Skip to content

Bigger Stones

26 July 2012
လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်ကျော်က အတ္တကျော်ရဲ့ ဒဿမမြောက် လက်ရာ...

ကျောက်ခဲကြီးများ

အချိန်ကို စီမံခန့်ခွဲတဲ့ ဘာသာရပ်ဆိုတာဟာ ခေတ်ပေါ် စီမံခန့်ခွဲရေးပညာမှာ အရေးတကြီး ဆွေးနွေးလာရတဲ့ ဘာသာရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ခေတ်မီ ကမ္ဘာကြီးမှာ လူတိုင်းဟာ စားသုတ်သုတ်၊ သွားသုတ်သုတ်နဲ့ အလုပ်ရှုပ်နေကြတာချည်းပဲ။ သည်အထဲမှာ အချိန်မလောက်လို့၊ အချိန်မရှိလို့၊ မအားလို့ဆိုတဲ့ အကြောင်းတွေကလည်း ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေထဲမှာ ကြီးစိုးလို့ လာနေပါတယ်။

ဒါကြောင့် စီမံခန့်ခွဲရေးပညာမှာ “အချိန်ကိုခန့်ခွဲခြင်း”ဆိုတဲ့ဘာသာရပ်နဲ့ ခေါင်းစဉ်က ရှိနေတယ်။

မကြာသေးခင်ကဘဲ အဲဒီ့ဘာသာရပ်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတစ်ဦး ရေးထားတာလေး ဖတ်လိုက်ရတယ်။

တစ်နေ့မှာ ကျွမ်းကျင်သူ ပညာရှင်တစ်ဦးဟာ စီးပွားရေးပညာကို သင်ယူနေတဲ့ ကျောင်းသားတွေကို ပို့ချနေတယ်။ အဲသလို ပို့ချနေခိုက်မှာပဲ ကျောင်းသားများအနေနဲ့ ဘယ်သောအခါမှာမှ မမေ့နိုင်မယ့် သရုပ်ပြချက် တစ်ကွက်ကို ဆရာလုပ်သူက တင်ဆက်လိုက်ပါတယ်။ ဒါမှလည်း သူ ပြောချင်တဲ့အချက်ကို ပေါ်လွင်စေတော့မှာကိုး။

ဆရာလုပ်သူဟာ ထက်မြက်သွက်လက်လှတဲ့ ကျောင်းတော်သားတွေ ရှေ့မှာ မတ်တတ်ရပ်ပြီး ပြောလိုက်တယ်။

“ကဲ… အခု ကျွန်တော် ခင်ဗျားတို့ကို ပဟေဠိတစ်ပုဒ် ပေးမယ်”

ပြောပြောဆိုဆိုနဲ့ သူဟာ တစ်ဂါလံဆန့်တဲ့ အဝကျယ် ဖန်ချိုင့်တစ်လုံးကို ဆွဲထုတ်လိုက်ပြီး သူ့ရှေ့က စားပွဲပေါ်မှာ တင်လိုက်ပါတယ်။ ပြီးတော့ အံဆွဲထဲကနေ လက်သီးဆုပ်လောက်ရှိတဲ့ ကျောက်ခဲ တစ်ဒါဇင်လောက်ကို ထုတ်တဲ့ပြီး ဖန်ချိုင့်ထဲကို တစ်လုံးချင်း၊ တစ်လုံးချင်းစီ ခပ်ဖြည်းဖြည်း ထည့်လိုက်တယ်။

ဖန်ချိုင့်တစ်ခုလုံးလည်း ပြည့်သွားရော နောက်ထပ် ကျောက်ခဲတွေ အတွက် နေရာလပ်က မကျန်တော့ဘူး။ သည်အခါမှာ ဆရာလုပ်တဲ့သူက မေးလိုက်ပါတယ်။

“ဖန်ချိုင့် ပြည့်သွားပြီလားဗျာ”

တစ်တန်းလုံးက တစ်ညီတစ်ညာတည်း ဖြေပါတယ်။

“ဟုတ်ကဲ့… ပြည့်သွားပါပြီ”

အဲဒီ့အခါကျတော့ ဆရာက “ဟုတ်ကဲ့လားဗျ”လို့ ပြောရင်းက ကျောက်စရစ်ခဲတွေ ထည့်ထားတဲ့ ပုံးတစ်ပုံးကို စားပွဲအောက်ကနေ ထုတ်ယူလိုက်တယ်။ ပြီးတော့ ပုံးထဲက ကျောက်စရစ်ခဲလေးတွေကို ဖန်ချိုင့်ထဲ ထည့်ပြီး လှုပ်လိုက်တဲ့အခါ ခဲလုံးကြီးတွေကြားမှာ ကျောက်စရစ်ခဲတချို့က ဝင်သွားတော့တာပေါ့။

သည်အခါမှာလည်း ဆရာက အတန်းကို မေးလိုက်ပြန်တယ်။

“ကဲ…ဖန်ချိုင့်က ပြည့်သွားပြီလားဗျာ…”

သည်အခါမှာတော့ အတန်းက နည်းနည်းပါးသွားပြီမို့ ဘယ်သူမှ စောစောကလို ချက်ချင်းမဖြေဘဲ အသာငြိမ်နေကြတယ်။ သည်အထဲမှာမှ တစ်ယောက်က ဖြေလိုက်တယ်။

“ပြည့်ပြီလို့ အပြောရခက်တယ်ဆရာ…”

“သိပ်မှန်တာပေါ့…”

ပြောပြောဆိုဆိုနဲ့ ဆရာဟာ စားပွဲအောက်မှာ ရှိနေတဲ့ နောက်ထပ် ပုံးတစ်ပုံးကို ဆွဲထုတ်လိုက်ပြန်တယ်။ အဲဒီ့ပုံးထဲမှာတော့ သဲတွေ ပါတယ်။

သဲပုံးကိုထုတ်ပြီးတဲ့အခါမှာတော့ ဆရာက စောစောက ကျောက်ခဲတွေ၊ ကျောက်စရစ်ခဲလေးတွေနဲ့ ပြည့်နေတဲ့ ဖန်ချိုင့်ထဲကို သဲတွေ ထည့်လိုက်ပြန်တယ်။ သည်အခါ ရှိရှိသမျှ နေရာလပ်တွေကြားမှာ သဲတွေက ဝင်ကုန်ပြန်ရော။

ပြီးလည်းပြီးရော ဆရာက နောက်တစ်ခါ ထပ်မေးပြန်တယ်။

“ပြည့်ပြီလားဗျ…”

တစ်တန်းလုံးက သည်အခါမှာ ညီညာဖြဖြ အော်လိုက်ကြတယ်။

“မပြည့်သေးပါဘူး…”

“သိပ်ဟုတ်တာပေါ့…”လို့ ပြောပြီး ဆရာက ရေတကောင်းတစ်လုံးကို ဆွဲယူလိုက်ပြီး ဖန်ချိုင့်ထဲကို လောင်းထည့်လိုက်ပြန်တယ်။

ဖန်ချိုင့်နှုတ်ခမ်း ရောက်တဲ့အထိ ရေတွေနဲ့ ဖြည့်ပြီးတဲ့အခါမှာတော့ ဆရာက အတန်းကို မေးတယ်။

“သည်သရုပ်ပြကွက်က ဘာကိုပြောချင်လဲဆိုတာ ခင်ဗျားတို့ သိကြလား…”တဲ့။

သွက်လက်တဲ့ ကျောင်းသားတစ်ယောက်က ဆရာ့ကို သူဖြေလိုတဲ့အကြောင်း လက်ထောင်ပြပြီး အခုလို ဖြေလိုက်တယ်။

“အစီအစဉ်တွေ၊ အချိန်တွေ ဘယ်လောက် ကြပ်နေနေ၊ သေသေချာချာ ကြိုးစားမယ်ဆိုရင် တခြားဟာတွေ လုပ်ဖို့ အချိန်ဆိုတာ အလိုလို ထွက်လာနိုင်တယ်ဆိုတဲ့ သဘောပါ ဆရာ”

“မဟုတ်ဘူးဗျ”လို့ ဆရာက ပြန်ပြောပါတယ်။ “သည်ပြကွက်ရဲ့ လိုရင်းက အဲဒါမဟုတ်ဘူး။ သည်မှာ အရေးကြီးဆုံးအချက်က အကြီးဆုံး ကျောက်ခဲတွေကို အရင်ဆုံး ထည့်အပ်တယ်ဆိုတဲ့ အချက်ပါပဲဗျာ။ ကျောက်ခဲအကြီးတွေကိုသာ အရင်ဖြည့်မထားရင် ကျန်တာတွေကို ဘယ်လိုမှ ဖြည့်လို့ ရမှာ မဟုတ်ဘူးလေ”တဲ့။

စာဖတ်သူ လူကြီးမင်းရဲ့ဘဝမှာ ဘယ်ဟာတွေက ကျောက်ခဲအကြီးတွေလဲ။ စဉ်းစားကြည့်ပါ။ ကိုယ်ရောက်ချင်တဲ့ ခရီးလား၊ ကိုယ်ဖြစ်ချင်တဲ့ ဘဝလား၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူနေချင်တာလား၊ ကိုယ့် ယုံကြည်ကိုးကွယ်မှုလား၊ ကိုယ့်ပညာရေးလား၊ ကိုယ့်စီးပွားရေးလား၊ တခြားအရေး တစ်ခုခုလား၊ သေချာစဉ်းစားလိုက်ပါ။

အဲဒီ့ကိုယ့်ဘဝမှာ တန်ဖိုးအထားဆုံးအရာအတွက် အရင်ဆုံး အချိန်ပေးလိုက်ပါ။ ပြီးပြီဆိုရင် ကျန်တာတွေအတွက် အချိန်တွေကို ကိုယ်လိုရင် လိုသလို၊ လိုသလောက် ထုတ်ယူလို့ ရပြီလို့သာ မှတ်ပါတော့။

အချိန်မရှိဘူး၊ အချိန်မလောက်ဘူး၊ မအားဘူးဆိုတဲ့ လူတွေဟာ သူတို့ ဘဝမှာ ဘယ်ဟာက ကျောက်ခဲကြီးတွေလဲဆိုတာ မသိလို့သာ ဖြစ်နေရတာပါ။

ကျောက်ခဲကြီးတွေကိုသာ အရင်ထည့်နှင့်ထားမယ်ဆိုရင် ဖန်ချိုင့်ထဲမှာ ဖြည့်စရာနေရာလပ်တွေ ကျန်နေမှာ သေချာပါတယ်နော်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

အလင်းတန်းဂျာနယ်၊ ၂၉-ဝ၅-ဝဝ

သည်တစ်ပုဒ်ဟာလည်းပဲ ပေါ်ပြူလာဂျာနယ်မှာ ဆရာ “ဟိန်းလင်းကျော်”က ရည်ညွှန်းကိုးကား ချီးကျူးတာကို ခံယူခဲ့ရတဲ့ စာဖြစ်ပါတယ်။ ထုံးစံအတိုင်း ကျွန်တော် အသိမ်းအဆည်း ညံ့လို့ ဆရာ ဟိန်းလင်းကျော်ရဲ့ မူရင်းကို မတွေ့နိုင်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ်၊ အဲဒီ့အချိန်မှာ ကလောင်သက် လေးလမျှသာ ရှိသေးတဲ့ ကျွန်တော့်ကို ဆရာသုမောင်အပြင် နောက်ထပ် အသိအမှတ်ပြုခဲ့သူမို့ အဲဒီ့ ဆရာ့ ကျေးဇူးကိုလည်း အမှတ်တရနဲ့ ဂါရ၀တရား ရှေ့ထားကာ မှတ်တမ်းတင်လိုက်ခြင်း ဖြစ်ပါတယ်။

Copy & Paste နဲ့ ကူးယူ လက်ဆင့်ကမ်းလိုသူများ [အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ]လို့ 
တစ်ဆိတ် ထည့်သွင်းပေးပါရန် လေးစားစွာ ပန်ကြားပါရစေ။
Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: