့ နောက်ကို မညွှန်းပါနဲ့တဲ့။ သူနဲ့လည်း ဘာမှ ဖြစ်ခဲ့တာမှ မဟုတ်ဘဲတဲ့။ (ဟုတ်တယ်… ကျွန်တော်မှားသွားတယ်၊ “အီစီကလီဟောင်း”လို့ ရေးရမှာလေ… 😀 ) သူ့ယောက်ျားက ကျွန်တော့်စာတွေ ဖတ်တယ်တဲ့။ တွေ့သွားမှာတဲ့။ ဘာမှတော့ မပြောပါဘူးတဲ့။ ဒါပေမယ့် မကောင်းဘူးတဲ့။ ဟား… သူ့ယောက်ျားကျတော့ သိတတ်လိုက်တာ၊ မိန်းမချင်း ဖြစ်တဲ့ ကျွန်တော့် ဇနီးကျတော့ သူ့စာနာစိတ်က ဘယ်ရောက်သွားလဲ မသိဘူး။ သူပဲ ဖုန်းဆက်၊ လာတွေ့၊ လုပ်ချင်တိုင်း လုပ်နေတာတွေအတွက် ကျွန်တော့် ဇနီးကကျတော့ သံတုံးသံခဲကြီးနဲ့ လုပ်ထားတဲ့ လူမို့လား။ တော်တော် ချဉ်သွားတယ်။ သူ့ကို တစ်ခါတည်းလည်း စိတ်ပြတ်သွားတယ်။ အစက မိတ်ဆွေအနေနဲ့ သံယောဇဉ်နည်းနည်း ကျန်ချင်နေသေးတာတောင် အပြီး ငုပ်သွားပါတော့တယ်။

အမယ်… လုပ်ချက်ကလည်း သင်းသဗျ။ သူ့ဘလော့(ဂ်)မှာ ကျွန်တော်နဲ့ ပတ်သက်ခဲ့တဲ့အကြောင်း တင်လိုက်သေးတယ်။ (နောက်မှ လူမိသွားလို့ ပြန်ဖျက်လိုက်တာ၊ ကံကောင်းချင်တော့ Google Reader နဲ့ ကူးထားတဲ့ လူတစ်ယောက်က ကျွန်တော့်ဆီ ပို့ပေးလို့ အစအဆုံး ဖတ်ရတယ်။) အဲဒီ့ စာကို သူက ခေါင်းစဉ် တပ်ထားတာကျတော့ “Old.. B.. friend /2” တဲ့ခင်ဗျ။ ဟွန့်… ( B friend ဆိုတော့ ဟဲ… ဟဲ… “ခကွေး သူငယ်ချင်း”ပေါ့နော်။ တူက ရည်းစားဟောင်းလို့ ပြောတာမှ မဟုတ်တာပဲ။ 😛 )

သည်စာကို ပြန်ဖြန့်ဝေတဲ့အခါ မူရင်း လင့်(ခ်)ကိုသာ ချိတ်ဆက်ပေးတော်မူကြစေချင်ပါတယ်။ Cut & Paste လုပ်ပြီး ကိုယ့် Notes အဖြစ် မကူးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ မလွှဲသာလွန်းလို့ Cut & Paste လုပ်မယ်ဆိုရင်လည်း တစ်ပုဒ်လုံး ဘာတစ်ခုမှ မခြွင်းချန်ဘဲ၊ အထူးသဖြင့် အောက်ဆုံးက မူရင်း စာရေးဆရာရဲ့ နာမည်၊ မူရင်း စာအုပ်အမည်များအပြင် သည်လင့်(ခ်)ကိုပါ ဖြည့်စွက်ပြီး ကူးကြဖို့ မေတ္တာရပ်ခံပါရစေ။