ဤချင်ဤ ကျွဲချင်ကျွဲ ကိုယ်လည်း လိုက်ဤဆဲ

ဆူဒိုနင်

“ဒီမိုကရေစီ”ဆိုတဲ့ ဝေါဟာရက ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အတော်ကြီး တွင်ကျယ်လာတဲ့ စကားလုံးပါပဲ။ အခုဆို ပိုလို့တောင် တွင်ကျယ်နေတော့တာများ၊ အဲဒီ့စကားလုံးမှ စကားထဲ ထည့်မသုံးရင် ခေတ်ပဲ မမီတော့သလို ဖြစ်နေတယ်။

အသက်ကလည်း ငါးဆယ်ကျော်၊ စာလေးပေလေးလည်း ငယ်ငယ်ကတည်းက မတောက်တခေါက် ဖတ်ထားမိတဲ့လူတစ်ယောက်အတွက်တော့ ကိုယ့်မျက်စိအောက်မှာ တအိအိ တရိပ်ရိပ်ဖြတ်သွားတဲ့ ခေတ်ရထားကြီးကို ကြည့်ရင်း စကားလုံးတွေရဲ့ သဘာဝကို ဆင်ခြင်နေမိတယ်။ ပါလီမန် ဒီမိုကရေစီလို့ ခေါ်တဲ့ လွတ်လပ်ရေးရပြီးစ ၁၄ နှစ်တာ ကာလကို ကျွန်တော် မမီလိုက်ပါဘူး။ လွတ်လပ်ရပြီး ၁၀ နှစ်နီးပါး ကြာတောင့် ကြာခါ မှ မွေးလာတာကိုးဗျာ။ အဲတော့လည်း ၁၄ နှစ် (အနုတ် ၂) ခံ ပါလီမန် ဒီမိုကရေစီထဲမှာ ကိုယ်က ၂ နှစ်လောက်ပဲ လူဖြစ်ခွင့်ရလိုက်တာ။ ဘာမှန်း ညာမှန်း ကောင်းကောင်းကန်းကန်း မသိသေးတဲ့အရွယ်ပေါ့။

တော်လှန်ရေးကောင်စီတက်တော့ပဲ ကျွန်တော့်အသက်က လေးနှစ်နဲ့ သုံးလ ရှိသေးတာ။ သည်တော့ဗျာ… ဘုရားစူးရပါစေရဲ့… တစ်ဘဝလုံးမှာ တစ်ခါမှ ဒီမိုကရေစီဆိုတာနဲ့ မကြုံဖူးခဲ့ပါဘူး။ ကျွန်တော်တို့သိတာ တော်လှန်ရေးကောင်စီ၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ရဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ရဲ့ တစ်ပါတီ ရွေးကောက်ပွဲတွေနဲ့ ဆိုရှယ်လစ် ဒီမိုကရေစီ။ အဲ… အသက်ကလေး ၃၀ ကျော်လာတော့ တပ်မတော် အစိုးရ။ အဲလိုနဲ့ နေလာလိုက်တာ အခု ကျွန်တော့်ခမျာ ငါးဆယ်တောင် ကျော်လာပေါ့။

တပ်မတော် အစိုးရကနေ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲများကတစ်ဆင့် အခုတော့ အရပ်သားအစိုးရဖြစ်လာခဲ့ပြီ။ ဒါလည်း တကယ့် တကယ်တော့ တစ်နှစ်သာသာ၊ နှစ်နှစ်အတွင်းပဲ ရှိသေး။

အဲတော့လည်း တကယ်ပါဗျာ၊ မယုံမရှိပါနဲ့။ ဒီမိုကရေစီဆိုတာ လုံးသလား၊ ပြားသလား၊ ကိုယ်တွေ့ မခံစားဖူးသေးတာ အမှန်ပါ။ ဒါ အသက် ၅၀ ကျော်နော်။ ဘဝအတွေ့အကြုံတွေ အများကြီး ရှိခဲ့ဖူးပြီလို့ အသတ်မှတ်ခံရတတ်တဲ့ အရွယ်နော်။ အဲလို ၅၀ ကျော် အဘိုးကြီးက ဒီမိုကရေစီကို လုံးသလား၊ ပြားသလား မသိပေမယ့် ခေတ်ထဲနေတာပဲဗျာ။ သူများစီတော့ ကိုယ်လည်း လိုက်စီလိုက်ရတာ ဘာပင်ပန်းတာ မှတ်လို့။ ကိုယ်လည်း ခပ်တည်တည်နဲ့ စီလိုက်တော့တာများ နှစ် ၂၀ တောင် ကျော်လာပြီ။ အိမ်း… သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟုတ်သွားပြီ မဟုတ်လား။

ဘာ သွားသတိရသလဲဆိုတော့ ခေတ်ရထားကြီးပဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက လူမမာဆို နွားနို့နဲ့ ကြက်ဥက ဓာတ်စာ။ ဘယ်လူမမာ ဖြစ်ဖြစ်၊ နွားနို့ရယ်၊ ကြက်ဥရယ်က လူမမာ သွားမေးရင် မပါမဖြစ်လိုပဲ။ ဆရာဝန်တွေကလည်း အဲဒီ့ခေတ်က နွားနို့၊ ကြက်ဥကို မပါမဖြစ် ပေးခဲ့ကြတယ်။ နေမကောင်း ထိုင်မသာ ဖြစ်တာနဲ့ အဖတ်မစားတော့ဘဲ အစာပျော့ပျော့၊ အရည်တွေပဲ လှိမ့်တိုက်ခဲ့ကြတယ်။ ဒါမှမဟုတ် ဝမ်းသွားရင် လည်း ဝမ်းပိတ်ဆေးတွေ တိုက်ကျွေးခဲ့ကြတယ်။

ဟော… အခုတော့ နွားနို့၊ ကြက်ဥက လူနဲ့ပဲ မတည့်သလိုလိုတွေ ဖြစ်ကုန်ပြန်ရော။ လူ့ခန္ဒာအတွက် မကောင်းတဲ့ အဆီဓာတ်တွေပါတယ် ဆိုလားပဲ။ သြော်… လူတွေ၊ လူတွေ… သူတို့ပဲ အမျိုးမျိုး။ လူသားရဲ့ သမိုင်းနဲ့ ပြောရင်တော့ ခုစာကလေး၊ ခုဆီထမင်း သဘောကြီးပဲ။

နေမကောင်းဖြစ်ရင် အစာဖြတ်စရာ မလိုတော့ဘူး။ အူနဲ့ ပတ်သက်တဲ့ ရောဂါမဟုတ်ရင် နေမကောင်းတဲ့သူလည်း ပုံမှန်အတိုင်း အစာစားလို့ ရသွားတယ်။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃-၄၀ လောက်ကနဲ့ တခြားစီ ဖြစ်ကုန်ပြီ။ ဝမ်းသွားရင်လည်း အတူတူ။ ဟိုတုန်းက ဝမ်းသွားရင်လည်း အစာ ဖြတ်တယ်။ ဝမ်းပိတ်ဆေး တိုက်ချလိုက်တယ်။

အခုတော့ ဝမ်းသွားလည်း စား၊ များများစား၊ အရည်များများ သောက်၊ ဓာတ်ဆားရည် သောက်၊ ဝမ်းပိတ်ဆေးက တော်တော်တန်တန်ဆို မလိုပြန်ဘူးတဲ့။

အဲလိုပဲ ကျွန်တော်တို့ ငယ်ငယ်က ကွန်မြူနစ်ဝါဒမှ မယုံကြည်ရင် နိုင်ငံရေးမှာ လူရာ မဝင်ပြန်ဘူးခင်ဗျ။ အခုကာလ နိုင်ငံရေး စိတ်ဝင်စားသူ မှန်ရင် ဒီမိုကရေစီကို ပါးစပ်က အမြှုပ်ထွက်အောင် ပြောတာမျိုး၊ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် အထက်ကာရီတုန်းကလည်း ကွန်မြူမှ မနစ်ဘူးဆိုရင် အဲ့လူက “ဖောက်ပြန်ရေးသမား၊” “ပညာတတ်လူတန်းစား ဉာဉ်ရှိတဲ့သူ” “အရင်းရှင်ပေါက်စ”စတဲ့ တံဆိပ်လှလှကြီးတွေတောင် အကပ် ခံခဲ့ရသေးဗျား။

အမယ်… အခုကျတော့လည်း ဟုတ်လို့။ ကွန်မြူနစ် ပြဌာန်း စာအုပ် “အရင်းကျမ်း”ကို အာဂုံဆောင်ခဲ့တဲ့ လူကြီးသူမတွေကလည်း ခပ် တည်တည်ပဲ၊ ဒီမိုကရေစီက တစ်ပြားသားမှ မလျှော့ဘူး။ သူတို့ထက် ဒီမိုကရေစီအကြောင်း ပြောနိုင်တဲ့သူတောင် မရှိတော့သလောက်။ ဒီမိုကရေစီ ပြဌာန်းစာအုပ်ဖြစ်တဲ့ “နိုင်ငံတော်များရဲ့ ကြွယ်ဝမှု” စာအုပ်ကြီးကို သူတို့လောက် ကျေတဲ့သူတောင် တစ်ယောက်မှ မရှိတဲ့ အချိုးလေးတွေနဲ့ လှလှပပ ကပြနေတော့… အင်း… ဒီမိုးက ရေစီး တယ်ကြမ်းပါလားပေါ့။

ရယ်တော့လည်း အရယ်ရသား။ ခေတ်လူတွေက စာဖတ်အား နည်းကုန်ကြတယ်။ စာဖတ်အားနည်းတော့ သမိုင်းကို မသိဘူး။ စာမဖတ်၊ သမိုင်း မသိတော့ အရင်းကျမ်းကို အရည်ကျိုသောက်ထားခဲ့သူတွေက ဒီမိုကရေစီဆိုပြီး တစ်စီတည်း စီပြနေတာလည်း တစ်စက်ကလေးမှ မရိပ်စားမိကြတော့ဘူး။ သူတို့ စီပြနေတာကိုပဲ အဟုတ်ကြီးတွေ မှတ်ပြီး သူတို့နောက် တစ်သီကြီး တန်းစီလိုက်နေကြပြန်ပါရောလား

ပြောပါပကော… သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဂွပ်ခနဲကို အံတွေ ဝင်လို့။

ဗျာ… ကျွန်တော်လား… ကျွန်တော်လည်း ငယ်ငယ်တုန်းက အရင်းကျမ်းတို့၊ အနုပဋိလောမတို့၊ ပစ္စည်းမဲ့ဒေါသဆိုတဲ့ စကားလုံးတွေတော့ ကြားဖူးနားဝနဲ့ ပါးစပ်က အမြှုပ်ထွက်အောင် ပြောခဲ့ဖူးတာပဗျာ။ တကယ် သိလို့တော့ မဟုတ်ပါဘူး။ အဲဒါတွေလည်း မဖတ်ဖူးပါဘူး။ အဲဒါတွေ ဖတ်ရတာထက် တက္ကသိုလ်တင်မြင့်ရဲ့ လေးလေးမြင့် ဖတ်ရတာကမှ စိတ်ကူးထဲမှာ လေးလေးမြင့်တစ်ယောက် ဖန်ဆင်းရင်း သာယာလို့ ကောင်းသေးတယ်။ ဟိုဟာတွေက ပျင်းစရာ။ ဒါပေမယ့် ခေတ်လူငယ်ပီပီ၊ အဲတုန်းက လူကြားထဲမှာ အူတူအတကြီး မဖြစ်ရအောင် အဲဒီ့ ဝေါဟာရတွေတော့ အလွတ်ကျက်ထားရတာပဗျာ။

အခုလည်း လာပြန်ပြီ ဒီမိုကရေစီ။ အဲတော့လည်း လူကြားထဲ အံမဝင်မှာစိုးလို့ ကျွန်တော်လည်း အူကြောင်ကျားနဲ့ နည်းနည်းပါးပါးတော့ စီတတ်ပါတယ်။ ဒါပေမယ့် တကယ်သိလို့ စီနေတာတော့ မဟုတ်ဘူးခင်ဗျ။ ပြောပါပကော… အဲဒီ့ ဒီမိုကရေစီဆိုတာကြီးနဲ့ တစ်ခါဆို တစ်ခါမှ မကြုံဖူးတော့ကာ အဲဒါကြီး လုံးသလား ပြားသလား ကျွန်တော်မှ မသိတာကို။ အဲတော့ တကယ့်စိတ်ရင်းအမှန် ပြောရင် အဲဒါကြီး ကောင်းသလားလည်း ကျွန်တော် မသိ၊ ဆိုးသလားလည်း မမှန်းတတ်။

ဒါပေမယ့် ခေတ်က ရှိသေးမဟုတ်လား။ အဲတော့လည်း ကျွန်တော်လည်း အများနဲ့ ညီအောင် လိုက်စီမှ လူတောတိုးမှာပနော်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

ဆူဒိုနင်

(ရန်ကုန် ဝ၁၀၃၁၂)

(၂၀၁၂ ဧပြီလမှာ ထွက်လာတဲ့ The Future မဂ္ဂဇင်း အမှတ် ၈  မှာ ဖော်ပြထားတာလေးကို ထပ်ဆင့် ဖော်ပြလိုက်တာပါ။)