Skip to content

What My Father Wore

14 March 2012

အခုထက်ထိတော့အဖေ့အင်္ကျီနဲ့ မတော်သေးဘူးဗျာ

mawhabyay5frontကျွန်တော့်အဖေရဲ့ အဝတ်အစားကြောင့် ငယ်ငယ်တုန်းက ကျွန်တော် ရှက်နေခဲ့ဖူးပါတယ်။ ဖြစ်နိုင်ရင် ဖေဖေ့ကို ဆရာဝန်တစ်ယောက်လို၊ ဝတ်လုံ တစ်ယောက်လို ဝတ်ထား စားထားတာကို ကျွန်တော် မြင်ချင်လှပါတယ်။ သို့ပေမယ့် အရုဏ်မတက်ခင် အိပ်ရာကထပြီး မေမေနဲ့ ကျွန်တော်တို့အတွက် ထမင်းကြော်ပေးတဲ့အခါတိုင်းမှာ ဖေဖေဟာ သူဝတ်နေကျ အဝတ်အစားကိုပဲ ဝတ်ထားတတ်တာချည်းပါပဲ။

အဖေက စုတ်ဖွာနေတဲ့ ဇင်ပြာဘောင်းဘီကို ဝတ်ပါတယ်။ သူ့ရဲ့ အိတ်ဆောင်ဓားလေးကို ထည့်တဲ့ အိတ်ထောင်လေးကို တင်ပါးမှာ ကပ်ချုပ်ထားတဲ့ ဘောင်းဘီပါ။ ပြီးတော့ အဖေဝတ်တဲ့ အင်္ကျီတွေဆိုတာက လည်း ခဲတံတွေ၊ ဆေးပေါ့လိပ်တွေ၊ ခွရှင်တွေ၊ ဝက်အူလှည့်တွေအပြင် အဖေ့မျက်မှန်ပါ ထည့်လို့ရတဲ့ အိတ်ထောင်အကြီးကြီးနဲ့ အင်္ကျီတွေ၊ စက်ဆီတွေ ပေကျံစွန်းထင်းနေတဲ့ အင်္ကျီတွေပါပဲ။

အဖေဝတ်တဲ့ ဖိနပ်ကကျတော့လည်း အစိုးရက ထုတ်ပေးထားတဲ့ လည်ရှည် တောစီးဖိနပ်ဖြစ်ပြီး ဖိနပ်ဦးကို သံမဏိနဲ့လုပ်ထားတာမို့ ခြေတစ်လှမ်း တစ်လှမ်း လှမ်းဖို့အတွက်တောင် ခြေထောက်ကို မနည်း မ ယူရအောင် လေးလံလှတဲ့ လုပ်သားစီးဖိနပ်တွေပါပဲ။ အဖေ့အလုပ်က ကားပြင်တဲ့ အလုပ်ပါ။ သည်တော့လည်း သည်လို အဝတ်အစားမျိုးနဲ့မှ အဆင်ပြေမှာဖြစ်ပေမယ့် အဖေ့အဝတ်တွေကို ကျွန်တော် ရှက်နေခဲ့သလို မင့်အဖေ ဘာလုပ်သလဲလို့ မေးရင်လည်း အဖေ့ အလုပ်ကို ပြောပြရမှာ ကျွန်တော် ရှက်နေခဲ့ပါတယ်။

သို့ပေမယ့် ကလေးတုန်းကတော့ ကျွန်တော်ဟာ အဖေ့အဝတ်စားတွေကို ကျွန်တော့်ကိုယ်ပေါ်မှာ အပ်ပြီး မှန်ရှေ့မှာ ရပ်ကြည့်ခဲ့ဖူးပါတယ်။ ကျွန်တော့် စိတ်ကူးထဲမှာ အဖေ့အင်္ကျီတွေက ဘုရင်ကြီးတွေရဲ့ ဝတ်ရုံတွေ၊ အဖေ့ ခါးပတ်တွေက စစ်သည်တော်တွေရဲ့ ကိုယ်ချပ် တန်ဆာပလာတွေအဖြစ်လည်း မြင်ခဲ့ရဖူးပါတယ်။ ငယ်ငယ်တုန်းက အမှောင်ထဲမှာ တစ်ယောက်တည်း မနေရဲတဲ့အခါတွေမှာလည်း အဖေ့ စွပ်ကျယ်လေးကို ဝတ်၊ အဖေ့ အနံ့လေးကို ရှူရင်း စိတ်သက်သာရာရအောင် နေတတ်ခဲ့ဖူးတာလည်း အမှန်ပါပဲ။ အဲဒီ့ အရွယ်ကလေးကနေ ကျော်စပြုလာချိန်မှာတော့ အဖေ့ ဇင်ပြာဘောင်းဘီနေရာမှာ သပ်ရပ်တင့်တယ်တဲ့ ဘောင်းဘီ၊ လည်ရှည်ဖိနပ်နေရာမှာ ပြောင်လက်တဲ့ ခြေနင်းများသာဖြစ်ရင် ဘယ်လောက်ကောင်းလေမလဲလို့ တွေးမိလာခဲ့ရသလို အဖေ့ စွပ်ကျယ်တွေ ဝတ်ပြီး အိပ်တဲ့အလုပ်လည်း မလုပ်ဖြစ်တော့ပါဘူး။ စိတ်ထဲမှာလည်း သည်အဖေအစား တခြား အဖေတစ်ယောက်ယောက်ကိုသာ အဖေတော်ရရင် သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးက ပေါ်နေခဲ့ပါတယ်။

အဖေ့ဝတ်ပုံစားပုံကြောင့် ကျွန်တော် လူတောမတိုးတာလို့လည်း တွေးမိနေရပါတယ်။ ရွယ်တူသူငယ်ချင်းတွေက ကျွန်တော့်ကို အနိုင်ကျင့်တဲ့အခါများမှာ အင်္ကျီကိုယ်ချွတ်နဲ့ ချည်ပုဆိုးကြမ်းအနွမ်းကို ဝတ်ပြီး အိမ်ရှေ့ထွက်တတ်တဲ့ အဖေ့ကြောင့်လို့ တွေးမိပါတယ်။ ရွယ်တူကောင်မလေးတွေက ကျွန်တော့်ကို မြင်တဲ့အခါ လှောင်ရယ် ရယ်ကြတာဟာလည်း အဲသလိုပဲ ကိုယ်ချွတ်ဗလာ၊ ချည်ပုဆိုးကြမ်းအနွမ်းနဲ့ အိမ်ရှေ့က မြက်တွေကို ရှင်းနေတတ်တဲ့ အဖေ့ကြောင့်လို့ ထင်ပါတယ်။ သည်ကောင်မလေးတွေမှာကျတော့ သူတို့အိမ်ရှေ့က မြက်တွေကို ရှင်းချင်ရင် (အဖေ့ထက် ပိုပြီး သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့) မြက်ရိတ်သမားတွေကို ပိုက်ဆံပေးငှားပြီး ရှင်းတတ်ကြတာမျိုးဖြစ်သလို သူတို့အဖေတွေကလည်း ဝတ်ကောင်းစားလှတွေ၊ အဖိုးတန် ဖိနပ်တွေ စီးလို့ ဂေါက်သီးရိုက်နေကြတဲ့သူတွေပါ။

အဖေ့ဘဝမှာ ဝတ်ကောင်းစားလှရယ်လို့ နှစ်စုံပဲ ဝယ်ခဲ့ဖူးပါတယ်။ ကားတွေရဲ့အောက်ကို ဝင်တဲ့အခါ သူ့အတွက် ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ရှိနေစေမယ့် အဝတ်အစားမျိုးကိုသာ အဖေက ပိုကြိုက်ပါတယ်။ သို့ပေမယ့် အဖေနဲ့ အမေတို့ လက်ထပ်ခဲ့ကြတာ နှစ်ပေါင်း နှစ်ဆယ် တင်းတင်း ပြည့်တော့မယ့်နေ့ မတိုင်ခင် တစ်ရက်မှာတော့ အဖေနဲ့ ကျွန်တော်ဟာ ဝတ်ကောင်းစားလှတွေ ရောင်းတဲ့ ဆိုင်ကြီးတစ်ဆိုင်ကို သွားခဲ့ကြဖူးပါတယ်။

ဟိုရောက်တော့ အဖေက ဝတ်စုံတွေ တစ်စုံပြီးတစ်စုံ ဝတ်ကြည့်ပါတော့တယ်။ တစ်စုံဝတ်ပြီး မှန်ရှေ့မှာ ရပ်ကြည့်လိုက်၊ ပြုံးလိုက်၊ ခေါင်းညိတ်လိုက် လုပ်ပြီးတဲ့အခါ အဖေက ဆိုင်ထိုင်ကို ဈေးမေးပါတယ်။ ပြီးရင် နောက်တစ်စုံကို ယူပြီး ဝတ်ကြည့်ပြန်ပါတယ်။ အဲလိုနဲ့ တစ်နေ့ခင်းသာ ကုန်သွားတယ်။ အဖေ့စိတ်တိုင်းကျ တစ်စုံမှ ရမလာပါဘူး။ ကျွန်တော့် စိတ်ထင် အဲဒီ့နေ့ခင်းမှာ အဖေဝတ်ကြည့်ခဲ့တာ ဆယ်စုံထက်တော့ နည်းမယ် မထင်ဘူး။

နောက်ဆုံးမှာတော့ အဲဒီ့ဆိုင်က ထွက်ခဲ့ကြပြီး တစ်ပတ်ရစ် ဝတ်စုံတွေ ဈေးပေါပေါနဲ့ ရောင်းတဲ့ဆိုင်ကို သားအဖနှစ်ယောက် ရောက်သွားပါတယ်။ အဲဒီ့မှာကျတော့ ဝတ်မကြည့်တော့ဘဲ တွေ့ကရာ ဝတ်စုံတစ်စုံကို ဝယ်ချလာပါတယ်။ ညကျတော့ အမေက ပြောတယ်။ သည်လို အဝတ်အစားတွေနဲ့ကျတော့ အဖေက အလွန့်ကို ချောနေတယ်ဆိုပဲ။

အဲဒီ့နောက် ကျွန်တော် ရှစ်တန်းအောင်လို့ ပညာရည်ချွန်ဆုရတဲ့အခါ ဆုပေးပွဲကိုလည်း အဖေက အဲဒီ့ဝတ်စုံနဲ့ပဲ တက်ပါတယ်။ အဲဒီ့အဝတ်ကြီး ဝတ်ပြီး လိုက်လာမယ့်အစား လိုက်မလာတာကမှ ပိုကောင်းဦးမယ်လို့ ကျွန်တော့် စိတ်ထဲမှာ ဖြစ်လာပေမယ့် ဘာမှ မပြောဖြစ်ခဲ့ပါဘူး။ ဆုပေးပွဲ ပြီးလို့ အိမ်ပြန်ရောက်တော့ အဖေဟာ သူ့ပုဆိုးကြမ်းကို ပြန်လဲရင်း ကျွန်တော် ပညာရည်ချွန် ဆုရတာရယ်၊ ကျွန်တော့်စာရိတ္တကောင်းမွန်တာရယ်ကို ချီးကျူးပါတယ်။ ပြီးတော့ အဖေက ကားပြင်ရုံဆီကို ကူးပြီး ပြင်လက်စ ကားကို ဆက်ပြင်ဖို့ ခြေလှမ်းပြင်လိုက်ချိန်မှာ တစ်ဆယ့်လေးနှစ် သားအရွယ် ဆယ်ကျော်သက်တစ်ယောက်အနေနဲ့တောင် ရက်စက်ရာကျနေတဲ့ မေးခွန်းကို ကျွန်တော် မေးလိုက်မိသွားရပါတယ်။

“ကျွန်တော့်သူငယ်ချင်းတွေရဲ့ အဖေတွေလို သပ်သပ်ရပ်ရပ်၊ ကျော့ကျော့မော့မော့ အဝတ်အစားတွေကို အဖေ ဘာ့ကြောင့် မဝတ်တတ်တာလဲဟင်”လို့ပါပဲ။

အဖေက ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ အဖေ့ မျက်လုံးထဲမှာ ဝမ်းနည်းမှုတွေ၊ အံ့အားသင့်မှုတွေကို မြင်လိုက်ရပါတယ်။ အဖေ့ဆီက ဘာစကားတစ်လုံးမှတော့ ပြန်မကြားရပါဘူး။ အဖေဟာ အဲဒီ့အကြည့်နဲ့ ကျွန်တော့်ကို ခဏ ကြည့်နေပြီး သူ့ကားပြင်ရုံဆီကို ချာခနဲ လှည့်ထွက်သွားပါတယ်။ အဲသလို လှည့်မထွက်သွားခင်မှာ အဖေ့ပါးစပ်က စကားတစ်ခွန်းကိုတော့ ကြားလိုက်ရပါတယ်။

“သည်အဝတ်တွေကိုပဲ အဖေ သဘောကျပါတယ် သားရယ်”တဲ့။

တစ်နာရီလောက်နေတော့ မေမေက ကျွန်တော့်အနားကို ဝုန်းဝုန်း ဒိုင်းဒိုင်း ရောက်လာပြီး ဘာမပြော၊ ညာမပြောနဲ့ ကျွန်တော့်ပါးကို ဖြန်းခနဲ ရိုက်ပါတော့တယ်။ “တော်တော် ကျေးဇူးကန်းတဲ့ ငတုံး”လို့လည်း မေမေ့ နှုတ်က ပြောပါတယ်။ မေမေ့စကားက ကျွန်တော့်ခေါင်းထဲမှာ ပဲ့တင်ရိုက်သလို အဖန်ဖန် ပြန်ပေါ်နေတာ အတော်ကြာပါတယ်။ အဲဒီ့နောက် အတော်ကြာတဲ့အထိ၊ အဖေရော အမေပါ ကျွန်တော့်ကို စကားမပြောကြတော့ပါဘူး။

သို့ပေမယ့် မိဘနဲ့ သားသမီးဆိုတာကတော့ ကြာကြာတော့ စိတ်မကွက်အားကြပါဘူး။ သည်ကြားထဲမှာ ကျွန်တော်ကလည်း နုရာက ရင့်လာတဲ့အခါ အတန်းထဲက ကောင်မလေးတွေ ကျွန်တော့်ကို အဖက်မလုပ်တာဟာ အဖေ့ကြောင့်မဟုတ်ဘဲ သိမ်ငယ်စိတ်နဲ့ အနေအထိုင်မတတ်လှတဲ့ ကျွန်တော့်ကြောင့်သာ ဖြစ်နေမှန်း သဘောပေါက်လာပါတယ်။ မေမေ ကျွန်တော့်ကို ပါးချတာကလည်း အဖေက ကျွန်တော့်ကို မရိုက်ရက်ခဲ့လို့သာ ဖြစ်လေမှန်းလည်း ကျွန်တော် သတိထားမိလာပါတယ်။ ဒါ့အပြင် အဲဒီ့ညက အဖေ တကယ် ပြောခဲ့တဲ့ စကားအဓိပ္ပာယ်က အဝတ်အစားထက် အရေးကြီးတာတွေ အများကြီး ရှိနေသေးတယ်ဆိုတာမှန်းလည်း ကျွန်တော့်ခေါင်းထဲမှာ ပြက်ပြက်ထင်ထင် ရှိလာပါတယ်။ ကျွန်တော့်အတွက် လိုသမျှ ဖြည့်ဆည်း ပေးနေရတာမို့ အဖေ့မှာ သူ့အတွက်သူ တစ်ပြားတစ်ချပ်မှ အပိုမသုံးဖြစ်အောင် ဆင်ခြင်နေခဲ့ ရတာပါလို့ အဖေ ပြောမယ်ဆို ပြောလို့ရပေမယ့် ဖေဖေက အဲဒီ့စကားကို မပြောခဲ့ပါဘူး။

အဲဒီ့ညမှာတုန်းကတော့ အဖေက ကျွန်တော့်ကို တစ်ခွန်းပဲ ပြောခဲ့ပါတယ်။ “မင်းက ငါ့သားကွ။ မင်းကြီးလာတဲ့အခါ ငါ့ထက်သာအောင်၊ ငါ့ဘဝအနေထက် မြင့်အောင် ငါ အနစ်နာခံနေတာပါ ငါ့သားရာ”တဲ့။

ကျွန်တော် ဘွဲ့ယူတဲ့နေ့မှာတော့ အဖေဟာ တကယ့် ဝတ်ကောင်းစားလှနဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်လာခဲ့ပါတယ်။ အဲဒီ့ ဝတ်စုံကို တော့ ဘွဲ့ယူမယ့်နေ့ မတိုင်ခင်တစ်ရက်က အမေနဲ့အတူ သွား ဝယ်လာတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲလို အဝတ်အစား တောက်တောက်ပြောင်ပြောင်နဲ့ကျတော့လည်း အဖေဟာ အရပ်ကြီး ပိုရှည်လာသလို ပိုလည်း ချောမောလာ၊ ပိုလည်း တင့်တယ်လာတယ်လို့ မြင်မိနေပါတယ်။

အဖေ ဖြတ်သွားတဲ့အခါ တခြားအဖေတွေက ရှဲပေးကြတယ်။ အဖေ့ အဝတ်အစားကြောင့် မဟုတ်ပါဘူး။ အဖေ့ရဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ အသွင်အပြင်ကြောင့်ပါ။ ကျွန်တော်အထင်ကြီးခဲ့တဲ့ ဆရာဝန်ကြီးတွေ၊ ဝတ်လုံတော်ရကြီးတွေဟာလည်းပဲ ဂုဏ်ယူဝင့်ကြွားနေတဲ့ အဖေ့မျက်လုံးတွေကို သတိထားမိကြပုံပါပဲ။ သူတို့က အဖေ့ကို ဆက်ဆံတဲ့အခါ လေးလေးစားစားနဲ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြပါတယ်။

အိမ်ပြန်ရောက်တဲ့အခါမှာတော့ အဖေဟာ သူဝတ်ခဲ့တဲ့ ဝတ်စုံကို ဗီရိုထဲမှာ သပ်သပ်ရပ်ရပ် ပြန်သိမ်းလိုက်ပါတယ်။ အဲဒီ့နောက် အဲဒီ့ဝတ်စုံကို အဖေ ထပ်မဝတ်တော့တာ ကွယ်လွန်တဲ့အထိပါပဲ။

အဖေကွယ်လွန်ချိန်မှာ ဘာဝတ်ထားတယ်ဆိုတာ ကျွန်တော် မသိပါဘူး။ သို့ပေမယ့် အလုပ်လုပ်ရင်းတန်းလန်းက ကွယ်လွန်သွားခဲ့တာမို့ အဖေဟာ သူ ကြိုက်တဲ့ ဝတ်စုံနွမ်းကိုသာ ဝတ်ထားမှာပဲလို့ ကျွန်တော် နားလည်ပါတယ်။

ဖေဖေ့ကို သင်္ဂြိုဟ်တဲ့အခါ ကျွန်တော့်ဘွဲ့ယူတုန်းက ဖေဖေ ဝတ်ခဲ့တဲ့ ဝတ်စုံကို ဆင်မြန်းပေးဖို့ မေမေက စိတ်ကူးပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဖေဖေ အလွန်ကြိုက်ပြီး တစ်သက်လုံး ဝတ်ခဲ့တဲ့ ဇင်ပြာ ဝတ်စုံကိုပဲ ဝတ်ပေးလိုက်ဖို့ မေမေ့ကို မရမက တိုက်တွန်းခဲ့ပါတယ်။

ဖေဖေ့ဈာပန အခမ်းအနားကျင်းပမယ့် မနက်မှာတော့ ဖေဖေ့ရဲ့ အိတ်ဆောင် ဓားလေးနဲ့ ဖေဖေ့ ခါးပတ်မှာ အပေါက်နောက်တစ်ပေါက် ထပ်ဖောက်လိုက် ပတယ်။ ဒါမှ အဲဒီ့ခါးပတ်ကို ကျွန်တော် ပတ်လို့ရမှာမို့ပါ။ ပြီးတော့ ကျွန်တော် ဘွဲ့ယူတုန်းက အဖေဝတ်ခဲ့တဲ့ ဝတ်စုံကို ဗီရိုထဲက ထုတ်ပြီး ကျွန်တော့် ကိုယ်ပေါ်မှာ ဆင်လိုက်ပါတယ်။ ပြီးတော့ အားတင်းပြီး ဖေဖေ ကြည့်နေကျ မှန်ထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကြည့်လိုက်မိရတယ်။

ဝတ်စုံကတော့ အပျံစားပါပဲ။ သို့ပေမယ့် မှန်ထဲက ကျွန်တော့်ရုပ်သွင်ဟာ သိမ်သိမ်ငယ်ငယ်နဲ့ လူရာမဝင်တဲ့ ပုံမျိုးလေးသာဖြစ်နေပါတယ်။ ကလေးတုန်းကလိုပဲ အဖေ့အဝတ်တွေက ပိန်ညှော်ညှော် ကျွန်တော့်ကိုယ်ပေါ်မှာ ဖိုးရိုးဖားရား ဖြစ်နေပါတယ်။ အဖေ့ကိုယ်နံ့ကလည်း အင်္ကျီတွေဆီကနေ ကျွန်တော့်နှာဝဆီ တိုးဝင်လာသေးပေမယ့် ငယ်ငယ်တုန်းကလို ကျွန်တော့်ကို နှစ်သိမ့်ပေးနိုင်စွမ်း မရှိတော့ပါဘူး။

ကျွန်တော့်ရင်ထဲမှာ မရေမရာဖြစ်နေတယ်။ အဖေ့ရဲ့ အရာရောက်မှုနဲ့ ပတ်သက်ပြီး ဇဝေဇဝါဖြစ်နေတာမဟုတ်ပါဘူး။ တော်တော်ကျေးဇူးကန်းတဲ့ ငတုံး မဟုတ်တော့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ကျွန်တော်ဇဝေဇဝါဖြစ်နေမိတာက ကျွန်တော့်အရာရောက်မှုကရော ဘယ်လောက်အထိများ တာသွားမှာလဲဆိုတာအတွက်ပါပဲ။

ကျွန်တော်ဟာ အဖေကြည့်နေကျ မှန်ရှေ့မှာ အကြာကြီး ရပ်နေမိပါ တယ်။ မျက်ရည်တွေလည်း ကျနေမိသလို စိတ်ထဲမှာလည်း အဖေ ဝတ်ခဲ့တဲ့ အင်္ကျီနဲ့တော်တဲ့ အနေအထားကို ဘယ်တော့များမှ ကျွန်တော် ရောက်နိုင်မှာ လဲလို့ တွေးနေမိရပါတော့တယ်။

Bret Anthony Johnston ရေးတဲ့ What My Father Wore ဆိုတာလေးကို ဘာသာပြန်ဆိုတင်ဆက်လိုက်တာပါ။

ပြောရရင် သည်စာလေး ကျွန်တော့်ဆီမှာ ရှိနေတာ ခုနစ်နှစ်ကျော်ပါပြီ။ ကျွန်တော်ကိုယ်တိုင် ဖတ်ခဲ့ဖူးတာလည်း အကြိမ်ပေါင်း မနည်းတော့ပါဘူး။ ဒါပေမယ့် ဘာသာပြန်ပြီး စာဖတ်သူများကို လက်ဆင့်ကမ်းပေးနိုင်ဖို့ အတွက်တော့ အဲသလောက်တောင် ကြာသွားခဲ့ပါတယ်။

ကျွန်တော့်ရင်ကို သိပ်ကို ထိလွန်းတဲ့ စာတစ်ပုဒ်ဖြစ်နေလို့ပါပဲ။

ဟုတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်သည်လည်းပဲ သည်စာထဲက သားတော်မောင်လိုပဲ အဖေ့အဝတ်အစားကြောင့်၊ အဖေ့အလုပ်အကိုင်ကြောင့် သိမ်သိမ်ငယ်ငယ် ခံစားခဲ့ရဖူးသူတစ်ယောက် ဖြစ်လို့နေပါတယ်။

ငယ်ငယ်ကတည်းက မင့်အဖေက ဘာအလုပ်လုပ်လဲလို့ အမေးခံရရင် အတော့်ကို အနေရအထိုင်ရ ကျပ်ခဲ့ဖူးတယ်။ ကျွန်တော့်အဖေက လက်နှိပ်စက် စာရေးလေးပါ။ အရာရှိကြီးများ ကြီးစိုးရာ လောပိတက ရေအား လျှပ်စစ်စီမံကိန်းဝန်ထမ်းများရဲ့ နယ်ပယ်ကျဉ်းကျဉ်းလေးထဲမှာ ကျွန်တော့် ငယ်ဘဝဟာ နေစရာ မရှိခဲ့ပါဘူး။

အဲဒီ့ကမှ ခြောက်တန်းနှစ်မှာ ရန်ကုန်ကို ရောက်လာခဲ့တယ်။ အဖေ့ အနေအထားဟာ အထက်တန်းစာရေးဆိုတဲ့ ဂုဏ်ပုဒ်ကို ရလာခဲ့ပေမယ့် လက်နှိပ်စက်စာရေးဘဝကတော့ တက်ကို မလာခဲ့ပါဘူး။ ကျွန်တော် ရှစ်တန်းနှစ်မှာ အဖေက အလုပ်က ကျန်းမာရေးအကြောင်းပြနဲ့ အငြိမ်းစား ယူလိုက်ပြီး အငှားယာဉ်မောင်းသမားဘဝကို ပြောင်းလိုက်ပြန်တယ်။

မင့်အဖေ ဘာလုပ်လဲလို့ မေးရင် အဖေက ယာဉ်မောင်းပါလို့ ပြောရမှာ ကျွန်တော် အတော်ကြီး ရွံ့ခဲ့ရဖူးပါတယ်။ သည်ဇာတ်လမ်းထဲက သားလိုပဲ အဖေ့အဝတ်အစားတွေကလည်း အဆင်မပြေပါဘူး။ တက်ထရွန်အင်္ကျီအဖြူ လက်ရှည်၊ ပလေကပ်ပုဆိုးနဲ့ အဖေ့ပုံစံက သပ်ရပ်သည့်တိုင် ခန့်ညားမှုတော့ မရှိပါဘူး။

အတိုဆုံးခြုံ့ပြောရရင် ဒါ ကျွန်တော့်အဖေပါလို့ လူပုံအလယ်မှာ ဝင့်ထည်စွာ ပြောရတဲ့သတ္တိ ကျွန်တော့်မှာ မရှိခဲ့တာကို ကျွန်တော် ဝန်ခံရပါလိမ့်မယ်။ ဖြစ်ချင်တော့ ကျွန်တော် ဘွဲ့ယူတဲ့အချိန်မှာ ဖေဖေ မရှိတော့ပါဘူး။ သည်တော့လည်း ပွဲတက်ဝတ်စုံနဲ့ အဖေ့ကို ဘွဲ့နှင်းသဘင်မှာ မတွေ့ခဲ့ရပါဘူး။ အဖေသည်လည်း သည်ဇာတ်လမ်းထဲက ဖခင်လိုပဲ မလွှဲမရှောင်သာတဲ့ မင်္ဂလာပွဲတွေကို တက်တဲ့အခါ တိုက်ပုံနဲ့ ဘာနဲ့ အကျအန တက်ခဲ့ဖူးပေမယ့် သည်ဇာတ်လမ်းထဲက သားလို အဖေ့ကို ခန့်ညားနေတယ်လို့ ကျွန်တော် တစ်ခါမှ မမြင်ခဲ့ဖူးတာ လည်း အမှန်ပါ။

အခုဆို အဖေမရှိတော့တာ နှစ်ပေါင်း ၃၂ နှစ်တိုင်တော့မှာပါ။ ကျွန်တော့် အသက်လည်း ငါးဆယ်ကို ကျော်လာခဲ့ပါပြီ။ ကျွန်တော့်မှာ ဆယ်ကျော်သက်အရွယ် သမီးတစ်ယောက်နဲ့ သားတစ်ယောက်လည်း ရှိနေပါပြီ။ သမီးနဲ့ သားဟာ သူတို့အဖေအတွက် သိမ်ငယ်စရာ မလိုအောင် ကျွန်တော့်ဘဝက လည်း အတန်အသင့် အခြေမြင့်ခဲ့ပါပြီ။

အစကတော့ ငါတော်လို့၊ ငါအရည်အချင်းရှိလို့ သည်ဘဝကို ရောက်လာခဲ့တာဆိုပြီး ကျွန်တော် လက်မ ထောင်ခဲ့ဖူးပါတယ်။ သို့ပေမယ့် သည်အရွယ်ကို ရောက်လာတဲ့အခါ၊ အထူးသဖြင့် မေမေပါ ကွယ်လွန် တိမ်းပါးသွားခဲ့တဲ့ နောက်ပိုင်းမှာတော့ ကျွန်တော့်မိဘတွေရဲ့ ကျေးဇူးကို ပြက်ပြက်ထင်ထင် မြင်သိလာပါတော့တယ်။

သရက်မြို့ဆိုတဲ့ မြို့သိမ်မြို့ငယ်လေးကနေ ခုနစ်တန်းလောက်ပဲအောင် ရှာလေတဲ့ ဖေဖေဟာ သူ့ဘဝသူ မနည်းထူထောင်ယူရင်း ကျွန်တော်ဆိုတဲ့ သားတစ်ယောက် ဖြစ်လာအောင် မွေးယူခဲ့ပါတယ်။ ကျွန်တော့်ကို ဘွဲ့ရတစ်ယောက် ဖြစ်လာအောင်၊ သူသိပ်တတ်ချင်ခဲ့တဲ့ အင်္ဂလိပ်စာကို တတ်ပွန်လာအောင် သူ့မှာ ရှိလေသမျှ အစွမ်းအစ အကုန်သုံးပြီး လေ့ကျင့်သင်ကြားပေးခဲ့တာလည်း ဖေဖေကိုယ်တိုင်ပါပဲ။ သူ့ရဲ့ သိမ်ငယ်ချို့ငဲ့ခဲ့ရတဲ့ ဘဝထက် သာအောင်လည်း ကျွန်တော့်ကို ဖေဖေ ထားပေးခဲ့ပါတယ်။

အခု ကျွန်တော့်အလှည့် ရောက်လာပါပြီ။ ကျွန်တော့်သားနဲ့ သမီးကို တလောဆီက ကျွန်တော် ပြောဖြစ်ပါတယ်။ ကျွန်တော့်အဖေဟာ ကျွန်တော့်ကို သူ့ဘဝထက် အဆများစွာ သာလွန် ကောင်းမွန်အောင် မွေးမြူထူထောင် ပေးနိုင်ခဲ့တာမို့ ဖေဖေဟာ ကျွန်တော့်အပေါ်မှာ အများကြီး တာဝန်ကျေခဲ့ပါတယ်။

ကျွန်တော့်အလှည့်ကျတော့ ကျွန်တော် တာဝန်ကျေတယ်၊ မကျေဘူးဆိုတာ ကျွန်တော့်သားသမီးတွေ ဘယ်ဘဝ ရောက်လာမလဲဆိုတဲ့အပေါ်မှာသာ ဆုံးဖြတ်နိုင်မှာ ဖြစ်တဲ့အကြောင်းပါ။ အဲဒါကို သားနဲ့ သမီးကို ကျွန်တော် ပြောခဲ့ပါတယ်။

ကျွန်တော်ရောက်နေတဲ့ဘဝ၊ ကျွန်တော်နေနေရတဲ့ အခြေအနေထက် အဆများစွာ သာလွန်တဲ့ ဘဝအနေကို ကျွန်တော့်သားသမီးတွေ ရလာမှသာ ကျွန်တော့်ရဲ့ မိဘတာဝန်ကျေမှာပါ။ အခုအချိန်အထိတော့ ကျွန်တော့်ကိုယ် ကျွန်တော် တာဝန်ကျေသူရယ်လို့ မသတ်မှတ်နိုင်သေးပါဘူး။

သည်စာလေးကို ဘာသာပြန်လိုက်တဲ့အခါ ကျွန်တော်သည်လည်းပဲ ဇာတ်လမ်းထဲက သားလို မှန်ရှေ့မှာ ရပ်လိုက်သလို ဖြစ်သွားပါတယ်။ သူ့လို မျက်ရည်မကျမိပေမယ့် မျက်ရည်တော့ ဝဲလာမိတာလည်း အမှန်ပါ။

ပြီးတော့လည်း သူ့လိုပဲ  အဖေ ဝတ်ခဲ့တဲ့အင်္ကျီနဲ့ တော်တဲ့ အနေအထားကို ဘယ်တော့များမှ  ကျွန်တော် ရောက်နိုင်မှာလဲလို့ တွေးနေမိရပါတော့တယ်။

အားလုံးတွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၁၈၀၇၀၈

သည်စာမူလေးကို “ မောဟရဲ့မူလဘူတ” (အတ္တကျော်) ၊ စာမူခွင့်ပြုချက်အမှတ် ၄၀၁၃၈၀၁၀၁၁ ဖြင့် ဇန်န၀ါရီလ ၂၀၁၂ တွင် လက်တွဲဖော် စာအုပ်တိုက်မှ ထုတ်ဝေဖြန့်ချိခဲ့သော စာအုပ်မှ ကူးယူ ဖော်ပြပါသည်။

Advertisements
3 Comments leave one →
  1. Moe thida Aye permalink
    15 March 2012 9:48 pm

    I am so thankful to get a chance to read this article. Thank you very much Sayar.

  2.ွှ့သက်မာ permalink
    11 August 2014 2:15 pm

    အလွန်ကောင်းတဲ့ ဝတ္ထုလေးပါ သူငယ်ချင်း

    • Aung Maun permalink
      13 September 2014 2:30 pm

      သိပ်ကောင်းပြီး ခံစားချက်ထိရှလွယ်တဲ့ဝတ္ထုလေးတစ်ပုဒ်ပါဘဲ။ ခံစားချက်ရှိသူတွေအတွက်ပေါ့လေ။ ကျွန်တော်လည်း ဒီလိုခံစားခဲ့ရဖူးပါတယ်။အဖေက ကျွန်တော်(၅)နှစ်အရွယ်မှာဆုံးသွားတော့ အဖေ့ကျေးဇူး တွေကိုပြက်ပြက်ထင်ထင်မမှတ်မိတော့ပါဘူး။ အဖေ့နေရာမှာအမေပေါ့။ ကျွန်တော့်ကို ကျောင်းစအပ်တော့လည်း အမေကပဲလိုက်အပ်ပေးခဲ့ပြီးကျောင်းမှာထားခဲ့တော့ ငိုမဲ့မဲ့လေးနဲ့ကျွန်တော်ကျန်နေခဲ့ရတာကိုလည်း ဒီနေ့အထိမှတ်မိနေပါသေးတယ်။ အမေဟာအစစ
      အရာရာ တာဝန်ကျေခဲ့ပါတယ်။ ကျွန်တော်ကသာ စက်ချုပ်တစ်လှည့်၊ ဈေးရောင်းတစ်လှည့်နဲ့ သားသမီး(၆)ယောက်ကိုကျွေးမွေးပြုစုခဲ့တဲ့ အမေ့ရဲ့အလုပ်နဲ့ပတ်သက်ပြီးသိမ်ငယ်စိတ်တွေဝင်ခဲ့မိတာ အဲဒီဆယ်ကျော်သက်အရွယ်ကပါဘဲ။ကျွန်တော် တော်တော်မသိသားဆိုးဝါးတန်ခဲ့တာပဲနော်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: