Book review on one of my books

စာအုပ် ဖတ်ညွှန်းပါ ကျွန်တော့် စာတစ်အုပ်အကြောင်း


အတ္တကျော်
မိုးထိအောင် လှေကားထောင်နည်း

ဆရာအတ္တကျော်ဆိုတာ သူ့စာအုပ်တွေသာမက လူကိုယ်တိုင်ကပါ စိတ်ဝင်စားစရာ ကောင်းတဲ့သူတစ်ယောက်ပါပဲ။ ရူပဗေဒနဲ့ ဘွဲ့ရတယ်။ ပြီးတော့မှ ဒီဘွဲ့နဲ့ ဘယ်လိုမှ ဆက်စပ်မှု မရှိတဲ့ ရှေ့နေသင်တန်း တက်ပြန်တယ်။ ပြင်သစ်ဘာသာဘွဲ့လည်း ရသေးတယ်။ အဲဒီနောက် အသုံးချ စိတ်ပညာ ဒီပလိုမာ တက်ပြန်တယ်။ ပြီးတော့ ပြည်တွင်း ပြည်ပမှာ လူမှုရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲရေး သင်တန်းမျိုးစုံ တက်ပြန်ရော။

အလုပ်လည်း မျိုးစုံ လုပ်ဖူးတယ်။ တက်စီသမား၊ ရှေ့နေ၊ နိုင်ငံခြား သံရုံးမှာ ဒေါ်လာစား ၀န်ထမ်း။ ဒါတွေကို စွန့်လွှတ်ခဲ့ပြီးတော့မှ စာရေးဆရာဖြစ်လာတာ။ ရေးတော့လည်း လိုင်းကစုံတယ်။ ၀တ္ထုတွေ ရေးနေရာကနေ စာပေ ဝေဖန်ရေးဘက် ရောက်သွားတယ်။ နောက်တော့ ဘာသာပြန်ဘက် ကူးသွားပြန်ရော။ ခု လောလောဆယ်မှာတော့ တက်ကျမ်းတွေနဲ့ ခြေငြိမ်နေတယ်။ နောက်ပိုင်းမှာ ဘယ်လိုင်းပြောင်းဦးမလဲ မသိ။

ဒါလည်း သဘာဝတော့ ကျလှပါတယ်။ ဆရာအတ္တကျော်ဟာ ပညာမျိုးစုံ သင်ဖူးတယ်။ အလုပ်မျိုးစုံ လုပ်ဖူးတယ်။ ဘ၀မျိုးစုံမှာ ကျင်လည်ဖူးတယ်။ လူမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံဖူးတယ်။ ကောင်းမှုကုသိုလ်လည်း လုပ်ဖူးတယ်။ မကောင်းတာတွေလည်း လုပ်ဖူးတယ်။ ဒါကြောင့် သူဟာ တော်ရုံလူကို အထင် မကြီးတတ်တော့ဘူး။ ထို့အတူ အထင်လည်း မသေးရဲတော့ဘူး။ သူဟာ ဘယ်သူ့ အကူအညီကိုမှ မယူဘဲ ကိုယ့်အားကိုယ်ကိုးပြီး ကျားကုတ် ကျားခဲ ကြိုးစားခဲ့လို့ ဒီအခြေအနေ ရောက်လာရတာပါ။

ဒီအကြောင်းရာတွေကို မျှဝေပေးချင်တဲ့အတွက် စာတွေရေးဖြစ်လာပုံ ရပါတယ်။ တကယ်တော့ နိုင်ငံခြားက စာအုပ်စာတမ်းတွေကို ဘာသာပြန်စရာ၊ ကိုးကားနေစရာတောင် မလိုပါဘူး။ များပြား စုံလင်လှတဲ့ သူ့ရဲ့အတွေ့ အကြုံတွေကို ပြန်ပြီး ဖောက်သည်ချရုံနဲ့တင် လုံလောက်နေပြီ။ သူကိုယ်တိုင်က သက်ရှိတက်ကျမ်း ဖြစ်နေလို့ပါပဲ။

မိုးထိအောင် လှေကားထောင်နည်း စာအုပ်ထဲမှာ တဒင်္ဂချင်းစီ ဦးဆောင်မှု၊ လူရည်လည် အောင်နေထိုင်နည်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်း၊ ကျင့်ဝတ် ပျက်ပြားခြင်းများဆိုသည်မှာ၊ မုသားရဲ့ အခြားတစ်ဖက်၊ သိမ်းစွန်ငှက်နဲ့ ကျောပိုးအိတ်၊ အဝေဖန်ခံနည်း နိဿရည်း၊ ရင်ဝကို ထိုးဆောင့်တဲ့ ဓာတ်ချောစာတစ်စောင် ဆိုပြီးအခန်းတွေ ခွဲပြထားပါတယ်။

လူငယ်တွေ စဉ်းစားစရာ၊ ဆင်ခြင်စရာ၊ စမ်းသပ် လေ့ကျင့်စရာ အချက်အလက်တွေ ပါဝင်ပါတယ်။

လူငယ်တွေဟာ တစ်နေ့နေ့မှာ ခေါင်းဆောင်တွေ ဖြစ်လာမှာပါ။ အဲဒီအခါ ခေါင်းဆောင်ကောင်းတို့ရဲ့ အရည်အသွေးတွေကို သိထားဖို့လိုပါတယ်။ ခေါင်းဆောင် မဖြစ်ရင်တောင် နောက်လိုက်တော့ သေချာပေါက်ဖြစ်ရမှာပဲ။ အဲဒီ အခါမှာလည်း ဒီအရည်အသွေးတွေကိုသိမှ ဘယ်သူ့နောက် လိုက်ရကောင်းမလဲဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာပေါ့။

သူများကို ဝေဖန်ဖို့ဆိုတာ လွယ်တယ်။ အဝေဖန် ခံနိုင်ဖို့ကျတော့ ထင်သလောက် မလွယ်ဘူး။ လူဆိုတာ တစ်ချိန်မဟုတ်တစ်ချိန်တော့ ဝေဖန်ခံရမှုနဲ့ ထိပ်တိုက် တွေ့ရမှာပဲ။ အဲဒီအခါ ဘယ်လိုတုံ့ပြန်မလဲ။ ထုံပေပေနဲ့ ခံနေမလား။ အပြင်းအထန် ခုခံမလား၊ ဟားတိုက် ရယ်မောပစ်လိုက်မလား၊ ခွင့်လွှတ်စိတ်နဲ့ နားလည်ပေးမလား၊ ကိုယ်မဟုတ်သလို လျစ်လျူရှုလိုက်မလား။ ဒီစာ အုပ်ထဲမှာ အဝေဖန်ခံနည်းပါ ပါတယ်။

ဆရာအတ္တကျော်ရဲ့ စကားပြေရေးဟန်က ရှင်းလင်း ပြတ်သားပါတယ်။ ဆိုလိုရင်းကို ထင်းခနဲ မြင်အောင် ရေးနိုင်ပါတယ်။ ဆွဲဆောင်မှုရှိအောင် လိုအပ်တဲ့နေရာတွေမှာ ဥပမာလေးတွေ ထည့်ပေးတတ်ပါတယ်။ အထူးသဖြင့် ဇင် ဗုဒ္ဓ၀ါဒထဲက ပုံပြင်လေးတွေဟာ အလွန်ထိမိပါ တယ်။ ဥပမာတစ်ခု တင်ပြပါမယ်။

တစ်ခါက ဂျပန် ဇင်ဘုန်းတော်ကြီး နှစ်ပါး အတူတကွ ခရီးသွားကြရင်း ရေစီးသန်တဲ့ ချောက်ကမ်းပါးကို ရောက်တော့ ဂါဝန်လှလှလေး ၀တ်ထားတဲ့ မိန်းမပျို ချောချောလေး တစ်ယောက်ကို တွေ့ရပါတယ်။ မိန်းကလေးက ချောင်းကို ဖြတ်မကူးရဲပဲ ဖြစ်နေတယ်။

ဒီအခါမှာ ဘုန်းတော်ကြီးတစ်ပါးးက မိန်းကလေးကို စွေ့ခနဲ ပွေ့ချီလိုက်ပြီး ချောင်းကို ဖြတ်ကူးလာခဲ့တယ်။ တစ်ဖက်ကမ်း ရောက်တော့မှ မိန်းကလေးကို မြေပေါ် ပြန်ချပေးပြီး ဆက်လျှောက်လာတယ်။ ဒီအပြုအမူကို ကျန်တဲ့ ဘုန်းတော်ကြီးတစ်ပါးက အတော် မကျေမချမ်း ဖြစ်နေတယ်။ ကျောင်းကို ပြန်ရောက်တဲ့အခါမှာတော့  မအောင့်အည်းနိုင်တော့ဘဲ ဝေဖန် ပြစ်တင်ပါတော့တယ်။

“ဘုန်းကြီးဆိုတာ မာတုဂါမတွေနဲ့ မထိစပ် မပတ်သက်ရပါဘူး။ အထူးသဖြင့် နေ့လယ်က ကလေးမလို လှတပတလေးတွေနဲ့ဆို သာတောင် ဆိုးသေးတယ်။ အရှင်ဘုရားကတော့ အာပတ် သင့်တော့မှာပဲ ဘုရား”

ဒီအခါမှာ အပြောခံရတဲ့ ဘုန်းတော်ကြီးက

“ငါ့ရှင်၊ ငါက ဟိုမိန်းကလေးကို စမ်းချောင်း နံဘေးမှာ နေ့လယ်ကတည်းက ထားရစ်ခဲ့ပြီ၊ ငါ့ရှင်ကတော့ အခုထက်ထိ သူ့ကို ဒီကျောင်းပေါ် ရောက်အောင် ပွေ့ချီလာတုန်းပဲကိုး”

ဒီပုံပြင်လေးဟာ ခုကာလနဲ့ အတော်ပဲ လိုက်ဖက်ပါတယ်။ ဒီခေတ်မှာ လူတွေဟာ တစ်ခုခုကိုတော့ ပွေ့ချီထားမိကြတာပါပဲ။ ကိုယ် ဘာကို ပွေ့ချီထားသလဲ ဆိုတာ သိတဲ့လူနဲ့ မရိပ်မိ တဲ့လူပဲ ကွာမယ် ထင်ပါတယ်။

မင်းကိုဉာဏ်
(“ဖတ်ကြည့်ပါ” Teen မဂ္ဂဇင်း၊ မတ်လ ၂၀၁၂)

(မှတ်ချက် – “မင်းကိုဉာဏ်”ဆိုတာ နာမည်ကျော် စာရေးဆရာ “မင်းလူ”ရဲ့ ကလောင်ခွဲဖြစ်ပါတယ်။)