Buying and Selling

အတ္တကျော်ရဲ့ လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်ကျော်က န၀မမြောက် လက်ရာ

ရောင်းတယ် ဝယ်တယ်

အလုပ်များတဲ့ လူတစ်ယောက်ပေါ့။ ကနေ့လည်း နောက်ကျပြန်ပြီ။ စိတ်မော၊ လူမောလည်းဖြစ်နေပြီ။ အဲသလိုနဲ့ အိမ်ပြန်ရောက်တဲ့အခါ သူ့ရဲ့ ငါးနှစ်သားလေးက တံခါးဝမှာ စောင့်နေတယ်။

“ဖေဖေ… ဖေဖေ့ကို သားတစ်ခု မေးလို့ရမလား ဟင်…”

“မေးကွာ၊ မေး…မေး…”

“ဖေဖေ အလုပ်လုပ်တဲ့အခါ တစ်နာရီကို ပိုက်ဆံ ဘယ်လောက် ရလဲဟင်…”

ဖအေလုပ်တဲ့သူက သားရဲ့မေးခွန်းကြောင့် စိတ်တိုသွားတယ်။

“ဟကောင်ရ၊ အဲဒါ မင့်အလုပ် မဟုတ်ဘူး။ ဘာကိစ္စ ငါ့ကို ဒါတွေ လာမေးနေရတာလဲ။ အလုပ်ပင်ပန်းလို့ စိတ်တိုနေရတဲ့အထဲ။ မင်းနော်….”

“သား သိချင်လို့ပါ ဖေဖေရယ်။ သားကို ဆူချင်လည်း ဆူ၊ ရိုက်ချင်လည်း ရိုက်ပါ။ ဒါပေမယ့် ဖေဖေ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက် ရသလဲဆိုတာတော့ သားကို ပြောပြပေးပါနော်…”

ငါးနှစ်သားလေးက မျက်နှာငယ်လေးနဲ့ ခခယယ တောင်းပန်နေပြန်တယ်။

“အေး… မင်း သိပ်သိချင်တယ်ဆိုရင်တော့ ပြောပြရတာပေါ့ကွာ။ ငါ တစ်နာရီ အလုပ်လုပ်ရင် ဒေါ်လာ ၂၀ ရတယ်ကွ။ ကဲ… ကျေနပ်ပြီလား…”

“အဲလောက်တောင်မှလား”လို့ သားလေးက ပြောပြီး ခေါင်းငိုက်စိုက် ကျသွားတယ်။

ဒါပေမယ့် ချက်ချင်းပဲ ပြန်မော့ပြီး သူ့ဖအေကို မေးလိုက်ပြန်တယ်။

“ဖေဖေ၊ သားကို ကိုးဒေါ်လာလောက် ချေးပါလားဟင်…”

ဖအေလုပ်တဲ့သူရဲ့ ဒေါသက ငယ်ထိပ်ကို ရောက်သွားတယ်။

“ဘာကွ… ငါ ပိုက်ဆံ ဘယ်လောက် ရလဲဆိုတာ မင်းသိချင်တာ ငါ့ဆီက ပိုက်ဆံချေးပြီး ပေါက်တတ်ကရ ကစားစရာတွေ၊ အဓိပ္ပာယ်မရှိတဲ့ ပစ္စည်းတွေ ဝယ်ဖို့ကိုးကွ၊ ငါက အကောင်းမှတ်လို့။ သွားစမ်းကွာ။ အိပ်ရာထဲ သွားအိပ်ချေတော့။ ငါ့မျက်စိအောက်က ထွက်သွားစမ်း။ မဟုတ်ရင် မင်းကို ငါဆော်မိတော့မယ်။ ငါ့မှာတော့ တစ်နေ့တစ်နေ့ ပင်ပင်ပန်းပန်း လုပ်ကိုင် ရှာဖွေ ရုန်းကန်နေရတယ်။ မင်းက အလိုက်ကန်းဆိုးမသိ။ ငါ့ကို သက်သက်မယ့် လာဦးနှောက်စားနေတယ်။ သွားစမ်း၊ သွားစမ်း…”

ဖအေလုပ်တဲ့သူက အဲသလိုလည်း ငေါက်လိုက်ရော သားလေးလည်း သူ့အိပ်ခန်းလေးထဲ အသာဝင်သွားပြီး တံခါးလေး ပိတ်လိုက်ပါတော့တယ်။

ဖအေလည်း ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်ချလိုက်ပြီး စဉ်းစားကြည့်တဲ့အခါ ပိုလို့တောင် ဒေါသဖြစ်လာတယ်။ သည်လက်တောက်လောက် ရှိတဲ့ ငါးနှစ်သားလေးက တော်တော် လူဝါးဝတဲ့ သတ္တ၀ါလးပေပဲလို့လည်း တွေးမိတယ်။ ဘာလဲ၊ တစ်နာရီကို ပိုက်ဆံ ဘယ်လောက် ရလဲဆိုတဲ့မေးခွန်းကို ငါးနှစ်သားက ဖအေကို မေးပြီးမှ ပိုက်ဆံတောင်းစရာလား။ တွေးလေ၊ အူယားစရာကောင်းလေ။

တစ်နာရီသာသာလောက် ကြာတဲ့အခါမှာတော့ ဖအေလုပ်တဲ့သူ စိတ် နည်းနည်းငြိမ်သွားတယ်။ အမောလည်း ပြေသွားပြီ။

သည်အခါမှာတော့ သားလေးအပေါ် သိပ်တင်းမာလွန်းရာကျသွားပြီလား၊ လွန်များသွားလားလို့ တွေးမိလာရပြန်တယ်။

သည်ကောင်လေးက အင်မတန်ပိုက်ဆံတောင်းခဲတဲ့ ကလေး။ တစ်ခါမှလည်း ဖအေဆီက ပိုက်ဆံမတောင်းဖူးပါဘူး။ အခုမှ ကိုးဒေါ်လာလောက် ခဏချေးပါလို့ပြောတာ။ သူ့မှာ တကယ်လိုချင်တာလေးတစ်ခုခု ရှိနေလို့များလားမှ မသိ။

အဲဒီ့အတွေးနဲ့ သားငယ်ရဲ့အိပ်ခန်းကို ဖအေက လိုက်သွားတယ်။ အခန်းထဲ ရောက်တဲ့အခါ “သားသား အိပ်ပြီလားကွ”လို့လည်း မေးလိုက်တယ်။

“မအိပ်သေးပါဘူး ဖေဖေ၊ သား နိုးနေပါတယ်”လို့ ကလေးက ပြန်ဖြေတယ်။

“အေးကွာ… စောစောက ဖေဖေ သားကို နည်းနည်း စိတ်တိုမိသွားတယ်။ တစ်နေ့လုံး အလုပ်ပင်ပန်းတာတွေ၊ မောတာတွေကို သားအပေါ်မှာ အထုပ်ဖြည်လိုက်မိသလို ဖြစ်သွားတယ် သားရယ်။ ရော့… ရော့၊ သည်မှာ မင်းလိုချင်တဲ့ ကိုးဒေါ်လာ”

သားလုပ်တဲ့သူက ငေါက်ကနဲ ထထိုင်လိုက်သလို သူ့မျက်နှာလေးကလည်း ချက်ချင်း ဝင်းပသွားပါတော့တယ်။

ပြီးတော့ သူ့ခေါင်းအုံးအောက်ကို လက်နှိုက်လိုက်ပြန်တယ်။ သားရဲ့ ခေါင်းအုံးအောက်က ထွက်လာတာကတော့ တွန့်ကြေနေတဲ့ ငွေစက္ကူတွေပါ။

သားဆီမှာ ပိုက်ဆံတွေလည်း တွေ့လိုက်ရော  ဖအေ့ဒေါသတွေလည်း အလိုလို ပြန်ထွက်လာတယ်။ ဘာကောင်လဲ၊ သူ့မှာ ပိုက်ဆံတွေ ရှိရက်သားနဲ့ ဘာလို့ ကိုးဒေါ်လာ ထပ်တောင်းတာလဲလို့ တွေးနေတုန်းမှာ သားလေးက ပိုက်ဆံလေးတွေကို ရေနေတယ်။ သေချာ ရေပြီးတဲ့အခါ သားက ဖအေကို မော့ကြည့်တယ်။

“မင်းမှာ ပိုက်ဆံရှိရဲ့သားနဲ့ ဘာလို့ ထပ်တောင်းရတာတုံးကွ…”

ဖအေလုပ်သူက သားကို ငေါက်မိရပြန်တယ်။

“သားမှာရှိတာနဲ့ မလောက်လို့ ထပ်တောင်းတာပါ ဖေဖေ။ အခုတော့ ပြည့်ပါပြီ။ ဟောဒီ့မှာ ဒေါ်လာ၂၀ ပါ ဖေဖေ။ ဖေဖေ့အချိန်ထဲက တစ်နာရီလောက် သားကို ရောင်းပါလားဟင်…”

စာဖတ်သူ လူကြီးမင်းများ ခင်ဗျား…

ပုံပြင်လေးကတော့ ဒါပါပဲ။

သည်ပုံပြင်လေးကို ကိုယ်နဲ့ခင်တဲ့သူ တစ်ဦးဦးကို ထပ်ဆင့် ပြောပြလိုက်ပါ။ ပြီးရင် လူကြီးမင်းရဲ့ဒေါ်လာ၂၀ တန် အချိန်လေးကိုလည်း ကိုယ်ချစ်တဲ့သူကို အလကား ပေးလိုက်ပါလားဗျာ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်
အလင်းတန်းဂျာနယ်၊ ၂၂-ဝ၅-ဝဝ

Copy & Paste နဲ့ ကူးယူ လက်ဆင့်ကမ်းလိုသူများ [အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ]လို့ 
တစ်ဆိတ် ထည့်သွင်းပေးပါရန် လေးစားစွာ ပန်ကြားပါရစေ။

သည်စာမူနဲ့ ပတ်သက်လို့ အမှတ်တရ တစ်ခု ရှိပါတယ်။ အဲဒါကတော့ သည်စာမူဟာ စာရေးဆရာ၊ မင်းသား၊ အဆိုတော် သုမောင်ရဲ့ ရင်ထဲကို အတော် ရောက်သွားပုံပါပဲ။ သည်စာမူကို အလင်းတန်း ဂျာနယ်မှာ ဖော်ပြပြီးတဲ့နောက် များမကြာမီမှာ ဆရာသုမောင်က အလင်းတန်းဂျာနယ်မှာပဲ “အတ္တကျော် ချီးမွမ်းခန်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ် ရေးသား ချီးမြှင့်ပေးခဲ့ဖူးပါတယ်။ (အသိမ်းအဆည်း ညံ့တဲ့ ကျွန်တော့်ကြောင့် အဲဒီ့ ဆရာသုမောင်ရဲ့ စာမူကို ပြန်လည် ဖော်ပြနိုင်စွမ်း မရှိတော့ပါဘူး။) အဲဒီ့တုန်းက ဆရာသုမောင်နဲ့ရော၊ ဆရာမင်းလူနဲ့ပါ ကျွန်တော်နဲ့ လူချင်း မသိသေးပါဘူး။ သူတို့ အစ်ကိုကြီး ဆရာမောင်ဝဏ္ဏသာ ကျွန်တော်နဲ့ ခင်နေတာပါ။ ဆရာသုမောင်က အဲသလို ရေးသား ချီးမြှင့်တော့မှ ကျွန်တော် သူ့အိမ်ကို သွားပြီး သူ့ကို သွားကန်တော့ခဲ့ရာမှ သူနဲ့ သိကျွမ်းခဲ့ရပါတယ်။ အခုတော့ ဆရာသုမောင်လည်း မရှိတော့ပါဘူး။ ဒါလေးကို ပြန်လည် ဖော်ပြရင်းနဲ့ သွားနှင့်လေသူ ဆရာသုမောင်ကို ရည်စူး ဦးခိုက်လိုက်ပါတယ်ခင်ဗျား။

The Land We May Actually Cover

အတ္တကျော်ရဲ့ လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်ကျော်က အဋ္ဌမမြောက် လက်ရာ...

ကိုယ့်မြေ

ဟိုး…ရှေးရှေးတုန်းက ရှင်ဘုရင်ကြီးတစ်ပါး ရှိသတဲ့။

တစ်နေ့မှာတော့ အဲဒီ့ရှင်ဘုရင်ကြီးက သူ့မြင်းထိန်းကို ခေါ်ပြီး အခုလို ပြောတယ်။

“ငါကိုယ်တော်မြတ်ရဲ့မြင်းကို တက်စီးစမ်းကွာ။ ပြီးရင် မောင်မင်း သွားချင်သလောက် သွား။ မောင်မင်း စီးသွားတဲ့မြင်း နင်းမိသမျှ မြေတွေ အားလုံး မောင်မင်းကို အပိုင်စားပေးတော်မူမယ်“

မြင်းထိန်းလည်း ဘယ်နေတော့မလဲ။ သည်လို အခွင့်အရေးမျိုးဆိုတာ ရခဲလှပါဘိတော့။

ဒါနဲ့ တစ်ခါတည်း မြင်းပေါ်ခုန်တက်ပြီး ကဆုန်စိုင်းလေတော့သပေါ့။ ဒါမှလည်း ခရီးများများ ပေါက်၊ ခရီးများများ ပေါက်မှ မြေများများ နင်းမိ၊ မြေများများ နင်းမိမှ သူပိုင်မြေတွေ အများကြီး ဖြစ်လာမှာ မဟုတ်လား။

သည်လိုနဲ့ မြင်းထိန်းဟာ မြင်းပေါ်က မဆင်းတော့ဘဲ မနားတမ်း ဒုန်းစိုင်းနေတော့တာပေါ့။ မြင်းကိုလည်း ဆက်တိုက် ရိုက်ပေးနေရသေးတယ်။ ဒါမှလည်း မြင်းကလည်း မြန်သထက် မြန်အောင် ပြေးမှာလေ။

စီးရင်းစီးရင်းနဲ့ နေ့တစ်ဝက်ကျိုးလို့ ဆာလာတော့လည်း မြင်းထိန်းက မနားဘူး၊ မောလာတော့လည်း မနားဘူး၊ ရေငတ်တော့လည်း မနားဘူး။ နားလိုက်တဲ့အချိန်လေးမှာ လွတ်သွားမယ့် မြေကွက်ကလေးကို မက်နေတာကိုး။

အဲသလိုနဲ့ တစ်နေလည်း ကုန်လုရော တော်တော့်ကို ကျယ်ပြောတဲ့ မြေကွက်ကြီးကိုလည်း နင်းမိတဲ့အချိန်ကို ရောက်လာပါတော့တယ်။ အဲဒီ့ အချိန်မှာတော့ မြင်းထိန်းဟာ ခြေကုန်လက်ပန်း ကျလွန်းမက ကျပြီး သေငယ်ဇောနဲ့ မျောနေပါပြီ။ အဲဒီ့အချိန်ကျတော့မှ သံဝေဂက မြင်းထိန်းရဲ့ ခေါင်းထဲမှာ ပေါ်လာတော့တယ်။

“ဘယ်လို စိတ်ရူးတွေ ပေါက်ပြီးများ ငါဆိုတဲ့ငါဟာ သည်လောက် ကျယ်ပြောတဲ့ မြေကွက်ကြီးကို ရဖို့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ခဲ့မိတာလဲ မသိဘူး။ အခုတော့ ငါ့လောဘနဲ့ ငါ သေရတော့မယ်။ အဲလိုအချိန်ကျတော့ ငါ့အတွက် လိုအပ်တဲ့မြေက ဘယ်လော က်ရှိလို့လဲ၊ အလွန်ဆုံးမှ ခြောက်ပေ၊ လေးပေတည်းရယ်…”တဲ့။

သည်ပုံပြင်လေးဟာ ကျွန်တော်တို့ လူသားများရဲ့ဘဝခရီးနဲ့ တော်တော့်ကို နီးစပ်တဲ့ ပုံပြင်လေးပါပဲ။ ကျွန်တော်တို့ဟာ ငွေ၊ ဩဇာနဲ့ အသိအမှတ်ပြုခံရလိုမှုဆိုတာများ နောက်ကိုလိုက်ရင်း ကိုယ့်ကျန်းမာရေးရယ်၊ ကိုယ့်မိသားစုအတွက် ပေးရမယ့် အချိန်ရယ်၊ ဩကာသလောကကြီးရဲ့ အလှအပတွေကို ခံစားဖို့ရယ်နဲ့ ကိုယ်ဝါသနာပါတာလေးတွေ လုပ်ကိုင်ဆောင်ရွက်ဖို့ရယ်တို့ကိုပါ လစ်လျူရှုထားဖြစ်နေတတ်ကြပါတယ်။

အဲသလိုနဲ့ တစ်ချိန်ကို ရောက်လာတဲ့အခါမှာတော့ တစ်သက်လုံး ကုန်းရုန်းပြီးလုပ်ခဲ့၊ ရှာခဲ့သမျှတွေဟာ အလကားပါပဲ။ တကယ်တော့ ဒါတွေ မလိုအပ်ပါဘူးလို့ ပြောဖြစ်လာပါတော့တယ်။ ဒါပေမယ့် အဲသလို ပြောဖြစ်တဲ့အချိန်မှာ ကုန်ဆုံးသွားတဲ့ အချိန်တွေကို ပြန်ရအောင် နာရီကို နောက် ပြန်လှည့်လို့ကတော့ ဘယ်လိုနည်းနဲ့မှ မရနိုင်တော့ဘူး။

အဲတော့ စာဖတ်သူလူကြီးမင်းများ ခင်ဗျား…

စိတ်ကို အေးအေးလေးထားပြီး ကိုယ်လုပ်ချင်တာ၊ ကိုယ် စိတ်ဝင်စားတာလေးတွေကိုလုပ်ရင်း သဘာဝတရားကြီးကို ချစ်ခင်မြတ်နိုးလိုက်စမ်းပါ။ တကယ်တော့ ဘဝဆိုတာ အင်မတန့်ကို ရွတတ ကြွပ်ဆတ်ဆတ်ကလေးရယ်ပါ။ ဆန့်သောလက် မကွေးမီ၊ ကွေးသောလက် မဆန့်မီ လိုရာ အကုန်ဖြစ်သွားနိုင်ပါတယ်။ ရှင်ခွင့်ရနေတဲ့ အချိန်လေးကို ထာဝရလို့ မအောက်မေ့မိကြပါစေနဲ့။ ရှင်နေခိုက်လေးမှာ မိမိကိုယ်ကို ဣရိယာပုတ် မျှအောင် နေထိုင်ရင်း ဘဝအရသာကို ခံစားသင့်လှပါတယ်။

သည်အထိ ရေးပြီးသွားချိန်မှာ စာမူလေးက တိုစိတိုနံ့လေး ဖြစ်လို့ နေပါတယ်။ ဘာဖြည့်ထည့်ရင် ကောင်းမလဲလို့ စဉ်းစားနေဆဲမှာပဲ ကျွန်တော့် မိတ်ဆွေ ဖိလစ်ပိုင်သူ “မာလင်”က စာလေးတစ်စောင် လှမ်းပို့လိုက်ပြန်တယ်။ အဲဒီ့စာလေးက အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာနဲ့ တစ်နည်းတစ်ဖုံ ဆက်နွယ်နေတာမို့ သူ့စာကိုပဲ ဘာသာပြန်လိုက်ရပြန်တယ်။

ဩဇာ၊ ဘွဲ့ထူး၊ ဂုဏ်ထူး၊ သိက္ခာ၊ ခွန်အားဗလ၊ စီးပွားဥစ္စာအစရှိတဲ့ အရာတွေကို ကျားကုတ်ကျားခဲရှာဖွေနေတဲ့ ကျွန်တော်အပါအဝင် လူတချို့အတွက် ဘဝမှာ ဦးစားပေးနေမိတာတွေ အားလုံးကို ပြန်လည် ဆင်ခြင် မြင်သိနိုင်စေမယ့် စဉ်းစားစရာ အချက်လေးတစ်ချက်ပါပဲ။

လောကီစည်းစိမ်တွေကလည်း လောကုတ္တရာ ချမ်းသာရေးကို ပေးမလိုလို ထင်ကြတယ်။ တကယ်ကျ ဟုတ်လို့လား။

ဟုတ်မဟုတ် သက်သေပြစမ်းဆို ပြတောင်ပြလိုက်ချင်သေးဗျား။ ဟောဒီ့ မေးခွန်းလေးတွေကို ဖြေကြည့်စမ်းပါ။

  • ကမ္ဘာ့အချမ်းသာဆုံး လူဆယ်ယောက်ရဲ့အမည်ကို ရွတ်ပြပါ။
  • ကမ္ဘာ့အားကစားချန်ပီယံ ဆယ်ယောက်ရဲ့အမည်ကို ရွတ်ပြပါ။
  • လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ကမ္ဘာ့အလှမယ်ဘွဲ့ရခဲ့တဲ့ မိန်းကလေး ဆယ်ယောက်ရဲ့ အမည်ကိုလည်း ရွတ်လိုက်ဦး။
  • အကောင်းဆုံးဇာတ်ကားဆုအတွက် အော်စကာ အကယ်ဒမီဆု ရထားတဲ့သူ ရှစ်ယောက်ရဲ့အမည်ကိုလည်း ရွတ်ပါ။
  • အလားတူပဲ၊ နိုဘဲလ်ဆုဖြစ်ဖြစ်၊ ပူလစ်ဇာဆုပဲဖြစ်ဖြစ်  ရထားတဲ့လူ ရှစ်ယောက်ရဲ့အမည်ကိုလည်း ရွတ်ကြည့်ပါဦး။

ဘယ့်နှယ့်လဲ…

ကမ္ဘာ့ဗဟုသုတတွေ ကျွန်တော့်မှာ မရှိလို့ပါဆိုရင် မြန်မာနဲ့ပဲ ချိန်ပြီး ပြန်မေးကြည့်ရအောင်။

  • မြန်မာပြည်မှာ အချမ်းသာဆုံး လူဆယ်ယောက်ရဲ့အမည်။
  • မြန်မာ့အားကစား ချန်ပီယံ ဆယ်ယောက်ရဲ့အမည်။
  • လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းက မြန်မာအလှမယ် ဆယ်ယောက်ရဲ့အမည်။
  • အကောင်းဆုံးဇာတ်ကားဆု ရထားတဲ့ မြန်မာကားရှစ်ကားရဲ့အမည်။
  • အမျိုးသားစာပေဆုဖြစ်ဖြစ်၊ လူမှုထူးချွန်ဆုဖြစ်ဖြစ် တစ်ခုခု ရထားသူ ရှစ်ယောက်ရဲ့အမည်။

အဲဒါတွေကို လက်တန်းချပြောစမ်းပါဆိုရင် စာဖတ်သူ လူကြီးမင်း ဘယ်လို ဖြေမလဲ။

ကျွန်တော့်ကို ခိုင်းရင်တော့ အင်း၊ အင်း၊ အား၊ အားနဲ့ ခွေးအကြီး လှည်းနင်းသလိုဖြစ်နေမှာ အမှန်ပဲဗျ။

ကျွန်တော်တို့၊ ခင်ဗျားတို့တွေ မေ့လွယ်ပျောက်လွယ်ပုံများ အံ့ပါရဲ့၊ နော…။

ကျွန်တော် အထက်မှာမေးခဲ့တဲ့ ကမ္ဘာ၊ မြန်မာ မေးခွန်းတွေထဲမှာ ပါခဲ့တဲ့ သူတွေဟာ ဒုတိယတန်းစားတွေ မဟုတ်ဘူးနော်။ ပထမတန်းစားတွေထဲကချည်းပဲ။ သူ့နယ်ပယ်နဲ့သူတော့ ဒိတ် (ထိပ်)တွေချည်းပဲ။ ဒါပေမယ့် လက်ခုပ်သံဆိုတာ အနိစ္စ။ ဆုဆိုတာလည်း အနိစ္စ၊ အချိန်တန်ရင် ဝါ၊ ထိန်၊ မှိန်သွားတာပဲ။ စွမ်းဆောင်ချက်တွေကလည်း အနိစ္စ၊ ပြီးရင် မေ့သွားကြတာပဲ။ ဒိုင်းတွေ၊ ရွှေတံဆိပ်တွေ၊ ချီးကျူးအောင်မြင်မှု လက်မှတ်တွေကလည်း ပိုင်ရှင်နဲ့အတူ မြေမြှုပ်သင်္ဂြိုဟ်လိုက်ရစမြဲပါပဲ။

ကဲ… ဒါဖြင့် နောက်ထပ်မေးခွန်းလေးတွေ မေးကြည့်ပါရစေဦး။ သည်မေးခွန်းတွေကျ စာဖတ်သူလူကြီးမင်း ဘယ်လိုဖြေမယ်ဆိုတာလည်း ကိုယ့်ဘာသာ ပြန်သုံးသပ်ကြည့်နော်။

  • ကိုယ်နဲ့အတူ သွားလာ စားသောက်လို့ ကောင်း၊ စကားပြောလို့လည်း ကောင်းတဲ့ လူသုံးယောက်ရဲ့အမည်။
  • ကိုယ့်ကိုတန်ဖိုးရှိတာလေးတွေ သင်ကြားပေးခဲ့တဲ့ လူဆယ်ယောက်ရဲ့ အမည်။
  • ကိုယ်ဒုက္ခရောက်နေချိန်မှာ ကိုယ့်ကို ကူညီစောင်မခဲ့တဲ့ သူငယ်ချင်းကောင်း ငါးယောက်ရဲ့အမည်။
  • ကျောင်းသားဘဝမှာ ကိုယ့်အတွက် အမှတ်တရ ရှိစေခဲ့တဲ့ မြတ်ဆရာ တချို့ရဲ့အမည်။
  • ကိုယ်အားကျတဲ့လူ ခြောက်ယောက်ရဲ့အမည်။

အဲဒါတွေကို စဉ်းစားကြည့်လိုက်စမ်းပါ။

ဘယ့်နှယ့်လဲ၊ ပထမမေးခွန်းထက် လွယ်မသွားဘူးလား။ ကျွန်တော်ဆို  ချက်ချင်းကို ဒေါင်းဒေါင်းပြေး တန်းရွတ်နိုင်သဗျ။ စာဖတ်သူ လူကြီးမင်းလည်း အတူတူပဲနေမှာပါ။

သင်ခန်းစာက ဘာလဲ။

ကိုယ့်ဘဝမှာရော သူများတွေရဲ့ဘဝတွေမှာပါ အရေးပါနေသူများဟာလည်း ထူးချွန်ဆုရှင်တွေ တစ်ယောက်မှ မဟုတ်ဘူးနော်။

ဘယ်လိုလူမှ ကိုယ့်ဘဝ၊ သူ့ဘဝမှာ အရေးပါသလဲဆိုတာ ကိုယ့်ဘာသာ စဉ်းစားကြည့်ပေရော့။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

အလင်းတန်းဂျာနယ်၊ ၁၇-ဝ၄-ဝဝ

Copy & Paste နဲ့ ကူးယူ လက်ဆင့်ကမ်းလိုသူများ [အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ]လို့ 
တစ်ဆိတ် ထည့်သွင်းပေးပါရန် လေးစားစွာ ပန်ကြားပါရစေ။

Bigger Stones

လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်ကျော်က အတ္တကျော်ရဲ့ ဒဿမမြောက် လက်ရာ...

ကျောက်ခဲကြီးများ

အချိန်ကို စီမံခန့်ခွဲတဲ့ ဘာသာရပ်ဆိုတာဟာ ခေတ်ပေါ် စီမံခန့်ခွဲရေးပညာမှာ အရေးတကြီး ဆွေးနွေးလာရတဲ့ ဘာသာရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ခေတ်မီ ကမ္ဘာကြီးမှာ လူတိုင်းဟာ စားသုတ်သုတ်၊ သွားသုတ်သုတ်နဲ့ အလုပ်ရှုပ်နေကြတာချည်းပဲ။ သည်အထဲမှာ အချိန်မလောက်လို့၊ အချိန်မရှိလို့၊ မအားလို့ဆိုတဲ့ အကြောင်းတွေကလည်း ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေထဲမှာ ကြီးစိုးလို့ လာနေပါတယ်။

ဒါကြောင့် စီမံခန့်ခွဲရေးပညာမှာ “အချိန်ကိုခန့်ခွဲခြင်း”ဆိုတဲ့ဘာသာရပ်နဲ့ ခေါင်းစဉ်က ရှိနေတယ်။

မကြာသေးခင်ကဘဲ အဲဒီ့ဘာသာရပ်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတစ်ဦး ရေးထားတာလေး ဖတ်လိုက်ရတယ်။

တစ်နေ့မှာ ကျွမ်းကျင်သူ ပညာရှင်တစ်ဦးဟာ စီးပွားရေးပညာကို သင်ယူနေတဲ့ ကျောင်းသားတွေကို ပို့ချနေတယ်။ အဲသလို ပို့ချနေခိုက်မှာပဲ ကျောင်းသားများအနေနဲ့ ဘယ်သောအခါမှာမှ မမေ့နိုင်မယ့် သရုပ်ပြချက် တစ်ကွက်ကို ဆရာလုပ်သူက တင်ဆက်လိုက်ပါတယ်။ ဒါမှလည်း သူ ပြောချင်တဲ့အချက်ကို ပေါ်လွင်စေတော့မှာကိုး။

ဆရာလုပ်သူဟာ ထက်မြက်သွက်လက်လှတဲ့ ကျောင်းတော်သားတွေ ရှေ့မှာ မတ်တတ်ရပ်ပြီး ပြောလိုက်တယ်။

“ကဲ… အခု ကျွန်တော် ခင်ဗျားတို့ကို ပဟေဠိတစ်ပုဒ် ပေးမယ်”

ပြောပြောဆိုဆိုနဲ့ သူဟာ တစ်ဂါလံဆန့်တဲ့ အဝကျယ် ဖန်ချိုင့်တစ်လုံးကို ဆွဲထုတ်လိုက်ပြီး သူ့ရှေ့က စားပွဲပေါ်မှာ တင်လိုက်ပါတယ်။ ပြီးတော့ အံဆွဲထဲကနေ လက်သီးဆုပ်လောက်ရှိတဲ့ ကျောက်ခဲ တစ်ဒါဇင်လောက်ကို ထုတ်တဲ့ပြီး ဖန်ချိုင့်ထဲကို တစ်လုံးချင်း၊ တစ်လုံးချင်းစီ ခပ်ဖြည်းဖြည်း ထည့်လိုက်တယ်။

ဖန်ချိုင့်တစ်ခုလုံးလည်း ပြည့်သွားရော နောက်ထပ် ကျောက်ခဲတွေ အတွက် နေရာလပ်က မကျန်တော့ဘူး။ သည်အခါမှာ ဆရာလုပ်တဲ့သူက မေးလိုက်ပါတယ်။

“ဖန်ချိုင့် ပြည့်သွားပြီလားဗျာ”

တစ်တန်းလုံးက တစ်ညီတစ်ညာတည်း ဖြေပါတယ်။

“ဟုတ်ကဲ့… ပြည့်သွားပါပြီ”

အဲဒီ့အခါကျတော့ ဆရာက “ဟုတ်ကဲ့လားဗျ”လို့ ပြောရင်းက ကျောက်စရစ်ခဲတွေ ထည့်ထားတဲ့ ပုံးတစ်ပုံးကို စားပွဲအောက်ကနေ ထုတ်ယူလိုက်တယ်။ ပြီးတော့ ပုံးထဲက ကျောက်စရစ်ခဲလေးတွေကို ဖန်ချိုင့်ထဲ ထည့်ပြီး လှုပ်လိုက်တဲ့အခါ ခဲလုံးကြီးတွေကြားမှာ ကျောက်စရစ်ခဲတချို့က ဝင်သွားတော့တာပေါ့။

သည်အခါမှာလည်း ဆရာက အတန်းကို မေးလိုက်ပြန်တယ်။

“ကဲ…ဖန်ချိုင့်က ပြည့်သွားပြီလားဗျာ…”

သည်အခါမှာတော့ အတန်းက နည်းနည်းပါးသွားပြီမို့ ဘယ်သူမှ စောစောကလို ချက်ချင်းမဖြေဘဲ အသာငြိမ်နေကြတယ်။ သည်အထဲမှာမှ တစ်ယောက်က ဖြေလိုက်တယ်။

“ပြည့်ပြီလို့ အပြောရခက်တယ်ဆရာ…”

“သိပ်မှန်တာပေါ့…”

ပြောပြောဆိုဆိုနဲ့ ဆရာဟာ စားပွဲအောက်မှာ ရှိနေတဲ့ နောက်ထပ် ပုံးတစ်ပုံးကို ဆွဲထုတ်လိုက်ပြန်တယ်။ အဲဒီ့ပုံးထဲမှာတော့ သဲတွေ ပါတယ်။

သဲပုံးကိုထုတ်ပြီးတဲ့အခါမှာတော့ ဆရာက စောစောက ကျောက်ခဲတွေ၊ ကျောက်စရစ်ခဲလေးတွေနဲ့ ပြည့်နေတဲ့ ဖန်ချိုင့်ထဲကို သဲတွေ ထည့်လိုက်ပြန်တယ်။ သည်အခါ ရှိရှိသမျှ နေရာလပ်တွေကြားမှာ သဲတွေက ဝင်ကုန်ပြန်ရော။

ပြီးလည်းပြီးရော ဆရာက နောက်တစ်ခါ ထပ်မေးပြန်တယ်။

“ပြည့်ပြီလားဗျ…”

တစ်တန်းလုံးက သည်အခါမှာ ညီညာဖြဖြ အော်လိုက်ကြတယ်။

“မပြည့်သေးပါဘူး…”

“သိပ်ဟုတ်တာပေါ့…”လို့ ပြောပြီး ဆရာက ရေတကောင်းတစ်လုံးကို ဆွဲယူလိုက်ပြီး ဖန်ချိုင့်ထဲကို လောင်းထည့်လိုက်ပြန်တယ်။

ဖန်ချိုင့်နှုတ်ခမ်း ရောက်တဲ့အထိ ရေတွေနဲ့ ဖြည့်ပြီးတဲ့အခါမှာတော့ ဆရာက အတန်းကို မေးတယ်။

“သည်သရုပ်ပြကွက်က ဘာကိုပြောချင်လဲဆိုတာ ခင်ဗျားတို့ သိကြလား…”တဲ့။

သွက်လက်တဲ့ ကျောင်းသားတစ်ယောက်က ဆရာ့ကို သူဖြေလိုတဲ့အကြောင်း လက်ထောင်ပြပြီး အခုလို ဖြေလိုက်တယ်။

“အစီအစဉ်တွေ၊ အချိန်တွေ ဘယ်လောက် ကြပ်နေနေ၊ သေသေချာချာ ကြိုးစားမယ်ဆိုရင် တခြားဟာတွေ လုပ်ဖို့ အချိန်ဆိုတာ အလိုလို ထွက်လာနိုင်တယ်ဆိုတဲ့ သဘောပါ ဆရာ”

“မဟုတ်ဘူးဗျ”လို့ ဆရာက ပြန်ပြောပါတယ်။ “သည်ပြကွက်ရဲ့ လိုရင်းက အဲဒါမဟုတ်ဘူး။ သည်မှာ အရေးကြီးဆုံးအချက်က အကြီးဆုံး ကျောက်ခဲတွေကို အရင်ဆုံး ထည့်အပ်တယ်ဆိုတဲ့ အချက်ပါပဲဗျာ။ ကျောက်ခဲအကြီးတွေကိုသာ အရင်ဖြည့်မထားရင် ကျန်တာတွေကို ဘယ်လိုမှ ဖြည့်လို့ ရမှာ မဟုတ်ဘူးလေ”တဲ့။

စာဖတ်သူ လူကြီးမင်းရဲ့ဘဝမှာ ဘယ်ဟာတွေက ကျောက်ခဲအကြီးတွေလဲ။ စဉ်းစားကြည့်ပါ။ ကိုယ်ရောက်ချင်တဲ့ ခရီးလား၊ ကိုယ်ဖြစ်ချင်တဲ့ ဘဝလား၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူနေချင်တာလား၊ ကိုယ့် ယုံကြည်ကိုးကွယ်မှုလား၊ ကိုယ့်ပညာရေးလား၊ ကိုယ့်စီးပွားရေးလား၊ တခြားအရေး တစ်ခုခုလား၊ သေချာစဉ်းစားလိုက်ပါ။

အဲဒီ့ကိုယ့်ဘဝမှာ တန်ဖိုးအထားဆုံးအရာအတွက် အရင်ဆုံး အချိန်ပေးလိုက်ပါ။ ပြီးပြီဆိုရင် ကျန်တာတွေအတွက် အချိန်တွေကို ကိုယ်လိုရင် လိုသလို၊ လိုသလောက် ထုတ်ယူလို့ ရပြီလို့သာ မှတ်ပါတော့။

အချိန်မရှိဘူး၊ အချိန်မလောက်ဘူး၊ မအားဘူးဆိုတဲ့ လူတွေဟာ သူတို့ ဘဝမှာ ဘယ်ဟာက ကျောက်ခဲကြီးတွေလဲဆိုတာ မသိလို့သာ ဖြစ်နေရတာပါ။

ကျောက်ခဲကြီးတွေကိုသာ အရင်ထည့်နှင့်ထားမယ်ဆိုရင် ဖန်ချိုင့်ထဲမှာ ဖြည့်စရာနေရာလပ်တွေ ကျန်နေမှာ သေချာပါတယ်နော်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

အလင်းတန်းဂျာနယ်၊ ၂၉-ဝ၅-ဝဝ

သည်တစ်ပုဒ်ဟာလည်းပဲ ပေါ်ပြူလာဂျာနယ်မှာ ဆရာ “ဟိန်းလင်းကျော်”က ရည်ညွှန်းကိုးကား ချီးကျူးတာကို ခံယူခဲ့ရတဲ့ စာဖြစ်ပါတယ်။ ထုံးစံအတိုင်း ကျွန်တော် အသိမ်းအဆည်း ညံ့လို့ ဆရာ ဟိန်းလင်းကျော်ရဲ့ မူရင်းကို မတွေ့နိုင်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ်၊ အဲဒီ့အချိန်မှာ ကလောင်သက် လေးလမျှသာ ရှိသေးတဲ့ ကျွန်တော့်ကို ဆရာသုမောင်အပြင် နောက်ထပ် အသိအမှတ်ပြုခဲ့သူမို့ အဲဒီ့ ဆရာ့ ကျေးဇူးကိုလည်း အမှတ်တရနဲ့ ဂါရ၀တရား ရှေ့ထားကာ မှတ်တမ်းတင်လိုက်ခြင်း ဖြစ်ပါတယ်။

Copy & Paste နဲ့ ကူးယူ လက်ဆင့်ကမ်းလိုသူများ [အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ]လို့ 
တစ်ဆိတ် ထည့်သွင်းပေးပါရန် လေးစားစွာ ပန်ကြားပါရစေ။

Two Little Frogs

အတ္တကျော်ရဲ့ လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်ကျော်က သတ္တမမြောက် လက်ရာ

ဖားလေးနှစ်ကောင်

တစ်နေ့တော့ ဖားတစ်သင်းဟာ တောကြီးမျက်မည်းထဲမှာ ခရီးလှည့်နေကြသတဲ့။ အဲလို လှည့်နေတုန်း သစ်ရွက်တွေ ဖုံးနေလို့ မမြင်သာတဲ့ တွင်းနက်ကြီး တစ်တွင်းထဲကို သူတို့အုပ်စုထဲက နှစ်ကောင် ကျသွားပါလေရော။ ဟား… ကျန်တဲ့ဖားတွေလည်း တွင်းနှုတ်ခမ်းမှာ ဝိုင်းနေတော့တာပေါ့။

တွင်းကြီး ဘယ်လောက် နက်လဲဆိုတာကို တွင်းနှုတ်ခမ်းမှာ ဝိုင်းနေတဲ့ ဖားတွေက မြင်ရတဲ့အခါ ကျသွားတဲ့ ဖားနှစ်ကောင်ကို သူတို့က သည်လို ပြောတယ်။

“မင်းတို့တော့ သွားပြီ။ ဘယ်လိုမှ ပြန်တက်လို့ရတော့မှာ မဟုတ်ဘူး။ တွင်းထဲမှာပဲ မင်းတို့နှစ်ကောင် သေရတော့မယ်”တဲ့။

တွင်းထဲကျနေတဲ့ ဖားနှစ်ကောင်လည်း သူတို့အဖော်တွေ ပြောတဲ့စကားကို လစ်လျူရှုလိုက်ကြပြီး သူတို့ကိုယ်စွမ်း ရှိသလောက် တွင်းနှုတ်ခမ်းဆီ အတင်း ခုန်တက်ကြတော့တာပေါ့။ ဝိုင်းကြည့်နေတဲ့ တွင်းနှုတ်ခမ်းက ဖားတွေလည်း တစ်ခါတည်းကို သံပြိုင်အော်ကြပြန်ပါလေရော။

“ဟေ့ကောင်တွေ၊ အဲသလို မလုပ်ကြနဲ့လေ။ မင်းတို့တော့ သေကုန်တော့မှာပဲ။ ဟာ… ခက်တဲ့ကောင်တွေ၊ ခုန်တက်လို့လည်း တွင်းက အနက်ကြီးကွ၊ ဘယ်လိုလုပ် တက်နိုင်မှာလဲ။ တက်မရမယ့် အတူတူ အေးအေးသက်သာ အသေခံလိုက်ကြပါတော့လားကွာ။ မင်းတို့ ခုန်ခုန်တက်နေတော့ အမောလည်းဆို့၊ ကိုယ်လည်း နာပြီးမှ သေရမှာထက် စာရင် သည်တိုင်းလေး အေးအေးသက်သာ အသေခံလိုက်တာက ပိုမကောင်းပေဘူးလားကွယ်ရို့…”တဲ့။

အဲသလို ပြောလွန်းမက ဝိုင်းပြောကြတဲ့အခါ တွင်းထဲကျနေတဲ့ ဖား နှစ်ကောင်အနက်က တစ်ကောင်ကတော့ ဝိုင်းပြောတဲ့ ဖားတွေရဲ့ စကားအတိုင်း လိုက်နာပြီး ဆက်မကြိုးစားတော့ဘူး။ အဲသလိုလည်း မကြိုးစားဘဲ နေလိုက်ရော သူလည်း မတ်တတ်က လဲပြီး သေပွဲကို တန်းဝင်သွားတော့တာပါပဲ။

ကျန်တဲ့ ဖားတစ်ကောင်ကတော့ မရပ်မနား။ သူ့မှာရှိသမျှ အတွင်းအား၊ အပြင်အား အကုန် ထုတ်သုံးပြီးကို ခုန်ရင်း တွင်းနှုတ်ခမ်းပေါ်ကို မရောက် အရောက် ကြိုးစားနေပါတော့တယ်။

အဲတော့လည်း တွင်းနှုတ်ခမ်းမှာ ဝိုင်းကြည့်နေတဲ့ သူ့အပေါင်းအသင်းတွေက တစ်ချီတစ်မောင်း ထပ်အော်ကြပြန်တယ်။

“ဟကောင်ရာ၊ တော်ပါတော့ဟာ။ သည်လောက်နက်တဲ့ တွင်းကြီးထဲက မင်းဘယ်လိုမှ ခုန်ထွက်နိုင်မှာ မဟုတ်ပါဘူး။ အလကား အသား အနာခံနေမယ့်အစား အသေသာခံလိုက်ပါတော့ သူငယ်ချင်းရယ်…”တဲ့။

ဒါပေမယ့် ခုန်နေတဲ့ ဖားကတော့ ရပ်ကို မရပ်တော့ဘူး။ သူခုန်နေတဲ့ အားထက် နှစ်ဆတိုးပြီးတောင် ထပ်ခုန်လိုက်ပါတော့တယ်။ နောက်ဆုံးမှာတော့ တွင်းနှုတ်ခမ်းပေါ်ကို အဲဒီ့ဖားကလေးလည်း ဖုတ်ဆို ပြန်ရောက်သွားပါလေရော။

သူလည်း တွင်းနှုတ်ခမ်းပေါ် ရောက်ရော စောစောက ဝိုင်းအော်နေတဲ့ သူ့အပေါင်းအသင်းများကလည်း သူ့ကို ဝိုင်းပြီး မေးကြတယ်။

“မင်းကွာ၊ ငါတို့တွေ သည်လောက် တားနေတာ မကြားဘူးလားကွ ဟေ…”

တွင်းထဲက ပြန်ထွက်လာတဲ့ ကိုရွှေဖားကလည်း အမောဖြေရင်းနဲ့ သူ့အပေါင်းအသင်းတွေကို ရှင်းပြတယ်။

“ငါ့နားက သိပ်မကောင်းဘူးကွ။ မင်းတို့ အော်နေတာ၊ ငါ့ကို တားနေတာလား။ မသိပါဘူးကွာ၊ ငါက ငါ့ကို ဝိုင်းပြီး ဩဘာပေးနေတယ် မှတ်လို့…”တဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။

သည်ပုံပြင်က ပေးလိုက်တဲ့ သင်ခန်းစာ နှစ်ခုကတော့…

(၁) နှုတ်နဲ့လျှာဟာ သေစေ၊ ရှင်စေနိုင်တဲ့ စွမ်းအားတွေ ရှိနေပါတယ်။ လူတစ်ယောက် စိတ်ပျက်အားငယ်နေတဲ့အချိန်မှာ အားပေးစကားလေး တစ်ခွန်းလောက် ပြောလိုက်တာဟာ အဲဒီ့လူကို အားတက်စေနိုင်ပြီး ဘဝအမောတွေ ပြေသွားစေနိုင်ပါတယ်။

(၂) စိတ်ပျက်အားငယ်နေတဲ့သူကို အပျက်စကား ပြောလိုက်ခြင်းအားဖြင့် အဲဒီ့လူကို သတ်လိုက်နိုင်ပြန်ပါသေးတယ်။

ကိုယ့်ဘဝမှာ တွေ့လာ ကြုံလာရသူများကို ရှင်ရေးအတွက်ပဲ ပြောမိနေအောင် သတိထားဖို့ လိုပါလိမ့်မယ်။

စကားတစ်ခွန်းရဲ့ စွမ်းအားကို သတိထားမိကြဖို့ပါပဲ။ အားပေးစကားလေးတစ်ခွန်းဟာ ဘယ့်ကလောက်တောင် တာသွားသလဲ ဆိုတာ တော်တော်တန်တန် တွေးမိကြမယ် မထင်ဘူး။ အံ့ဩစရာကောင်းတာက လူအတော်များများဟာ အတိဒုက္ခရောက်နေသူများကို သူတို့တွေ အတိဒုက္ခနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်နေရတဲ့အချိန်မှာ စိတ်ပျက် အားလျော့ဖွယ် စကားတွေချည်း နင်းပြောဖြစ်သွားဖို့ ဝန်မလေးတတ်ကြတာပါပဲ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

အလင်းတန်းဂျာနယ်၊ ဝ၃-ဝ၄-ဝဝ

Copy & Paste နဲ့ ကူးယူ လက်ဆင့်ကမ်းလိုသူများ [အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ]လို့ 
တစ်ဆိတ် ထည့်သွင်းပေးပါရန် လေးစားစွာ ပန်ကြားပါရစေ။

Guidelines on Life

အတ္တကျော်ရဲ့ လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်ကျော်က လက်ရာ...

ဘဝလမ်းညွှန်

၁။    ချစ်ခြင်းမေတ္တာရယ်၊ အောင်မြင်မှုရယ်ဆိုတာကို ရရှိဖို့အတွက် ဘဝမှာ ပေးဆပ်ရတဲ့အရင်းအနှီးတွေက သိပ်ကြီးတတ်တာကို ဘယ်တော့မှ မမေ့အပ်ဘူး။

ဟုတ်ပါရဲ့နော်။ အချစ်တစ်ခုကို ရဖို့အတွက် ပေးဆပ်ရတဲ့ အရင်းအနှီးက နည်းမှတ်လို့။ အချစ်စစ်ဆိုရင် ပိုတောင် ခက်သပေါ့။ တချို့များဆိုရင် သေသာသွားတယ်၊ အချစ်အစစ်နဲ့ ဆုံခွင့်ကို မကြုံလိုက်ရဘူး။ သိုးဆောင်း ဆိုရိုးတစ်ခုကိုတောင် သတိရမိပါသေးတယ်။ “အချစ်စစ်ဆိုတာ သရဲတစ္ဆေလိုပဲ။ လူတိုင်းက သရဲတစ္ဆေအကြောင်း ပြောတတ်ကြသလောက် တကယ် တွေ့ဖူးသလားဆိုတော့ ဘယ်သူမှလည်းတွေ့ဖူးတာမျိုး မဟုတ်ဘူးလေ”တဲ့။

အဲလိုပါပဲ။ အောင်မြင်မှုတစ်ခုခုကို ရဖို့အတွက် ပေးဆပ်ရတဲ့ အရင်းအနှီးကလည်း သိပ်ကြီးပါတယ်။ တချို့က ပြောကြတယ်၊ ဟိုလူကွာ၊ အပေါင်းအသင်းကောင်းလို့၊ အကပ်အရပ်ကောင်းလို့ နေ့ချင်းညချင်း ချမ်းသာသွားတာတဲ့၊ ကံစွပ်လို့ပါကွာတဲ့။ ဒါပေမယ့် စဉ်းစားကြည့်ပါ၊ အဲလိုလူမျိုးမှာတောင် သူပေးဆပ်လိုက်ရတဲ့ အရင်းအနှီးထဲမှာ သိက္ခာတွေ၊ အတ္တမာနတွေ၊ ကိုယ်ကျင့်တရားတွေပါ ပါသွားတာမို့ သူ့အရင်းအနှီးကလည်း မသေးပါဘူး။

၂။    ဆုံးရှုံးမှုနဲ့ ကြုံရတဲ့အခါ သင်ခန်းစာကိုပါ အဆုံးရှုံးမခံပါနဲ့။

ဟုတ်ပါရဲ့။ ဘဝမှာ ဆုံးရှုံးမှုဆိုတာကို ထင်းခွေမကြုံ၊ ရေခပ်ြုကံ ရမှာက လူတိုင်းပါ။ အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါ သင်ခန်းစာ ယူတတ်ရင် အရှုံးထဲက အမြတ်ထွက်မှာ သေချာပါတယ်။ ဒါကြောင့် အရှုံးနဲ့ ကြုံရသည့်တိုင် အဲဒီ့အရှုံးထဲက သင်ခန်းစာကို လက်လွတ်မခံမှ လူဆက်လုပ်လို့ ကောင်းနေမှာပါ။

၃။    ဘဝရဲ့ ရွှေဥပဒေသုံးရပ်ကတော့…
    (က)    မိမိကိုယ်ကို လေးစားပါ။
    (ခ)    သူတစ်ပါးကို လေးစားပါ။
    (ဂ) ကိုယ်လုပ်သမျှ အရာအားလုံးအတွက် တာဝန်ယူပါ။

လူတွေဟာ မိမိကိုယ်ကို ရိုသေလေးစားရဲ့လားလို့ စဉ်းစားမိနေတာ ကြာပါပြီ။ ကိုယ့်ကိုယ်ကိုယ် လေးစားတတ်တဲ့သူမှ တစ်ဖက်သားကို လေးစားတတ်မယ်။ ဒါပေမယ့် ကိုယ့်အတွက် တစ်ကွက်မချန်ဘဲ၊ ရိုးရိုးသားသား စဉ်းစားကြည့်စေချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိရဲ့ လားလို့။

အာရုံနောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်း ထင်ရာလုပ်မိနေတဲ့အခါ၊ မတရားမှန်းသိပေမယ့် ငါစွဲလေးနဲ့ ထင်တိုင်းကျဲပြီး မသိချင်ယောင်ဆောင်မိသွားတဲ့အခါ၊ စိတ်နဲ့လူနဲ့ မမြဲဘူးကွာဆိုပြီး ယောက်မ ခါးကြားထိုးရင်း လိုက်ရှာနေမိတဲ့အခါမျိုးတွေမှာ မိမိကိုယ်ကို တကယ် လေးစားမိပါရဲ့လား။

တစ်ဆက်တည်းမှာပဲ သူတစ်ပါးကိုရော ကိုယ်က လေးလေးစားစား ဆက်ဆံမိသလားဆိုတာကို စဉ်းစားကြည့်ပါဦး။ လေးလေးစားစား ဆက်ဆံဖို့ နေနေသာသာ တစ်ဖက်လူရဲ့ စကားကို ဆုံးအောင် နားထောင်ပေးဖို့လေးတောင် စိတ်မရှည်ချင်တတ်တဲ့ ကိုယ့်စိတ်ကို ပြန်သတိထားမိရင် သည် အချက်ဟာ လေးနက်နေမှာပါ။

နောက်ဆုံးတစ်ချက်ဖြစ်တဲ့ ကိုယ်လုပ်သမျှ အရာအားလုံးအတွက် ကိုယ်ကိုယ်တိုင် တာဝန်ယူဖို့ကတော့ လူလုပ်ရာမှာ အခက်အခဲဆုံးကိစ္စပါပဲ။ လူဆိုတာက ကိုယ့်အတွက်တစ်ကွက် ချန်တတ်တဲ့အမျိုးတွေချည်း ဖြစ်နေတာကိုး။ ထစ်ခနဲရှိ ဟိုလိုဖြစ်လို့။ ဟိုလူ့ကြောင့်၊ ဟိုဟာကြောင့်ဆိုပြီး ကိုယ်တိုင် တာဝန်ယူဖို့ထက် တစ်ခုခု၊ တစ်ယောက်ယောက်အပေါ် ပုံချဖို့ ဝသီပါနေတာ လူတွေပါပဲ။

ဒါပေမယ့် တာဝန်ယူတတ်တဲ့ စိတ်ကလေးသာ မွေးယူနိုင်မယ်ဆိုရင် ဘဝမှာ အရာရာ လေးနက်လာမယ်။ မိမိကိုယ်ကို လေးစားစိတ်လည်း တိုးပွားလာမယ်၊ အများကလည်း ကိုယ့်အပေါ် လေးစားလာပါလိမ့်မယ်။ ဘဝအဓိပ္ပာယ်နဲ့ ဘဝတန်ဖိုးကလည်း တက်လာမှာ အမှန်ပါပဲ။

၎။    တစ်ခါတလေ လိုချင်တာမရလိုက်တာဟာ ကံကောင်းခြင်း တစ်မျိုးပဲဆိုတာလည်း မမေ့ပါနဲ့။

ဟုတ်ပ။

ဆင်ဖြူတော်နဲ့ ကြွက် ဘယ်သင်းကို ပိုလိုချင်မှာလဲ။ ရှင်းပါတယ်နော်။ ဒါပေမယ့် တစ်ခါတလေ ကိုယ်လိုချင်နေတာက ကြွက်ဖြစ်နေပြီး မရလိုက်တော့ ကိုယ့်မှာနင့်နင့်နဲနဲ ခံစားလို့။ နောက်ကျမှ ဆင်ဖြူတော်ကြီး ဝင်လာတာ တွေ့ပြီး ကြွက်မဝင်ခဲ့တာပဲ ခပ်ကောင်းကောင်းလို့ ပြန်တွေးနေမိတတ်တယ်။ ကံဖယ်တယ်ဆိုတဲ့ စကားကို လိုချင်တာ မရတဲ့အခါတွေမှာလည်း သတိထားမိဖို့ လိုတာပေါ့နော်။

၅။    ဘဝရဲ့စည်းမျဉ်းဥပဒေတွေကို ကြေညက်စွာ နားလည်နေပါစေ။ ဒါမှ စနစ်တကျ ချိုးဖောက်တတ်နေမှာ။

အားပါး၊ တယ်ကောင်းတဲ့စကား။ အခုခေတ်လူငယ်တွေ ကြိုက်နေတဲ့ “အော်လ်တာ” (alternative) ပါပဲ။

အနုပညာပုံစံသစ်တစ်ခုဖြစ်တဲ့ alternative ဆိုတာ စည်းကမ်းတွေကို ကြေကြေညက်ညက် သိပြီးမှ အဲဒီ့စည်းကမ်းတွေကို စနစ်တကျ ချိုးဖျက် ဖန်တီးယူတာမျိုးပါပဲ။ သမားရိုးကျအတိုင်း မဟုတ်ဘဲ လမ်းခွဲထွက်တဲ့ အနုပညာပုံစံလို့လည်း ပြောလို့ရမယ် ထင်ပါတယ်။

ထားပါတော့၊ ဘဝမှာလည်း တစ်ခါတစ်ခါကျ စိတ်အလိုလိုက်ပြီး စည်းကမ်းဖောက်ချင်တတ်တဲ့သူချည်းပါပဲ။ ဒါပေမယ့် စည်းကမ်းကို မကြေရင်၊ မညက်ရင် အဲလို စည်းကမ်းဖောက်တဲ့အခါတွေမှာ စည်းလွတ်ဝါးလွတ် ပရမ်းပတာ ဖြစ်နေတတ်တယ်။ စည်းကမ်းကို ညက်တဲ့သူတွေ စည်းကမ်း ဖောက်တဲ့အခါကျတော့ သပ်သပ်ရပ်ရပ်ကလေးနဲ့ ဘာအစမှ မကျန်ရစ် တ်ဘူး။ အဲတော့ လူ့ဘဝမှာ ပုထုဇဉ်စစ်တဲ့လူအဖြစ် ရပ်တည်ချင်တယ် ဆိုရင်တော့ ဘဝရဲ့ ဥပဒေဿတွေကို ကြေနေရမှာပေါ့နော်။

၆။ ဘာမဟုတ်တဲ့ သဘောထားကွဲလွဲမှုလေးတစ်ခုကြောင့် ခိုင်မြဲတဲ့ သံယောဇဉ်ကို ထိခိုက်မသွားပါစေနဲ့။

ဒါလည်း စဉ်းစားသင့်တဲ့အချက်ပါပဲ။ စိတ်အလို၊ ငါစွဲ၊ နိုင်ချင်တဲ့ ဆန္ဒလေးတစ်ခုကြောင့် ပြတ်တောက်သွားတဲ့သံယောဇဉ်တွေ၊ စိမ်းတိမ်းတိမ်း၊ ဆတ်တတ်တတ် ဖြစ်သွားရတဲ့ ဆက်ဆံရေးတွေကို ပြန်ငဲ့ကြည့်ရင် ဘာမဟုတ်တဲ့ သဘောထားကွဲလွဲမှုလေးတစ်ခုကြောင့် ဖြစ်နေတာ တွေ့ရမှာပါ။

ငါ့နှယ်ကွာ၊ မဖြစ်လိုက်ရင် အကောင်းသားလို့ နောင်လွဲနောင်ခါမှ တွေးမိနေတာထက်စာရင် သံယောဇဉ်ကို တန်ဖိုးထားပြီး ကွဲလွဲမှု အသေး အမွှားလေးတွေကို ရှောင်နိုင်အောင် သတိလေးနဲ့ အားထုတ်နေမယ်ဆိုရင် နေရတဲ့ဘဝမှာ သံယောဇဉ်များစွာနဲ့ ထုံမွှမ်းပြီး သာယာနေမှာ မလွဲဧကန်ပါပဲလေ။

၇။ အမှားတစ်ခု ကျူးလွန်လိုက်မိမှန်း သတိထားမိသွားတာနဲ့ ပြင်ဖို့ ချက်ချင်း ကြိုးစားပါတော့။

တစ်ခါတလေကျ မှားမှန်းသိလျက်နဲ့ ဇွတ်တိုးမိတတ်တာလည်း လူ့သဘာဝတစ်ခုပဲ။ မှားမှန်း သိသိချင်း ပြင်ဖို့ဆိုတာကလည်း ခက်ခဲတဲ့ အလုပ်တစ်ခုပါပဲနော်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ပြင်နိုင်မယ်ဆိုရင်တော့ နေပျော်တဲ့ ဘဝလမ်းကြောင်းပေါ် ပြန်ရောက်လာမှာပါပဲ။

၈။ ကိုယ့်တစ်ယောက်တည်းနေတဲ့ အချိန်လေးတစ်ချိန်တော့ နေ့တိုင်း ရှိပါစေ။

လူဆိုတာ တစ်ယောက်တည်း မနေတတ်တဲ့ သတ္တဝါဆိုတာတော့ မှန်တယ်။ ဒါပေမယ့် တစ်နေ့မှာ တစ်ခါတော့ ကိုယ့်ဘာသာ တစ်ယောက်တည်း နေကျင့်လေး ရှိနေဖို့လိုတယ်။ တစ်ယောက်တည်း ငြိမ်ငြိမ်လေးနေပြီး ကိုယ့်ကိုယ်ကိုယ် ပြန် သုံးသပ်ရင်သုံးသပ်၊ မသုံးသပ်လည်း တွေးချင်ရာ တွေးနေဖို့ အချိန်လေးပေါ့။ အဲဒါလေးရှိနေမှ နေရတာ နိပ်တာ။

၉။ အပြောင်းအလဲကို ရင်ဖွင့်ပြီးကြိုလိုက်စမ်းပါ။ ဒါပေမယ့် ကိုယ့်တန်ဖိုးတွေကိုတော့ ချမပစ်ကြေးနော်။

အပြောင်းအလဲဆိုတာ အခါခပ်သိမ်းဖြစ်နေတာပဲ။ တရားသဘောနဲ့တော့ အနိစ္စလေ။ ဒါပေမယ့် အနိစ္စဆိုပြီး ထင်တိုင်းကျဲလိုက်ရင် မှားသွားမှာပေါ့။ အဲတော့ ဘဝမှာ ကိုယ်က ဘယ်ဟာကို တန်ဖိုးထားသလဲ၊ အဲဒီ့ တန်ဖိုးကိုတော့ အပြောင်းအလဲကြောင့် ဈေးလျှော့လိုက်ဖို့ မလိုဘူးဆိုတဲ့ သဘောပါပဲ။

၁၀။    တစ်ခါတလေကျတော့လည်း ဆိတ်ဆိတ်နေလိုက်ခြင်းဟာ အကောင်းဆုံး အဖြေပဲဆိုတာကို သတိရပါ။

နှုတ်ကြောင့် သေရတဲ့အခါတွေမှာ ငါ့နှယ်နော်၊ ဘာမှ ပြန်မပြောလိုက်မိရင် အကောင်းသားလို့ တွေးမိဖူးကြမယ် ထင်ပါတယ်။ အဲသလို အခါမျိုးတွေ နည်းပါးသွားအောင် ရံဖန်ရံခါ ခပ်မဆိတ်နေတဲ့ အကျင့်လေးကို မွေးယူရမှာပေါ့နော်။

၁၁။    ဘဝကိုကောင်းကောင်းမွန်မွန်၊ သိက္ခာရှိရှိ ထူထောင်ပါ။ ဒါမှလည်း အသက်ကြီးလာလို့ ကိုယ့်ဘဝကိုယ် ပြန်ငဲ့စောင်းကြည့်တဲ့အခါ ဒုတိယမ္ပိ ကြည်နူးမိမှာလေ။

ထင်ရာကျဲပြီး လွဲခဲ့သမျှကို အသက်ကြီးမှ ပြန်စဉ်းစားမိရင် ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နိုင်မှာတဲ့လဲ။ ဒါ သိပ် သေချာတာပေါ့။ ကိုယ့်လိပ်ပြာက ကိုယ့်ပြန်ချောက်လို့ သေရာညောင်စောင်းမှာ အယူတိမ်းရတဲ့သူတွေလည်း လောကမှာ အများကြီး။ အဲတော့ မိမိဘဝမှာ လိပ်ပြာသန့်သန့်နဲ့ နေနိုင်ဖို့ အစောကြီးကတည်းက ကိုယ့်ဘဝကို ကောင်းကောင်းမွန်မွန်၊ သိက္ခာရှိရှိ ထူထောင်ထားနိုင်ဖို့ သိပ်အရေးကြီးတာပေါ့။

၁၂။    အိမ်တွင်းရေး သာယာမှုဟာ ဘဝအတွက် အခြေခံအုတ်မြစ်ပါပဲ။

လူတွေ ဘာကြောင့် ထင်ရာလုပ်မိတတ်ကြသလဲ။ အိမ်တွင်းရေး မသာယာလို့ပေါ့။ အဖေနဲ့အမေနဲ့က တစ်ချိန်လုံး ကတောက်ကဆဖြစ်ပြီး အိမ်ပူနေရင် ကလေးတွေ ဘယ်အိမ်ကပ်ချင်တော့မလဲ၊ လမ်းပေါ် ရောက်သွားမယ်၊ ထင်ရာစိုင်းကြမယ်။ မယားလုပ်သူက ပူညံပူညံလုပ်ရင် လင်သားလည်း ဘယ်အိမ်ပြန်ချင်မလဲ၊ အလားတူပဲ လင်လုပ်သူက ငြူစူတတ်နေရင်လည်း မယားခမျာ တခြားမှာ ထွက်ပေါက်ရှာမိတော့မှာပဲ။

ဒါကြောင့် အောင်မြင်တဲ့ဘဝကို ရချင်ရင် အိမ်တွင်းရေးသာယာမှုဟာ တကယ့်အခြေခံပါပဲ။

၁၃။    ချစ်သူတွေနဲ့ သဘောထားကွဲလွဲတဲ့အခါ လတ်တလော ဖြစ်နေတာကိုပဲ ဦးတည်မိပါစေ၊ အတိတ်တွေကို မဖော်မိပါစေနဲ့။

ပြဿနာတစ်ခုခု ဖြစ်လာရင် ညောင်မြစ်တွေတူး၊ ပုတ်သင်ဥတွေ ပေါ်လာရာက မလိုလားအပ်ဘဲ နာကြည်းကုန်ရတဲ့ ချစ်သူတွေလည်း သည်လောကမှာ အများသား။ အဓိကကတော့ ဖြစ်နေတာကို ပြောနေရင်းက အတိတ်တွေကို တူးဖော်မိသွားတဲ့ အကျိုးကျေးဇူးပါပဲ။

အဲတော့ ချစ်သူတွေနဲ့ ပြဿနာဖြစ်လာရင် အတိတ်ကို ရှောင်ပြီး လက်ငင်းကိစ္စကိုသာ ဦးတည် ပြောဆိုနေမိမယ်ဆိုရင် နာကျင်စရာတွေနဲ့ ဝေးနေတော့မှာ အမှန်ပေါ့။

၁၄။    ကိုယ့်အသိပညာကို မျှဝေပေးပါ။ အဲသလိုသာဆို ကိုယ့်ကို လူတွေက ထာဝရ တနေမှာပေါ့။

ကိုယ်သိတာ ကိုယ့်ဝမ်းထဲမှာသာ သိမ်းထားတဲ့လူဆိုတာ အလကားပဲလေ။ ကိုယ့်အသိ၊ ကိုယ့်ပညာကို အများအတွက် မျှဝေပေးနိုင်လေလေ၊ ကိုယ့်ကို လူတွေ တသသ ဖြစ်လေလေပါပဲ။ လူသေပေမယ့် နာမည်မသေဆိုတာ အဲသလို မိမိရဲ့အသိအမြင်၊ ပညာကို မျှဝေပေးနိုင်သူများနဲ့ကျမှ ဖြစ်တတ်တာမျိုးကလား။

၁၅။    တစ်နှစ်မှာတစ်ခါတော့ ကိုယ်တစ်ခါမှ မရောက်ဖူးသေးတဲ့ အရပ်ဒေသ တစ်ခုခုကို အရောက်သွားပါ။

ဒါကတော့ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်မှာချည်း ဖိစီး တင်းကြပ်နေသူများနဲ့ သက်ဆိုင်ပါလိမ့်မယ်။ ဘယ်လိုလူမျိုးမဆို အပြောင်းအလဲလေးတွေကို ခုံမင်တတ်တာမို့ အရပ်ဒေသ အပြောင်းအလဲလေးတွေဆီ တစ်နှစ် တစ်ခါလောက် သွား သွားပေးခြင်းအားဖြင့် မိမိကိုယ်ကို အားသစ်လောင်းနိုင်ပါတယ်။

၁၆။    ကိုယ်လိုချင်တဲ့အောင်မြင်မှုတစ်ခုကို ရဖို့အတွက် ကိုယ် ဘာတွေ ပေးဆပ်ခဲ့ရသလဲဆိုတာနဲ့ပဲ ကိုယ့်အောင်မြင်မှုကို တိုင်းတာပါ။

အောင်မြင်မှုကို လူတိုင်း ခံစားဖူးကြပါလိမ့်မယ်။ အောင်မြင်မှုကြောင့် ဘဝင်တွေလည်း လေဟပ်ဖူးကြလိမ့်မယ်။ ဒါပေမယ့် အဲဒီ့အောင်မြင်မှုကို ရဖို့အတွက် ကိုယ့်ဘက်က ဘာတွေပေးဆပ်ခဲ့ရသလဲဆိုတာကို ပြန်စဉ်းစားမိတာနဲ့ တစ်ပြိုင်နက် ကိုယ့်အောင်မြင်မှုဟာ ပိုမို လေးနက်လာနိုင်သလို ဘဝင်မြင့်ချင်တဲ့ ရောဂါကိုလည်း အလိုလိုကုပြီးသား ဖြစ်သွားမှာပါ။

ဖတ်လိုက်ရတဲ့ ဘဝအတွက် ညွှန်ကြားချက်တွေကတော့ သည်လောက် ပါပဲ။ လူတိုင်းအတွက် တစ်နည်းမဟုတ်တစ်နည်း အသုံးတည့်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

အလင်းတန်းဂျာနယ်၊ ၂၇-ဝ၃-ဝဝ
(ကျွန်တော့်ဆီ ရောက်လာတဲ့ ဓာတ်ချောစာမှာက အမှတ်စဉ်ထိုးပြီး ခရမ်းရောင်နဲ့ ဖော်ပြထားတဲ့ စာတွေသာ ပါပါတယ်။ အဲဒါချည်းပဲ ဘာသာပြန်လိုက်ရင် တစ်ပုဒ်စာ မပြည့်ဘဲ တိုစိစိလေး ဖြစ်နေမှာစိုးတာနဲ့ ကြားထဲမှာ ၀င်အာချောင်ထားတာပါ ခင်ဗျား)

Copy & Paste နဲ့ ကူးယူ လက်ဆင့်ကမ်းလိုသူများ [အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ]လို့ 
တစ်ဆိတ် ထည့်သွင်းပေးပါရန် လေးစားစွာ ပန်ကြားပါရစေ။

Cordial Invitation

အတ္တကျော်ရဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က ပဉ္စမမြောက် စာမူ...

တလေးတစား ဖိတ်ကြားအပ်ပါတယ်

တစ်နေ့ခင်းမှာ အမျိုးသမီးတစ်ယောက်ဟာ အဝတ်လှမ်းဖို့ အိမ်ရှေ့ကို အထွက်လိုက် သူ့ခြံထဲမှာ မုတ်ဆိတ်ဖားဖားကြီးနဲ့ အဘိုးကြီး သုံးယောက် ထိုင်နေကြတာကို တွေ့လိုက်ရပါတယ်။ အမျိုးသမီးက အဲဒီ့သုံးယောက်ကို ဘယ်သူဘယ်ဝါမှန်း မသိပေမယ့် သက်ကြီးရွယ်အိုတွေဖြစ်နေတာမို့ ဂါရဝလေးနဲ့ အခုလို ပြောလိုက်ပါတယ်။

“အဘတို့ကို ကျွန်မ မြင်တော့မြင်ဖူးသလိုပဲ။ အမောပြေ ဝင်နားနေကြတယ်ထင်ပါရဲ့။ အိမ်ထဲဝင်ပြီး အကြမ်းလေး သောက်၊ လက်ဖက်လေး မြုံ့ပါဦးလား”တဲ့။

 အဘိုးကြီးတွေက ချက်ချင်းပဲ သူ့ကို ပြန်မေးတယ်။ 

“ကလေးမရဲ့ အိမ်သား မရှိဘူးလားကွယ့်…”

“သူ အပြင်သွားနေပါတယ်ရှင့်…”

“ဒါဆိုရင်တော့ တို့များ ဝင်လို့ ဘယ်တင့်တယ်ပါ့မလဲ သူငယ်မရဲ့…”

အဘိုးကြီးတွေ ပြောတာကလည်း သဘာဝကျနေတာမို့ အမျိုးသမီးလည်း အတွန့်မတက်တော့ဘဲ သူ့အလုပ်သူ လုပ်နေလိုက်ပါသတဲ့။

နေလေးစောင်းလို့ သူ့ခင်ပွန်းသည် ပြန်ရောက်လာတဲ့အခါ အမျိုးသမီးက ခင်ပွန်းသည်ကို အကျိုးအကြောင်း ပြောပြလိုက်ပါတယ်။ သည်အခါ ခင်ပွန်းသည်က ပြောပြန်တယ်။

“သွားပြောချေပါကွာ။ အဘိုးအိုကြီးတွေ သနားပါတယ်။ အိမ်ထဲကို ခေါ်လိုက်ပါလား”

အမျိုးသမီးလည်း ခင်ပွန်းသည်ပြောတဲ့အတိုင်း အပြင်မှာ အခုထက်ထိ ရှိနေသေးတဲ့ အဘိုးကြီးတွေကို အိမ်ထဲဝင်ဖို့ ဖိတ်ပါတယ်။

သည်အခါ “တို့သုံးယောက်စလုံး ဝင်လို့တော့ မဖြစ်ဘူးကလေးမရဲ့…”လို့ အဘိုးကြီးတွေက ဖြေတာကို ကြားရပြန်သတဲ့။

“ဘာဖြစ်လို့ပါလဲ အဘတို့ရယ်”လို့ သူကလည်း မေးမိရတော့တာပေါ့။

အဘိုးကြီးတစ်ယောက်က နောက်တစ်ယောက်ကို လက်ညှိုးထိုးပြပြီး ပြန်ပြောတယ်။ “သူ့နာမည်က ဘဓနတဲ့”။ ကျန်တစ်ယောက်ကိုလည်း လက်ညှိုးထိုးလိုက်ပြီး “ဟိုဘက်က တစ်ယောက်ကတော့ ဘအောင်လံတဲ့။ အဘရဲ့နာမည်ကတော့ ဘမေတ္တာပါတဲ့ကွယ်။ ကဲ…ကဲ… ကလေးမရဲ့ အိမ်သားကို အဘတို့ရဲ့ နာမည်လေးတွေ ပြောပြပြီး ဘယ်သူ့ကို ကလေးမတို့ ရဲ့ အိမ်ထဲ အဖိတ်ချင်ဆုံးလဲဆိုတာ သွားမေးချေပါဦးလား။ သုံးယောက်စလုံးတော့ ဝင်လို့ကို မဖြစ်လို့ အခုလိုပြောရတာပါ”လို့ ဆိုပြန်သတဲ့။

ဒါနဲ့ အမျိုးသမီးလည်း အဘိုးကြီးပြောတဲ့အတိုင်း အိမ်ထဲကို ပြန်ဝင်၊ သူ့ခင်ပွန်းသည်ကို အဘိုးကြီးတွေ ပြောတဲ့အတိုင်း တစ်လုံးမကျန် အစီရင်ခံရပြန်သတဲ့။ ဇနီးသည် ပြောတဲ့စကားကိုလည်း ကြားလိုက်ရရော ခင်ပွန်း လုပ်သူ အမျိုးသားလည်း ထခုန်မိမတတ်ပျော်သွားသတဲ့။ “နိပ်လိုက်တာ မိန်းမရာ၊ တစ်ယောက်တည်းသာ ခေါ်ကြစတမ်းဆို ဘဓနကိုသာ အိမ်ထဲ ခေါ်လိုက်ပါကွာ။ ဓနဆိုတာ ကြွယ်ဝ ချမ်းသာမှုနိမိတ်ပဲ။ တို့အိမ်ထဲကို ဓနတွေနဲ့ ဖြည့်လိုက်ရအောင်လေ”

လင်သားက အဲလိုပြောတော့ ဇနီးလုပ်သူက သဘောမတူဘူး။ “အစ်ကိုရယ်၊ ကျွန်မသဘောကဖြင့် ဘအောင်လံကိုပဲ အိမ်ထဲသွင်းချင်လှပါတယ်။ ဒါမှ တစ်အိမ်လုံးမှာ အောင်မြင်မှုတွေ ရမှာပေါ့”

အမျိုးသမီးက အဲလိုပြောလိုက်တဲ့အခါမှာတော့ သူတို့စကားပြောနေတဲ့ အခန်းထောင့်မှာ ကုပ်ကုပ်ကလေး ထိုင်ရင်း သူတို့စကား နားစွင့်နေတဲ့ ချွေးမလုပ်သူက တစ်စခန်း ထလာပြန်ပါတော့တယ်။

“အဖေတို့၊ အမေတို့ကလည်း ဖိတ်ချင်းဖိတ် ဘမေတ္တာကိုသာ ဖိတ်သင့်တယ်လို့ သမီးတော့ ထင်ပါတယ်။ ဒါမှလည်း သည်အိမ်တစ်အိမ်လုံး မေတ္တာတွေနဲ့ ထုံမွှမ်းပြီး အေးချမ်း စိုပြည်နေတော့မှာပေါ့ အဖေတို့ရဲ့…”တဲ့။

ချွေးမလုပ်သူက အဲလိုလည်း ပြောလိုက်ရော ယောက္ခထီးလုပ်သူ ခင်ပွန်းသည်က သူ့မယားကို အခုလို ပြန်ပြောလိုက်ပြန်သတဲ့။

“မိန်းမရေ၊ ငါ့သမီးပြောတာလည်း ခပ်ကောင်းကောင်းပဲကွ။ လုပ်ကွာ၊ ဘမေတ္တာကိုသာ ဖိတ်လိုက်တာ အကောင်းဆုံးပဲ။ သွားသာဖိတ်ချေတော့”

ဒါနဲ့ အမျိုးသမီးလည်း အပြင်ကို တစ်ခေါက်ပြန်ထွက်ရပြန်တယ်။ အပြင်ရောက်တာနဲ့ အဘိုးကြီးသုံးယောက်ကို သူက အခုလို ပြောလိုက်သတဲ့။

“အဘိုးတို့အထဲက ဘယ်သူက ဘမေတ္တာပါလဲရှင်။ ကျွန်မတို့ မိသားစုက ဘမေတ္တာကို အိမ်ထဲ ဝင်ဖို့ ဖိတ်ချင်လို့ပါနော်”

ဘမေတ္တာဆိုတဲ့ အဘိုးကြီးလည်း ထိုင်ရာက ထတဲ့ပြီး အိမ်အဝင်ဝဆီကို ခြေလှမ်းပြင်လိုက်ပါတယ်။ သည်အခါမှာ ကျန်တဲ့ အဘိုးကြီး နှစ်ယောက်ကလည်း နေရာက ထပြီး ဘမေတ္တာနောက်ကို လိုက်ဖို့ ခြေလှမ်း ပြင်လိုက်ကြပါတော့တယ်။

အမျိုးသမီးလည်း အတော့်ကို အံ့အားသင့်သွားတယ်။ ဒါနဲ့ ဘဓနနဲ့ ဘအောင်လံတို့ကို ချက်ချင်း လှမ်းပြောလိုက်မိတယ်။ “ကျွန်မက ဘမေတ္တာတစ်ဦးတည်းကို ဖိတ်လိုက်တာပါ။ စောစောကပြောတော့ သုံးယောက်စလုံး ဝင်လို့မဖြစ်ဘူးဆို။ အခုတော့ အဘတို့ သုံးယောက်စလုံး ဝင်လို့ဖြစ်သွားပြီလား…”

အဲသလိုလည်းမေးလိုက်ရော အဘိုးကြီးသုံးယောက်စလုံးက တစ်ပြိုင်တည်း ပြန်ဖြေကြပါတယ်။

“အေး… ကလေးမတို့က ဘဓနကိုဖြစ်ဖြစ်၊ ဘအောင်လံကိုဖြစ်ဖြစ် ဖိတ်မယ်ဆိုရင်တော့ ကျန်တဲ့နှစ်ယောက်က အပြင်မှာ နေခဲ့တော့မလို့ပဲကွဲ့။ အခုတော့ သမီးတို့က ဘမေတ္တာကို ဖိတ်လိုက်တာကိုး။ ကလေးမ သေချာ မှတ်ထား။ ဘယ်တော့မဆို မေတ္တာသာ ရှိနေမယ်ဆိုရင် ဓနရော၊ အောင်လံပါ ရှိနေမယ်ဆိုတာ ညည်းတို့ဘဝ တစ်သက်စာ မှတ်သားကြပေတော့ကွယ်…”

ပုံပြင်ကလေးကတော့ ဒါပါပဲခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်
အလင်းတန်းဂျာနယ်၊ ၂၈-ဝ၂-ဝဝ

Copy & Paste နဲ့ ကူးယူ လက်ဆင့်ကမ်းလိုသူများ [အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ]လို့ 
တစ်ဆိတ် ထည့်သွင်းပေးပါရန် လေးစားစွာ ပန်ကြားပါရစေ။

Sharing

အတ္တကျော်ရဲ့ လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်ကျော်က စတုတ္ထ စာမူ
(ကျွန်တော့်ရဲ့ “နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်ထဲက အတ္တကျော်ဖြစ်လာစေခဲ့တဲ့ လွန်ခဲ့သော ဆယ်နှစ်ကျော်က 
စာမူ အပုဒ် ၃၀ စလုံးကို သည်ဘလော့(ဂ်)မှာ တစ်နေ့ တစ်ပုဒ်နှုန်းနဲ အစအဆုံး တင်ဆက်ဖို့ စိတ်ကူးထားပါတယ်။)

အေးအတူ ပူအမျှ

ချမ်းအေးတဲ့ ဆောင်းတစ်ညနေမှာ အဘိုးနဲ့အဘွားတို့ စုံတွဲဟာ မက်ခ် ဒေါ်နယ်လ်ဒ်စားသောက်ဆိုင်ထဲကို ခပ်ဖြည်းဖြည်း ဝင်လာပါတယ်။

မက်ခ်ဒေါ်နယ်လ်ဒ်ဆိုင်ဆိုတာက ကမ္ဘာအရပ်ရပ်မှာ ဖွင့်ထားတဲ့ တန်ဖိုးနည်း၊ ဝမ်းဝ စားစရာများကို ရောင်းတဲ့ဆိုင်ပါ။ အရှေ့အနောက် နိုင်ငံပေါင်း များစွာရဲ့ မြို့ကြီးတိုင်းလိုလိုမှာ ရှိပါတယ်။ ဟမ်ဘာဂါလို အသားညှပ် ပေါင်မုန့်တွေ၊ ကြက်ကြော်လို ဆူလွယ် နပ်လွယ် စားစရာတွေ၊ အဖျော် ယမကာတွေကို သင့်တင့်တဲ့ ဈေးနဲ့ ရောင်းချပေးနေတဲ့ ဆိုင်တွေပေါ့။ အလွယ်ပြောရရင်တော့ ကျွန်တော်တို့ရဲ့ မုန့်ဟင်းခါးဆိုင်တွေ၊ အသုပ်ဆိုင်တွေလို ငွေလည်း သိပ်မကုန်၊ ဝမ်းလည်း ဝစေတဲ့ လူလတ်တန်းစားများ အားထားရာဆိုင်လေးတွေပါ။ ဒါက ဘာသာပြန်တဲ့ ကျွန်တော်က မက်ခ် ဒေါ်နယ်လ်ဒ်နဲ့ မရင်းနှီးသူများအတွက် သက်သက် ဝင်လျှာရှည်ပေးလိုက်တာပါ။

ဇာတ်လမ်းကိုပြန်ဆက်ရရင် အဲဒီ့အဘိုးအဘွားစုံတွဲ ဝင်သွားတဲ့အချိန်မှာ ဆိုင်က လူ တော်တော် ပြည့်နေတယ်။ ငယ်ငယ်ရွယ်ရွယ် မိသားစုတွေ၊ ပျိုပျိုမျစ်မျစ် စုံတွဲတွေနဲ့ ပြည့်နေတဲ့ကြားက အဘိုးအဘွားစုံတွဲအတွက် ထိုင်စရာ စားပွဲလွတ် တစ်နေရာကို တွေ့သွားကြတယ်။

စားသောက်နေတဲ့ လူတချို့က အဘိုးနဲ့အဘွားကို အားကျတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး သဘောတွေကျနေကြတယ်။ “ကြည့်စမ်းပါဦး၊ သည် အဘိုးကြီးနဲ့အဘွားကြီး ကြည့်ရတာ နှစ်ပေါင်း ၆၀ လောက် အတူနေခဲ့ကြပုံ ရတယ်နော်၊ သိပ်ကြင်နာတာပဲ”ဆိုတဲ့ မျက်လုံးမျိုးတွေနဲ့ပေါ့။

နေရာယူပြီးတဲ့အခါ အဘိုးကြီးက ပိုက်ဆံပေးရတဲ့ ငွေသိမ်းစားပွဲကို သွားပြီး စားစရာတွေကို မှာတယ်။ (ဒါလည်း မက်ခ်ဒေါ်နယ်လ်ဒ် ဆိုင်တိုင်းမှာ လုပ်ရတဲ့အလုပ်ပါပဲ။ ကိုယ်တိုင်ယူစနစ်လို့ ခေါ်ပြီး မြန်မာပြည်က တချို့ဆိုင်တွေမှာလည်း အဲဒီ့နည်းနဲ့ ဝယ်စားရပါတယ်။) အဘိုးကြီးက ငွေရှင်းပြီးတဲ့နောက် စားစရာတွေကို ဗန်းကလေးနဲ့ ထည့်ယူလာပြီး အဘွားကြီးဆီ ပြန်လာတယ်။

စားပွဲဆီ ပြန်ရောက်တော့ စားစရာတွေကို ဗန်းပေါ်ကနေ စားပွဲပေါ် နှစ်ယောက်သား ပြောင်းနေရာချလိုက်ကြပါသေးတယ်။

စားစရာတွေကတော့ ဟမ်ဘာဂါ အသားညှပ်ပေါင်မုန့် တစ်လုံးရယ်၊ အာလူးချောင်းကျော်တစ်ပွဲရယ်နဲ့ ဖျော်ရည်တစ်ခွက်ရယ်တို့ပါပဲ။

နေရာချလိုက်ပြီးတဲ့အခါ ရေပါးစက္ကူနဲ့ထုပ်ထားတဲ့ ဟမ်ဘာဂါကို အဘိုးကြီးက ဖြေလိုက်ပါတယ်။ ပြီးတော့ နှစ်ပိုင်း အညီအမျှ ဖြစ်အောင် သေသေချာချာ ဂရုတစိုက် ပိုင်းလိုက်တယ်။ ပိုင်းလို့ရတဲ့ တစ်ဝက်ကို သူ့ ဇနီးသည် အဘွားကြီးရှေ့မှာ ချပေးလိုက်တယ်။

ပြီးတော့ ပန်းကန်ထဲက အာလူးချောင်းကျော်တွေကို အဘိုးကြီးက သေသေချာချာ ရေကြည့်လိုက်ပြန်တယ်။ ပြီးတော့မှ နှစ်ပုံအညီအမျှ ခွဲဝေလိုက်ပြီး တစ်ပုံကို သူ့အဘွားကြီးရှေ့မှာ ချပေးလိုက်ပြန်တယ်။ ပြီးတော့ ဖျော်ရည်ကို တစ်ငုံငုံတယ်။ သူတစ်ငုံသောက်ပြီးတဲ့အခါ အဘွားကြီးကို ဖျော်ရည်ခွက်လေး ကမ်းပေးတော့ အဘွားကြီးကလည်း တစ်ငုံသောက်တယ်။ ပြီးတော့ ဖန်ခွက်ကို သူတို့နှစ်ယောက်ရဲ့အလယ်တည့်တည့်မှာ ချထားလိုက်တယ်။

ဖျော်ရည် တစ်ငုံစီသောက်အပြီးမှာ အဘိုးကြီးက စ စားနေပါပြီ။ သည်အခါမှာတော့ ဆိုင်ထဲမှာ ရှိတဲ့ တခြားစားသုံးသူ ပရိသတ်ရဲ့ရင်ထဲမှာ တစ်မျိုးဖြစ်လို့လာခဲ့ပြီ။

“သနားစရာ ကောင်းလိုက်တာနော်။ ခမျာများမှာ တစ်ယောက်စာလေးပဲ မှာစားနိုင်ရှာကြတယ်”ဆိုတဲ့ အတွေးကလည်း လူတိုင်းရဲ့ရင်မှာ မွနေမှာပါ။

အဘိုးကြီးက ဟမ်ဘာဂါကို စားပြီးတဲ့နောက် အာလူးအချောင်းကြော်တွေကို ကောက်ဝါးတဲ့အချိန်မှာတော့ စားသုံးသူများထဲက မနေနိုင်ရှာလေတဲ့ လူငယ်တစ်ယောက်က ထတဲ့ပြီး အဘိုးအဘွားတို့ စားပွဲကို သွားလိုက်ပါတော့တယ်။ အဘိုးတို့၊ အဘွားတို့ရယ်၊ နောက်ထပ်တစ်ယောက်စာ ဝယ်ကျွေးပါရစေ၊ ဒါနပြုပါရစေလို့လည်း ချေချေငံငံ ပြောလိုက်တယ်။

အဘိုးရော၊ အဘွားရောက နေပါစေကွယ်၊ တို့များ လုံလောက်ပါတယ် လို့ ပြောတယ်။ “အဘိုးတို့ နှစ်ယောက်က ဘာမဆို နှစ်ယောက်အတူ မျှဝေ ခံစားနေကျကွဲ့” လို့လည်း ပြောလိုက်သေးတယ်။

တစ်ဆိုင်လုံးမှာရှိတဲ့ ပရိသတ်အနေနဲ့ကတော့ အဘွားကြီးဟာ အခုချိန်ထိ တစ်ဖဲ့တစ်ကိုက်မှ မစားသေးတာ တွေ့နေရပါတယ်။ အဘွားကြီးက အဘိုးကြီးရှေ့မှာ ငုတ်တုတ်ကြီး ထိုင်လို့၊ အဘိုးကြီး စားသောက်နေတာကို ပီတိမျက်လုံးတွေနဲ့ ကြည့်နေတာကိုပဲ တွေ့ရတယ်။ တစ်ခါတစ်လေတော့ အဘိုးကြီးနဲ့အတူ ဖျော်ရည်လေး တစ်ကျိုက်စီ သောက်တဲ့အခါမျိုးတော့ ရှိသပေါ့။ ဒါကလွဲရင် အဘွားကြီးက စားကို မစားသေးဘူး။

မနေနိုင်သူလူငယ်မှာလည်း ပိုလို့တောင်မရိုးမရွဖြစ်လာပြီ။ “အဘိုးတို့၊ အဘွားတို့ရယ် ကျွန်တော် ဘယ်လိုမှ မကြည့်ရက်လို့ပါ။ ကျွန်တော့်ကို ဒါနပြုခွင့်ပေးပါလား ခင်ဗျာ”လို့လည်း ထပ်ပြောလိုက်တယ်။ သည်တစ်ခါမှာတော့ အဘွားကြီးက ဖြေပြန်တယ်။ “နေပါစေ မောင်ရယ်၊ အဘွားတို့ နှစ်ယောက်က ဘာကိုမဆို နှစ်ယောက်အတူ မျှဝေခံစားနေကျကွဲ့”တဲ့။ ဒါနဲ့ လူငယ်လေးခမျာလည်း သူ့စားပွဲကို ပြန်လာခဲ့ရပြန်တယ်။

တိုတိုပြောရရင် အဘိုးကြီးက စားလို့သောက်လို့ ပြီးသွားရော ဆိုပါ စို့ရဲ့။ အဘိုးကြီးက သူ့နှုတ်ခမ်းကို စက္ကူလက်သုတ်ပဝါလေးနဲ့ ကျကျနန သုတ်သင်သန့်စင်နေပြန်တယ်။ အဘွားကြီးကလည်း ခုထက်ထိ သူ့ရှေ့က စားစရာတွေကို မစားသေးဘဲ အဘိုးကြီးကိုပဲ ရွှန်းရွှန်းစားစား ကြည့်နေတုန်းရယ်။

မနေနိုင်သူ လူငယ်လေးလည်း မအောင့်နိုင်တဲ့အဆင့်ကို ရောက်လာပြန်တော့တာမို့ သူတို့စားပွဲကို ကူးလိုက်ပြန်တယ်။ တတိယအကြိမ်အဖြစ် သူ့ကို တစ်ယောက်စာ ဝယ်ယူလှူဒါန်းခွင့်ပေးဖို့ အနူးအညွတ် တောင်းပန်ပြန်တယ်။ သည်တစ်ချီမှာလည်း မလိုအပ်ကြောင်း၊ သူတို့မှာ ပြည့်စုံကြောင်းကိုပဲ အဘိုးနဲ့ အဘွားက ချေချေငံငံပြန်ဖြေပြန်တယ်။

နောက်ဆုံးမှာတော့ မနေနိုင် မအောင့်နိုင်သူ လူငယ်က တည့်တည့်ပဲ မေးချလိုက်ပါတော့တယ်။

“အဘွားရယ်… ခုထက်ထိ အဘွား တစ်လုတ်မှ မစားသေးတာ ဘာကြောင့်ပါလဲ ခင်ဗျာ၊ အဘွား ပြောတော့ အဘွားတို့ နှစ်ယောက်ဟာ ဘာကိုမဆို မျှဝေခံစားနေကျဆို၊ အခုကျတော့ အဘိုးက စားလို့တောင် ပြီးသွားပေမယ့် အဘွားက တစ်လုတ်မှ မစားရသေးဘူး၊ အဘွားက ဘာကို စောင့်နေတာပါလဲ ခင်ဗျာ…”

အဘွားကြီးက လူငယ့်အမေးကို သူ့ထုံးစံအတိုင်း ချေချေငံငံပဲ ပြန်ဖြေပါတယ်။

“သွားပေါ့ သားရယ်… သွားကို စောင့်နေတာပါကွယ်”တဲ့။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်
အလင်းတန်းဂျာနယ်၊ ၂၁-ဝ၂-ဝဝ

Copy & Paste နဲ့ ကူးယူ လက်ဆင့်ကမ်းလိုသူများ [အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ] လို့ 
တစ်ဆိတ် ထည့်သွင်းပေးပါရန် လေးစားစွာ ပန်ကြားပါရစေ။