The Land We May Actually Cover

အတ္တကျော်ရဲ့ လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်ကျော်က အဋ္ဌမမြောက် လက်ရာ...

ကိုယ့်မြေ

ဟိုး…ရှေးရှေးတုန်းက ရှင်ဘုရင်ကြီးတစ်ပါး ရှိသတဲ့။

တစ်နေ့မှာတော့ အဲဒီ့ရှင်ဘုရင်ကြီးက သူ့မြင်းထိန်းကို ခေါ်ပြီး အခုလို ပြောတယ်။

“ငါကိုယ်တော်မြတ်ရဲ့မြင်းကို တက်စီးစမ်းကွာ။ ပြီးရင် မောင်မင်း သွားချင်သလောက် သွား။ မောင်မင်း စီးသွားတဲ့မြင်း နင်းမိသမျှ မြေတွေ အားလုံး မောင်မင်းကို အပိုင်စားပေးတော်မူမယ်“

မြင်းထိန်းလည်း ဘယ်နေတော့မလဲ။ သည်လို အခွင့်အရေးမျိုးဆိုတာ ရခဲလှပါဘိတော့။

ဒါနဲ့ တစ်ခါတည်း မြင်းပေါ်ခုန်တက်ပြီး ကဆုန်စိုင်းလေတော့သပေါ့။ ဒါမှလည်း ခရီးများများ ပေါက်၊ ခရီးများများ ပေါက်မှ မြေများများ နင်းမိ၊ မြေများများ နင်းမိမှ သူပိုင်မြေတွေ အများကြီး ဖြစ်လာမှာ မဟုတ်လား။

သည်လိုနဲ့ မြင်းထိန်းဟာ မြင်းပေါ်က မဆင်းတော့ဘဲ မနားတမ်း ဒုန်းစိုင်းနေတော့တာပေါ့။ မြင်းကိုလည်း ဆက်တိုက် ရိုက်ပေးနေရသေးတယ်။ ဒါမှလည်း မြင်းကလည်း မြန်သထက် မြန်အောင် ပြေးမှာလေ။

စီးရင်းစီးရင်းနဲ့ နေ့တစ်ဝက်ကျိုးလို့ ဆာလာတော့လည်း မြင်းထိန်းက မနားဘူး၊ မောလာတော့လည်း မနားဘူး၊ ရေငတ်တော့လည်း မနားဘူး။ နားလိုက်တဲ့အချိန်လေးမှာ လွတ်သွားမယ့် မြေကွက်ကလေးကို မက်နေတာကိုး။

အဲသလိုနဲ့ တစ်နေလည်း ကုန်လုရော တော်တော့်ကို ကျယ်ပြောတဲ့ မြေကွက်ကြီးကိုလည်း နင်းမိတဲ့အချိန်ကို ရောက်လာပါတော့တယ်။ အဲဒီ့ အချိန်မှာတော့ မြင်းထိန်းဟာ ခြေကုန်လက်ပန်း ကျလွန်းမက ကျပြီး သေငယ်ဇောနဲ့ မျောနေပါပြီ။ အဲဒီ့အချိန်ကျတော့မှ သံဝေဂက မြင်းထိန်းရဲ့ ခေါင်းထဲမှာ ပေါ်လာတော့တယ်။

“ဘယ်လို စိတ်ရူးတွေ ပေါက်ပြီးများ ငါဆိုတဲ့ငါဟာ သည်လောက် ကျယ်ပြောတဲ့ မြေကွက်ကြီးကို ရဖို့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ခဲ့မိတာလဲ မသိဘူး။ အခုတော့ ငါ့လောဘနဲ့ ငါ သေရတော့မယ်။ အဲလိုအချိန်ကျတော့ ငါ့အတွက် လိုအပ်တဲ့မြေက ဘယ်လော က်ရှိလို့လဲ၊ အလွန်ဆုံးမှ ခြောက်ပေ၊ လေးပေတည်းရယ်…”တဲ့။

သည်ပုံပြင်လေးဟာ ကျွန်တော်တို့ လူသားများရဲ့ဘဝခရီးနဲ့ တော်တော့်ကို နီးစပ်တဲ့ ပုံပြင်လေးပါပဲ။ ကျွန်တော်တို့ဟာ ငွေ၊ ဩဇာနဲ့ အသိအမှတ်ပြုခံရလိုမှုဆိုတာများ နောက်ကိုလိုက်ရင်း ကိုယ့်ကျန်းမာရေးရယ်၊ ကိုယ့်မိသားစုအတွက် ပေးရမယ့် အချိန်ရယ်၊ ဩကာသလောကကြီးရဲ့ အလှအပတွေကို ခံစားဖို့ရယ်နဲ့ ကိုယ်ဝါသနာပါတာလေးတွေ လုပ်ကိုင်ဆောင်ရွက်ဖို့ရယ်တို့ကိုပါ လစ်လျူရှုထားဖြစ်နေတတ်ကြပါတယ်။

အဲသလိုနဲ့ တစ်ချိန်ကို ရောက်လာတဲ့အခါမှာတော့ တစ်သက်လုံး ကုန်းရုန်းပြီးလုပ်ခဲ့၊ ရှာခဲ့သမျှတွေဟာ အလကားပါပဲ။ တကယ်တော့ ဒါတွေ မလိုအပ်ပါဘူးလို့ ပြောဖြစ်လာပါတော့တယ်။ ဒါပေမယ့် အဲသလို ပြောဖြစ်တဲ့အချိန်မှာ ကုန်ဆုံးသွားတဲ့ အချိန်တွေကို ပြန်ရအောင် နာရီကို နောက် ပြန်လှည့်လို့ကတော့ ဘယ်လိုနည်းနဲ့မှ မရနိုင်တော့ဘူး။

အဲတော့ စာဖတ်သူလူကြီးမင်းများ ခင်ဗျား…

စိတ်ကို အေးအေးလေးထားပြီး ကိုယ်လုပ်ချင်တာ၊ ကိုယ် စိတ်ဝင်စားတာလေးတွေကိုလုပ်ရင်း သဘာဝတရားကြီးကို ချစ်ခင်မြတ်နိုးလိုက်စမ်းပါ။ တကယ်တော့ ဘဝဆိုတာ အင်မတန့်ကို ရွတတ ကြွပ်ဆတ်ဆတ်ကလေးရယ်ပါ။ ဆန့်သောလက် မကွေးမီ၊ ကွေးသောလက် မဆန့်မီ လိုရာ အကုန်ဖြစ်သွားနိုင်ပါတယ်။ ရှင်ခွင့်ရနေတဲ့ အချိန်လေးကို ထာဝရလို့ မအောက်မေ့မိကြပါစေနဲ့။ ရှင်နေခိုက်လေးမှာ မိမိကိုယ်ကို ဣရိယာပုတ် မျှအောင် နေထိုင်ရင်း ဘဝအရသာကို ခံစားသင့်လှပါတယ်။

သည်အထိ ရေးပြီးသွားချိန်မှာ စာမူလေးက တိုစိတိုနံ့လေး ဖြစ်လို့ နေပါတယ်။ ဘာဖြည့်ထည့်ရင် ကောင်းမလဲလို့ စဉ်းစားနေဆဲမှာပဲ ကျွန်တော့် မိတ်ဆွေ ဖိလစ်ပိုင်သူ “မာလင်”က စာလေးတစ်စောင် လှမ်းပို့လိုက်ပြန်တယ်။ အဲဒီ့စာလေးက အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာနဲ့ တစ်နည်းတစ်ဖုံ ဆက်နွယ်နေတာမို့ သူ့စာကိုပဲ ဘာသာပြန်လိုက်ရပြန်တယ်။

ဩဇာ၊ ဘွဲ့ထူး၊ ဂုဏ်ထူး၊ သိက္ခာ၊ ခွန်အားဗလ၊ စီးပွားဥစ္စာအစရှိတဲ့ အရာတွေကို ကျားကုတ်ကျားခဲရှာဖွေနေတဲ့ ကျွန်တော်အပါအဝင် လူတချို့အတွက် ဘဝမှာ ဦးစားပေးနေမိတာတွေ အားလုံးကို ပြန်လည် ဆင်ခြင် မြင်သိနိုင်စေမယ့် စဉ်းစားစရာ အချက်လေးတစ်ချက်ပါပဲ။

လောကီစည်းစိမ်တွေကလည်း လောကုတ္တရာ ချမ်းသာရေးကို ပေးမလိုလို ထင်ကြတယ်။ တကယ်ကျ ဟုတ်လို့လား။

ဟုတ်မဟုတ် သက်သေပြစမ်းဆို ပြတောင်ပြလိုက်ချင်သေးဗျား။ ဟောဒီ့ မေးခွန်းလေးတွေကို ဖြေကြည့်စမ်းပါ။

  • ကမ္ဘာ့အချမ်းသာဆုံး လူဆယ်ယောက်ရဲ့အမည်ကို ရွတ်ပြပါ။
  • ကမ္ဘာ့အားကစားချန်ပီယံ ဆယ်ယောက်ရဲ့အမည်ကို ရွတ်ပြပါ။
  • လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ကမ္ဘာ့အလှမယ်ဘွဲ့ရခဲ့တဲ့ မိန်းကလေး ဆယ်ယောက်ရဲ့ အမည်ကိုလည်း ရွတ်လိုက်ဦး။
  • အကောင်းဆုံးဇာတ်ကားဆုအတွက် အော်စကာ အကယ်ဒမီဆု ရထားတဲ့သူ ရှစ်ယောက်ရဲ့အမည်ကိုလည်း ရွတ်ပါ။
  • အလားတူပဲ၊ နိုဘဲလ်ဆုဖြစ်ဖြစ်၊ ပူလစ်ဇာဆုပဲဖြစ်ဖြစ်  ရထားတဲ့လူ ရှစ်ယောက်ရဲ့အမည်ကိုလည်း ရွတ်ကြည့်ပါဦး။

ဘယ့်နှယ့်လဲ…

ကမ္ဘာ့ဗဟုသုတတွေ ကျွန်တော့်မှာ မရှိလို့ပါဆိုရင် မြန်မာနဲ့ပဲ ချိန်ပြီး ပြန်မေးကြည့်ရအောင်။

  • မြန်မာပြည်မှာ အချမ်းသာဆုံး လူဆယ်ယောက်ရဲ့အမည်။
  • မြန်မာ့အားကစား ချန်ပီယံ ဆယ်ယောက်ရဲ့အမည်။
  • လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းက မြန်မာအလှမယ် ဆယ်ယောက်ရဲ့အမည်။
  • အကောင်းဆုံးဇာတ်ကားဆု ရထားတဲ့ မြန်မာကားရှစ်ကားရဲ့အမည်။
  • အမျိုးသားစာပေဆုဖြစ်ဖြစ်၊ လူမှုထူးချွန်ဆုဖြစ်ဖြစ် တစ်ခုခု ရထားသူ ရှစ်ယောက်ရဲ့အမည်။

အဲဒါတွေကို လက်တန်းချပြောစမ်းပါဆိုရင် စာဖတ်သူ လူကြီးမင်း ဘယ်လို ဖြေမလဲ။

ကျွန်တော့်ကို ခိုင်းရင်တော့ အင်း၊ အင်း၊ အား၊ အားနဲ့ ခွေးအကြီး လှည်းနင်းသလိုဖြစ်နေမှာ အမှန်ပဲဗျ။

ကျွန်တော်တို့၊ ခင်ဗျားတို့တွေ မေ့လွယ်ပျောက်လွယ်ပုံများ အံ့ပါရဲ့၊ နော…။

ကျွန်တော် အထက်မှာမေးခဲ့တဲ့ ကမ္ဘာ၊ မြန်မာ မေးခွန်းတွေထဲမှာ ပါခဲ့တဲ့ သူတွေဟာ ဒုတိယတန်းစားတွေ မဟုတ်ဘူးနော်။ ပထမတန်းစားတွေထဲကချည်းပဲ။ သူ့နယ်ပယ်နဲ့သူတော့ ဒိတ် (ထိပ်)တွေချည်းပဲ။ ဒါပေမယ့် လက်ခုပ်သံဆိုတာ အနိစ္စ။ ဆုဆိုတာလည်း အနိစ္စ၊ အချိန်တန်ရင် ဝါ၊ ထိန်၊ မှိန်သွားတာပဲ။ စွမ်းဆောင်ချက်တွေကလည်း အနိစ္စ၊ ပြီးရင် မေ့သွားကြတာပဲ။ ဒိုင်းတွေ၊ ရွှေတံဆိပ်တွေ၊ ချီးကျူးအောင်မြင်မှု လက်မှတ်တွေကလည်း ပိုင်ရှင်နဲ့အတူ မြေမြှုပ်သင်္ဂြိုဟ်လိုက်ရစမြဲပါပဲ။

ကဲ… ဒါဖြင့် နောက်ထပ်မေးခွန်းလေးတွေ မေးကြည့်ပါရစေဦး။ သည်မေးခွန်းတွေကျ စာဖတ်သူလူကြီးမင်း ဘယ်လိုဖြေမယ်ဆိုတာလည်း ကိုယ့်ဘာသာ ပြန်သုံးသပ်ကြည့်နော်။

  • ကိုယ်နဲ့အတူ သွားလာ စားသောက်လို့ ကောင်း၊ စကားပြောလို့လည်း ကောင်းတဲ့ လူသုံးယောက်ရဲ့အမည်။
  • ကိုယ့်ကိုတန်ဖိုးရှိတာလေးတွေ သင်ကြားပေးခဲ့တဲ့ လူဆယ်ယောက်ရဲ့ အမည်။
  • ကိုယ်ဒုက္ခရောက်နေချိန်မှာ ကိုယ့်ကို ကူညီစောင်မခဲ့တဲ့ သူငယ်ချင်းကောင်း ငါးယောက်ရဲ့အမည်။
  • ကျောင်းသားဘဝမှာ ကိုယ့်အတွက် အမှတ်တရ ရှိစေခဲ့တဲ့ မြတ်ဆရာ တချို့ရဲ့အမည်။
  • ကိုယ်အားကျတဲ့လူ ခြောက်ယောက်ရဲ့အမည်။

အဲဒါတွေကို စဉ်းစားကြည့်လိုက်စမ်းပါ။

ဘယ့်နှယ့်လဲ၊ ပထမမေးခွန်းထက် လွယ်မသွားဘူးလား။ ကျွန်တော်ဆို  ချက်ချင်းကို ဒေါင်းဒေါင်းပြေး တန်းရွတ်နိုင်သဗျ။ စာဖတ်သူ လူကြီးမင်းလည်း အတူတူပဲနေမှာပါ။

သင်ခန်းစာက ဘာလဲ။

ကိုယ့်ဘဝမှာရော သူများတွေရဲ့ဘဝတွေမှာပါ အရေးပါနေသူများဟာလည်း ထူးချွန်ဆုရှင်တွေ တစ်ယောက်မှ မဟုတ်ဘူးနော်။

ဘယ်လိုလူမှ ကိုယ့်ဘဝ၊ သူ့ဘဝမှာ အရေးပါသလဲဆိုတာ ကိုယ့်ဘာသာ စဉ်းစားကြည့်ပေရော့။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

အလင်းတန်းဂျာနယ်၊ ၁၇-ဝ၄-ဝဝ

Copy & Paste နဲ့ ကူးယူ လက်ဆင့်ကမ်းလိုသူများ [အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ]လို့ 
တစ်ဆိတ် ထည့်သွင်းပေးပါရန် လေးစားစွာ ပန်ကြားပါရစေ။