Skip to content

A Lesson for the Day

22 July 2012
အတ္တကျော်ရဲ့ တတိယ စာမူ။ လွန်ခဲ့တဲ့ ၁၂ နှစ် (တစ်ဆယ့်နှစ်နှစ်) ကျော် အထက်ကာရီက...

တစ်နေ့တွက်တာ သင်ခန်းစာ

တစ်ခါတစ်လေကျတော့ လူတွေဟာ ကိုယ့်ဘဝထဲကို ဖျိုးခနဲ ဖျတ်ခနဲ ဝင်ရောက်လာတတ်တယ်။ အဲသလို ရောက်လာတဲ့အခါမှာ ကိုယ်ကလည်း တစ်ခါတည်းကို တန်းသိလိုက်တယ်။ သည်လူဟာဖြင့် ကိုယ့်အတွက် လိုအပ်လို့ ရောက်လာတဲ့သူပဲ၊ ဒါမှမဟုတ်လည်း ကိုယ့်အတွက် တစ်စုံတစ်ရာ ဆောင်ရွက်ပေးဖို့ ရောက်လာတာပဲ၊ ဒါမှမဟုတ် ကိုယ့်ကို သင်ခန်းစာ ပေးဖို့ ရောက်လာပေတာပဲ၊ အဲသလိုတွေမှ မဟုတ်လည်း ကိုယ်ဟာ ဘယ်လိုလူ ဆိုတာ၊ ဘယ်လိုဘဝကို ရောက်ချင်တယ်ဆိုတာ ကိုယ့်ဘာသာ သိသွားဖို့ အရေးမှာ စောင်မပေးဖို့ ရောက်လာတာမျိုးလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။

ဒါပေမဲ့ အဲသလို ကိုယ့်အတွက် သက်သက် ရောက်လာမယ့်သူဟာ ဘယ်သူဆိုတာတော့ ကိုယ်ကိုယ်တိုင်က ဘယ်တော့မှ တင်တင်ကြိုကြို သိမထားနိုင်ပြန်ဘူး။ အဲဒီ့လူဟာ ကိုယ့်အခန်းဖော်ရင်လည်း ဖြစ်ချင်ဖြစ်မယ်၊ အိမ်နီးနားချင်းရင်လည်း ဖြစ်ချင်ဖြစ်မယ်၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ချင်ဖြစ်မယ်၊ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းရင်လည်း ဖြစ်ချင်ဖြစ်မယ်၊ ကိုယ့်ချစ်သူလည်း ဖြစ်ချင်ဖြစ်မယ်၊ ယုတ်စွအဆုံး သူစိမ်းတရံဆံလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။

ဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ၊ သူ့ကို စေ့စေ့ကြည့်လိုက်မိတာနဲ့ တစ်ပြိုင်နက် သည်လူဟာဖြင့် ကိုယ့်ဘဝကို အကြီးအကျယ် လွှမ်းမိုးသွာျးတာ့မယ်ဆိုတာ ချက်ချင်း တန်းသိနိုင်ပါတယ်။

တစ်ခါတစ်ခါများဆိုရင် ကိုယ့်မှာမှ ရွေး ဖြစ်နေတဲ့အဖြစ်တွေဟာ တုန်လှုပ်စရာ၊ နာကျင် ထိခိုက်စရာတွေ ဖြစ်နေတဲ့အပြင် အစအဦးမှာတော့ လောကကြီးဟာ မတရားဘူးလို့ တွေးချင်စရာ ကောင်းနေလောက်အောင် ဆိုးရွားနေတတ်ပါတယ်။ ဒါပေမဲ့ အဲသလို အမှောင့် ပယောဂတွေသာ မရှိဘူးဆိုရင် ကိုယ့်အရည်အသွေး၊ ကိုယ့်အစွမ်းအစ၊ ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်နှလုံးသားကို ဘယ်လိုမှ ကိုယ့်ဘာသာ ဝေခွဲနိုင်မှာ မဟုတ်ပါဘူး။

အမှန်ကတော့ ဘဝမှာ အရာတိုင်း၊ အဖြစ်တိုင်းဟာ သူ့အကြောင်းနဲ့ သူ ဖြစ်သင့်လို့ ဖြစ်နေတာချည်းပါပဲ။ ဘယ်အရာကမှ အလကားနေရင်း ထ ဖြစ်နေတာ မဟုတ်သလို ကံကောင်းလို့၊ ကံစွပ်လို့ ဖြစ်နေတာမျိုးလည်း မဟုတ်ဘူး။ ဖျားနာတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ချစ်ခင်စုံမက်တာ၊ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းကုန်တာ၊ ညံ့ဖျင်း သေးသိမ်တာ အစရှိတဲ့ အရာအားလုံးဟာ ကိုယ့်လိပ်ပြာရဲ့အစွမ်းအစတွေကို စမ်းသပ် စစ်ဆေးဖို့ ပေါ်ပေါက်နေတဲ့ အရာတွေပါပဲ။ အဲလို အစမ်း စာမေးပွဲလေးတွေသာ မရှိဘူးဆိုရင် ဘဝဆိုတာကြီးက ချောမွေ့၊ ဖြောင့်တန်း၊ ညီညာတဲ့ လမ်းမကြီး ဖြစ်နေပြီး ဦးတည်ချက်တွေ ကင်းမဲ့ကုန်တော့မှာပေါ့။ စိတ်လက်ချမ်းသာစွာနဲ့ စိတ်ချလက်ချ လျှောက်လှမ်းရတဲ့ ဘဝမျိုးကြီးဖြစ်နေမှာတော့ မှန်တယ်၊ ဒါပေမဲ့ ပျင်းစရာ၊ ငြီးငွေ့စရာ ပိုကောင်းနေတော့မှာလည်း အမှန်ပဲ။

ကိုယ့်ဘဝကို ပြောင်းလဲစေတဲ့သူတွေ၊ ကိုယ့်ကို အောင်မြင်အောင် ပံ့ပိုးပေးတဲ့သူတွေနဲ့ ကိုယ့်ကိုကျဆုံးအောင် အဆင်းမှာ ဘီးတပ်ပေးတဲ့သူတွေ အပါအဝင် အားလုံး အားလုံးသော လူများဟာ ကိုယ့်ကို ကူညီတဲ့သူတွေချည်းပါပဲ။

ဘယ်လို ကူညီတာလဲ၊

ကိုယ့်ကို ဘဝမှာ အခုလို အလိုက်အထိုက် နေတတ်လာအောင်၊ တစ်နည်းမဟုတ် တစ်နည်း ကူညီနေတဲ့သူချည်းပါပဲ။

အဆိုးရွားဆုံး အတွေ့အကြုံများထဲကတောင်မှ ယူတတ်ရင် မှတ်စရာ ချည်းပါပဲ။ တကယ်တော့ အဲဒီ့အဆိုးဆုံး အတွေ့အကြုံတွေဟာ ဘဝမှာ အရေးအကြီးဆုံးနဲ့ အနက်နဲဆုံးလည်း ဖြစ်ပါတယ်။

တစ်ယောက်ယောက်က ကိုယ့်ကို နာကျင်အောင် လုပ်လိုက်တယ်၊ ဒါမှမဟုတ် သစ္စာဖောက်သွားတယ်၊ ဒါမှမဟုတ် အသည်းကွဲအောင် လုပ်လိုက်တယ်ဆိုရင် အဲဒီ့လူကို ခွင့်လွှတ်လိုက်စမ်းပါ။ ကျေးဇူးလည်း တင်လိုက်စမ်းပါ။ သူသင်ပေးလို့ “ယုံကြည်မှု”ဆိုတာရဲ့ အခန်းကဏ္ဍကို ကိုယ် နားလည်လိုက်ရတယ်။ ဒါတင်မကသေးဘဲ ကိုယ့်ရဲ့ စိတ်ရော ကိုယ်ပါ နှစ်ပြီး ယုံမှတ် ပေါင်းသင်းတတ်တဲ့ အကျင့်စရိုက်ကို နောင်လွဲ နောင်ခါမှာ သတိလေးနဲ့ ဆင်ဆင်ခြင်ခြင် ထိန်းထိန်းသိမ်းသိမ်း ထုတ်သုံးတတ်အောင် သင်ပေးရာ ရောက်ခဲ့တယ် မဟုတ်လား။

တကယ်လို့ တစ်ယောက်ယောက်က ကိုယ့်ကို နှစ်နှစ်ကာကာ ချစ်ခင်တယ်ဆိုရင် ကိုယ်ကလည်း သူ့ကို အကြွင်းမဲ့ ပြန်ချစ်လိုက်စမ်းပါ။ ကိုယ့်ကို ချစ်ဖော်ရလို့ ပြန်ချစ်တာ မဟုတ်ဘူးနော်။ သူက ကိုယ့်ကို ချစ်တတ်အောင် သင်ပေးလို့၊ အရာရာကို ချစ်ခင်စိတ်လေးနဲ့ နှလုံးသွင်းနိုင်အောင် ကိုယ့်နှလုံးသားနဲ့ ကိုယ့်မျက်လုံးတွေကို ဖွင့်ပေးလို့ ပြန်ချစ်ပါလို့ ပြောရတာပါပဲ။

နေ့တိုင်းနေ့တိုင်းကိုလည်း တန်ဖိုးထားသင့်ပါတယ်။ အချိန်တိုင်းကိုလည်း တန်ဖိုးထားပါ။ အချိန်တိုင်းမှာ ရလာသမျှ အတွေ့အကြုံကိုလည်း အမိအရ ယူသင့်တယ်။ ဘာလို့လဲဆိုတော့ အခု ကြုံလိုက်ရတဲ့ အတွေ့အကြုံကို နောက်ဆယ်မိနစ်မှာ ထပ်ကြုံချင်လို့ မရတော့ဘူးလေ။

အရင်က တစ်ခါမှ အဖက်လုပ် စကားမပြောခဲ့ဖူးတဲ့သူတွေနဲ့ စကား ပြောကြည့်ပါဦး။ ပြီးရင် သူတို့ ပြောသမျှကိုလည်း စိတ်ပါလက်ပါ နားထောင်ကြည့်လိုက်ပါဦး။

တစ်ဖက်သားကို ပုံပြီးချစ်လိုက်ပါ။ စိတ်ကိုလည်း လွှတ်ပေးလိုက်ပါ။ နောက်ပြီး ကိုယ့်အမြင်တွေကိုလည်း မြင့်မြင့်လေး ထားလိုက်စမ်းပါ။ ခေါင်းထောင်ပြီး နေလိုက်စမ်းပါ။ အဲလိုနေဖို့ ပိုက်ဆံပေးရတာမှ မဟုတ်တာ၊ ခပ်မော်မော်၊ ခပ်မော့မော့လေး နေလိုက်ပါ။

ပိုက်ဆံမပေးရတဲ့အတူတူ ကိုယ့်ကိုယ်ကိုယ်လည်း “ငါဟာ အင်မတန် တော်တဲ့ လူသားတစ်ယောက်ပဲ”လို့ပြောပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ စိတ်တွေ မွေးလိုက်ပါဦး။ ကိုယ့်ကိုယ်ကိုယ်မှ မယုံဘူးဆိုရင် တခြားလူတွေက ယုံကြည်လာဖို့ အင်မတန် ခဲယဉ်းနေတတ်တာကို သတိချပ်စေချင်ပါတယ်။

အဲလိုသာ နေမယ်ဆိုရင် ဘဝမှာ အလိုရှိသမျှ၊ တောင့်တသမျှ အစစ ပြည့်စုံလာတော့မှာ မလွဲဧကန်ပါပဲ။

လူဆိုတာ ကိုယ့်ဘဝ ကိုယ်ဖန်တီးကြစမြဲမို့ ကိုယ့်ဘဝကို ကိုယ်တိုင် ဖန်တီးလိုက်စမ်းပါ။ ကိုယ် ဖန်တီး ထူထောင်လိုက်တဲ့ ဘဝထဲကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် နေထိုင်စမ်းပါ။ နောင်တဆိုတာကို ဘဝအဘိဓာန်ထဲက အပြီးတိုင် မောင်းထုတ်လိုက်ဖို့ကိုလည်း မမေ့နဲ့ဦးနော်။

အရေးကြီးဆုံးကတော့ တစ်ယောက်ယောက်ကို ခင်မင်တယ်၊ ချစ်နေတယ်၊ မေတ္တာရှိနေတယ်ဆိုရင် အခုချက်ချင်းသာ သွားပြောလိုက်ပါ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ကိုယ်မှ မသေချာတဲ့ အတူတူ အခုလက်ငင်း စာရင်းရှင်းထားလိုက်ဖို့ လိုတယ်နော်။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ အသက်ရှင်လျက် ရှိနေသေးသမျှ ကိုယ်နေခွင့်ရလိုက်တဲ့ တစ်နေ့စီ၊ တစ်နေ့စီမှာ သင်ခန်းစာတစ်ခုစီ တစ်ခုစီ ရအောင်ယူတတ်ဖို့ပါပဲ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်
အလင်းတန်းဂျာနယ်၊ ၁၄-ဝ၂-ဝဝ

Copy & Paste နဲ့ ကူးယူ လက်ဆင့်ကမ်းလိုသူများ [အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ] လို့ 
တစ်ဆိတ် ထည့်သွင်းပေးပါရန် လေးစားစွာ ပန်ကြားပါရစေ။
Advertisements
2 Comments leave one →
  1. nan may thandar zaw permalink
    24 July 2012 3:43 pm

    လေးစားရသောဆရာ
    ဆရာရေးတဲ့ စာတွေ အရမ်းကို ကောင်းပါတယ်။ ဆရာ့စာအုပ် ထွက်ပြီးတဲ့စာအုပ်တွေကို ၀ယ်ဖတ်ပါတယ်။ ဆရာရေးတဲ့စာတွေက သတ၊ ရသ များစွာ ရစေပါတယ်။ မဂ္ဂဇင်း၊စာစောင်တွေမှာလည်း အမြဲဖတ်ပါတယ်။ ဆရာ့စာအုပ်တွေကို ထပ်ခါ ထပ်ခါ ဖတ်ပါတယ်။ မှတ်လည်း မှတ်ပါတယ်။
    ဆရာ့စာတွေကို အစဉ်အမြဲဖတ်နေတဲ့ စာဖတ်သူတစ်ဦး…

    • lettwebaw permalink*
      24 July 2012 3:46 pm

      ဟုတ်ကဲ့ပါ။ အခုလို အားပေးတဲ့အတွက် အထူး ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: