Skip to content

The History of Scotch Whiskey

29 May 2012

မြန်မာနိုင်ငံမှာ လာရောင်းတဲ့ စကော့(ခ်ျ)၀စ္စကီ ကုမ္ပဏီတစ်ခုက အပ်လာလို့ ၂၀၀၆ နှစ်ဆန်းစမှာ ရေးပေးခဲ့ဖူးတဲ့ စကော့(ခ်ျ) ၀စ္စကီရာဇ၀င်လေးပါ။ သေရည် သေရက်ဟာ မကောင်းပါဘူး။ ဒါပေမယ့် ပုထုဇဉ် လူ့အန္ဓ ကျွန်တော်ကိုယ်တိုင် အရက်ကြိုက်ပါတယ်။ ၁၈ နှစ်သားကတည်းက သောက်လာခဲ့တာ ယနေ့ ၅၅ နှစ်အထိလည်း သောက်ဆဲပါပဲ။ ဒါပေမယ့် အရက်သမားဘ၀ကို တစ်ခါမှ အရောက်မခံခဲ့ဖူးဘူး။ အရက်က ကျွန်တော့်ကို နိုင်သွားတဲ့ အထိလည်း တစ်ခါဆို တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ ကျွန်တော် သောက်တယ်ဆိုတာက (၁) အရက်ကောင်းကောင်းကို သောက်ပါတယ်။ (၂) ကောင်းကောင်း သောက်တဲ့အတွက် အမြဲ မသောက်နိုင်ပါဘူး။ သည်တော့ ကြိုးကြားသောက်ပါတယ်။ (၃) မသောက်ဘဲလည်း ရက်ပေါင်း လပေါင်းများစွာ နေတတ်သလို သောက်ချင်ရင်လည်း နင်းကန်သောက်ပါတယ်။ (၄) အရက်က ကျွန်တော့်ကို နိုင်တော့မယ်လို့ ယူဆရတဲ့အခါ၊ တစ်နည်းပြောရရင် လူက မသောက်ချင်ပေမယ့် သွေးက တောင်းလာတဲ့အခါ လုံးဝ ရပ်ချပစ်ပါတယ်။

ကျွန်တော့်နည်းကို မှန်လှချေရဲ့၊ ကောင်းလှချေရဲ့လို့ မဆိုဝံ့ပါဘူးခင်ဗျာ။ ဒါတွေနဲ့ ပတ်သက်ရင် ကျွန်တော့် ခံယူချက်ကတော့ တစ်ခုတည်းသာ ရှိပါတယ်။ လူတို့ရဲ့ ဘ၀မှာ တော်ချိန်မှာ တော်တတ်နေသမျှ အရာအားလုံးနဲ့ ပျော်လို့ ရတယ် ဆိုတာပါပဲ။

အခုလည်း စကော့(ခ်ျ)၀စ္စကီ ရာဇ၀င်ကို တင်ဆက်လိုက်ပါတယ်။ ခေတ်အဆက်ဆက် ရှိခဲ့တဲ့ သည် သေရည်တွေဟာ မသောက်သုံးအပ်တဲ့ အရာတွေလို့ ဘာသာတရားအသီးသီးက ပညတ်ထားပါတယ်။ သို့သော် သောက်နေတဲ့သူတွေလည်း ရှိတာပါပဲ။ မသောက်တတ်တဲ့သူတွေ သောက်လာအောင် အားပေးတာလည်း မဟုတ်ပါဘူး။ သောက်နေတဲ့သူတွေထဲက အရသာခံပြီး သောက်သူတွေ အပျင်းပြေ ဖတ်ရအောင် တင်ပေးလိုက်တယ်လို့ပဲ နားလည်ပေးတော်မူကြပါခင်ဗျား။

စကော့(ခ်ျ) ၀စ္စကီရဲ့ ရာဇ၀င်

ချဉ်ချဉ် တူးတူး မူးရင်ပြီးရောဆိုပြီး သောက်တဲ့သူရယ်၊ အရက်ရဲ့ အရသာကို ဇိမ်ခံပြီး သောက်တဲ့သူရယ်ဆိုပြီး အရက်သောက်သူ နှစ်မျိုးနှစ်စားရှိတယ်။ ဒါပေမယ့် အဲဒီ့သောက်သုံးသူ နှစ်မျိုးစလုံးရဲ့ ဦးတည်ချက်ကတော့ အတူတူပဲ။ မူးယစ်ရီဝေတဲ့ အရသာကို ခံစားဖို့ပေါ့။ ပထမအမျိုးအစား ချဉ်ချဉ်တူးတူးသမားကတော့ လောကကြီးကို မေ့ပစ်လောက်အောင်ကို မူးချင်တာမျိုး ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ အဲ… ဒုတိယအမျိုးအစား ဇိမ်သမားကတော့ လောကကြီးကို မေ့ချင်စိတ်မရှိဘူး။ အရက်က ပေးလာတဲ့ ရီဝေဝေ အရသာလေးကို ခံစားချင်တာ။ အဲဒီ့နောက်မှာမှ ဆက်ရက်မင်း စည်းစိမ်၊ နဂါးမင်း စည်းစိမ်များကို ဆင့်ပွားခံစားချင်သေးတယ်။

အဲသလို ဇိမ်ယူချင်တတ်တဲ့ သောက်သုံးသူများရဲ့ အသည်းစွဲကတော့ “ဝစ္စကီ”ပါပဲ။ “ဝစ္စကီ”လို့ ပြောလိုက်တာနဲ့ တစ်ကမ္ဘာလုံးမှာ ရှိရှိသမျှ အမျိုးကောင်းသားများရဲ့ မျက်လုံးထဲမှာ၊ နားထဲမှာ “စကော့(ခ်ျ)”ဆိုတာကို ချက်ချင်း တန်းမြင်၊ တန်းကြားမိတတ်ကြပါတယ်။ ဟုတ်တယ်၊ ဝစ္စကီနဲ့ စကော့(ခ်ျ)၊ စကော့(ခ်ျ)နဲ့ ဝစ္စကီက ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ပန်းလိုပဲ၊ အမြဲတန်း တွဲလျက်ကလေး ရှိနေတယ်။

တကယ် အရသာခံ သောက်တတ်တဲ့ အမျိုးကောင်းသားတွေ ယမကာဆိုင်ကို ရောက်သွားတဲ့အခါဖြစ်ဖြစ်၊ သူများအိမ်ကို ရောက်လို့ အိမ်ရှင်က ဘာသုံးဆောင်ချင်ပါသလဲလို့ မေးလာရင်ဖြစ်ဖြစ် ဘယ်တော့မှ ဝစ္စကီသောက်မယ်လို့ တုံးတိတိမပြောဘူး။ “စကော့(ခ်ျ)”လို့ ကိုယ်သောက်ချင်တဲ့ ဝစ္စကီအမျိုးအစားကို တိတိကျကျ နာမည်တပ်ပြီးမှ ပြောတတ်ကြတယ်။ ပြောရတာလည်း စေးစေးပိုင်ပိုင်ရှိသလို ကိုယ့်ရဲ့ သောက်သုံးမှု သမ္ဘာ၊ ကိုယ့်ရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကိုပါ အဲသလို ပြောလိုက်နိုင်ခြင်းအားဖြင့် ခန့်ညားသွားစေပါတယ်။ ဒါ့ကြောင့် တကယ့် အမျိုးကောင်းသားများရဲ့ ပါးစပ်ဖျားမှာ “စကော့(ခ်ျ)”ဆိုတဲ့ ဝေါဟာရဟာ စွဲလို့နေပါတယ်။

ဘာဖြစ်လို့ အဲဒီ့လို စွဲနေတာလဲ၊ ဘာဖြစ်လို့ သည်ဝေါဟာရက ခန့်ညားနေတာလဲ၊ ဘာဖြစ်လို့ သည်ဝေါဟာရကို ပြောရတာ စေးစေးပိုင်ပိုင်နဲ့ အရသာရှိနေတာလဲဆိုတာ လူကြီးမင်းများ သိကြပါသလား။

အဓိကကတော့ ယမကာတွေထဲမှာ အဲဒီ့ “စကော့(ခ်ျ)”ဟာ အင်မတန် အစဉ်အလာကြီးမားလှတဲ့ ယမကာဖြစ်နေလို့ပါပဲ။ “စကော့(ခ်ျ)” ဝစ္စကီရယ်လို့ ပေါ်ပေါက်လာခဲ့တာဟာဖြင့် ငါးရာစု ကျော်ခဲ့ပါပြီ။ နှစ်အားဖြင့် ပြောရမယ်ဆိုရင် နှစ်ပေါင်း ငါးရာကို ကောင်းကောင်းကြီး ကျော်ခဲ့ပါပြီ။

သမိုင်းကြောင်းနဲ့ ချီပြီး အတိအကျ ပြောရင် အဲဒီ့ “စကော့(ခ်ျ)”ကို ဆေးဝါးအဖြစ် အသုံးပြုဖို့အတွက် စကော့တလန်နိုင်ငံက ဘုရင်ဂျီ ဘုန်းတော်ကြီးကျောင်းတွေမှာ ၁၅ ရာစုနှစ်ကတည်းက စတင် ချက်လုပ်ခဲ့ကြတာပါ။ အဲဒီ့ကမှ တဖြည်းဖြည်းချင်း ပျံ့နှံ့လာပြီး စကော့တလန်ပြည်နယ်ရဲ့ ကျေးလက်ဒေသတွေမှာ အိမ်တွင်းမှု လုပ်ငန်း အငယ်စားလေးတွေအဖြစ်နဲ့ စတင် စည်ပင်လာခဲ့ပါတော့တယ်။ ၁၇ ရာစုကိုရောက်လာတဲ့အခါမှာတော့ စီးပွားဖြစ် ချက်လုပ်တာတွေ စတင်ပေါ်ပေါက်လာခဲ့ပါပြီ။ ၁၈၂၃ ခုနှစ်မှာ ယမကာအက်ဥပဒေကို အတိအလင်း ပြဋ္ဌာန်းလိုက်တဲ့အခါမှာတော့ “စကော့(ခ်ျ)”ထုတ်လုပ်မှုကို တကယ့်စီးပွားဖြစ် လုပ်ငန်း မဟာကြီးများအဖြစ် တရားဝင် ထူထောင် လုပ်ကိုင်လာကြပါတော့တယ်။

ဝိတိုရိယခေတ်လို့ခေါ်တဲ့ ၁၈၃၇ ခုနှစ်မှသည် ၁၉၀၁ ခုနှစ်ကာလအတွင်းမှာတော့ လူအတော်များများဟာ စကော့တလန်က ထွက်သမျှ အရာအားလုံးကို တမြတ်တနိုး၊ တမက်တမော ရှိလာခဲ့ကြတာမို့ “စကော့(ခ်ျ)”ကိုလည်း တစ်ကမ္ဘာလုံးက မက်မောလာကြ၊ စွဲလန်း လာကြ၊ နှစ်သက်လာကြပါတော့တယ်။ အဲဒီ့ ၁၉ ရာစုအတွင်းမှာပဲ ကနေ့ နာမည်ကြီး “စကော့(ခ်ျ)”အမှတ်တံဆိပ် အမျိုးမျိုး စတင် ပေါ်ပေါက်လာခဲ့တာပါ။

ကမ္ဘာမှာ ဝစ္စကီထုတ်လုပ်နေတာ စကော့တလန် တစ်နိုင်ငံတည်းမဟုတ်ပါဘူး။ တခြားနိုင်ငံတွေ အများအပြားလည်း ဝစ္စကီတွေ ထုတ်ကြတာပါပဲ။ ယုတ်စွအဆုံး အရှေ့တိုင်းနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံက ထွက်တဲ့ ဝစ္စကီဆိုတာတောင် ရှိပါသေးတယ်။ သို့ပေမယ့် စကော့တလန်နိုင်ငံက ထွက်တဲ့ဝစ္စကီကိုမှ “စကော့(ခ်ျ)”စစ်စစ်လို့ ခေါ်လို့ရတယ်။ စကော့တလန်က ထွက်တာမဟုတ်ရင် အဲဒါ စကော့(ခ်ျ)အတုပဲ။

တကယ့် “စကော့(ခ်ျ)”စစ်စစ်ရဲ့ အရသာက တခြားဝစ္စကီတွေနဲ့ ဘယ်လိုမှကို မတူဘူး။ “စကော့(ခ်ျ)”ရဲ့ အရသာက သိပ်ကို သိမ်မွေ့တယ်၊ နက်နဲတယ်၊ ကျယ်ပြန့်နက်ရှိုင်းလွန်းလှပါတယ်။

စကော့တလန်နိုင်ငံလို့သာ ပြောနေရတယ်။ တကယ့်တကယ်က သိပ်ကြီးလှတဲ့ နိုင်ငံမဟုတ်ပါဘူး။ အဓိက ကျွန်းကြီးပေါ်က ပြည်နယ် လေးခုရယ် ကျွန်းစု နှစ်စုရယ်သာ ပါရှိတဲ့ နိုင်ငံငယ်လေးပါပဲ။ နိုင်ငံလေး သေးငယ်ပေမယ့် စကော့(ခ်ျ)ချက်လုပ်တဲ့ လုပ်ငန်းပေါင်းက တစ်ရာကျော်ရှိပါတယ်။ အဲဒီ့ တစ်ရာကျော်က ချက်လုပ်သမျှ စကော့(ခ်ျ) အမျိုးပေါင်း တစ်ရာကျော်ရဲ့ အရသာကလည်း တစ်ခုနဲ့တစ်ခု မတူပါဘူး။ တစ်ခုစီဟာ သူ့ဟာနဲ့သူ တစ်မျိုးတစ်ဘာသာ ထူးကဲတဲ့အရသာကို ပေးစွမ်းနိုင်ကြတာချည်းပဲ။

ဝစ္စကီတစ်မျိုးစီမှာ သူ့ဟာနဲ့သူ ထူးခြားတဲ့အရသာလေးတွေ ပေါ်လာစေတဲ့အချက်ကတော့ လေးချက်ရှိပါတယ်။ ပထမတစ်ချက်က ထုတ်လုပ်တဲ့ အရပ်ဒေသပါ။ တစ်နည်းပြောရင်တော့ ရေခံမြေခံပေါ့။ မြင်သာတဲ့ ဥပမာ ပေးရရင်တော့ လက်ဖက်ချင်းအတူတူ ပင်လောင်း လက်ဖက်နဲ့ ကျောက်မဲ လက်ဖက်တို့မှာ သူ့ဟာနဲ့သူ အရသာ တစ်မျိုးစီကွာနေတာကို လက်ဖက်ရည်ကြမ်းသမားတိုင်း ကောင်းကောင်း သတိထားမိတတ်ကြတာနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဝစ္စကီမှာလည်း ချက်လုပ်ရာ ဒေသရဲ့ ရေခံမြေခံနဲ့ ရာသီဥတုက သိပ်ကို စကားပြောပါတယ်။

ဒုတိယတစ်ချက်ကတော့ ချက်လုပ်ရာမှာ ထည့်သွင်းသုံးစွဲတဲ့ သဘာဝပစ္စည်း အမျိုးအမယ်တွေပါပဲ။ ရေရယ်၊ နှံစားပင် အမျိုးမျိုးက အနှံလေးတွေ (grain)ရယ်နဲ့ ချက်လုပ်တယ်လို့ အကြမ်း ပြောလို့ရတယ်။  သို့ပေမယ့် အဲဒီ့ နှံစားပင်တွေမှာကျတော့ အမျိုးမျိုး ရှိတယ်။ မုယောစပါး(barley)၊ ရိုင်းဂျုံ (rye)ရယ်၊ ပြောင်းဖူးရယ်၊ ရိုးရိုးဂျုံစေ့ (wheat)ရယ်စသဖြင့်ပေါ့။ အခုနောက်ပိုင်းဆို မြန်မာလို အုတ်ဂျုံ၊ ဒါမှမဟုတ် မြင်းစားဂျုံ လို့ခေါ်တဲ့ oats ကိုတောင်မှ ဝစ္စကီချက်လုပ်ရာမှာ သုံးလာကြပါပြီ။ ရေဆိုပေမယ့် စမ်းရေနဲ့ မိုးရေ၊ တွင်းရေနဲ့ ကန်ရေတောင် အရသာချင်း ကွာသလိုပဲ၊ သည်နှံစားပင်အသီးသီးကလည်း တစ်မျိုးနဲ့ တစ်မျိုး ကွာတာမို့ ချက်လုပ်တဲ့ ဝစ္စကီရဲ့ အရသာ ထူးကဲမှုအထွေထွေဟာလည်း သည်ပစ္စည်း အမယ်အမျိုးမျိုးအပေါ်မှာ လိုက်ပြီး အဖုံဖုံ ကွဲပြားနေတော့တာပါပဲ။

တတိယတစ်ချက်ကတော့ ချက်လုပ်ပုံ ချက်လုပ်နည်းပါပဲ။ ဝစ္စကီတိုင်းကို ပေါင်းခံပြီးမှ ချက်လုပ်ကြတာ မှန်ပေမယ့် ပေါင်းခံပုံချင်းကျတော့ တစ်ဦးနဲ့တစ်ဦး၊ တံဆိပ်တစ်ခုနဲ့တစ်ခု (ဝါ) ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုနဲ့တစ်ခု မတူကြပြန်ဘူး။ သည်မှာတင် ဝစ္စကီ ပေါင်းစုံရဲ့ အရသာတွေလည်း ကွဲကုန်ပြန်ပါရော။

နောက်ဆုံးတစ်ချက်ကတော့ ဝစ္စကီထုတ်လုပ်ကြတဲ့ လုပ်သားအင်အားစုရဲ့ လက်မှုပညာအစဉ်အလာပါပဲ။ ဒါလည်း အင်မတန် စကားပြောတယ်။ မြန်မာစကားမှာ ရှိပါတယ်။ ငါးပိဖုတ်တာတောင်မှ ဆရာမပြရင် နည်းမကျဘူးတဲ့။ ဝစ္စကီချက်တာဆိုရင်တော့ မပြောပါနဲ့တော့။ တကယ့်ကို နည်းလမ်းကျတဲ့ အစဉ်အလာကို လက်ကိုင်ထားတဲ့ လုပ်သားများက ချက်လုပ်မှသာလျှင် ဝစ္စကီကောင်း ထွက်မယ်ဆိုတာ အထူးဆိုဖွယ်ရာ မရှိပါဘူး။

အဲဒီ့ထဲမှာမှ ဝစ္စကီ့တကာ့ ဝစ္စကီမှာ သက်တမ်းအရင့်ဆုံးဖြစ်တဲ့ “စကော့(ခ်ျ)”စစ်စစ်ကို ချက်လုပ်ရာမှာတော့ အစဉ်အလာကို ပိုပြီး ထိန်းသိမ်းကြရပါတယ်။

ဒါဆိုရင် တကယ့်အမျိုးကောင်းသားများရဲ့ နှုတ်ဖျားမှာ “စကော့(ခ်ျ)”ဆိုတဲ့ ဝေါဟာရဟာ ဘာ့ကြောင့် ရေပန်းစားနေတယ်၊ စွဲနေတယ်၊ ခန့်ညားနေတယ်၊ ပြောရတာလည်း စေးစေးပိုင်ပိုင် ရှိနေတယ်ဆိုတာ လူကြီးမင်းများ ရိပ်စားမိနိုင်လောက်ပါပြီ။

Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: