Guidelines on Life

အတ္တကျော်ရဲ့ လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်ကျော်က လက်ရာ...

ဘဝလမ်းညွှန်

၁။    ချစ်ခြင်းမေတ္တာရယ်၊ အောင်မြင်မှုရယ်ဆိုတာကို ရရှိဖို့အတွက် ဘဝမှာ ပေးဆပ်ရတဲ့အရင်းအနှီးတွေက သိပ်ကြီးတတ်တာကို ဘယ်တော့မှ မမေ့အပ်ဘူး။

ဟုတ်ပါရဲ့နော်။ အချစ်တစ်ခုကို ရဖို့အတွက် ပေးဆပ်ရတဲ့ အရင်းအနှီးက နည်းမှတ်လို့။ အချစ်စစ်ဆိုရင် ပိုတောင် ခက်သပေါ့။ တချို့များဆိုရင် သေသာသွားတယ်၊ အချစ်အစစ်နဲ့ ဆုံခွင့်ကို မကြုံလိုက်ရဘူး။ သိုးဆောင်း ဆိုရိုးတစ်ခုကိုတောင် သတိရမိပါသေးတယ်။ “အချစ်စစ်ဆိုတာ သရဲတစ္ဆေလိုပဲ။ လူတိုင်းက သရဲတစ္ဆေအကြောင်း ပြောတတ်ကြသလောက် တကယ် တွေ့ဖူးသလားဆိုတော့ ဘယ်သူမှလည်းတွေ့ဖူးတာမျိုး မဟုတ်ဘူးလေ”တဲ့။

အဲလိုပါပဲ။ အောင်မြင်မှုတစ်ခုခုကို ရဖို့အတွက် ပေးဆပ်ရတဲ့ အရင်းအနှီးကလည်း သိပ်ကြီးပါတယ်။ တချို့က ပြောကြတယ်၊ ဟိုလူကွာ၊ အပေါင်းအသင်းကောင်းလို့၊ အကပ်အရပ်ကောင်းလို့ နေ့ချင်းညချင်း ချမ်းသာသွားတာတဲ့၊ ကံစွပ်လို့ပါကွာတဲ့။ ဒါပေမယ့် စဉ်းစားကြည့်ပါ၊ အဲလိုလူမျိုးမှာတောင် သူပေးဆပ်လိုက်ရတဲ့ အရင်းအနှီးထဲမှာ သိက္ခာတွေ၊ အတ္တမာနတွေ၊ ကိုယ်ကျင့်တရားတွေပါ ပါသွားတာမို့ သူ့အရင်းအနှီးကလည်း မသေးပါဘူး။

၂။    ဆုံးရှုံးမှုနဲ့ ကြုံရတဲ့အခါ သင်ခန်းစာကိုပါ အဆုံးရှုံးမခံပါနဲ့။

ဟုတ်ပါရဲ့။ ဘဝမှာ ဆုံးရှုံးမှုဆိုတာကို ထင်းခွေမကြုံ၊ ရေခပ်ြုကံ ရမှာက လူတိုင်းပါ။ အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါ သင်ခန်းစာ ယူတတ်ရင် အရှုံးထဲက အမြတ်ထွက်မှာ သေချာပါတယ်။ ဒါကြောင့် အရှုံးနဲ့ ကြုံရသည့်တိုင် အဲဒီ့အရှုံးထဲက သင်ခန်းစာကို လက်လွတ်မခံမှ လူဆက်လုပ်လို့ ကောင်းနေမှာပါ။

၃။    ဘဝရဲ့ ရွှေဥပဒေသုံးရပ်ကတော့…
    (က)    မိမိကိုယ်ကို လေးစားပါ။
    (ခ)    သူတစ်ပါးကို လေးစားပါ။
    (ဂ) ကိုယ်လုပ်သမျှ အရာအားလုံးအတွက် တာဝန်ယူပါ။

လူတွေဟာ မိမိကိုယ်ကို ရိုသေလေးစားရဲ့လားလို့ စဉ်းစားမိနေတာ ကြာပါပြီ။ ကိုယ့်ကိုယ်ကိုယ် လေးစားတတ်တဲ့သူမှ တစ်ဖက်သားကို လေးစားတတ်မယ်။ ဒါပေမယ့် ကိုယ့်အတွက် တစ်ကွက်မချန်ဘဲ၊ ရိုးရိုးသားသား စဉ်းစားကြည့်စေချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိရဲ့ လားလို့။

အာရုံနောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်း ထင်ရာလုပ်မိနေတဲ့အခါ၊ မတရားမှန်းသိပေမယ့် ငါစွဲလေးနဲ့ ထင်တိုင်းကျဲပြီး မသိချင်ယောင်ဆောင်မိသွားတဲ့အခါ၊ စိတ်နဲ့လူနဲ့ မမြဲဘူးကွာဆိုပြီး ယောက်မ ခါးကြားထိုးရင်း လိုက်ရှာနေမိတဲ့အခါမျိုးတွေမှာ မိမိကိုယ်ကို တကယ် လေးစားမိပါရဲ့လား။

တစ်ဆက်တည်းမှာပဲ သူတစ်ပါးကိုရော ကိုယ်က လေးလေးစားစား ဆက်ဆံမိသလားဆိုတာကို စဉ်းစားကြည့်ပါဦး။ လေးလေးစားစား ဆက်ဆံဖို့ နေနေသာသာ တစ်ဖက်လူရဲ့ စကားကို ဆုံးအောင် နားထောင်ပေးဖို့လေးတောင် စိတ်မရှည်ချင်တတ်တဲ့ ကိုယ့်စိတ်ကို ပြန်သတိထားမိရင် သည် အချက်ဟာ လေးနက်နေမှာပါ။

နောက်ဆုံးတစ်ချက်ဖြစ်တဲ့ ကိုယ်လုပ်သမျှ အရာအားလုံးအတွက် ကိုယ်ကိုယ်တိုင် တာဝန်ယူဖို့ကတော့ လူလုပ်ရာမှာ အခက်အခဲဆုံးကိစ္စပါပဲ။ လူဆိုတာက ကိုယ့်အတွက်တစ်ကွက် ချန်တတ်တဲ့အမျိုးတွေချည်း ဖြစ်နေတာကိုး။ ထစ်ခနဲရှိ ဟိုလိုဖြစ်လို့။ ဟိုလူ့ကြောင့်၊ ဟိုဟာကြောင့်ဆိုပြီး ကိုယ်တိုင် တာဝန်ယူဖို့ထက် တစ်ခုခု၊ တစ်ယောက်ယောက်အပေါ် ပုံချဖို့ ဝသီပါနေတာ လူတွေပါပဲ။

ဒါပေမယ့် တာဝန်ယူတတ်တဲ့ စိတ်ကလေးသာ မွေးယူနိုင်မယ်ဆိုရင် ဘဝမှာ အရာရာ လေးနက်လာမယ်။ မိမိကိုယ်ကို လေးစားစိတ်လည်း တိုးပွားလာမယ်၊ အများကလည်း ကိုယ့်အပေါ် လေးစားလာပါလိမ့်မယ်။ ဘဝအဓိပ္ပာယ်နဲ့ ဘဝတန်ဖိုးကလည်း တက်လာမှာ အမှန်ပါပဲ။

၎။    တစ်ခါတလေ လိုချင်တာမရလိုက်တာဟာ ကံကောင်းခြင်း တစ်မျိုးပဲဆိုတာလည်း မမေ့ပါနဲ့။

ဟုတ်ပ။

ဆင်ဖြူတော်နဲ့ ကြွက် ဘယ်သင်းကို ပိုလိုချင်မှာလဲ။ ရှင်းပါတယ်နော်။ ဒါပေမယ့် တစ်ခါတလေ ကိုယ်လိုချင်နေတာက ကြွက်ဖြစ်နေပြီး မရလိုက်တော့ ကိုယ့်မှာနင့်နင့်နဲနဲ ခံစားလို့။ နောက်ကျမှ ဆင်ဖြူတော်ကြီး ဝင်လာတာ တွေ့ပြီး ကြွက်မဝင်ခဲ့တာပဲ ခပ်ကောင်းကောင်းလို့ ပြန်တွေးနေမိတတ်တယ်။ ကံဖယ်တယ်ဆိုတဲ့ စကားကို လိုချင်တာ မရတဲ့အခါတွေမှာလည်း သတိထားမိဖို့ လိုတာပေါ့နော်။

၅။    ဘဝရဲ့စည်းမျဉ်းဥပဒေတွေကို ကြေညက်စွာ နားလည်နေပါစေ။ ဒါမှ စနစ်တကျ ချိုးဖောက်တတ်နေမှာ။

အားပါး၊ တယ်ကောင်းတဲ့စကား။ အခုခေတ်လူငယ်တွေ ကြိုက်နေတဲ့ “အော်လ်တာ” (alternative) ပါပဲ။

အနုပညာပုံစံသစ်တစ်ခုဖြစ်တဲ့ alternative ဆိုတာ စည်းကမ်းတွေကို ကြေကြေညက်ညက် သိပြီးမှ အဲဒီ့စည်းကမ်းတွေကို စနစ်တကျ ချိုးဖျက် ဖန်တီးယူတာမျိုးပါပဲ။ သမားရိုးကျအတိုင်း မဟုတ်ဘဲ လမ်းခွဲထွက်တဲ့ အနုပညာပုံစံလို့လည်း ပြောလို့ရမယ် ထင်ပါတယ်။

ထားပါတော့၊ ဘဝမှာလည်း တစ်ခါတစ်ခါကျ စိတ်အလိုလိုက်ပြီး စည်းကမ်းဖောက်ချင်တတ်တဲ့သူချည်းပါပဲ။ ဒါပေမယ့် စည်းကမ်းကို မကြေရင်၊ မညက်ရင် အဲလို စည်းကမ်းဖောက်တဲ့အခါတွေမှာ စည်းလွတ်ဝါးလွတ် ပရမ်းပတာ ဖြစ်နေတတ်တယ်။ စည်းကမ်းကို ညက်တဲ့သူတွေ စည်းကမ်း ဖောက်တဲ့အခါကျတော့ သပ်သပ်ရပ်ရပ်ကလေးနဲ့ ဘာအစမှ မကျန်ရစ် တ်ဘူး။ အဲတော့ လူ့ဘဝမှာ ပုထုဇဉ်စစ်တဲ့လူအဖြစ် ရပ်တည်ချင်တယ် ဆိုရင်တော့ ဘဝရဲ့ ဥပဒေဿတွေကို ကြေနေရမှာပေါ့နော်။

၆။ ဘာမဟုတ်တဲ့ သဘောထားကွဲလွဲမှုလေးတစ်ခုကြောင့် ခိုင်မြဲတဲ့ သံယောဇဉ်ကို ထိခိုက်မသွားပါစေနဲ့။

ဒါလည်း စဉ်းစားသင့်တဲ့အချက်ပါပဲ။ စိတ်အလို၊ ငါစွဲ၊ နိုင်ချင်တဲ့ ဆန္ဒလေးတစ်ခုကြောင့် ပြတ်တောက်သွားတဲ့သံယောဇဉ်တွေ၊ စိမ်းတိမ်းတိမ်း၊ ဆတ်တတ်တတ် ဖြစ်သွားရတဲ့ ဆက်ဆံရေးတွေကို ပြန်ငဲ့ကြည့်ရင် ဘာမဟုတ်တဲ့ သဘောထားကွဲလွဲမှုလေးတစ်ခုကြောင့် ဖြစ်နေတာ တွေ့ရမှာပါ။

ငါ့နှယ်ကွာ၊ မဖြစ်လိုက်ရင် အကောင်းသားလို့ နောင်လွဲနောင်ခါမှ တွေးမိနေတာထက်စာရင် သံယောဇဉ်ကို တန်ဖိုးထားပြီး ကွဲလွဲမှု အသေး အမွှားလေးတွေကို ရှောင်နိုင်အောင် သတိလေးနဲ့ အားထုတ်နေမယ်ဆိုရင် နေရတဲ့ဘဝမှာ သံယောဇဉ်များစွာနဲ့ ထုံမွှမ်းပြီး သာယာနေမှာ မလွဲဧကန်ပါပဲလေ။

၇။ အမှားတစ်ခု ကျူးလွန်လိုက်မိမှန်း သတိထားမိသွားတာနဲ့ ပြင်ဖို့ ချက်ချင်း ကြိုးစားပါတော့။

တစ်ခါတလေကျ မှားမှန်းသိလျက်နဲ့ ဇွတ်တိုးမိတတ်တာလည်း လူ့သဘာဝတစ်ခုပဲ။ မှားမှန်း သိသိချင်း ပြင်ဖို့ဆိုတာကလည်း ခက်ခဲတဲ့ အလုပ်တစ်ခုပါပဲနော်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ပြင်နိုင်မယ်ဆိုရင်တော့ နေပျော်တဲ့ ဘဝလမ်းကြောင်းပေါ် ပြန်ရောက်လာမှာပါပဲ။

၈။ ကိုယ့်တစ်ယောက်တည်းနေတဲ့ အချိန်လေးတစ်ချိန်တော့ နေ့တိုင်း ရှိပါစေ။

လူဆိုတာ တစ်ယောက်တည်း မနေတတ်တဲ့ သတ္တဝါဆိုတာတော့ မှန်တယ်။ ဒါပေမယ့် တစ်နေ့မှာ တစ်ခါတော့ ကိုယ့်ဘာသာ တစ်ယောက်တည်း နေကျင့်လေး ရှိနေဖို့လိုတယ်။ တစ်ယောက်တည်း ငြိမ်ငြိမ်လေးနေပြီး ကိုယ့်ကိုယ်ကိုယ် ပြန် သုံးသပ်ရင်သုံးသပ်၊ မသုံးသပ်လည်း တွေးချင်ရာ တွေးနေဖို့ အချိန်လေးပေါ့။ အဲဒါလေးရှိနေမှ နေရတာ နိပ်တာ။

၉။ အပြောင်းအလဲကို ရင်ဖွင့်ပြီးကြိုလိုက်စမ်းပါ။ ဒါပေမယ့် ကိုယ့်တန်ဖိုးတွေကိုတော့ ချမပစ်ကြေးနော်။

အပြောင်းအလဲဆိုတာ အခါခပ်သိမ်းဖြစ်နေတာပဲ။ တရားသဘောနဲ့တော့ အနိစ္စလေ။ ဒါပေမယ့် အနိစ္စဆိုပြီး ထင်တိုင်းကျဲလိုက်ရင် မှားသွားမှာပေါ့။ အဲတော့ ဘဝမှာ ကိုယ်က ဘယ်ဟာကို တန်ဖိုးထားသလဲ၊ အဲဒီ့ တန်ဖိုးကိုတော့ အပြောင်းအလဲကြောင့် ဈေးလျှော့လိုက်ဖို့ မလိုဘူးဆိုတဲ့ သဘောပါပဲ။

၁၀။    တစ်ခါတလေကျတော့လည်း ဆိတ်ဆိတ်နေလိုက်ခြင်းဟာ အကောင်းဆုံး အဖြေပဲဆိုတာကို သတိရပါ။

နှုတ်ကြောင့် သေရတဲ့အခါတွေမှာ ငါ့နှယ်နော်၊ ဘာမှ ပြန်မပြောလိုက်မိရင် အကောင်းသားလို့ တွေးမိဖူးကြမယ် ထင်ပါတယ်။ အဲသလို အခါမျိုးတွေ နည်းပါးသွားအောင် ရံဖန်ရံခါ ခပ်မဆိတ်နေတဲ့ အကျင့်လေးကို မွေးယူရမှာပေါ့နော်။

၁၁။    ဘဝကိုကောင်းကောင်းမွန်မွန်၊ သိက္ခာရှိရှိ ထူထောင်ပါ။ ဒါမှလည်း အသက်ကြီးလာလို့ ကိုယ့်ဘဝကိုယ် ပြန်ငဲ့စောင်းကြည့်တဲ့အခါ ဒုတိယမ္ပိ ကြည်နူးမိမှာလေ။

ထင်ရာကျဲပြီး လွဲခဲ့သမျှကို အသက်ကြီးမှ ပြန်စဉ်းစားမိရင် ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နိုင်မှာတဲ့လဲ။ ဒါ သိပ် သေချာတာပေါ့။ ကိုယ့်လိပ်ပြာက ကိုယ့်ပြန်ချောက်လို့ သေရာညောင်စောင်းမှာ အယူတိမ်းရတဲ့သူတွေလည်း လောကမှာ အများကြီး။ အဲတော့ မိမိဘဝမှာ လိပ်ပြာသန့်သန့်နဲ့ နေနိုင်ဖို့ အစောကြီးကတည်းက ကိုယ့်ဘဝကို ကောင်းကောင်းမွန်မွန်၊ သိက္ခာရှိရှိ ထူထောင်ထားနိုင်ဖို့ သိပ်အရေးကြီးတာပေါ့။

၁၂။    အိမ်တွင်းရေး သာယာမှုဟာ ဘဝအတွက် အခြေခံအုတ်မြစ်ပါပဲ။

လူတွေ ဘာကြောင့် ထင်ရာလုပ်မိတတ်ကြသလဲ။ အိမ်တွင်းရေး မသာယာလို့ပေါ့။ အဖေနဲ့အမေနဲ့က တစ်ချိန်လုံး ကတောက်ကဆဖြစ်ပြီး အိမ်ပူနေရင် ကလေးတွေ ဘယ်အိမ်ကပ်ချင်တော့မလဲ၊ လမ်းပေါ် ရောက်သွားမယ်၊ ထင်ရာစိုင်းကြမယ်။ မယားလုပ်သူက ပူညံပူညံလုပ်ရင် လင်သားလည်း ဘယ်အိမ်ပြန်ချင်မလဲ၊ အလားတူပဲ လင်လုပ်သူက ငြူစူတတ်နေရင်လည်း မယားခမျာ တခြားမှာ ထွက်ပေါက်ရှာမိတော့မှာပဲ။

ဒါကြောင့် အောင်မြင်တဲ့ဘဝကို ရချင်ရင် အိမ်တွင်းရေးသာယာမှုဟာ တကယ့်အခြေခံပါပဲ။

၁၃။    ချစ်သူတွေနဲ့ သဘောထားကွဲလွဲတဲ့အခါ လတ်တလော ဖြစ်နေတာကိုပဲ ဦးတည်မိပါစေ၊ အတိတ်တွေကို မဖော်မိပါစေနဲ့။

ပြဿနာတစ်ခုခု ဖြစ်လာရင် ညောင်မြစ်တွေတူး၊ ပုတ်သင်ဥတွေ ပေါ်လာရာက မလိုလားအပ်ဘဲ နာကြည်းကုန်ရတဲ့ ချစ်သူတွေလည်း သည်လောကမှာ အများသား။ အဓိကကတော့ ဖြစ်နေတာကို ပြောနေရင်းက အတိတ်တွေကို တူးဖော်မိသွားတဲ့ အကျိုးကျေးဇူးပါပဲ။

အဲတော့ ချစ်သူတွေနဲ့ ပြဿနာဖြစ်လာရင် အတိတ်ကို ရှောင်ပြီး လက်ငင်းကိစ္စကိုသာ ဦးတည် ပြောဆိုနေမိမယ်ဆိုရင် နာကျင်စရာတွေနဲ့ ဝေးနေတော့မှာ အမှန်ပေါ့။

၁၄။    ကိုယ့်အသိပညာကို မျှဝေပေးပါ။ အဲသလိုသာဆို ကိုယ့်ကို လူတွေက ထာဝရ တနေမှာပေါ့။

ကိုယ်သိတာ ကိုယ့်ဝမ်းထဲမှာသာ သိမ်းထားတဲ့လူဆိုတာ အလကားပဲလေ။ ကိုယ့်အသိ၊ ကိုယ့်ပညာကို အများအတွက် မျှဝေပေးနိုင်လေလေ၊ ကိုယ့်ကို လူတွေ တသသ ဖြစ်လေလေပါပဲ။ လူသေပေမယ့် နာမည်မသေဆိုတာ အဲသလို မိမိရဲ့အသိအမြင်၊ ပညာကို မျှဝေပေးနိုင်သူများနဲ့ကျမှ ဖြစ်တတ်တာမျိုးကလား။

၁၅။    တစ်နှစ်မှာတစ်ခါတော့ ကိုယ်တစ်ခါမှ မရောက်ဖူးသေးတဲ့ အရပ်ဒေသ တစ်ခုခုကို အရောက်သွားပါ။

ဒါကတော့ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်မှာချည်း ဖိစီး တင်းကြပ်နေသူများနဲ့ သက်ဆိုင်ပါလိမ့်မယ်။ ဘယ်လိုလူမျိုးမဆို အပြောင်းအလဲလေးတွေကို ခုံမင်တတ်တာမို့ အရပ်ဒေသ အပြောင်းအလဲလေးတွေဆီ တစ်နှစ် တစ်ခါလောက် သွား သွားပေးခြင်းအားဖြင့် မိမိကိုယ်ကို အားသစ်လောင်းနိုင်ပါတယ်။

၁၆။    ကိုယ်လိုချင်တဲ့အောင်မြင်မှုတစ်ခုကို ရဖို့အတွက် ကိုယ် ဘာတွေ ပေးဆပ်ခဲ့ရသလဲဆိုတာနဲ့ပဲ ကိုယ့်အောင်မြင်မှုကို တိုင်းတာပါ။

အောင်မြင်မှုကို လူတိုင်း ခံစားဖူးကြပါလိမ့်မယ်။ အောင်မြင်မှုကြောင့် ဘဝင်တွေလည်း လေဟပ်ဖူးကြလိမ့်မယ်။ ဒါပေမယ့် အဲဒီ့အောင်မြင်မှုကို ရဖို့အတွက် ကိုယ့်ဘက်က ဘာတွေပေးဆပ်ခဲ့ရသလဲဆိုတာကို ပြန်စဉ်းစားမိတာနဲ့ တစ်ပြိုင်နက် ကိုယ့်အောင်မြင်မှုဟာ ပိုမို လေးနက်လာနိုင်သလို ဘဝင်မြင့်ချင်တဲ့ ရောဂါကိုလည်း အလိုလိုကုပြီးသား ဖြစ်သွားမှာပါ။

ဖတ်လိုက်ရတဲ့ ဘဝအတွက် ညွှန်ကြားချက်တွေကတော့ သည်လောက် ပါပဲ။ လူတိုင်းအတွက် တစ်နည်းမဟုတ်တစ်နည်း အသုံးတည့်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

အလင်းတန်းဂျာနယ်၊ ၂၇-ဝ၃-ဝဝ
(ကျွန်တော့်ဆီ ရောက်လာတဲ့ ဓာတ်ချောစာမှာက အမှတ်စဉ်ထိုးပြီး ခရမ်းရောင်နဲ့ ဖော်ပြထားတဲ့ စာတွေသာ ပါပါတယ်။ အဲဒါချည်းပဲ ဘာသာပြန်လိုက်ရင် တစ်ပုဒ်စာ မပြည့်ဘဲ တိုစိစိလေး ဖြစ်နေမှာစိုးတာနဲ့ ကြားထဲမှာ ၀င်အာချောင်ထားတာပါ ခင်ဗျား)

Copy & Paste နဲ့ ကူးယူ လက်ဆင့်ကမ်းလိုသူများ [အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ]လို့ 
တစ်ဆိတ် ထည့်သွင်းပေးပါရန် လေးစားစွာ ပန်ကြားပါရစေ။