An Index Finger and the Other Three

လက်ညှိုးနဲ့ ကျန်သုံးချောင်း

စိတ်ခံစားမှုရဲ့ သဘာဝ

“ဒေါသရှေ့ထားရင် မှားတတ်တယ်”ဆိုတဲ့စကားကို လူတိုင်း ကြားဖူး၊ ပြောဖူးကြမယ် ထင်ပါတယ်။ သိပ်မှန်တဲ့ စကားပေါ့။ ဒေါသစိတ်နဲ့ ပြောဆို၊ ဆုံးဖြတ်၊ လုပ်ကိုင်တဲ့အခါမှာ အမှားတွေနဲ့ ကြုံတွေ့ကြမှာ မလွဲပါဘူး။ တချို့များဆို တစ်ဘဝစာ ပြင်မရတဲ့ အမှားကိုတောင်မှ ဒေါသကြောင့် ကျူးလွန်မိသွားတတ်ကြတာ အကျဉ်းထောင်တွေ၊ ကြိုးစင်တွေက သက်သေထူနေပြီးသားပါ။

ဒါပေမယ့် အဲဒီ့စကားလေးကို ဆန့်ထုတ် စဉ်းစားလိုက်မယ်ဆိုရင် ဒေါသတစ်ခုတည်းသာ မဟုတ်ဘဲ ကျန်တဲ့ “စိတ်ခံစားမှု”တွေကပါ အမှားတွေ ဖြစ်စေနိုင်ကြောင်း သတိထားမိလာနိုင်ကြမယ် ထင်ပါတယ်။ ချစ်လျှင် အကျိုး၊ မြတ်နိုးတော့ သဒ္ဓါဆိုတာမျိုးဟာ ကြားရတာ ကောင်းသလိုလို ရှိပေမယ့် ချစ်ခြင်း၊ မြတ်နိုးခြင်းဆိုတဲ့ စိတ်ခံစားမှုများကြောင့် ပေါ်ပေါက်လာရတဲ့ အသိမှား၊ အမြင်မှား၊ အတွေးမှားများမှတစ်ဆင့် ဆုံးဖြတ်ချက် အမှားတွေ၊ လုပ်ရပ်အမှားတွေကို ဖြစ်လာစေနိုင်တာကို သတိထားမိကြဖို့ လိုမယ်ထင်ပါတယ်။

စာဖတ်သူ လူကြီးမင်း မျက်မှောင်များ ကုပ်သွားမိပါသလား။

နမူနာလေးတစ်ခု ပြောလိုက်ရင် မြင်သွားမယ်ထင်ပါတယ်။ သားသမီး တွေအပေါ်မှာ “ချစ်ရာ မရောက် နှစ်ရာ ရောက်သွားစေတယ်”ဆိုတဲ့ စကားကိုလည်း ကြားဖူးကြမှာပါနော်။ ဒါဟာ “ချစ်ခြင်း”ဆိုတဲ့ “စိတ်ခံစားမှု”ကြောင့် သားသမီးအပေါ်မှာ အလိုလိုက်ရင်းကနေ သားသမီးရဲ့ အကျင့် စရိုက် ပျက်စီးရာ ပျက်စီးကြောင်းကို အမှတ်တမဲ့၊ မရည်ရွယ်ဘဲ အားပေးမိသလို ဖြစ်သွားတာပါ။ “ချစ်စိတ်”ကို သိပ်ရှေ့တန်းတင်လိုက်မိတဲ့အချိန်မှာ ဆင်ခြင်ဉာဏ်ဆိုတဲ့ ဦးနှောက်ရဲ့ အခန်းကဏ္ဍက အလိုလို ပျောက်ကွယ် သွားတတ်မြဲ သဘာဝပါပဲ။

အလားတူပဲ မုန်းတဲ့ စိတ်ကြောင့်လည်း အမှန်ကို မမြင်နိုင်၊ ကောင်းကွက်ကို မငဲ့နိုင်၊ ယထာဘူတကျကျ၊ ဓမ္မဓိဋ္ဌာန်ကျကျ မစဉ်းစားနိုင်အောင် ဖြစ်သွားရတတ်ပါတယ်။ “ပုဂ္ဂိုလ်ခင်မှ တရားမင်နိုင်မယ်ဟေ့”ဆိုတာမျိုးဟာ “မနှစ်သက်ခြင်း၊ မုန်းခြင်း”ဆိုတဲ့ “စိတ်ခံစားချက်သက်သက်“အပေါ်မှာ အရင်းခံပြီး သုံးသပ်ဆုံးဖြတ်တာတွေ ဖြစ်နေတာ သေချာစဉ်းစားကြည့်ရင် မြင်လာပါလိမ့်မယ်။ သည်အတွက်တော့ အကြမ်းစား ဥပမာတစ်ခု ပေးကြည့်လိုက်ချင်ပါတယ်။

ဆိုကြပါစို့… တစ်စက်ကလေးမှ မေတ္တာမရှိတဲ့သူတစ်ယောက်၊ ကိုယ် ကြည့်လို့မရသူတစ်ယောက်၊ ကိုယ် မုန်းသူတစ်ယောက်က “ရှေ့ကို ဆက်မသွားနဲ့နော်… ရှေ့မှာ ချောက်အနက်ကြီးရှိတယ်”လို့ တကယ့် စေတနာအမှန်နဲ့ လာပြောတာမျိုးမှာ ပုဂ္ဂိုလ်ကို မုန်းတဲ့စိတ်နဲ့ “သူက ငါ့ကို သက်သက်မဲ့ လာအနှောင့်အယှက်ပေးနေတာ၊ ခရီးဖင့်အောင် လုပ်နေတာ”ဆိုပြီး ဆင်ကန်းတောတိုးမိတတ်ကြပါတယ်။ အဲလိုနဲ့ တကယ်တမ်းကျတော့မှ ကိုယ်ကြည့်မရတဲ့ ဟိုလူက ကိုယ့်ကို တကယ် စေတနာနဲ့ လာပြောမှန်း အချိန်နှောင်းမှ သိရတာမျိုးလည်း ရှိတတ်တယ်။

အကြမ်းစား ဥပမာပေမယ့် လူတိုင်းရဲ့ဘဝမှာ ဒါမျိုး ခပ်ဆင်ဆင်လည်း ကြုံဖူးကြမှာမို့ “မုန်းခြင်း”ဆိုတဲ့ စိတ်ခံစားမှုဟာလည်းပဲ “ဒေါသ”နည်းတူ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေ၊ တွေးမြင်ပုံတွေကို လမ်းလွဲသွားအောင် ဖန်တီး ပေးနိုင်စွမ်းရှိတာကို လက်ခံနိုင်ကြလောက်ပြီ ထင်ပါတယ်။

စိတ်ခံစားမှုနဲ့ အကျင့်

အဲလို ပြောလိုက်တဲ့အခါ စာဖတ်သူလူကြီးမင်းအတွက် စဉ်းစားစရာတစ်စ ပေါ်ထွက်လာပါပြီ။

“ဒေါသကတော့ ထားပါတော့။ ဝမ်းနည်းတာ၊ ချစ်တာ၊ မုန်းတာတွေက နှလုံးသားနဲ့ လူသားတွေမို့လို့ ဘယ် ရှောင်လွှဲလို့ ရမှာလဲ။ ခံစားရမှာပေါ့၊ မခံစားလို့ဖြစ်ပါ့မလား”လို့ မေးကောင်း မေးချင်ပါလိမ့်မယ်။

အဖြေကလည်း ရှိပါတယ်။ ခံစားတတ်တဲ့ စိတ်နှလုံးကို တားဆီးလို့ မရတာ မှန်ပါတယ်။ လူမှန်မှတော့ ခံစားမှာပေါ့ဗျာ။ ဒါ သဘာဝပါပဲ။ သို့ပေမယ့် ကျွန်တော် ဆွေးနွေးတင်ပြချင်တာကတော့ ခံစားနေခိုက်မှာ ဘာကို မှ သုံးသပ်၊ ဆုံးဖြတ်တာတွေ၊ ဝေဖန်သတ်မှတ်တာတွေ မလုပ်မိအောင် မိမိကိုယ်မိမိ ထိန်းနိုင်ဖို့ပါပဲ။ အဲသလို ခံစားတာကို မိမိဘာသာ တားဆီးလို့ မရပေမယ့် ခံစားမှုကြောင့် ပွင့်အန်ထွက်လာလေမယ့် အပြောတွေ၊ အမူအရာတွေ၊ လုပ်ရပ်တွေကိုကျတော့ မိမိဘာသာ တားဆီးထားနိုင်ပါတယ်။ အလိုအပ်ဆုံးက အလေ့အကျင့်ပါပဲ။

ဟုတ်လို့လားလို့ မေးရင်တော့ အလုပ်အကိုင် နမူနာတွေနဲ့ ပြလိုက်ရင် ရှင်းပါလိမ့်မယ်။ ဆရာဝန်တစ်ယောက်ဟာ စိတ်ခံစားမှုကို ဦးစားပေးနေလို့ မရပါဘူး။ အလားတူပဲ ရှေ့နေတစ်ယောက်၊ စစ်သည်တစ်ယောက်ဟာလည်း စိတ်ခံစားမှုကို ဦးစားပေးလိုက်လို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူတို့ရဲ့ အလုပ်သဘာဝတွေကိုယ်၌က ဦးနှောက်နဲ့ ဆင်ခြင်၊ ပိုင်းဖြတ် လုပ်ကိုင်ကြရတာပါ။ လူအများ သုံးနေကျစကားလုံးနဲ့ဆိုရင်တော့ သွေးအေးအေးနဲ့ လုပ်ရတဲ့ အလုပ်တွေပါ။ သည်အလုပ်တွေမှာ လုံးဝ သွေးပူလို့ မရပါဘူး။

ဆရာဝန်တစ်ဦးဟာ လူနာကို ဒေါသတကြီးနဲ့ဖြစ်စေ၊ အလောသုံးဆယ် ဖြစ်စေ ခွဲစိတ် ကုသလို့ မဖြစ်သလို တရားသူကြီးတစ်ဦး၊ ရှေ့နေတစ်ဦးကလည်းပဲ ဒေါသနဲ့၊ စိတ်လောစွာနဲ့ အမှုအခင်းတစ်ခုကို ဆုံးဖြတ်လို့၊ လျှောက်လဲလို့ မရနိုင်တာကို အများ သဘောတူနိုင်ကြမယ် ထင်ပါတယ်။ ထိုနည်းတူပဲ စစ်သည်တစ်ဦးဟာလည်းပဲ ရန်သူနဲ့ ရင်ဆိုင်တွေ့ရချိန်မှာ ထိတ်လန့်စိတ်နဲ့ဖြစ်စေ၊ ကြောက်စိတ်နဲ့ဖြစ်စေ မည်းမည်းမြင်တိုင်း စွတ်ပစ်ခတ်နေလို့ မရပါဘူး။ ကိုယ့်မှာ ရှိတဲ့ ကျည်အင်အား၊ ရန်သူရဲ့အနေအထားစတာတွေကို “ဦးနှောက်နဲ့ ဆင်ခြင် တွက်ချက်ပြီး” “အကောင်းဆုံးဖြစ်နိုင်မယ့်”ထိုးစစ် ဒါမှမဟုတ် ခံစစ်တစ်ရပ်ကို ဆုံးဖြတ်ရမှာသာ ဖြစ်ပါတယ်။

ချစ်တဲ့၊ မုန်းတဲ့ စိတ်ခံစားမှုတွေနဲ့လည်း သည်အလုပ်တွေကို လုပ်လို့ မရပါဘူး။ ကိုယ်မုန်းတဲ့သူက ကိုယ့်ဆေးခန်းလာပြလို့ သေဆေး မဟုတ်တောင် ရောဂါ ပိုသည်းစေမယ့် ဆေးမျိုးပေးလိုက်တဲ့ ဆရာဝန်ရယ်လို့ ရှိမှာ မဟုတ်သလို ကိုယ်မုန်းတဲ့သူ ကိုယ့်ဆီ အမှုလာအပ်လို့ အဲဒီ့အမှုသည်ကို အမှုရှုံးအောင် လိုက်ပေးမယ့် ရှေ့နေလည်း ရှိမှာမဟုတ်ပါဘူး။ ကိုယ်မုန်းတဲ့ သူမို့ သူ့ရောဂါကို စစ်ဆေးမပေး၊ သူ့အမှုကို လိုက်မပေးတော့ဘဲ တခြား တစ်ယောက်ယောက်ဆီကို သွားဖို့ ညွှန်တာမျိုးလောက်သာ လုပ်ကြမှာပါ။ သူတို့ရဲ့ အလုပ်သဘာဝအရ စောင့်သိသင့်တဲ့ ကျင့်ဝတ်များအရ ခံစား ချက်ကို ရှေ့တန်းမတင်ထိုက်သလို အဲသလို စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး လုပ်ကိုင်ဆုံးဖြတ်ကြတာမျိုးကလည်း အင်မတန် နည်းပါးကြပါလိမ့် မယ်။ (အရာတိုင်းမှာ ခြွင်းချက်ဆိုတာ ရှိတတ်စမြဲမို့ စကားကို ထိန်းပြီး “နည်းပါးကြပါလိမ့်မယ်”လို့ သုံးလိုက်ခြင်းပါ။)

အလားတူပဲ၊ စစ်သည်တော်ဟာလည်း ရန်သူကို မုန်းတဲ့စိတ်နဲ့ ရက်ရက်စက်စက်၊ ရုပ်ပျက်ဆင်းပျက်၊ ညှဉ်းပမ်းနှိပ်စက်တာမျိုး၊ အညိုးတကြီး လုပ်တာမျိုးတွေ မလုပ်နိုင်ပါဘူး။ စစ်သည်တော်တွေမှာလည်း စစ်သည်တော်ကျင့်ဝတ်တွေက အဲဒါတွေကို ထိန်းကွပ်ပေးထားသလို တပ်တွင်း ခုံရုံးတွေ၊ စစ်ခုံရုံးတွေကလည်း အဲဒါတွေကို ကြပ်မတ်စုံစမ်း စစ်ဆေးဖို့ နိုင်ငံတိုင်းမှာ ရှိနေတတ်ကြပါတယ်။

ဆိုတော့ကာ အဲသလို အလုပ်တွေမှာ လုပ်သက်ရင့်လာတဲ့သူတွေဟာ အလိုလိုနေရင်းကို အကျင့်ပါပြီး သွေးအေးလာတတ်ကြပါတယ်။ တစ်နည်းပြောရင် စိတ်ခံစားချက်ကို ရှေ့တန်းမတင်မိတော့ဘဲ ဆင်ခြင်တုံတရားကို လက်ကိုင်ထားတတ်လာတာ ထင်ရှားပါတယ်။

သည်လိုဆိုရင် စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့အကျင့်ကို သတိလေး ထားပြီး အကျင့်လေး ပါအောင် ပြင်သွားရင် ရပါတယ်။ အကျင့်ဆိုးကို အကျင့်ကောင်းနဲ့ “အကျင့်ပါအောင်”လုပ်ယူရင်း ဖလှယ်သွားတာပေါ့။

အဲလို လုပ်လို့ ရလို့လားလို့ စောဒက တက်ချင်တယ်ဆိုရင်တော့ ရပါတယ်လို့ပဲ ရှင်းရှင်းလေး ဖြေပေးပါရစေ။

အများသိတော်မူတဲ့အတိုင်း စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့နေရာမှာ ကျွန်တော် ထိပ်ဆုံးကပါ။ ဒေါသလည်း အင်မတန်ကြီးပါတယ်။ စိတ်လည်း အင်မတန် မြန်ပါတယ်။ ဒါပေမယ့် မုဆိုးကို စိုင်သင်ဆိုသလို ဒေါသကြီးလို့ မရတဲ့ အခြေအနေမျိုးတွေမှာ စိတ်ကို ထိန်းပြီး သွေးအေးအေးနဲ့ တုံ့ပြန်ရင်းက ပြန်လှန် သုံးသပ်မိတဲ့အခါများမှာ ဒေါသ မကြီးဘဲ ထိန်းထားနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မိတာတွေ ရှိလာတယ်။ ဒါဆိုရင် ဘာပြုလို့ နေရာတကာမှာ ဒေါသကြီးနေရမှာလဲ၊ စိတ်ထိန်းပြီး သွေးအေးအေးနဲ့ လုပ်ကိုင်ဆောင်ရွက်လို့ ရတာပါပဲဆိုတဲ့ အသိက ဝင်လာခဲ့ပါတယ်။ သည်လိုနဲ့ပဲ အမှန်တကယ် ဒေါသထွက်ထိုက်တဲ့ အခြေအနေတွေမှာ ဒေါသကို ရှေ့တန်း မတင်တော့ဘဲ ဆင်ခြင်တတ်လာခဲ့ပါတယ်။

တချို့အခြေအနေတွေမှာဆိုရင် ဒေါသထွက်နေတယ်၊ သို့ပေမယ့် အဲဒီ့ အခြေအနေကို ရင်မဆိုင်ဘဲ ရှောင်ထွက်သွားလို့လည်း ရနေတယ်၊ အဲလို ရှောင်ထွက်သွားလို့လည်း ကိုယ့်အတွက် ဘာမှ နစ်နာစရာ မရှိတဲ့ကြားက အဲဒီ့အခြေအနေကို ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းကြည့်နေခဲ့မိပါတယ်။ ကိုယ့်ရဲ့ ချုပ်တီး ထိန်းသိမ်းနိုင်စွမ်းကို စမ်းသပ်ကြည့်တာပါ။ အောင်မြင်ပါတယ်။

အထက်မှာ ပြောခဲ့သလို အကျင့်ပါနေတာကို အကျင့်သစ်တစ်ခုနဲ့ ဖြည်းဖြည်းချင်း ဖလှယ်နေတာပါ။

စိတ်ခံစားမှုနဲ့ အကျင့်

ဘာ့ကြောင့် ဒါကို ဆွေးနွေးတင်ပြမိရတာလဲဆိုရင်တော့ ကျွန်တော်တို့ ပတ် ဝန်းကျင်မှာ စိတ်လိုက်မာန်ပါတွေကို အတွေ့ရ များနေလို့ပါ။

မိဘတွေကလည်း စိတ်လိုက်မာန်ပါ၊ ဘိုးဘေးဘီဘင် အစဉ်အဆက်မှာလည်း စိတ်ခံစားမှုကို ဦးထိပ်ထားခဲ့ကြတာမို့ စိတ်ခံစားချက်ကို ရှေ့တန်း မတင်ဘဲ ဆင်ခြင်တုံတရားကို ဦးထိပ်ထားတဲ့သူက နည်းသထက် နည်းပါးလာတာကို တစ်နေ့ထက် တစ်နေ့ ပိုတွေ့လာနေရလို့ပါပဲ။ သားသမီးအပေါ်မှာလည်း မိဘက စိတ်ခံစားချက်နဲ့ပဲ ဆက်ဆံပြုမူနေမိတတ်ကြတာက များတယ်။ စိတ်ကြည်နေရင် လွှတ် ပစားပေးထား၊ စိတ်မထိန်းနိုင်တဲ့အခါ မှ ထ ရိုက်နေတတ်တဲ့သူတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများအပြားပါ။ အိမ်ထောင်ဖက်များကြား၊ သူငယ်ချင်း မိတ်ဆွေများကြားမှာလည်း အတူတူပါပဲ။ စိတ်လိုက်မာန်ပါ ပြောဖြစ် ဆိုဖြစ်ကြရင်းကနေ လမ်းခွဲလိုက်ရသူတွေလည်း မနည်းပါဘူး။ အလုပ်ခွင်ဆက်ဆံရေးတွေမှာလည်း အတူတူ၊ ချစ်တဲ့စိတ်၊ မုန်းတဲ့စိတ်တွေကို ရှေ့တန်းတင်မိကြရာက အလုပ်ခွင်မှာ အဆင်မပြေမှုများနဲ့အတူ လုပ်ငန်းတစ်ခုလုံးပါ အဆင်မပြေဖြစ်ကြရ၊ ဗုံးဗုံး လဲသွားကြရသူတွေလည်း ဒုနဲ့ ဒေးပါပဲ။

အားလုံးကို ခြုံပြောလိုက်ရင် လူတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ မိသားစုဘဝ၊ လူမှုရေးဘဝ၊ စီးပွားရေးဘဝ၊ နိုင်ငံရေးဘဝတွေမှာ ဆင်ခြင်တုံတရားထက် စိတ်ခံစားချက်ကို ရှေ့တန်းတင်မိနေတတ်ကြတဲ့အတွက်သာ ကျွန်တော်တို့တွေရဲ့ လက်ရှိအခြေအနေတွေ ဖြစ်တည်နေတာလို့ မြင်နေမိရပါတယ်။ စိတ်ခံစားမှုထက် ဆင်ခြင်တုံတရားကို ရှေ့တန်းတင်တတ်ကြတဲ့ လူ့ဘောင်တွေသာ ကမ္ဘာမှာ အောင်မြင်ထွန်းပေါက်နေတာ သတိထားကြည့် ရင် မြင်လာနိုင်ကြပါလိမ့်မယ်။

တခြားမကြည့်ပါနဲ့၊ ကမ္ဘာ့ စီးပွားရေးမှာ ဒုတိယနေရာကို ယူထားတဲ့ တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးတွေကိုပဲ ကြည့်မယ်ဆိုရင် သည်အချက်က ထင်ရှားပါတယ်။ တရုတ်တွေလည်း လူသားတွေသာဖြစ်တာမို့ သူတို့မှာ လည်း စိတ်ခံစားမှုတွေ ရှိနေကြတာ မလွဲပါဘူး။ သူတို့လည်း ငိုကြ၊ ရယ်ကြ၊ ချစ်ကြ၊ မုန်းကြတဲ့ “လူသားစင်စစ်”တွေပါ။

သို့ပေမယ့် သူတို့တွေဟာ ဘယ်တော့မှ အဲဒီ့ ခံစားချက်တွေကို ရှေ့ တန်းတင်လေ့ မရှိပါဘူး။ အလုပ်နဲ့ ပတ်သက်လာရင် အဲဒီ့စိတ်ထားတွေက ပိုလို့တောင် ရှင်းပါသေးတယ်။ လုပ်စရာရှိတာကို ခံစားချက် မပါဘဲ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်လုပ်ကိုင်သွားတတ်တဲ့ အကျင့်က တရုတ်လူမျိုးများ အားလုံးရဲ့ သွေးထဲသားထဲမှာ စွဲနေတဲ့ အမူအကျင့်ပါ။ ဒါ့ကြောင့် တရုတ် နိုင်ငံမှာသာမကဘဲ ကမ္ဘာအရပ်ရပ်က နိုင်ငံပေါင်းစုံမှာ တရုတ်လူမျိုးတွေဟာ ကောင်းစွာ ရပ်တည်နိုင်၊ စီးပွားရှာနိုင်၊ စီးပွားရေးကို ခြယ်လှယ်နိုင်နေကြတာပါပဲ။

ကျွန်တော်တို့ လူ့ဘောင်ကရော ကနေ့ ဘယ်နေရာမှာလဲ။ ဒါကို စဉ်းစားဖို့ လိုမယ် ထင်ပါတယ်။ သည်အတွက် ကျွန်တော်တို့ ဘယ်သူ့ကို သွား အပြစ်တင်သင့်သလဲ။ ခေတ်ကိုလား၊ စနစ်ကိုလား။ ကျွန်တော်ကတော့ ခေတ်စနစ်ဆိုတာ လူက လုပ်ထားတာလို့သာ မြင်မိပါတယ်။ အဓိက ပြင်ရမှာက လူတွေပါ။ ဘယ်လူတွေ ပြင်ရမှာလဲဆိုရင်တော့ ကျွန်တော် အပါအဝင် တစ်ဦးချင်းစီရဲ့ စိတ်တွေကို ပြင်ဖို့ လိုတယ်လို့သာ ရိုးရိုးသားသား မြင်မိပါတယ်။ ဟိုလူ့ လက်ညှိုးထိုး၊ သည်လူ့ အပြစ်ပုံရတာ လွယ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ကျတော့ ခက်ချင်နေတတ်တယ်။

ဒါပေမယ့် သေချာ ပြန်စဉ်းစားကြည့်ရင် ရိုးအီနေတဲ့ မြန်မာစကားက ကျွန်တော်တို့အတွက် လမ်းညွှန်ဖြစ်လာပါလိမ့်မယ်။ “သူများကို လက်တစ်ချောင်းထိုးရင် ကိုယ့်ကို လက်သုံးချောင်း ပြန်ထိုးနေတယ်”ဆိုတဲ့ စကားပါ။ ကျွန်တော်ကတော့ သူများကို သိပ်လက်ညှိုးမထိုးမိတာကြာပြီ။

စာဖတ်သူ လူကြီးမင်းကရော… သူများတကာကိုပဲ လက်ညှိုးထိုးရင်း ဘဝကို ဆက်လက် ဖြတ်သန်းသွားမှာလား၊ ဒါမှမဟုတ် ကိုယ့်ဘက်ကို ထိုးနေတဲ့ လက်သုံးချောင်းကို ပိုအလေးထားမှာလား။

ဘာကိုပဲ ဆုံးဖြတ်ဆုံးဖြတ် စာဖတ်သူလူကြီးမင်းရဲ့ သဘောတော်မြတ် အတိုင်းပါပဲခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် ၁၀ဝ၃၁၂)

(၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ထုတ် Bi Weekly Eleven မှာပါတဲ့ စာမူလေးကို ပြန်လည်တင်ဆက်ထားတာပါ။)