A View of A Couple of Venerable Monks on My Works

မျိုးဆက်ပွား ကျန်းမာရေးတွေ ရေးခဲ့တဲ့အပေါ် ထေကြီးဝါကြီး နှစ်ပါးရဲ့ အမြင်

ကျွန်တော့်ရဲ့ “သားငယ်တို့ နားလည်ဖို့”ဆိုတဲ့ စာတွေ စာအုပ် ဖြစ်မလာခင် သရဖူ မဂ္ဂဇင်းမှာ အခန်းဆက် ဖော်ပြနေဆဲမှာပဲ ဝေဖန်သံတွေ ဆူညံ ပွက်လောရိုက်ကုန်ပါတယ်။ အဓိကကတော့ အိမ်ထောင်ပြုထား၊ သားသမီး မွေးထားကြသူများပေမယ့် အဲဒီ့ မျိုးဆက်ပွား ကျန်းမာရေး ကိစ္စကို လူသိရှင်ကြား မချပြ မဆွေးနွေးသင့်ဘူးဆိုတဲ့ အယူအဆနဲ့ ကျွန်တော့်ကို တိုက်ခိုက်ကြတာပါ။ အဲလို ပြောကြတဲ့အထဲက ပုဂ္ဂိုလ်ရေးပါ ထည့်တွယ်ထားတဲ့ ဝေဖန်စာ တစ်စောင်ကြောင့် သရဖူ မဂ္ဂဇင်း စီစဉ်သူများတောင်မှ ထိတ်ပျာပြီး ကျွန်တော့်စာကို ဆက်လက် ဖော်ပြသင့်၊ မဖော်ပြသင့် ခေါင်းချင်း ရိုက်ကုန်ခဲ့ရပါသေးတယ်။ ကျွန်တော်ကတော့ ကျွန်တော့် စေတနာ ကျွန်တော် ယုံတာမို့ ဆက်ရေးခဲ့ပါတယ်။ ပြီးတော့ စာအုပ် ထုတ်ခဲ့တယ်။ စာအုပ် ထွက်လာပြီးတဲ့နောက်မှာ ကျွန်တော့်ဆီကို စာတွေ အများကြီး ရောက်လာတယ်။ အဲဒီ့စာတွေထဲက သင့်နိုးရာရာစာပေါင်း ၃၄ စောင်ကို သမီး မိန်းကလေးတွေအတွက် ရည်ရွယ်ရေးသားတဲ့ “မီးငယ်တို့ အသိကြွယ်ဖို့”စာအုပ်ရဲ့ နောက်ဆုံးမှာ ပုံနှိပ်ဖော်ပြထားခဲ့ပါတယ်။

“မီးငယ်တို့ အသိကြွယ်ဖို့”ကို ထုတ်ဝေခဲ့တာတောင်မှ ၆ နှစ် ရှိခဲ့ပါပြီ။ သို့ပေမယ့် အရိုးတွန်တယ်ပဲ ပြောရမလား မသိဘူး။ သည်စာအုပ်တွေ ကျွန်တော် ရေးသား ထုတ်ဝေခဲ့တာကိုပဲ အခုကျတော့မှ သည်စာအုပ်တွေ အစ ပြန်ကောက်ပြီး  တောင်ပြော မြောက်ပြော ပြောချင်သူတွေ ပေါ်လာတာ တွေ့လာရပြန်ပါတယ်။

အင်တာနက်ပေါ်က ကျွန်တော့်စာလောက်သာ ဖတ်ဖူးပြီး ကျွန်တော့် စာအုပ်တွေ လုံးဝ မဖတ်ဖူးသူတွေ အယူအကောက် လွဲအောင် ကျွန်တော်ကပဲ မတော်မတည့်တွေ ရေးထားသလိုလို မှိုင်းတိုက်စကားတွေ ဖတ်ရတဲ့အခါ ပြုံးမိရပါတယ်။

ကျွန်တော်ရေးတဲ့စာဟာ ဘယ်လိုစာမျိုးလဲဆိုတာ မသိသေးသူတွေ စနည်းနာနိုင်အောင် “မီးငယ်တို့ အသိကြွယ်ဖို့” စာအုပ်ရဲ့ စာမျက်နှာ ၂၀၇ နဲ့ ၂၀၈ မှာ ဖော်ပြခဲ့တဲ့ ဆရာတော် “ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)”နဲ့ အောင်မင်္ဂလာတိုက်သစ်က “စာချ နာယက ဆရာတော်  အရှင် နာရဒ (ဓမ္မာစရိယ၊ ဝိနယဓရ)” တို့ ရေးသားချီးမြှင့်တော်မူခဲ့ကြတဲ့ မှတ်ချက် နှစ်ပုဒ်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

(စကားစပ်တုံး ပြောရရင် အဲဒီ့ စာဖတ်သူများဆီက တုံ့ပြန်စာ ၃၄ စောင်မှာ သည်ဆရာတော်နှစ်ပါး အပါအ၀င် ရဟန်းတော် သုံးပါးရဲ့ စာများကို ပြန်လည် ဖော်ပြထားပါတယ်။ သရဖူ မဂ္ဂဇင်း ထိတ်ပျာသွားအောင် လုပ်ခဲ့တဲ့ ဝေဖန်စာကိုလည်း အဲဒီ့စာအုပ်မှာပဲ ဖော်ပြပေးခဲ့ပါတယ်။ အံ့အားသင့်စရာ ကောင်းတာက အဲဒီ့ တစ်စောင်ပဲ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို မပြင်ဘဲ လူချချင်တဲ့ စိတ်နဲ့ ရေးထားတာဖြစ်ပြီး ကျန် ၃၃ စောင်က ကျွန်တော့်ကို ကျေးဇူးတင်ကြောင်း ရေးထားတာတွေ ဖြစ်နေတာပါပဲ။)

အမေရိကန် စာရေးဆရာ၊ ကထိက၊ မိမိကိုယ်မိမိ တိုးတက်ရေး၊ အရောင်းမြှင့်တင်နည်း၊ လူအများရှေ့ စကားပြောနည်း၊ ပေါင်းသင်းဆက်ဆံနည်းစတဲ့ နည်းလမ်းများကို ဖော်ဆောင်ခဲ့သူ ဒေး(လ်) ခါနက်ဂျီ (၁၈၈၈-၁၉၅၅) ကတော့ ပြောဖူးတယ်။ “ဘယ်လူ့အန္ဓမဆို ဝေဖန်နိုင်၊ ရှုံ့ချနိုင်၊ ညည်းညူနိုင်ပါတယ်။ ဒါပေမယ့် နားလည်စာနာတတ်ဖို့နဲ့ ခွင့်လွှတ်တတ်ဖို့အတွက်ကျတော့ သတ္တိကောင်းဖို့ လိုသလို မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိဖို့လည်း လိုပါတယ်”တဲ့။

တောင်စွန်းဆရာတော်ရဲ့ မှတ်ချက်

၃၁-၈-ဝ၅

ဒကာ အတ္တကျော်သို့

“သားငယ် သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာ”ဆိုတဲ့စာအုပ်ကို ဖတ်ရှုမိရာက  “ဆူဒိုနင် (ခေါ်) အတ္တကျော်”ဆိုတဲ့ စာရေးဆရာကို တလေးတစား သိမှတ်ပြီး ထွက်သမျှ စာအုပ်တွေ မပြတ်ဖတ်ဖြစ်ခဲ့တာပဲ။ “ခြေရာပြိုးပြောက်”စာအုပ်မှာတော့ ဝတ္ထု တွေနဲ့ပတ်သက်လို့ (အမှန်အတိုင်း ပြောရရင်)  မိမိသဘောကျတဲ့ တခြား ဝတ္ထုတိုဆရာတို့ရဲ့ လက်ရာကို မမီပါဘူး။ သဘောကျမိတာကတော့ “ဝတ္ထုနောက်မှာ ပြောချင်တာ”လေးတွေကြောင့် ဝတ္ထုတိုဖတ်သူများအနေနဲ့ နောက်ခံနဲ့ ဝတ္ထုကို ချင့်ချိန် အကဲခတ်တတ်တဲ့ပညာရပ် တစ်ခုတော့ (ယူတတ်ရင်) ရနိုင်ကောင်းတယ်လို့ ထင်ပါတယ်။

အဲ… အခု အထူးပြောချင်တာကတော့ “သားငယ်တို့ နားလည်ဖို့” စာအုပ်ကိုပါပဲ။ ရှေးရိုးဆန်ဆန်အမြင်နဲ့ ကြည့်ရင်တော့ “မျက်စိရှက်၊ နားရှက်စရာ”လို့ ထင်ကြမလားပဲ။ သည်လို အထင်မှားမှုတွေကြောင့်ပဲ မျက်စိနဲ့ နားသာမကဘဲ “ရုပ်ရော နာမ်ပါ တစ်ခန္ဓာလုံး” ရှက်ရသူတွေကို တွေးကြည့်မိတော့မှ “သည်စာအုပ်မျိုးတွေ အထွက်နောက်ကျလေခြင်း”လို့ တမ်းတမိတော့တယ်။

သည်စာအုပ်နဲ့ ပတ်သက်လို့ ရဟန်းတော်တစ်ပါးအနေနဲ့ အတိုချုပ် မှတ်ချက်ချရမယ် ဆိုရင်တော့ “ဒါမျိုးတွေဟာ ကင်းနိုင်ရင် အကောင်းဆုံးပဲ၊ အဲ… မကင်းနိုင်ကြရင်တော့ သည်စာအုပ်ထဲက အကြောင်းအရာတွေကို သိထားရင် အကောင်းဆုံးပဲ”လို့ ပြောချင်ပါတယ်…

အဲ… တစ်ခုလည်း ထပ်ပြောချင်ပါသေးတယ်။ ဦးဇင်းနဲ့ရင်းနှီးတဲ့ ဇနီးမောင်နှံစုံတွဲ ငယ်လေးမှာ သားဦးလေး မွေးဖွားတော့ ကလေးက ချစ်စရာလေး ဖြစ်ပေမယ့် ခြေလက် အင်္ဂါတွေ ချွတ်ယွင်းနေတယ်။ သားဦးလေးဖြစ်ပေမယ့် ဟက်ဟက်ပက်ပက် မချစ်နိုင်ရှာကြဘူးပေါ့ဗျာ။ ခြွင်းချက်ပါတဲ့ ကျောက်မျက်ရတနာလေးလို ဖြစ်နေတယ်။ မိဘနှစ်ဦးစလုံး ကလည်း မိမိနဲ့ ညီတွေ၊ ညီမတွေ လိုဖြစ်နေလို့ အကြောင်းစုံမေးကြည့်တော့ ကာလပေါ် တားဆေးကို စားမိရာက အကုန်မတားနိုင်ဘဲ တချို့တစ်ဝက် တားမိသလိုကြီး ဖြစ်သွားတဲ့ သဘောလို့ သုံးသပ်မိလိုက်တယ်။ သည်လိုအဖြစ်မျိုးတွေနဲ့ ပတ်သက်လို့ ဒါဟာ တားဆေးကြောင့် ဘေးဖြစ်တာ ဟုတ်မဟုတ် ဆိုတာရယ်၊ နည်းအမျိုးမျိုးတို့ရဲ့ ကောင်းကျိုးနဲ့ ဆိုးပြစ်ရယ်လို့ သီးသီးသန့်သန့် နှိုင်းယှဉ်တင်ပြပေးဖို့လည်း အကြံပြုချင်ပါတယ်။

သည်စာအုပ်ထဲက အကြောင်းအရာတွေဟာ ခုမှပဲ သည်လောက်အထိ သိရတာပါ။ တကယ်လို့ အရင်ကတည်းက သိထားပြီး “သည်အကြောင်းအရာကို လူငယ်လေးတွေ သိထားသင့်တယ်”လို့ သဘောပေါက်မယ်ဆိုရင်ကော ဆရာအတ္တကျော်လို ရေးရဲပါ့မလားလို့ ကိုယ့်ဟာကိုယ် ပြန်မေးကြည့်မိတယ်။ “မရေးရဲရင် မရိုးသားရာကျမှာပေါ့”လို့ စောဒကတက် ကြည့်တယ်။ မလွယ်ဘူးဗျို့။ “စိတ်ရိုင်းကို ကိုယ်ယဉ်ကျေးဟန်နဲ့ ဖုံးကွယ်တတ်တဲ့ ရိုးရာ ဟန်ဆောင်မှုဆိုတဲ့ လောင်းရိပ်ကြောင့်လို့ပဲ” (ကိုယ့်ဘက်ကိုယ် သာသာထိုးထိုးလေး ဆင်ခြေပေးပြီး) မှတ်ချက်ချလိုက်မိပါတယ်။ (ရှက်တော့ ခပ်ရှက်ရှက်ပဲဗျာ၊ မတတ်နိုင်ဘူး။)

အမှန်ကတော့ သည်လိုပညာပေးမျိုး မရေးရဲတာဟာ ရိုးရာဟန်ဆောင်မှုလို့ ပြောရမှာထက် “အလွန်ကရုဏာတရား ခေါင်းပါးမှု”လို့ ပြောရမှာဗျ။

ဟုတ်တယ်လေ၊ မြတ်စွာဘုရားရှင်ရဲ့ ဝိနည်းသိက္ခာပုဒ်တွေမှာ ရဟန်းတို့အတွက် ဒုဋ္ဌုလ္လဝါစာလို့ခေါ်တဲ့ အမျိုးသမီးတို့ရဲ့ ဟိရိကောပါန အင်္ဂါများနဲ့ ပတ်သက်ပြီး ပညတ်တဲ့ သိက္ခာပုဒ်မှာ မပြောသင့်တဲ့ စကားလုံးတွေ တစ်တစ်ခွခွ ဖော်ပြထားသလို ဘိက္ခုနီမများအတွက် ကိုယ်လက်သန့်စင်မှုနဲ့ ပတ်သက်တဲ့ သိက္ခာပုဒ်များမှာလည်း အတော်လေး အတွင်းကျကျနဲ့ အသေးစိတ် ပညတ်ထားချက်တွေ ပါပါတယ်။ ဒါကို အဋ္ဌကထာဆရာတော်က “မဟာကရုဏာရှင်”မို့သာ “မကြားဝံ့ တရား သူကြီး” ဆိုသလို မေးမြန်း ပညတ်တော်မူနိုင်ပါပေတယ်လို့ ချီးကျူးကြည်ညိုထားပါတယ်။

ဟုတ်တာပေါ့။ “ ပေါက်ဆိန်နဲ့ ထွင်းခံရမယ့်အရေးကို တွေးပြီး ကရုဏာသက်လို့ အပ်နဲ့ ကြိုပြီး ထွင်းပေးတဲ့ သဘောပဲ”ဆိုတာ အခုမှ တရေးရေး သဘောပေါက်လာတယ်။

ဆရာအတ္တကျော်ကို ဘုရားနဲ့ ယှဉ်ပြီး မတန်မရာ ချီးကျူးနေတာမဟုတ်ပါဘူး။

ဘုရားလည်း ဘုရားအတိုင်းအတာနဲ့ ကရုဏာထားသလို မိဘလည်း မိဘအတိုင်းအတာနဲ့ ကရုဏာထားသင့်တာမို့ “ဆရာအတ္တကျော် မိဘပီသပါပေတယ်”လို့ (သိပ်ပြီး အတ္တ လွန်မသွားဘူးဆိုရင်) လှိုက်လှိုက်လှဲလှဲပဲ ချီးကျူးလိုက်ပါရစေ။

“နောင်လာနောက်သားတွေ ကိုယ်လို မညံ့စေချင်ရင် ကိုယ်သိထားသမျှ မကွယ်မဝှက် လက်ဆင့်ကမ်းခဲ့၊ အဲဒါ သက်ကြီးတို့ရဲ့ ကရုဏာပဲ”လို့ သဘောရပါတယ်။

ကရုဏာတရားများ ဆက်လက်တိုးပွားနိုင်ပါစေ…

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
တစ်ဆင့် – ကံဦးကျောင်း၊ မဟာညောင်ကုန်းတိုက်
ဗိုလ်တထောင်ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ ရန်ကုန်မြို့

စာချ နာယက ဆရာတော် တစ်ပါးရဲ့ မှတ်ချက်

၂၅-၄-ဝ၅

ဒကာ အတ္တကျော်

အတွေးသစ်ဂျာနယ်မှာ ဒကာရဲ့ဆောင်းပါးများ စတင်ဖတ်မိကတည်းက ကြိုက်သွားတာ။ ဒါနဲ့ အပတ်စဉ် မလွတ်တမ်း စောင့်ဖတ်ရတဲ့အထိပါပဲ။ စာချ တာဝန်ကိစ္စတွေနဲ့ စာအုပ်ဆိုင်တွေဘက် မရောက်ဖြစ်ပါ။ တစ်နေ့တော့ ဈေးပွဲတော် လေ့လာရင်း ၁၀-၁-၂၀ဝ၅ နေ့က ဆရာစံပလာဇာရှေ့မှာ တွေ့တာနဲ့ ဝယ်ဖတ်ဖြစ်တာပါ။

စာအုပ်တွေ အစုံတွေ့သော်လည်း အတွေးသစ် စာအုပ်အညွှန်းကဏ္ဍကို ဖတ်ရှုထားပြီးမို့ “သားငယ်တို့ နားလည်ဖို့” ကို ရွေးချယ်ဝယ်ယူတော့တာပါပဲ။

ဖတ်ရင်းနဲ့ နောက်ဆုံးက အထူးအစီအစဉ်ကို တွေ့ကတည်းက ပို့ဖို့ရာပါပဲ။ သို့သော် သာသနာရေးကိစ္စများကြောင့် စောစီးစွာ မပို့ဖြစ်ခဲ့ပါ။ ဒါ့ကြောင့် အခုမှ သတ်မှတ်ရက် နီးကပ်သော်လည်း ပို့ဖြစ်အောင် ပို့မယ်ဆိုပြီး ပို့လိုက်ရခြင်းပါ။

သည်ရက်အတွင်းမှာပဲ မောဟပြေ ၁-၂-၃၊ ဖြေတွေး – လေးအုပ် ထပ်ဝယ်လိုက်ပါတယ်။

“နေပျော်တဲ့ဘဝ”ကို သုံးလပိုင်းက ဝယ်ဖတ်ပြီး မိမိနေရပ် အပြန်မှာ ဖတ်ရှုသူတို့ ကြိုက်နှစ်သက်လို့ ထားခဲ့ရပါတယ်။ ဒါနဲ့ အခု ထပ်ဝယ်ရတာပါ။

“သားငယ်တို့ နားလည်ဖို့”စာအုပ်ကိုလည်း အစအဆုံးကြည့်ပြီး သဘောကျလွန်းလို့ ရှေ့ဆုံးစာမျက်နှာမှာ အခုလိုတောင် ရေးပေးထားလိုက်ပါတယ်။

“သားတို့အရွယ်
လူငယ် လူကြီး
သမီးလည်းပါ
ဆရာ မိဘ
သုတ ရှာလိုသူတို့အတွက်
မရှိမဖြစ် ပညာပေးလမ်းညွှန်” ဟူ၍…

“အောင်မြင်တိုးတက်ပါစေ”
ဒါပါပဲ

ဆက်လက်အားပေးဖတ်ရှုနေဦးမည့်
ဦးနာရဒ (စာချ နာယက)
အောင်မင်္ဂလာတိုက်သစ်၊ ရန်ကုန်မြို့
(သက်တော် ၄၅ နှစ်၊ ဓမ္မာစရိယ၊ ဝိနယဓရ)

Bobby

ဘော်ဘီ

သည်ကနေ့ နိုင်ငံရေးစကားတွေ ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။ ကနေ့အဖို့ ပရိသတ်ကြီးကို ပြောပြချင်တာလေးတစ်ခုရှိပါတယ်။ ဘာကိုလဲဆိုရင်တော့ ကျွန်တော်တို့ အမေရိကန်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆင်ခြင်တုံတရား ကင်းမဲ့လှသော အကြမ်းဖက်မှု အန္တရာယ်ရန်စွယ်အကြောင်းကို တိုတိုကျဉ်းကျဉ်း ပြောလိုက်ချင်တာပါ။ အဲဒီ့အန္တရာယ်ကြောင့် ကျွန်တော်တို့ မိခင်မြေမှာ အစွန်းအထင်းတွေ ဖြစ်နေရသလို လူတိုင်းလူတိုင်းရဲ့ ဘဝတွေလည်း စွန်းထင်းနေပါတယ်။

ဒါဟာ လူမျိုးတစ်မျိုးတည်းအတွက် ကြောင့်ကြစရာ အရေးအရာ မဟုတ်ပါဘူး။ အကြမ်းဖက်မှုရဲ့ သားကောင်တွေထဲမှာ လူမည်းတွေလည်းပါသလို လူဖြူတွေလည်း ပါတယ်။ ကြွယ်ဝသူတွေ ပါသလို နွမ်းပါးသူတွေလည်း ပါတယ်။ ငယ်ရွယ်သူတွေ ပါသလို အသက်ကြီးသူတွေလည်း ပါတယ်။ ကျော်ကြားသူတွေ ပါသလို လူမသိ သူမသိ အညတြတွေလည်း ပါပါတယ်။ အဲဒီ့သားကောင်တွေ အားလုံးမှာ တူညီတဲ့ အချက်ကတော့ တစ်ချက်တည်း ရှိတယ်။ အဲဒါကတော့ သည်သားကောင်တွေ အားလုံးဟာ တခြားသော လူသားများက ချစ်ခင် တွယ်တာကြသူတွေ၊ တခြားသော လူသားများအတွက် လိုအပ်နေသူတွေ ဖြစ်လေတဲ့ လူသားစင်စစ်များသာ ဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။

ဘယ်မှာနေတဲ့သူပဲဖြစ်ဖြစ်၊ ဘာအလုပ်လုပ်တဲ့သူဖြစ်ဖြစ် ဘယ်သူတစ်ဦး တစ်ယောက်မှ သည်လို ဆင်ခြင်ဉာဏ် ကင်းမဲ့လှတဲ့ သွေးချောင်းစီးမှုကို ရင်ဆီးပြီး ခံရလေမယ့်သူ နောက်တစ်ဦးဟာ ဘယ်သူဖြစ်လိမ့်မယ်ဆိုတာကို ကံသေကမ္မ မပြောနိုင်ပါဘူး။ အဲသလိုနဲ့ပဲ သည်အနိဋ္ဌာရုံ၊ သည်အကြမ်းဖက်မှု၊ သည်သွေးချောင်းစီးမှုကြီးဟာ ကျွန်တော်တို့ အမေရိကန်နိုင်ငံမှာ ဆက်ခါ၊ ဆက်ခါ၊ ဆက်ခါ ဖြစ်ပွားနေပါတယ်။

ဘာကြောင့် ဖြစ်နေတာလဲ။ အကြမ်းဖက်မှုကြောင့် ဘာအကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာသလဲ။ အကြမ်းဖက်မှုက ဘာတွေကိုများ ဖန်တီးပေးခဲ့ပါသလဲ။

တရားဥပဒေဆိုတဲ့ ခေါင်းစဉ်အောက်ကပဲ ဖြစ်စေ၊ တရားဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်၊ သို့တည်းမဟုတ် ဂိုဏ်းတစ်ဂိုဏ်းကနေ သွေးအေးအေးနဲ့ပဲဖြစ်ဖြစ်၊ ဒေါသစိတ်နဲ့ပဲဖြစ်ဖြစ်၊ အကြမ်းဖက်မှုကို တုံ့ပြန်တဲ့အနေနဲ့သော်လည်းကောင်း၊ အကြမ်းဖက်တဲ့အနေနဲ့သော်လည်းကောင်း  အမေရိကန်နိုင်ငံသားတစ်ဦးတစ်ယောက်ရဲ့အသက်ဇီဝိန်ကို ချွေလိုက်တဲ့အခါတိုင်းမှာ…

လူတစ်ဦးတစ်ယောက်အနေနဲ့ သူကိုယ်တိုင်အတွက်၊ သူ့သားသမီးတွေအတွက် ပင်ပန်းဆင်းရဲခြင်းကြီးစွာနဲ့ တလေးတနက် ရက်ယှယ် တည်ဆောက်ထားလေတဲ့ ဘဝပိတ်သားကို ကျွန်တော်တို့တွေ ဆုတ်ဖြဲလိုက်တဲ့အခါတိုင်းမှာ…

အဲသလိုတွေ ကျွန်တော်တို့ လုပ်လိုက်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာက ကျကျသွားပါတယ်ခင်ဗျား။

အဲသလို ဖြစ်ပင် ဖြစ်နေလင့်ကစား လူသားချင်း စာနာထောက်ထားမှုနဲ့တကွ ပျိုးထောင် ယဉ်ကျေးမှု ထွန်းကားလှပါတယ်လို့  ကျွန်တော်တို့ ကြွေးကြော်နေသမျှကို လစ်လျူရှုရာ ရောက်နေလေတဲ့ အကြမ်းဖက်မှုများ တစ်နေ့တခြား တိုးပွား မြင့်တက်နေတာကိုတော့ ကျွန်တော်တို့တွေ အသာလေး မသိချင်ယောင်ဆောင်နေမိကြသလိုပါပဲ။

အင်အားသုံးနေကြသူတွေ၊ အင်အားနဲ့ ထောင်လွှားနေကြသူတွေ၊ အင်အားသုံးဖို့ကို အာပေါင်အာရင်းသန်သန် ပြောဆိုနေကြသူတွေကို ကျွန်တော်တို့တွေ ဂုဏ်ပြု ချီးမြှောက်နေတာ တစ်ဆိတ် များလွန်းနေပါပြီ။ တခြားတစ်ပါးသော လူသားများရဲ့ တစ်စစီကြေပျက်သွားတဲ့ အိပ်မက်များအပေါ်မှာ စင်္ကြံလျှောက်ပြီးမှ ကိုယ့်ဘဝကို တည်ဆောက်လိုကြသူများအပေါ်မှာ ကျွန်တော်တို့တွေ ခွင့်လွှတ်ထားခဲ့တာလည်း တစ်ဆိတ် များလွန်းနေပါပြီ။

သို့ပေမယ့် သေချာတာကတော့ တစ်ခုတည်းပါပဲ။ အကြမ်းဖက်မှုကနေ အကြမ်းဖက်မှုများသာ မွေးဖွားပေးပါတယ်၊ ဖိနှိပ်မှုကလည်း လက်တုံ့ပြန်မှုကိုသာ မွေးဖွားပေးပါတယ်။ သည်တော့ကာ ကျွန်တော်တို့ လူ့ဘောင်တစ်ရပ်လုံးကို သန့်စင်သွားအောင် လုပ်နိုင်မှသာလျှင် ကျွန်တော်တို့တွေရဲ့ စိတ်နှလုံးထဲမှာ ကိန်းဝပ်နေလေတဲ့ သည်စိတ်အဆိုးအယုတ်ကြီးကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

သို့ပေမယ့် လူတစ်ယောက်အနေနဲ့ သူ့ညီအစ်ကိုရင်းချာတစ်ယောက်ကို မုန်းတီးအောင်၊ ကြောက်လန့်အောင် ကိုယ်က သင်ကြားပေးလိုက်မယ်ဆိုရင်၊ ဒါမှမဟုတ် သူ့ရဲ့ အသားအရောင်ကြောင့်ဖြစ်စေ၊ ကိုးကွယ်ယုံကြည်မှုကြောင့် ဖြစ်စေ၊ သူနှစ်သက် လက်ခံထားတဲ့ မူဝါဒကြောင့်ဖြစ်စေ၊ သူဟာဖြင့်ရင် တစ်ဆင့်နိမ့် လူသားသာ ဖြစ်တယ်လို့ လူတစ်ဦးတစ်ယောက်ကို ကိုယ်က သင်ကြားပေးလိုက်မယ်ဆိုရင်၊ အဲ… ဒါမှမဟုတ်လည်း ကိုယ်နဲ့ မတူတဲ့သူတွေက ကိုယ့်ရဲ့ လွတ်လပ်မှုကိုဖြစ်ဖြစ်၊ အလုပ်အကိုင်ကိုဖြစ်ဖြစ်၊ နေအိမ်ကိုဖြစ်ဖြစ်၊ မိသားစုကိုဖြစ်ဖြစ် ဒုက္ခပေးလိမ့်မယ်လို့ဖြစ်ဖြစ် သင်ကြားပေးလိုက်မယ်ဆိုရင် အဲဒီ့လူဟာ တခြားတစ်ပါးသူများကို ကိုယ်နဲ့ဘဝတူ လူသားများ၊ နိုင်ငံသားများအဖြစ် လူကို လူလို မမြင်တတ်တော့ဘဲ ရန်သူတွေအဖြစ်သာ မြင်တွေ့ ရင်ဆိုင်မိတော့မှာပါ။ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် ဆက်ဆံမှာ မဟုတ်ဘဲ အနိုင်ယူဖို့ သက်သက်သာ ဆက်ဆံဖြစ်တော့မှာပါ။ တန်းတူ ဆက်ဆံဖို့ထက် လက်အောက်ခံအဖြစ် သွတ်သွင်းဖို့သာ စိတ်ကူးတော့မှာပါ။

သည်လိုနဲ့ ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့ ညီရင်းအစ်ကိုတွေကို တခြား ဂြိုဟ်သားတွေလို ကြည့်တတ်လာပါတော့မယ်။ တစ်မြို့တည်းတော့ အတူနေကြပါရဲ့။ သို့ပေမယ့် အသိုင်းအဝိုင်းချင်း တခြားစီဖြစ်နေတဲ့ ဂြိုဟ်သားတွေပေါ့။  နေတဲ့နေရာချင်း တူလို့သာ ကျွန်တော်တို့နဲ့ ပတ်သက်နေရတာ၊ အားထုတ်မှုချင်းတော့ မတူဘူးလို့ တွေးဖြစ်နေပါတော့မယ်။ သည်လိုနဲ့ တစ်ယောက်တစ်ယောက် အပြန်အလှန် ကြောက်ရွံ့နေကြတာတွေ၊ တစ်ယောက်နဲ့တစ်ယောက် ကင်းကင်းရှင်းရှင်း နေချင်တဲ့ ဆန္ဒတွေသာ ပွားများလာမယ့်အပြင် သဘောထားကွဲလွဲမှုတွေကိုလည်း အင်အားသုံးပြီးသာ ဖြေရှင်းချင်စိတ်တွေကလည်း ပွားများလာတော့မှာ မလွဲပါဘူး။

သည်ကမ္ဘာမြေပေါ်မှာ ကျွန်တော်တို့တွေ ရထားတဲ့ ဘဝတာလေးက တကယ်တော့ တိုတောင်းလွန်းလှပါတယ်။ ကျွန်တော်တို့ လုပ်ရမယ့်အလုပ်ကကျတော့ မနိုင်ရင်ကာ ကြီးမားလွန်းလှတယ်။ အဲသလို ကြီးမားလှတဲ့ အလုပ် တာဝန်ကို ဆောင်ရွက်ကြဖို့အတွက် ကျွန်တော်တို့ရဲ့ မိခင်မြေပေါ်မှာ အဲဒီ့ စိတ်ဓာတ်ကြီးကို ရှင်သန်ပွင့်လန်းခွင့် မပေးသင့်တော့ပါဘူး။ အစီအမံ တစ်ခုခုနဲ့ ဖြစ်စေ၊ ဆုံးဖြတ်ချက်တစ်ရပ်ရပ်နဲ့ဖြစ်စေ သည်စိတ်ဓာတ်ကြီး အမြစ်ပြတ်သွားအောင် ဆောင်ရွက်နိုင်မှာ မဟုတ်တာလည်း အင်မတန်မှ သေချာလှပါတယ်။

သို့ပေမယ့် တစ်ကြိမ်တစ်ခါလောက်လေးပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ သတိရသင့်တာလေးတစ်ခုတော့ ရှိတယ်။ အဲဒါကတော့ ကျွန်တော်တို့နဲ့ အတူတကွ နေထိုင်ကြသူများ အားလုံးဟာ ကျွန်တော်တို့ရဲ့ ညီနောင်သားချင်းတွေသာ ဖြစ်တယ်ဆိုတာရယ်၊ ထိုသူများသည်လည်း ကျွန်တော်တို့နည်းတူ ဘဝတာတိုတိုလေးကို အခိုက်အတန့်မျှသာ ရရှိထားကြသူများသာ ဖြစ်တယ်ဆိုတာရယ်၊ သူတို့သည်လည်း ကျွန်တော်တို့နည်းတူ ကိုယ့်ဘဝကို ရည်မှန်းချက်ကလေးနဲ့ စိတ်လက်ချမ်းသာစွာ ရင်ဆိုင် ကျော်လွှားသွားချင်သူချည်းပဲ၊ ကျေနပ်မှုနဲ့ ပြည့်စုံမှုကို ကျွန်တော်တို့နည်းတူ ကိုယ်တတ်စွမ်းသမျှ ဆောင်ရွက်သွားချင်သူချည်းသာ ဖြစ်တယ်ဆိုတာရယ်လေးများကို သတိထားသင့်လှကြပါတယ်။

အဲသလို တူညီတဲ့ ကံကြမ္မာရဲ့ စည်းနှောင်မှု၊ တူညီသော ရည်မှန်းချက် ပန်းတိုင်မှုများရဲ့ စည်းနှောင်မှုက ကျွန်တော်တို့ကို စတင် သင်ပြပေးနေတာလေး တစ်ခု ရှိပါတယ်။ အခု ရင်ဆိုင် ကြုံတွေ့နေရသမျှကနေ အဖျင်းဆုံး ကျွန်တော်တို့ သိရှိ ကျင့်သုံးနိုင်တာတစ်ချက်ကတော့ ကျွန်တော်တို့ပတ်ဝန်းကျင်က လူသားတွေကို ကြည့်မြင်မိတဲ့အခါတိုင်းမှာ ကျွန်တော်တို့နဲ့ တန်းတူရည်တူ လူသားများအဖြစ် ကြည့်တတ်လာပါလိမ့်မယ်။ ကျွန်တော်တို့ကြားထဲမှာ ရှိနေကြတဲ့ အနာတရများကိုလည်း ပြန်လည် ဖာထေးနိုင်အောင် အနည်းနဲ့အများ အားထုတ်တတ်လာပါလိမ့်မယ်။ ပြီးတော့လည်း တစ်နိုင်ငံတည်းအတွင်းမှာ မှီတင်းနေထိုင်ကြသူ နိုင်ငံသားများ၊ ညီနောင်သားချင်းများသာဖြစ်တယ်လို့ ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲ ခံယူတတ်လာကြပါလိမ့်မယ် ခင်ဗျား။

၂၀ဝ၆ ခုနှစ် နိုင်ငံတကာ ရုပ်ရှင် အော်စကာ ဇာတ်ကားဆုအတွက် ဆန်ခါ တင် စာရင်းဝင်တဲ့ ကားတစ်ကားဖြစ်တဲ့ “ဘော်ဘီ”ဆိုတဲ့ ရုပ်ရှင်ကားရဲ့ ဇာတ်သိမ်းမှာ ပါဝင်တဲ့ “ရောဘာ့(ထ်) ဖရန်းဆစ်(စ်) ခယ်နက်ဒီ”ရဲ့ စကားတွေကို အစအဆုံး ပြန်ဆို တင်ပြလိုက်တာ ဖြစ်ပါတယ်။ မူရင်းဇာတ်ကားမှာက အကျော်အမော် သရုပ်ဆောင်တွေ အများအပြား ပါဝင်ပါတယ်။ အန်ထနီ ဟော့(ဖ်)ခင်း(စ်)၊ ရှယ်ရန် စထုံး၊ ဒယ်မီ မိုးတို့အပြင် လင်းဒဆေး လိုဟန်လို တက်သစ်စ သရုပ်ဆောင်မင်းသမီးလေးကအစ ပါဝင်တာမို့ အဟုတ်မှတ်ပြီး အစအဆုံး ထိုင်ကြည့်ခဲ့မိပါတယ်။

၁၉၆၈ ခုနှစ် ဇွန်လအတွင်းက သမ္မတ ရွေးကောက်ပွဲကာလအတွင်းမှာ မဲဆွယ်ပွဲ ကျင်းပရေးအတွက် ရောဘာ့(ထ်) ခယ်နက်ဒီ အခြေစိုက်ရာ သံအမတ်ကြီး ဟိုတယ်က ဝန်ထမ်းများနဲ့ လာရောက် တည်းခိုသူများအကြားမှာ ဖြစ်ပျက်သမျှကို ခုတ်ပြသွားရင်းက ရောဘာ့(ထ်)ခယ်နက်ဒီ လုပ်ကြံခံရပုံနဲ့ အဆုံးသတ်ထားတာ ဖြစ်ပါတယ်။ အဲဒီ့လုပ်ကြံမှုကြောင့် ကွယ်လွန်သွားလေသူ အထက် လွှတ်တော်အမတ် ရောဘာ့(ထ်)ခယ်နက်ဒီရဲ့ အရုပ်နဲ့ အသံကိုတော့ မူရင်းအတိုင်း ထည့်သွင်း သုံးစွဲထားပါတယ်။

ကျွန်တော် ပြန်ဆိုတင်ပြခဲ့တဲ့ သူ့နောက်ဆုံး မိန့်ခွန်းလေးက ကျွန်တော့်ရင်ကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ အဲဒီ့စကားတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ နီးပါးက သူ ပြောသွားခဲ့တာပါ။ ကနေ့ထက်တိုင် သူ့စကားတွေဟာ ကမ္ဘာကြီးအတွက် အသုံးဝင်နေ၊ လတ်ဆတ်နေပါသေးတယ်။ သည်စကားတွေ ပြောပြီးလို့ များမကြာခင် နာရီပိုင်း အတွင်းမှာလည်း သူကိုယ်တိုင် အကြမ်းဖက်မှုရဲ့ သားကောင်ဘဝကို ရောက်သွားခဲ့ပြီး ဇီဝိန်ချုပ်သွားခဲ့ပုံလေးကလည်း သံဝေဂရစချင်စရာ အင်မတန် ကောင်းလှတယ်။

ဘဝမှာ ကျွန်တော်တို့သည်လည်းပဲ အတိုက်အခိုက်ခံခဲ့ရတတ်စမြဲပါပဲ။ လူ့ခန္ဓာကို ထိခိုက်ချင်မှ ထိခိုက်မှာဖြစ်ပေမယ့် ဘဝတစ်ခုလုံး အလဲထိုးခံရတာတွေ၊ နာမည် ဂုဏ်သတင်းကို ထိခိုက်အောင် ထိုးနှက်တာတွေကိုလည်း သူသူကိုယ်ကိုယ် ကြုံရတတ်ပါတယ်။ အဲသလို ထိုးနှက်သူတွေကလည်း ကျွန်တော်နဲ့ ဘဝတူ လူသားတွေ၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်နေကြတဲ့ ညီနောင်သားချင်းတွေပါပဲ။ ကျွန်တော်တို့ နည်းတူ၊ သူတို့မှာလည်း သူတို့ကို မှီခိုနေတဲ့မိသားစုတွေ ရှိပါတယ်။ ကျွန်တော်တို့နည်းတူ သူတို့သည်လည်းပဲ သူတို့ဘဝလေးသူတို့ မရကုပ်ကပ် တည်ဆောက်ထားကြသူတွေပါပဲ။

သို့ပေမယ့် ကျွန်တော်တို့နဲ့သဘောထားချင်း မတိုက်ဆိုင်ခိုက်မှာတော့ ကျွန်တော်တို့သည်လည်း သူတို့နဲ့ ညီနောင်သားချင်းဆိုတာရော၊ ဘဝတူ လူသားတွေသာ ဖြစ်တယ်ဆိုတာကိုပါ မေ့ပြီး ကျွန်တော်တို့ကို ထိုးနှက်တိုက်ခိုက်ဖို့ အားထုတ်တတ်ကြပါတယ်။ တစ်ဖက်က ပြောရင်တော့ သဘောထားကွဲလွဲမှုလေးတစ်ခုကို အကြောင်းပြုပြီး လူနဲ့လူချင်း ရန်တုံ့နှင်းမိတတ်ကြတဲ့ ကျွန်တော်တို့ လူသားများရဲ့ အင်မတိ အင်မတန် လူဆန်တဲ့ သဘာဝလေးလို့ ဆိုနိုင်ပါ လိမ့်မယ်။

ရောဘာ့(ထ်) ခယ်နက်ဒီ သည်စကားကို ပြောလိုက်စဉ်အချိန်က အမေရိကန်နိုင်ငံဟာ ဗီယက်နမ်ကို တိုက်နေချိန်၊ အမေရိကန်စစ်သားတွေ အလုံးအရင်းနဲ့ သေကျေပျက်စီးနေချိန်၊ လူမည်းခေါင်းဆောင် ဒေါက်တာ မာတင် လူသာ ခင်း(ဂ်)လည်း လုပ်ကြံခံရလို့ တိမ်းပါးသွားချိန်ဖြစ်ပါတယ်။

သူ သည်စကား ပြောခဲ့တာ နှစ် ၄၀ ပြည့်ဖို့ တစ်နှစ်ပဲ လိုပါတော့တယ်။ သို့ပေမယ့် ကနေ့ အမေရိကန်နိုင်ငံသားများရဲ့ ဘဝဟာ ကျီးလန့်စာစား ဘဝမှာပဲ ဆက်လက် တည်ရှိနေသေးသလို အကြမ်းဖက်မှုတွေကလည်း ကမ္ဘာတစ်လွှားမှာ အတောမသတ်သေးပါဘူး။

ကျွန်တော်ကတော့ သူ့မိန့်ခွန်းလေးကို နားထောင်ရင်း ရင်ထဲမှာ လှိုက်ကနဲ ဖြစ်သွားမိရလို့ ချကူးလိုက်မိတဲ့အပြင် လုံးစေ့ပတ်စေ့လည်း ဘာသာပြန်ဆိုကာ စာဖတ်သူ လူကြီးမင်းများကို လက်ဆင့်ကမ်း ဖောက်သည်ချမိသွားပါပြီ။ သို့ပေမယ့် ကျွန်တော့်ကိုယ်တွေ့အထွေထွေနဲ့ နှိုင်းယှဉ်  ချိန်ထိုးမိတဲ့အခါကျပြန်တော့ လူတစ်ယောက်က ကိုယ်နဲ့ သဘောချင်းမတိုက်ဆိုင်သူ တခြားလူတစ်ယောက်အပေါ်မှာ “ဘဝတူ လူသားချင်းပါကလား”ဆိုတဲ့ စာနာထောက်ထားစိတ်ကလေး မွေးဖြစ်ဖို့ဆိုတာ အပြောလွယ်လှသလောက် အကောင်အထည်ဖော်ဖို့ သိပ်များ ခက်နေသလားလို့ စဉ်းစားနေမိရပါတယ်။

စာဖတ်သူ လူကြီးမင်းရော… ၃၁ ဘုံမှာ ကျင်လည်ကုန်သော ဝေနေယျ သတ္တဝါအားလုံးအပေါ်မှာ မိခင်က တစ်ဦးတည်းသောသားအပေါ်မှာ ထားတဲ့ မေတ္တာမျိုးနဲ့ အခါခပ်သိမ်း မေတ္တာထားနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ရာနှုန်းပြည့် ယုံကြည်မိပါသလားလို့ မေးကြည့်ချင်တဲ့ စိတ်ကလေးကလည်း ပေါက်လာပါတယ်။

သူများသာ လျှောက်မေးနေတာ… ခင်ဗျားကကျတော့ရောလို့ ကျွန်တော့်ကို မေးလာမယ်ဆိုရင်တော့… အမှန်အတိုင်းပဲ ဝန်ခံပါ့မယ်ဗျာ။ ကျွန်တော်ဟာ အန္ဓပုထုဇဉ်ဘဝမှာ ကျင်လည်နေဆဲမျှသာမို့ အဲသလောက်တော့ စိတ်သဘောထား မကြီး၊ မေတ္တမပွားနိုင်တာလည်း အသေအချာပါ။ သို့ပေမယ့် ခွေးရိုက်ချင်ရင် ခွေးရှင်မျက်နှာကြည့်ရတယ်ဆိုတဲ့ အခြေခံ နီတိလောက်ကိုတော့ လိုက်နာကျင့်သုံးတတ်တာမျိုးမို့ ကိုယ့်အမျက်ကြောင့် ကိုယ်နဲ့ ကွဲလွဲသူ လူတစ်ဖက်သား တစ်ဦးတစ်ယောက်တည်းသာမက သူ့နောက်က တစ်နွယ်ငင် တစ်စင်ပါတွေပါ နစ်နာကုန်မှာမျိုးကိုတော့ ဝေရာမဏိ ဝေးစွာ ရှောင်ကြဉ်တတ်ပါကြောင်းလောက်တော့ ခပ်ရဲရဲလေးပဲ ဝန်ခံလိုက်ချင်ကြောင်းပါခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၂၈၀၅၀၇)

၂၀၀၇ ခုနှစ် ဇွန်လအတွင်းက ထုတ်ဝေတဲ့ အတွေးသစ် ဂျာနယ်တစ်စောင်မှာ ဖော်ပြခဲ့ပြီး ယနေ့ထုတ် လက်တွဲဖော်စာအုပ်သစ် “မောဟရဲ့ မူလဘူတ”စာအုပ်ထဲမှာ ဖော်ပြထားတဲ့ စာတစ်ပုဒ်လည်း ဖြစ်ကြောင်းပါ။

On Suicidal Tendencies

မိမိကိုယ်ကို အဆုံးစီရင်ခြင်းနှင့် စပ်လျဉ်း၍

နိဒါန်း

အင်တာနက်လို့ ခေါ်တဲ့ နိုင်ငံတကာဆက်သွယ်ရေး ကွန်ရက်ပေါ်မှာ တစ်လောဆီက ရင်နင့်စရာ သတင်းတစ်ပုဒ် ဖတ်ရပါတယ်။ တိုင်းတစ်ပါးမှာ မိမိကိုယ်မိမိ အဆုံးစီရင်သွားသူ လူငယ်လေးတစ်ဦးရဲ့ သတင်းပါ။ အဲဒီ့သတင်းက မြန်မာ လူငယ်အများစု အသုံးပြုနေကြတဲ့ အင်တာနက်ပေါ်က လူမှုရေး ကွန်ရက်မှာ ပလူပျံနေသလို ပေးကြတဲ့ မှတ်ချက်တွေက အမျိုးမျိုးဖြစ်နေတဲ့အပြင် တကယ့် အချစ်သူရဲကောင်းတစ်ဦးပမာ တချို့က ရေးသားကြတာတွေလည်း ဖတ်ရတယ်။

သည်မတိုင်ခင် တစ်နှစ် နှစ်နှစ်လောက်တုန်းကလည်း အဲဒီ့ အင်တာနက်ကြီးထဲမှာပဲ၊ နယ်မှာ နေထိုင်သူ လူငယ်လေးတစ်ယောက်ဟာ အချစ်ရေးကိစ္စနဲ့ပဲ မိမိကိုယ်ကို အဆုံးစီရင်တဲ့သတင်းကို ဓာတ်ပုံနဲ့တကွ တွေ့ခဲ့ရဖူးပါသေးတယ်။ အဲတုန်းကလည်း လူမှုရေးကွန်ရက်စာမျက်နှာပေါ်မှာ ဝိုင်းရေးကြတဲ့ မှတ်ချက် အထွေထွေထဲမှာ အားကျစရာ အချစ်သူရဲကောင်းကြီးသဖွယ် ရေးထားကြတာလေးတွေလည်း ဖတ်လိုက်ရပါတယ်။

အဲဒါတွေကို ဖတ်ရတဲ့အခါ စိတ်ထဲ မကောင်းဖြစ်မိရသလို ဒါနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ရေးပြဖို့ လိုအပ်နေပြီဆိုတာလည်း သတိထားမိခဲ့ပါတယ်။ ပထမလူငယ်လေးရဲ့ သတင်းကို ဖတ်ရချိန်ကတည်းက ရေးချင်ခဲ့တာဟာ အခုကျတော့မှ အကောင်အထည်ပေါ်ပါတော့တယ်။

သတိထားသင့်တဲ့ အချက်

တကယ်တော့ မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းဟာ ယာယီ ပြဿနာကို ဘယ်တော့မှ ပြင်လို့ မရနိုင်တဲ့ နည်းနဲ့ ဖြေရှင်းလိုက်တာပါပဲ။

လောကဓံကို လူသားတိုင်း ရင်ဆိုင် ကြုံတွေ့ရစမြဲပါ။ ကျန်းမာခြင်း၊ မကျန်းမာခြင်း၊ အခြွေအရံများခြင်း၊ နည်းခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်း၊  ပိုက်ဆံရှိခြင်း၊ မရှိခြင်း၊ အလိုပြည့်ခြင်း၊ မပြည့်ခြင်း… အားလုံးသော အရာတိုင်းဟာ တကယ်တော့ လောကဓံတွေပါပဲ။ အလားတူပါပဲ၊ ချစ်သူနဲ့ ကွေကွင်းရခြင်း ဒုက္ခကိုလည်း လူငယ် လူရွယ်အတော်များများ ခံစားရတတ်ပါတယ်။

တစ်နည်းပြောရရင် “သေချင်စော်နံအောင်” စိတ်ညစ်စရာ ကောင်းလှတဲ့ ကာလတွေကို လူသားတိုင်း ရင်ဆိုင်ကြုံတွေ့ကြရစမြဲပါပဲ။ ကလေးတုန်းကလည်း ကလေးအလျောက် အလိုမကျစရာတွေနဲ့ ရင်ဆိုင်ရသလို လူငယ်ဘဝကျတော့လည်း လူငယ်အလျောက် စိတ်သောက ရောက်စရာတွေ တွေ့ကြရတတ်မြဲဖြစ်ကာ အသက်ကြီးလာတော့လည်း ကြီးလာတဲ့အလျောက် စိတ်ဒုက္ခ ခံစားရတတ်တာလည်း ရှောင်လွှဲလို့ မရတဲ့ လူ့ဘဝရဲ့ ဒုက္ခ၊ သုက္ခတွေပဲဆိုတာ စာဖတ်သူ လူကြီးမင်းများ လက်ခံနိုင်ကြမလား မသိဘူးခင်ဗျ။

ဆင်ခြင်တုံတရားလေး ရှေ့ထားပြီး သေချာ ပြန်စဉ်းစားကြည့်မယ် ဆိုရင်တော့ အဲဒါတွေဟာ ယာယီပါ။ အခိုက်အတန့်မျှသာ ဖြစ်ပါတယ်။ တချို့က စောဒက တက်ချင်ကြပါလိမ့်မယ်။ မဟုတ်ဘူး၊ ကျုပ်မှာဖြင့် တစ်ဘဝလုံး စိတ်ဆင်းရဲခဲ့ရတာ၊ တစ်ဘဝလုံး ဒုက္ခနဲ့ ရင်ဆိုင်ခဲ့ရတာ၊ အဆင်ပြေတယ်၊ ပျော်ရွှင်တယ်ဆိုတာ တစ်ခါဆို တစ်ခါဖူးမျှ မကြုံခဲ့ရဖူးပါဘူးလို့ ပြောကောင်းလည်း ပြောချင်ကြပါလိမ့်မယ်။ ဟုတ်ကဲ့ခင်ဗျာ၊ အဲလို ပြောနေပြီဆိုရင် ကိုယ်ဟာ အခု လောလောဆယ်မှာကို စိတ်ဆင်းရဲနေလို့သာ ဖြစ်ပါတယ်။ သည်ဘဝ၊ သည်အရွယ်၊ သည်စာကို ဖတ်နိုင်တဲ့အထိ နေလာခဲ့ပြီဆိုမှတော့ နာကျင်ခါးသီးစရာတွေနဲ့ချည်း တည်ဆောက်ထားတဲ့ ဘဝမျိုး မဟုတ်လို့သာပါ။

ဘယ်ဟာမှ မတည်မြဲတဲ့ အနိစ္စသဘောနဲ့ တည်ဆောက်ထားတဲ့ သည်လူ့လောကထဲမှာ အပျော်သည်လည်း မတည်မြဲ၊ အလွမ်းသည်လည်း မတည်မြဲ၊ အကောင်းသည်လည်း မတည်မြဲ၊ အဆိုးသည်လည်း မတည်မြဲတတ်တဲ့ သဘာဝနဲ့ချည်းသာမို့ အားလုံးဟာ ယာယီသာဖြစ်ပါတယ်။ အချိန်တန်တော့လည်း ကောင်းတာကိုပဲဖြစ်ဖြစ်၊ ဆိုးတာကိုပဲဖြစ်ဖြစ် ကျော်လွှား လွန်မြောက်သွားနိုင်ခဲ့ကြသူချည်းပါပဲ။

မိမိကိုယ်ကို အဆုံးစီရင်တယ်ဆိုတာကကျတော့ ရှေ့ဆက်လျှောက်နိုင်၊ ကျော်လွှားနိုင်သေးတဲ့ ဘဝခရီးကို မိမိသဘောနဲ့ မိမိ အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။ အသက်ဝိဉာဉ် ကင်းမဲ့သွားတဲ့ဘဝကို ရောက်သွားပြီဆိုမှတော့ ရင်ဆိုင်နေရတဲ့ ပြဿနာကို ကျော်လွှားနိုင်ခြင်းလည်း မရှိတော့သလို ကိုယ် မရခဲ့တာ၊ ကိုယ် မဖြစ်နိုင်ခဲ့တာများထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ရယူ ဖန်တီးနိုင်ခွင့်များလည်း ဆုံးရှုံးသွားပါပြီ။ ဘယ်လိုမှ ပြန်လည်ပြုပြင်လို့ မရတတ်နိုင်တော့တဲ့ နည်းနဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ ယာယီပြဿနာကို စိတ်လိုက်မာန်ပါ ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။

မိမိကိုယ်ကို အဆုံးစီရင်လိုခြင်းဟာ စိတ်ကျန်းမာရေး ပြဿနာ

လူတိုင်းလိုလိုဟာ “သေပဲ သေလိုက်ချင်တော့တယ်”ဆိုတဲ့ စကားမျိုး ပြောဖြစ်တတ်ကြသလို စိတ်ထဲမှာလည်း ခဏတဖြုတ်လောက် သေချင်စိတ် ဖြစ်တတ်ကြပေမယ့် တကယ့်လက်တွေ့မှာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားတဲ့အထိကကျတော့ စိတ်ကျရောဂါဝေဒနာကိုဖြစ်စေ၊ အစွန်းနှစ်ဖက် စံလွဲမှုလို့ ခေါ်တဲ့ စိတ်ကြွ၊ စိတ်ကျ ရောဂါဝေဒနာကို ဖြစ်စေ ခံစားနေရသူများသာ ဖြစ်တတ်ပါတယ်။ အတိအလင်း ပြောရရင်တော့ သည်လို အမှန်တကယ် လုပ်ဖြစ်သွားခြင်းဟာ စိတ်ကျန်းမာရေး ချို့ယွင်းနေလို့သာ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေး ချို့ယွင်းတာကို “ရူးတာ”လို့ ရှေးက အနက်ဖွင့်ခဲ့ကြပေမယ့် အခုအခါမှာတော့ စိတ်ကျန်းမာရေး ပြဿနာလို့သာ အနက်ဖွင့်ပါတယ်။ စိတ်ကျရောဂါနဲ့ အစွန်းနှစ်ဖက် စံလွဲမှုတို့ကကျတော့ အများသူငါလိုပဲ စားစား သောက်သောက် သွားသွား လာလာနဲ့ နေထိုင်နေပေမယ့် စိတ်က အလကားနေရင်းကို ညှိုးခြုံးနေ၊ အားငယ်နေ၊ စိတ်ဓာတ်ကျနေတာလည်း အမှန်ပါပဲ။

အဲတော့ ကိုယ်ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်သိတဲ့ ကိုယ့်မိဘမောင်ဖား၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေရင်းချာ၊ သူငယ်ချင်းများမှာဖြစ်စေ အဲသလို စိတ်ကျရောဂါ တစ်စုံတစ်ရာ ခံစားနေရတယ်ဆိုရင် ဝမ်းနည်းကြေကွဲနေတဲ့ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းကင်းမဲ့ပြီး လမ်းပျောက်နေသလို ခံစားချက်တွေ ပေါ်ပေါက်နေ၊ ပြသနေတတ်ပါတယ်။ အဲလို ခံစားနေရချိန်မှာ ကိုယ့်ကိုယ်ကိုယ် အနာတရ ဖြစ်အောင် လုပ်ချင်စိတ်တွေ၊ မိမိကိုယ်ကို အဆုံးစီရင်ချင်တဲ့ အတွေးတွေ ပေါ်လာတတ်ပါတယ်။ အဲဒါကို အင်နဲ့ အားနဲ့၊ သတ္တိရှိရှိနဲ့ ရင်ဆိုင် တုန့်ပြန်ပေးနိုင်မယ်ဆိုရင်တော့ အဲဒီ့ ယာယီ ပြဿနာကို ကောင်းမွန်စွာ ဖြေရှင်း ကျော်လွှားသွားနိုင်ပြီး ဘဝကို ဆက်လက်လျှောက်လှမ်းသွားနိုင်မှာလည်း အမှန်ပါပဲ။

သည်နေရာမှာ သတိထားသင့်တဲ့ အရေးအကြီးဆုံးအချက်ကတော့ မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်များဟာဖြင့်ရင် ကိုယ်ခန္ဓာနဲ့ ဦးနှောက်ထဲက ဓာတ် အပြောင်းအလဲများကြောင့် စိတ်မှာပါ မတည်မငြိမ် ပြောင်းလဲနေတာများနဲ့ ဆက်စပ်နေတဲ့ ရောဂါဝေဒနာတစ်ရပ်ရဲ့ လက္ခဏာများသာဖြစ်ပြီး အဲဒီ့ ရောဂါ ဝေဒနာကို ကုသနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီ့လက္ခဏာတွေဟာ စရိုက် ပျက်ယွင်းတာ၊ ဒါမှမဟုတ် လူတစ်ယောက်ရဲ့ အားနည်းချက်တွေ မဟုတ်ပါဘူး။ ဒါ့အပြင် အဲလို ရောဂါဝေဒနာကို ခံစားနေရသူတစ်ဦးဟာ ကုသမှု မခံယူဘဲနဲ့ ဘယ်လိုနည်းနဲ့မှ သူ့အလိုလို ပျောက်ကင်းသွားမယ့် ရောဂါမျိုးလည်း မဟုတ်ပါဘူး။

စိတ်ကျရောဂါ လက္ခဏာများ

စိတ်ကျရောဂါ၊ ဒါမှမဟုတ် အစွန်းနှစ်ဖက် စံလွဲမှုရဲ့ စိတ်ကျမှု အဆင့်မှာ အောက်ဖော်ပြပါ လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

  • အလွန်အကျွံ စိတ်ထိခိုက်ခြင်း
  • မျှော်လင့်ချက်ကင်းမဲ့ခြင်း
  • လေးလံထိုင်းမှိုင်းပြီး ဘာကိုမှ စိတ်မဝင်စားနိုင်တော့ခြင်း
  • အစားအသောက် ပျက်ခြင်း (ခံတွင်းပျက်ခြင်း)
  • ကောင်းကောင်း အိပ်မရတော့ခြင်း
  • လုပ်နေကျ အလုပ်တွေကို လုပ်နိုင်စွမ်း နည်းလာခြင်း
  • တစ်ချိန်က ပျော်ရွှင်ခဲ့တဲ့ အလုပ်တွေကို စိတ်မဝင်စားတော့ခြင်း (ဆိုလိုတာက အရင်က ရုပ်ရှင်ကြည့်တာ၊ စာဖတ်တာ၊ အားကစားလုပ်တာ စတာမျိုးတွေ လုပ်ရတာ စိတ်ချမ်းသာပေမယ့် အခုကျတော့ အဲဒါတွေကို ဘယ်လိုမှ စိတ်မဝင်စားတော့တာမျိုးပါ။)

ဒါတွေ အားလုံး စုပြီးဖြစ်နေပြီဆိုရင် သည်လက္ခဏာတွေဟာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ စဉ်းစားတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။ သို့ပေမယ့်လည်း စနစ်တကျ ကုသမှု ခံယူမယ်ဆိုရင်တော့ အဲသလို ဝေဒနာ ခံစားနေရသူအများစုဟာ  သည်ဝေဒနာကို ခံစားရတာ သက်သာလာပြီး ဘဝအတွက် အနာဂတ် မျှော်လင့်ချက်တွေနဲ့လည်း ပြန်လည် ပြည့်ဝလာတတ်ပါတယ်။ သက်သာပျောက်ကင်းသွားဖို့လည်း ဖြစ်နိုင်ပါတယ်။

ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားနေရချိန်မှာ ခံစားမှုကို ထိန်းချုပ်စီမံနေတဲ့ အာရုံကြောစနစ်တွေ ပျက်ယွင်းနေပါတယ်။ ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားနေရသူတစ်ယောက်ဟာ သူ့ဘဝမှာ ကြုံခဲ့ရလေသမျှ အဆိုးတွေကိုသာ အဖန်ဖန် ပြန်တွေးဖြစ်နေသလို ဝမ်းနည်း ကြေကွဲနေ၊ စိတ်ထိခိုက်နေတတ်ပါတယ်။ သည်လိုတွေးတာဟာ စိတ်ဝေဒနာရဲ့ လက္ခဏာသာဖြစ်ပြီး အဲဒီ့လူရဲ့ ပင်ကိုသဘာဝ မဟုတ်ပါဘူး။ စနစ်တကျ ကုသမယ်ဆိုရင်တော့ အဲဒီ့လူဟာ သူ့ဘဝမှာ ကြုံခဲ့ရတဲ့ အကောင်းတွေကို ပြန်လည် သတိရလာနိုင်ပြီး ဘဝအမြင်လည်း ကြည်လင်လာပါလိမ့်မယ်။

မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်ဟာ ကုသလို့ရတဲ့ စိတ်ဝေဒနာ

မိမိကိုယ်ကို အဆုံးစီရင်ဖို့ စတင် စဉ်းစားမိပြီဆိုတာနဲ့ တစ်ပြိုင်နက် သတိထားမိဖို့ အချက်တစ်ချက်ကတော့ သည်စိတ်တွေ၊ သည်အတွေးတွေဟာ ကုသလို့ ရတဲ့ ကျန်းမာရေး ချို့ယွင်းမှုကြောင့်သာ ဖြစ်နေတယ်ဆိုတာပါပဲ။ ကုသပေးမယ့် ဆရာဝန်၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အပြန်အလှန်ပြောဆို အသိပေးခြင်းဟာ သည်အချိန်မှာ အင်မတန် အရေးကြီးလှပါတယ်။ ကိုယ့်အဖြစ်၊ ကိုယ့်ခံစားချက်တွေကို ပြောပြလိုက်ရင် ကိုယ့်ကိုများ အထင်သေးသွားမလား၊ ကိုယ့်ကိုများ ရှောင်ဖယ်သွားမလားဆိုတဲ့ အတွေးတွေနဲ့ ရှက်နေ ရွံ့နေလို့ လုံးလုံး မဖြစ်ပါဘူး။ ဒါ့ကြောင့် အဲသလို စိတ်ခံစားမှု စဖြစ်ပြီဆိုတာနဲ့ တစ်ယောက်ယောက်နဲ့ စကားပြောဖို့ လိုအပ်ပါတယ်။ မဆိုင်းမတွ လုပ်ရမယ့် အလုပ်ပါ။

မိမိကိုယ်ကို အဆုံးစီရင်ခြင်း၊ စိတ်ကျရောဂါဝေဒနာများနဲ့ ပတ်သက်တဲ့ အကြောင်းအချက်တွေကို နားမလည်သူ၊ သဘောမပေါက်သူများနဲ့ ပြောမိဆိုမိမယ်ဆိုရင်တော့ စကားဆက်ပြောလို့ မရတတ်နိုင်တော့သလို သည်လို ဝေဒနာ ခံစားနေရသူအတွက်လည်း အခြေအနေက ပိုဆိုးလာနိုင်ပါတယ်။ ဒါ့ကြောင့် သည်လိုအချိန်မျိုးမှာ ကိုးစား ယုံကြည်နိုင်ပြီး ကိုယ့်ရင်ထဲမှာ ရှိသမျှ မခြွင်းမချန် ဖြောင့်ဖြောင့်မှန်မှန် ပြောပြနိုင်သူတစ်ယောက်ကို ရှာဖွေနိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူများကတော့ သည်နေရာမှာ အကောင်းဆုံး အကူအညီပေးနိုင်ကြသူများပါပဲ။

မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်များကို ဘယ်လို ကုစားမလဲ

ကိုယ့်စိတ်၊ ကိုယ့်အတွေးတွေကို နေ့စဉ်မှတ်တမ်းမှာဖြစ်ဖြစ်၊ ဗလာစာအုပ် တစ်အုပ်မှာဖြစ်ဖြစ် ချရေးထားသင့်ပါတယ်။ ကိုယ့်ရဲ့ အနာဂတ် မျှော်လင့်ချက်တွေ၊ ကိုယ့်ဘဝမှာ တန်ဖိုးထားရသူတွေကို နေ့စဉ်ရေးသားသွားရပါလိမ့်မယ်။ ကိုယ် ဘာ့ကြောင့် အသက်ရှင် ရပ်တည်နေတယ်၊ ကိုယ့်ဘဝက ဘာ့ကြောင့် အရေးကြီးတယ်ဆိုတာ အဲဒါတွေကို ပြန်ဖတ်ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနိုင်ပါတယ်။

မိသားစုတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ သွားသွားလာလာ နေထိုင်ဖို့လည်း လိုတယ်။ ကျန်းမာ ရွှင်လန်းနေချိန်မှာ မိသားစုတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းရတာကို ကျွန်တော်တို့တွေ သာယာကြ၊ ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျနေ၊ စိတ်ဆင်းရဲနေချိန်မှာတော့ အဲသလို နေချင်စိတ်က အလိုလို ပျောက်နေတတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဆွေမျိုးသားချင်းတွေနဲ့ နေတာဟာ သည်လို စိတ်ဓာတ်ကျနေချိန်မျိုးမှာ အလွန် အရေးကြီးပါတယ်။ ကိုယ့်ကို ဂရုစိုက်သူ၊ နားလည်ပေးတတ်သူ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေဆီ သွားတာ၊ သူတို့က ကိုယ့်ဆီ လာလည်တာများဟာ ကိုယ့်စိတ်ကို သက်သာလာစေနိုင်ပါတယ်။

သည်လိုအချိန်မျိုးမှာ မူးယစ်ဆေးဝါးများနဲ့ အရက်သေစာကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ မိမိကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးရမှု အများစုဟာ ရုတ်တရက် ပေါ်ပေါက်လာပြီး ဘယ်လိုမှ ထိန်းလို့ မရနိုင်တော့တဲ့ စိတ်ရိုင်းဝင်ပြီး ထလုပ်လိုက်လို့ ဖြစ်ကုန်ရတာပါ။ အဲသလို ထိန်းလို့မရတဲ့ စိတ်ကို မူးယစ်ဆေးများနဲ့ အရက်သေစာတို့က ပေါ်ပေါက်စေနိုင်တာမို့ စိတ်ဓာတ်ကျနေချိန်မှာ ဒါတွေကို ရှောင်ကြဉ်ဖို့က အသက်တမျှ အရေးကြီးလှပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ စိတ်ကျရောဂါအတွက် ကုသမှု ခံယူနေပြီး ဆေးသောက်နေတယ်ဆိုရင်လည်း အရက်သေစာနဲ့ မူးယစ်ဆေးဝါးက အဲဒီ့ဆေးများရဲ့ အာနိသင်ကို ပျက်ယွင်းသွားစေနိုင်ပါသေးတယ်။

မိမိကိုယ်ကို အဆုံးစီရင်မယ့် အချက်ပေးလက္ခဏာတွေ

တစ်ခါတလေကျရင် ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ ကျွမ်းကျင်သူများတာင်မှ လူတစ်ယောက်ဟာ သူ့ကိုယ်သူ အဆုံးစီရင်လိုစိတ် ဘယ်လောက်အထိ ပြင်းပြနေပြီလဲဆိုတာ အသိရ ခက်နေတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးသားချင်းတစ်ယောက်သာဆိုရင်လည်းပဲ သည်အချက်ကို လွယ်လွယ်နဲ့ မသိရနိုင်ပါဘူး။ တကယ်လို့ ကိုယ့်မိတ်ဆွေ၊ ကိုယ်ချစ်တဲ့ ခင်တဲ့သူမှာ ပြဿနာ ရှိနေတယ်၊ သူ့ကိုယ်သူ အဆုံးစီရင်မယ့် အလားအလာမျိုး ရှိနေတယ်လို့ သံသယ ရှိလာတဲ့အခါ သူ့ကို ပွင့်ပွင့်လင်းလင်း မေးသင့်သလို ကိုယ့်စိတ်ထဲမှာ ကြောင့်ကြနေတဲ့ သူ့အပြုအမူတွေကိုလည်း တိတိပပ ထောက်ပြသင့်ပါတယ်။ တစ်ဆက်တည်းမှာပဲ သူ့အတွက် ကိုယ် စိုးရိမ်မကင်းဖြစ်ရတာ၊ သူ့ကို ကိုယ် ချစ်တာ၊ ခင်တာကိုလည်း သူ ပြန်သတိထားမိလာအောင် ပြောပြပေးဖို့ လိုပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့အကြောင်း ပြောဆိုဆွေးနွေးရုံနဲ့တော့ တစ်ဖက်သားရဲ့ စိတ်ထဲမှာ အဆုံးစီရင်လိုစိတ် ဖြစ်သွားမှာ မဟုတ်ပါဘူး။ လိုအပ်ရင်တော့ ဆရာဝန်နဲ့ ပြသဖို့ အကြံပေးနိုင်သလို သူ့ဘာသာသူ တစ်ယောက်တည်း သွားဖို့ အခက်တွေ့နေတယ်ဆိုရင်လည်း အဖော်လိုက်ပေးပါ့မယ်ဆိုတဲ့ စကားမျိုး ပြောပြနိုင်ပါတယ်။ သူဟာဖြင့်ရင် သူ့ကိုယ်သူ တစ်ခုခု လုပ်တော့မယ်လို့ ကိုယ့်စိတ်ထဲမှာ တအား ယုံကြည်နေပြီဆိုရင်တော့ သူ့ကို လုံးလုံး တစ်ယောက်တည်း မထားခဲ့တော့ဘဲ ဆရာဝန်တစ်ဦးဦးဆီကို ဖြစ်စေ၊ အရေးပေါ်ကိုဖြစ်စေ မဆိုင်းမတွ ခေါ်သွားဖို့ လိုပါလိမ့်မယ်။

တခြားသူဆီမှာ တွေ့ရနိုင်တဲ့ အချက်ပေး လက္ခဏာတွေကတော့ အောက်ပါတို့အတိုင်းပါပဲ။

  • တစ်ချိန်လုံး စိတ်ပျက်လက်ပျက်ဖြစ်နေတာ၊ မျှော်လင့်ချက် ကင်းမဲ့နေတာ။ (စိတ်ကျရောဂါကို မကုသဘဲ ထားခြင်းဟာ မိမိကိုယ်မိမိ အဆုံးစီရင်ဖြစ်သွားစေတဲ့ အဓိက အကြောင်းတစ်ရပ်ပါ။)
  • မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ရောရောနှောနှော မနေတော့ဘဲ ရှောင်ဖယ်ရှောင်ဖယ်လုပ်လာတာ။
  • ကူမယ့်သူ ဝေးနေတယ်၊ ကယ်မယ့်သူ မရှိဘူးလို့ ခံစားနေရတာ။
  • တရားလွန် ဒေါသတွေ ကြီးနေတာ၊ ပေါက်ကွဲနေတာ။
  • ချောင်ပိတ်မိသလို ခံစားနေရတာ၊ မွန်းကျပ်နေတာ။ သည်အခြေအနေကနေ ဘယ်လိုမှ လွတ်လမ်း မရှိတော့သလို ခံစားနေရတာ။
  • ခံစားမှုက အခု တစ်မျိုး တော်ကြာ တစ်မျိုး သိသိသာသာနဲ့ လှုပ်လှုပ်ခတ်ခတ် ပြောင်းလဲနေတာ။ ဆိုလိုတာက ဝမ်းနည်းရင်လည်း မျက်ရည်တွေ တအားကျ၊ ရယ်ရင်လည်း ခွက်ထိုးခွက်လှန်၊ ဒေါသဖြစ်ရင်လည်း ထိန်းမရတော့တဲ့အထိ အားတိုင်း ဖြစ်နေတာ။
  • စရိုက်ပြောင်းလာတာ။ အရင်က ခပ်အေးအေးနေသူက အခုကျတော့ စွာလောင် စွာလောင်ဖြစ်လာတာမျိုး၊ အရင်က စကားဖောင်တတ်သူက အခုကျတော့မှ ငြိမ်နေတတ်တာမျိုးပါ။
  • စိတ်လိုက်မာန်ပါ ကောက်ကာငင်ကာ ထလုပ်တတ်လာတာ။
  • အလုပ်အကိုင်မှာဖြစ်စေ၊ ကျောင်းစာမှာဖြစ်စေ အရင်ကလို မဟုတ်တော့ဘဲ လုပ်ရည်ကိုင်ရည် ကျဆင်းလာတာ။
  • အမြတ်တနိုး တန်ဖိုးထားတဲ့ ပစ္စည်းတွေကို သူများကို ပေးပစ်တာ။
  • သေတမ်းစာ ရေးလာတာ။
  • ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ တရားလွန် ခံစားနေတာ၊ ဒါမှမဟုတ် တရားလွန် ရှက်နေတာ။
  • ဘာကိုမှ သိပ်မဆင်ခြင်တော့တာ။
  • စိတ်ကျနေသူများဟာ သူတို့နဲ့ အရင်းနှီးဆုံး၊ သူတို့ အယုံကြည်ဆုံးတွေကို သူတို့ရဲ့ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ခံစားချက် အပြင်းစားတွေ၊ စိတ်ပျက်လက်ပျက် ဖြစ်နေတာတွေ၊ ကိုယ့်ကိုယ်ကိုယ် မယုံမရဲ ဖြစ်နေတာတွေကို ဖွင့်အန် ပြောပြတတ်ကြပါတယ်။ အဲဒီ့ခံစားချက်တွေ ပြင်းထန်လွန်းလေလေ၊ “မခံစားနိုင်တော့ဘူး”ဆိုတဲ့ စကားလုံးကိုလည်း သူတို့တွေ ပိုသုံးတတ်ကြလေဖြစ်သလို အဲသလို ပြင်းထန်နေလေလေ မိမိကိုယ်ကို အဆုံးစီရင်ပစ်လိုက်လိုစိတ်များကလည်း သူတို့ရဲ့ အတွေးထဲမှာ လွှမ်းမိုးနေလေလေ ဖြစ်တတ်ပါတယ်။
  • ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လက်စသတ်တာ။ သူ မရှိတော့တဲ့အခါ သူ့မိသားစု အဆင်ပြေရေးအတွက် လုပ်စရာရှိတာတွေကို လုပ်ပေးဖို့ ပြင်ဆင်နေပြီဆိုရင် အဲဒီ့လူဟာ မိမိကိုယ်မိမိ အဆုံးစီရင်ဖို့ ပြင်ဆင်နေတဲ့ အလားအလာက အတော်များနေပြီလို့ ဆိုနိုင်ပါလိမ့်မယ်။
  • မိမိကိုယ်ကို အဆုံးစီရင်နိုင်မယ့် နည်းလမ်းတွေကို အလေးအနက် အသည်းအသန် ပြောဆို ဆွေးနွေးနေပြီဆိုရင်လည်းပဲ အဲလိုလုပ်ဖို့ အလားအလာက အတော်များနေပြီလို့ တွက်ဆနိုင်ပါတယ်။ အဲလို မိမိကိုယ်ကို အဆုံးစီရင်ချင်တဲ့စိတ်က ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတဲ့တိုင် အဲလို ကြိုတင် ပြင်ဆင်ထားတဲ့အတွက် ရုတ်တရက် မိမိကိုယ် မိမိ အဆုံးစီရင်ရာမှာ လွယ်ကူသွားစေနိုင်ပါတယ်။
  • စိတ်ကျရောဂါ ပြင်းထန်လာတဲ့သူတစ်ယောက်ဟာ မူးယစ်ဆေးကိုဖြစ်စေ၊ အရက်သေစာကိုဖြစ်စေ အလွန်အကျွံ သုံးစွဲလာတတ်ပါတယ်။ ဒါလည်း သတိထားရမယ့် လက္ခဏာတစ်ရပ်ပါပဲ။
  • စိတ်ကျရောဂါ ခံစားနေရသူတစ်ယောက်ဟာ ရုတ်တရက်ကြီး ပြန်ကောင်းသွားပြီး ပုံမှန်အတိုင်းလို ဖြစ်သွားချိန်ဟာလည်း စိုးရိမ်ရချိန်ပါပဲ။ အမှန်တော့ ပြန်ကောင်းတာမဟုတ်ဘူး။ သူ့ကိုယ်သူ အဆုံး စီရင်တော့မယ်လို့ ပိုင်းဖြတ်ပြီးသွားချိန်မှာ အားလုံးကို စိတ်လျှော့လိုက်ပြီး ဟန်ဆောင်လိုက်တာသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ကျ ရောဂါဝေဒနာ ခံစားနေရသူတစ်ယောက် ရုတ်ချည်း ပြန်ကောင်းသွားသလို ဖြစ်သွားချိန်မှာလည်း အထူး သတိထားသင့်ပါတယ်။

စိတ်ကျရောဂါဝေဒနာကနေ အလျင်အမြန် ပြန်ကောင်းလာခြင်းဟာ မိမိကိုယ်မိမိ အဆုံးစီရင်မယ့် အလားအလာနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ စိတ်ကျရောဂါ သက်သာသွားပြီဆိုတာနဲ့ အားအင်တွေ ပြန်လည် ပြည့်ဖြိုးလာသလို ကြိုတင်အကွက်ချ စီစဉ်နိုင်တဲ့ စွမ်းအားတွေလည်း ပြန်လည် ခိုင်မာလာပါတော့တယ်။ သည်မှာတင် မိမိကိုယ်ကို အဆုံးစီရင်ဖို့ ပြန်လည် ကြိုးစားတတ်ကြတော့တာပါ။ သုတေသနများအရဆိုရင် စိတ်ကျရောဂါကို ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူပြီးတဲ့နောက် ခြောက်လကနေ ၁၂ လတာအတွင်းမှာ အဲဒီ့လူနာတွေဟာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ စဉ်းစားဖြစ်စေနိုင်တဲ့ အလားအလာရှိပါသတဲ့။

နိဂုံး

တချို့သူတွေကျတော့လည်း အဲဒီ့ အချက်ပေး လက္ခဏာတွေ တစ်ခုဆို တစ်ခုမှ မပြဘဲ သူတို့ကိုယ်သူတို့ အဆုံးစီရင်သွားတတ်တာမျိုးလည်း ရှိပါတယ်။ သို့ပေမယ့် ၇၅ ရာခိုင်နှုန်းကတော့ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်ပေး လက္ခဏာ တချို့ကို ပြခဲ့ကြတာချည်းပါပဲ။ ဒါ့ကြောင့် သည်လက္ခဏာတွေကို လူတိုင်း သိထားသင့်တယ်လို့ ယူဆပါတယ်။ သိထားမှလည်း ကိုယ်ကိုယ်တိုင်မှာဖြစ်ဖြစ်၊ တခြားသူတစ်ယောက်မှာဖြစ်ဖြစ် မိမိကိုယ်ကို အဆုံးစီရင်မယ့် အလားအလာ ရှိနေပြီဆိုရင် ဖျတ်ခနဲ တန်းသိနိုင်မှာပါ။

လူ့အသက်တစ်ချောင်းဆိုတာ ကယ်ကောင်းပါတယ်။ မိမိကိုယ်ကို အဆုံး စီရင်လိုစိတ်ပေါက်နေသူတစ်ဦးကို အပြစ်တင်ရတာ၊ ကဲ့ရဲ့ရတာ၊ ရှုံ့ချရတာက အင်မတန်လွယ်ပါတယ်။ ဒါပေမယ့် သူဟာ စိတ်ကျန်းမာရေး ချို့ယွင်းတဲ့ ရောဂါ ဝေဒနာတစ်ခုကို ခံစားနေရသူပါလားဆိုတာ နားလည် သဘောပေါက်ပေးနိုင်မယ် ဆိုရင်တော့ သူ့ကို အပြစ်တင်၊ ကဲ့ရဲ့၊ ရှုံ့ချ၊ ဝေဖန်ဖို့ထက် သူ့ရောဂါဝေဒနာ သက်သာအောင် ကိုယ့်ဘက်က တတ်စွမ်းသမျှ ကူညီပံ့ပိုးပေးနိုင်ဖို့ စဉ်းစားမိကြမယ်လို့ မျှော်လင့် ယုံကြည်နေမိပါတယ်။

တချို့တွေက မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းရဲ့ အခြေခံ သဘောကို သတိ မထားမိကြတဲ့အတွက် ဝေဖန်ချက် အမျိုးမျိုး ပြောမိ၊ ပြုမိနေမိကြတာပါ။ သည် စိတ်ဝေဒနာရဲ့ သဘာဝကို သတိထားမိကြပြီဆိုရင်ဖြင့် ကိုယ့်ပတ်ဝန်းကျင်ကို တစ်နည်းတစ်ဖုံ အထောက်အကူပြုသွားနိုင်ကြလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရေးသား တင်ဆက်လိုက်ပါတယ်။

သည်စာမှာ အဓိက အချက်နှစ်ချက်ပါပါတယ်။ အဲဒါလေးက သည်စာရဲ့ အနှစ်ချုပ်မို့ နိဂုံးမှာ ပြန်ကောက်ပြပါရစေ။

(၁)    မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းဟာ ယာယီ ပြဿနာကို ဘယ်တော့မှ ပြင်လို့ မရနိုင်တဲ့ နည်းနဲ့ ဖြေရှင်းတာပါ။

(၂)    မိမိကိုယ်မိမိ အဆုံး စီရင်လိုစိတ်များဟာ စိတ်ကျန်းမာရေး ချို့ယွင်းမှုများကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

ရန်ကုန် – ၁၀၁၂၁၁

အကိုးအကား –

  1. http://www.sucide.org/
  2. http://www.medicinenet.com/suicide/article.htm
  3. http://helpguide.org/mental/suicide_prevention.htm

(၂၀၁၂ ခုနှစ် ဇန်န၀ါရီလထုတ် “သရဖူ” မဂ္ဂဇင်းမှာ ဖော်ပြထားတာကို ပြန်လည် တင်ဆကိလိုက်တာပါ။ ကူးယူဖော်ပြထားတဲ့ သရဖူ သရုပ်ဖော်ပုံများကို ဆရာ“ဇော်မောင်” ရေးဆွဲတာဖြစ်ပါတယ်။)