On Suicidal Tendencies

မိမိကိုယ်ကို အဆုံးစီရင်ခြင်းနှင့် စပ်လျဉ်း၍

နိဒါန်း

အင်တာနက်လို့ ခေါ်တဲ့ နိုင်ငံတကာဆက်သွယ်ရေး ကွန်ရက်ပေါ်မှာ တစ်လောဆီက ရင်နင့်စရာ သတင်းတစ်ပုဒ် ဖတ်ရပါတယ်။ တိုင်းတစ်ပါးမှာ မိမိကိုယ်မိမိ အဆုံးစီရင်သွားသူ လူငယ်လေးတစ်ဦးရဲ့ သတင်းပါ။ အဲဒီ့သတင်းက မြန်မာ လူငယ်အများစု အသုံးပြုနေကြတဲ့ အင်တာနက်ပေါ်က လူမှုရေး ကွန်ရက်မှာ ပလူပျံနေသလို ပေးကြတဲ့ မှတ်ချက်တွေက အမျိုးမျိုးဖြစ်နေတဲ့အပြင် တကယ့် အချစ်သူရဲကောင်းတစ်ဦးပမာ တချို့က ရေးသားကြတာတွေလည်း ဖတ်ရတယ်။

သည်မတိုင်ခင် တစ်နှစ် နှစ်နှစ်လောက်တုန်းကလည်း အဲဒီ့ အင်တာနက်ကြီးထဲမှာပဲ၊ နယ်မှာ နေထိုင်သူ လူငယ်လေးတစ်ယောက်ဟာ အချစ်ရေးကိစ္စနဲ့ပဲ မိမိကိုယ်ကို အဆုံးစီရင်တဲ့သတင်းကို ဓာတ်ပုံနဲ့တကွ တွေ့ခဲ့ရဖူးပါသေးတယ်။ အဲတုန်းကလည်း လူမှုရေးကွန်ရက်စာမျက်နှာပေါ်မှာ ဝိုင်းရေးကြတဲ့ မှတ်ချက် အထွေထွေထဲမှာ အားကျစရာ အချစ်သူရဲကောင်းကြီးသဖွယ် ရေးထားကြတာလေးတွေလည်း ဖတ်လိုက်ရပါတယ်။

အဲဒါတွေကို ဖတ်ရတဲ့အခါ စိတ်ထဲ မကောင်းဖြစ်မိရသလို ဒါနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ရေးပြဖို့ လိုအပ်နေပြီဆိုတာလည်း သတိထားမိခဲ့ပါတယ်။ ပထမလူငယ်လေးရဲ့ သတင်းကို ဖတ်ရချိန်ကတည်းက ရေးချင်ခဲ့တာဟာ အခုကျတော့မှ အကောင်အထည်ပေါ်ပါတော့တယ်။

သတိထားသင့်တဲ့ အချက်

တကယ်တော့ မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းဟာ ယာယီ ပြဿနာကို ဘယ်တော့မှ ပြင်လို့ မရနိုင်တဲ့ နည်းနဲ့ ဖြေရှင်းလိုက်တာပါပဲ။

လောကဓံကို လူသားတိုင်း ရင်ဆိုင် ကြုံတွေ့ရစမြဲပါ။ ကျန်းမာခြင်း၊ မကျန်းမာခြင်း၊ အခြွေအရံများခြင်း၊ နည်းခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်း၊  ပိုက်ဆံရှိခြင်း၊ မရှိခြင်း၊ အလိုပြည့်ခြင်း၊ မပြည့်ခြင်း… အားလုံးသော အရာတိုင်းဟာ တကယ်တော့ လောကဓံတွေပါပဲ။ အလားတူပါပဲ၊ ချစ်သူနဲ့ ကွေကွင်းရခြင်း ဒုက္ခကိုလည်း လူငယ် လူရွယ်အတော်များများ ခံစားရတတ်ပါတယ်။

တစ်နည်းပြောရရင် “သေချင်စော်နံအောင်” စိတ်ညစ်စရာ ကောင်းလှတဲ့ ကာလတွေကို လူသားတိုင်း ရင်ဆိုင်ကြုံတွေ့ကြရစမြဲပါပဲ။ ကလေးတုန်းကလည်း ကလေးအလျောက် အလိုမကျစရာတွေနဲ့ ရင်ဆိုင်ရသလို လူငယ်ဘဝကျတော့လည်း လူငယ်အလျောက် စိတ်သောက ရောက်စရာတွေ တွေ့ကြရတတ်မြဲဖြစ်ကာ အသက်ကြီးလာတော့လည်း ကြီးလာတဲ့အလျောက် စိတ်ဒုက္ခ ခံစားရတတ်တာလည်း ရှောင်လွှဲလို့ မရတဲ့ လူ့ဘဝရဲ့ ဒုက္ခ၊ သုက္ခတွေပဲဆိုတာ စာဖတ်သူ လူကြီးမင်းများ လက်ခံနိုင်ကြမလား မသိဘူးခင်ဗျ။

ဆင်ခြင်တုံတရားလေး ရှေ့ထားပြီး သေချာ ပြန်စဉ်းစားကြည့်မယ် ဆိုရင်တော့ အဲဒါတွေဟာ ယာယီပါ။ အခိုက်အတန့်မျှသာ ဖြစ်ပါတယ်။ တချို့က စောဒက တက်ချင်ကြပါလိမ့်မယ်။ မဟုတ်ဘူး၊ ကျုပ်မှာဖြင့် တစ်ဘဝလုံး စိတ်ဆင်းရဲခဲ့ရတာ၊ တစ်ဘဝလုံး ဒုက္ခနဲ့ ရင်ဆိုင်ခဲ့ရတာ၊ အဆင်ပြေတယ်၊ ပျော်ရွှင်တယ်ဆိုတာ တစ်ခါဆို တစ်ခါဖူးမျှ မကြုံခဲ့ရဖူးပါဘူးလို့ ပြောကောင်းလည်း ပြောချင်ကြပါလိမ့်မယ်။ ဟုတ်ကဲ့ခင်ဗျာ၊ အဲလို ပြောနေပြီဆိုရင် ကိုယ်ဟာ အခု လောလောဆယ်မှာကို စိတ်ဆင်းရဲနေလို့သာ ဖြစ်ပါတယ်။ သည်ဘဝ၊ သည်အရွယ်၊ သည်စာကို ဖတ်နိုင်တဲ့အထိ နေလာခဲ့ပြီဆိုမှတော့ နာကျင်ခါးသီးစရာတွေနဲ့ချည်း တည်ဆောက်ထားတဲ့ ဘဝမျိုး မဟုတ်လို့သာပါ။

ဘယ်ဟာမှ မတည်မြဲတဲ့ အနိစ္စသဘောနဲ့ တည်ဆောက်ထားတဲ့ သည်လူ့လောကထဲမှာ အပျော်သည်လည်း မတည်မြဲ၊ အလွမ်းသည်လည်း မတည်မြဲ၊ အကောင်းသည်လည်း မတည်မြဲ၊ အဆိုးသည်လည်း မတည်မြဲတတ်တဲ့ သဘာဝနဲ့ချည်းသာမို့ အားလုံးဟာ ယာယီသာဖြစ်ပါတယ်။ အချိန်တန်တော့လည်း ကောင်းတာကိုပဲဖြစ်ဖြစ်၊ ဆိုးတာကိုပဲဖြစ်ဖြစ် ကျော်လွှား လွန်မြောက်သွားနိုင်ခဲ့ကြသူချည်းပါပဲ။

မိမိကိုယ်ကို အဆုံးစီရင်တယ်ဆိုတာကကျတော့ ရှေ့ဆက်လျှောက်နိုင်၊ ကျော်လွှားနိုင်သေးတဲ့ ဘဝခရီးကို မိမိသဘောနဲ့ မိမိ အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။ အသက်ဝိဉာဉ် ကင်းမဲ့သွားတဲ့ဘဝကို ရောက်သွားပြီဆိုမှတော့ ရင်ဆိုင်နေရတဲ့ ပြဿနာကို ကျော်လွှားနိုင်ခြင်းလည်း မရှိတော့သလို ကိုယ် မရခဲ့တာ၊ ကိုယ် မဖြစ်နိုင်ခဲ့တာများထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ရယူ ဖန်တီးနိုင်ခွင့်များလည်း ဆုံးရှုံးသွားပါပြီ။ ဘယ်လိုမှ ပြန်လည်ပြုပြင်လို့ မရတတ်နိုင်တော့တဲ့ နည်းနဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ ယာယီပြဿနာကို စိတ်လိုက်မာန်ပါ ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။

မိမိကိုယ်ကို အဆုံးစီရင်လိုခြင်းဟာ စိတ်ကျန်းမာရေး ပြဿနာ

လူတိုင်းလိုလိုဟာ “သေပဲ သေလိုက်ချင်တော့တယ်”ဆိုတဲ့ စကားမျိုး ပြောဖြစ်တတ်ကြသလို စိတ်ထဲမှာလည်း ခဏတဖြုတ်လောက် သေချင်စိတ် ဖြစ်တတ်ကြပေမယ့် တကယ့်လက်တွေ့မှာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားတဲ့အထိကကျတော့ စိတ်ကျရောဂါဝေဒနာကိုဖြစ်စေ၊ အစွန်းနှစ်ဖက် စံလွဲမှုလို့ ခေါ်တဲ့ စိတ်ကြွ၊ စိတ်ကျ ရောဂါဝေဒနာကို ဖြစ်စေ ခံစားနေရသူများသာ ဖြစ်တတ်ပါတယ်။ အတိအလင်း ပြောရရင်တော့ သည်လို အမှန်တကယ် လုပ်ဖြစ်သွားခြင်းဟာ စိတ်ကျန်းမာရေး ချို့ယွင်းနေလို့သာ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေး ချို့ယွင်းတာကို “ရူးတာ”လို့ ရှေးက အနက်ဖွင့်ခဲ့ကြပေမယ့် အခုအခါမှာတော့ စိတ်ကျန်းမာရေး ပြဿနာလို့သာ အနက်ဖွင့်ပါတယ်။ စိတ်ကျရောဂါနဲ့ အစွန်းနှစ်ဖက် စံလွဲမှုတို့ကကျတော့ အများသူငါလိုပဲ စားစား သောက်သောက် သွားသွား လာလာနဲ့ နေထိုင်နေပေမယ့် စိတ်က အလကားနေရင်းကို ညှိုးခြုံးနေ၊ အားငယ်နေ၊ စိတ်ဓာတ်ကျနေတာလည်း အမှန်ပါပဲ။

အဲတော့ ကိုယ်ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်သိတဲ့ ကိုယ့်မိဘမောင်ဖား၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေရင်းချာ၊ သူငယ်ချင်းများမှာဖြစ်စေ အဲသလို စိတ်ကျရောဂါ တစ်စုံတစ်ရာ ခံစားနေရတယ်ဆိုရင် ဝမ်းနည်းကြေကွဲနေတဲ့ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းကင်းမဲ့ပြီး လမ်းပျောက်နေသလို ခံစားချက်တွေ ပေါ်ပေါက်နေ၊ ပြသနေတတ်ပါတယ်။ အဲလို ခံစားနေရချိန်မှာ ကိုယ့်ကိုယ်ကိုယ် အနာတရ ဖြစ်အောင် လုပ်ချင်စိတ်တွေ၊ မိမိကိုယ်ကို အဆုံးစီရင်ချင်တဲ့ အတွေးတွေ ပေါ်လာတတ်ပါတယ်။ အဲဒါကို အင်နဲ့ အားနဲ့၊ သတ္တိရှိရှိနဲ့ ရင်ဆိုင် တုန့်ပြန်ပေးနိုင်မယ်ဆိုရင်တော့ အဲဒီ့ ယာယီ ပြဿနာကို ကောင်းမွန်စွာ ဖြေရှင်း ကျော်လွှားသွားနိုင်ပြီး ဘဝကို ဆက်လက်လျှောက်လှမ်းသွားနိုင်မှာလည်း အမှန်ပါပဲ။

သည်နေရာမှာ သတိထားသင့်တဲ့ အရေးအကြီးဆုံးအချက်ကတော့ မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်များဟာဖြင့်ရင် ကိုယ်ခန္ဓာနဲ့ ဦးနှောက်ထဲက ဓာတ် အပြောင်းအလဲများကြောင့် စိတ်မှာပါ မတည်မငြိမ် ပြောင်းလဲနေတာများနဲ့ ဆက်စပ်နေတဲ့ ရောဂါဝေဒနာတစ်ရပ်ရဲ့ လက္ခဏာများသာဖြစ်ပြီး အဲဒီ့ ရောဂါ ဝေဒနာကို ကုသနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီ့လက္ခဏာတွေဟာ စရိုက် ပျက်ယွင်းတာ၊ ဒါမှမဟုတ် လူတစ်ယောက်ရဲ့ အားနည်းချက်တွေ မဟုတ်ပါဘူး။ ဒါ့အပြင် အဲလို ရောဂါဝေဒနာကို ခံစားနေရသူတစ်ဦးဟာ ကုသမှု မခံယူဘဲနဲ့ ဘယ်လိုနည်းနဲ့မှ သူ့အလိုလို ပျောက်ကင်းသွားမယ့် ရောဂါမျိုးလည်း မဟုတ်ပါဘူး။

စိတ်ကျရောဂါ လက္ခဏာများ

စိတ်ကျရောဂါ၊ ဒါမှမဟုတ် အစွန်းနှစ်ဖက် စံလွဲမှုရဲ့ စိတ်ကျမှု အဆင့်မှာ အောက်ဖော်ပြပါ လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

  • အလွန်အကျွံ စိတ်ထိခိုက်ခြင်း
  • မျှော်လင့်ချက်ကင်းမဲ့ခြင်း
  • လေးလံထိုင်းမှိုင်းပြီး ဘာကိုမှ စိတ်မဝင်စားနိုင်တော့ခြင်း
  • အစားအသောက် ပျက်ခြင်း (ခံတွင်းပျက်ခြင်း)
  • ကောင်းကောင်း အိပ်မရတော့ခြင်း
  • လုပ်နေကျ အလုပ်တွေကို လုပ်နိုင်စွမ်း နည်းလာခြင်း
  • တစ်ချိန်က ပျော်ရွှင်ခဲ့တဲ့ အလုပ်တွေကို စိတ်မဝင်စားတော့ခြင်း (ဆိုလိုတာက အရင်က ရုပ်ရှင်ကြည့်တာ၊ စာဖတ်တာ၊ အားကစားလုပ်တာ စတာမျိုးတွေ လုပ်ရတာ စိတ်ချမ်းသာပေမယ့် အခုကျတော့ အဲဒါတွေကို ဘယ်လိုမှ စိတ်မဝင်စားတော့တာမျိုးပါ။)

ဒါတွေ အားလုံး စုပြီးဖြစ်နေပြီဆိုရင် သည်လက္ခဏာတွေဟာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ စဉ်းစားတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။ သို့ပေမယ့်လည်း စနစ်တကျ ကုသမှု ခံယူမယ်ဆိုရင်တော့ အဲသလို ဝေဒနာ ခံစားနေရသူအများစုဟာ  သည်ဝေဒနာကို ခံစားရတာ သက်သာလာပြီး ဘဝအတွက် အနာဂတ် မျှော်လင့်ချက်တွေနဲ့လည်း ပြန်လည် ပြည့်ဝလာတတ်ပါတယ်။ သက်သာပျောက်ကင်းသွားဖို့လည်း ဖြစ်နိုင်ပါတယ်။

ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားနေရချိန်မှာ ခံစားမှုကို ထိန်းချုပ်စီမံနေတဲ့ အာရုံကြောစနစ်တွေ ပျက်ယွင်းနေပါတယ်။ ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားနေရသူတစ်ယောက်ဟာ သူ့ဘဝမှာ ကြုံခဲ့ရလေသမျှ အဆိုးတွေကိုသာ အဖန်ဖန် ပြန်တွေးဖြစ်နေသလို ဝမ်းနည်း ကြေကွဲနေ၊ စိတ်ထိခိုက်နေတတ်ပါတယ်။ သည်လိုတွေးတာဟာ စိတ်ဝေဒနာရဲ့ လက္ခဏာသာဖြစ်ပြီး အဲဒီ့လူရဲ့ ပင်ကိုသဘာဝ မဟုတ်ပါဘူး။ စနစ်တကျ ကုသမယ်ဆိုရင်တော့ အဲဒီ့လူဟာ သူ့ဘဝမှာ ကြုံခဲ့ရတဲ့ အကောင်းတွေကို ပြန်လည် သတိရလာနိုင်ပြီး ဘဝအမြင်လည်း ကြည်လင်လာပါလိမ့်မယ်။

မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်ဟာ ကုသလို့ရတဲ့ စိတ်ဝေဒနာ

မိမိကိုယ်ကို အဆုံးစီရင်ဖို့ စတင် စဉ်းစားမိပြီဆိုတာနဲ့ တစ်ပြိုင်နက် သတိထားမိဖို့ အချက်တစ်ချက်ကတော့ သည်စိတ်တွေ၊ သည်အတွေးတွေဟာ ကုသလို့ ရတဲ့ ကျန်းမာရေး ချို့ယွင်းမှုကြောင့်သာ ဖြစ်နေတယ်ဆိုတာပါပဲ။ ကုသပေးမယ့် ဆရာဝန်၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အပြန်အလှန်ပြောဆို အသိပေးခြင်းဟာ သည်အချိန်မှာ အင်မတန် အရေးကြီးလှပါတယ်။ ကိုယ့်အဖြစ်၊ ကိုယ့်ခံစားချက်တွေကို ပြောပြလိုက်ရင် ကိုယ့်ကိုများ အထင်သေးသွားမလား၊ ကိုယ့်ကိုများ ရှောင်ဖယ်သွားမလားဆိုတဲ့ အတွေးတွေနဲ့ ရှက်နေ ရွံ့နေလို့ လုံးလုံး မဖြစ်ပါဘူး။ ဒါ့ကြောင့် အဲသလို စိတ်ခံစားမှု စဖြစ်ပြီဆိုတာနဲ့ တစ်ယောက်ယောက်နဲ့ စကားပြောဖို့ လိုအပ်ပါတယ်။ မဆိုင်းမတွ လုပ်ရမယ့် အလုပ်ပါ။

မိမိကိုယ်ကို အဆုံးစီရင်ခြင်း၊ စိတ်ကျရောဂါဝေဒနာများနဲ့ ပတ်သက်တဲ့ အကြောင်းအချက်တွေကို နားမလည်သူ၊ သဘောမပေါက်သူများနဲ့ ပြောမိဆိုမိမယ်ဆိုရင်တော့ စကားဆက်ပြောလို့ မရတတ်နိုင်တော့သလို သည်လို ဝေဒနာ ခံစားနေရသူအတွက်လည်း အခြေအနေက ပိုဆိုးလာနိုင်ပါတယ်။ ဒါ့ကြောင့် သည်လိုအချိန်မျိုးမှာ ကိုးစား ယုံကြည်နိုင်ပြီး ကိုယ့်ရင်ထဲမှာ ရှိသမျှ မခြွင်းမချန် ဖြောင့်ဖြောင့်မှန်မှန် ပြောပြနိုင်သူတစ်ယောက်ကို ရှာဖွေနိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူများကတော့ သည်နေရာမှာ အကောင်းဆုံး အကူအညီပေးနိုင်ကြသူများပါပဲ။

မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်များကို ဘယ်လို ကုစားမလဲ

ကိုယ့်စိတ်၊ ကိုယ့်အတွေးတွေကို နေ့စဉ်မှတ်တမ်းမှာဖြစ်ဖြစ်၊ ဗလာစာအုပ် တစ်အုပ်မှာဖြစ်ဖြစ် ချရေးထားသင့်ပါတယ်။ ကိုယ့်ရဲ့ အနာဂတ် မျှော်လင့်ချက်တွေ၊ ကိုယ့်ဘဝမှာ တန်ဖိုးထားရသူတွေကို နေ့စဉ်ရေးသားသွားရပါလိမ့်မယ်။ ကိုယ် ဘာ့ကြောင့် အသက်ရှင် ရပ်တည်နေတယ်၊ ကိုယ့်ဘဝက ဘာ့ကြောင့် အရေးကြီးတယ်ဆိုတာ အဲဒါတွေကို ပြန်ဖတ်ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနိုင်ပါတယ်။

မိသားစုတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ သွားသွားလာလာ နေထိုင်ဖို့လည်း လိုတယ်။ ကျန်းမာ ရွှင်လန်းနေချိန်မှာ မိသားစုတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းရတာကို ကျွန်တော်တို့တွေ သာယာကြ၊ ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျနေ၊ စိတ်ဆင်းရဲနေချိန်မှာတော့ အဲသလို နေချင်စိတ်က အလိုလို ပျောက်နေတတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဆွေမျိုးသားချင်းတွေနဲ့ နေတာဟာ သည်လို စိတ်ဓာတ်ကျနေချိန်မျိုးမှာ အလွန် အရေးကြီးပါတယ်။ ကိုယ့်ကို ဂရုစိုက်သူ၊ နားလည်ပေးတတ်သူ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေဆီ သွားတာ၊ သူတို့က ကိုယ့်ဆီ လာလည်တာများဟာ ကိုယ့်စိတ်ကို သက်သာလာစေနိုင်ပါတယ်။

သည်လိုအချိန်မျိုးမှာ မူးယစ်ဆေးဝါးများနဲ့ အရက်သေစာကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ မိမိကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးရမှု အများစုဟာ ရုတ်တရက် ပေါ်ပေါက်လာပြီး ဘယ်လိုမှ ထိန်းလို့ မရနိုင်တော့တဲ့ စိတ်ရိုင်းဝင်ပြီး ထလုပ်လိုက်လို့ ဖြစ်ကုန်ရတာပါ။ အဲသလို ထိန်းလို့မရတဲ့ စိတ်ကို မူးယစ်ဆေးများနဲ့ အရက်သေစာတို့က ပေါ်ပေါက်စေနိုင်တာမို့ စိတ်ဓာတ်ကျနေချိန်မှာ ဒါတွေကို ရှောင်ကြဉ်ဖို့က အသက်တမျှ အရေးကြီးလှပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ စိတ်ကျရောဂါအတွက် ကုသမှု ခံယူနေပြီး ဆေးသောက်နေတယ်ဆိုရင်လည်း အရက်သေစာနဲ့ မူးယစ်ဆေးဝါးက အဲဒီ့ဆေးများရဲ့ အာနိသင်ကို ပျက်ယွင်းသွားစေနိုင်ပါသေးတယ်။

မိမိကိုယ်ကို အဆုံးစီရင်မယ့် အချက်ပေးလက္ခဏာတွေ

တစ်ခါတလေကျရင် ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ ကျွမ်းကျင်သူများတာင်မှ လူတစ်ယောက်ဟာ သူ့ကိုယ်သူ အဆုံးစီရင်လိုစိတ် ဘယ်လောက်အထိ ပြင်းပြနေပြီလဲဆိုတာ အသိရ ခက်နေတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးသားချင်းတစ်ယောက်သာဆိုရင်လည်းပဲ သည်အချက်ကို လွယ်လွယ်နဲ့ မသိရနိုင်ပါဘူး။ တကယ်လို့ ကိုယ့်မိတ်ဆွေ၊ ကိုယ်ချစ်တဲ့ ခင်တဲ့သူမှာ ပြဿနာ ရှိနေတယ်၊ သူ့ကိုယ်သူ အဆုံးစီရင်မယ့် အလားအလာမျိုး ရှိနေတယ်လို့ သံသယ ရှိလာတဲ့အခါ သူ့ကို ပွင့်ပွင့်လင်းလင်း မေးသင့်သလို ကိုယ့်စိတ်ထဲမှာ ကြောင့်ကြနေတဲ့ သူ့အပြုအမူတွေကိုလည်း တိတိပပ ထောက်ပြသင့်ပါတယ်။ တစ်ဆက်တည်းမှာပဲ သူ့အတွက် ကိုယ် စိုးရိမ်မကင်းဖြစ်ရတာ၊ သူ့ကို ကိုယ် ချစ်တာ၊ ခင်တာကိုလည်း သူ ပြန်သတိထားမိလာအောင် ပြောပြပေးဖို့ လိုပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့အကြောင်း ပြောဆိုဆွေးနွေးရုံနဲ့တော့ တစ်ဖက်သားရဲ့ စိတ်ထဲမှာ အဆုံးစီရင်လိုစိတ် ဖြစ်သွားမှာ မဟုတ်ပါဘူး။ လိုအပ်ရင်တော့ ဆရာဝန်နဲ့ ပြသဖို့ အကြံပေးနိုင်သလို သူ့ဘာသာသူ တစ်ယောက်တည်း သွားဖို့ အခက်တွေ့နေတယ်ဆိုရင်လည်း အဖော်လိုက်ပေးပါ့မယ်ဆိုတဲ့ စကားမျိုး ပြောပြနိုင်ပါတယ်။ သူဟာဖြင့်ရင် သူ့ကိုယ်သူ တစ်ခုခု လုပ်တော့မယ်လို့ ကိုယ့်စိတ်ထဲမှာ တအား ယုံကြည်နေပြီဆိုရင်တော့ သူ့ကို လုံးလုံး တစ်ယောက်တည်း မထားခဲ့တော့ဘဲ ဆရာဝန်တစ်ဦးဦးဆီကို ဖြစ်စေ၊ အရေးပေါ်ကိုဖြစ်စေ မဆိုင်းမတွ ခေါ်သွားဖို့ လိုပါလိမ့်မယ်။

တခြားသူဆီမှာ တွေ့ရနိုင်တဲ့ အချက်ပေး လက္ခဏာတွေကတော့ အောက်ပါတို့အတိုင်းပါပဲ။

  • တစ်ချိန်လုံး စိတ်ပျက်လက်ပျက်ဖြစ်နေတာ၊ မျှော်လင့်ချက် ကင်းမဲ့နေတာ။ (စိတ်ကျရောဂါကို မကုသဘဲ ထားခြင်းဟာ မိမိကိုယ်မိမိ အဆုံးစီရင်ဖြစ်သွားစေတဲ့ အဓိက အကြောင်းတစ်ရပ်ပါ။)
  • မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ရောရောနှောနှော မနေတော့ဘဲ ရှောင်ဖယ်ရှောင်ဖယ်လုပ်လာတာ။
  • ကူမယ့်သူ ဝေးနေတယ်၊ ကယ်မယ့်သူ မရှိဘူးလို့ ခံစားနေရတာ။
  • တရားလွန် ဒေါသတွေ ကြီးနေတာ၊ ပေါက်ကွဲနေတာ။
  • ချောင်ပိတ်မိသလို ခံစားနေရတာ၊ မွန်းကျပ်နေတာ။ သည်အခြေအနေကနေ ဘယ်လိုမှ လွတ်လမ်း မရှိတော့သလို ခံစားနေရတာ။
  • ခံစားမှုက အခု တစ်မျိုး တော်ကြာ တစ်မျိုး သိသိသာသာနဲ့ လှုပ်လှုပ်ခတ်ခတ် ပြောင်းလဲနေတာ။ ဆိုလိုတာက ဝမ်းနည်းရင်လည်း မျက်ရည်တွေ တအားကျ၊ ရယ်ရင်လည်း ခွက်ထိုးခွက်လှန်၊ ဒေါသဖြစ်ရင်လည်း ထိန်းမရတော့တဲ့အထိ အားတိုင်း ဖြစ်နေတာ။
  • စရိုက်ပြောင်းလာတာ။ အရင်က ခပ်အေးအေးနေသူက အခုကျတော့ စွာလောင် စွာလောင်ဖြစ်လာတာမျိုး၊ အရင်က စကားဖောင်တတ်သူက အခုကျတော့မှ ငြိမ်နေတတ်တာမျိုးပါ။
  • စိတ်လိုက်မာန်ပါ ကောက်ကာငင်ကာ ထလုပ်တတ်လာတာ။
  • အလုပ်အကိုင်မှာဖြစ်စေ၊ ကျောင်းစာမှာဖြစ်စေ အရင်ကလို မဟုတ်တော့ဘဲ လုပ်ရည်ကိုင်ရည် ကျဆင်းလာတာ။
  • အမြတ်တနိုး တန်ဖိုးထားတဲ့ ပစ္စည်းတွေကို သူများကို ပေးပစ်တာ။
  • သေတမ်းစာ ရေးလာတာ။
  • ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ တရားလွန် ခံစားနေတာ၊ ဒါမှမဟုတ် တရားလွန် ရှက်နေတာ။
  • ဘာကိုမှ သိပ်မဆင်ခြင်တော့တာ။
  • စိတ်ကျနေသူများဟာ သူတို့နဲ့ အရင်းနှီးဆုံး၊ သူတို့ အယုံကြည်ဆုံးတွေကို သူတို့ရဲ့ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ခံစားချက် အပြင်းစားတွေ၊ စိတ်ပျက်လက်ပျက် ဖြစ်နေတာတွေ၊ ကိုယ့်ကိုယ်ကိုယ် မယုံမရဲ ဖြစ်နေတာတွေကို ဖွင့်အန် ပြောပြတတ်ကြပါတယ်။ အဲဒီ့ခံစားချက်တွေ ပြင်းထန်လွန်းလေလေ၊ “မခံစားနိုင်တော့ဘူး”ဆိုတဲ့ စကားလုံးကိုလည်း သူတို့တွေ ပိုသုံးတတ်ကြလေဖြစ်သလို အဲသလို ပြင်းထန်နေလေလေ မိမိကိုယ်ကို အဆုံးစီရင်ပစ်လိုက်လိုစိတ်များကလည်း သူတို့ရဲ့ အတွေးထဲမှာ လွှမ်းမိုးနေလေလေ ဖြစ်တတ်ပါတယ်။
  • ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လက်စသတ်တာ။ သူ မရှိတော့တဲ့အခါ သူ့မိသားစု အဆင်ပြေရေးအတွက် လုပ်စရာရှိတာတွေကို လုပ်ပေးဖို့ ပြင်ဆင်နေပြီဆိုရင် အဲဒီ့လူဟာ မိမိကိုယ်မိမိ အဆုံးစီရင်ဖို့ ပြင်ဆင်နေတဲ့ အလားအလာက အတော်များနေပြီလို့ ဆိုနိုင်ပါလိမ့်မယ်။
  • မိမိကိုယ်ကို အဆုံးစီရင်နိုင်မယ့် နည်းလမ်းတွေကို အလေးအနက် အသည်းအသန် ပြောဆို ဆွေးနွေးနေပြီဆိုရင်လည်းပဲ အဲလိုလုပ်ဖို့ အလားအလာက အတော်များနေပြီလို့ တွက်ဆနိုင်ပါတယ်။ အဲလို မိမိကိုယ်ကို အဆုံးစီရင်ချင်တဲ့စိတ်က ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတဲ့တိုင် အဲလို ကြိုတင် ပြင်ဆင်ထားတဲ့အတွက် ရုတ်တရက် မိမိကိုယ် မိမိ အဆုံးစီရင်ရာမှာ လွယ်ကူသွားစေနိုင်ပါတယ်။
  • စိတ်ကျရောဂါ ပြင်းထန်လာတဲ့သူတစ်ယောက်ဟာ မူးယစ်ဆေးကိုဖြစ်စေ၊ အရက်သေစာကိုဖြစ်စေ အလွန်အကျွံ သုံးစွဲလာတတ်ပါတယ်။ ဒါလည်း သတိထားရမယ့် လက္ခဏာတစ်ရပ်ပါပဲ။
  • စိတ်ကျရောဂါ ခံစားနေရသူတစ်ယောက်ဟာ ရုတ်တရက်ကြီး ပြန်ကောင်းသွားပြီး ပုံမှန်အတိုင်းလို ဖြစ်သွားချိန်ဟာလည်း စိုးရိမ်ရချိန်ပါပဲ။ အမှန်တော့ ပြန်ကောင်းတာမဟုတ်ဘူး။ သူ့ကိုယ်သူ အဆုံး စီရင်တော့မယ်လို့ ပိုင်းဖြတ်ပြီးသွားချိန်မှာ အားလုံးကို စိတ်လျှော့လိုက်ပြီး ဟန်ဆောင်လိုက်တာသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ကျ ရောဂါဝေဒနာ ခံစားနေရသူတစ်ယောက် ရုတ်ချည်း ပြန်ကောင်းသွားသလို ဖြစ်သွားချိန်မှာလည်း အထူး သတိထားသင့်ပါတယ်။

စိတ်ကျရောဂါဝေဒနာကနေ အလျင်အမြန် ပြန်ကောင်းလာခြင်းဟာ မိမိကိုယ်မိမိ အဆုံးစီရင်မယ့် အလားအလာနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ စိတ်ကျရောဂါ သက်သာသွားပြီဆိုတာနဲ့ အားအင်တွေ ပြန်လည် ပြည့်ဖြိုးလာသလို ကြိုတင်အကွက်ချ စီစဉ်နိုင်တဲ့ စွမ်းအားတွေလည်း ပြန်လည် ခိုင်မာလာပါတော့တယ်။ သည်မှာတင် မိမိကိုယ်ကို အဆုံးစီရင်ဖို့ ပြန်လည် ကြိုးစားတတ်ကြတော့တာပါ။ သုတေသနများအရဆိုရင် စိတ်ကျရောဂါကို ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူပြီးတဲ့နောက် ခြောက်လကနေ ၁၂ လတာအတွင်းမှာ အဲဒီ့လူနာတွေဟာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ စဉ်းစားဖြစ်စေနိုင်တဲ့ အလားအလာရှိပါသတဲ့။

နိဂုံး

တချို့သူတွေကျတော့လည်း အဲဒီ့ အချက်ပေး လက္ခဏာတွေ တစ်ခုဆို တစ်ခုမှ မပြဘဲ သူတို့ကိုယ်သူတို့ အဆုံးစီရင်သွားတတ်တာမျိုးလည်း ရှိပါတယ်။ သို့ပေမယ့် ၇၅ ရာခိုင်နှုန်းကတော့ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်ပေး လက္ခဏာ တချို့ကို ပြခဲ့ကြတာချည်းပါပဲ။ ဒါ့ကြောင့် သည်လက္ခဏာတွေကို လူတိုင်း သိထားသင့်တယ်လို့ ယူဆပါတယ်။ သိထားမှလည်း ကိုယ်ကိုယ်တိုင်မှာဖြစ်ဖြစ်၊ တခြားသူတစ်ယောက်မှာဖြစ်ဖြစ် မိမိကိုယ်ကို အဆုံးစီရင်မယ့် အလားအလာ ရှိနေပြီဆိုရင် ဖျတ်ခနဲ တန်းသိနိုင်မှာပါ။

လူ့အသက်တစ်ချောင်းဆိုတာ ကယ်ကောင်းပါတယ်။ မိမိကိုယ်ကို အဆုံး စီရင်လိုစိတ်ပေါက်နေသူတစ်ဦးကို အပြစ်တင်ရတာ၊ ကဲ့ရဲ့ရတာ၊ ရှုံ့ချရတာက အင်မတန်လွယ်ပါတယ်။ ဒါပေမယ့် သူဟာ စိတ်ကျန်းမာရေး ချို့ယွင်းတဲ့ ရောဂါ ဝေဒနာတစ်ခုကို ခံစားနေရသူပါလားဆိုတာ နားလည် သဘောပေါက်ပေးနိုင်မယ် ဆိုရင်တော့ သူ့ကို အပြစ်တင်၊ ကဲ့ရဲ့၊ ရှုံ့ချ၊ ဝေဖန်ဖို့ထက် သူ့ရောဂါဝေဒနာ သက်သာအောင် ကိုယ့်ဘက်က တတ်စွမ်းသမျှ ကူညီပံ့ပိုးပေးနိုင်ဖို့ စဉ်းစားမိကြမယ်လို့ မျှော်လင့် ယုံကြည်နေမိပါတယ်။

တချို့တွေက မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းရဲ့ အခြေခံ သဘောကို သတိ မထားမိကြတဲ့အတွက် ဝေဖန်ချက် အမျိုးမျိုး ပြောမိ၊ ပြုမိနေမိကြတာပါ။ သည် စိတ်ဝေဒနာရဲ့ သဘာဝကို သတိထားမိကြပြီဆိုရင်ဖြင့် ကိုယ့်ပတ်ဝန်းကျင်ကို တစ်နည်းတစ်ဖုံ အထောက်အကူပြုသွားနိုင်ကြလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရေးသား တင်ဆက်လိုက်ပါတယ်။

သည်စာမှာ အဓိက အချက်နှစ်ချက်ပါပါတယ်။ အဲဒါလေးက သည်စာရဲ့ အနှစ်ချုပ်မို့ နိဂုံးမှာ ပြန်ကောက်ပြပါရစေ။

(၁)    မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းဟာ ယာယီ ပြဿနာကို ဘယ်တော့မှ ပြင်လို့ မရနိုင်တဲ့ နည်းနဲ့ ဖြေရှင်းတာပါ။

(၂)    မိမိကိုယ်မိမိ အဆုံး စီရင်လိုစိတ်များဟာ စိတ်ကျန်းမာရေး ချို့ယွင်းမှုများကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

ရန်ကုန် – ၁၀၁၂၁၁

အကိုးအကား –

  1. http://www.sucide.org/
  2. http://www.medicinenet.com/suicide/article.htm
  3. http://helpguide.org/mental/suicide_prevention.htm

(၂၀၁၂ ခုနှစ် ဇန်န၀ါရီလထုတ် “သရဖူ” မဂ္ဂဇင်းမှာ ဖော်ပြထားတာကို ပြန်လည် တင်ဆကိလိုက်တာပါ။ ကူးယူဖော်ပြထားတဲ့ သရဖူ သရုပ်ဖော်ပုံများကို ဆရာ“ဇော်မောင်” ရေးဆွဲတာဖြစ်ပါတယ်။)