Skip to content

IDAHO in Yangon (Rangoon)

31 May 2012

လနှစ်ချောင်းငင်များသာ

၂၀၁၀ ပြည့်နှစ် မေလ ၁၇ ရက်နေ့တုန်းက ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ မြန်မာလူငယ်တွေ စုဝေး ကျင်းပတဲ့ “လိင်တူတပ်မက်သူများအား မုန်းတီး စက်ဆုပ်မှု ဆန့်ကျင်ရေး နိုင်ငံတကာနေ့” (International Day Against Homophobia)အခမ်းအနားကို တက်ရောက်ပြီး အမှတ်တရ စကားပြောပေးဖို့ ကျွန်တော့်ကို လှမ်းဖိတ်တာနဲ့ သွားခဲ့ဖူးပါတယ်။

ကျွန်တော့်ရဲ့ “သားငယ်တို့ နားလည်ဖို့”စာအုပ်နဲ့ “ယောက်ျားသားချင်း ပွင့်ပွင့်လင်း”ဆိုတဲ့ စာအုပ်များမှာ လိင်တူချင်း တပ်မက်မှုဟာ ပြုပြင် တားဆီးလို့ မရတဲ့ မွေးရာပါ စိတ်ကိုင်းညွတ်မှုသာ ဖြစ်ကြောင်း၊ ဘယ်သန်၊ ညာသန်များလိုပဲ သန်ရာသာ ဖြစ်တဲ့အကြောင်းနဲ့ လိင်တူချင်းတပ်မက်သူများထဲမှာလည်း ထူးချွန်ထက်မြက်သူတွေ အများအပြား ရှိတဲ့အကြောင်းကို ဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီ့စာတွေထဲက တချို့ကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား လိင်တူတပ်မက်သူများ အသိုင်းအဝိုင်းအတွက် ထုတ်ဝေတဲ့ စာစောင်ထဲမှာ ထည့်သွင်းဖော်ပြဖို့ ကျွန်တော့်ကို လှမ်းခွင့်တောင်းခဲ့ဖူးရာက သူတို့ ကျွန်တော့်ကို ဆက်သွယ်လာကြတာပါ။

လိင်တူချင်းတပ်မက်မှုနဲ့ ပတ်သက်လို့ ကျွန်တော့်သဘောထားက ရှင်းပါတယ်။ လူပဲ၊ သူကြိုက်ချင်တာ ကြိုက်ပေါ့။ သူ စွဲလန်းချင်တာ စွဲလန်းပေါ့။ ကိုယ်ကြိုက်တာ၊ ကိုယ်စွဲလန်းတာနဲ့ မတူတိုင်း  သူမှားတယ်၊ ကိုယ် မှန်တယ် ပြောနေရမှာမျိုးမှ မဟုတ်တာ။ အဲသလိုပဲ နားလည်ပါတယ်။

ပိုဆိုးတာက ကျွန်တော့်မှာ ဘယ်ဘဝက ရေစက်လဲတော့မသိဘူး။  ကျွန်တော် လူမှန်း သိကတည်းက စတင် တွေ့ဆုံခဲ့ဖူးတာက ဆွေမျိုးလို နေနေတဲ့ ယောကျာ်းလျာတစ်ဦးဖြစ်ပါတယ်။ သူ့ကို ကျွန်တော်က ဒေါ်ဒေါ်လို့ မခေါ်ရပါဘူး။ “လေးလေး”လို့သာ ခေါ်ခဲ့ရပါတယ်။ သူက အသား ဖြူဖြူ၊ မျက်နှာချောချောနဲ့ပေမယ့် ဒေါင်းတိမောင်းတိပါပဲ။ စီးရင်လည်း ယောက်ျားစီး၊ အလယ်က ဘားတန်းပါ စက်ဘီးကိုပဲ စီးပါတယ်။ ကျွန်တော် သူ့ကို စတင်မြင်ဖူးချိန်က ကျွန်တော့်အသက်က ငါးနှစ် မပြည့်သေး။ သူ့ အသက်က ၃၀ ကျော်လောက် ရှိပါပြီ။

အဲလိုနဲ့ နေလာလိုက်တာ ကျွန်တော့်မျက်စိအောက်မှာ ယောက်ျားလျာ၊ မိန်းမလျာ ပေါင်းစုံနဲ့ ဆုံဖူးခဲ့ပါတယ်။ တချို့ဆို ကျွန်တော်တို့ကို စာသင်တဲ့ ဆရာ၊ ဆရာမတွေ ဖြစ်ပါတယ်။ မှတ်မှတ်ရရ၊ ကျွန်တော့် ဘဝမှာ လိင်တူချင်းတပ်မက်တဲ့ ဆရာ သုံးဦးနဲ့ ဆုံဖူးတယ်။ သုံးဦးစလုံးဟာ စာတော်သူတွေ ဖြစ်ကြသလို အင်မတန်လည်း အသင်အပြကောင်းကြပါတယ်။ သူတို့ဟာ လိင်တူချင်း တပ်မက်သူတွေ ဖြစ်တာမို့ ကျွန်တော့်ရဲ့ “သင်ဆရာ”စာရင်းထဲက ပယ်ဖျက်ပစ်စရာမှ မလိုတာပဲလေ။ အဲတော့လည်း ခေတ်စကားနဲ့ ပြောရင် “အေးဆေး”ပေါ့။

အဲတော့ ကျွန်တော့်စိတ်ထဲမှာ လိင်တူချင်း တပ်မက်သူတွေကို ဘယ်တုန်းကမှ အခြောက်တိုက် မုန်းတီးစက်ဆုပ်တဲ့ စိတ်မပေါ်ခဲ့ပါဘူး။ ကျွန်တော်လည်း လူသားတစ်ယောက်သာ ဖြစ်တဲ့အတွက် ချစ်စိတ်၊ မုန်းစိတ်တွေ ရှိတာ အမှန်ပါ။ ဒါပေမယ့် ဝါးလုံးရှည်နဲ့ သိမ်းကြုံးပြီး မုန်းတဲ့စိတ်မျိုးတော့ ကျွန်တော့်မှာ မရှိဘူး။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မကိုသာ မုန်းတဲ့ စိတ်မျိုးသာ ရှိပါတယ်။ မိန်းမတစ်ယောက်က ကိုယ့်ကို အသည်းခွဲသွားတာနဲ့ပဲ မိန်းမတွေ မကောင်းဘူးလို့ ကုန်းအော်တတ်တဲ့ ဉာဉ်က ငယ်ငယ်ကတည်းက ကျွန်တော့်မှာ မရှိပါဘူး။ (သည်တစ်ယောက် မကောင်းဘူးထင်ရင် နောက်တစ်ယောက်ဆီ ပြောင်းသွားလိုက်ရင်းနဲ့ ရည်းစားတွေ များကုန်တာကတော့ အဟဲ… ဝါသနာ ဘာဂီ ဆက်တိုင်းမီလို့သာ အောက်မေ့ကြပါတော့နော်။)

နောက်ပိုင်းမှာ စိတ်ပညာကို ဖတ်ရှုလေ့လာရင်းနဲ့ လူတို့ရဲ့ လိင်စိတ် သဘောကို အမြွက်လောက် နားလည်သဘောပေါက်လာပါတယ်။ သည်အခါမှာ လိင်တူချင်း တပ်မက်မှုရဲ့ သဘာဝကိုလည်း မြင်လာမိရတယ်။ ဒါ့ကြောင့် ကျွန်တော် မြင်တဲ့အတိုင်း၊ ယုံကြည်တဲ့အတိုင်း စာတွေ ရေးမိရာက သူတို့အသိုင်းအဝိုင်းက ကျွန်တော့်ကို အသိအမှတ်ပြုလာကြပြီး ဆိုခဲ့တဲ့အတိုင်း ဇင်းမယ်မှာ ကျင်းပတဲ့ သူတို့ပွဲကို တက်ရောက်ပေးဖို့ ဖိတ်ကြားလာတော့တာပါပဲ။

အမှန်ကို ဝန်ခံရရင် အဲဒီ့ အထိမ်းအမှတ်နေ့ကို ကြားတောင် မကြား ဖူးခဲ့ပါဘူး။ ၁၉၉၁ ခုနှစ် မေလ ၁၇ ရက်နေ့မှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက လိင်တူချင်းတပ်မက်မှုကို စိတ်စံလွဲမှု (ဝါ) စိတ်ကျန်းမာရေး ချို့ယွင်းမှု (စိတ်ရောဂါ) စာရင်းက ပယ်ဖျက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် အဲဒီ့နေ့ကို အစွဲပြုပြီး လိင်တူတပ်မက်သူများအား မုန်းတီးစက်ဆုပ်မှု ဆန့်ကျင်ရေး နိုင်ငံတကာနေ့အဖြစ် ကမ္ဘာ့နိုင်ငံတချို့မှာ ကျင်းပနေကြတယ်ဆိုတာ အဲတော့မှ သိတော့တယ်။

ဇင်းမယ်က ပွဲကို ရောက်သွားတဲ့အခါ မြန်မာနိုင်ငံမှာလည်း သည်လို ပွဲမျိုးတွေ ကျင်းပနိုင်ရင် ကောင်းမယ်လို့ စိတ်ထဲမှာ တွေးမိသွားခဲ့ရသေးတယ်။ ဟုတ်တယ်လေ… ကျွန်တော်တို့ဆီမှာလည်း လိင်တူချင်း တပ်မက်သူတွေ ခေတ်အဆက်ဆက်မှာ ရှိခဲ့ဖူးသလို လက်ရှိအချိန်မှာလည်း ရှိနေတာပဲ မဟုတ်လား။ သူတို့ကို လူတချို့က ဖယ်ကြဉ်ချင်ကြတယ်၊ လူရာ မသွင်းချင်ကြဘူး၊ မေးငေါ့ချင်ကြတယ်၊ ယုတ်စွအဆုံး ကလေးလေးတွေကအစ သူတို့ကိုများဆို ပြောင်ချင် လှောင်ချင်ကြပါတယ်။

တကယ်တော့ သူတို့လည်း ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်နေတဲ့ လူသားစစ်စစ်တွေပါပဲ။ ပယ်တာ၊ နှိမ်တာ၊ သရော်တာ၊ ကဲ့ရဲ့တာ၊ ပြောင်လှောင်တာကို မလွှဲသာလို့သာ ခံကြမှာပါ။ သူသူကိုယ်ကိုယ် ဘယ်လူသားမှ မခံချင်ကြပါဘူး။ အဲတော့ သူတို့ လူနည်းစုများခမျာမှာ လူများစု ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှု ဒဏ်ကို အလူးအလဲ ခံခဲ့ရတာလည်း နိုင်ငံအသီးသီး ခေတ် အဆက်ဆက်မှာပါ။

အခုတော့ ခေတ်ရေစီးက ပြောင်းလဲလာသလို လူ့စိတ်နဲ့ လူ့အပြုအမူကို လေ့လာတဲ့ စိတ်ပညာကလည်း တစ်နေ့ထက် တစ်နေ့ ပို မိုတိုးတက်လာတဲ့အတွက် လိင်တူချင်း တပ်မက်သူတွေဟာ သူတို့ရဲ့ လူသားတစ်ယောက်အဖြစ် လောကအလယ်မှာ တခြားသူများနည်းတူ ဝင်ဆန့်ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းမှုတွေကို နိုင်ငံတွေက တဖြည်းဖြည်းချင်း လက်ခံလာခဲ့ကြပါတယ်။ ထိုင်းမှာ အဲဒါကို မြင်လိုက်ရတော့ ကြည်နူးသွားမိရပါတယ်။ တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာလည်း အဲလို အခမ်းအနားမျိုးတွေ ကျင်းပနိုင်မယ်ဆိုရင် လူအများရဲ့ သိရှိနားလည်ထားမှု အလွဲတွေကိုလည်း လမ်းကြောင်း မှန်ပေါ် ပြန်တင်ပေးသွားနိုင်မှာ ဖြစ်သလို မြန်မာနိုင်ငံက အနှိမ်ခံ၊ အပယ်ခံ ပုထုဇဉ်လူသားများအတွက် အားတက်စရာ ပိုကောင်း လာလိမ့်မယ်လို့ တွေးမိရင်းက အဲဒီ့ပွဲကို တက်ရောက်ခဲ့ပါတယ်။

ဘာမှတောင် မကြာလိုက်ဘူး။ ကြားထဲမှာ နှစ်နှစ်ပဲ ခြားတယ်။ ပထမဆုံး စသိရတာက သည်ပွဲကို သည်နှစ် မန္တလေးမှာ ကျင်းပမယ့် အကြောင်း အင်တာနက်ထဲမှာ ဖတ်လိုက်ရပါတယ်။ သူတို့တွေအတွက် မုဒိတာ ပွားမိရတယ်။

ကျွန်တော် ဖြစ်စေချင်ခဲ့မိတာလေးတစ်ခု အောင်အောင်မြင်မြင် ဖြစ်တော့မှာဆိုတဲ့အသိနဲ့ မုဒိတာ ပွားမိသွားရပါတယ်။ ရန်ကုန်မှာ ဘာလို့များ မကျင်းပကြတာပါလိမ့်လို့လည်း တွေးနေမိခဲ့ရပါသေးတယ်။

မကြာပါဘူး။ ကျွန်တော့်ကို သူတို့အဖွဲ့က ဆက်သွယ်လာပါတယ်။ ဖိတ်စာ လာပို့တယ်။ ပြီးတော့ သူတို့ပွဲမှာ စကားပြောပေးဖို့လည်း ဆိုပါတယ်။ ကျွန်တော်လည်း ဝမ်းသာကြည်နူးစွာပဲ ခေါင်းညိတ်လိုက်ပါတယ်။

၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့ ည ၇ နာရီအချိန်၊ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်၊ ရွှေဂုံတိုင် လမ်းဆုံအနီးက အိပ်ခဆဲ(လ်) မျှော်စင်ဟိုတယ်ရဲ့ ဆယ်ထပ်မှာ ရှိတဲ့ မင်္ဂလာခန်းမမှာ မြန်မာပြည်ရဲ့ ပထမဆုံး “လိင်တူချင်းတပ်မက်သူများအား မုန်းတီးစက်ဆုပ်မှု ဆန့်ကျင်ရေး နိုင်ငံတကာနေ့”အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ တခြား ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေအပါအဝင် စုစုပေါင်း လူ ၄၀ဝ လောက် တက်ရောက်ခဲ့ကြပါတယ်။ သူတို့ရဲ့ အဆိုအက သရုပ်ဖော်တွေနဲ့ ကျကျနန စီစဉ် တင်ဆက်သွားတာပါ။ အမျိုးသား လိင်တူချင်း တပ်မက်သူ (သည်းခံပါ ခင်ဗျာ၊ သည်နေရာမှာ အများ နားလည်အောင် မိန်းမလျာလို့ပဲ သုံးပါရစေ) များသာမကဘဲ အမျိုးသမီး လိင်တူချင်း တပ်မက်သူ (ယောကျာ်းလျာ)များပါ သည်ပွဲမှာ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

ဇင်းမယ်မှာ ရှိတဲ့ မြန်မာ အဖွဲ့အစည်းက ယောကျာ်းလျာများ၊ မိန်းမလျာများ၊ လိင်စိတ်နှစ်မျိုး ရှိသူများ၊ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ် စားဆင်ယင်သူ/ဆန့်ကျင်ဘက်လိင်အဖြစ် ခွဲစိတ်ပြောင်းလဲထားသူများရဲ့ အသင်း(Lesbians, Gays, Bisexuals, and Transsexuals Soceity) (အတိုကောက် LGBT Society)လို့ ခေါ်ပေတာမို့ ဇင်းမယ်မှာ တုန်းကလည်း မိန်းမလျာများအပြင် ယောက်ျားလျာများပါ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတာ တွေ့ခဲ့ရဖူးပါတယ်။ အခု ရန်ကုန်မှာ ကျင်းပတော့လည်း သူတို့တွေပါ ပါနေတာ တွေ့ရတဲ့အတွက် အားရစရာကြီးပါပဲ။

သည်ပွဲမှာ ဇင်းမယ်ထက် ထူးခြားသွားတာကတော့ လိင်တူချင်း တပ်မက်သူ သက်ကြီးရွယ်အိုများ ပါဝင်နေတာပါပဲ။ အဲဒီ့ သက်ကြီးရွယ်အိုများကို ကန်တော့တဲ့ အစီအစဉ်လည်းပါတာမို့ သိခွင့်ရလိုက်တာပါ။ တစ်ယောက်ဆို အသက် ၁၀၅ နှစ်နဲ့ ခြောက်လတောင် ရှိပါပြီတဲ့။ နောက်တစ်ယောက်ကကျတော့ ဘီးတပ်ကုလားထိုင်နဲ့ သည်ပွဲကို တက်လာတာပါ။ သူကကျတော့ ၈၅ နှစ်ရှိပြီတဲ့။ နောက် ၇၈ နှစ်အရွယ်မှသည် ၇၀ ကျော်အရွယ်တွေလည်း ပါပါတယ်။

အသက် ၈၀ ကျော် တစ်ရာများဖြစ်သွားပေမယ့် သူတို့ရဲ့ လိင်စိတ် ကိုင်းညွှတ်မှုကတော့ ပြောင်းလဲလို့ မရပါဘူးဆိုတာကို သက်ရှိ ထင်ရှားရှိနေဆဲ သူတို့ရဲ့ အခြေအနေတွေက သက်သေထူလို့နေပါတယ်။ သည် အရွယ်ကြီးတွေ ရောက်တော့မှ လိင်ကိစ္စမှာ လော်လည်ဖောက်ပြားချင်လို့  သည်ဘဝကို ဆက်လက်ခံယူထားကြမှာ မဟုတ်တာလည်း အင်မတန်မှ သေချာပါတယ်။ သူတို့ကို မြင်ပြီးတော့ သံဝေဂ ရမိပါတယ်။

ကျွန်တော် အစဉ်တစိုက် ရေးသား၊ ဟောပြောဖြစ်နေခဲ့တဲ့၊ လိင်စိတ်ဆိုတာ သူများက ပြုပြင်ပြောင်းလဲယူလို့ မရသလို ကိုယ်ကိုယ်တိုင်ကလည်း ပြုပြင်ပြောင်းလဲ ယူလို့ မရဘူးဆိုပြီး စိတ်ပညာရှင်အများစု လက်ခံထားတဲ့ အချက်က သည်ပုဂ္ဂိုလ်များနဲ့ ပို ခိုင်လုံသေချာသွားပါတယ်။

၁၉၅၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဆရာကြီးသခင်ဘသောင်းရဲ့ “ဒီမိုကရေစီဆိုတာ”ဆိုတဲ့ စာအုပ်ငယ်လေးထဲမှာ ဆရာကြီးက ရေးခဲ့ပါတယ်။

“လူသားအားလုံးရဲ့ ဘဝတွေကို လေးစားတာဟာ ဒီမိုကရေစီဝါဒရဲ့ ရေသောက်မြစ်ပဲ ဖြစ်ပါတယ်။ လောကမှာ အဖိုးမတန်တဲ့၊ အသုံးမကျတဲ့ လူရယ်လို့ မရှိပါဘူး။ ဒါကြောင့် လူတိုင်း မိမိကိုယ်ကို ရိုသေလေးစားကြရပါမယ်။ ပြီးတော့ သူများတွေကိုလည်း မိမိကိုယ်မိမိ လေးစားတန်ဖိုးထားတဲ့အတိုင်း လေးစားတန်ဖိုးထားရပါမယ်”တဲ့။

ဆရာကြီးရဲ့ စကားက တရားမျှတတဲ့စကား၊ ဘုရားရှင်ရဲ့ တရားတော်နဲ့ ညီညွတ်တဲ့စကားပါ။ အဲဒီ့ “လူသားအားလုံး”မှာ ဟိုလူမပါရ၊ သည်လူ မပါရဆိုတဲ့ ခြွင်းချက် မရှိပါဘူး။

ဆိုခဲ့တဲ့အတိုင်း လိင်တူချင်း တပ်မက်သူတွေထဲမှာလည်း လူတော်တွေ အများကြီးရှိပါတယ်။ သူမတူအောင် ထူးချွန်တဲ့ လျှမ်းလျှမ်းတောက် များတောင်ပါဝင်နေပါသေးတယ်။ ပတ်ဝန်းကျင်က နှာခေါင်းရှုံ့မှာ စိုးလို့ သွားလေသူများရော၊ သက်ရှိထင်ရှား ရှိနေသူများပါ သူတို့ရဲ့ ဘဝမှန်ကို ဖွင့်အန်မသွား၊ ဖွင့်အန်မထားတာမို့ နာမည်နာမနဲ့ တပ်ပြီး မပြောကောင်းလို့သာပါ။ နယ်ပယ် အသီးသီးမှာ ထူးချွန်ထင်ရှားကြသူတွေထဲမှာ အဲလို လိင်တူချင်း တပ်မက်သူတွေ ရှိကြပါတယ်။

အန္တရာယ်ကင်း ဘေးရှင်းမယ့် ဥပမာအနေနဲ့ကတော့ လူသိရှင်ကြား ဝန်ခံသွားတဲ့ ကမ္ဘာကျော် ဟောလီးဝု(ထ်) မင်းသားကြီး ရော့(ခ်) ဟဒ်ဆင်(န်)၊ ဆာဘွဲ့ရ ခေတ်ပေါ် အဆိုတော် ဂီတပညာရှင် အယ်လထန် ဂျော်(န်)တို့ပါပဲ။ နာမည်ကျော် သန်းကြွယ်သူဌေး ဖြစ်နေတဲ့ အစီအစဉ် တင်ဆက်သူ အယ်လင်(န်) ဒç ဂျော်(န်)(ရ်) ဆိုရင်လည်းပဲ ယောက်ျားလျာပါ လို့ သူ့ကိုယ်သူ ဝန်ခံထားတာ ရှိပါတယ်။

သည်ကြားထဲမှာ ၂၀ဝ၉ ခုနှစ်က ထွက်လာတဲ့ စိတ်ပညာရှင်တစ်ဦးရဲ့ စာအုပ်မှာ အမေရိကန်သမိုင်းရဲ့ အထက်မြက်ဆုံး သမ္မတအဖြစ် ခေတ်အဆက်ဆက် သတ်မှတ်ခဲ့ကြတဲ့၊ လင်ကွန်းလို့ မြန်မာတွေ အသိများတဲ့ အေဘရာဟင်(မ်) လင်းကား(န်) တောင် လိင်တူချင်း တပ်မက်သူဖြစ်ဖို့ ၉၀ % သေချာပါသတဲ့။

ဘာဖြစ်လဲဗျာ။ လိင်စိတ်ကတော့ သူသူကိုယ်ကိုယ် တစ်မျိုးစီ ရှိကြတာပဲ။ ဘယ်လိင်စိတ်ပဲ ရှိရှိ၊ လူ့ဘောင်ကို ဒုက္ခပေးသူလား၊ အကျိုးပြုသူလားဆိုတာကသာ ပိုပြီး အခရာကျတာပါ။ ကျွန်တော်ကတော့ အဲသလိုပဲ ခံယူနားလည်ထားပါတယ်။ လိင်ကွဲကို ကြိုက်တတ်တဲ့ စိတ်ကြီးနဲ့ပေမယ့် အရပ်ကို ဒုက္ခပေးနေသူနဲ့ လိင်တူချင်း တပ်မက်စိတ်နဲ့ပေမယ့် အရပ်ကို အကျိုးပြုနေသူမှာ ဘယ်သူက ပိုမြတ်တယ်လို့ မြင်မိကြပါသလဲခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် – ၁၉၀၅၁၂)

 

ယနေ့ (၃၁-၀၅-၁၂) ထုတ် Bi Weekly Eleven Journal ပါ ဆောင်းပါးကို ပြန်လည်တင်ဆက်ထားတာပါ။ 
Advertisements
3 Comments leave one →
  1. 8 June 2012 8:48 pm

    မြန်မာနိုင်ငံမှာ ဒီလိုပွဲမျိုး ကျင်းပနိုင်လို. ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် သဘောမကျခြင်းတစ်ခုကတော့ သူတို.ရဲ့ လိင်တူချစ်သူပွဲတော်တော်များများမှာ အမျိုးသားလိင်တူချစ်သူတွေကိုဘဲ ရှေ.တန်းတင် ဦးစားပေးမှုကိုပါ။ မိန်းကလေးလိင်တူချစ်သူတွေအတွက်ကျတော့ အကန်.သေးသေးလေးတစ်ခုဘဲ ပေးတယ်။ လိင်တူချစ်သူတွေ အချင်းချင်းမှာတောင် ယောက်ျား မိန်းမ ခွဲခြားခံနေရတာကို စိတ်တိုင်းမကျဘူး။

  2. 5 July 2012 12:29 am

    Dear sir,

    I have always appreciated that you are a pioneer in sex-education for the Burmese society and that you have been an outspoken proponent for LGBT rights (or rather “existence” at this stage of social conservativism) in Myanmar. This is empowering for the LGBT youth of the nation and nudging the general public toward acceptance.

    My life has changed drastically since I came out during my freshman year at college. While I basked in the glory of a liberal college campus in the blue state of Iowa, coming/being home for summer vacation is a whole different world. Heteronormity and cissexism are rampant and that condition seems like some utopian ideal to people. IDAHO happened for the first time ever in Yangon, yay, but not many people noticed it – and a lot of who did would probably have frowned at it.

    The LGBT community of our country needs visibility, like Anderson Cooper stated in his coming out statement email: “[V]isibility is important, even more important than preserving my reporter’s shield of privacy.” We can’t keep being pushed further into the closet – to live in shame and anonymity or out (but not proud) as individuals of a lower than average social strata. One thing that would boost the visibility of the community is applying the appropriate – if not the most technically correct – terminology in Burmese to describe members of the LGBT community. Sure, we already have some words but most of them seem ambiguous or not very functional. We can’t keep saying “လိင်တူတပ်မက်သူများ” or “လိင်တူချစ်သူများ” for homosexuals for these seem much lengthy, or using”မိန်းမလျာများ” or “ယောကျာ်းလျာများ” to refer to gays and lesbians since they cause confusion between homosexuals (gays/lesbians) and trans-persons. And we don’t even have words for bisexuals, pansexuals or asexuals. Since you, sir, are in the lead of sex-ed in Myanmar, I would say it is legitimate that you coin some words of brevity and context or, more simply, adopt those English words as Burmese and provide some accurate definitions for them.

    I have started a blog to tell the story of my life as a gay man from an Asian third world country who has come in contact with the first world West. I am throwing out (or am at least trying to throw out) every personal detail and thoughts, since I believe in being out, proud and loud actually has an advantage in a conservative third world nation like ours where the LGBT community is practically invisible. Anderson Cooper is my new hero – although I am not familiar with his work – since his risky (for his journalist profession) coming out has confirmed the belief with which I blog.

    Please, sir, do me this one favour, as you can do so much more than mere blogging as a writer and a public figure. Along with your strive for giving the Myanmar people sex education, please be an LGBT rights activist/spokesperson/educator. I am well aware that LGBT people are not those with special skills or abilities – just humans with non-conventional personal/dating/sexual lives. But it is obvious to us all that citizens, if dehumanized, if their existence is not recognized, fail to contribute to the development of a nation. And at this point in history, our country needs all the work force it can get to struggle out of the third world state that it is.

    Thank you!

    Sincere regards,
    Han Zaw

  3. 5 July 2012 12:43 am

    Reblogged this on QUEER&GAY and commented:
    Atta Kyaw is a leading contemporary writer in Burma, who has done groundbreaking work in writing on sex-education, which is a taboo topic in Burma. He has also been an outspoken proponent for LGBT rights. This is a blog post of his relating the recent first ever celebration of IDAHO (International Day Against Homophobia) in Burma to his personal thoughts on queer sexuality and the need for acceptance.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: