Skip to content

Beauty is in the eye of the beholder.

21 July 2012
အတ္တကျော်ရဲ့ ဒုတိယ စာမူ။ လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က...

ဘယ်လို မြင်ပါသလဲ

တကယ်တော့ အရာတိုင်းဟာ ကိုယ်ဘယ်လိုကြည့်သလဲဆိုတာပေါ်မှာပဲ မူတည်နေတာပါနော်။

တစ်နေ့မှာ ကြွယ်ပိုးကြွယ်ဝ ဖခင်တစ်ဦးဟာ သူ့သားလေးကို တောအရပ်ဒေသတစ်ခုဆီ ခေါ်သွားပြီး လယ်ယာလုပ်ငန်းခွင်တွေကို ပြသတဲ့။ ရည်ရွယ်ချက်ကတော့ ဆင်းရဲချို့ငဲ့မှု အနေအထားကို သားငယ်လေး ကိုယ်တိုင်ကိုယ်ကျ တွေ့မြင် ခံစားရအောင်ဆိုတဲ့ စေတနာပေါ့။

အဲသလို တောလက်ဒေသကို သွားကြည့်ကြပြီး အိမ်ပြန်အရောက်မှာ ဖအေလုပ်သူက စကားစတယ်။

“ဘယ့်နှယ့်လဲ ငါ့သား၊ တို့သွားခဲ့တဲ့ တောကို မင်း ဘယ်လို မြင်လဲ”

“သိပ်နိပ်တာပဲအဖေ…”

“အေး… ဒါဆိုရင် ဆင်းရဲသားတွေ ဘယ်လိုနေရထိုင်ရတယ်ဆိုတာ သား မျက်ဝါးထင်ထင် မြင်ခဲ့ရမှာပေါ့…”

“ဟုတ်ကဲ့ပါ အဖေ”

“ဒါဆို သား ဘာတွေ မှတ်သားမိသလဲကွ၊ ဖေဖေ့ကို ပြန်ပြောပြစမ်းပါဦး…”

“ကျွန်တော် တွေ့ခဲ့တာလား။ ကျွန်တော်တို့ အိမ်မှာ ခွေးတစ်ကောင်ပဲ မွေးထားနိုင်တယ်၊ သူတို့ဆီမှာ လေးကောင်တောင် ရှိတယ် အဖေရ။ ပြီးတော့ ကျွန်တော်တို့ အိမ်မှာ ရေကူးကန် ပေါက်စလေးပဲ ရှိတယ်၊ ရေကူးလို့ ဖြစ်တယ် ဆိုရုံရယ်၊ သူတို့မှာကျတော့ဗျာ… အဆုံးအစ မရှိတဲ့ စမ်းချောင်းကြီးနဲ့၊ ကူးပါလေ့၊ စိတ်တိုင်းကျ။ ကျွန်တော်တို့ ခြံထဲမှာဆိုလည်း နိုင်ငံခြားက လာတဲ့ မီးဆိုင်းပန်းဆွဲတွေကို ဈေးကြီးပေးပြီး ဝယ်တပ်ထားရတယ်၊ သူတို့ကျတော့ ကြယ်တွေ တစ်ပုံကြီးနဲ့။ ကျွန်တော်တို့ အိမ်ရှေ့က ပန်းခြံနဲ့ မြက်ခင်းကိုလည်း ကျယ်လှပြီ မှတ်နေတာ၊ သူတို့အိမ်ရှေ့က လွင်ပြင်ကျတော့ ဟိုးမိုးကုပ်စက်ဝိုင်းအထိတောင် အဆုံး မရှိဘူး။ ကျွန်တော်ဖြင့် သူတို့ဘဝကို အားကျလိုက်တာ…”

သားလုပ်တဲ့သူက အဲသလိုလည်း ပြောလိုက်ရော ဖအေ့မှာ ပါးစပ် အဟောင်းသားနဲ့ စကားစ ရှာမရတော့အောင် ဖြစ်သွားသတဲ့။ သားတော်မောင်က ဆက်ပြောနေတယ်။ “ဖေဖေ့ကို သိပ်ကျေးဇူးတင်တာပဲ၊ ကျွန်တော်တို့ဘဝ ဘယ်လောက် ဆင်းရဲတယ်၊ ဘယ်လောက် ချို့ငဲ့နုံချာလှတယ် ဆိုတာကို လိုက်ပြပေးတဲ့အတွက် ဖေဖေ့ကို ကျွန်တော် ကျေးဇူးတင် ပါတယ်…”တဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။

အရာတိုင်းဟာ ကိုယ်ဘယ်လိုကြည့်သလဲဆိုတာပေါ်မှာပဲ မူတည်နေတယ်ဆိုတာ မမှန်ဘူးလားဗျာ။

ကိုယ့်မှာ ချစ်ခြင်းမေတ္တာတရားတွေ ရှိနေမယ်၊ မိတ်ဆွေ သူငယ်ချင်းတွေ ရှိနေမယ်၊ မိသားစုရှိမယ်၊ ကျန်းမာနေမယ်၊ ဟာသဓာတ်ခံလေးရှိမယ်၊ ပြီးတော့ ဘဝကို အကောင်းမြင်တတ်မယ်ဆိုရင် အရာရာ ပြည့်စုံနေမှာပါပဲ။

အဲဒီ့ချစ်ခြင်းမေတ္တာတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ နွေးထွေးတဲ့ မိသားစုတွေ၊ ကျန်းမာရေးတွေ၊ ဟာသဓာတ်ခံတွေ၊ အကောင်းမြင်နိုင်စွမ်းတွေကို ပိုက်ဆံနဲ့ ချိန်စက် တွက်ချက် ပုံပေးပြီး ဝယ်ယူလို့ မရနိုင်ပါဘူး။

ပိုက်ဆံတတ်နိုင်ရင် ရုပ်ဝတ္ထုပစ္စည်းတွေထဲက ကြိုက်သလောက်၊ စိတ်ကူးပေါက်ရင်ပေါက်သလောက် ဝယ်ယူနိုင်ပါတယ်။ အခုလက်ငင်း သုံးဖို့တင် မကဘူး၊ နောင် အနာဂတ်အတွက်ပါ ရုပ်ဝတ္ထုပစ္စည်း အမြောက်အမြားကို ဝယ်ယူသုံးစွဲနိုင်ပါတယ်။ ဒါပေမဲ့ “စိတ်”ဆိုတဲ့အရာလေးသာ ဆင်းရဲနေမယ်ဆိုရင် ငွေကြေးဥစ္စာတွေ အဘယ်မျှချမ်းသာနေပါစေ၊ ဘဝမှာ ချို့ငဲ့လို့နေတော့မှာ မလွဲဧကန်ပါပဲ။

မူရင်းစာက သည်အထိသာ ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး မူရင်းမပျက်အောင် ပြန်ဆိုတင်ပြလိုက်တာလည်း ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာ ကျွန်တော့်တပည့်လေးတစ်ယောက်က မကြာသေးခင်က သူစိတ်ကူးမိသမျှ မေးခွန်းထုတ်သွားတာလေးနဲ့ ဆက်စပ် ပြောပြချင်ပါတယ်။

သူက ကလေးနှစ်ယောက်ဖခင်ပါ။ သူကိုယ်တိုင်က တရား ဘာဝနာဘက်ကို စိတ်နည်းနည်းညွတ်လာလို့ ကိုယ်တိုင် အားထုတ်ကြည့်ချင်စိတ်ကလေး ဖေးဖေး ထနေတဲ့ အချိန်ပါ။ သည်အချိန်မှာ ရာသက်ပန် ရဟန်းဝတ် ဘဝကိုလည်း စိတ်ကူးကြည့်လိုက်ပုံရပါတယ်။ ခက်တာက ရဟန်းဝတ်လိုက်မယ်ဆိုရင် သူ့ဇနီးမယား၊ သမီးသားများအတွက် တာဝန်ကျေတဲ့သူ ဖြစ်ပါ့မလားဆိုပြီး လောကီရှုထောင့်က သူတွေးလိုက်မိပြီး အဲဒီ့မေးခွန်းကို မေးတာပါ။

မိဘတစ်ပါးအနေနဲ့ မိမိရဲ့ရင်သွေးတွေအတွက် ပညာတွေ သင်ပေး၊ လိုလေသေးမရှိ ဖြည့်စွမ်းပေးချင်တာဟာ မိဘမေတ္တာ၊ မိဘစေတနာမို့ ဘယ်လိုမှ ဥပါဒ်စရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် တစ်ဖက်က ပြန် စဉ်းစားကြည့်တဲ့အခါ မိမိရဲ့ရင်သွေးကိုဖြစ်စေ၊ မိမိချစ်တဲ့သားချင်း၊ သူငယ်ချင်းကိုဖြစ်စေ ပေးနိုင်တဲ့ အကောင်းဆုံး အမွေ၊ အကောင်းဆုံး လက်ဆောင်ဟာ ဘာလဲလို့ဆိုတာ ကျနသေချာ ဆန်းစစ်ကြည့်သင့်ပါတယ်။

ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်သူတစ်ယောက်အနေနဲ့ ပြောရရင်တော့ လောကမှာ အကောင်းဆုံးအရာဆိုတာ နိဗ္ဗာန်ချမ်းသာသာ ဖြစ်ပါတယ်။ မိမိချစ်တဲ့ မိဘကိုပဲ ဖြစ်ဖြစ်၊ သားသမီးကိုပဲဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်းကိုပဲဖြစ်ဖြစ် အကောင်းဆုံး၊ အမွန်မြတ်ဆုံးကို ပေးချင်ရင် လောကီ ချမ်းသာထက် လောကုတ္တရာ ချမ်းသာဆီကို လက်တွဲခေါ်သင့်လှပါ တယ်။ လောကီ စည်းစိမ်ချမ်းသာတွေကိုသာ ဖိပေးနေခြင်းဟာ မိမိချစ်တဲ့သူများကို ဘဝတဏှာ ပိုမကြီးကြီးအောင်၊ သံသရာ ဝဋ်ဆင်းရဲမှာ ကြာသည်ထက် ကြာကြာနေဖြစ်အောင် တစ်ဖက်လှည့်နဲ့ စောင်မပေးရာ ရောက်နေပါတယ်။

ကျွန်တော့်မိတ်ဆွေ ဖိလစ်ပိုင်သူလေး ပို့ပေးလိုက်တဲ့ စာလေးထဲမှာလည်း ပါပါတယ်။ “စိတ်”ဆိုတဲ့အရာ ချမ်းသာမှ၊ စိတ်ကလေး ငြိမ်းချမ်းမှ ဘဝရဲ့သုခကို ခံစားရတာပါ။ အဲဒီ့စိတ်ကို ချမ်းသာအောင်၊ ဘဝဆိုတဲ့သုခကို ခံစားတတ်အောင် မိတ်ဆွေသူငယ်ချင်းတွေ၊ သွေးရင်းသားချင်းတွေ၊ မိမိရဲ့ အရင်းအချာတွေကို မျှဝေပေးသင့်တယ်လို့ ကျွန်တော်ကတော့ ယုံပါတယ်။ ဒါမှလည်း မှန်မှန်ကန်ကန် ချစ်ရာရောက်မှာပါ။

ကျွန်တော့်ဆီရောက်လာတဲ့ စာလေးတစ်စောင်ရယ်၊ ကျွန်တော့်ကို မေးသွားတဲ့ မေးခွန်းတစ်ခွန်းရယ်ကို အကြောင်းပြုပြီး စာဖတ်သူအများ စဉ်းစားကြည့်နိုင်အောင် ချပြလိုက်တာပဲဖြစ်ပါတယ်။

ဘယ်လိုမြင်သလဲ ဆိုတာကတော့ စာဖတ်သူတစ်ဦးချင်းစီရဲ့ နှလုံးနဲ့ သက်ဆိုင်ပါလိမ့်မယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်
အလင်းတန်းဂျာနယ်၊ ဝ၇-ဝ၂-ဝဝ

(Copy & Paste ဖြင့် ကူးယူဖော်ပြလိုသူများ  [အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ] လို့
တစ်ဆိတ် ဖော်ပြပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျား။)
Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: