Skip to content

Enjoying Responsibly

7 August 2012

တာဝန်သိစွာ အရသာခံတာ

နိဒါန်း

မနေ့ညက တစ်ယောက်တည်း အဖော်မပါဘဲ အရက်ပုလင်းသစ်တစ်လုံး ဖွင့်လိုက်တယ်။ သောက်နေကျ အမျိုးအစား မဟုတ်ဘူး။ တစ်လောဆီက နိုင်ငံခြားသားတစ်ယောက်က လက်ဆောင်ပေးသွားလို့ တစ်ခါသောက်ဖူး သွာပြီး လျှာစွဲသွားလို့ ဘန်ကောက်က အပြန်မှာ ဝယ်လာတဲ့ပုလင်းပါ။

သောက်နေကျ ပုလင်းမဟုတ်တာမို့ ပုလင်းဖွင့်၊ ဖန်ခွက်ထဲက ရေခဲတုံးတွေပေါ် လောင်းချကာ အနံ့ရဲ့ အရသာကို အရင်ခံစား၊ ပြီးတော့မှ တစ်ကျိုက် ကျိုက်လိုက်မိပါတယ်။ ပြီးတော့မှ သေချာ မစေ့ငုမိတဲ့ ပုလင်းကို လှည့်ပတ်ကြည့်မိသွားရပါတယ်။ ပထမတစ်ခါ လက်ဆောင်ရတဲ့ ပုလင်းတုန်းက မိတ်ဆွေတွေနဲ့ အတူ သောက်ခဲ့တာဖြစ်ပြီး တစ်ထိုင်တည်းနဲ့ တစ်ပုလင်းလုံး အပြတ်ဖြတ်ခဲ့ကြပါတယ်။ ပုလင်းခွံကိုတော့ မိတ်ဆွေတွေထဲက ဒီဇိုင်းဆရာလေးတစ်ယောက်က ယူမယ်လို့ ပြောလို့ ခေါင်းညိတ်ခဲ့ပါတယ်။ သူက ပုလင်း၊ ဘူးခွံ အဆန်းတွေကို စုထားတတ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းများအတွက် အသုံးတည့်ပုံပါပဲ။ ဒါ့ကြောင့် ပထမတစ်ခါတုန်းက သည်ပုလင်းကို မြင်ရုံသာ မြင်၊ ပုလင်းထဲက အရည်ကိုလည်း သောက်ရုံသာ သောက်ခဲ့ရကာ လျှာစွဲလောက်အောင် ကောင်းတယ်လို့သာ ခေါင်းထဲမှတ်ထားခဲ့မိပါတယ်။

အခုကျတော့ ပုလင်းကို စဝယ်လိုက်ချိန်ကတည်းက မူလ ရည်ရွယ်ရင်းစွဲရှိတဲ့အတိုင်း ကိုယ့်ဘာသာ တစ်ယောက်တည်း အေးအေးဆေးဆေး သောက်ဖို့ စိတ်ကူးနဲ့ ပုလင်းကို ဖွင့်လိုက်ပါတယ်။ ပြီးတော့ အထက်မှာ အစီရင်ခံခဲ့တဲ့အတိုင်း ပုလင်းကို ကျကျနန လှည့်ပတ်ကြည့်မိသွားတယ်။

အဲလို ကြည့်ရင်းနဲ့ တစ်နေရာမှာ တွေ့လိုက်ရတာကတော့ Enjoy Responsibly. (“တာဝန်သိသိ အရသာခံပါ”)တဲ့။

ဟား… အတော်သဘောကျသွားတယ်။ အဲဒီ့စာတန်းလေးကို ကြည့်နေရင်း အတွေးတွေလည်း တစ်သီတစ်တန်းကြီး ပေါ်လာပါတယ်။

မှန်ပါတယ်။

ဘယ်နေရာမှာပဲဖြစ်ဖြစ် တာဝန်သိဖို့ လိုတယ်။ ကိုယ့်တာဝန်ကို ကိုယ် နားလည်ဖို့ လိုတယ်။ ထိန်းသိမ်းဖို့ လိုတယ်။ ဒါဟာ အရွယ်ရောက်နေသူ လူသားတိုင်း သတိထားရမယ့် အရာပဲ။

တာဝန်သိစွာ သောက်သုံးတာ

အရက်ကို ကိုယ်ကြိုက်လို့ သောက်တာပေမယ့် သူတစ်ပါးကို ထိခိုက်ရင် အဲဒါ တာဝန်သိသိ အရက်သောက်သူ၊ အရသာခံသူ မဖြစ်နိုင်တော့ဘူး။ ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုအတွက် သူတစ်ပါးကို စတေးနေတဲ့သူဟာ တာဝန်မသိတဲ့သူ၊ တာဝန်မဲ့တဲ့သူပေါ့။

ခက်တော့လည်း အခက်သားခင်ဗျ။ အရက်ဆိုတာ လူကို ယစ်မူးစေတတ်တဲ့ အရာဖြစ်နေတာကိုး။ အာရုံကြောတွေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေတဲ့ အစွမ်းသတ္တိနဲ့ဆိုတော့ အရက်သောက်ပြီးတဲ့နောက် အမှားတွေလည်း ကျူးလွန်ဖြစ်တတ်ကြပါတယ်။

ကျွန်တော်ဆို ငယ်ငယ်က အတော်ဆိုးတယ်။ အရက်နဲ့ မှားခဲ့တဲ့ အမှားတွေမှ တစ်ပုံတစ်ပင်ပါ။ ကျွန်တော့် ဘယ်မျက်ခုံးနဲ့ ဘယ်လက်ဖမိုးတို့မှာ သေရာပါ ဒဏ်ရာတစ်ခုစီတောင်မှ ကျန်နေပါသေးတယ်။ တာဝန်သိစွာ မသောက်တတ်ခဲ့ပုံများ ပြောပါတယ်။

ခက်တာက ကျွန်တော်က အတော် အရက်ကြိုက်တယ်ခင်ဗျ။ ကြိုက်တော့ လူလည်သောက်နည်း သောက်တယ်။ အရက်က ကျွန်တော့်ကို နိုင်သွားမယ့် အခြေအနေကို သည်လောက် အရက်ကြိုက်တဲ့ကြားက ဘယ်တော့မှ အရောက်မခံခဲ့ဖူးဘူး။ ကျွန်တော်ကသာ အရက်ကို နိုင်နိုင်နင်းနင်း သောက်ချင်တာ ဖြစ်ပါတယ်။ အဲတော့ ကျွန်တော့် လူလည်သောက်နည်းက သောက်ချင်ရင်လည်း နေ့စဉ်ရက်ဆက် ငါးရက်၊ တစ်ပတ် သောက်တယ်။ ပြီးရင် မသောက်ဘဲ တစ်လ ကိုးသီတင်း နေတယ်။ တစ်ခါ တစ်လများဆို လေး-ငါးလ ကြာသည့်တိုင် သောက်ဖြစ်ချင်မှ သောက်ဖြစ်တယ်။ ဖြတ်သလားဆိုတော့ မဖြတ်ဘူး။ အပြတ် ဖြတ်ဖို့တော့ ကြိုးစားဖူးပါတယ်။ ဒါပေမယ့် စိတ်က သိပ်နိုင်တာ မဟုတ်ဘူး။ အရက်ကို သွေးထဲ၊ သားထဲကကို နှစ်ခြိုက်တဲ့စိတ်က အတော်ဆိုးတယ်။

အဲတော့ အဲလို သောက်တစ်လှည့် မသောက်တစ်လှည့် နေတဲ့နည်းနဲ့ ကျွန်တော် ထိန်းပါတယ်။ နောက်တစ်နည်းက တစ်ယောက်တည်း သောက်တဲ့နည်းပါ။ အဲဒီ့နည်းကတော့ အကောင်းဆုံးပါပဲ။ တစ်ယောက်တည်း အဖော်မပါဘဲ သောက်တဲ့အခါကျတော့ သိပ်များများ မသောက်ဖြစ်တော့ဘူး။ သောက်ချင်သလောက် ဝအောင် သောက်ပြီး အလုပ်လုပ်ချင် ဆက်လုပ်၊ မလုပ်ချင် အိပ်နေလိုက်တဲ့ နည်းက အခုနောက်ပိုင်းမှာ အတော် အလုပ်ဖြစ်တဲ့နည်းပါ။

ထားပါတော့။ ပြောချင်တာက ကျွန်တော် မူးရင်း သောင်းကျန်းတတ်ခဲ့ပုံများပါ။ မူးရင် ငိုတဲ့အထဲမှာလည်း တစ်ခါတရံ ပါခဲ့ဖူးတယ်။ ပြီးတော့ ဂျီကျတတ်တယ်။ အဲ… အဆိုးဆုံးကတော့ မိသားစုကို ပြဿနာရှာတာပါ။ မိသားစုအပေါ် မကျေနပ်ခဲ့သမျှတွေ စုထားပြီး မူးတော့မှ အထုပ်ဖြည်တတ်တဲ့ အကျင့်ဆိုးပါ။

အဲဒီ့ အကျင့်ဆိုးကို ကျွန်တော့်ဇနီးက ပညာသားပါပါ ဖျောက်ပေးခဲ့ပါတယ်။ တစ်ခါလည်း အဲဒါကို ရေးပြခဲ့ဖူးပါတယ်။ သူက ကျွန်တော် မူးပြီး အော်ကြီးဟစ်ကျယ် ဆဲဆို သောင်းကျန်းနေတုန်းမှာ ကျွန်တော် မသိအောင် အသံဖမ်းထားလိုက်တာပါ။ နောက်တစ်ရက် ကျွန်တော် အေးအေးဆေးဆေး ကြည်ကြည်လင်လင် ရှိချိန်ကျမှ ပြန်ဖွင့်ပြပါတယ်။ အဲဒီ့မှာ ကျွန်တော် အတော် ရှက်သွားပါတယ်။ အဲဒီ့နေ့ကစပြီး နောက်ပိုင်းမှာ ကျွန်တော် မူးရင် အော်ဟစ်ဆဲဆိုတတ်တဲ့ အကျင့်က လုံးလုံး ပျောက်သွားပါတယ်။

ကျွန်တော့် သားသမီးတွေကလည်း ကျွန်တော် အရက်သောက်နေရင် မူးပြီအမှတ်နဲ့ စကားအတည် သိပ်အပြောမခံကြပြန်ဘူး။ အဲဒါကလည်း ကျွန်တော့်ကို စိတ်အနှောင့်အယှက် အကြီးအကျယ် ဖြစ်စေပါတယ်။ သည်မှာတင် တာဝန်သိသိ အရက်သောက်တဲ့ အကျင့်တစ်ခုကို ကျွန်တော် ပျိုးယူခဲ့ပါတော့တယ်။

တာဝန်သိသိဆိုတာက ကိုယ်သောက်တာကြောင့် တစ်ဖက်သားမှာ အနှောင့်အယှက် မဖြစ်ရအောင် ဆင်ခြင်တဲ့နည်းပါပဲ။ သို့သော် တရားလွန် မူးသွားတဲ့အခါမျိုးတွေမှာ အဲဒါကို ဆင်ခြင်ရ ခက်တတ်တယ်ဆိုတာ အရက်သောက်ဖူးသူတိုင်း သိပါတယ်။ အဲတော့ တရားလွန်မမူးအောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ သောက်ခြင်းဟာ တာဝန်သိသိ သောက်သုံးခြင်းလို့  တစ်ဖက်က ပြောမယ်ဆို ပြောနိုင်ပါလိမ့်မယ်။

တာဝန်မဲ့စွာ အရသာခံတတ်ပုံ နမူနာ

အရက်သောက်တာကို ဖယ်ထားလိုက်ပါဦး။ ကျွန်တော်တို့ လူသားတွေ တခြားကိစ္စတွေမှာ အရသာခံတတ်ပုံတွေကလည်း မနည်းမနောပါပဲ။

အဲဒီ့ကိစ္စကို ကိုယ်တွေ့ နမူနာလေးတစ်ရပ်နဲ့ ဆွေးနွေးပါရစေ။

ကျွန်တော် ငယ်ငယ်တုန်းက ကြုံခဲ့ဖူးတာလေးပါ။ တာဝန်သိသိ အရသာ မခံတတ်တဲ့ မိခင်တစ်ယောက်ကြောင့် စိတ်နှလုံး ညှိုးခြုံးခဲ့ရဖူးတာလေး ဖြစ်ပါတယ်။

မှတ်မှတ်ရရ ၁၉၇၄ ခုနှစ် ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့မှာပါ။

အဲဒီ့နှစ်မှ ကျွန်တော် စာမေးပွဲ မကျပေမယ့် မအောင်ပါဘူး။ “ခ“ စာရင်းဆိုတဲ့ အူကြောင်ကျားနဲ့သာ အောင်တာပါ။ အဲတော့ တက္ကသိုလ် တက်ခွင့်မရဘူး။ စာမေးပွဲ ကျတယ်လို့ အပြတ်ပြောလို့ရလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဘာကြီးမှန်း မသိဘူးခင်ဗျ။ တက္ကသိုလ် တက်ချင်ရင်တော့ နှစ်ကျများနည်းတူ နောက်တစ်နှစ် ပြန်နေ၊ စာမေးပွဲ နောက်တစ်ကြိမ် ပြန်ဖြေရမှာပေါ့။

အဲ… အဲဒီ့နှစ်က ကျွန်တော်နဲ့ တစ်တန်းတည်း သူငယ်ချင်းတွေ အကုန်လုံးလောက်နီးနီး ကွင်းလုံးကျွတ် အောင်ကြပါတယ်။ စာတော်တဲ့သူတွေချည်း စုထားတဲ့ အတန်းမို့လို့လည်း အောင်သူတွေ အားလုံးကလည်း ဂုဏ်ထူးတွေ ကိုယ်စီနဲ့ပါ။ ကျွန်တော်တို့ အတန်းက အဲဒီ့ခေတ်တုန်းက အင်မတန်မှ ရှားပါးလှတဲ့ ခြောက်ဘာသာ ဂုဏ်ထူးရှင် ထွက်ပါတယ်။ အင်မတန် ရှားပါးဆို တစ်ပြည်လုံးမှ အဲလို ခြောက်ဘာသာ ဂုဏ်ထူးထွက်သူက တစ်ယောက်၊ နှစ်ယောက်ထက် မပိုလို့ပါပဲ။

ကျွန်တော် မကျသော်လည်း လွတ်လွတ်ကျွတ်ကျွတ်အောင်တာ မဟုတ်တဲ့အတွက် နောက်တစ်နှစ် ပြန်နေရပါတော့မယ်။ အဲဒီ့အတွက် ကျွန်တော့်စိတ်ထဲမှာ သိပ်ဘာမှ မဖြစ်ပါဘူး။ ကျွန်တော် ကြိုးစားလျက်ကနဲ့ ခြေချော်လက်ချော် ဖြစ်သွားတာမှ မဟုတ်တာလေ။ လေလို့ ကောင်းနေတာနဲ့ အခုလိုဖြစ်တာပဲ။ အမှန်က လုံးလုံးတောင် ကျရဦးမှာ။ သည်လောက်လေလို့ ကောင်းနေတဲ့ ကြားက “ခ“စာရင်းနဲ့ အောင်တာကိုက ကျွန်တော် သိပ်မခေလို့ပေါ့။ ဟဲ… ဟဲ…

ဖြစ်ပုံကလည်း ရယ်ရတယ်။ အမှန်တော့ ဘာသာစုံ အောင်ပါတယ်။ အဲဒီ့နှစ်က မြန်မာနိုင်ငံ ဆယ်တန်းစာမေးပွဲ သမိုင်းမှာ တစ်ကြိမ်သာ ထူးထူးကဲကဲ ဖြစ်သွားတဲ့နှစ် ခင်ဗျ။ တစ်ခုခုသော အကြောင်းကြောင့် ရမှတ်တွေ တရားလွန် ဖောင်းပွသွားတဲ့အတွက် တက္ကသိုလ် မဆံ့မှာ စိုးလို့လားတော့ မသိဘူး။ အဲဒီ့နှစ်မှာ ဘာသာစုံအောင်သူတွေ ဖြစ်လင့်ကစား စုစုပေါင်း အမှတ် ၃၆၀ မပြည့်ရင် အအောင်မပေးတဲ့ နှစ်ပါပဲ။ အဲတော့ ဘာသာစုံ အောင်တဲ့ ကျွန်တော်ဟာ အမှတ်ပေါင်း ၃၆၀ မပြည့်ရှာတဲ့အတွက် “ခ”စာရင်း ဝင်သွားခဲ့ပါတယ်။ (သနားစရာလေးနော်…)

ကျွန်တော်က ကိုယ်လုပ်ချင်တာ လုပ်ပြီးတဲ့နောက် ဖြစ်လာတဲ့ အကျိုးဆက်ကို ကျေကျေနပ်နပ် လက်ခံတတ်တဲ့အကျင့်က အဲဒီ့ကတည်းက ရှိနေပြီးသားပါ။ အိမ်က ဆူရင်လည်း ဆူပေါ့။ ရိုက်ရင်လည်း ရိုက်ပေါ့။ ကျွန်တော် အလေလိုက်လို့ ကောင်းနေလို့ အခုလို ဖြစ်နေတာကို သိပ် ထိခိုက် ခံစားမနေပါဘူး။ အဲတော့ အောင်တဲ့ သူငယ်ချင်းတွေဆီ လျှောက်သွားပြီး ဟေးလားဝါးလား လုပ်တာပေါ့ခင်ဗျာ။

အဲဒီ့ထဲကမှ လေးဘာသာဂုဏ်ထူးနဲ့ အောင်တဲ့ သူငယ်ချင်းတစ်ယောက် အိမ်ကို သွားတော့ ကျေးဇူးရှင်က မရှိဘူး။ အပြင်သွားနေသတဲ့။ သူ့အိမ်ကို အဝင်အထွက်များလို့ ခင်မင်နေပြီဖြစ်တဲ့ သူ့အမေက ပြန်လာတော့မှာပါ၊ စောင့်လိုက်ပါဦးဆိုတာနဲ့ သူတို့ ဧည့်ခန်းမှာ ထိုင် စောင့်နေရပါတယ်။

သည်အခါမှာ သူ့အမေက သူ့သား လေးဘာသာ ဂုဏ်ထူးနဲ့ အောင်တဲ့ အပေါ်မှာ အားရပါးရ အရသာခံပါတော့တယ်။ သူ့သား ဘယ်လို တော်ကြောင်း၊ ဘယ်ပုံ ထက်မြက်ကြောင်း၊ ဘယ်သို့ ထူးချွန်ကြောင်းများကို တရစပ် ပြောပါတော့တယ်။

ကျွန်တော်က နောက်တစ်နှစ်ပြန်နေရမယ့်သူဆိုတာကို သူ့အမေလည်း သိတယ်။ သည်ကြားထဲကပဲ သူ့အမေရဲ့ စကား အခွန်းတိုင်းက ကျွန်တော့်ကို ဖိနင်းနေသလို ခံစားလာရတယ်။ စကားတွေ စိပ်လာလေ ခါးသီးလာလေ ဖြစ်နေတယ်။ သူ့သား တော်တယ်၊ အရမ်းတော်တယ်။ သူ ပြောတယ်။ တစ်နည်းပြောရင် ပြန်နေရမယ့် မင်းက ချာတယ်၊ အသုံး မကျဘူး၊ အလကားကောင်ပဲလို့ ပြောသလို ဖြစ်နေပါတယ်။

နောက်ဆုံးမှာတော့ ကျွန်တော် သွားစရာ ရှိနေသေးလို့ပါဆိုတဲ့ အကြောင်းပြနဲ့ ဟိုကောင့်ကို မစောင့်တော့ဘဲ လစ်ထွက်လာခဲ့ရပါတော့တယ်။ နောက်လည်း အဲဒီ့အိမ်ကို ဘယ်တော့မှ မသွားတော့ပါဘူး။

တချို့ကတော့ ကျွန်တော့်ကို မခံချင်စိတ်ဖြစ်လာပြီး နောက်နှစ်မှာ အစွမ်းကုန် ကြိုးစားအောင် သူ့အမေက တစ်ဖက်လှည့်နဲ့ ပညာပေးလိုက်တာလို့ တွေးကောင်း တွေးပါလိမ့်မယ်။ ကျွန်တော်ကတော့ အဲလို လုပ်တယ်ဆိုလည်း ဉာဏ်နည်းတဲ့ လုပ်ရပ်အဖြစ်သာ အဲဒီ့ကတည်းက မြင်ခဲ့ပါတယ်။ လုပ်ပေါက်က ကျွန်တော့်အမေ ပြောနေကျ စကားနဲ့ ပြောရရင်၊ ကန်တော့ပါရဲ့ဗျာ၊ ငါ့ပန်းတော့ ဘုရားတင်၊ နင့်ပန်းတော့ မစင်တွင်းထဲ ပစ်ချဆိုတဲ့ အပေါက်မျိုးပါ။

ကျွန်တော်ဆိုတဲ့ကောင်ကလည်း စာတော်သူတွေ စုထားတဲ့အတန်းကို မျက်စိလည် လမ်းမှားပြီးသာ ရောက်သွားတာ။ ကိုးတန်းနှစ်ကစပြီး ကျောင်းစာကို သိပ် ကြိုးကြိုးစားစား မရှိတော့တာ တစ်တန်းလုံးအသိပါ။  စာတော်မှ ဘဝမှာ အောင်မြင်တာ မဟုတ်ဘူးဆိုတဲ့ အမြင်ကလည်း ခိုင်စပြုလာတဲ့အချိန်ပါ။ ကျွန်တော် ဖြစ်ချင်တာက အနုပညာသည်။ ကျွန်တော့် အိပ်မက်တွေက အနုပညာသည်ဖြစ်လာဖို့။ အဲတော့ ကျောင်းစာကို အခြေခံပညာတစ်ရပ်အနေနဲ့ပဲ သင်ယူပါတော့တယ်။ ပြီးရင် အနုပညာ လုပ်တွေ လုပ်မယ်ပေါ့။ အဲဒီ့စိတ် ရှိနေတဲ့သူကို ဘယ်လောက် မခံချင်အောင် ပြောပြော ဘာမှ အကြောင်းထူးမှာ မဟုတ်တာကို အဲဒီ့သူငယ်ချင်းရဲ့ မိခင် မသိပါဘူး။ ကျွန်တော်သာ အားငယ်တတ်သူဆိုရင် ငါ အသုံးမကျပါလားဆိုတဲ့အတွေးနဲ့ သိမ်ငယ်ပြီး အကြီးအကျယ် စိတ်ဒဏ်ရာ ရသွားစေနိုင်တာမျိုးပါ။ သည်အထိ မတွေးတတ်တဲ့အတွက် အဲဒီ့မိခင်ကို ဉာဏ်နည်းတဲ့ အလုပ်တွေ လုပ်လိုက်တာပဲလို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

သားလုပ်သူရဲ့ အောင်မြင်သူအတွက် အမေတစ်ယောက်အနေနဲ့ မြိန်ရည်ယှက်ရည် အရသာခံတာဟာ တကယ်တော့  သဘာဝကျလှပါတယ်။ ဒါပေမယ့် တာဝန်သိစွာ အရသာမခံတတ်တော့ သူ့ရဲ့ အရသာခံမှုက တစ်ဖက်သားကို လူလူချင်း မထောက်ထား၊ မညှာတာရာ ရောက်သွားခဲ့ပါတော့တယ်။

နိဂုံး

ကျွန်တော်တို့ ကိုယ်တိုင်လည်း ဘဝမှာ အရသာခံမိတာတွေ အများအပြားပါ။ ကိုယ်ကိုယ်တိုင်ရဲ့ အောင်မြင်မှုအတွက်ဖြစ်စေ၊ ကိုယ့်သားချင်းရဲ့ အောင်မြင်မှုအတွက် ဖြစ်စေ၊ ကိုယ်ချစ်တဲ့ခင်တဲ့သူရဲ့ အောင်မြင်မှုအတွက် ဖြစ်စေ ကျွန်တော်တို့ အားလုံးဟာ မြိန်ရည် ယှက်ရည် အရသာခံတတ် ကြသူချည်းပါပဲ။ ဟုတ်ကဲ့လား မသိဘူးနော်။

ဒါပေမယ့် ကျွန်တော်တို့တွေ တကယ်ရော တာဝန်သိစွာ အရသာ ခံတတ်ပါရဲ့လား။

အင်မတန် စဉ်းစားစရာ ကောင်းလှတဲ့ မေးခွန်းဖြစ်ပါတယ်။

ကျွန်တော်ကတော့ အိမ်မှာ အဲဒီ့အရက်ပုလင်းက စာတမ်းလေး ကူးပြီး ရေးကပ်ထားရင် ကောင်းမလားလို့တောင် စဉ်းစားမိလာပါတယ်။ ဘာတဲ့။ “Enjoy Responsibly”တဲ့။ “တာဝန်သိစွာ အရသာခံပါ”တဲ့။

ကြီးကြီးကျယ်ကျယ် ပြောရင်တော့ အခု လူပြောသူပြောများလှတဲ့ ဒီမိုကရေစီနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရထဲက အရေးကြီးတဲ့ တစ်ချက်က ပြိုင်ဖက်တွေ၊ အတိုက်အခံတွေ၊ တခြားသူတွေ၊ ကိုယ်နဲ့ အယူအဆ အတွေးအမြင် မတူသူတွေ၊ လူနည်းစုတွေ၊ အားနည်းသူတွေကိုလည်း လေးစားဖို့၊ နေရာပေးဖို့၊ အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။ ကိုယ့်လုပ်ရပ်ကြောင့် တစ်ဖက်သား မထိခိုက်အောင် ထိန်းသိမ်းနိုင်မှ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ နိုင်ငံသားတွေ ဖြစ်လာမှာပါ။ အဲတော့ကာ သည် “တာဝန်သိစွာ အရသာခံတတ်တာ”လေးကလည်း ဒီမိုက်ရေစီနဲ့ ထိုက်တန်တဲ့ နိုင်ငံသားများ ဖြစ်လာရေးမှာ လေးနက်တဲ့ အချက်တစ်ချက်လို့ ဆင့်ပွား တွေးနေမိရပါတယ်ခင်ဗျား။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ဝ၇၀၇၁၂)
 

(၂၀၁၂ ခုနှစ် သြဂုတ်လထုတ် သရဖူမဂ္ဂဇင်း။ သရုပ်ဖော်ပုံများမှာ မဂ္ဂဇင်းပါ ဆရာ ဇော်မောင့် လက်ရာများဖြစ်ပါတယ်။)
Advertisements
One Comment leave one →
  1. you-know-who permalink
    22 August 2012 12:47 pm

    ထားပါတော့။ ပြောချင်တာက ကျွန်တော် မူးရင်း သောင်းကျန်းတတ်ခဲ့ပုံများပါ။ မူးရင် ငိုတဲ့အထဲမှာလည်း တစ်ခါတရံ ပါခဲ့ဖူးတယ်။ ပြီးတော့ ဂျီကျတတ်တယ်။ အဲ… အဆိုးဆုံးကတော့ မိသားစုကို ပြဿနာရှာတာပါ။ မိသားစုအပေါ် မကျေနပ်ခဲ့သမျှတွေ စုထားပြီး မူးတော့မှ အထုပ်ဖြည်တတ်တဲ့ အကျင့်ဆိုးပါ။

    Reminds me of myself 😛 .. No wonder i was being recorded too

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: