A smart dog and a foolish man

ခွေးလိမ္မာနဲ့ လူမိုက်

ခွေးတစ်ကောင် ဆိုင်ထဲ ဝင်လာတော့ အသားသည်လည်း မျက်လုံးပြူးသွားတယ်။ ဒါပေမယ့် ခဏနေတော့ ခွေးက ပြန်ဝင်လာတယ်။ မောင်းထုတ်တော့လည်း မသွားဘူး။ ပေပြီး ရပ်နေတာမို့ အသားသည်လည်း ခွေးနားကို သွားကြည့်လိုက်တော့ ခွေးရဲ့နှုတ်သီးမှာ စာရွက်တစ်ရွက် တွေ့ရပါလေရော။

ဒါနဲ့ အဲဒီ့စာရွက်ကို ဆွဲယူကြည့်လိုက်တော့ “မိုးခိုသား အစိတ်သားနဲ့ ပေါင်သား ငါးဆယ်သားရောင်းပါခင်ဗျာ။ ကျွန်တော့် ခွေးရဲ့ပါးစပ်ထဲမှာ ပိုက်ဆံ ထည့်ပေးလိုက်ပါတယ်” တဲ့။

အသားသည်လည်း ပါးစပ်အဟောင်းသားနဲ့ ခွေးကို လှမ်းကြည့်လိုက်တော့ ခွေးကလည်း သူ့ပါးစပ်ကို ဖြဲပြတယ်။ ဟုတ်ပ၊ အထဲမှာ ဆယ်ဒေါ်လာတန် ငွေစက္ကူတစ်ရွက်။

ဒါနဲ့ ပိုက်ဆံကိုယူ၊ မိုးခိုသားနဲ့ ပေါင်သားကို စာရွက်ထဲကအတိုင်း ချိန်တွယ်ပြီး အိတ်တစ်လုံးထဲထည့်၊ ပြီးတော့ ခွေးရဲ့နှုတ်သီးရှေ့မှာ တပ်ပေးလိုက်တော့ ခွေးကြီးက အသာအယာ ကိုက်ချီလိုက်တယ်။

ခွေးကြီးကို ကြည့်ပြီး အသားသည်က အရမ်းသဘောကျနေပြီ။ လိမ္မာ လိုက်တဲ့ခွေး။

ဆိုင်ကလည်း သိမ်းဖို့အဆင်သင့်ဖြစ်နေတာနဲ့ အတော်ပါပဲ။ အသားသည်လည်း ဆိုင်ကို တစ်ခါတည်း တန်းပိတ်ပြီး အဲဒီ့ ခွေးနောက်ကို လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။

ခွေးကလည်း ခပ်အေးအေးပဲ။ လူသွားစင်္ကြံပေါ်ကနေ လျှောက်သွားနေတယ်။ လမ်းဆုံလမ်းခွရောက်တော့ ခွေးက အချက်ပြမီးတိုင်ကို လှမ်းကြည့်လိုက်တယ်။ လူရုပ်ကလေးမှာ မီးလေးနီနေတယ်။ လမ်းကူးလို့ မရသေးဘူး ဆိုတဲ့ အထိမ်းအမှတ်ပေါ့။ အသားသည်လည်း အသာ ရပ်ကြည့်နေလိုက်တယ်။ လူရုပ်ကလေး မီးစိမ်းသွားတော့မှ ကိုရွှေခွေးကလည်း လမ်းဖြတ်ကူးတော့တယ်။ အသားသည်ကလည်း နောက်က တကောက်ကောက်။

သည်လိုနဲ့ ဘတ်(စ်)ကားဂိတ်ကို ရောက်လာကြတယ်။ ကားတွေ တစ်စီးပြီး တစ်စီး လာတယ်။ နံပါတ်ပေါင်းစုံ၊ အရပ်ပေါင်းစုံကို သွားမယ့် ကားတွေ။ ခွေးကလည်း ကားနံပါတ်တွေကို ကြည့်နေတယ်။ နောက်ဆုံးမှာတော့ ကားတစ်စီးပေါ်ကို ခွေးက တက်လိုက်တော့ အံ့ဩလို့ မဆုံးဘဲ ပါးစပ်အဟောင်းသားဖြစ်နေတဲ့ အသားသည်လည်း အဲဒီ့ ကားပေါ် လိုက်တက်သွားပါတော့တယ်။

ကားက ချောင်နေတော့ ကိုရွှေခွေးကလည်း ပြတင်းနားက ခုံတစ်လုံး ပေါ်မှာ အကျအန တက်ထိုင်လိုက်တယ်။ ဘတ်(စ်)ကားကလည်း မြို့ထဲက ပတ်မောင်းရင်း တဖြည်းဖြည်းနဲ့ ဆင်ခြေဖုံးကို ရောက်လာတယ်။ ကိုရွှေခွေးကလည်း လမ်းဘေးကို ငေးလို့။

တစ်နေရာ ရောက်တော့ ခွေးက နေရာက ထတဲ့ပြီး ကားရှေ့ခန်းက ထွက်ပေါက်ဆီသွားတယ်။ ပြီးတော့ နောက်ခြေနှစ်ဖက်ပေါ် ပတတ်ရပ်လို့ ရှေ့မှတ်တိုင်ပါတယ်လို့ အချက်ပေးတဲ့ လျှပ်စစ်ခေါင်းလောင်းခလုတ်ကို ရှေ့လက်တစ်ဖက်နဲ့ နှိပ်လိုက်တယ်။ အသားသည်လည်း ခွေးနောက်က ထပ်ကြပ်မကွာ။

သည်လိုနဲ့ အိမ်တစ်လုံးရှေ့ကို ရောက်သွားတယ်။ ခွေးက အိမ်အဝင် လှေကားထစ်ပေါ်မှာ အသားထုပ်ကို ချတယ်။ ပြီးတော့ နောက်ကို နည်းနည်း ပြန်ဆုတ်ပြီး အရှိန်ယူတယ်။ ပြီးတော့မှ တအားပြေးတဲ့ပြီး တံခါးကို သူ့ကိုယ်လုံးနဲ့ တိုက်ဖွင့်ဖို့ကြိုးစားပါတော့တယ်။ တစ်ချီလည်းမပွင့်၊ နှစ်ချီ လည်းမပွင့်၊ သုံးချီလည်း မပွင့်တော့မှ ခွေးလည်း တံခါးကို ပြေးတိုက်ပြီး ဖွင့်ဖို့ ကြိုးစားနေတာကို ရပ်လိုက်တယ်။ ပြီးတော့ အိမ်ဘေးကို သွားတယ်။ အဲ… ပြီးတော့မှ စောစောက သူဖွင့်လို့ မရတဲ့ တံခါးဝမှာ ငုတ်တုတ်ကြီး ထိုင်စောင့်နေပါတော့တယ်။

အသားသည်ကြီး အသာရပ်ကြည့်နေတုန်းမှာပဲ အိမ်တံခါးက ပွင့်လာတယ်။ တံခါးဖွင့် ပေးတဲ့သူက လူဝကြီးတစ်ယောက်။ တံခါး ဖွင့်ပြီးပြီးချင်းမှာပဲ အဲဒီ့လူဝကြီးက ခွေးကို ဆဲဆိုရုံတင်မက ခြေထောက်နဲ့ပါ လှိမ့်ကန်နေတော့တယ်။

အသားသည်လည်း ဘယ်လိုမှ မနေနိုင်တော့ဘဲ သူတို့အနားကို အပြေး ရောက်သွားပြီး လူဝကြီးကို တားမိတယ်။

“နောင်ကြီး ဘယ်လိုလုပ်လိုက်တာလဲဗျာ။ နောင်ကြီးရဲ့ခွေးက အင်မတန် ကို လိမ္မာတဲ့ခွေး၊ ရှာမှ ရှားတဲ့ ခွေးပါဗျာ။ ဒါကိုပဲ နောင်ကြီးက ဘာလို့ ဆဲဆို ကန်ကြောက်နေရတာတုံးဗျာ…”

လူဝကြီးက အသားသည်ကို ပြန်ပြောတယ်။

“ဘာ လိမ္မာတဲ့ ခွေးလဲဗျ။ ဘာ ရှာမှ ရှားတဲ့ ခွေးလဲဗျ။ ခင်ဗျား ဘာသိလို့တုံး။ သည်တစ်ပတ်ထဲမှာတင် သည်ကောင် အိမ်သော့ မေ့ပြီး ကျုပ်ကို လာလာနှိုးရတာ နှစ်ခါရှိနေပြီ” တဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ စာဖတ်သူ လူကြီးမင်း ပြုံးများ ပြုံးမိသွားသလား။ အပြုံး မစောစေချင်သေးဘူးဗျာ။

မယုံရင် ပုံပြင်မှတ်ဆိုတဲ့အတိုင်း ကျွန်တော်လည်း ပုံပြောမိသွားတာပါ။ ဒါပေမယ့် ပုံပြင်တို့ရဲ့ ထုံးစံအတိုင်း နောက်ကွယ်မှာ စဉ်းစားစရာတွေက အပုံကြီး ကျန်နေပါတယ်။

တကယ်တော့ ဒါဟာ “လူ့အလို နတ်မလိုက်နိုင်” ဆိုတဲ့ သဘောကို ပြဆိုတဲ့ ပုံပြင်လေးပါပဲ။ လူအတော်များများဟာ ကိုယ့်မှာရှိနေတာလေးတွေနဲ့ မရောင့်ရဲနိုင်ကြဘူး။ အထူးသဖြင့် တစ်ဖက်သားက ပေးနိုင်သလောက်ပေး နေတာ၊ လုပ်နိုင်သလောက်လုပ်နေတာကိုလည်း မတင်းတိမ်နိုင်ကြဘူးဆိုတာကို သည်ပုံပြင်လေးက ပြဆိုနေပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပုံပြင်ထဲက လူဝကြီးလို မိဘတွေ၊ သားသမီးတွေ၊ ညီအစ်ကို မောင်နှမတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေ၊ အလုပ်ရှင် အလုပ်သမားတွေနဲ့ ပြည့်နှက်နေပါတယ်။ တစ်ဖက်သားက လုပ်နိုင်သလောက် လုပ်ပေးနေပါလျက်ကနဲ့ အကောင်းမမြင်နိုင်တဲ့သူတွေ၊ မတင်းတိမ်နိုင်တဲ့သူတွေထဲမှာ ကျွန်တော်လည်း တစ်ခါတစ်ရံ ပါနေတတ်သလို စာဖတ်သူလူကြီးမင်းလည်း တစ်ခါမဟုတ် တစ်ခါတော့ ပါခဲ့ဖူးမှာပါ။ ပုံပြင်လေး ဖတ်ပြီး အဆုံးမှာပြုံးမိပေမယ့် တကယ်တမ်းမှာ ကိုယ်ကိုယ်တိုင်လည်း ပုံပြင်ထဲက လူဝကြီးလိုပဲ ပြုမူ ကျင့်ကြံခဲ့ဖူးတဲ့ အကြိမ်ပေါင်းများစွာကိုတော့ မေ့လျော့နေမိပါလိမ့်မယ်။

လူတွေဟာ ဘာကြောင့် အဲသလို ဖြစ်နေတာလဲလို့ စေ့စေ့တွေးကြည့်ရင် ရေးရေးပေါ်လာပါလိမ့်မယ်။ တကယ်တော့ “ကိုယ့်အလို၊ ကိုယ့်ဆန္ဒ” ဆိုတာကိုသာ တစ်သမတ်တည်း ဦးစားပေးမိကြလို့သာ အဲသလို ဖြစ်နေကြရတာပါ။ “ကိုယ့်အလို၊ ကိုယ့်ဆန္ဒ”ကို ခဏဘေးချိတ်ပြီး “သူတစ်ပါး” ဆိုတာကို စဉ်းစားလိုက်မယ်ဆိုတာနဲ့ တစ်ပြိုင်နက် ဘဝမှာ ပိုမိုတိုးတက် ဖြစ်ထွန်းလာတာကိုလည်း တွေ့နိုင်ပါတယ်။

စိတ်ချမ်းသာနေတဲ့သူ၊ ကြီးပွားအောင်မြင်နေတဲ့သူတွေ အားလုံးဟာ “ကိုယ့်အလို၊ ကိုယ့်ဆန္ဒ”ထက် “တစ်ပါးသူများရဲ့ အရည်အသွေး အစွမ်းအစတွေ” ကို အာရုံ စိုက်တတ်၊ အသုံးချတတ်၊ ခန့်ခွဲတတ်သူတွေချည်း ဖြစ်နေတာကို သတိထားကြည့်ရင် မြင်လာပါလိမ့်မယ်။ ဒါတင်မကသေးဘူး။ စိတ်ချမ်းသာနေတဲ့သူ၊ ကြီးပွားအောင်မြင်နေတဲ့သူတွေ အားလုံးဟာ ကိုယ့်အလုပ်အပေါ်မှာ သစ္စာရှိရှိ၊ ရိုရိုသေသေနဲ့ စေတနာထားပြီး ဆောင်ရွက်နေကြသူများလည်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် “လောဘဇော” ဆိုတာကို ရှေ့တန်း မတင်ဘဲ ကိုယ့်အရည်အချင်း အစွမ်းအစနဲ့ ကိုယ့်လုပ်ရည်ကိုင်ရည်ကိုသာ အပြည့်အဝ အသုံးချသူများသာ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ အောင်မြင် ထွန်းပေါက်နိုင်တာပါ။

ကျွန်တော် ပြန်ပြောပြတဲ့ ပုံလေးကို အခါမလပ် သတိရနေကြမယ် ဆိုရင်တော့ စာဖတ်သူ လူကြီးမင်းလည်း ဘဝမှာ ဆထက်ထမ်းပိုး တိုးပြီး စိတ်ချမ်းသာလာမယ်လို့ ကျွန်တော်ကတော့ မမှိတ်မသုန် ယုံပါတယ်။ “အဲသည့် အတိုင်းယုံလိုက်ပါ စာဖတ်သူ လူကြီးမင်းရယ်”လို့တော့ ကျွန်တော် မပြောချင်ပါဘူး။ စာဖတ်သူ လူကြီးမင်းမှာလည်း ကိုယ်ပိုင်စဉ်းစားဥာဏ်နဲ့ ကိုယ်ပိုင်အသိတွေ ရှိနေတာပဲ။ ကျွန်တော်ပြောတာ နည်းလမ်းကျ/မကျ၊ ယုတ္တိတန်/မတန် ကိုယ်ပိုင်ဉာဏ်နဲ့သာ ဆင်ခြင်ကြည့်တော်မူကြပါတော့ ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၂၀ဝ၂ ခုနှစ် ဩဂုတ် ၈ ရက်ထုတ် “အတွေးသစ်ဂျာနယ်” အတွဲ ၂ အမှတ် ၉၄ တွင် ဖော်ပြခဲ့ပြီး 
လက်တွဲဖော်စာအုပ်တိုက်က စာမူခွင့်ပြုချက်အမှတ် ၁၆၁၀/၂၀၀၃(၁၁) နဲ့  ၂၀၀၄ ခုနှစ် ဇန်န၀ါရီလမှာ 
ထုတ်ဝေခဲ့တဲ့ “ဘ၀တူရိယာ” စာအုပ်ထဲမှာ ပြန်လည်ဖော်ပြထားတဲ့ စာတစ်ပုဒ်ပါ။) 
 

ကျိန်စာ – သည် ဘလော့(ဂ်)ပေါ်က စာတွေကို လင့်(ခ်)လည်း မချိတ်၊ မူရင်းစာရေးသူနဲ့ စာအုပ်စာတမ်းတွေကိုလည်း မဖော်ပြဘဲ လိုချင်တာလေးတွေသာ ကွက်ပြီး cut & paste လုပ်ကာ ကူးကြသူတွေ စိတ်ဝင်စားစရာ အခုထက် ပိုပေါတဲ့ လောကမှာ အဖန်ဖန် လူပြန်ဖြစ်ကြပါစေသတည်း။