Memoirs of the Disheartening 48 hours in early 91

မူလခေါင်းစဉ်က “၉၁ နှစ်ဦး၊ ကြမ္မာငင် ၄၈ နာရီ အမှတ်တရ” ဖြစ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ဥရောပသမဂ္ဂမှာ ဘာသာပြန်အဖြစ် အလုပ်လုပ်နေခိုက် ဖြစ်ပါတယ်။ ၁၉၈၈ က စပြီး လုပ်ခဲ့တာပါ။ ခက်တာက ဥရောပသမဂ္ဂမှာ ရုံးသီးသန့် မရှိဘူး။ အဲတော့ မြို့လယ်က ဗြိတိသျှ သံရုံးမှာ ရုံးထိုင်ရပါတယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၊ ဗိုလ်ချုပ်မှူးကြီး စောမောင်လက်ထက်လည်း ဖြစ်ပါတယ်။ ၁၉၉၁ ထဲ ၀င်ခါစမှာ ညကြီး ကျွန်တော့်ကို လာခေါ်သွားပါတယ်။  အဲဒီ့အချိန်မှာ ဗြိတိသျှ သံရုံးက ပြန်ကြားရေးတာဝန်ခံ ဒေသခန့်ဝန်ထမ်းကို အကျဉ်းနည်းစစ်ဆေး ထောင်ချလိုက်ပြီး ဖြစ်ပါတယ်။  ကျွန်တော့်ကိုလည်း ဗြိတိသျှ သံရုံးရဲ့ ၀န်ထမ်းလို့ ယူဆထားကြပုံပါပဲ။ ဟိုရောက်လို့ ကျွန်တော် ရှင်းပြတော့မှ ကျွန်တော့်ကို ဥရောပ သမဂ္ဂက ခန့်ထားမှန်း သိကြတော့တာ။ အသေးစိတ်တွေ မပြောတော့ဘူးဗျာ။ အင်မတန် စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ အချိန်လို့ပဲ တိုတို ဆိုပါစို့ရဲ့။ သို့သော် အားတဲ့အချိန်မှာ ၀တ္ထုသာ ထိုင်ရေးနေလိုက်တယ်။ ၀တ္ထု ပြီးလု ပြီးခင်မှာ လာသိမ်းသွားတယ်။ ၄၈ နာရီ စိတ်ဆင်းရဲရခြင်းက ကင်းလွတ်တဲ့အခါ အဲဒီ့ ရေးလက်စ စာရွက်တွေ မမေ့မလျော့ ပြန်တောင်းလာခဲ့ပါတယ်။ အဲဒါလေးကို အဆုံးပိုင်းလေး သုံးလေးကြောင်း ဆက်ရေးလိုက်တဲ့အခါ သည်ဝတ္ထုလေး ဖြစ်လာပါတော့တယ်။

၁၉၉၁ ခုနှစ် သြဂုတ်လထုတ် မဟေသီ မဂ္ဂဇင်းမှ ပုံနှိပ် ဖော်ပြခဲ့ပါတယ်။ သည်ဝတ္ထုနဲ့ ပတ်သက်လို့ အမှတ်တရကတော့ ယုံကြည်ချက်ကြောင့် အကျဉ်းစံခဲ့ရသူများထဲက နာမည်အကျော်ဆုံး နှစ်ဦးက ကျွန်တော်နဲ့ ပထမဆုံး လူချင်း စသိချိန်မှာ သည်ဝတ္ထုအကြောင်းကို ပြောကြတာပါပဲ။ ပထမ တစ်ဦးက ၁၉၉၂ ခုနှစ်မှာ ပြောခဲ့တာပါ။ “မြတ်ဆိုတာ ဘယ်သူလဲဟင်”လို့ မေးခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ဦးက အဲဒီ့က နှစ်ပေါင်း ၂၀ တိတိအကြာ မနေ့ ညဦးက ဖြစ်ပါတယ်။ သူကကျတော့ ၀တ္ထုရဲ့ ဒုတိယနောက်ဆုံး စာပိုဒ် တစ်ပိုဒ်လုံးကို ရွတ်ပြခဲ့တာမို့ အတော် အံ့အားသင့်သွားခဲ့ရပါတယ်။

ဒါ့ကြောင့် လွန်ခဲ့တဲ့ နှစ် ၂၁ နှစ်က ၀တ္ထုလေးကို အမှတ်တရ ပြန်တင်ဖြစ်သွားပါတယ်။ ဖတ်ရှုခံစားကြည့်တော်မူကြပါခင်ဗျား။

၉၁ နှစ်ဦး ကြွေပျက် ၄၈ နာရီ အမှတ်တရ

ထူးထူးဆန်းဆန်းပင်ဖြစ်သည်။ ထိုညက “မြတ်”ကို အိပ်မက်၏။ စင်စစ်… “မြတ်”သည် ကိုယ့်ရင် ကိုယ့်အသိတွင် မရှိတော့သောသူ။ စိတ်ထဲမှာလည်း စွဲလန်းစရာ မကျန်ရစ်ခဲ့ပြီ ဖြစ်လေသောသူ။ “မြတ်”နောက်မှာပင် ကိုယ့်အသည်းသည် ပြန်ကောင်းလိုက်၊ ပြန်ကွဲလိုက်နှင့် ဖန်တစ်ရာတေနေခဲ့သည့် သံသရာဗွေတွင် တွင်တွင်ကြီး မျောခဲ့ပြီးလေပြီ။

နှစ်တွေလည်း ကြာခဲ့ပြီ၊ အဖြစ်တွေကလည်း နာခဲ့ပြီ။

တစ်ဆယ့်ငါးနှစ်ဟူသောကာလသည် သာမန် လူ့သက်တမ်း၏ လေးပုံ တစ်ပုံ။ သည်မျှ ကြာခဲ့ပြီးမှတော့ စာဖွဲ့ညည်းစရာ အကြောင်းဆို၍လည်း တစ်ပဲသားမျှပင် မရှိတော့။

သို့သော် ထိုညကတော့ ထူးထူးဆန်းဆန်းပင်ဖြစ်သည်။ ထို“မြတ်”ကို အိပ်မက်ထဲမှာ တွေ့သည်။ လွန်ခဲ့သော တစ်ဆယ့်ငါးနှစ်က “မြတ်”နှယ်ပင်၊ အိပ်မက်ထဲက “မြတ်”သည် ရင်ခုန်စရာကောင်းနေ၏။ လွန်ခဲ့သော တစ်ဆယ့်ငါးနှစ်က “ဇာတ်”နှယ်ပင်၊ အိပ်မက်ထဲက “ဇာတ်”သည် ရင်ခုန်စရာ ကောင်းနေ၏။ ထိုအချိန်မှာ လူက လန့်နိုးလာသည်။ ကိုယ့်အရွယ်က ရင်ထဲမှာ တသသနှင့် ကြင်သဲညှာလှလှအတွက် ရင်ကွဲနာကျနေရမည့် အရွယ်လည်း မဟုတ်တော့။ ဇနီးမယား၊ သမီးသားနှင့် ပွားစီးစည်ပင်၊ ပျော်ရွှင်နေခိုက်လည်း ဖြစ်သည်။ သို့သော် အိပ်မက်က နိုးတော့ ကိုယ့်ရင်သည် သိမ့်သိမ့် ခုန်နေ၏။ ကိုယ့်စိတ်သည် အတိတ်ဆီ ပြန်မသွားတော့သည့်တိုင် “မြတ်”၏ မြတ်နိုးဖွယ် ရုပ်ပုံလွှာမှာတော့ အတန်ကြာ ရစ်ဝဲနေမိရပြန်သည်။

ဝန်ခံရစတမ်း ဆိုလျှင်တော့ ထိုနေ့တစ်နေ့လုံး “မြတ်”သည် ကိုယ့်ရင်ထဲမှာ၊

သည်မှာတင် မကျေနပ်မှု စတင်လာခြင်း ဖြစ်သည်။

ဘယ့်နှယ်… သည်အရွယ်၊ သည်အသက် ရောက်ခါမှ မျောက်နာကျသလိုဖြစ်နေရခြင်းကို မကြိုက်။ ကိုယ့်လိပ်ပြာလည်း ကိုယ်မသန့်။ ဇနီး မယား၊ သမီး သားအပေါ် ထားအပ်သော သစ္စာတရားကို မနောကံဖြင့် ဖောက်ပြန်နေမိဘိသကဲ့သို့လည်း ခံစားရသည်။

အသေအချာ ပြန်စဉ်းစားကြည့်တော့ ပို၍ပင် မခံချင်စရာကောင်းလှသည်။ “မြတ်” နောက်က နှင်းဆီ၊ ပြုံး၊ ဆွေ၊ လှိုင်၊ မာလာ၊ ဝင့်နှင့် စိုးတို့ ကိုလည်း မကြာခ ဏမဟုတ်တောင် ရံဖန်ရံခါတော့ အိပ်မက်ထဲမှာ တွေ့ဖူးလေသည်ပဲ။ သို့သော် အိပ်ရာက နိုးသည်နှင့်၊ သူတို့တွေ၏ အရိပ်သည် ခေါင်းထဲမှာရော၊ နှလုံးထဲမှာပါ ရေးရေးသော်မျှ ကျန်ရစ်လေ့ မရှိတော့။ ကိုယ့်ဘဝ၊ ကိုယ့်အဖော်၊ ကိုယ့်အတွယ်အတာများနှင့် ခံစား မြူးပျော်ရင်း အိပ်မက်ဖော်သည် ခေါင်းမော်နိုင်ခြင်း မရှိတတ်နိုင်သည်မှာ အမှန်။ “မြတ်”ကျမှ ရင်ထဲမှာ ဘယ်လိုက ဘယ်လို တင်ကျန်နေသည်ကို တွေးလို့ မရ။ သူ့နောက်က ရှစ်ယောက်နှင့် သူနှင့် ဘာများကွာလို့တုန်း။

ကိုယ့်ကိုယ်ကိုယ် ဒေါသဖြစ်ဖြစ်နှင့် ဆန်းစစ်နေမိရသည်။ ပြီးတော့လည်း “မြတ်”သည် ကိုယ့်အချစ်ဦးလို့လည်း သဲသဲကွဲကွဲ သတ်မှတ်၍ မရ။ သူ့ရှေ့မှာလည်း ကိုယ်သည် (လူပျိုပေါက်ပြီဆိုကတည်းက) မိန်းမ အတော်များများကို ချစ်ကြည့်ခဲ့နှင့်ပြီးသား ဖြစ်နေပြန်သည်။ ဒါဖြင့် “မြတ်”ကိုမှ ဘာကြောင့် တွယ်တာနေရပါလိမ့်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က “မြတ်”ကို အမှတ်မထင် ဖျတ်ခနဲ ဆုံလိုက် သေးသည်။ ထိုစဉ်က “မြတ်”မှာ ကိုယ်နှင့် ဘာညာသာရကာနေစဉ်တုန်းက “မြတ်”မဟုတ်တော့ပြီ။ ယခင်ကထက် နှစ်ဆမျှ အလျားလိုက် ဖွံ့ဖြိုးလာသော “မြတ်”အသစ်ကို တွေ့ရသည်။ သည်တုန်းကလည်း မက်မော စွဲလန်းဖွယ် မကောင်းတော့သော “မြတ်”ကိုပင်ဖြစ်လည်း မြင်ရုံနှင့် ရင်ခုန်နေမိခဲ့ဖူးသေးသည်။ မျက်လုံးချင်းပင် မဆိုင်ရဲခဲ့သည့်အဖြစ်။

ထားပါ… အဲဒီတုန်းက ကိုယ်သည် နှစ်ဆယ်ကျော်၊ အစိတ်မျှသာ ရှိသေးသော လူပျိုကိုယ်လွတ်ဘဝမို့ဟု ဖြေမည်ဆိုက ဖြေနိုင်ပါသေးသည်။

ခုကျတော့မှ… အင်း… မဖြစ်သင့်ပါ၊ ဖြစ်ကို မဖြစ်သင့်ပါ။

ခက်တာက မဖြစ်သင့်တာက ဓမ္မဖြစ်ပြီး ဖြစ်နေတာက ဘဝဟူ၍ ရှိနေခြင်းပင် ဖြစ်သည်။ သည်မှာတင် အနုလုံပဋိလုံ မိရချေပြီ၊

◙ ◙ ◙ ◙ ◙ ◙ ◙ ◙

စေ့စေ့တွေးတော့ ရေးရေးပေါ်လာသည်။ “မြတ်”နှင့် ပတ်သက်စဉ်က ကိုယ့်အသက်သည် ၂၀ မပြည့်တတ်သေး။ သူ့ရှေ့က ချစ်ဖူးသူတွေသည် ကိုယ့်တစ်ဖက်တည်းက အရူးအမူး စွဲလန်းပြီး လွမ်းခဲ့ရသူများသာဖြစ်၏။ ကိုယ့်ကို တုန့်ပြန်ချစ်ဖို့ကိုထား၊ ကိုယ်ချစ်နေမိသည်ကိုပင် နှုတ်မှ ပွင့်ပွင့်၊ ဖွင့်ဟ မပြောရဲ၊ မပြောရက်ခဲ့သူများသာ…။ သူတို့တွေသည် ကိုယ့်လက်ဝယ်သို့ နဂိုမူလကတည်းက ကျသက်မလာ။

ဟော… “မြတ်”နှင့်ကျမှ ကိုယ့်အချစ်ဘဝ ပီပီ စသည်။ “မြတ်”သည် ပညာသည်။ ကိုယ့်ကို ကလူ၏သို့ မြှူ၏သို့တွေ အမျိုးစုံ လုပ်နိုင်လွန်းခဲ့သည်။

ကြိုးပြတ်နေသော နွားမိုက် ကိုယ့်ကို လိုသလိုပိုင်ပိုင် ကြိုးရှည်ရှည်နှင့် လှန်နိုင်စွမ်းခဲ့သည်။ ကိုယ်ဆိုသည့် ကိုယ်ကလည်း ပါးစပ်ထဲသို့ လက်ညိုး ထည့်လျှင်ပင် မကိုက်တတ်ချင်သော ထိုခေတ် တွေ့ချစ်ကွဲလွမ်းဝ တ္ထု၊ ရုပ်ရှင်များထဲက ဇာတ်လိုက်လို အမူပိုကာ မောင်ချစ်ကြွေလေးဘဝနှင့်သာ ရောင့်ရဲနေခဲ့မိပါ သည်။

ယုတ်စွအဆုံး… “ဖေဖေ၊ မေမေတို့ရဲ့အလိုကို မြတ်ရဲ့အသည်းနှလုံးနဲ့ လဲလိုက်ပါရစေတော့ ကိုရယ်”ဟု “မြတ်”က ဆိုလာသောအခါတွင်ပင် ”မြတ်”၏ လက်ကလေးကို ဆွဲယူကာ ထိုလက်ကလေးကို မျက်ရည်စနှင့် ဖွဖွနမ်းရင်း လွမ်းချင်းချလျက် တစ်လှမ်းချင်း ကျောခိုင်းခဲ့သူအဖြစ်အထိ ကိုယ် ကြောင်စီစီ နိုင်ခဲ့သည်။

“မြတ်”လက်ထပ်သောနေ့တွင် အရက်ကလေး လက်နှစ်လုံးလောက်ကို ရေတစ်ပုံးလောက်နှင့် ရောသောက်ပြီး စိုးပိုင်၏ “အချစ်ဟောင်းရဲ့ လက်ထပ် မင်္ဂလာ” သီချင်းကို အော်ဟစ်ကာ မျက်ရည်ကျရသည်မှာလည်း ဪ… ထိုစဉ်ကတော့ အရသာ…

အသည်းကွဲဝေဒနာကို လမဆိုင်းမီ တစ်ပြိုင်နက် ကုစားပေးသူများကတော့ “နှင်းဆီ”နှင့် “ပြုံး”တို့ပင်ဖြစ်သည်။ သူတို့သည် ကိုယ့်ဝေဒနာကို အမာရွတ်မျှပင် မထင်ရစ်လေအောင် ကုစားပေးနိုင်ခဲ့ကြရုံမျှမက မိန်းမတို့၏ ဝင်္ကန္တအထွေထွေကို အရည်လည်အောင်ပင် သွန်သင်ပေးလိုက်ပါလေတော့ သည်တမုံ့။

ထိုအချိန်မှစ၍ ကိုယ်သည် အသည်းကွဲ(ချင်ယောင်ဆောင်) ရသည်ကို ပျော်တတ်လာသည်။ “နှင်းဆီ”မှ စလိုက်သည်မှာ နောက်ဆုံး “စိုး”အထိတိုင် မိန်းမတိုင်းကို လက်ဝယ်ပိုင်ပိုင် ရယူနိုင်ခဲ့သည်။

◙ ◙ ◙ ◙ ◙ ◙ ◙ ◙

ဒါပါပဲ… အမှန်ကတော့ ဒါပါပဲ… လူ့သဘာဝ ဆိုသည်က သည်သို့ပင် ဖြစ်သည်။ လုံးလုံးလျားလျား မရဖူးသောအရာ ဆိုလျှင်လည်း မက်မောမိရုံသာ မက်မောမိမည်။ ရချင်သလို ရှိချင်ရှိလိမ့်မည်။ သို့သော် တသသနှင့်တော့ မက်မပြေ ဖြစ်မနေ။ လက်ဆုပ် လက်ကိုင် ပိုင်ပိုင်နိုင်နိုင်ရဖူးသောအရာတစ်ခုခု ဆုံးရှုံးသွားလျှင်လည်း ထို့အတူပင် ဖြစ်သည်။ ဆုံးရှုံးရသည့်အတွက် ကြေကွဲမိမည်ကား မှန်သည်။ သို့သော် တသသနှင့်တော့ မက်မပြေ ဖြစ်မနေ။ အဲ… လုံးလုံး မရတာလည်း မဟုတ်၊ ရတော့လည်း ရလိုက်သည်။ လက်ဝယ် ပိုင်ပိုင် ဆုပ်ကိုင်နိုင်ခဲ့သလားဆိုတော့လည်း မဟုတ်ပြန်။ တစ်နည်းအားဖြင့်… အမြည်းသဘောနှင့် အာမစွတ် လျှာမစွတ်ကလေးမျှလောက်သာ ဖန့်တငံ့ငံ့ ခံစားဖူးလိုက်လို့ကတော့ဖြင့် တရှိုက်မက်မက်နှင့် ခံစားပေရော့… တစ်သက်လုံး မဆုံးစတမ်း…

◙ ◙ ◙ ◙ ◙ ◙ ◙ ◙

ကိုယ်သည် ဘဝင်မကျလှသော်လည်း ရွှင်ပျစွာဖြင့် တဒင်္ဂအာရုံများတွင် လိပ်ပြာသန့်စွာ ဆက်လက် ရင်ခုန်နေမိပေဦးတော့မည်။

လက်တွဲဖော် စာအုပ်တိုက်က ၂၀၀၄ ခုနှစ် ဇွန်လမှာ ထုတ်ဝေခဲ့တဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ (ကိုယ်တိုင်ကြုံဝတ္ထုတိုများ)” စာအုပ်မှ