Bobby

ဘော်ဘီ

သည်ကနေ့ နိုင်ငံရေးစကားတွေ ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။ ကနေ့အဖို့ ပရိသတ်ကြီးကို ပြောပြချင်တာလေးတစ်ခုရှိပါတယ်။ ဘာကိုလဲဆိုရင်တော့ ကျွန်တော်တို့ အမေရိကန်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆင်ခြင်တုံတရား ကင်းမဲ့လှသော အကြမ်းဖက်မှု အန္တရာယ်ရန်စွယ်အကြောင်းကို တိုတိုကျဉ်းကျဉ်း ပြောလိုက်ချင်တာပါ။ အဲဒီ့အန္တရာယ်ကြောင့် ကျွန်တော်တို့ မိခင်မြေမှာ အစွန်းအထင်းတွေ ဖြစ်နေရသလို လူတိုင်းလူတိုင်းရဲ့ ဘဝတွေလည်း စွန်းထင်းနေပါတယ်။

ဒါဟာ လူမျိုးတစ်မျိုးတည်းအတွက် ကြောင့်ကြစရာ အရေးအရာ မဟုတ်ပါဘူး။ အကြမ်းဖက်မှုရဲ့ သားကောင်တွေထဲမှာ လူမည်းတွေလည်းပါသလို လူဖြူတွေလည်း ပါတယ်။ ကြွယ်ဝသူတွေ ပါသလို နွမ်းပါးသူတွေလည်း ပါတယ်။ ငယ်ရွယ်သူတွေ ပါသလို အသက်ကြီးသူတွေလည်း ပါတယ်။ ကျော်ကြားသူတွေ ပါသလို လူမသိ သူမသိ အညတြတွေလည်း ပါပါတယ်။ အဲဒီ့သားကောင်တွေ အားလုံးမှာ တူညီတဲ့ အချက်ကတော့ တစ်ချက်တည်း ရှိတယ်။ အဲဒါကတော့ သည်သားကောင်တွေ အားလုံးဟာ တခြားသော လူသားများက ချစ်ခင် တွယ်တာကြသူတွေ၊ တခြားသော လူသားများအတွက် လိုအပ်နေသူတွေ ဖြစ်လေတဲ့ လူသားစင်စစ်များသာ ဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။

ဘယ်မှာနေတဲ့သူပဲဖြစ်ဖြစ်၊ ဘာအလုပ်လုပ်တဲ့သူဖြစ်ဖြစ် ဘယ်သူတစ်ဦး တစ်ယောက်မှ သည်လို ဆင်ခြင်ဉာဏ် ကင်းမဲ့လှတဲ့ သွေးချောင်းစီးမှုကို ရင်ဆီးပြီး ခံရလေမယ့်သူ နောက်တစ်ဦးဟာ ဘယ်သူဖြစ်လိမ့်မယ်ဆိုတာကို ကံသေကမ္မ မပြောနိုင်ပါဘူး။ အဲသလိုနဲ့ပဲ သည်အနိဋ္ဌာရုံ၊ သည်အကြမ်းဖက်မှု၊ သည်သွေးချောင်းစီးမှုကြီးဟာ ကျွန်တော်တို့ အမေရိကန်နိုင်ငံမှာ ဆက်ခါ၊ ဆက်ခါ၊ ဆက်ခါ ဖြစ်ပွားနေပါတယ်။

ဘာကြောင့် ဖြစ်နေတာလဲ။ အကြမ်းဖက်မှုကြောင့် ဘာအကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာသလဲ။ အကြမ်းဖက်မှုက ဘာတွေကိုများ ဖန်တီးပေးခဲ့ပါသလဲ။

တရားဥပဒေဆိုတဲ့ ခေါင်းစဉ်အောက်ကပဲ ဖြစ်စေ၊ တရားဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်၊ သို့တည်းမဟုတ် ဂိုဏ်းတစ်ဂိုဏ်းကနေ သွေးအေးအေးနဲ့ပဲဖြစ်ဖြစ်၊ ဒေါသစိတ်နဲ့ပဲဖြစ်ဖြစ်၊ အကြမ်းဖက်မှုကို တုံ့ပြန်တဲ့အနေနဲ့သော်လည်းကောင်း၊ အကြမ်းဖက်တဲ့အနေနဲ့သော်လည်းကောင်း  အမေရိကန်နိုင်ငံသားတစ်ဦးတစ်ယောက်ရဲ့အသက်ဇီဝိန်ကို ချွေလိုက်တဲ့အခါတိုင်းမှာ…

လူတစ်ဦးတစ်ယောက်အနေနဲ့ သူကိုယ်တိုင်အတွက်၊ သူ့သားသမီးတွေအတွက် ပင်ပန်းဆင်းရဲခြင်းကြီးစွာနဲ့ တလေးတနက် ရက်ယှယ် တည်ဆောက်ထားလေတဲ့ ဘဝပိတ်သားကို ကျွန်တော်တို့တွေ ဆုတ်ဖြဲလိုက်တဲ့အခါတိုင်းမှာ…

အဲသလိုတွေ ကျွန်တော်တို့ လုပ်လိုက်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာက ကျကျသွားပါတယ်ခင်ဗျား။

အဲသလို ဖြစ်ပင် ဖြစ်နေလင့်ကစား လူသားချင်း စာနာထောက်ထားမှုနဲ့တကွ ပျိုးထောင် ယဉ်ကျေးမှု ထွန်းကားလှပါတယ်လို့  ကျွန်တော်တို့ ကြွေးကြော်နေသမျှကို လစ်လျူရှုရာ ရောက်နေလေတဲ့ အကြမ်းဖက်မှုများ တစ်နေ့တခြား တိုးပွား မြင့်တက်နေတာကိုတော့ ကျွန်တော်တို့တွေ အသာလေး မသိချင်ယောင်ဆောင်နေမိကြသလိုပါပဲ။

အင်အားသုံးနေကြသူတွေ၊ အင်အားနဲ့ ထောင်လွှားနေကြသူတွေ၊ အင်အားသုံးဖို့ကို အာပေါင်အာရင်းသန်သန် ပြောဆိုနေကြသူတွေကို ကျွန်တော်တို့တွေ ဂုဏ်ပြု ချီးမြှောက်နေတာ တစ်ဆိတ် များလွန်းနေပါပြီ။ တခြားတစ်ပါးသော လူသားများရဲ့ တစ်စစီကြေပျက်သွားတဲ့ အိပ်မက်များအပေါ်မှာ စင်္ကြံလျှောက်ပြီးမှ ကိုယ့်ဘဝကို တည်ဆောက်လိုကြသူများအပေါ်မှာ ကျွန်တော်တို့တွေ ခွင့်လွှတ်ထားခဲ့တာလည်း တစ်ဆိတ် များလွန်းနေပါပြီ။

သို့ပေမယ့် သေချာတာကတော့ တစ်ခုတည်းပါပဲ။ အကြမ်းဖက်မှုကနေ အကြမ်းဖက်မှုများသာ မွေးဖွားပေးပါတယ်၊ ဖိနှိပ်မှုကလည်း လက်တုံ့ပြန်မှုကိုသာ မွေးဖွားပေးပါတယ်။ သည်တော့ကာ ကျွန်တော်တို့ လူ့ဘောင်တစ်ရပ်လုံးကို သန့်စင်သွားအောင် လုပ်နိုင်မှသာလျှင် ကျွန်တော်တို့တွေရဲ့ စိတ်နှလုံးထဲမှာ ကိန်းဝပ်နေလေတဲ့ သည်စိတ်အဆိုးအယုတ်ကြီးကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

သို့ပေမယ့် လူတစ်ယောက်အနေနဲ့ သူ့ညီအစ်ကိုရင်းချာတစ်ယောက်ကို မုန်းတီးအောင်၊ ကြောက်လန့်အောင် ကိုယ်က သင်ကြားပေးလိုက်မယ်ဆိုရင်၊ ဒါမှမဟုတ် သူ့ရဲ့ အသားအရောင်ကြောင့်ဖြစ်စေ၊ ကိုးကွယ်ယုံကြည်မှုကြောင့် ဖြစ်စေ၊ သူနှစ်သက် လက်ခံထားတဲ့ မူဝါဒကြောင့်ဖြစ်စေ၊ သူဟာဖြင့်ရင် တစ်ဆင့်နိမ့် လူသားသာ ဖြစ်တယ်လို့ လူတစ်ဦးတစ်ယောက်ကို ကိုယ်က သင်ကြားပေးလိုက်မယ်ဆိုရင်၊ အဲ… ဒါမှမဟုတ်လည်း ကိုယ်နဲ့ မတူတဲ့သူတွေက ကိုယ့်ရဲ့ လွတ်လပ်မှုကိုဖြစ်ဖြစ်၊ အလုပ်အကိုင်ကိုဖြစ်ဖြစ်၊ နေအိမ်ကိုဖြစ်ဖြစ်၊ မိသားစုကိုဖြစ်ဖြစ် ဒုက္ခပေးလိမ့်မယ်လို့ဖြစ်ဖြစ် သင်ကြားပေးလိုက်မယ်ဆိုရင် အဲဒီ့လူဟာ တခြားတစ်ပါးသူများကို ကိုယ်နဲ့ဘဝတူ လူသားများ၊ နိုင်ငံသားများအဖြစ် လူကို လူလို မမြင်တတ်တော့ဘဲ ရန်သူတွေအဖြစ်သာ မြင်တွေ့ ရင်ဆိုင်မိတော့မှာပါ။ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် ဆက်ဆံမှာ မဟုတ်ဘဲ အနိုင်ယူဖို့ သက်သက်သာ ဆက်ဆံဖြစ်တော့မှာပါ။ တန်းတူ ဆက်ဆံဖို့ထက် လက်အောက်ခံအဖြစ် သွတ်သွင်းဖို့သာ စိတ်ကူးတော့မှာပါ။

သည်လိုနဲ့ ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့ ညီရင်းအစ်ကိုတွေကို တခြား ဂြိုဟ်သားတွေလို ကြည့်တတ်လာပါတော့မယ်။ တစ်မြို့တည်းတော့ အတူနေကြပါရဲ့။ သို့ပေမယ့် အသိုင်းအဝိုင်းချင်း တခြားစီဖြစ်နေတဲ့ ဂြိုဟ်သားတွေပေါ့။  နေတဲ့နေရာချင်း တူလို့သာ ကျွန်တော်တို့နဲ့ ပတ်သက်နေရတာ၊ အားထုတ်မှုချင်းတော့ မတူဘူးလို့ တွေးဖြစ်နေပါတော့မယ်။ သည်လိုနဲ့ တစ်ယောက်တစ်ယောက် အပြန်အလှန် ကြောက်ရွံ့နေကြတာတွေ၊ တစ်ယောက်နဲ့တစ်ယောက် ကင်းကင်းရှင်းရှင်း နေချင်တဲ့ ဆန္ဒတွေသာ ပွားများလာမယ့်အပြင် သဘောထားကွဲလွဲမှုတွေကိုလည်း အင်အားသုံးပြီးသာ ဖြေရှင်းချင်စိတ်တွေကလည်း ပွားများလာတော့မှာ မလွဲပါဘူး။

သည်ကမ္ဘာမြေပေါ်မှာ ကျွန်တော်တို့တွေ ရထားတဲ့ ဘဝတာလေးက တကယ်တော့ တိုတောင်းလွန်းလှပါတယ်။ ကျွန်တော်တို့ လုပ်ရမယ့်အလုပ်ကကျတော့ မနိုင်ရင်ကာ ကြီးမားလွန်းလှတယ်။ အဲသလို ကြီးမားလှတဲ့ အလုပ် တာဝန်ကို ဆောင်ရွက်ကြဖို့အတွက် ကျွန်တော်တို့ရဲ့ မိခင်မြေပေါ်မှာ အဲဒီ့ စိတ်ဓာတ်ကြီးကို ရှင်သန်ပွင့်လန်းခွင့် မပေးသင့်တော့ပါဘူး။ အစီအမံ တစ်ခုခုနဲ့ ဖြစ်စေ၊ ဆုံးဖြတ်ချက်တစ်ရပ်ရပ်နဲ့ဖြစ်စေ သည်စိတ်ဓာတ်ကြီး အမြစ်ပြတ်သွားအောင် ဆောင်ရွက်နိုင်မှာ မဟုတ်တာလည်း အင်မတန်မှ သေချာလှပါတယ်။

သို့ပေမယ့် တစ်ကြိမ်တစ်ခါလောက်လေးပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ သတိရသင့်တာလေးတစ်ခုတော့ ရှိတယ်။ အဲဒါကတော့ ကျွန်တော်တို့နဲ့ အတူတကွ နေထိုင်ကြသူများ အားလုံးဟာ ကျွန်တော်တို့ရဲ့ ညီနောင်သားချင်းတွေသာ ဖြစ်တယ်ဆိုတာရယ်၊ ထိုသူများသည်လည်း ကျွန်တော်တို့နည်းတူ ဘဝတာတိုတိုလေးကို အခိုက်အတန့်မျှသာ ရရှိထားကြသူများသာ ဖြစ်တယ်ဆိုတာရယ်၊ သူတို့သည်လည်း ကျွန်တော်တို့နည်းတူ ကိုယ့်ဘဝကို ရည်မှန်းချက်ကလေးနဲ့ စိတ်လက်ချမ်းသာစွာ ရင်ဆိုင် ကျော်လွှားသွားချင်သူချည်းပဲ၊ ကျေနပ်မှုနဲ့ ပြည့်စုံမှုကို ကျွန်တော်တို့နည်းတူ ကိုယ်တတ်စွမ်းသမျှ ဆောင်ရွက်သွားချင်သူချည်းသာ ဖြစ်တယ်ဆိုတာရယ်လေးများကို သတိထားသင့်လှကြပါတယ်။

အဲသလို တူညီတဲ့ ကံကြမ္မာရဲ့ စည်းနှောင်မှု၊ တူညီသော ရည်မှန်းချက် ပန်းတိုင်မှုများရဲ့ စည်းနှောင်မှုက ကျွန်တော်တို့ကို စတင် သင်ပြပေးနေတာလေး တစ်ခု ရှိပါတယ်။ အခု ရင်ဆိုင် ကြုံတွေ့နေရသမျှကနေ အဖျင်းဆုံး ကျွန်တော်တို့ သိရှိ ကျင့်သုံးနိုင်တာတစ်ချက်ကတော့ ကျွန်တော်တို့ပတ်ဝန်းကျင်က လူသားတွေကို ကြည့်မြင်မိတဲ့အခါတိုင်းမှာ ကျွန်တော်တို့နဲ့ တန်းတူရည်တူ လူသားများအဖြစ် ကြည့်တတ်လာပါလိမ့်မယ်။ ကျွန်တော်တို့ကြားထဲမှာ ရှိနေကြတဲ့ အနာတရများကိုလည်း ပြန်လည် ဖာထေးနိုင်အောင် အနည်းနဲ့အများ အားထုတ်တတ်လာပါလိမ့်မယ်။ ပြီးတော့လည်း တစ်နိုင်ငံတည်းအတွင်းမှာ မှီတင်းနေထိုင်ကြသူ နိုင်ငံသားများ၊ ညီနောင်သားချင်းများသာဖြစ်တယ်လို့ ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲ ခံယူတတ်လာကြပါလိမ့်မယ် ခင်ဗျား။

၂၀ဝ၆ ခုနှစ် နိုင်ငံတကာ ရုပ်ရှင် အော်စကာ ဇာတ်ကားဆုအတွက် ဆန်ခါ တင် စာရင်းဝင်တဲ့ ကားတစ်ကားဖြစ်တဲ့ “ဘော်ဘီ”ဆိုတဲ့ ရုပ်ရှင်ကားရဲ့ ဇာတ်သိမ်းမှာ ပါဝင်တဲ့ “ရောဘာ့(ထ်) ဖရန်းဆစ်(စ်) ခယ်နက်ဒီ”ရဲ့ စကားတွေကို အစအဆုံး ပြန်ဆို တင်ပြလိုက်တာ ဖြစ်ပါတယ်။ မူရင်းဇာတ်ကားမှာက အကျော်အမော် သရုပ်ဆောင်တွေ အများအပြား ပါဝင်ပါတယ်။ အန်ထနီ ဟော့(ဖ်)ခင်း(စ်)၊ ရှယ်ရန် စထုံး၊ ဒယ်မီ မိုးတို့အပြင် လင်းဒဆေး လိုဟန်လို တက်သစ်စ သရုပ်ဆောင်မင်းသမီးလေးကအစ ပါဝင်တာမို့ အဟုတ်မှတ်ပြီး အစအဆုံး ထိုင်ကြည့်ခဲ့မိပါတယ်။

၁၉၆၈ ခုနှစ် ဇွန်လအတွင်းက သမ္မတ ရွေးကောက်ပွဲကာလအတွင်းမှာ မဲဆွယ်ပွဲ ကျင်းပရေးအတွက် ရောဘာ့(ထ်) ခယ်နက်ဒီ အခြေစိုက်ရာ သံအမတ်ကြီး ဟိုတယ်က ဝန်ထမ်းများနဲ့ လာရောက် တည်းခိုသူများအကြားမှာ ဖြစ်ပျက်သမျှကို ခုတ်ပြသွားရင်းက ရောဘာ့(ထ်)ခယ်နက်ဒီ လုပ်ကြံခံရပုံနဲ့ အဆုံးသတ်ထားတာ ဖြစ်ပါတယ်။ အဲဒီ့လုပ်ကြံမှုကြောင့် ကွယ်လွန်သွားလေသူ အထက် လွှတ်တော်အမတ် ရောဘာ့(ထ်)ခယ်နက်ဒီရဲ့ အရုပ်နဲ့ အသံကိုတော့ မူရင်းအတိုင်း ထည့်သွင်း သုံးစွဲထားပါတယ်။

ကျွန်တော် ပြန်ဆိုတင်ပြခဲ့တဲ့ သူ့နောက်ဆုံး မိန့်ခွန်းလေးက ကျွန်တော့်ရင်ကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ အဲဒီ့စကားတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ နီးပါးက သူ ပြောသွားခဲ့တာပါ။ ကနေ့ထက်တိုင် သူ့စကားတွေဟာ ကမ္ဘာကြီးအတွက် အသုံးဝင်နေ၊ လတ်ဆတ်နေပါသေးတယ်။ သည်စကားတွေ ပြောပြီးလို့ များမကြာခင် နာရီပိုင်း အတွင်းမှာလည်း သူကိုယ်တိုင် အကြမ်းဖက်မှုရဲ့ သားကောင်ဘဝကို ရောက်သွားခဲ့ပြီး ဇီဝိန်ချုပ်သွားခဲ့ပုံလေးကလည်း သံဝေဂရစချင်စရာ အင်မတန် ကောင်းလှတယ်။

ဘဝမှာ ကျွန်တော်တို့သည်လည်းပဲ အတိုက်အခိုက်ခံခဲ့ရတတ်စမြဲပါပဲ။ လူ့ခန္ဓာကို ထိခိုက်ချင်မှ ထိခိုက်မှာဖြစ်ပေမယ့် ဘဝတစ်ခုလုံး အလဲထိုးခံရတာတွေ၊ နာမည် ဂုဏ်သတင်းကို ထိခိုက်အောင် ထိုးနှက်တာတွေကိုလည်း သူသူကိုယ်ကိုယ် ကြုံရတတ်ပါတယ်။ အဲသလို ထိုးနှက်သူတွေကလည်း ကျွန်တော်နဲ့ ဘဝတူ လူသားတွေ၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်နေကြတဲ့ ညီနောင်သားချင်းတွေပါပဲ။ ကျွန်တော်တို့ နည်းတူ၊ သူတို့မှာလည်း သူတို့ကို မှီခိုနေတဲ့မိသားစုတွေ ရှိပါတယ်။ ကျွန်တော်တို့နည်းတူ သူတို့သည်လည်းပဲ သူတို့ဘဝလေးသူတို့ မရကုပ်ကပ် တည်ဆောက်ထားကြသူတွေပါပဲ။

သို့ပေမယ့် ကျွန်တော်တို့နဲ့သဘောထားချင်း မတိုက်ဆိုင်ခိုက်မှာတော့ ကျွန်တော်တို့သည်လည်း သူတို့နဲ့ ညီနောင်သားချင်းဆိုတာရော၊ ဘဝတူ လူသားတွေသာ ဖြစ်တယ်ဆိုတာကိုပါ မေ့ပြီး ကျွန်တော်တို့ကို ထိုးနှက်တိုက်ခိုက်ဖို့ အားထုတ်တတ်ကြပါတယ်။ တစ်ဖက်က ပြောရင်တော့ သဘောထားကွဲလွဲမှုလေးတစ်ခုကို အကြောင်းပြုပြီး လူနဲ့လူချင်း ရန်တုံ့နှင်းမိတတ်ကြတဲ့ ကျွန်တော်တို့ လူသားများရဲ့ အင်မတိ အင်မတန် လူဆန်တဲ့ သဘာဝလေးလို့ ဆိုနိုင်ပါ လိမ့်မယ်။

ရောဘာ့(ထ်) ခယ်နက်ဒီ သည်စကားကို ပြောလိုက်စဉ်အချိန်က အမေရိကန်နိုင်ငံဟာ ဗီယက်နမ်ကို တိုက်နေချိန်၊ အမေရိကန်စစ်သားတွေ အလုံးအရင်းနဲ့ သေကျေပျက်စီးနေချိန်၊ လူမည်းခေါင်းဆောင် ဒေါက်တာ မာတင် လူသာ ခင်း(ဂ်)လည်း လုပ်ကြံခံရလို့ တိမ်းပါးသွားချိန်ဖြစ်ပါတယ်။

သူ သည်စကား ပြောခဲ့တာ နှစ် ၄၀ ပြည့်ဖို့ တစ်နှစ်ပဲ လိုပါတော့တယ်။ သို့ပေမယ့် ကနေ့ အမေရိကန်နိုင်ငံသားများရဲ့ ဘဝဟာ ကျီးလန့်စာစား ဘဝမှာပဲ ဆက်လက် တည်ရှိနေသေးသလို အကြမ်းဖက်မှုတွေကလည်း ကမ္ဘာတစ်လွှားမှာ အတောမသတ်သေးပါဘူး။

ကျွန်တော်ကတော့ သူ့မိန့်ခွန်းလေးကို နားထောင်ရင်း ရင်ထဲမှာ လှိုက်ကနဲ ဖြစ်သွားမိရလို့ ချကူးလိုက်မိတဲ့အပြင် လုံးစေ့ပတ်စေ့လည်း ဘာသာပြန်ဆိုကာ စာဖတ်သူ လူကြီးမင်းများကို လက်ဆင့်ကမ်း ဖောက်သည်ချမိသွားပါပြီ။ သို့ပေမယ့် ကျွန်တော့်ကိုယ်တွေ့အထွေထွေနဲ့ နှိုင်းယှဉ်  ချိန်ထိုးမိတဲ့အခါကျပြန်တော့ လူတစ်ယောက်က ကိုယ်နဲ့ သဘောချင်းမတိုက်ဆိုင်သူ တခြားလူတစ်ယောက်အပေါ်မှာ “ဘဝတူ လူသားချင်းပါကလား”ဆိုတဲ့ စာနာထောက်ထားစိတ်ကလေး မွေးဖြစ်ဖို့ဆိုတာ အပြောလွယ်လှသလောက် အကောင်အထည်ဖော်ဖို့ သိပ်များ ခက်နေသလားလို့ စဉ်းစားနေမိရပါတယ်။

စာဖတ်သူ လူကြီးမင်းရော… ၃၁ ဘုံမှာ ကျင်လည်ကုန်သော ဝေနေယျ သတ္တဝါအားလုံးအပေါ်မှာ မိခင်က တစ်ဦးတည်းသောသားအပေါ်မှာ ထားတဲ့ မေတ္တာမျိုးနဲ့ အခါခပ်သိမ်း မေတ္တာထားနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ရာနှုန်းပြည့် ယုံကြည်မိပါသလားလို့ မေးကြည့်ချင်တဲ့ စိတ်ကလေးကလည်း ပေါက်လာပါတယ်။

သူများသာ လျှောက်မေးနေတာ… ခင်ဗျားကကျတော့ရောလို့ ကျွန်တော့်ကို မေးလာမယ်ဆိုရင်တော့… အမှန်အတိုင်းပဲ ဝန်ခံပါ့မယ်ဗျာ။ ကျွန်တော်ဟာ အန္ဓပုထုဇဉ်ဘဝမှာ ကျင်လည်နေဆဲမျှသာမို့ အဲသလောက်တော့ စိတ်သဘောထား မကြီး၊ မေတ္တမပွားနိုင်တာလည်း အသေအချာပါ။ သို့ပေမယ့် ခွေးရိုက်ချင်ရင် ခွေးရှင်မျက်နှာကြည့်ရတယ်ဆိုတဲ့ အခြေခံ နီတိလောက်ကိုတော့ လိုက်နာကျင့်သုံးတတ်တာမျိုးမို့ ကိုယ့်အမျက်ကြောင့် ကိုယ်နဲ့ ကွဲလွဲသူ လူတစ်ဖက်သား တစ်ဦးတစ်ယောက်တည်းသာမက သူ့နောက်က တစ်နွယ်ငင် တစ်စင်ပါတွေပါ နစ်နာကုန်မှာမျိုးကိုတော့ ဝေရာမဏိ ဝေးစွာ ရှောင်ကြဉ်တတ်ပါကြောင်းလောက်တော့ ခပ်ရဲရဲလေးပဲ ဝန်ခံလိုက်ချင်ကြောင်းပါခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၂၈၀၅၀၇)

၂၀၀၇ ခုနှစ် ဇွန်လအတွင်းက ထုတ်ဝေတဲ့ အတွေးသစ် ဂျာနယ်တစ်စောင်မှာ ဖော်ပြခဲ့ပြီး ယနေ့ထုတ် လက်တွဲဖော်စာအုပ်သစ် “မောဟရဲ့ မူလဘူတ”စာအုပ်ထဲမှာ ဖော်ပြထားတဲ့ စာတစ်ပုဒ်လည်း ဖြစ်ကြောင်းပါ။