Different Kinds of Fatherly Love

ချစ်ကြသူချည်းသာ

ဖအေ (၁)

အသေးစား ယာဉ်တိုက်မှုတစ်ခုနဲ့ ကြုံလိုက်ရပါတယ်။ ပျက်နေတာ နှစ်ပရိစ္ဆေဒ ကြာမြင့်လှပြီဖြစ်ပေမယ့် ယနေ့ထက်တိုင် ပြင်ဆင်ခြင်း မရှိတဲ့ ရန်ကုန်မြို့လယ်နဲ့ မလှမ်းမကမ်းက လမ်းဆုံအချက်ပြမီးတိုင် နယ်ပယ်အတွင်းမှာပါ။

အချိန်က ညနေ ငါးနာရီဝန်းကျင်မို့ ယာဉ်သွားယာဉ်လာ ရှုပ်ထွေးကြပ်သိပ် လွန်းနေပါတယ်။ အဲလိုအချိန်မှာ အချက်ပြမီးတိုင်ကလည်း ဆိုခဲ့တဲ့အတိုင်း ပျက်နေ၊ ထိန်းသိမ်းကွပ်ကဲပေးမယ့် တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှလည်း ရှိမနေဘဲ ယာဉ်မောင်းချင်းသာ နားလည်မှုနဲ့ အဆင်ပြေသလို ကြည့်မောင်းနေရတာမို့ သည်လိုအနေအထားမှာ ယာဉ်တိုက်မှု ဖြစ်ဖို့က သိပ်ကို လွယ်ကူနေပါ တယ်။ ကျွန်တော်မကြုံလည်း အဲဒီ့နေရာမှာ တခြားသူတွေလည်း ကြုံရနိုင်ချေက ၅၀ % အထက်မှာ ရှိနေတဲ့အနေအထားလို့ပဲ လွယ်လွယ်ဆိုကြပါစို့ရဲ့။

သေချာတာတစ်ခုကတော့ ကျွန်တော့် ကားဦးက တခြားကားတစ်စီးရဲ့ ဘယ်အစိတ်အပိုင်းကိုမှ တိုက်မိခိုက်မိခဲ့တာ မဟုတ်ဘဲ တခြားကားတစ်စီးရဲ့ ကားဦးကသာ ကျွန်တော့်ကားရဲ့ ဝဲဘက်ခြမ်းကို ဝင်တိုက်တာပါ။ ပြီးတော့ ကျွန်တော့်ကားက ရွေ့လျားနေတာလဲ မဟုတ်ပါဘူး။ သူ ဝင်တိုက်ချိန်မှာ ကျွန်တော့်ကားက လမ်းလေးခွဆုံရဲ့ အလယ်တည့်တည့်လောက်မှာ ဆက်သွားလို့ မရသေးလို့ တန့်နေချိန်၊ တစ်နည်းပြောရရင် ရပ်ထားချိန်မှာ သူက ဝင်တိုက်လိုက်တာဖြစ်ပါတယ်။

တိုက်လိုက်သူက လူငယ်ယာဉ်မောင်းလေးပါ။ ကျွန်တော့်သားအရွယ်လောက်သာ ရှိပါသေးတယ်။ သူ့ကားပေါ်မှာ တခြားလူငယ်လေးတွေလည်း ပါလာကြတယ်။ သူတို့က ကျွန်တော့်ဆီက အလျော်လိုချင်ကြပါတယ်။ သို့ပေမယ့် အဲသလို ပြောတော့လည်း မခံချင်ကြရှာဘူးခင်ဗျ။ အလျော်မလိုချင်ရင်လည်း ကိစ္စပြီးလိုက်လေဆိုတော့လည်း မဟုတ်ဘူး။ အမှားအမှန်ကို ငြင်းချင်နေကြပါတယ်။ ယာဉ်ထိန်းရုံးကိုလည်း သွားမယ်လို့ ပြောလားလည်း ပြောနေရဲ့။ ပြောသာ ပြောနေတာ။ သူတို့ ဖုန်းဆက်ခေါ်နေတာက ယာဉ်ထိန်းရုံးလည်း မဟုတ်ဘူးခင်ဗျ။ သူတို့ဖအေကို လှမ်းခေါ်တာ။

ယာဉ်ကိုလည်း သူတို့ကပဲ နေရာ ရွှေ့ပါတယ်။ ကျွန်တော် တားမနေပါဘူး။ လူငယ်လေးတွေ၊ အုပ်စုလေးကလည်း တောင့်နေတော့ ရမ်းကားချင်တဲ့ သဘောကို တွေ့နေရတာမို့ အကျယ်အကျယ် မဖြစ်ချင်တာနဲ့ သည်တိုင်းပဲ ကြည့်နေလိုက်ပါတယ်။

တကယ်တမ်းမှာ သူ့ကားလည်း ကြီးကြီးမားမား ပျက်စီးမသွားသလို ကျွန်တော့်ကားဆိုလည်း အရာတောင် မထင်ပါဘူး။ မောင်းသူဘက်ကသာ သတိလေးနဲ့ မိမိရရ အရှိန်သတ်နိုင်ခဲ့ရင် တိုက်မိစရာတောင် အကြောင်းမရှိတဲ့ အခြေအနေမျိုးပါ။ အဲတော့ အမှန်က တစ်ယောက်နဲ့ တစ်ယောက် အေးအေးဆေးဆေး ကျေကျေနပ်နပ်နဲ့ ပြီးသွားနိုင်တာမျိုးပါ။ သို့ပေမယ့် ကျွန်တော့်ကား ဘာမှ မဖြစ်သည့်တိုင် သူ့ကားလည်း ဒဏ်ရာ မပြင်းသည့်တိုင် သူ့ကားကိုတော့ နည်းနည်းပါးပါး အသေးစား ပြုပြင်ဖို့တော့ လိုပါတယ်။ ယာဉ်ကိုယ်ထည်ပိုင်း ပြုပြင်သူ မိတ်ဆွေရင်းချာသာ ရှိရင်တော့ အခမဲ့လောက်နီးနီး၊ ဒါမှမဟုတ်လည်း ငါးထောင် တစ်သောင်း အကုန်ခံလိုက်ရုံနဲ့ ပြီးလောက်တဲ့ အသေးစားပြုပြင်မှုမျိုးပါ။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက် ကျေအေးပြီး ကိုယ့်လမ်းကိုယ် ဆက်သွားလိုက် ရင်လည်း ပြီးနိုင်တာမျိုးပါ။

ဒါပေမယ့် ကိုယ်တော်လေးတွေက ပူလောင်နေကြရှာတယ်။ သည်မှာ သတိထားလိုက်မိတာက ကိုယ်တော်လေးတွေက ယာဉ်တိုက်မှုထက် ယာဉ်တိုက်မှုကြောင့် သူတို့ ဖခင်က သူတို့ကို ညိုညင်မှာ စိုးရိမ်နေတဲ့ သဘောလေးကို မြင်လိုက်ရတယ်။ အဲတော့ ကျွန်တော်လည်း စိတ်ရှည်လက်ရှည်နဲ့ သူတို့ဖအေ ရောက်အလာကို စောင့်ပေးနေလိုက်ပါတယ်။

ထူးဆန်းတာတစ်ခုက အဲဒီ့ ယာဉ်တိုက်မှုဖြစ်လို့ ယာဉ်ကြောသာ ရှုပ်ထွေး ပိတ်ဆို့ကုန်တာခင်ဗျ၊ အဲဒီ့နေရာကို တာဝန်ရှိသူ တစ်ယောက်မှ ရောက်မလာတာပါပဲ။

အဲလိုနဲ့ နာရီဝက်ကျော် ၄၅ မိနစ်နီးပါး ကြာချိန်မှာ သူတို့ရဲ့ ဖခင်ဆိုသူ ရောက်လာပါတယ်။ ရောက်လာတာနဲ့ သူက သူ့သားတွေဘက်ကနေ မာမာ ထန်ထန် စကားတွေ ဆိုနေပါတယ်။ ကလေးတွေက ကျွန်တော်က ဝင်တိုက်တာလို့ ပြောတယ်ပေါ့၊ ကျွန်တော်က သူ့ကလေးတွေက ဝင်တိုက်တာပါလို့ ပြောတယ်ပေါ့။ ဒါဆို ရုံးကျမှ ရှင်းမယ်ပေါ့။ တကယ်တော့လည်း သူ ရုံးမသွားပါဘူး။ ကျွန်တော်က ဘာမှ မှားတဲ့သူ မဟုတ်တာကို သူ မရိပ်မိဘူး။ သူ့ကလေးတွေ စကားပဲ နားယောင်ပြနေတယ်။

ပိုဆိုးတာက သူ့ကလေးတွေက ယာဉ်တိုက်ထားပုံကို ပါလာတဲ့ ပါလေရာ ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ထားကြသေးတယ်။ ကျွန်တော့်ကားပေါ်မှာ ပါလာတဲ့ မိတ်ဆွေတစ်ဦးဆီမှာလည်း ပညာရှင်သုံး ကင်မရာ အကြီးစားကြီး ပါနေတာမို့ ကျွန်တော်တို့လည်း အားကျမခံ ရိုက်ထားတာတွေ ရှိပါတယ်။ ဓာတ်ပုံတွေကို ကြည့်ပါဆိုတော့လည်း အဲဒီ့လူက မကြည့်ဘူးခင်ဗျ။ သူက တစ်ဖက်နားနဲ့သာ ရှိတဲ့ ဖခင်တစ်ယောက်မှန်း သိလိုက်တယ်။

သူ့သားတွေကို သူချစ်ပုံက လာမထိနဲ့၊ မှားမှားမှန်မှန် ကျုပ်သားတွေ ဘက်က ကျုပ်ကာကွယ်မယ်ဆိုတဲ့ ဖခင်မျိုးပေါ့ခင်ဗျာ။

ဖအေ (၂)

နောက်တစ်မှုကတော့ ကြာပါပြီ။ ကြာဆို ဆယ်နှစ်တောင် မကတော့ပါဘူး။

ဒါပေမယ့် အလားတူပါတယ်။ ဖြစ်တာက မန္တလေးမှာပါ။ ကျွန်တော့် ကားကို ဆိုင်ကယ်တစ်စီးက ခါးလယ်ကနေ ဖြတ်တိုက်ပါတယ်။ ကျွန်တော့်ကား ပိန်ချိုင့်သွားပါတယ်။ တိုက်သူ လူငယ် လဲကျသွားပါတယ်။ သူ့ဆိုင်ကယ်လည်း လဲသွားတာပေါ့ခင်ဗျာ။

ကျွန်တော် ဆင်းကြည့်ပါတယ်။ ကျွန်တော့်ကား တော်တော်လေး ပျက်စီးသွားပါတယ်။ အခုကာလ ပေါက်ဈေးနဲ့ဆိုရင် ဆေးသုတ်တာ ဘာညာနဲ့ဆို စုစုပေါင်း တစ်သိန်းလောက် ကုန်မယ့် အခြေအနေပါ။ လူငယ်ရဲ့ လဲနေတဲ့ ဆိုင်ကယ်ကို ပြန်ထူပေးလိုက်ပါတယ်။ ဆိုင်ကယ်လည်း ရှေ့ဘီးခွေ လိမ်သွားပါပြီ။ လူငယ်ကို ကြည့်လိုက်တော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရပါဘူး။ တံတောင်ဆစ် ပွန်းသွားတယ်။ ဒူးပြဲသွားတယ်။

လူငယ်က သူ့ဖခင်ကို ဖုန်းဆက်ခေါ်မယ် ပြောပါတယ်။ ကျွန်တော်လည်း စောင့်ပေးပါတယ်။ အလျော်ရမှ ဖြစ်မှာကိုး။

သူ့ဖခင်က သိပ်မကြာခင် ရောက်လာပါတယ်။ လူငယ်က ကျွန်တော်က ဇွတ်ဝင်တဲ့အတွက် သူ အရှိန်မထိန်းနိုင်ဘဲ တိုက်မိတဲ့အကြောင်း ပြောပါတယ်။  ကျွန်တော် ဘာမှ ဝင်မပြောသေးပါဘူး။ သူတို့ချင်း ပြောနေတာကိုပဲ အသာ နားထောင်နေလိုက်ပါတယ်။

ဖအေ လုပ်တဲ့သူက သူ့သားကို သေချာပြန်မေးပါတယ်။ ကျွန်တော် လာတဲ့ လမ်းကြောင်း၊ သူ့သား လာတဲ့ လမ်းကြောင်းကို သူ နားလည်တဲ့အထိ မေးယူပါတယ်။

ကျွန်တော်က ၂၉ လမ်းအတိုင်း အနောက်ကနေ အရှေ့ကို တက်လာတာပါ။ လူငယ်က ၈၂ လမ်းအတိုင်း တောင်ကနေ မြောက်ဘက်ကို သွားတာပါ။ ဇာတ်ရည်လည်း လည်သွားရော ဖအေလုပ်တဲ့သူက သားကို ဆွဲထိုးတော့တာမို့ ကျွန်တော်ကတောင် ဖအေကို ဆွဲထားရပါတယ်။ သားလုပ်တဲ့သူက  ခပ်လှမ်းလှမ်းကို ထွက်သွားပြီး မျက်နှာကြီး စူပုပ်နေပါတယ်။

ဖအေလုပ်တဲ့သူက ကျွန်တော့်ကို တောင်းပန်ပါတယ်။ သူ့သားမှားတာ အတွက် သူတာဝန်ယူပါကြောင်း၊ ကျွန်တော် ကြိုက်တဲ့ဆိုင်မှာ ကျွန်တော့်ကား ကို ပြင်ပါ၊ ကျသလောက် သူရှင်းပေးပါ့မယ်လို့လည်း ပြောပါတယ်။ ပြီးတော့ သူ ဘယ်သူဘယ်ဝါပါ၊ ဘာအလုပ်လုပ်ပါတယ်၊ သူ့လိပ်စာက ဘယ်မှာပါဆိုတာတွေ အတိအကျ ပြောပါတယ်။ ကျွန်တော့်ဘက်က ဘာတစ်ခွန်းမှတောင် ရှည်ရှည်ဝေးဝေး ပြောစရာ မလိုတဲ့အပြင် သူ့ကိုရော၊ ကျွန်တော့်ကားကိုပါ ဝင်တိုက်သူ သူ့သားကိုပါ အားနာစေတဲ့အထိ သူ့ဘက်က ရည်မွန်နေပါတယ်။

နောက်ဆုံးမှာ သူ့ကိုပဲ ကျွန်တော့်ကား ပြင်ရင် ဘယ်လောက်ကုန်မလဲဆိုတာ ခန့်မှန်းကြည့်ခိုင်းလိုက်တယ်။ သူကလည်း တစ်သိန်းလောက် ကုန်မယ်လို့ မှန်းပါတယ်တဲ့။ ကျွန်တော်လည်း အလားတူပဲ မှန်းတဲ့အကြောင်း၊ သည်အတွက် တစ်ယောက်တစ်ဝက်ဆိုရင် ကျေနပ်နိုင်မလားလို့ သူ့ကို မေးတဲ့အခါ သူက ကျွန်တော့်ကို ကျေးဇူးထပ်တင်နေပါတယ်။ ငွေငါးသောင်းကိုလည်း ချက်ချင်း ထုတ်ပေးပါတော့တယ်။ သည်နည်းနဲ့ ကိစ္စပြီးသွားခဲ့ဖူးတယ်။

သည်အဖေလည်း သူ့သားကိုတော့ မချစ်ဘဲနေမှာ မဟုတ်တာ သေချာ ပါတယ်။ ဒါပေမယ့် သူချစ်ပုံက ငါ့သားဖြစ်တိုင်း မင်းမမှန်ဘူးကွ။ အမှန်၊ အမှားဆိုတဲ့ အခြေအနေတစ်ရပ်ကို ငါ့သားဖြစ်ရုံနဲ့ လှည့်စားလို့ မရဘူး။ မှန်တဲ့ဘက်က ငါရပ်မယ်ဆိုတဲ့ အဖေမျိုးလို့ ကျွန်တော် မြင်လိုက်မိပါတယ်။

ဖအေ (၃)

ကျွန်တော့်မှာလည်း ၂၀ ကျော် သားတစ်ယောက်ရှိပါတယ်။ သူလည်း ကားမောင်းနေတာပါပဲ။ ယာဉ်ကြော အင်မတန် ရှုပ်ထွေးလှတဲ့ ရန်ကုန်မြို့ကြီးမှာဆိုတော့ သူလည်း မတော်တဆမဟုတ် တစ်ကွေ့မဟုတ်၊ တစ်ကွေ့ကြုံတာပါပဲ။

တစ်ရက်မှာ သူ ကျွန်တော့်ကို လာကြိုဖို့ ချိန်းထားပါလျက်နဲ့ ရောက်မလာဘူး။ ဒါနဲ့ ကျွန်တော့် ဖုန်းကို ထုတ်လိုက်တော့ ကျွန်တော့်ဖုန်းမှာ သူ့ဆီက ဖုန်းခေါ်ထားတာတွေ တွေ့ရတယ်။ ကျွန်တော်က အလုပ်လုပ်နေချိန်မှာ ဖုန်းကို အသံမမြည်အောင် ပိတ်ထားစမြဲမို့ သူ့ဖုန်းတွေကို ကျွန်တော် မသိခဲ့ပါဘူး။ သူက ဖုန်းခေါ်လို့ မရတော့ ကျွန်တော့်ဆီကို ဖုန်းနဲ့ စာတို ပို့ထားပါတယ်။ “အဖေ… သားဆီ ချက်ချင်း ဖုန်းပြန်ဆက်ပေးပါ”ပေါ့။

ကျွန်တော့်စိတ်က အလိုလို သိလိုက်တယ်။ သည်ကောင်တော့ ပြဿနာ ရှိနေပြီပေါ့။ ယာဉ်မတော်တဆမှုဆိုတာလည်း အပိုင်တွက်လိုက်ပါတယ်။ သူ့ဆီ ကျွန်တော် ဖုန်းပြန်ဆက်လိုက်ပါတယ်။

“သား မတော်တဆ တိုက်မိလို့ အဖေ…”

“အေး… ပထမဆုံးက မင်း ဘာဖြစ်သွားလဲ…”

“ဘာမှမဖြစ်ဘူး အဖေ…”

“ဟုတ်ပြီ။ မင့်ဟာမင်း ရှင်းနိုင်လား။ အဖေ လာပေးဖို့ လိုလား”

“ကျွန်တော့်ဘာသာ ရှင်းနိုင်ပါတယ်။ အဖေ မလာပါနဲ့။ အဖေ့ကို လာမကြို ပေးနိုင်တာကိုပဲ အကြောင်းကြားတာပါ”

“အေး… အေး… ပြီးရော။ လိုအပ်ရင်တော့ ဖုန်းဆက်လိုက်ပေါ့ကွာ”

“ဟုတ်ကဲ့ခင်ဗျ…”

ကျွန်တော် ကျွန်တော့်သားကို ချစ်ပါတယ်။ ပြေးကြည့်မှ ကျွန်တော့်မှာ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်ပဲ ရှိတာလေ။ ချစ်တာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်က သူတို့အရင် သေမှာ။ သူတို့က လူ့လောက အလယ်မှာ ကျန်ရစ်ခဲ့မှာ။ နေရာတကာမှာ သူတို့ ပြဿနာကို ကိုယ်ကချည်း လိုက်ရှင်းပေးသွားနိုင်မှာမှ မဟုတ်တာ ကိုယ့်ပြဿနာ ကိုယ်ရှင်းပေါ့။ အရေးကြီးတာက ကျွန်တော် ချစ်တဲ့ ကျွန်တော့်သားသမီး ထိခိုက်ဒဏ်ရာ မရဘူးဆို ပြီးတာပဲ။  ကျန်တာတော့ သူတို့ကိစ္စ သူတို့ရှင်းစေလို့ သဘောထားလိုက်တယ်။

ကျွန်တော့် အသက် ၁၉ နှစ်မပြည့်ခင်မှာ လမ်းပေါ်ရောက်ပြီး အငှားယာဉ် မောင်းခဲ့ရပါတယ်။ မောင်းခါစမှာ အမှုတွေ ပွေပါတယ်။ အဲဒီ့အချိန်မှာ အဖေ မရှိတော့ပါဘူး။ သည်တော့ ကျွန်တော့် ပြဿနာ ကျွန်တော် ရှင်းခဲ့ရတာချည်းပါပဲ။ ခေါ်စရာ အဖေမှ မရှိတော့တာကိုး။ အဲတော့လည်း ကိုယ်ဖြစ်သမျှ ကိုယ် ခံ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပေါ့။

ကျွန်တော့် သားသမီးတွေကိုလည်း အဲသလိုပဲ လွှတ်ပေးထားလိုက်တယ်။ နေရာတကာ ကျွန်တော် ပါမနေမိတော့ဘူး။ မချစ်လို့တော့ မဟုတ်တာ သေချာပါတယ်။

နိဂုံး

စာဖတ်သူလူကြီးမင်းများ ရှေ့တော်မှောက်ကို ဖခင်သုံးယောက်အကြောင်း အမြွက်မျှ တင်ပြလိုက်ပါတယ်။

ဘယ်ဖခင်က တော်ပါတယ်၊ ဘယ်ဖခင်က ညံ့ပါတယ်လို့ ကျွန်တော် မပြောအပ်ပါဘူး။ စာဖတ်သူများကိုယ်တိုင် ဆင်ခြင်ကြည့်ကြဖို့ပါ။

သေချာတာ တစ်ခုကတော့ သည်ဖခင် သုံးဦးစလုံးဟာ သူတို့သားသမီးတွေကို ချစ်ကြသူချည်းပါပဲ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် – ၁၀ဝ၃၁၂)

၂၀၁၂ ခုနှစ် ဧပြီလထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြထားတာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။

သရုပ်ဖော်ပုံများမှာ သရဖူမှာ ဖော်ပြပါရှိတဲ့ ဆရာ “ဇော်မောင်”ရဲ့ လက်ရာများဖြစ်ပါတယ်။

Author: lettwebaw

A prolific Burmese writer whose main work is non-fiction with many articles and books on psycho-social and health issues including sex education for teenagers, proper etiquette, child rearing practices and marriage counselling tips. Another nom de plume is "Pseudonym."

3 thoughts on “Different Kinds of Fatherly Love”

  1. စာတိုစုလေးတွေဖတ်ပြီးအတွေးရှည်ဆန့်နိုင်တဲ့အတွက်ကျေးဇူးပါ ဆရာ..

  2. (၁)ကတော့ လုံးဝ အဆင့်မရှိတဲ့ အဖေ ဖြစ်ပါတယ်။
    (၂)ကတော့ တရားမျှတပေမယ့် သားအပေါ်ဆက်ဆံတာ လိုအပ်တာထက် ပိုကြမ်းတမ်းတယ်။
    (၃)ကတော့ ပုံမှန်ပဲ။ လိုအပ်ရင်ပြော။ ကျန်တာကို အရွယ်ရောက်သားကို လုပ်ပိုင်ခွင့် အပြည့်ပေးတဲ့ အဖေ ဖြစ်ပါတယ်။

  3. “ကျွန်တော်က သူတို့အရင် သေမှာ။ သူတို့က လူ့လောက အလယ်မှာ ကျန်ရစ်ခဲ့မှာ။ နေရာတကာမှာ သူတို့ ပြဿနာကို ကိုယ်ကချည်း လိုက်ရှင်းပေးသွားနိုင်မှာမှ မဟုတ်တာ ကိုယ့်ပြဿနာ ကိုယ်ရှင်းပေါ့။ အရေးကြီးတာက ကျွန်တော် ချစ်တဲ့ ကျွန်တော့်သားသမီး ထိခိုက်ဒဏ်ရာ မရဘူးဆို ပြီးတာပဲ။ ကျန်တာတော့ သူတို့ကိစ္စ သူတို့ရှင်းစေလို့ သဘောထားလိုက်တယ်။” သိပ်ကိုထားသင့်တဲ့ သဘောတရားပါဘဲရှင်..။တခါမှComment မရေးဖူးပေမယ့် အမြဲဝင်ဖတ်ဖြစ်ပါတယ် ဆရာ..။ သားသမီးနဲ့ မိဘအကြား တွေးဆ ဆင်ခြင်စရာလေးတွေကို ဆရာ့ဆောင်းပါးများမှတဆင့် အမြဲ ဖတ်ချင်ပါတယ်..။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s