Inside-the-box Thinking

အမေး ပီအိပ်(ခ်ျ)ဒီ ကျောင်းသူ၊ အဖြေ လီကွမ်ယု

အင်တာနက်ကျေးဇူးကြောင့် စင်္ကာပူသတင်းတစ်ပုဒ် ဖတ်ခွင့်ကြုံလိုက်ပါ တယ်။ အသက် ၂၇ နှစ်အရွယ် ပါရဂူဘွဲ့သင်တန်းတက်နေတဲ့ ဇီဝသိပ္ပံ ကျောင်းသူလေးတစ်ယောက်က စင်္ကာပူရဲ့ ဝါရင့် ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုကို ကျောင်းသား ၁၇၀ဝ ရဲ့ ရှေ့မှာ မေးခွန်းတစ်ခု မေးချလိုက်ပါတယ်။

အချိန်တိုအတွင်းမှာ တခြားနိုင်ငံက ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေ  အောတိုက်နေတာမို့ စင်္ကာပူနိုင်ငံသူ၊ နိုင်ငံသားတွေမှာ အမျိုးသားရေးစိတ်တွေ ပျက်ယွင်းနေကြပြီ။ ဒါ့ကြောင့် သည်နိုင်ငံဟာ သူတို့ မိခင်နိုင်ငံဆိုတဲ့ ခံစားချက်တွေ ပြန်ရလာအောင် လူမှုရေးအရ စည်းလုံး ညီညွတ်မှု ရှိလာအောင် ကျွန်မတို့တွေ ဘယ်လို လုပ်ကြရင် ကောင်းမတုံးလို့ ကလေးမလေးက သူ့ထက် အသက် ၆၀ တိတိ ကြီးတဲ့ လီကွမ်ယုကို  မေးလိုက်တာပါ။
မေးခွန်းကို ဘိုးတော်က အတည့်မဖြေဘူး။ စစချင်း ပြန်ပြောတာက စင်္ကာပူနိုင်ငံရဲ့ အဆမတန် များပြားလာတဲ့ သက်ကြီးရွယ်အိုတွေ အကြာင်း ပြောတယ်၊ ပြီးတော့ စင်္ကာပူနိုင်ငံရဲ့ ကျဆင်းနေတဲ့ လူဦးရေ တိုးပွားနှုန်းအကြောင်း ပြောတယ်။ အဲဒါတွေကသာ စင်္ကာပူနိုင်ငံ့ခေါင်းဆောင်များ ခေါင်းခဲနေရတဲ့ ပြဿနာတွေလို့လည်း ဆိုတယ်။ “ကနေ့ မီးဖွားနှုန်းက ၁.ဝ၁ ပဲ ရှိတယ်။ တစ်နည်းပြောရင် အိမ်ထောင်ရှင်စုံတွဲတိုင်းမှာ ကလေး ၁.ဝ၁ ယောက်ပဲ ရှိတယ်။ ရွှေ့ပြောင်းအခြေချလာတဲ့ သူ တစ်နှစ်ကို ခြောက်သောင်းလောက်ရှိမှ ကျုပ်တို့ရဲ့ စီးပွားရေးကို ပျိုမျစ်နုနယ်စေလိမ့်မယ်လို့ မူဝါဒ လေ့လာရေး သိပ္ပံရဲ့ ကိန်းဂဏန်းတွေက ခပ်တင်းတင်းကြီး ပြဆိုနေပါတယ်။ အဲလောက်တော့ ကျုပ်တို့ မလုပ်နိုင်ဘူး။ နှစ်သောင်း၊ မသကာ နှစ်သောင်းခွဲလောက်ဆို တော်လောက်ပြီ။ ခြောက်သောင်းတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး”လို့ လီကွမ်ယုက ပြောပါတယ်။

အိမ်ထောင်ရှင်စုံတွဲတွေမှာ ကလေး ၁.၈ ယောက်နှုန်း၊ သည့်ထက် ပိုကောင်းတာက ကလေး ၂.၁ ယောက်နှုန်းလောက်အထိ မွေးနိုင်မှ လိုအပ်တဲ့ လူဦးရေကို ထေမိနိုင်မယ်လို့လည်း ဘိုးတော်က ပြောပါတယ်။

ပြီးတော့မှ လီကွမ်ယုက ကလေးမလေးကို မေးခွန်းပြန်ထုတ်ပါတယ်။

“ဒါထက် ညည်းအသက်က ဘယ်လောက်ရှိပြီလဲ”

“နှစ်ဆယ့်ခုနစ်နှစ်ပါရှင့်”

ဆက်မေးတဲ့ မေးခွန်းတွေက ကြမ်းတယ်။ သွက်တယ်။ “ညည်းမှာ အိမ်ထောင်ရှိလား” (ဟင့်အင်း… ရှိဘူးရှင့်။) “ညည်း ပါရဂူဘွဲ့ပြီးဖို့ နောက်ထပ် ဘယ်နှနှစ်လိုသေးလဲ” (နှစ်နှစ်ပါရှင့်။) “ဒါဆို ဘွဲ့ရတဲ့အချိန်ဆို ညည်းအသက် ၂၉ နှစ်ပေါ့။ ညည်းမယ် ရည်းစာရော ရှိလား” (မရှိဘူးရှင့်။)

သည်မှာတင် ဘိုးတော်က အမျိုးသမီးတွေ မီးဖွားမှုဆိုင်ရာ ဇီဝဗေဒ သဘောတရားတွေကို ပြောပါတော့တယ်။ အသက် ၃၅ နှစ်နောက်ပိုင်းမှာ မျက်နှာပြားပြား၊ မျက်လုံးပိတ်ပိတ်နဲ့ ဦးနှောက်မမှန်တဲ့ ကလေးတွေ  မွေးလာနိုင်တာမျိုးလို အန္တရာယ်တွေ များပြားလာကြောင်း ဆက်ပြောတယ်။ “အဲတော့ ညည်းကို ကျုပ်အကြံပေးချင်တာက အချိန်မဖြုန်းပါနဲ့လို့ပဲဗျ။ ညည်းရဲ့ ပါရဂူဘွဲ့လည်းရ၊ ရည်းစားလည်း ရပါစေလို့ ကျုပ် ဆုတောင်းပေးလိုက်ပါသဗျာ”ဆိုတာနဲ့ စကားကို အဆုံးသတ်လိုက်တယ်။

၁၇၀ဝ ရှိတဲ့ ပရိသတ်က အုတ်အော်သောင်းသဲ ရယ်တယ်။ ကလေးမရဲ့ မျက်နှာလည်း ရဲရဲတွတ်သွားပါတော့တယ်။

သတင်းက မဆုံးသေးပါဘူး။ ကလေးမလေးကို သတင်းထောက်က မေးမြန်းထားတာတွေ ပါပါသေးတယ်။ ကလေးမလေး ရှက်သွားတဲ့အကြောင်း၊ ဖြစ်နိုင်ရင် အဲဒီ့အချိန်မှာ အငွေ့ပျံသွားချင်တဲ့အထိဖြစ်ရကြောင်း၊ ဘာညာ စတာတွေ ဆက်ရေးထားပါတယ်။

သို့သော် ကျွန်တော် ပြောချင်တာက အဲဒါတွေ မဟုတ်တဲ့အတွက် သတင်းကို အစအဆုံး ပြန်ပြောပြမနေတော့ပါဘူး။ ဒါလေးကို အင်တာနက်ပေါ်က ကျွန်တော့် စာမျက်နှာမှာ တင်လိုက်တော့ စာဖတ်သူတစ်ဦးက မှတ်ချက်ပေးလာတယ်။ “ဒါကတော့ အဲဒီ့ကလေးမ ညံ့လို့ပါ။ လီကွမ်ယုကို မမေးခင်မှာ လီကွမ်ယု ပြန်ပြောလာမယ့် တုံ့ပြန်ချက်တွေကို ကြို ပြင်မထားလို့ သူ ခံလိုက်ရတာပဲ။ နည်းတောင် နည်းသေး… တဲ့။

အဲဒါကို ကျွန်တော် အောက်ပါအတိုင်းပြန်ဆွေးနွေးဖြစ်သွားပါတယ်။

“ကလေးမ ညံ့ရခြင်းမှာ အကြောင်းနှစ်ချက် ရှိတယ်လို့ မြင်မိပါ တယ်။ ပထမတစ်ချက်ကတော့ ငယ်မာန်နဲ့ ပညာမာန်။ ဒုတိယအချက်က သူ့မေးခွန်းမှာ ပေါ်လွင်တယ်။ စလုံးမောင်မယ်တွေ အားလုံးလိုပဲ အလုပ်အကိုင် အခွင့်အလမ်း ကြုံ့ဝင်နေမှုဟာ နိုင်ငံခြားသားတွေ လှိမ့်ဝင်နေလို့ ဆိုတဲ့ အမြင်တစ်ခုတည်းကိုသာ သူက ကိုင်ဆုပ်ထားတယ်။ သည်အတွက် မူဝါဒ ချမှတ်သူတွေကိုသာ အပြစ်တင်ချင်တဲ့ သဘောက ရှိနေတယ်။ သည်မှာတင် ငါတို့မှာ ဘာတာဝန်ရှိလဲဆိုတာကို လုံးဝ မဆင်ခြင်မိတော့ဘဲ သူ့အမြင်က ပိတ်သွားတယ်။ အဲဒီ့မှာတင် သူ့ကိုယ်သူ ကာကွယ်ဖို့ ပြင်ဆင်ရကောင်းမှန်း မသိရှာတော့တာလို့ မြင်မိပါတယ်။ ယူတတ်ရင် သိပ် ကောင်းတဲ့ နမူနာပါ”လို့။

မှန်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ဟာ အင်မတန်မှ မာန်တက်လို့ ကောင်းတဲ့အရွယ်ဆိုတာ ၄၀ ကျော်ပြီး တကယ်ရင့်ကျက်လာရင် သဘောပေါက်လာပါတယ်။ ငယ်မူငယ်သွေး၊ ငယ်စိတ်ငယ်မာန်ဆိုတာ သည်အရွယ်တွေမှာ ဖြစ်တတ်တဲ့သဘောပါ။ ကျွန်တော်လည်း အဲဒီ့အရွယ်တုန်း က အဲလိုပါပဲ။ သိပ် ရှေ့နောက် မစဉ်းစားတတ်ဘူး။

သည်အထဲ ပါရဂူတန်းလောက်အထိ တက်နေပြီဆိုတော့ ပညာမာန်ကလည်း ဟိန်းဟိန်းထနေလောက်ပါပြီ။ တော်တော်တန်တန်ကို လူ မထင်ချင်တဲ့ စိတ်ကလေးက ဦးဆောင်နေမှာ သေချာပါတယ်။ သည်အခါ လီကွမ်ယုလို ပုဂ္ဂိုလ်ကြီးကိုတောင်မှ ခေတ်ဆွေး ဘိုးတော်ကြီးဆိုတဲ့ အတွေးက သိစိတ်နဲ့ပဲဖြစ်ဖြစ်၊ မသိစိတ်နဲ့ပဲ ဖြစ်ဖြစ် သူ့ရင်ထဲမှာ ကိန်းကောင်း ကိန်းနေနိုင်ပါတယ်။

ဒါပေမယ့် အဲဒါတွေထက် အရေးကြီးတာက ကျွန်တော်ဆွေးနွေးခဲ့သလို အမြင်ပိတ်နေတာပါ။ ပြဿနာတစ်ခုအပေါ် သုံးသပ်ရာမှာ ကိုယ့်ဘက်က ဘာလိုနေလဲဆိုတာထက် ခေတ်တွေ၊ စနစ်တွေ၊ မူဝါဒချမှတ်သူတွေကို အပြစ်ဖို့ရတာက ပိုလွယ်လွန်းလှသလို အလွန်အင်မတန်မှလည်း လူဆန်လှပါတယ်။ လူဆန်ဆို ကိုယ့်အတွက်ဆို တစ်ကွက်ချန် တွေးတတ်တဲ့ သဘာဝ၊ ကိုယ်က မှန်ပြီး သူများတကာကသာ မှားတယ်လို့ မြင်ချင်တတ်တဲ့ သဘာဝများနဲ့ လူသားတွေကိုး ခင်ဗျာ။

အဲတော့ ဟိုဘိုးတော်ကြီးက ချက်နဲ့ လက်နဲ့ တုံ့ပြန်လာမယ့် စကားတွေကို ကလေးမလေးက နည်းနည်းလေးမှ ကြိုတွက် မထားမိတော့ဘူး။ သည်လို လူမျိုးကို မေးခွန်းထုတ်မယ်ဆိုရင် ကိုယ့်ဘက်က ဘာတွေ ပြင်ဆင်ထားရမယ်ဆိုတာကိုလည်း သတိမမူနိုင်တော့ဘူး။ သည်မှာတင် လူကြားထဲမှာ သူ့အရှက် ဗျန်းဗျန်းကွဲသွားရရှာတော့တာပါပဲ။

ယူတတ်ရင် အင်မတန့်ကို ယူထိုက်တဲ့ သင်ခန်းစာလေးတစ်ခုပါ။ အထူးသဖြင့် ထစ်ခနဲရှိ တောင်ပြော၊ မြောက်ပြော ပြောလွယ်တဲ့ အာစ လျှာစများ ရှိနေကြသူ ကျွန်တော်တို့ ရွှေများအတွက် အင်မတန်မှ ဆင် ခြင်ထိုက်တဲ့ နမူနာလို့ မြင်မိရလို့ လက်ဆင့်ကမ်း ဖောက်သည်ချလိုက်ရပြန်တာပါပဲခင်ဗျား။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် – ၂၆၀၉၁၁)

[ကနေ့ (၁၃-၁၀-၁၁) ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၄ အမှတ် ၂၈ ပါ စာမူပါ။]

မနေ့ညက သည်ကလေးမနဲ့ အရွယ်ချင်း မကွာလှတဲ့ ကလေးမလေး တစ်ယောက်နဲ့ စကားတွေ အတော်များများ ပြောဖြစ်ခဲ့တယ်။ အခုစာထဲက ကလေးမလိုပဲ “အပိတ်တွေး”တွေနဲ့သာ ဖြစ်နေတာကို စိတ်မကောင်းစွာ တွေ့ရပါတယ်။ အဲလို ဖြစ်မယ့်သာ ဖြစ်နေတာ သူက စာနယ်ဇင်းနယ်ပယ်နဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ကျင်လည်နေသူရယ်ပါ။ သေချာ ပြန်စဉ်းစားကြည့်လိုက်တော့ သူ မွေးဖွားကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်က လူကြီးမိဘ ပြောလေမျှ အကုန်နာခံ၊ တစ်ခွန်းမှ ပြန်မမေးနဲ့ဆိုတဲ့ အပိတ်ဝန်းကျင် ဖြစ်တဲ့အပြင် ကျောင်းနေခဲ့တဲ့ ၀န်းကျင်မှာလည်း မေးခွန်းထုတ်တာကို အားမပေးဘဲ အရာရာကို အသေကျက်မှတ်ခိုင်းခဲ့တဲ့ အစဉ်အလာကြီးကို မြင်လာရတဲ့အခါမှာတော့ သူကလေး ပိတ်နေတာကို အပြစ်မတင်ရက်တော့ပါဘူး။ အင်း… သည်လိုပုံနဲ့ကတော့…