Buying and Selling

အတ္တကျော်ရဲ့ လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်ကျော်က န၀မမြောက် လက်ရာ

ရောင်းတယ် ဝယ်တယ်

အလုပ်များတဲ့ လူတစ်ယောက်ပေါ့။ ကနေ့လည်း နောက်ကျပြန်ပြီ။ စိတ်မော၊ လူမောလည်းဖြစ်နေပြီ။ အဲသလိုနဲ့ အိမ်ပြန်ရောက်တဲ့အခါ သူ့ရဲ့ ငါးနှစ်သားလေးက တံခါးဝမှာ စောင့်နေတယ်။

“ဖေဖေ… ဖေဖေ့ကို သားတစ်ခု မေးလို့ရမလား ဟင်…”

“မေးကွာ၊ မေး…မေး…”

“ဖေဖေ အလုပ်လုပ်တဲ့အခါ တစ်နာရီကို ပိုက်ဆံ ဘယ်လောက် ရလဲဟင်…”

ဖအေလုပ်တဲ့သူက သားရဲ့မေးခွန်းကြောင့် စိတ်တိုသွားတယ်။

“ဟကောင်ရ၊ အဲဒါ မင့်အလုပ် မဟုတ်ဘူး။ ဘာကိစ္စ ငါ့ကို ဒါတွေ လာမေးနေရတာလဲ။ အလုပ်ပင်ပန်းလို့ စိတ်တိုနေရတဲ့အထဲ။ မင်းနော်….”

“သား သိချင်လို့ပါ ဖေဖေရယ်။ သားကို ဆူချင်လည်း ဆူ၊ ရိုက်ချင်လည်း ရိုက်ပါ။ ဒါပေမယ့် ဖေဖေ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက် ရသလဲဆိုတာတော့ သားကို ပြောပြပေးပါနော်…”

ငါးနှစ်သားလေးက မျက်နှာငယ်လေးနဲ့ ခခယယ တောင်းပန်နေပြန်တယ်။

“အေး… မင်း သိပ်သိချင်တယ်ဆိုရင်တော့ ပြောပြရတာပေါ့ကွာ။ ငါ တစ်နာရီ အလုပ်လုပ်ရင် ဒေါ်လာ ၂၀ ရတယ်ကွ။ ကဲ… ကျေနပ်ပြီလား…”

“အဲလောက်တောင်မှလား”လို့ သားလေးက ပြောပြီး ခေါင်းငိုက်စိုက် ကျသွားတယ်။

ဒါပေမယ့် ချက်ချင်းပဲ ပြန်မော့ပြီး သူ့ဖအေကို မေးလိုက်ပြန်တယ်။

“ဖေဖေ၊ သားကို ကိုးဒေါ်လာလောက် ချေးပါလားဟင်…”

ဖအေလုပ်တဲ့သူရဲ့ ဒေါသက ငယ်ထိပ်ကို ရောက်သွားတယ်။

“ဘာကွ… ငါ ပိုက်ဆံ ဘယ်လောက် ရလဲဆိုတာ မင်းသိချင်တာ ငါ့ဆီက ပိုက်ဆံချေးပြီး ပေါက်တတ်ကရ ကစားစရာတွေ၊ အဓိပ္ပာယ်မရှိတဲ့ ပစ္စည်းတွေ ဝယ်ဖို့ကိုးကွ၊ ငါက အကောင်းမှတ်လို့။ သွားစမ်းကွာ။ အိပ်ရာထဲ သွားအိပ်ချေတော့။ ငါ့မျက်စိအောက်က ထွက်သွားစမ်း။ မဟုတ်ရင် မင်းကို ငါဆော်မိတော့မယ်။ ငါ့မှာတော့ တစ်နေ့တစ်နေ့ ပင်ပင်ပန်းပန်း လုပ်ကိုင် ရှာဖွေ ရုန်းကန်နေရတယ်။ မင်းက အလိုက်ကန်းဆိုးမသိ။ ငါ့ကို သက်သက်မယ့် လာဦးနှောက်စားနေတယ်။ သွားစမ်း၊ သွားစမ်း…”

ဖအေလုပ်တဲ့သူက အဲသလိုလည်း ငေါက်လိုက်ရော သားလေးလည်း သူ့အိပ်ခန်းလေးထဲ အသာဝင်သွားပြီး တံခါးလေး ပိတ်လိုက်ပါတော့တယ်။

ဖအေလည်း ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်ချလိုက်ပြီး စဉ်းစားကြည့်တဲ့အခါ ပိုလို့တောင် ဒေါသဖြစ်လာတယ်။ သည်လက်တောက်လောက် ရှိတဲ့ ငါးနှစ်သားလေးက တော်တော် လူဝါးဝတဲ့ သတ္တ၀ါလးပေပဲလို့လည်း တွေးမိတယ်။ ဘာလဲ၊ တစ်နာရီကို ပိုက်ဆံ ဘယ်လောက် ရလဲဆိုတဲ့မေးခွန်းကို ငါးနှစ်သားက ဖအေကို မေးပြီးမှ ပိုက်ဆံတောင်းစရာလား။ တွေးလေ၊ အူယားစရာကောင်းလေ။

တစ်နာရီသာသာလောက် ကြာတဲ့အခါမှာတော့ ဖအေလုပ်တဲ့သူ စိတ် နည်းနည်းငြိမ်သွားတယ်။ အမောလည်း ပြေသွားပြီ။

သည်အခါမှာတော့ သားလေးအပေါ် သိပ်တင်းမာလွန်းရာကျသွားပြီလား၊ လွန်များသွားလားလို့ တွေးမိလာရပြန်တယ်။

သည်ကောင်လေးက အင်မတန်ပိုက်ဆံတောင်းခဲတဲ့ ကလေး။ တစ်ခါမှလည်း ဖအေဆီက ပိုက်ဆံမတောင်းဖူးပါဘူး။ အခုမှ ကိုးဒေါ်လာလောက် ခဏချေးပါလို့ပြောတာ။ သူ့မှာ တကယ်လိုချင်တာလေးတစ်ခုခု ရှိနေလို့များလားမှ မသိ။

အဲဒီ့အတွေးနဲ့ သားငယ်ရဲ့အိပ်ခန်းကို ဖအေက လိုက်သွားတယ်။ အခန်းထဲ ရောက်တဲ့အခါ “သားသား အိပ်ပြီလားကွ”လို့လည်း မေးလိုက်တယ်။

“မအိပ်သေးပါဘူး ဖေဖေ၊ သား နိုးနေပါတယ်”လို့ ကလေးက ပြန်ဖြေတယ်။

“အေးကွာ… စောစောက ဖေဖေ သားကို နည်းနည်း စိတ်တိုမိသွားတယ်။ တစ်နေ့လုံး အလုပ်ပင်ပန်းတာတွေ၊ မောတာတွေကို သားအပေါ်မှာ အထုပ်ဖြည်လိုက်မိသလို ဖြစ်သွားတယ် သားရယ်။ ရော့… ရော့၊ သည်မှာ မင်းလိုချင်တဲ့ ကိုးဒေါ်လာ”

သားလုပ်တဲ့သူက ငေါက်ကနဲ ထထိုင်လိုက်သလို သူ့မျက်နှာလေးကလည်း ချက်ချင်း ဝင်းပသွားပါတော့တယ်။

ပြီးတော့ သူ့ခေါင်းအုံးအောက်ကို လက်နှိုက်လိုက်ပြန်တယ်။ သားရဲ့ ခေါင်းအုံးအောက်က ထွက်လာတာကတော့ တွန့်ကြေနေတဲ့ ငွေစက္ကူတွေပါ။

သားဆီမှာ ပိုက်ဆံတွေလည်း တွေ့လိုက်ရော  ဖအေ့ဒေါသတွေလည်း အလိုလို ပြန်ထွက်လာတယ်။ ဘာကောင်လဲ၊ သူ့မှာ ပိုက်ဆံတွေ ရှိရက်သားနဲ့ ဘာလို့ ကိုးဒေါ်လာ ထပ်တောင်းတာလဲလို့ တွေးနေတုန်းမှာ သားလေးက ပိုက်ဆံလေးတွေကို ရေနေတယ်။ သေချာ ရေပြီးတဲ့အခါ သားက ဖအေကို မော့ကြည့်တယ်။

“မင်းမှာ ပိုက်ဆံရှိရဲ့သားနဲ့ ဘာလို့ ထပ်တောင်းရတာတုံးကွ…”

ဖအေလုပ်သူက သားကို ငေါက်မိရပြန်တယ်။

“သားမှာရှိတာနဲ့ မလောက်လို့ ထပ်တောင်းတာပါ ဖေဖေ။ အခုတော့ ပြည့်ပါပြီ။ ဟောဒီ့မှာ ဒေါ်လာ၂၀ ပါ ဖေဖေ။ ဖေဖေ့အချိန်ထဲက တစ်နာရီလောက် သားကို ရောင်းပါလားဟင်…”

စာဖတ်သူ လူကြီးမင်းများ ခင်ဗျား…

ပုံပြင်လေးကတော့ ဒါပါပဲ။

သည်ပုံပြင်လေးကို ကိုယ်နဲ့ခင်တဲ့သူ တစ်ဦးဦးကို ထပ်ဆင့် ပြောပြလိုက်ပါ။ ပြီးရင် လူကြီးမင်းရဲ့ဒေါ်လာ၂၀ တန် အချိန်လေးကိုလည်း ကိုယ်ချစ်တဲ့သူကို အလကား ပေးလိုက်ပါလားဗျာ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်
အလင်းတန်းဂျာနယ်၊ ၂၂-ဝ၅-ဝဝ

Copy & Paste နဲ့ ကူးယူ လက်ဆင့်ကမ်းလိုသူများ [အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ]လို့ 
တစ်ဆိတ် ထည့်သွင်းပေးပါရန် လေးစားစွာ ပန်ကြားပါရစေ။

သည်စာမူနဲ့ ပတ်သက်လို့ အမှတ်တရ တစ်ခု ရှိပါတယ်။ အဲဒါကတော့ သည်စာမူဟာ စာရေးဆရာ၊ မင်းသား၊ အဆိုတော် သုမောင်ရဲ့ ရင်ထဲကို အတော် ရောက်သွားပုံပါပဲ။ သည်စာမူကို အလင်းတန်း ဂျာနယ်မှာ ဖော်ပြပြီးတဲ့နောက် များမကြာမီမှာ ဆရာသုမောင်က အလင်းတန်းဂျာနယ်မှာပဲ “အတ္တကျော် ချီးမွမ်းခန်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ် ရေးသား ချီးမြှင့်ပေးခဲ့ဖူးပါတယ်။ (အသိမ်းအဆည်း ညံ့တဲ့ ကျွန်တော့်ကြောင့် အဲဒီ့ ဆရာသုမောင်ရဲ့ စာမူကို ပြန်လည် ဖော်ပြနိုင်စွမ်း မရှိတော့ပါဘူး။) အဲဒီ့တုန်းက ဆရာသုမောင်နဲ့ရော၊ ဆရာမင်းလူနဲ့ပါ ကျွန်တော်နဲ့ လူချင်း မသိသေးပါဘူး။ သူတို့ အစ်ကိုကြီး ဆရာမောင်ဝဏ္ဏသာ ကျွန်တော်နဲ့ ခင်နေတာပါ။ ဆရာသုမောင်က အဲသလို ရေးသား ချီးမြှင့်တော့မှ ကျွန်တော် သူ့အိမ်ကို သွားပြီး သူ့ကို သွားကန်တော့ခဲ့ရာမှ သူနဲ့ သိကျွမ်းခဲ့ရပါတယ်။ အခုတော့ ဆရာသုမောင်လည်း မရှိတော့ပါဘူး။ ဒါလေးကို ပြန်လည် ဖော်ပြရင်းနဲ့ သွားနှင့်လေသူ ဆရာသုမောင်ကို ရည်စူး ဦးခိုက်လိုက်ပါတယ်ခင်ဗျား။