Different Kinds of Fatherly Love

ချစ်ကြသူချည်းသာ

ဖအေ (၁)

အသေးစား ယာဉ်တိုက်မှုတစ်ခုနဲ့ ကြုံလိုက်ရပါတယ်။ ပျက်နေတာ နှစ်ပရိစ္ဆေဒ ကြာမြင့်လှပြီဖြစ်ပေမယ့် ယနေ့ထက်တိုင် ပြင်ဆင်ခြင်း မရှိတဲ့ ရန်ကုန်မြို့လယ်နဲ့ မလှမ်းမကမ်းက လမ်းဆုံအချက်ပြမီးတိုင် နယ်ပယ်အတွင်းမှာပါ။

အချိန်က ညနေ ငါးနာရီဝန်းကျင်မို့ ယာဉ်သွားယာဉ်လာ ရှုပ်ထွေးကြပ်သိပ် လွန်းနေပါတယ်။ အဲလိုအချိန်မှာ အချက်ပြမီးတိုင်ကလည်း ဆိုခဲ့တဲ့အတိုင်း ပျက်နေ၊ ထိန်းသိမ်းကွပ်ကဲပေးမယ့် တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှလည်း ရှိမနေဘဲ ယာဉ်မောင်းချင်းသာ နားလည်မှုနဲ့ အဆင်ပြေသလို ကြည့်မောင်းနေရတာမို့ သည်လိုအနေအထားမှာ ယာဉ်တိုက်မှု ဖြစ်ဖို့က သိပ်ကို လွယ်ကူနေပါ တယ်။ ကျွန်တော်မကြုံလည်း အဲဒီ့နေရာမှာ တခြားသူတွေလည်း ကြုံရနိုင်ချေက ၅၀ % အထက်မှာ ရှိနေတဲ့အနေအထားလို့ပဲ လွယ်လွယ်ဆိုကြပါစို့ရဲ့။

သေချာတာတစ်ခုကတော့ ကျွန်တော့် ကားဦးက တခြားကားတစ်စီးရဲ့ ဘယ်အစိတ်အပိုင်းကိုမှ တိုက်မိခိုက်မိခဲ့တာ မဟုတ်ဘဲ တခြားကားတစ်စီးရဲ့ ကားဦးကသာ ကျွန်တော့်ကားရဲ့ ဝဲဘက်ခြမ်းကို ဝင်တိုက်တာပါ။ ပြီးတော့ ကျွန်တော့်ကားက ရွေ့လျားနေတာလဲ မဟုတ်ပါဘူး။ သူ ဝင်တိုက်ချိန်မှာ ကျွန်တော့်ကားက လမ်းလေးခွဆုံရဲ့ အလယ်တည့်တည့်လောက်မှာ ဆက်သွားလို့ မရသေးလို့ တန့်နေချိန်၊ တစ်နည်းပြောရရင် ရပ်ထားချိန်မှာ သူက ဝင်တိုက်လိုက်တာဖြစ်ပါတယ်။

တိုက်လိုက်သူက လူငယ်ယာဉ်မောင်းလေးပါ။ ကျွန်တော့်သားအရွယ်လောက်သာ ရှိပါသေးတယ်။ သူ့ကားပေါ်မှာ တခြားလူငယ်လေးတွေလည်း ပါလာကြတယ်။ သူတို့က ကျွန်တော့်ဆီက အလျော်လိုချင်ကြပါတယ်။ သို့ပေမယ့် အဲသလို ပြောတော့လည်း မခံချင်ကြရှာဘူးခင်ဗျ။ အလျော်မလိုချင်ရင်လည်း ကိစ္စပြီးလိုက်လေဆိုတော့လည်း မဟုတ်ဘူး။ အမှားအမှန်ကို ငြင်းချင်နေကြပါတယ်။ ယာဉ်ထိန်းရုံးကိုလည်း သွားမယ်လို့ ပြောလားလည်း ပြောနေရဲ့။ ပြောသာ ပြောနေတာ။ သူတို့ ဖုန်းဆက်ခေါ်နေတာက ယာဉ်ထိန်းရုံးလည်း မဟုတ်ဘူးခင်ဗျ။ သူတို့ဖအေကို လှမ်းခေါ်တာ။

ယာဉ်ကိုလည်း သူတို့ကပဲ နေရာ ရွှေ့ပါတယ်။ ကျွန်တော် တားမနေပါဘူး။ လူငယ်လေးတွေ၊ အုပ်စုလေးကလည်း တောင့်နေတော့ ရမ်းကားချင်တဲ့ သဘောကို တွေ့နေရတာမို့ အကျယ်အကျယ် မဖြစ်ချင်တာနဲ့ သည်တိုင်းပဲ ကြည့်နေလိုက်ပါတယ်။

တကယ်တမ်းမှာ သူ့ကားလည်း ကြီးကြီးမားမား ပျက်စီးမသွားသလို ကျွန်တော့်ကားဆိုလည်း အရာတောင် မထင်ပါဘူး။ မောင်းသူဘက်ကသာ သတိလေးနဲ့ မိမိရရ အရှိန်သတ်နိုင်ခဲ့ရင် တိုက်မိစရာတောင် အကြောင်းမရှိတဲ့ အခြေအနေမျိုးပါ။ အဲတော့ အမှန်က တစ်ယောက်နဲ့ တစ်ယောက် အေးအေးဆေးဆေး ကျေကျေနပ်နပ်နဲ့ ပြီးသွားနိုင်တာမျိုးပါ။ သို့ပေမယ့် ကျွန်တော့်ကား ဘာမှ မဖြစ်သည့်တိုင် သူ့ကားလည်း ဒဏ်ရာ မပြင်းသည့်တိုင် သူ့ကားကိုတော့ နည်းနည်းပါးပါး အသေးစား ပြုပြင်ဖို့တော့ လိုပါတယ်။ ယာဉ်ကိုယ်ထည်ပိုင်း ပြုပြင်သူ မိတ်ဆွေရင်းချာသာ ရှိရင်တော့ အခမဲ့လောက်နီးနီး၊ ဒါမှမဟုတ်လည်း ငါးထောင် တစ်သောင်း အကုန်ခံလိုက်ရုံနဲ့ ပြီးလောက်တဲ့ အသေးစားပြုပြင်မှုမျိုးပါ။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက် ကျေအေးပြီး ကိုယ့်လမ်းကိုယ် ဆက်သွားလိုက် ရင်လည်း ပြီးနိုင်တာမျိုးပါ။

ဒါပေမယ့် ကိုယ်တော်လေးတွေက ပူလောင်နေကြရှာတယ်။ သည်မှာ သတိထားလိုက်မိတာက ကိုယ်တော်လေးတွေက ယာဉ်တိုက်မှုထက် ယာဉ်တိုက်မှုကြောင့် သူတို့ ဖခင်က သူတို့ကို ညိုညင်မှာ စိုးရိမ်နေတဲ့ သဘောလေးကို မြင်လိုက်ရတယ်။ အဲတော့ ကျွန်တော်လည်း စိတ်ရှည်လက်ရှည်နဲ့ သူတို့ဖအေ ရောက်အလာကို စောင့်ပေးနေလိုက်ပါတယ်။

ထူးဆန်းတာတစ်ခုက အဲဒီ့ ယာဉ်တိုက်မှုဖြစ်လို့ ယာဉ်ကြောသာ ရှုပ်ထွေး ပိတ်ဆို့ကုန်တာခင်ဗျ၊ အဲဒီ့နေရာကို တာဝန်ရှိသူ တစ်ယောက်မှ ရောက်မလာတာပါပဲ။

အဲလိုနဲ့ နာရီဝက်ကျော် ၄၅ မိနစ်နီးပါး ကြာချိန်မှာ သူတို့ရဲ့ ဖခင်ဆိုသူ ရောက်လာပါတယ်။ ရောက်လာတာနဲ့ သူက သူ့သားတွေဘက်ကနေ မာမာ ထန်ထန် စကားတွေ ဆိုနေပါတယ်။ ကလေးတွေက ကျွန်တော်က ဝင်တိုက်တာလို့ ပြောတယ်ပေါ့၊ ကျွန်တော်က သူ့ကလေးတွေက ဝင်တိုက်တာပါလို့ ပြောတယ်ပေါ့။ ဒါဆို ရုံးကျမှ ရှင်းမယ်ပေါ့။ တကယ်တော့လည်း သူ ရုံးမသွားပါဘူး။ ကျွန်တော်က ဘာမှ မှားတဲ့သူ မဟုတ်တာကို သူ မရိပ်မိဘူး။ သူ့ကလေးတွေ စကားပဲ နားယောင်ပြနေတယ်။

ပိုဆိုးတာက သူ့ကလေးတွေက ယာဉ်တိုက်ထားပုံကို ပါလာတဲ့ ပါလေရာ ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ထားကြသေးတယ်။ ကျွန်တော့်ကားပေါ်မှာ ပါလာတဲ့ မိတ်ဆွေတစ်ဦးဆီမှာလည်း ပညာရှင်သုံး ကင်မရာ အကြီးစားကြီး ပါနေတာမို့ ကျွန်တော်တို့လည်း အားကျမခံ ရိုက်ထားတာတွေ ရှိပါတယ်။ ဓာတ်ပုံတွေကို ကြည့်ပါဆိုတော့လည်း အဲဒီ့လူက မကြည့်ဘူးခင်ဗျ။ သူက တစ်ဖက်နားနဲ့သာ ရှိတဲ့ ဖခင်တစ်ယောက်မှန်း သိလိုက်တယ်။

သူ့သားတွေကို သူချစ်ပုံက လာမထိနဲ့၊ မှားမှားမှန်မှန် ကျုပ်သားတွေ ဘက်က ကျုပ်ကာကွယ်မယ်ဆိုတဲ့ ဖခင်မျိုးပေါ့ခင်ဗျာ။

ဖအေ (၂)

နောက်တစ်မှုကတော့ ကြာပါပြီ။ ကြာဆို ဆယ်နှစ်တောင် မကတော့ပါဘူး။

ဒါပေမယ့် အလားတူပါတယ်။ ဖြစ်တာက မန္တလေးမှာပါ။ ကျွန်တော့် ကားကို ဆိုင်ကယ်တစ်စီးက ခါးလယ်ကနေ ဖြတ်တိုက်ပါတယ်။ ကျွန်တော့်ကား ပိန်ချိုင့်သွားပါတယ်။ တိုက်သူ လူငယ် လဲကျသွားပါတယ်။ သူ့ဆိုင်ကယ်လည်း လဲသွားတာပေါ့ခင်ဗျာ။

ကျွန်တော် ဆင်းကြည့်ပါတယ်။ ကျွန်တော့်ကား တော်တော်လေး ပျက်စီးသွားပါတယ်။ အခုကာလ ပေါက်ဈေးနဲ့ဆိုရင် ဆေးသုတ်တာ ဘာညာနဲ့ဆို စုစုပေါင်း တစ်သိန်းလောက် ကုန်မယ့် အခြေအနေပါ။ လူငယ်ရဲ့ လဲနေတဲ့ ဆိုင်ကယ်ကို ပြန်ထူပေးလိုက်ပါတယ်။ ဆိုင်ကယ်လည်း ရှေ့ဘီးခွေ လိမ်သွားပါပြီ။ လူငယ်ကို ကြည့်လိုက်တော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရပါဘူး။ တံတောင်ဆစ် ပွန်းသွားတယ်။ ဒူးပြဲသွားတယ်။

လူငယ်က သူ့ဖခင်ကို ဖုန်းဆက်ခေါ်မယ် ပြောပါတယ်။ ကျွန်တော်လည်း စောင့်ပေးပါတယ်။ အလျော်ရမှ ဖြစ်မှာကိုး။

သူ့ဖခင်က သိပ်မကြာခင် ရောက်လာပါတယ်။ လူငယ်က ကျွန်တော်က ဇွတ်ဝင်တဲ့အတွက် သူ အရှိန်မထိန်းနိုင်ဘဲ တိုက်မိတဲ့အကြောင်း ပြောပါတယ်။  ကျွန်တော် ဘာမှ ဝင်မပြောသေးပါဘူး။ သူတို့ချင်း ပြောနေတာကိုပဲ အသာ နားထောင်နေလိုက်ပါတယ်။

ဖအေ လုပ်တဲ့သူက သူ့သားကို သေချာပြန်မေးပါတယ်။ ကျွန်တော် လာတဲ့ လမ်းကြောင်း၊ သူ့သား လာတဲ့ လမ်းကြောင်းကို သူ နားလည်တဲ့အထိ မေးယူပါတယ်။

ကျွန်တော်က ၂၉ လမ်းအတိုင်း အနောက်ကနေ အရှေ့ကို တက်လာတာပါ။ လူငယ်က ၈၂ လမ်းအတိုင်း တောင်ကနေ မြောက်ဘက်ကို သွားတာပါ။ ဇာတ်ရည်လည်း လည်သွားရော ဖအေလုပ်တဲ့သူက သားကို ဆွဲထိုးတော့တာမို့ ကျွန်တော်ကတောင် ဖအေကို ဆွဲထားရပါတယ်။ သားလုပ်တဲ့သူက  ခပ်လှမ်းလှမ်းကို ထွက်သွားပြီး မျက်နှာကြီး စူပုပ်နေပါတယ်။

ဖအေလုပ်တဲ့သူက ကျွန်တော့်ကို တောင်းပန်ပါတယ်။ သူ့သားမှားတာ အတွက် သူတာဝန်ယူပါကြောင်း၊ ကျွန်တော် ကြိုက်တဲ့ဆိုင်မှာ ကျွန်တော့်ကား ကို ပြင်ပါ၊ ကျသလောက် သူရှင်းပေးပါ့မယ်လို့လည်း ပြောပါတယ်။ ပြီးတော့ သူ ဘယ်သူဘယ်ဝါပါ၊ ဘာအလုပ်လုပ်ပါတယ်၊ သူ့လိပ်စာက ဘယ်မှာပါဆိုတာတွေ အတိအကျ ပြောပါတယ်။ ကျွန်တော့်ဘက်က ဘာတစ်ခွန်းမှတောင် ရှည်ရှည်ဝေးဝေး ပြောစရာ မလိုတဲ့အပြင် သူ့ကိုရော၊ ကျွန်တော့်ကားကိုပါ ဝင်တိုက်သူ သူ့သားကိုပါ အားနာစေတဲ့အထိ သူ့ဘက်က ရည်မွန်နေပါတယ်။

နောက်ဆုံးမှာ သူ့ကိုပဲ ကျွန်တော့်ကား ပြင်ရင် ဘယ်လောက်ကုန်မလဲဆိုတာ ခန့်မှန်းကြည့်ခိုင်းလိုက်တယ်။ သူကလည်း တစ်သိန်းလောက် ကုန်မယ်လို့ မှန်းပါတယ်တဲ့။ ကျွန်တော်လည်း အလားတူပဲ မှန်းတဲ့အကြောင်း၊ သည်အတွက် တစ်ယောက်တစ်ဝက်ဆိုရင် ကျေနပ်နိုင်မလားလို့ သူ့ကို မေးတဲ့အခါ သူက ကျွန်တော့်ကို ကျေးဇူးထပ်တင်နေပါတယ်။ ငွေငါးသောင်းကိုလည်း ချက်ချင်း ထုတ်ပေးပါတော့တယ်။ သည်နည်းနဲ့ ကိစ္စပြီးသွားခဲ့ဖူးတယ်။

သည်အဖေလည်း သူ့သားကိုတော့ မချစ်ဘဲနေမှာ မဟုတ်တာ သေချာ ပါတယ်။ ဒါပေမယ့် သူချစ်ပုံက ငါ့သားဖြစ်တိုင်း မင်းမမှန်ဘူးကွ။ အမှန်၊ အမှားဆိုတဲ့ အခြေအနေတစ်ရပ်ကို ငါ့သားဖြစ်ရုံနဲ့ လှည့်စားလို့ မရဘူး။ မှန်တဲ့ဘက်က ငါရပ်မယ်ဆိုတဲ့ အဖေမျိုးလို့ ကျွန်တော် မြင်လိုက်မိပါတယ်။

ဖအေ (၃)

ကျွန်တော့်မှာလည်း ၂၀ ကျော် သားတစ်ယောက်ရှိပါတယ်။ သူလည်း ကားမောင်းနေတာပါပဲ။ ယာဉ်ကြော အင်မတန် ရှုပ်ထွေးလှတဲ့ ရန်ကုန်မြို့ကြီးမှာဆိုတော့ သူလည်း မတော်တဆမဟုတ် တစ်ကွေ့မဟုတ်၊ တစ်ကွေ့ကြုံတာပါပဲ။

တစ်ရက်မှာ သူ ကျွန်တော့်ကို လာကြိုဖို့ ချိန်းထားပါလျက်နဲ့ ရောက်မလာဘူး။ ဒါနဲ့ ကျွန်တော့် ဖုန်းကို ထုတ်လိုက်တော့ ကျွန်တော့်ဖုန်းမှာ သူ့ဆီက ဖုန်းခေါ်ထားတာတွေ တွေ့ရတယ်။ ကျွန်တော်က အလုပ်လုပ်နေချိန်မှာ ဖုန်းကို အသံမမြည်အောင် ပိတ်ထားစမြဲမို့ သူ့ဖုန်းတွေကို ကျွန်တော် မသိခဲ့ပါဘူး။ သူက ဖုန်းခေါ်လို့ မရတော့ ကျွန်တော့်ဆီကို ဖုန်းနဲ့ စာတို ပို့ထားပါတယ်။ “အဖေ… သားဆီ ချက်ချင်း ဖုန်းပြန်ဆက်ပေးပါ”ပေါ့။

ကျွန်တော့်စိတ်က အလိုလို သိလိုက်တယ်။ သည်ကောင်တော့ ပြဿနာ ရှိနေပြီပေါ့။ ယာဉ်မတော်တဆမှုဆိုတာလည်း အပိုင်တွက်လိုက်ပါတယ်။ သူ့ဆီ ကျွန်တော် ဖုန်းပြန်ဆက်လိုက်ပါတယ်။

“သား မတော်တဆ တိုက်မိလို့ အဖေ…”

“အေး… ပထမဆုံးက မင်း ဘာဖြစ်သွားလဲ…”

“ဘာမှမဖြစ်ဘူး အဖေ…”

“ဟုတ်ပြီ။ မင့်ဟာမင်း ရှင်းနိုင်လား။ အဖေ လာပေးဖို့ လိုလား”

“ကျွန်တော့်ဘာသာ ရှင်းနိုင်ပါတယ်။ အဖေ မလာပါနဲ့။ အဖေ့ကို လာမကြို ပေးနိုင်တာကိုပဲ အကြောင်းကြားတာပါ”

“အေး… အေး… ပြီးရော။ လိုအပ်ရင်တော့ ဖုန်းဆက်လိုက်ပေါ့ကွာ”

“ဟုတ်ကဲ့ခင်ဗျ…”

ကျွန်တော် ကျွန်တော့်သားကို ချစ်ပါတယ်။ ပြေးကြည့်မှ ကျွန်တော့်မှာ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်ပဲ ရှိတာလေ။ ချစ်တာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်က သူတို့အရင် သေမှာ။ သူတို့က လူ့လောက အလယ်မှာ ကျန်ရစ်ခဲ့မှာ။ နေရာတကာမှာ သူတို့ ပြဿနာကို ကိုယ်ကချည်း လိုက်ရှင်းပေးသွားနိုင်မှာမှ မဟုတ်တာ ကိုယ့်ပြဿနာ ကိုယ်ရှင်းပေါ့။ အရေးကြီးတာက ကျွန်တော် ချစ်တဲ့ ကျွန်တော့်သားသမီး ထိခိုက်ဒဏ်ရာ မရဘူးဆို ပြီးတာပဲ။  ကျန်တာတော့ သူတို့ကိစ္စ သူတို့ရှင်းစေလို့ သဘောထားလိုက်တယ်။

ကျွန်တော့် အသက် ၁၉ နှစ်မပြည့်ခင်မှာ လမ်းပေါ်ရောက်ပြီး အငှားယာဉ် မောင်းခဲ့ရပါတယ်။ မောင်းခါစမှာ အမှုတွေ ပွေပါတယ်။ အဲဒီ့အချိန်မှာ အဖေ မရှိတော့ပါဘူး။ သည်တော့ ကျွန်တော့် ပြဿနာ ကျွန်တော် ရှင်းခဲ့ရတာချည်းပါပဲ။ ခေါ်စရာ အဖေမှ မရှိတော့တာကိုး။ အဲတော့လည်း ကိုယ်ဖြစ်သမျှ ကိုယ် ခံ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပေါ့။

ကျွန်တော့် သားသမီးတွေကိုလည်း အဲသလိုပဲ လွှတ်ပေးထားလိုက်တယ်။ နေရာတကာ ကျွန်တော် ပါမနေမိတော့ဘူး။ မချစ်လို့တော့ မဟုတ်တာ သေချာပါတယ်။

နိဂုံး

စာဖတ်သူလူကြီးမင်းများ ရှေ့တော်မှောက်ကို ဖခင်သုံးယောက်အကြောင်း အမြွက်မျှ တင်ပြလိုက်ပါတယ်။

ဘယ်ဖခင်က တော်ပါတယ်၊ ဘယ်ဖခင်က ညံ့ပါတယ်လို့ ကျွန်တော် မပြောအပ်ပါဘူး။ စာဖတ်သူများကိုယ်တိုင် ဆင်ခြင်ကြည့်ကြဖို့ပါ။

သေချာတာ တစ်ခုကတော့ သည်ဖခင် သုံးဦးစလုံးဟာ သူတို့သားသမီးတွေကို ချစ်ကြသူချည်းပါပဲ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် – ၁၀ဝ၃၁၂)

၂၀၁၂ ခုနှစ် ဧပြီလထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြထားတာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။

သရုပ်ဖော်ပုံများမှာ သရဖူမှာ ဖော်ပြပါရှိတဲ့ ဆရာ “ဇော်မောင်”ရဲ့ လက်ရာများဖြစ်ပါတယ်။

Democracy and Wealth Index

ဒီမိုကရေစီနဲ့ ကြွယ်ဝမှု အဆင့်များ

သိပ်သေးငယ်လွန်းတဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံလေးတွေမပါဘဲနဲ့ကို ကမ္ဘာမှာ နိုင်ငံပေါင်း ၁၆၇ နိုင်ငံ ရှိနေပါတယ်။ အဲဒီ့ ၁၆၇ နိုင်ငံမှာ ဒီမိုကရေစီ အပြည့်အ၀ရှိတယ်လို့ သတ်မှတ်ခံရတဲ့ နိုင်ငံ (full democracies) က ၂၅ နိုင်ငံသာ ရှိတယ်။ ၅၃ နိုင်ငံက အနာအဆာပါတဲ့ ဒီမိုကရေစီနိုင်ငံ (flawed  democracies) တွေတဲ့။ အဲတော့ ခြုံပြောရင် အနာအဆာပါသည်ဖြစ်စေ၊ စင်းလုံးချောသည်ဖြစ်စေ ဒီမိုကရေစီနိုင်ငံလို့ အသတ်မှတ်ခံရတဲ့နိုင်ငံက စုစုပေါင်း ၇၈ နိုင်ငံရှိသပေါ့။ ကျန်တဲ့ ၈၉ နိုင်ငံထဲမှာ ၃၇ နိုင်ငံက ရောကျော်အစိုးရ (hybrid regimes) စနစ်နဲ့ သွားနေတဲ့ နိုင်ငံတွေဖြစ်ပြီး ကျန်တဲ့ ၅၂ နိုင်ငံကတော့ အာဏာရှင်ဆန်တဲ့ အစိုးရ စနစ် (authoritarian regimes)နဲ့ သွားနေတာပါ။

ရာခိုင်နှုန်းနဲ့ ပြောရင် စင်းလုံးချော ဒီမိုကရေစီနိုင်ငံက ၁၅ ရာခိုင်နှုန်း၊ အနာအဆာပါတဲ့ ဒီမိုကရေစီနိုင်ငံက ၃၁ ဒသမ ၇ ရာခိုင်နှုန်း၊ ရောကျော်စနစ်နဲ့က ၂၂ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အာဏာရှင်ဆန်တဲ့ စနစ်နဲ့က ၃၁ ဒသမ ၁ ရာခိုင်နှုန်း ရှိနေပါတယ်။ စင်းလုံးချောပဲဖြစ်ဖြစ်၊ အနာအဆာနဲ့ပဲဖြစ်ဖြစ် ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံ ရာခိုင်နှုန်းက ၄၆ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံက ၅၃ ဒသမ ၃ ရာခိုင်နှုန်း ရှိနေဆဲပါ။ ဒါဟာ လွန်ခဲ့တဲ့ လေးလကျော် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းအထိ ပြုလုပ်ထားတဲ့ စစ်တမ်းတစ်ခုအရ တွေ့ရှိထားရတဲ့ ကိန်းဂဏန်းတွေပါပဲ။ (စာညွှန်းကိုအဆုံးမှာ ဖော်ပြပေးထားပါတယ်။)

ဒါဖြင့် ဒီမိုကရေစီကို ဘာနဲ့ တိုင်းခဲ့သလဲလို့ မေးစရာရှိပါတယ်။ စစ်တမ်းမှာက မေးခွန်း ၆၀ ပါဝင်ပါတယ်။ အဲဒီ့မေးခွန်းတွေကို အနှစ်ချုပ်လိုက်ပြီး ဒီမိုကရေစီ ပေတံတွေကို ဖော်ပြရမယ်ဆိုရင်တော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများနဲ့ အများပြည်သူတို့ရဲ့ လွတ်လွတ်လပ်လပ် လုပ်ပိုင်နိုင်ခွင့်များဟာ ဒီမိုကရေစီအတွက် လိုအပ်ချက်များ ဖြစ်နေလင့်ကစား အဲလောက်နဲ့ ဒီမိုကရေစီပြည့်ဝပြီလို့ မသတ်မှတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ ပွင့်လင်းမြင်သာမှုလည်းရှိ အနည်းအကျဉ်းလေးလောက်ပဲဖြစ်ဖြစ် ခရီးပေါက်အောင် ဆောင်ရွက်ပေးနိုင်စွမ်းရှိတဲ့ အစိုးရ၊ နိုင်ငံရေးမှာ အများရဲ့ ပါဝင်နိုင်မှု လုံလုံလောက်လောက် ရှိနေတာ၊ ဖေးမပေးနိုင်စွမ်းရှိတဲ့ ဒီမိုကရေစီ အစဉ်အလာ စတာတွေလည်း ရှိနေမှသာ ဒီမိုကရေစီအပြည့်နဲ့ နိုင်ငံလို့ သတ်မှတ်နိုင်တယ်ဆိုပဲ။ အဲဒီ့စာတမ်းထဲက မှတ်သားမိတဲ့ စကားတစ်ခွန်းကတော့ ဒီမိုကရေစီစနစ် အရှည်တည်တံ့ခဲ့တဲ့ တိုင်းပြည်တွေမှာတောင်မှ ပြုစုပျိုးထောင်မှု မရှိ၊ ကာကွယ်စောင့်ရှောက်မှု မရှိရင် ဒီမိုကရေစီဟာ ပျက်စီး ယိုယွင်းသွားနိုင်သေးတယ်ဆိုတဲ့ အချက်ပါပဲ။

အိုအီးစီဒီလို့ ခေါ်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံထဲက ၁၉ နိုင်ငံက ဒီမိုကရေစီ အပြည့်ရှိတဲ့ နိုင်ငံစာရင်းထဲမှာ အရေအတွက် အများဆုံး ဝေစုကို ယူထားပါတယ်။ ကျန်ခြောက်နိုင်ငံကတော့ လက်တင်အမေရိကနိုင်ငံ နှစ်နိုင်ငံ (ယူရာ့ဂွိုင်းနဲ့ ခေါ့စထာရီးခါး)၊ အရှေ့ဥရောပက တစ်နိုင်ငံ (ချက်သမ္မတနိုင်ငံ)၊ အာဖရိကက တစ်နိုင်ငံ [မောရစ်ရှပ်(စ်)]နဲ့ အာရှက နှစ်နိုင်ငံ (ဂျပန်နဲ့ တောင်ကိုရီးယား)တို့ ဖြစ်ပါတယ်။ 

အဲဒီ့ ၂၅ နိုင်ငံမှာပဲ အထက်က ပြောခဲ့တာတွေနဲ့ ချိန်ထိုးလိုက်ပြီး ဒီမိုကရေစီ ရမှတ်ကို ၁၀ မှတ်ပေးတယ်ဆိုရင် စုစုပေါင်း ၉ ဒသမ ၈၀ နဲ့ ဒီမိုကရေစီ အပြည့်ဝဆုံး နိုင်ငံအဖြစ် ပထမရတာက နော်ဝေနိုင်ငံဖြစ်ပြီး စပိန်နိုင်ငံကတော့ စုစုပေါင်း ၈.၀၂ မှတ်နဲ့ ၂၅ နိုင်ငံစာရင်းမှာ နောက်ဆုံးနေရာကို ယူထားတာ တွေ့ရတယ်။ စိတ်ဝင်စားစရာ ကောင်းတာကတော့ အဲသလိုအမှတ်နဲ့ အဆင့်သတ်မှတ်တဲ့အခါမှာ ကျွန်တော်တို့တွေက ဒီမိုကရေစီ ဘိုးအေကြီးတွေလို့ အထင်ရှိတဲ့ ဗြိတိန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ၈ ဒသမ ၁၆ မှတ်နဲ့ ၈ ဒသမ ၁၁ မှတ်အသီးသီးနဲ့ ဒီမိုကရေစီ ပြည့်ဝမှု အဆင့်အရ အမှတ်စဉ် ၁၈ နဲ့ ၁၉ ဆိုတဲ့ အောက်တန်းမှာ ရောက်နေတာပါပဲ။ သူတို့အောက်မှာမှ ဂျပန်က အမှတ်ပေါင်း ၈ ဒသမ ၀၈ နဲ့ အဆင့် ၂၀၊ တောင်ကိုရီးယားက ၈ ဒသမ ၀၆ နဲ့ အဆင့် ၂၁ တို့မှာ ရှိနေပါတယ်။

သည်ထဲမှာ ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ အမေရိကန်ပြည်ထောင်စုဟာ ၂၀၁၀ ပြည့်နှစ်တုန်းက အမှတ်ပေါင်း ၈ ဒသမ ၁၈ နဲ့ အဆင့် ၁၇ မှာ ရှိခဲ့ရာက တစ်နှစ်အကြာမှာ အမှတ်လည်း လျော့၊ အဆင့်လည်း နှစ်ဆင့်တောင် အောက်ကိုကျသွားတာပါပဲ။ ဗြိတိန်ကတော့ ၂၀၁၀ ပြည့်နှစ်တုန်းကလည်း သည်အမှတ်နဲ့ပေမယ့် အဆင့် ၁၉ ရှိခဲ့ရာက ၂၀၁၁ ခုနှစ်မှာ တစ်ဆင့်တက်လာတာ တွေ့ရပါတယ်။

တောင်အာဖရိက(အဆင့် ၂၈)၊ ပြင်သစ် (အဆင့် ၂၉)၊ အီတလီ (အဆင့် ၃၁)၊ အိန္ဒိယ အဆင့် (၃၉)၊ ထိုင်း (အဆင့် ၉၈)၊ အင်ဒိုနီးရှား (အဆင့် ၆၀)၊ မလေးရှား (အဆင့် ၇၁)၊ ဖိလစ်ပိုင် (အဆင့် ၇၅) တို့ဟာ အနာအဆာ ပါတဲ့ ဒီမိုကရေစီနိုင်ငံတွေထဲက ကျွန်တော်တို့အတွက် ကြားဖူးနားဝများပြီး ယဉ်ပါးနေတဲ့ နိုင်ငံတွေပါပဲ။ ပြင်သစ်လို၊ အီတလီလို ဥရောပနိုင်ငံတွေတောင်မှ အနာအဆာပါတဲ့ ဒီမိုကရေစီနိုင်ငံများ စာရင်းဝင်နေတာ စိတ်ဝင်စားစရာ အချက်တစ်ချက်ဖြစ်သလို ထိုင်းမှသည် ဖိလစ်ပိုင်အထိ အာရှ နိုင်ငံလေးနိုင်ငံဟာလည်းပဲ သည်စာရင်းထဲမှာ ပါနေပါတယ်။

ရောကျော်အစိုးရတွေထဲမှာတော့ ဟောင်ကောင် (အဆင့် ၈၀)၊ စင်္ကာပူ (အဆင့် ၈၁) တို့က ဒီမိုကရေစီအရာမှာ တခြား ရောကျော်အစိုးရများထက် အဆင့်မြင့်ပြီး တတိယနဲ့ စတုတ္ထနေရာကို ချိတ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့(ရှ်)နိုင်ငံတောင် (အဆင့် ၈၃)နဲ့  ရောကျော်တွေထဲက ဆဋ္ဌမနေရာမှာ ရှိတာ တွေ့ရပြန်တယ်။ ကမ္ဘောဒီးယားက ကမ္ဘာ့ဒီမိုကရေစီအဆင့်မှာ ၁၀၁ နေရာမှာ ရှိနေပြီး သူ့အောက် ၁၀၅ ဆိုတဲ့အဆင့်မှာတော့ ပါကစ္စတန် ရှိနေပါတယ်။ အီရတ်က အဆင့် ၁၁၂ နဲ့ ရောကျော်များထဲမှာ စတုတ္ထ နောက်ဆုံးအဆင့်မှာ ရှိနေပြီး ရောကျော်များထဲက နောက်ပိတ်ဆုံးကတော့ အဆင့် ၁၁၅ သတ်မှတ်ခံရတဲ့ အီဂျစ်နိုင်ငံပါပဲ။

အာဏာရှင်ဆန်တဲ့ အစိုးရ နိုင်ငံများထဲမှာ ရုရှက ကမ္ဘာ့အဆင့် ၁၁၇၊  ဒီမိုကရေစီ ရမှတ် ၃ ဒသမ ၉၂ နဲ့ ဒုတိယနေရာမှာ ယူထားတယ်။ တရုတ်က ကမ္ဘာ့အဆင့် ၁၄၁ မှာ ရှိပြီး ဒီမိုကရေစီ ရမှတ် ၃ ဒသမ ၁၄ ရှိပါတယ်။ ဗီယက်နမ်က သူ့အောက်တစ်ဆင့်ကျော် ကမ္ဘာ့အဆင့် ၁၄၃ မှာ ရှိနေပြီး ရမှတ်က ၂ ဒသမ ၉၆ ပါ။ အာဖဂန်နစ္စတန်က ရမှတ် ၂ ဒသမ ၄၈ နဲ့ အဆင့် ၁၅၂ မှာ ရှိပါတယ်။ လာအိုနိုင်ငံက ရမှတ် ၂ ဒသမ ၁၀၊ အဆင့် ၁၅၆။ ဆော်ဒီအာရေဗျ၊ အီကွေတာပေါ်က ဂီနီနိုင်ငံနဲ့ မြန်မာတို့က ရမှတ် ၁ ဒသမ ၇၇ အညီအမျှနဲ့ အဆင့် ၁၆၁ ပါ။ ၁၆၇ နိုင်ငံထဲမှာ အမှတ်အနည်းဆုံးက ၁ ဒသမ ၀၈ ဖြစ်ပြီး မြောက်ကိုးရီးယားနိုင်ငံပါ။ 

ဒါတွေထက် ပိုစိတ်ဝင်စားဖို့ ကောင်းသွားတာကတော့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ၂၀၁၀ ပြည့်နှစ် ပြည်တွင်း အသားတင်ထုတ်လုပ်မှုနဲ့ ချိန်ထိုးထားတဲ့ နိုင်ငံအသီးသီးရဲ့ ကြွယ်ဝမှုအဆင့်နဲ့ စောစောက နိုင်ငံရေးအရ ဒီမိုကရေစီ ဘယ်လောက်ထွန်းကားသလဲဆိုတဲ့ အဆင့်များကို နှိုင်းယှဉ်ကြည့်မိတဲ့ အခါမှာပါပဲ။ 

အကြွယ်ဝဆုံး အဆင့် ၁ က အမေရိကန်နိုင်ငံ၊ ဒုတိယ လိုက်တာက တရုတ်၊ တတိယက ဂျပန်၊ ပဉ္စမက ပြင်သစ်၊ ဆဋ္ဌမက ဗြိတိန်၊ အဋ္ဌမက အီတလီ၊ န၀မက အိန္ဒိယ၊ အဆင့် ၁၁ က ရုရှ၊ အဆင့် ၁၂ က စပိန်၊ ၁၅ က တောင်ကိုရီးယား၊ ၁၈ က အင်ဒိုနီးရှား၊  ၂၅ ကျတော့မှ နော်ဝေ၊ ၃၇ မှာ မလေးရှား၊ ၃၉ မှာ စင်္ကာပူ၊ ၄၅ မှာ ဖိလစ်ပိုင်၊ ၅၇ ဘင်္ဂလားဒေ့(ရှ်)၊ ၅၈ ဗီယက်နမ်၊ ၇၆ မြန်မာ၊ ၁၀၇ အာဖဂန်နစ္စတန်၊ ၁၂၁ ကမ္ဘောဒီး ယား၊ ၁၃၇ လာအို အစရှိသဖြင့် တွေ့လိုက်ရပြန်ပါတယ်။

ကိန်းဂဏန်းတွေ၊ အဆင့် သတ်မှတ်ချက်တွေချည်းသက်သက်ကိုသာ ကျွန်တော်စပ်စပ်စုစု ဖတ်မိသွားတဲ့ အထဲက ကောက်နုတ်တင်ပြလိုက်ခြင်းသာ ဖြစ်ပါတယ်။

အားလုံးတွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် – ၀၅၀၃၁၁)

စာညွှန်း –

1)    http://www.eiu.com/democracyindex2011
(2)    http://en.wikipedia.org/wiki/List_of_countries_by_GDP_%28nominal%29

(၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် Bi Weekly Eleven Journal မှာ ဖော်ပြထားတာကို ပြန်လည် တင်ဆက်လိုက်တာပါ။)

What My Father Wore

အခုထက်ထိတော့အဖေ့အင်္ကျီနဲ့ မတော်သေးဘူးဗျာ

mawhabyay5frontကျွန်တော့်အဖေရဲ့ အဝတ်အစားကြောင့် ငယ်ငယ်တုန်းက ကျွန်တော် ရှက်နေခဲ့ဖူးပါတယ်။ ဖြစ်နိုင်ရင် ဖေဖေ့ကို ဆရာဝန်တစ်ယောက်လို၊ ဝတ်လုံ တစ်ယောက်လို ဝတ်ထား စားထားတာကို ကျွန်တော် မြင်ချင်လှပါတယ်။ သို့ပေမယ့် အရုဏ်မတက်ခင် အိပ်ရာကထပြီး မေမေနဲ့ ကျွန်တော်တို့အတွက် ထမင်းကြော်ပေးတဲ့အခါတိုင်းမှာ ဖေဖေဟာ သူဝတ်နေကျ အဝတ်အစားကိုပဲ ဝတ်ထားတတ်တာချည်းပါပဲ။

အဖေက စုတ်ဖွာနေတဲ့ ဇင်ပြာဘောင်းဘီကို ဝတ်ပါတယ်။ သူ့ရဲ့ အိတ်ဆောင်ဓားလေးကို ထည့်တဲ့ အိတ်ထောင်လေးကို တင်ပါးမှာ ကပ်ချုပ်ထားတဲ့ ဘောင်းဘီပါ။ ပြီးတော့ အဖေဝတ်တဲ့ အင်္ကျီတွေဆိုတာက လည်း ခဲတံတွေ၊ ဆေးပေါ့လိပ်တွေ၊ ခွရှင်တွေ၊ ဝက်အူလှည့်တွေအပြင် အဖေ့မျက်မှန်ပါ ထည့်လို့ရတဲ့ အိတ်ထောင်အကြီးကြီးနဲ့ အင်္ကျီတွေ၊ စက်ဆီတွေ ပေကျံစွန်းထင်းနေတဲ့ အင်္ကျီတွေပါပဲ။

အဖေဝတ်တဲ့ ဖိနပ်ကကျတော့လည်း အစိုးရက ထုတ်ပေးထားတဲ့ လည်ရှည် တောစီးဖိနပ်ဖြစ်ပြီး ဖိနပ်ဦးကို သံမဏိနဲ့လုပ်ထားတာမို့ ခြေတစ်လှမ်း တစ်လှမ်း လှမ်းဖို့အတွက်တောင် ခြေထောက်ကို မနည်း မ ယူရအောင် လေးလံလှတဲ့ လုပ်သားစီးဖိနပ်တွေပါပဲ။ အဖေ့အလုပ်က ကားပြင်တဲ့ အလုပ်ပါ။ သည်တော့လည်း သည်လို အဝတ်အစားမျိုးနဲ့မှ အဆင်ပြေမှာဖြစ်ပေမယ့် အဖေ့အဝတ်တွေကို ကျွန်တော် ရှက်နေခဲ့သလို မင့်အဖေ ဘာလုပ်သလဲလို့ မေးရင်လည်း အဖေ့ အလုပ်ကို ပြောပြရမှာ ကျွန်တော် ရှက်နေခဲ့ပါတယ်။

သို့ပေမယ့် ကလေးတုန်းကတော့ ကျွန်တော်ဟာ အဖေ့အဝတ်စားတွေကို ကျွန်တော့်ကိုယ်ပေါ်မှာ အပ်ပြီး မှန်ရှေ့မှာ ရပ်ကြည့်ခဲ့ဖူးပါတယ်။ ကျွန်တော့် စိတ်ကူးထဲမှာ အဖေ့အင်္ကျီတွေက ဘုရင်ကြီးတွေရဲ့ ဝတ်ရုံတွေ၊ အဖေ့ ခါးပတ်တွေက စစ်သည်တော်တွေရဲ့ ကိုယ်ချပ် တန်ဆာပလာတွေအဖြစ်လည်း မြင်ခဲ့ရဖူးပါတယ်။ ငယ်ငယ်တုန်းက အမှောင်ထဲမှာ တစ်ယောက်တည်း မနေရဲတဲ့အခါတွေမှာလည်း အဖေ့ စွပ်ကျယ်လေးကို ဝတ်၊ အဖေ့ အနံ့လေးကို ရှူရင်း စိတ်သက်သာရာရအောင် နေတတ်ခဲ့ဖူးတာလည်း အမှန်ပါပဲ။ အဲဒီ့ အရွယ်ကလေးကနေ ကျော်စပြုလာချိန်မှာတော့ အဖေ့ ဇင်ပြာဘောင်းဘီနေရာမှာ သပ်ရပ်တင့်တယ်တဲ့ ဘောင်းဘီ၊ လည်ရှည်ဖိနပ်နေရာမှာ ပြောင်လက်တဲ့ ခြေနင်းများသာဖြစ်ရင် ဘယ်လောက်ကောင်းလေမလဲလို့ တွေးမိလာခဲ့ရသလို အဖေ့ စွပ်ကျယ်တွေ ဝတ်ပြီး အိပ်တဲ့အလုပ်လည်း မလုပ်ဖြစ်တော့ပါဘူး။ စိတ်ထဲမှာလည်း သည်အဖေအစား တခြား အဖေတစ်ယောက်ယောက်ကိုသာ အဖေတော်ရရင် သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးက ပေါ်နေခဲ့ပါတယ်။

အဖေ့ဝတ်ပုံစားပုံကြောင့် ကျွန်တော် လူတောမတိုးတာလို့လည်း တွေးမိနေရပါတယ်။ ရွယ်တူသူငယ်ချင်းတွေက ကျွန်တော့်ကို အနိုင်ကျင့်တဲ့အခါများမှာ အင်္ကျီကိုယ်ချွတ်နဲ့ ချည်ပုဆိုးကြမ်းအနွမ်းကို ဝတ်ပြီး အိမ်ရှေ့ထွက်တတ်တဲ့ အဖေ့ကြောင့်လို့ တွေးမိပါတယ်။ ရွယ်တူကောင်မလေးတွေက ကျွန်တော့်ကို မြင်တဲ့အခါ လှောင်ရယ် ရယ်ကြတာဟာလည်း အဲသလိုပဲ ကိုယ်ချွတ်ဗလာ၊ ချည်ပုဆိုးကြမ်းအနွမ်းနဲ့ အိမ်ရှေ့က မြက်တွေကို ရှင်းနေတတ်တဲ့ အဖေ့ကြောင့်လို့ ထင်ပါတယ်။ သည်ကောင်မလေးတွေမှာကျတော့ သူတို့အိမ်ရှေ့က မြက်တွေကို ရှင်းချင်ရင် (အဖေ့ထက် ပိုပြီး သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့) မြက်ရိတ်သမားတွေကို ပိုက်ဆံပေးငှားပြီး ရှင်းတတ်ကြတာမျိုးဖြစ်သလို သူတို့အဖေတွေကလည်း ဝတ်ကောင်းစားလှတွေ၊ အဖိုးတန် ဖိနပ်တွေ စီးလို့ ဂေါက်သီးရိုက်နေကြတဲ့သူတွေပါ။

အဖေ့ဘဝမှာ ဝတ်ကောင်းစားလှရယ်လို့ နှစ်စုံပဲ ဝယ်ခဲ့ဖူးပါတယ်။ ကားတွေရဲ့အောက်ကို ဝင်တဲ့အခါ သူ့အတွက် ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ရှိနေစေမယ့် အဝတ်အစားမျိုးကိုသာ အဖေက ပိုကြိုက်ပါတယ်။ သို့ပေမယ့် အဖေနဲ့ အမေတို့ လက်ထပ်ခဲ့ကြတာ နှစ်ပေါင်း နှစ်ဆယ် တင်းတင်း ပြည့်တော့မယ့်နေ့ မတိုင်ခင် တစ်ရက်မှာတော့ အဖေနဲ့ ကျွန်တော်ဟာ ဝတ်ကောင်းစားလှတွေ ရောင်းတဲ့ ဆိုင်ကြီးတစ်ဆိုင်ကို သွားခဲ့ကြဖူးပါတယ်။

ဟိုရောက်တော့ အဖေက ဝတ်စုံတွေ တစ်စုံပြီးတစ်စုံ ဝတ်ကြည့်ပါတော့တယ်။ တစ်စုံဝတ်ပြီး မှန်ရှေ့မှာ ရပ်ကြည့်လိုက်၊ ပြုံးလိုက်၊ ခေါင်းညိတ်လိုက် လုပ်ပြီးတဲ့အခါ အဖေက ဆိုင်ထိုင်ကို ဈေးမေးပါတယ်။ ပြီးရင် နောက်တစ်စုံကို ယူပြီး ဝတ်ကြည့်ပြန်ပါတယ်။ အဲလိုနဲ့ တစ်နေ့ခင်းသာ ကုန်သွားတယ်။ အဖေ့စိတ်တိုင်းကျ တစ်စုံမှ ရမလာပါဘူး။ ကျွန်တော့် စိတ်ထင် အဲဒီ့နေ့ခင်းမှာ အဖေဝတ်ကြည့်ခဲ့တာ ဆယ်စုံထက်တော့ နည်းမယ် မထင်ဘူး။

နောက်ဆုံးမှာတော့ အဲဒီ့ဆိုင်က ထွက်ခဲ့ကြပြီး တစ်ပတ်ရစ် ဝတ်စုံတွေ ဈေးပေါပေါနဲ့ ရောင်းတဲ့ဆိုင်ကို သားအဖနှစ်ယောက် ရောက်သွားပါတယ်။ အဲဒီ့မှာကျတော့ ဝတ်မကြည့်တော့ဘဲ တွေ့ကရာ ဝတ်စုံတစ်စုံကို ဝယ်ချလာပါတယ်။ ညကျတော့ အမေက ပြောတယ်။ သည်လို အဝတ်အစားတွေနဲ့ကျတော့ အဖေက အလွန့်ကို ချောနေတယ်ဆိုပဲ။

အဲဒီ့နောက် ကျွန်တော် ရှစ်တန်းအောင်လို့ ပညာရည်ချွန်ဆုရတဲ့အခါ ဆုပေးပွဲကိုလည်း အဖေက အဲဒီ့ဝတ်စုံနဲ့ပဲ တက်ပါတယ်။ အဲဒီ့အဝတ်ကြီး ဝတ်ပြီး လိုက်လာမယ့်အစား လိုက်မလာတာကမှ ပိုကောင်းဦးမယ်လို့ ကျွန်တော့် စိတ်ထဲမှာ ဖြစ်လာပေမယ့် ဘာမှ မပြောဖြစ်ခဲ့ပါဘူး။ ဆုပေးပွဲ ပြီးလို့ အိမ်ပြန်ရောက်တော့ အဖေဟာ သူ့ပုဆိုးကြမ်းကို ပြန်လဲရင်း ကျွန်တော် ပညာရည်ချွန် ဆုရတာရယ်၊ ကျွန်တော့်စာရိတ္တကောင်းမွန်တာရယ်ကို ချီးကျူးပါတယ်။ ပြီးတော့ အဖေက ကားပြင်ရုံဆီကို ကူးပြီး ပြင်လက်စ ကားကို ဆက်ပြင်ဖို့ ခြေလှမ်းပြင်လိုက်ချိန်မှာ တစ်ဆယ့်လေးနှစ် သားအရွယ် ဆယ်ကျော်သက်တစ်ယောက်အနေနဲ့တောင် ရက်စက်ရာကျနေတဲ့ မေးခွန်းကို ကျွန်တော် မေးလိုက်မိသွားရပါတယ်။

“ကျွန်တော့်သူငယ်ချင်းတွေရဲ့ အဖေတွေလို သပ်သပ်ရပ်ရပ်၊ ကျော့ကျော့မော့မော့ အဝတ်အစားတွေကို အဖေ ဘာ့ကြောင့် မဝတ်တတ်တာလဲဟင်”လို့ပါပဲ။

အဖေက ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ အဖေ့ မျက်လုံးထဲမှာ ဝမ်းနည်းမှုတွေ၊ အံ့အားသင့်မှုတွေကို မြင်လိုက်ရပါတယ်။ အဖေ့ဆီက ဘာစကားတစ်လုံးမှတော့ ပြန်မကြားရပါဘူး။ အဖေဟာ အဲဒီ့အကြည့်နဲ့ ကျွန်တော့်ကို ခဏ ကြည့်နေပြီး သူ့ကားပြင်ရုံဆီကို ချာခနဲ လှည့်ထွက်သွားပါတယ်။ အဲသလို လှည့်မထွက်သွားခင်မှာ အဖေ့ပါးစပ်က စကားတစ်ခွန်းကိုတော့ ကြားလိုက်ရပါတယ်။

“သည်အဝတ်တွေကိုပဲ အဖေ သဘောကျပါတယ် သားရယ်”တဲ့။

တစ်နာရီလောက်နေတော့ မေမေက ကျွန်တော့်အနားကို ဝုန်းဝုန်း ဒိုင်းဒိုင်း ရောက်လာပြီး ဘာမပြော၊ ညာမပြောနဲ့ ကျွန်တော့်ပါးကို ဖြန်းခနဲ ရိုက်ပါတော့တယ်။ “တော်တော် ကျေးဇူးကန်းတဲ့ ငတုံး”လို့လည်း မေမေ့ နှုတ်က ပြောပါတယ်။ မေမေ့စကားက ကျွန်တော့်ခေါင်းထဲမှာ ပဲ့တင်ရိုက်သလို အဖန်ဖန် ပြန်ပေါ်နေတာ အတော်ကြာပါတယ်။ အဲဒီ့နောက် အတော်ကြာတဲ့အထိ၊ အဖေရော အမေပါ ကျွန်တော့်ကို စကားမပြောကြတော့ပါဘူး။

သို့ပေမယ့် မိဘနဲ့ သားသမီးဆိုတာကတော့ ကြာကြာတော့ စိတ်မကွက်အားကြပါဘူး။ သည်ကြားထဲမှာ ကျွန်တော်ကလည်း နုရာက ရင့်လာတဲ့အခါ အတန်းထဲက ကောင်မလေးတွေ ကျွန်တော့်ကို အဖက်မလုပ်တာဟာ အဖေ့ကြောင့်မဟုတ်ဘဲ သိမ်ငယ်စိတ်နဲ့ အနေအထိုင်မတတ်လှတဲ့ ကျွန်တော့်ကြောင့်သာ ဖြစ်နေမှန်း သဘောပေါက်လာပါတယ်။ မေမေ ကျွန်တော့်ကို ပါးချတာကလည်း အဖေက ကျွန်တော့်ကို မရိုက်ရက်ခဲ့လို့သာ ဖြစ်လေမှန်းလည်း ကျွန်တော် သတိထားမိလာပါတယ်။ ဒါ့အပြင် အဲဒီ့ညက အဖေ တကယ် ပြောခဲ့တဲ့ စကားအဓိပ္ပာယ်က အဝတ်အစားထက် အရေးကြီးတာတွေ အများကြီး ရှိနေသေးတယ်ဆိုတာမှန်းလည်း ကျွန်တော့်ခေါင်းထဲမှာ ပြက်ပြက်ထင်ထင် ရှိလာပါတယ်။ ကျွန်တော့်အတွက် လိုသမျှ ဖြည့်ဆည်း ပေးနေရတာမို့ အဖေ့မှာ သူ့အတွက်သူ တစ်ပြားတစ်ချပ်မှ အပိုမသုံးဖြစ်အောင် ဆင်ခြင်နေခဲ့ ရတာပါလို့ အဖေ ပြောမယ်ဆို ပြောလို့ရပေမယ့် ဖေဖေက အဲဒီ့စကားကို မပြောခဲ့ပါဘူး။

အဲဒီ့ညမှာတုန်းကတော့ အဖေက ကျွန်တော့်ကို တစ်ခွန်းပဲ ပြောခဲ့ပါတယ်။ “မင်းက ငါ့သားကွ။ မင်းကြီးလာတဲ့အခါ ငါ့ထက်သာအောင်၊ ငါ့ဘဝအနေထက် မြင့်အောင် ငါ အနစ်နာခံနေတာပါ ငါ့သားရာ”တဲ့။

ကျွန်တော် ဘွဲ့ယူတဲ့နေ့မှာတော့ အဖေဟာ တကယ့် ဝတ်ကောင်းစားလှနဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်လာခဲ့ပါတယ်။ အဲဒီ့ ဝတ်စုံကို တော့ ဘွဲ့ယူမယ့်နေ့ မတိုင်ခင်တစ်ရက်က အမေနဲ့အတူ သွား ဝယ်လာတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲလို အဝတ်အစား တောက်တောက်ပြောင်ပြောင်နဲ့ကျတော့လည်း အဖေဟာ အရပ်ကြီး ပိုရှည်လာသလို ပိုလည်း ချောမောလာ၊ ပိုလည်း တင့်တယ်လာတယ်လို့ မြင်မိနေပါတယ်။

အဖေ ဖြတ်သွားတဲ့အခါ တခြားအဖေတွေက ရှဲပေးကြတယ်။ အဖေ့ အဝတ်အစားကြောင့် မဟုတ်ပါဘူး။ အဖေ့ရဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ အသွင်အပြင်ကြောင့်ပါ။ ကျွန်တော်အထင်ကြီးခဲ့တဲ့ ဆရာဝန်ကြီးတွေ၊ ဝတ်လုံတော်ရကြီးတွေဟာလည်းပဲ ဂုဏ်ယူဝင့်ကြွားနေတဲ့ အဖေ့မျက်လုံးတွေကို သတိထားမိကြပုံပါပဲ။ သူတို့က အဖေ့ကို ဆက်ဆံတဲ့အခါ လေးလေးစားစားနဲ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြပါတယ်။

အိမ်ပြန်ရောက်တဲ့အခါမှာတော့ အဖေဟာ သူဝတ်ခဲ့တဲ့ ဝတ်စုံကို ဗီရိုထဲမှာ သပ်သပ်ရပ်ရပ် ပြန်သိမ်းလိုက်ပါတယ်။ အဲဒီ့နောက် အဲဒီ့ဝတ်စုံကို အဖေ ထပ်မဝတ်တော့တာ ကွယ်လွန်တဲ့အထိပါပဲ။

အဖေကွယ်လွန်ချိန်မှာ ဘာဝတ်ထားတယ်ဆိုတာ ကျွန်တော် မသိပါဘူး။ သို့ပေမယ့် အလုပ်လုပ်ရင်းတန်းလန်းက ကွယ်လွန်သွားခဲ့တာမို့ အဖေဟာ သူ ကြိုက်တဲ့ ဝတ်စုံနွမ်းကိုသာ ဝတ်ထားမှာပဲလို့ ကျွန်တော် နားလည်ပါတယ်။

ဖေဖေ့ကို သင်္ဂြိုဟ်တဲ့အခါ ကျွန်တော့်ဘွဲ့ယူတုန်းက ဖေဖေ ဝတ်ခဲ့တဲ့ ဝတ်စုံကို ဆင်မြန်းပေးဖို့ မေမေက စိတ်ကူးပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဖေဖေ အလွန်ကြိုက်ပြီး တစ်သက်လုံး ဝတ်ခဲ့တဲ့ ဇင်ပြာ ဝတ်စုံကိုပဲ ဝတ်ပေးလိုက်ဖို့ မေမေ့ကို မရမက တိုက်တွန်းခဲ့ပါတယ်။

ဖေဖေ့ဈာပန အခမ်းအနားကျင်းပမယ့် မနက်မှာတော့ ဖေဖေ့ရဲ့ အိတ်ဆောင် ဓားလေးနဲ့ ဖေဖေ့ ခါးပတ်မှာ အပေါက်နောက်တစ်ပေါက် ထပ်ဖောက်လိုက် ပတယ်။ ဒါမှ အဲဒီ့ခါးပတ်ကို ကျွန်တော် ပတ်လို့ရမှာမို့ပါ။ ပြီးတော့ ကျွန်တော် ဘွဲ့ယူတုန်းက အဖေဝတ်ခဲ့တဲ့ ဝတ်စုံကို ဗီရိုထဲက ထုတ်ပြီး ကျွန်တော့် ကိုယ်ပေါ်မှာ ဆင်လိုက်ပါတယ်။ ပြီးတော့ အားတင်းပြီး ဖေဖေ ကြည့်နေကျ မှန်ထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကြည့်လိုက်မိရတယ်။

ဝတ်စုံကတော့ အပျံစားပါပဲ။ သို့ပေမယ့် မှန်ထဲက ကျွန်တော့်ရုပ်သွင်ဟာ သိမ်သိမ်ငယ်ငယ်နဲ့ လူရာမဝင်တဲ့ ပုံမျိုးလေးသာဖြစ်နေပါတယ်။ ကလေးတုန်းကလိုပဲ အဖေ့အဝတ်တွေက ပိန်ညှော်ညှော် ကျွန်တော့်ကိုယ်ပေါ်မှာ ဖိုးရိုးဖားရား ဖြစ်နေပါတယ်။ အဖေ့ကိုယ်နံ့ကလည်း အင်္ကျီတွေဆီကနေ ကျွန်တော့်နှာဝဆီ တိုးဝင်လာသေးပေမယ့် ငယ်ငယ်တုန်းကလို ကျွန်တော့်ကို နှစ်သိမ့်ပေးနိုင်စွမ်း မရှိတော့ပါဘူး။

ကျွန်တော့်ရင်ထဲမှာ မရေမရာဖြစ်နေတယ်။ အဖေ့ရဲ့ အရာရောက်မှုနဲ့ ပတ်သက်ပြီး ဇဝေဇဝါဖြစ်နေတာမဟုတ်ပါဘူး။ တော်တော်ကျေးဇူးကန်းတဲ့ ငတုံး မဟုတ်တော့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ကျွန်တော်ဇဝေဇဝါဖြစ်နေမိတာက ကျွန်တော့်အရာရောက်မှုကရော ဘယ်လောက်အထိများ တာသွားမှာလဲဆိုတာအတွက်ပါပဲ။

ကျွန်တော်ဟာ အဖေကြည့်နေကျ မှန်ရှေ့မှာ အကြာကြီး ရပ်နေမိပါ တယ်။ မျက်ရည်တွေလည်း ကျနေမိသလို စိတ်ထဲမှာလည်း အဖေ ဝတ်ခဲ့တဲ့ အင်္ကျီနဲ့တော်တဲ့ အနေအထားကို ဘယ်တော့များမှ ကျွန်တော် ရောက်နိုင်မှာ လဲလို့ တွေးနေမိရပါတော့တယ်။

Bret Anthony Johnston ရေးတဲ့ What My Father Wore ဆိုတာလေးကို ဘာသာပြန်ဆိုတင်ဆက်လိုက်တာပါ။

ပြောရရင် သည်စာလေး ကျွန်တော့်ဆီမှာ ရှိနေတာ ခုနစ်နှစ်ကျော်ပါပြီ။ ကျွန်တော်ကိုယ်တိုင် ဖတ်ခဲ့ဖူးတာလည်း အကြိမ်ပေါင်း မနည်းတော့ပါဘူး။ ဒါပေမယ့် ဘာသာပြန်ပြီး စာဖတ်သူများကို လက်ဆင့်ကမ်းပေးနိုင်ဖို့ အတွက်တော့ အဲသလောက်တောင် ကြာသွားခဲ့ပါတယ်။

ကျွန်တော့်ရင်ကို သိပ်ကို ထိလွန်းတဲ့ စာတစ်ပုဒ်ဖြစ်နေလို့ပါပဲ။

ဟုတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်သည်လည်းပဲ သည်စာထဲက သားတော်မောင်လိုပဲ အဖေ့အဝတ်အစားကြောင့်၊ အဖေ့အလုပ်အကိုင်ကြောင့် သိမ်သိမ်ငယ်ငယ် ခံစားခဲ့ရဖူးသူတစ်ယောက် ဖြစ်လို့နေပါတယ်။

ငယ်ငယ်ကတည်းက မင့်အဖေက ဘာအလုပ်လုပ်လဲလို့ အမေးခံရရင် အတော့်ကို အနေရအထိုင်ရ ကျပ်ခဲ့ဖူးတယ်။ ကျွန်တော့်အဖေက လက်နှိပ်စက် စာရေးလေးပါ။ အရာရှိကြီးများ ကြီးစိုးရာ လောပိတက ရေအား လျှပ်စစ်စီမံကိန်းဝန်ထမ်းများရဲ့ နယ်ပယ်ကျဉ်းကျဉ်းလေးထဲမှာ ကျွန်တော့် ငယ်ဘဝဟာ နေစရာ မရှိခဲ့ပါဘူး။

အဲဒီ့ကမှ ခြောက်တန်းနှစ်မှာ ရန်ကုန်ကို ရောက်လာခဲ့တယ်။ အဖေ့ အနေအထားဟာ အထက်တန်းစာရေးဆိုတဲ့ ဂုဏ်ပုဒ်ကို ရလာခဲ့ပေမယ့် လက်နှိပ်စက်စာရေးဘဝကတော့ တက်ကို မလာခဲ့ပါဘူး။ ကျွန်တော် ရှစ်တန်းနှစ်မှာ အဖေက အလုပ်က ကျန်းမာရေးအကြောင်းပြနဲ့ အငြိမ်းစား ယူလိုက်ပြီး အငှားယာဉ်မောင်းသမားဘဝကို ပြောင်းလိုက်ပြန်တယ်။

မင့်အဖေ ဘာလုပ်လဲလို့ မေးရင် အဖေက ယာဉ်မောင်းပါလို့ ပြောရမှာ ကျွန်တော် အတော်ကြီး ရွံ့ခဲ့ရဖူးပါတယ်။ သည်ဇာတ်လမ်းထဲက သားလိုပဲ အဖေ့အဝတ်အစားတွေကလည်း အဆင်မပြေပါဘူး။ တက်ထရွန်အင်္ကျီအဖြူ လက်ရှည်၊ ပလေကပ်ပုဆိုးနဲ့ အဖေ့ပုံစံက သပ်ရပ်သည့်တိုင် ခန့်ညားမှုတော့ မရှိပါဘူး။

အတိုဆုံးခြုံ့ပြောရရင် ဒါ ကျွန်တော့်အဖေပါလို့ လူပုံအလယ်မှာ ဝင့်ထည်စွာ ပြောရတဲ့သတ္တိ ကျွန်တော့်မှာ မရှိခဲ့တာကို ကျွန်တော် ဝန်ခံရပါလိမ့်မယ်။ ဖြစ်ချင်တော့ ကျွန်တော် ဘွဲ့ယူတဲ့အချိန်မှာ ဖေဖေ မရှိတော့ပါဘူး။ သည်တော့လည်း ပွဲတက်ဝတ်စုံနဲ့ အဖေ့ကို ဘွဲ့နှင်းသဘင်မှာ မတွေ့ခဲ့ရပါဘူး။ အဖေသည်လည်း သည်ဇာတ်လမ်းထဲက ဖခင်လိုပဲ မလွှဲမရှောင်သာတဲ့ မင်္ဂလာပွဲတွေကို တက်တဲ့အခါ တိုက်ပုံနဲ့ ဘာနဲ့ အကျအန တက်ခဲ့ဖူးပေမယ့် သည်ဇာတ်လမ်းထဲက သားလို အဖေ့ကို ခန့်ညားနေတယ်လို့ ကျွန်တော် တစ်ခါမှ မမြင်ခဲ့ဖူးတာ လည်း အမှန်ပါ။

အခုဆို အဖေမရှိတော့တာ နှစ်ပေါင်း ၃၂ နှစ်တိုင်တော့မှာပါ။ ကျွန်တော့် အသက်လည်း ငါးဆယ်ကို ကျော်လာခဲ့ပါပြီ။ ကျွန်တော့်မှာ ဆယ်ကျော်သက်အရွယ် သမီးတစ်ယောက်နဲ့ သားတစ်ယောက်လည်း ရှိနေပါပြီ။ သမီးနဲ့ သားဟာ သူတို့အဖေအတွက် သိမ်ငယ်စရာ မလိုအောင် ကျွန်တော့်ဘဝက လည်း အတန်အသင့် အခြေမြင့်ခဲ့ပါပြီ။

အစကတော့ ငါတော်လို့၊ ငါအရည်အချင်းရှိလို့ သည်ဘဝကို ရောက်လာခဲ့တာဆိုပြီး ကျွန်တော် လက်မ ထောင်ခဲ့ဖူးပါတယ်။ သို့ပေမယ့် သည်အရွယ်ကို ရောက်လာတဲ့အခါ၊ အထူးသဖြင့် မေမေပါ ကွယ်လွန် တိမ်းပါးသွားခဲ့တဲ့ နောက်ပိုင်းမှာတော့ ကျွန်တော့်မိဘတွေရဲ့ ကျေးဇူးကို ပြက်ပြက်ထင်ထင် မြင်သိလာပါတော့တယ်။

သရက်မြို့ဆိုတဲ့ မြို့သိမ်မြို့ငယ်လေးကနေ ခုနစ်တန်းလောက်ပဲအောင် ရှာလေတဲ့ ဖေဖေဟာ သူ့ဘဝသူ မနည်းထူထောင်ယူရင်း ကျွန်တော်ဆိုတဲ့ သားတစ်ယောက် ဖြစ်လာအောင် မွေးယူခဲ့ပါတယ်။ ကျွန်တော့်ကို ဘွဲ့ရတစ်ယောက် ဖြစ်လာအောင်၊ သူသိပ်တတ်ချင်ခဲ့တဲ့ အင်္ဂလိပ်စာကို တတ်ပွန်လာအောင် သူ့မှာ ရှိလေသမျှ အစွမ်းအစ အကုန်သုံးပြီး လေ့ကျင့်သင်ကြားပေးခဲ့တာလည်း ဖေဖေကိုယ်တိုင်ပါပဲ။ သူ့ရဲ့ သိမ်ငယ်ချို့ငဲ့ခဲ့ရတဲ့ ဘဝထက် သာအောင်လည်း ကျွန်တော့်ကို ဖေဖေ ထားပေးခဲ့ပါတယ်။

အခု ကျွန်တော့်အလှည့် ရောက်လာပါပြီ။ ကျွန်တော့်သားနဲ့ သမီးကို တလောဆီက ကျွန်တော် ပြောဖြစ်ပါတယ်။ ကျွန်တော့်အဖေဟာ ကျွန်တော့်ကို သူ့ဘဝထက် အဆများစွာ သာလွန် ကောင်းမွန်အောင် မွေးမြူထူထောင် ပေးနိုင်ခဲ့တာမို့ ဖေဖေဟာ ကျွန်တော့်အပေါ်မှာ အများကြီး တာဝန်ကျေခဲ့ပါတယ်။

ကျွန်တော့်အလှည့်ကျတော့ ကျွန်တော် တာဝန်ကျေတယ်၊ မကျေဘူးဆိုတာ ကျွန်တော့်သားသမီးတွေ ဘယ်ဘဝ ရောက်လာမလဲဆိုတဲ့အပေါ်မှာသာ ဆုံးဖြတ်နိုင်မှာ ဖြစ်တဲ့အကြောင်းပါ။ အဲဒါကို သားနဲ့ သမီးကို ကျွန်တော် ပြောခဲ့ပါတယ်။

ကျွန်တော်ရောက်နေတဲ့ဘဝ၊ ကျွန်တော်နေနေရတဲ့ အခြေအနေထက် အဆများစွာ သာလွန်တဲ့ ဘဝအနေကို ကျွန်တော့်သားသမီးတွေ ရလာမှသာ ကျွန်တော့်ရဲ့ မိဘတာဝန်ကျေမှာပါ။ အခုအချိန်အထိတော့ ကျွန်တော့်ကိုယ် ကျွန်တော် တာဝန်ကျေသူရယ်လို့ မသတ်မှတ်နိုင်သေးပါဘူး။

သည်စာလေးကို ဘာသာပြန်လိုက်တဲ့အခါ ကျွန်တော်သည်လည်းပဲ ဇာတ်လမ်းထဲက သားလို မှန်ရှေ့မှာ ရပ်လိုက်သလို ဖြစ်သွားပါတယ်။ သူ့လို မျက်ရည်မကျမိပေမယ့် မျက်ရည်တော့ ဝဲလာမိတာလည်း အမှန်ပါ။

ပြီးတော့လည်း သူ့လိုပဲ  အဖေ ဝတ်ခဲ့တဲ့အင်္ကျီနဲ့ တော်တဲ့ အနေအထားကို ဘယ်တော့များမှ  ကျွန်တော် ရောက်နိုင်မှာလဲလို့ တွေးနေမိရပါတော့တယ်။

အားလုံးတွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၁၈၀၇၀၈

သည်စာမူလေးကို “ မောဟရဲ့မူလဘူတ” (အတ္တကျော်) ၊ စာမူခွင့်ပြုချက်အမှတ် ၄၀၁၃၈၀၁၀၁၁ ဖြင့် ဇန်န၀ါရီလ ၂၀၁၂ တွင် လက်တွဲဖော် စာအုပ်တိုက်မှ ထုတ်ဝေဖြန့်ချိခဲ့သော စာအုပ်မှ ကူးယူ ဖော်ပြပါသည်။