On Valentine’s Day

ရင်မောစရာ ချစ်သူများနေ့


နိုင်ငံခြား အသံလွှင့်ဌာနတစ်ခုက ကျွန်တော့်ကို လှမ်းဆက်သွယ်ပြီး မေးမြန်းပါရစေလို့ ခွင့်တောင်းလာပါတယ်။ မေးလိုတဲ့ အကြောင်းအရာကတော့ Valentine’s Day လို့ ခေါ်တဲ့ ချစ်သူများနေ့နဲ့ ပတ်သက်လို့ပါတဲ့။

ပြောချင်နေတာ ကြာပြီဖြစ်တာမို့ ပြောဖြစ်ခဲ့ပေမယ့် လက်တန်း ပြောတာမို့ အချက်အလက် အပြည့်အစုံ ပါမသွားဘူး။ အချိန်ကလည်း တိုတာကိုး။ ဒါနဲ့ ကျွန်တော့်ရဲ့ မန္တလေး အက်(ဖှ်)အယ်(မ်)က ရေဒီယို အစီအစဉ်မှာ တင်ဆက်ဖို့ ရည်ရွယ်ပြီး စာမူ ရေးဖြစ်ခဲ့ပါတယ်။ အဲဒီ့စာမူလေးကိုပဲ ရေဒီယို နားမထောင်ဖြစ်သူ ဂျာနယ် ပရိသတ်များအတွက် အနည်းငယ် တည်းဖြတ် တင်ဆက်ပေးပါရစေလားခင်ဗျာ။

ပထမဆုံးက အဲဒီ့ Valentine’s Day ဘယ်လို ပေါ်ပေါက်လာသလဲ ဆိုတာ အရင်တင်ပြချင်ပါတယ်။ ခရစ်ယာန်အာဇာနည်တွေထဲမှာ ဆိုတဲ့ ဗှယ်လင်ထိုင်းနာမည်နဲ့သူတွေ မရေမတွက်နိုင်အောင် များပြားလှတယ်။ အဲဒီ့ထဲကမှ ဒဏ္ဍာရီလာ ဗှယ်လင်ထိုင်း ဘွဲ့ခံ သူတော်စင်တစ်ပါးကတော့ စစ်တပ်ကို ချဲ့ထွင်ချင်တာမို့ အရွယ်ရောက်သူ အမျိုးသားတွေကို အိမ်ထောင်ပြုခွင့် ပိတ်ပင်ထားတဲ့ ရောမ ဧကရာဇ် ဒုတိယမြောက် ခလောဒစ်ယပ်(စ်) ရဲ့ အမိန့်ကို ဖီဆန်ပြီး လူငယ်လေးတွေကို လျှို့ဝှက် လက်ထပ်ပေးခဲ့ဖူးတယ် လို့ အဆိုရှိပါတယ်။    ဒါကို ဘုရင်ကြီး သိသွားတော့ သူ့ကို ဖမ်းဆီးပြီး ထောင်သွင်း အကျဉ်းချထားလိုက်ပါတော့တယ်။ ဒါက သိပ်မခိုင်လုံလှတဲ့ ပါးစပ် ရာဇဝင်ပါ။

သူ့ထက် နည်းနည်းလေး ပိုခိုင်လုံတဲ့ ဒဏ္ဍာရီမှာကျတော့ ဘုရင် ခလောဒစ်ယပ်(စ်)က ဘုန်းတော်ကြီးဗှယ်လင်ထိုင်းကို ခရစ်ယာန်ဘာသာဝင် ဖြစ်လို့မို့ တရားစွဲဆိုပြီး ကိုယ်တော်တိုင် အမှုစစ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အမှုစစ်ရင်းက ဘုန်းတော်ကြီးကို ဘုရင်က အထင်ကြီးသွားပြီး Paganism လို့ ခရစ်ယာန်ဘာသာဝင်တွေက ခေါ်တဲ့ ဗာဟီရဝါဒကို ကူးပြောင်းမယ်ဆိုရင်ဖြင့် အသက်ကို ချမ်းသာပေးမယ်လို့ ကမ်းလှမ်းခဲ့ပါသတဲ့။ ဘုန်းတော်ကြီး ဗှယ်လင်ထိုင်းက အဲလို ကမ်းလှမ်းတာကို ငြင်းပယ်ပြီး ဘုရင်ကိုသာ ခရစ်ယာန်ဘာသာ ပြောင်းဖို့ တိုက်တွန်းပါတယ်။ ဒါနဲ့ပဲ နောက်ဆုံးမှာ သူ့ကို ဘုရင်က ကွပ်မျက်လိုက်ပါတယ်။ မကွယ်လွန်ခင်မှာ ဘုန်းကြီး ဗှယ်လင်ထိုင်းဟာ ထောင်မှူးရဲ့သမီးလေး မျက်စိကွယ်နေတာကို သူ့တန်ခိုးနဲ့ စက္ခုနှစ်ကွင်း အလင်းရအောင် ကုသပေးခဲ့ပါသေးသတဲ့။

အဲဒါကိုပဲ သမိုင်းအခြေခံ တစ်စက်မှ မပါတဲ့ စီးပွားရေးသမားများက ဝါဒဖြန့်လိုက်တဲ့အခါ ဇာတ်က နည်းနည်း ပိုနာသွားတယ်။ အဲဒီ့ ဘုန်းကြီး ဗှယ်လင်ထိုင်းကို မကွပ်မျက်ခင် ညဦးပိုင်းမှာ သူက သူချစ်တဲ့ မိန်းကလေးလို့လည်း ဆိုရဲ့၊ တချို့ကလည်း သူနဲ့ ခင်သွားပြီး သူကပဲ မျက်စိမြင်အောင် ကုပေးခဲ့တဲ့ ထောင်မှူးရဲ့ သမီးလေးလို့လည်းဆိုရဲ့၊ တချို့ကလည်း အဲဒီ့ နှစ်ယောက်စလုံးပါလို့ပြောကြရဲ့၊ အဲ… အဲဒီ့မိန်းကလေးတွေဆီကို ကမ္ဘာ့ ပထမဆုံး ဗှယ်လင်ထိုင်းကတ်ပြားလေးကို ဘုန်းကြီးက စရေးခဲ့တာ ဖြစ်သွားတယ်။ သေခါနီး မှာတမ်းစာလေးပေါ့ခင်ဗျာ။ စာရဲ့အဆုံးမှာတော့ မင့်ရဲ့ ဗှယ်လင်ထိုင်းထံမှ၊ အင်္ဂလိပ်လိုတော့ From your Valentine ပေါ့၊ အဲလိုလေး ရေးထားပါသတဲ့။ ဘာ သမိုင်းအထောက်အထားမှ မရှိဘဲ လိုရာတွေးကာ ချဲ့လိုက်ကြတာပါ။

၁၈ ရာစု ကုန်လုနီး သုံးနှစ်အလို ၁၇၉၇ ခုနှစ်မှာတော့ ဗြိတိသျှ ထုတ်ဝေသူတစ်ယောက်က ကိုယ်တိုင် အချစ်ကဗျာမရေးတတ်ကြသူ လူငယ်အမျိုးသားများအတွက် ခံစားချက်ကဗျာတွေ အပြည့်ပါတဲ့ စာအုပ် တစ်အုပ်ကို ကိုလူပျိုရဲ့ Valentine စာရေးဆရာ (The Young Man’s Valentine Writer)ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ဝေခဲ့ပါတယ်။ သည်မှာတင် တခြား ထုတ်ဝေသူတွေကလည်း အချစ်ကဗျာတွေ၊ သရုပ်ဖော်ပုံတွေနဲ့ ကတ်ပြားတွေ ရိုက်နှိပ်ထုတ်ဝေကြပါတော့တယ်။

၁၉ ရာစုမှာတော့ အင်္ဂလန်နိုင်ငံမှာ အဲဒီ့ ဘုန်းတော်ကြီး ဗှယ်လင်ထိုင်းကို ကွပ်မျက်တဲ့နေ့လို့ အစွဲရှိရာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ လုလင်ပျို၊ လုံမပျိုများကြား ဗှယ်လင်ထိုင်းကတ်ပြားတွေ အပြန်အလှန်ပေးပို့ကြတဲ့ ဓလေ့တစ်ခု ထွန်းကားလာပါတော့တယ်။ ၁၉ ရာစု အလယ်ပိုင်းမှာဆိုရင် တစ်နှစ်တစ်နှစ်ကို ပေါင်စတာလင် သန်းထောင်ပေါင်း များစွာ အကုန်ခံ ပြီးတောင် အဲသလို ကတ်ပြားတွေ ပေးပို့ ခဲ့ကြပါသတဲ့။ အဲဒီ့ ၁၉ ရာစု အလယ်ပိုင်းမှာပဲ ဖေဖော်ဝါရီ ၁၄ ရက်ကျရင် ဗှယ်လင်ထိုင်းကတ်ပြားတွေ ပေးပို့တဲ့ ဓလေ့ဟာ အမေရိကန် နိုင်ငံဆီကိုလည်း ကူးစက်သွားခဲ့ပါတယ်။ အမြတ်ထွက်တာကတော့ ကတ်ပြား ထုတ်လုပ် ရောင်းချသူတွေပဲပေါ့ခင်ဗျာ။

အမယ်… အမေရိကန်နိုင်ငံမှာ ဗှယ်လင်ထိုင်းကတ်ပြားပို့ပေးတဲ့ အလေ့အထကို စတင်ခဲ့သူ Esther Howland  ကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန် လက်ဆောင်ကတ်ပြား အသင်းက လက်ဆောင်ကတ်ပြား အမြော်အမြင် အတွက်Esther Howland  ဆုဆိုပြီး နှစ်စဉ်တောင် ဆုပေးပါသေးတဲ့ဗျား။ ဒါဆိုရင် စီးပွားရေးသမားတွေရဲ့ ကွက်ကျော်မြင်တတ်မှုက ထင်ရှားနေပါ ပြီနော်။

နှစ်ဆယ်ရာစုရဲ့ ဒုတိယတစ်ဝက်ကာလမှာတော့ ကတ်ပြားတွေ အပြန်အလှန်ပေးပို့ကြရာကနေ တခြား လက်ဆောင်တွေပါ ပေးပို့ကြတဲ့ အလေ့အထက အမေရိကန်နိုင်ငံမှာ တွင်ကျယ်လာပါတော့တယ်။ အဓိက ကတော့ နှင်းဆီပန်းတွေ၊ အသည်းပုံ အနီရောင် ဖဲသားဘူးနဲ့ ထည့်ထားတဲ့ ချောကလက်တွေ ပို့ကြ၊ ပေးကြတာပါ။ ဘယ်သူက ဘယ်လို ထွင်လိုက်တယ်ဆိုတာ အထူး ပြောစရာတောင် လိုမယ် မထင်ပါဘူး။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာတော့ စိန်အရောင်းအဝယ် လုပ်ငန်းရှင်တွေကလည်း လပ်မြင်လာပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ချစ်သူတွေ အချင်းချင်း စိန်ရွှေရတနာတွေ ပေးတဲ့ အလေ့အထလေးပါ တွင်ကျယ်လာအောင် လုပ်ကြပါတော့တယ်။ ဈေးသည်ဆိုတာကတော့ သူ့ပစ္စည်းတွေ များများ အစွံထုတ်နိုင်ဖို့ နည်းလမ်း ရှာရတာပေါ့ခင်ဗျာ။

သည်လောက်ဆိုရင် ချစ်သူများနေ့လို့ အတော်လေး တွင်ကျယ်နေတဲ့ ဖေဖော်ဝါရီလ ၁၄ ရက် Esther Howland  ရဲ့ ရာဇဝင်အကျဉ်းကို မှန်းဆနိုင်ကြပြီ ထင်ပါတယ် ခင်ဗျာ။ အဲဒီ့နေ့ဟာ ခရစ်ယာန်တို့ရဲ့ ဘာသာရေး အထွတ်အမြတ် ပွဲတော်နေ့ တစ်ခုမဟုတ်တာမို့ ရုံးပိတ်ရက်၊ အားရက်၊ နားရက်အဖြစ် ဘယ် ခရစ်ယာန်နိုင်ငံကမှ သတ်မှတ်ပေးမထားပါဘူး။ ခရစ်တော်ဖွားတဲ့ ခရစ္စမတ်လို၊ ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း အထိမ်းအမှတ် အီစတာပွဲတော်လိုမျိုး ကျင်းပကြတာ မဟုတ်ဘဲ စီးပွားရေးသမားများရဲ့ ဈေးကွက်ချဲ့ထွင်လိုမှုကြောင့် ပေါ်ပေါက်လာတဲ့ နေ့တစ်နေ့သာ ဖြစ်ပါတယ်။

စီးပွားရေးသမားတွေရဲ့ ကျေးဇူးကြောင့် အင်္ဂလန်နဲ့ အမေရိကန်မှာ စတင်ခဲ့တဲ့ အဲဒီ့အလေ့အထဟာ စင်္ကာပူနိုင်ငံသားတွေ၊ ဂျပန်တွေ၊ တရုတ်တွေ၊ တောင်ကိုးရီးယားလူမျိုးတွေကြားမှာလည်း ကျွန်တော်တို့ထက်တောင် စောပြီး တွင်ကျယ်ခဲ့ပါတယ်။ အဲဒီ့က လူငယ်လူရွယ်တွေဟာလည်း ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့လက်ဆောင်အတွက် ပိုက်ဆံတွေ နင်းကန် အကုန်ခံကြပေတာပဲပေါ့။

ကျွန်တော်တို့ဆီမှာ တွင်ကျယ်လာတာကတော့ ဈေးကွက်စီးပွားရေး စတင်ခါစ ကာလက မြို့ပြတွေမှာ အပြိုင်းအရိုင်း ပေါ်ထွန်းလာတဲ့ ဟိုတယ်တွေနဲ့ ညဘက်ကပွဲ ခန်းမတွေက စလိုက်တာပဲလို့ ယူဆရပါတယ်။ ဟိုတယ်တွေကလည်း သူတို့ရဲ့ ချောကလက်တွေ ရောင်းကောင်းရေး၊ ညဘက်ကပွဲခန်းမတွေကလည်း သူတို့ ခန်းမတွေမှာ လူစည်ရေးအတွက် သည်နေ့ကို မြန်မာတွေကြားမှာ မိတ်ဆက်လိုက်တဲ့အခါ ဇစ်မြစ်ကို ဂဃနဏ မသိသော်ငြား အများညီရင် ဤကို ကျွဲဖတ်ဖို့ ဝန်မလေးတဲ့ အထုံဝါသနာနဲ့ လူအများက အလွယ်တကူ နားယောင်သွားပြီး သည်နေ့ကို တခမ်းတနား လုပ်လာကြတော့တာပဲလို့ မြင်မိရပါတယ်။

မြန်မာရာဇဝင်မှာလည်း နတ်ရှင်နောင်နဲ့ ရာဇဓာတုကလျာ၊ ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာ၊ သုဓနုနဲ့ ဒွေးမယ်နော်အစရှိသဖြင့် အချစ်သူရဲကောင်းတွေ တစ်ပုံတစ်ပင် ရှိခဲ့ပေမယ့် အမှတ်အသားကောင်းတဲ့ အနောက်တိုင်း ရာဇဝင်လို နေ့စွဲ၊ ရက်စွဲနဲ့ အတိအကျ မဟုတ်လေတော့ကာ မြန်မာလူငယ်တို့အတွက် ရက်သတ် ဆင်နွှဲစရာ ချစ်သူများနေ့က မယ်မယ်ရရ မရှိဘူး။ ဒါကို အခွင့်ကောင်းယူတတ်တဲ့ စီးပွားရေးသမားတွေက ရောမဒဏ္ဍာရီထဲက ယုံတမ်းစကား ပလီပလာကို တင်သွင်းလာလိုက်တဲ့အခါမှာတော့ နားယောင်လွယ်သူများကြားမှာ ရေပန်းတွေ တအားစားကုန်တော့တာပါပဲ။

အဓိကကတော့ ဆင်ခြင်တုံတရားလို့ပဲ မြင်မိပါတယ်။ ဆင်ခြင်တုံတရား ရှိမယ်ဆိုရင် သည်နေ့ဟာ ဘာနေ့လဲ၊ ဘယ်လိုကြောင့် ပေါ်လာရတာလဲဆိုတာ စူးစမ်းကြဖို့ သိပ်ကောင်းလှပါတယ်။ အနောက်တိုင်းကဟာမို့ ပစ်ပယ်ရမယ်၊ အရှေ့တိုင်းကသာ ပိုမြတ်တယ်ဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးအခေါ်မျိုးနဲ့ ပြောတာမျိုး မဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ ရွာတစ်ရွာလို အရှေ့နဲ့ အနောက်၊ တောင်နဲ့မြောက် လွယ်လင့်တကူ ကူးလူး ဆက်ဆံလာနိုင်တဲ့ ကနေ့လို ကာလမျိုးမှာ ယဉ်ကျေးမှုတွေ အပြန်အလှန် ကူးလူး ယှက်နွယ်နေတဲ့ ရေစီးကိုလည်း ဘယ်သူမှ တားဆီးလို့ မရစကောင်းပါဘူး။

ကတာ၊ ခုန်တာ၊ ဆိုတာ၊ တီးတာ၊ ဝတ်စားဆင်ယင်တာလို၊ စာပေ၊ အနုသုခုမသဘင်လို ယဉ်ကျေးမှုတွေ ကူးလူးယှက်နွယ်နေတာ အင်မတန်မှ ချစ်စရာ၊ နှစ်လိုစရာ ကောင်းပါတယ်။ လူသားတိုင်းရဲ့ မူလ အခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ကြောင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ တခြားဘာသာဝင်အသီးသီးရဲ့ ဘာသာရေး ပွဲတော်တွေဟာလည်း ပျော်စရာ၊ ကြည်နူးစရာပွဲတော်များသာ ဖြစ်တာမို့ တရုတ်နှစ်သစ်ကူးဆိုလည်း တရုတ်နှစ်သစ်ကူးအလျောက်၊ ခရစ္စမတ် ဆိုလည်း ခရစ္စမတ်အလျောက်၊ အစ္စလာမ်တို့ရဲ့ အစ်ပွဲတော်ဆိုလည်း အစ်ပွဲတော်အလျောက် ကျွန်တော်တို့ မြန်မာတွေလည်း တစ်နည်းတစ်ဖုံ ပါဝင်ဆင်နွှဲ ပျော်ပွဲဆင်နေကြတာကို သဘောမတူစရာ အကြောင်းမရှိပါဘူး။

သည် ချစ်သူများနေ့ကတော့ဗျာ၊ ကျွန်တော့် စိတ်ထဲ တယ်လည်း ဘဝင်မကျမိဘူး။ မကြာသေးခင်ကမှ အလားတူ တွင်ကျယ်လာတဲ့ အမေနေ့၊ အဖေနေ့ဆိုတာများလိုပဲ ခံစားရပါတယ်။ အမေ၊ အဖေကို တစ်နှစ်မှာ ၃၆၄ ရက်လုံးလုံး ဂရုမစိုက်၊ ပစ်ပယ်ထားပြီး အမေနေ့၊ အဖေနေ့ကျတော့မှ သတိတရနဲ့ သွားကန်တော့မယ်ဆိုရင် ဘယ်အမေ၊ ဘယ်အဖေက ကြည်နူးနိုင်ပါလိမ့်မလဲနော်လို့ ပြောရင် ကျွန်တော်က ခွကျတယ် ဖြစ်ဦးမယ်။

ဒါပေမယ့် သေချာ စဉ်းစားကြည့်တော်မူပါခင်ဗျာ။ အမေနေ့ကျမှ အမေ့ကို ကန်တော့၊ အဖေနေ့ကျမှ အဖေ့ကို ကန်တော့မယ့်အစား မိခင်၊ ဖခင်များ အသက်ရှင်နေခိုက်၊ သူတို့အတွက် လူ့လောကကြီးမှာ နေရမယ့်ရက် နည်းသထက် နည်းလာခိုက်မှာ နေ့တိုင်းမတတ်နိုင်ဘူးဆိုရင်တောင် တစ်လ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံး၊ လေးကြိမ် သတိလေးထားပြီး သူတို့ ကြိုက်တတ်တဲ့ စားစရာလေးနဲ့ဖြစ်ဖြစ်၊ စားစရာ မတတ်နိုင်ရင်တောင် သူတို့နားမှာ နေပြီး သူတို့ ပြောတဲ့ စကားလေးတွေကို အဖန်ဖန်ကြားပြီးဖြစ်သည့်တိုင် စိတ်ရှည်လက်ရှည် နားထောင်ပေးတဲ့ နည်းလေးနဲ့ဖြစ်ဖြစ် အလုပ်အကျွေးပြု ဖြစ်ကြတာက ပိုမကောင်းပေဘူးလားခင်ဗျာ။

ချစ်သူများနေ့ဆိုတာလည်း အလားတူပါပဲ။ ချိန်တန်ရွယ်ရောက် လူလားမြောက်လာတဲ့အခါမှာ တခြားတစ်မိသားအပေါ် ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးတဲ့ စိတ်ဆိုတာ ပေါ်ပေါက်လာစမြဲပါပဲ။ အဲဒီ့ကမှ အိမ်ရာထူထောင်ကြရမယ်၊ ဘဝကို အတူယှဉ်တွဲ ရုန်းကန် ဖြတ်ကျော်ကြရပါမယ်။ ဆင်ခြင်တုံတရားလေး ရှေ့ထားပြီး မောင်တို့ မယ်တို့သာ ဉာဏ်ကလေးနဲ့ ချစ်ကြမယ်ဆိုရင် ချစ်သူများနေ့က အထူး လိုအပ်စရာ ဘာ အကြောင်းမှ မရှိပါဘူး။ သည်နေ့ကျတော့မှ ချစ်နေပြီး ကျန်တဲ့နေ့တွေကျရင် တစ်ယောက်ကိုတစ်ယောက် မကြည့်ချင်။ မမြင်ချင်အောင် ဖြစ်နေကြမှာမှ မဟုတ်တာပဲလေ။

အဲတော့ သည်နေ့ကို ဆင်နွှဲမယ်ဆိုလည်း လူငယ်လူရွယ်တို့ ဘာသာဘာဝ အများနဲ့ညီမှ ခေတ်မီမယ်ဆိုတဲ့အတွေးနဲ့ ဆင်နွှဲတာကို မတားချင်ပါဘူး။ ဒါပေမယ့် ဆင်ခြင်တုံတရားလေး ရှေ့ထားပြီး တခြား မွန်မြတ်တဲ့နည်း တစ်နည်းနည်း၊ ကိုယ်ချစ်တဲ့ခင်တဲ့သူနဲ့ တစ်ဘဝတာ လက်တွဲကြရေးမှာ ပိုမိုတင့်တယ်သာယာစေမယ့် နည်းတစ်နည်းနည်းကို ကိုယ်ပိုင်ဉာဏ်ကလေးများနဲ့ ကြံဆ ဆင်နွှဲသွားမယ်ဆိုရင် စီးပွားရေးသမားတွေရဲ့ သားကောင်ဘဝက လွတ်မြောက်သွားနိုင်မှာလည်း မလွဲပါဘူးခင်ဗျား။

အဲ… သည်ကြားထဲမှာ သည်နေ့အတွက် အင်မတန် ထူးခြားတဲ့ အချက်အလက်သစ်တစ်ခုကိုလည်း သည်နှစ်မှာမှ ကြားရ မြင်လိုက်ရ ပြန်ပါသေးတယ်။ ကျွန်တော့်ကို မေးသွားတဲ့ နိုင်ငံခြား အသံလွှင့်ဌာနက မေးခွန်းထဲမှာ ပါလာလို့ စတင် သတိထားမိခဲ့သလို အင်တာနက်ပေါ်က မြန်မာတို့ရဲ့ လူမှုရေး ကွန်ရက်ပေါ်မှာလည်းပဲ သည်အချက်ကို ဖျတ်ခနဲ တွေ့လိုက်မိပါတယ်။ အဲဒါကတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ မြို့ကြီးများပေါ်က တည်းခိုခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေမှာ နေရာမရလောက်အောင်တောင် ပြည့်နှက်နေတယ်ဆိုတဲ့ သတင်းမဟာပါပဲ။

စီးပွားရေးသမားတွေရဲ့ လက်ချက်ကြောင့် ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါး ကွပ်မျက်ခံရတဲ့နေ့ကနေ ချစ်သူများနေ့ရယ်လို့ ဖြစ်လာ၊ မြန်မာပြည်ကို ရောက်လာတော့ တချို့သော ယောက်ျားပျိုလေးများရဲ့ အသွင်ပြောင်းမှုကြောင့် ချစ်သူများနေ့ကနေ သွေးသားကိစ္စနေ့အဖြစ် ပြောင်းသွားပါပေါ့လားလို့ ရင်မောစွာ တွေးလိုက်မိရပါတယ်။

အဲဒီ့နေ့မှာ အကာအကွယ်မဲ့ ချစ်တင်းနှောကြမယ့်သူက အများသား ဆိုတာလည်း တွေးမိသွားရပြန်တာမို့ ချစ်သူများနေ့ဟာ သွေးသားကိစ္စ နေ့မှသည် HIV ပိုး အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါများ ပြန့်ပွားရေးနေ့ တစ်နေ့အဖြစ် ပြောင်းလဲသွားနိုင်တာကို မြင်လာရင်း စိတ်မောသွားမိပါတယ်။

အချစ်ကို ကိုးကွယ်လိုကြတဲ့၊ နှာခေါင်းမပါရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ ခေတ်အဆက်ဆက် အပြောခံခဲ့ကြရတဲ့ သမီးငယ်လေးများ သတိထားသင့်တဲ့ နေ့လို့ တောင်မှ သည်နေ့ကို ပြောင်းလဲ ခေါ်ဝေါ်သင့်ကြပြီ ထင်ပါတယ်။

သည်လောက်ဆိုရင် ကျွန်တော်တို့ ကိုးကွယ်ရာ ဘာသာနဲ့လည်း ဘယ်လိုမှ မသက်ဆိုင်၊ ရိုးရာဓလေ့ထုံးတမ်းလည်း မဟုတ်သလို သက်ဆိုင်တဲ့ ခရစ်ယာန် ဘာသာဝင်တွေရဲ့ တကယ့်နေ့ထူးနေ့မြတ်အစစ်လည်း မဟုတ်ဘဲ စီးပွားရေး သမားများရဲ့ ထွင်လုံးကြောင့် ကမ္ဘာမှာ တွင်ကျယ်လာနေတဲ့ ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့ဆိုတာရဲ့ သဘောသဘာဝ အစစ်အမှန်ကို မှန်းဆနိုင်ကြပြီလို့ မျှော်လင့်မိရပါတယ် ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
(ဝ၂၀၂၁၂)
စာညွှန်း   Encyclopedia Britannica, 2007
        http://en.wikipedia.org/wiki/Valentine’s_Day

(၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်ပါ ဆောင်းပါး ဖြစ်ပါတယ်။)

Advertisements

8 thoughts on “On Valentine’s Day

  1. သိပ်ကောင်းပါသည်။ စီးပွားရေး သမားများ နားလည်နိုင်ပါစေ။

  2. သတိထား ဆင်ခြင်စရာပါ… မြန်မာမိန်းကလေးငယ်လေးတွေ အတွက် ပိုတောင် အလေးထားဆင်ခြင်သင့်ပါတယ်…..

  3. စီးပွားရေး သမားတွေ အကြိုက်ပေါ့ မိန်းကလေးတွေ ကလည်း ဆင်ခြင် သင့်တယ် တစ်ခြားနည်းနဲ့ ပျော်လို့ ရတယ်

  4. valentine day ရဲ့ background history ရှင်းပြပေးတဲ့အတွက် ဆရာ အတ္တကျော် ကိုကျေးဇူးပါ။

Leave a Reply to Sint Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s