အတ္တကျော်ရဲ့ လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်ကျော်က သတ္တမမြောက် လက်ရာ
ဖားလေးနှစ်ကောင်
တစ်နေ့တော့ ဖားတစ်သင်းဟာ တောကြီးမျက်မည်းထဲမှာ ခရီးလှည့်နေကြသတဲ့။ အဲလို လှည့်နေတုန်း သစ်ရွက်တွေ ဖုံးနေလို့ မမြင်သာတဲ့ တွင်းနက်ကြီး တစ်တွင်းထဲကို သူတို့အုပ်စုထဲက နှစ်ကောင် ကျသွားပါလေရော။ ဟား… ကျန်တဲ့ဖားတွေလည်း တွင်းနှုတ်ခမ်းမှာ ဝိုင်းနေတော့တာပေါ့။
တွင်းကြီး ဘယ်လောက် နက်လဲဆိုတာကို တွင်းနှုတ်ခမ်းမှာ ဝိုင်းနေတဲ့ ဖားတွေက မြင်ရတဲ့အခါ ကျသွားတဲ့ ဖားနှစ်ကောင်ကို သူတို့က သည်လို ပြောတယ်။
“မင်းတို့တော့ သွားပြီ။ ဘယ်လိုမှ ပြန်တက်လို့ရတော့မှာ မဟုတ်ဘူး။ တွင်းထဲမှာပဲ မင်းတို့နှစ်ကောင် သေရတော့မယ်”တဲ့။
တွင်းထဲကျနေတဲ့ ဖားနှစ်ကောင်လည်း သူတို့အဖော်တွေ ပြောတဲ့စကားကို လစ်လျူရှုလိုက်ကြပြီး သူတို့ကိုယ်စွမ်း ရှိသလောက် တွင်းနှုတ်ခမ်းဆီ အတင်း ခုန်တက်ကြတော့တာပေါ့။ ဝိုင်းကြည့်နေတဲ့ တွင်းနှုတ်ခမ်းက ဖားတွေလည်း တစ်ခါတည်းကို သံပြိုင်အော်ကြပြန်ပါလေရော။
“ဟေ့ကောင်တွေ၊ အဲသလို မလုပ်ကြနဲ့လေ။ မင်းတို့တော့ သေကုန်တော့မှာပဲ။ ဟာ… ခက်တဲ့ကောင်တွေ၊ ခုန်တက်လို့လည်း တွင်းက အနက်ကြီးကွ၊ ဘယ်လိုလုပ် တက်နိုင်မှာလဲ။ တက်မရမယ့် အတူတူ အေးအေးသက်သာ အသေခံလိုက်ကြပါတော့လားကွာ။ မင်းတို့ ခုန်ခုန်တက်နေတော့ အမောလည်းဆို့၊ ကိုယ်လည်း နာပြီးမှ သေရမှာထက် စာရင် သည်တိုင်းလေး အေးအေးသက်သာ အသေခံလိုက်တာက ပိုမကောင်းပေဘူးလားကွယ်ရို့…”တဲ့။
အဲသလို ပြောလွန်းမက ဝိုင်းပြောကြတဲ့အခါ တွင်းထဲကျနေတဲ့ ဖား နှစ်ကောင်အနက်က တစ်ကောင်ကတော့ ဝိုင်းပြောတဲ့ ဖားတွေရဲ့ စကားအတိုင်း လိုက်နာပြီး ဆက်မကြိုးစားတော့ဘူး။ အဲသလိုလည်း မကြိုးစားဘဲ နေလိုက်ရော သူလည်း မတ်တတ်က လဲပြီး သေပွဲကို တန်းဝင်သွားတော့တာပါပဲ။
ကျန်တဲ့ ဖားတစ်ကောင်ကတော့ မရပ်မနား။ သူ့မှာရှိသမျှ အတွင်းအား၊ အပြင်အား အကုန် ထုတ်သုံးပြီးကို ခုန်ရင်း တွင်းနှုတ်ခမ်းပေါ်ကို မရောက် အရောက် ကြိုးစားနေပါတော့တယ်။
အဲတော့လည်း တွင်းနှုတ်ခမ်းမှာ ဝိုင်းကြည့်နေတဲ့ သူ့အပေါင်းအသင်းတွေက တစ်ချီတစ်မောင်း ထပ်အော်ကြပြန်တယ်။
“ဟကောင်ရာ၊ တော်ပါတော့ဟာ။ သည်လောက်နက်တဲ့ တွင်းကြီးထဲက မင်းဘယ်လိုမှ ခုန်ထွက်နိုင်မှာ မဟုတ်ပါဘူး။ အလကား အသား အနာခံနေမယ့်အစား အသေသာခံလိုက်ပါတော့ သူငယ်ချင်းရယ်…”တဲ့။
ဒါပေမယ့် ခုန်နေတဲ့ ဖားကတော့ ရပ်ကို မရပ်တော့ဘူး။ သူခုန်နေတဲ့ အားထက် နှစ်ဆတိုးပြီးတောင် ထပ်ခုန်လိုက်ပါတော့တယ်။ နောက်ဆုံးမှာတော့ တွင်းနှုတ်ခမ်းပေါ်ကို အဲဒီ့ဖားကလေးလည်း ဖုတ်ဆို ပြန်ရောက်သွားပါလေရော။
သူလည်း တွင်းနှုတ်ခမ်းပေါ် ရောက်ရော စောစောက ဝိုင်းအော်နေတဲ့ သူ့အပေါင်းအသင်းများကလည်း သူ့ကို ဝိုင်းပြီး မေးကြတယ်။
“မင်းကွာ၊ ငါတို့တွေ သည်လောက် တားနေတာ မကြားဘူးလားကွ ဟေ…”
တွင်းထဲက ပြန်ထွက်လာတဲ့ ကိုရွှေဖားကလည်း အမောဖြေရင်းနဲ့ သူ့အပေါင်းအသင်းတွေကို ရှင်းပြတယ်။
“ငါ့နားက သိပ်မကောင်းဘူးကွ။ မင်းတို့ အော်နေတာ၊ ငါ့ကို တားနေတာလား။ မသိပါဘူးကွာ၊ ငါက ငါ့ကို ဝိုင်းပြီး ဩဘာပေးနေတယ် မှတ်လို့…”တဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ။
သည်ပုံပြင်က ပေးလိုက်တဲ့ သင်ခန်းစာ နှစ်ခုကတော့…
(၁) နှုတ်နဲ့လျှာဟာ သေစေ၊ ရှင်စေနိုင်တဲ့ စွမ်းအားတွေ ရှိနေပါတယ်။ လူတစ်ယောက် စိတ်ပျက်အားငယ်နေတဲ့အချိန်မှာ အားပေးစကားလေး တစ်ခွန်းလောက် ပြောလိုက်တာဟာ အဲဒီ့လူကို အားတက်စေနိုင်ပြီး ဘဝအမောတွေ ပြေသွားစေနိုင်ပါတယ်။
(၂) စိတ်ပျက်အားငယ်နေတဲ့သူကို အပျက်စကား ပြောလိုက်ခြင်းအားဖြင့် အဲဒီ့လူကို သတ်လိုက်နိုင်ပြန်ပါသေးတယ်။
ကိုယ့်ဘဝမှာ တွေ့လာ ကြုံလာရသူများကို ရှင်ရေးအတွက်ပဲ ပြောမိနေအောင် သတိထားဖို့ လိုပါလိမ့်မယ်။
စကားတစ်ခွန်းရဲ့ စွမ်းအားကို သတိထားမိကြဖို့ပါပဲ။ အားပေးစကားလေးတစ်ခွန်းဟာ ဘယ့်ကလောက်တောင် တာသွားသလဲ ဆိုတာ တော်တော်တန်တန် တွေးမိကြမယ် မထင်ဘူး။ အံ့ဩစရာကောင်းတာက လူအတော်များများဟာ အတိဒုက္ခရောက်နေသူများကို သူတို့တွေ အတိဒုက္ခနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်နေရတဲ့အချိန်မှာ စိတ်ပျက် အားလျော့ဖွယ် စကားတွေချည်း နင်းပြောဖြစ်သွားဖို့ ဝန်မလေးတတ်ကြတာပါပဲ။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
အလင်းတန်းဂျာနယ်၊ ဝ၃-ဝ၄-ဝဝ
Copy & Paste နဲ့ ကူးယူ လက်ဆင့်ကမ်းလိုသူများ [အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ]လို့ တစ်ဆိတ် ထည့်သွင်းပေးပါရန် လေးစားစွာ ပန်ကြားပါရစေ။