Skip to content

The Law of the Jungle and the Modernised Urban Life

12 August 2012

တောရိုင်း ဥပဒေနဲ့ ခေတ်မီမြို့ပြ

အဖေနဲ့ပတ်သက်လို့ကတော့ အဖေ့ အဖေနာမည် ဘယ်သူ၊ အဖေ့အမေ နာမည် ဘယ်သူ၊ ဘယ်မြို့က ဆိုတာလောက်ပဲ သိရပေမယ့် အတူနေခွင့်ရတာ ပိုများတဲ့ အမေနဲ့ ပတ်သက်လို့ နောက်ကြောင်းကိုတော့ ကျွန်တော့် ဘေး (အမေ့အဘိုး) အဆင့်အထိ သိခွင့်ရပါတယ်။ အမေ့ရဲ့ အဖေဘက်က အဘိုးက မန္တလေးနယ်၊ ကပိုင်ရွာဘက်ဆီက မြန်မာစစ်စစ်ကြီး ဖြစ်ပေမယ့် အမေ့ရဲ့ အမေဘက်က အဘိုးကကျတော့ တရုတ်စစ်စစ်ကြီးပါတဲ့။ အဲဒီ့ တရုတ်စစ်စစ်ကြီးက ဗန်းမော်သူ အမေ့ အဘွားနဲ့ ညားရာက အမေ့ အမေကို ဖွားမြင်ခဲ့တာပါပဲ။ အဲတော့ အမေ့ အမေ ကျွန်တော့် အဘွားမှာ  တရုတ်သွေးက ငါးမူးဖိုးပါနေတာပေါ့။ သို့သော် ဗန်းမော်ကနေ ငယ်ငယ်ကတည်းက မန္တလေးကို ပြောင်းရွှေ့ အခြေချလာတဲ့အခါ တရုတ်ထုံးစံတွေလည်း လိုက်နာကျင့်သုံးမှု မရှိတော့ဘဲ ပကတိ ဗမာစစ်စစ်ကြီးများလိုသာ နေသွားခဲ့ပါတယ်။ အဘွားက ကျွန်တော် ရှစ်တန်းကျတော့မှ တိမ်းပါးသွားခဲ့တာမို့ ကျွန်တော် မြင်ဖူးလိုက်ပါတယ်။ အသားဖြူဆွတ်လွန်းပြီး တရုတ်သွေးပါမှန်း သိသာတဲ့ မျက်နှာပေါက်ကို မှတ်မိနေပါတယ်။

အမယ်… ဘာမဆိုင် ညာမဆိုင် ပြောရရင် လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်လပ်(ခ်)နဲ့ သူ့အစ်ကို ဝန်ကြီးချုပ်ဟောင်း သာ့(ခ်)ဆင်တို့ရဲ့ ဘေးတော်ကြီးကလည်း ထိုင်းကို ၁၈၆၀ ပြည့်လွန်နှစ်တွေမှာ လာရောက် အခြေချတဲ့ ဂွမ်ဒေါင်းပြည်နယ်သား တရုတ်ကြီးပဲတဲ့ခင်ဗျ။ အဲဒီ့ ဘေးတော်ကြီးရဲ့ သားအကြီးဆုံးက ထိုင်းအမျိုးသမီး တစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ သူက မွေးတဲ့ သားအကြီးက တရုတ်နာမည်ကို စွန့်လိုက်ပြီး ရှင်နာ ဝါထရာဆိုတဲ့ ထိုင်းနာမည်ကို ခံယူခဲ့တယ်လို့ သိရပါတယ်။ သာ့(ခ်)ဆင်(န်)တို့၊ ယင်လပ်(ခ်)တို့ရဲ့ အဖေကလည်း အဲဒီ့ တရုတ်နဲ့ ထိုင်းတို့ အိမ်ထောင်ကျရာက ပေါက်ဖွားလာခဲ့တာပါပဲ။

သူတို့ကကျတော့ ကျွန်တော့်လို အမေဘက်က မဟုတ်ဘဲ အဖေ့ဘက်က အစဉ်အဆက် ဆင်းသက်ခဲ့လို့လားတော့ မသိဘူး၊ သူတို့ရဲ့ မျက်နှာပေါက်နဲ့ အသားအရေမှာ တရုတ်သွေးပါမှန်း ကောင်းကောင်းကြီး သိသာ နေပါတယ်။ ကျွန်တော်ကကျတော့ မြန်မာရုပ် ပိုထွက်နေသပေါ့ဗျာ။

ပြောချင်တာက လူအမျိုးမျိုး အရပ်ရပ်ကို ကျဲပြန့် လွင့်စင်နေပုံကိုပါ။ ကျွန်တော်တို့ အရှေ့တောင်အာရှဒေသမှာ အကျဲပြန့်ဆုံးလူမျိုးကတော့ တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။ ၁၉ ရာစုမှာ တရုတ်ပြည်ကြီးရဲ့ လူဦးရေ ပေါက်ကွဲမှုနဲ့တကွ အဲဒီ့အကျိုးဆက်အဖြစ် စားရေးနေရေး ခက်ခဲကြပ်တည်းလာမှုများက တရုတ်နိုင်ငံသားတွေကို ရေကြည်ရာ မြက်နုရာ ရှာဖြစ်အောင် တွန်းအားပေးခဲ့ပါတယ်။

ဒါ့ကြောင့် တရုတ်တွေဟာ အာရှတစ်ခွင်လုံးကို လွင့်စင်ကုန်ပါတော့တယ်။ အင်ဒိုနီးရှားလို နိုင်ငံက အိမ်ခြေ ဆယ်ဂဏန်းမျှသာ ရှိတဲ့ ကျွန်းငယ်လေးများဆီအထိကို လွင့်စင်ကုန်ကြတာပါ။

ရာစုတစ်ခုအတွင်းမှာ သူတို့တွေဟာ အလုပ်ကို ကြိုးကြိုးစားစား လုပ်ကြတယ်။ လူ့အောက်ကျို့ပြီး သူတို့ မက်မောတန်ဖိုးထားတဲ့ ငွေကိုသာ ကျားကုပ်ကျားခဲ ရှာဖွေခဲ့ကြပါတယ်။ သည်လိုနဲ့ နှစ်ဆယ်ရာစု အနှောင်းပိုင်းမှာတော့ သူတို့က ပေါက်ဖွားလာသူများဟာ ရောက်ရှိနေရာ နိုင်ငံအသီးသီးရဲ့ စီးပွားရေးမှာ အဓိက ချုပ်ကိုင်ထားသူများ ဖြစ်လာပါတော့တယ်။ မလေးရှားရဲ့ စီးပွားရေးကိုပဲ ကြည့်ကြည့်၊ အင်ဒိုနီးရှားနဲ့ ထိုင်းကိုပဲ ကြည့်ကြည့် ဒေသခံ မလေးတွေ၊ အင်ဒိုနီးရှန်းတွေ၊ ထိုင်းတွေက ကျောမွဲနေရာမှာသာ ရှိနေပြီး သူတို့ဆီကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်၊ နှစ်ရာအတွင်းက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ရောက်လာသူများက အသက အသက ပေါက်ဖွားလာသူများကသာ ကြွယ်ဝချမ်းသာနေကြ၊ စီးပွားရေးနယ်ပယ်ကို ခြယ်လှယ်နေကြတာ အထင်အရှား မြင်တွေ့ရနိုင်ပါတယ်။

နောက်ထပ် လွင့်စင်ပုံ တစ်မျိုးကတော့ ကနေ့ အမေရိကန်နိုင်ငံလို့ ခေါ်ဆိုနေတဲ့ အမေရိကန်ပြည်ထောင်စုပါပဲ။ အဲဒီ့ကိုလည်း ရေကြည်ရာ၊ မြက်နုရာလို့ ယူဆပြီး ပြောင်းရွှေ့လာကြတဲ့ နိုင်ငံပေါင်းစုံက ဥရောပတိုက်သားများက ရွှေ့ပြောင်းအခြေချနေထိုင်လာကြရင်း အမေရိကန်နိုင်ငံကြီး ဖြစ်ပေါ်လာတာပါပဲ။ နေရင်း ဇာတိခံ လူနီတွေကိုတောင် ကျော်လွှားပြီး အဲဒီ့ ဥရောပတိုက်သားများက ဦးဆောင် အုပ်ချုပ်တဲ့ ပြည်ထောင်စုတစ်ခု ဖြစ်လာခဲ့တာပါ။

အမေရိကန်နိုင်ငံမှာ စိတ်ဝင်စားစရာ ကောင်းတာတစ်ခုက အဲဒီ့ လူဖြူဥရောပသားတွေက ကျွန်တွေအဖြစ် ခေါ်ဆောင်လာခဲ့ကြတဲ့ အာဖရိကနွယ်ဖွား လူမည်းများရဲ့ အခန်းကဏ္ဍပါပဲ။ ကျွန်တွေဘဝကနေ  အခုအခါမှာ နိုင်ငံတော်သမ္မတရာထူးအထိ တက်လှမ်းနိုင်ခဲ့တဲ့ လူမည်းတွေရဲ့ စွမ်းပကားက အမေရိကန်သမိုင်းစာမျက်နှာပေါ်မှာ အင်မတန် ထင်ရှား ရွှန်းလက်လို့ နေပါတယ်။

အမေရိကန်နဲ့ ဆင်တဲ့ အာရှ-ပစိဖိတ်ဒေသထဲက နိုင်ငံကတော့ ဩစတြေးလျ ဖြစ်ပါတယ်။ ပညာရှင်များရဲ့ အလိုအရ ဥရောပတိုက်သား အခြေချသူတွေ ရောက်မလာခင် နှစ်ပေါင်း ခြောက်သောင်းလောက် စောပြီးတော့ အာရှတိုက်က စူးစမ်းရှာဖွေသူတွေဟာ ဩစတြေးလျတိုက်ကို ရောက်ရှိ အခြေချနေထိုင်ခဲ့ပါတယ်။ ဥရောပတိုက်သားတွေ ရောက်လာချိန်မှာ သူတို့က ဒေသခံ ကျွန်းသူကျွန်းသား (aborigines)တွေအဖြစ် အသတ်မှတ်ခံခဲ့ရပါတယ်။

နောက်ထင်ရှားတဲ့ နိုင်ငံတစ်နိုင်ငံက တောင်အာဖရိကပါ။ အဲဒီ့ကိုကျတော့ ဒတ်(ခ်ျ)နယ်ချဲ့တွေ၊ နောက်ပိုင်းမှာ ဗြိတိသျှ နယ်ချဲ့တွေ ရောက်ရှိ နယ်ချဲ့ လာရင်းကနေ နောက်ဆုံးမှာ သူတို့ကိုယ်သူတို့ အာဖရိခန္နားဆိုတဲ့ အာဖရိကက လူဖြူလူမျိုးတစ်မျိုးအဖြစ်တောင် တီထွင် ဖန်တီးခဲ့ကြတဲ့အပြင် ကိုယ်ပိုင် ဘာသာစကား အသစ်တစ်ခုတောင် ပေါ်ပေါက်လာခဲ့ဖူး ပါတယ်။ သည်မှာလည်းပဲ လူမည်းတွေက ၂၁ ရာစု စခါစ ကာလမှာ အသားအရောင်ခွဲခြားမှုကို တိုက်ဖျက်ပြီး နေရာ ပြန်ယူနိုင်ခဲ့ကြတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။

စင်္ကာပူနိုင်ငံဆိုတာလည်း တကယ်တော့ မလေးကျွန်းဆွယ်ရဲ့ တောင်ပိုင်း အစွန်အဖျားလေးမျှသာ ဖြစ်ပါတယ်။ မူလက မလေးနွယ်တွေရဲ့ မြေပေါ့ခင်ဗျာ။ သို့သော် အထက်မှာ ဆိုခဲ့တဲ့အတိုင်း ဖူးကျန့်နဲ့ ကွမ်းတုံ ဒေသက တရုတ်တွေ၊ အိန္ဒိယက ရောက်လာသူတွေနဲ့ ဖြည့်တင်းလိုက်တဲ့အတွက် ယနေ့အခါမှာတော့ တရုတ်တွေက စင်္ကာပူ လူဦးရေရဲ့ လေးပုံ သုံးပုံကျော်ကို လွှမ်းမိုးထားပါတယ်။ စင်္ကာပူသားတစ်ရာမှာ ခုနစ်ဆယ့် ငါးယောက်က တရုတ်မျက်နှာတွေနဲ့ ဖြစ်နေတာ အထင်အရှားပါပဲ။ သူကတော့ တတိယမြောက် တရုတ်နိုင်ငံလို့ တင်စား ခေါ်ဝေါ်ယူရတဲ့အထိကို တရုတ်တို့က စီးပွားရေးမှာသာမက နိုင်ငံရေးမှာပါ ချုပ်ကိုင်ထားတာကို တွေ့ရနိုင်ပါတယ်။

ဒုတိယမြောက် တရုတ်နိုင်ငံတော်ကတော့ ထိုင်ဝမ်ပါ။ ထိုင်ဝမ်ကကျတော့ ရှေးအစဉ်အဆက်ကတည်းက တရုတ်ပိုင်နက် နယ်မြေဖြစ်ခဲ့ပြီး တရုတ်တော်လှန်ရေးမှာ အရေးနိမ့်ခဲ့တဲ့ အမျိုးသားရေးဝါဒီ တရုတ်များ (တရုတ်ဖြူများ)က အဲဒီ့ ကျွန်းကလေးကို ရယူ လွှမ်းမိုးခဲ့တာ ဖြစ်ပါတယ်။ နေရင်း ကျွန်းသားတွေကို စစ်ရှုံးလို့ ပြေးလာရတဲ့ တရုပ်ဖြူများက လွှမ်းမိုး အုပ်ချုပ်ခဲ့တာလည်း ထင်ရှားပါတယ်။

ဒါတွေကို ပြောနေရတာက လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၊ ယဉ်ကျေးမှုတစ်ခုရဲ့ အဓွန့်ရှည် တည်တံ့မှုဟာ သက်ဆိုင်ရာ လူမျိုး၊ နိုင်ငံသားများ၊ လူမျိုးစုများအပေါ်မှာသာ မူတည်နေတယ်ဆိုတဲ့ အချက်ကို မီးမောင်းထိုး ပြချင်လို့ဖြစ်ပါတယ်။

တကယ်တော့ တောရိုင်း ဥပဒေကသာ နယ်ပယ်တိုင်းအတွက် အဓိကကျလှတယ်လို့ မြင်မိပါတယ်။ အဲဒီ့ ဥပဒေက “အကြံ့ခိုင်ဆုံး (ဝါ) သက်လုံအကောင်းဆုံး သူသာလျှင် ရပ်တည်ရှင်သန် ကျန်ရစ်နိုင်တယ်”ဆိုတာပါပဲ။

သတ္တဝါတွေထဲမှာလည်း မျိုးတုံးပျောက်ကွယ်ခဲ့ရတဲ့ သတ္တဝါတွေဟာ လောကဓံအထုအထောင်းကို ကြံ့ကြံ့မခံနိုင်ခဲ့ကြလို့၊ သက်လုံ မကောင်းကြလို့သာ ဖြစ်ပါတယ်။  

သမိုင်းစဉ်နဲ့ ကြည့်မယ်ဆိုရင် ရောမ၊ ခေါမ အင်ပါယာကြီးတွေ နေဝင် ခဲ့တာ၊ တရုတ်ရဲ့ နှစ်ပေါင်း နှစ်ထောင်ကျော် ယဉ်ကျေးမှုကြီး ကွယ်ပျောက်ခဲ့ရကာ ဥရောပက ဒုက္ခပင်လယ်ဝေနေခိုက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ဝ၀ ကျော်တုန်းက ကမ္ဘာကို ဦးဆောင်နေခဲ့တဲ့ တရုတ်နဲ့ အာရှက နောက်တန်းကို ရောက်သွားခဲ့ရတာ၊ ဥရောပသားတွေကသာ ကမ္ဘာကို လွှမ်းမိုးလာတာများဟာ အဲဒီ့ တောကြီးမျက်မည်းရဲ့ အခြေခံ ဥပဒေသအတွက် ခိုင်လုံတဲ့ သင်ခန်းစာတွေအဖြစ် မြင်ကြရမှာပါ။

ကမ္ဘာတစ်လွှားမှာ တန်ခိုးထွားနေတဲ့ တရုတ်တွေနဲ့ပဲ ပြန်ကြည့်ရင်တော့ သည်အချက်က ပိုထင်ရှားပါတယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ သူတို့တွေ နေရာ ရနေတာဟာ တော်တော် ဆင်ခြင်စရာ ကောင်းလှပါတယ်။ တရုတ်တန်းတွေက အိမ်နီးချင်း အရှေ့တောင် အာရှနိုင်ငံတွေမှာသာ မကဘဲ အာဖရိက၊  အရှေ့အာရှ၊ အမေရိကတိုက်က နိုင်ငံတွေ၊ ဩစတြေး လျနဲ့ ဥရောပတိုက်က နိုင်ငံတွေအပါအဝင် တစ်ကမ္ဘာလုံး အနှံ့မှာ ရှိနေတာပါပဲ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ဘီနိုဒို တရုတ်တန်းဆိုရင် တရုတ်တန်းတကာအနက်မှာ အစောဆုံးလို့တောင် အဆိုရှိတယ်။ ၁၅၉၄ ခုနှစ်မှာ စတင်ပေါ်ပေါက်လာတာတဲ့။ နှစ်ပေါင်း ငါးရာကျော်ပြီပေါ့။

သူတို့တွေဟာ မိခင်နိုင်ငံကို စွန့်ခွာခဲ့ကြပြီး ရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်း အခြေချခဲ့ကြတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာကျော်ကတည်းကပဲ။ ဒါပေမယ့် အရှိန်အဟုန် မြင့်သွားတာက ပီကင်း သဘောတူစာချုပ်ကို ချုပ်ဆိုအပြီး ၁၈၆၀ ပြည့်လွန်နှစ်တွေမှာပါပဲ။ အဲဒီ့ စာချုပ်က နယ်စပ်ကို ဖွင့်ပေးပြီး တရုတ်တွေကို လွတ်လပ်စွာ သွားလာခွင့်ပေးခဲ့ကြတယ်။ သည်မှာတင် ကမ္ဘာတစ်လွှားကို တရုတ်တွေ အုံနဲ့ကျင်းနဲ့ လွင့်ထွက်ကုန်တော့တာပါပဲ။

အဲဒီ့ ရေကြည်ရာ မြက်နုရာ ဒေသတွေမှာ သူတို့ စီးပွားဖြစ်ကြတယ်။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော် ဘာသာပြန်နေတဲ့ စာအုပ်တစ်အုပ်ထဲက  အင်ဒိုနီးရှားမှာ အနေကြာနေတဲ့ ဒတ်(ခ်ျ)လူမျိုး ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးက တရုတ်တွေနဲ့ ပတ်သက်ပြီး ပြောတဲ့ မှတ်ချက်က စိတ်ဝင်စားစရာ ကောင်းပါတယ်။ “ကျွန်းတိုင်းမှာ တရုတ်တွေက လူနည်းစု၊ သို့သော် ကျွန်းတိုင်းမှာ အလုပ်အလုပ်ဆုံး၊ အလှုပ်ရှားဆုံးနဲ့ အချမ်းသာဆုံးတွေကလည်း သူတို့ပဲ။

“သူတို့တွေနဲ့ ဒေသခံတွေကြားမှာ ခြားနားနေတာက ရိုးရိုးစင်းစင်းလေးပဲ။ အင်ဒိုနီးရှန်းတစ်ယောက် ငါးဖမ်းထွက်တယ်၊ ငါးရပြီဆို ပျော်ပြီး အိမ်ပြန်တယ်။ ငါးရောင်းလို့ ရတဲ့ ပိုက်ဆံကိုသုံးမယ်။ ဇိမ်နဲ့ နှပ်မယ်။ တရုတ်တစ်ယောက်ဆိုရင်တော့ အဲလိုမဟုတ်ဘူး။ ငါးဖမ်းထွက်ရင်း ငါးရရင် သူတွေးတာက ဟာ… သည်ရာသီက တယ် ဟုတ်ပါလား။ ငါးပေါတဲ့ နေရာလည်း ငါတွေ့ပါပေါ့လားပေါ့။ ပြီးတာနဲ့ သူ့လှေထဲမှာ ဖမ်းမိလာသမျှ ငါးတွေကို အပြတ်ရှင်း၊ ပြီးတာနဲ့ ငါးဖမ်းပြန်ထွက်၊ ငါးတွေ ထပ်ရ။ ဒါပဲ။
ဒါဟာ လူမျိုးအလိုက် ကွာခြားမှုဖြစ်ပြီး ဘယ်လိုမှကို လုပ်လို့ မရဘူး”တဲ့။

ဟုတ်လောက်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း မျက်မြင်တွေ့ဖူးပါ တယ်။ နာဂစ်မုန်တိုင်းအပြီး တစ်နှစ်ကျော်အကြာမှာ မုန်တိုင်းသင့် ဒေသတွေရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ စွမ်းရည်တည်ဆောက်ရေးအတွက် တစ်ရွာမှာ ဆယ်ရက်နှုန်းနဲ့ သွားနေခွင့်ရခဲ့ပါတယ်။

အဲဒီ့အချိန်မှာ တွေ့ရတာက ထူထူထောင်ထောင် ဖြစ်ရုံမက အဲဒီ့ ရွာလေးတွေရဲ့ စီးပွားရေးမှာ တွင်ကျယ်နေသူတွေက တရုတ်သွေးမကင်းတဲ့ မိသားစုတွေ ဖြစ်နေ တာပါပဲ။ ကျန်တဲ့သူတွေကတော့ ဗှီဒီယိုရုံ၊ အရက်ဆိုင်၊ ဘိလိယက်ခုံတွေကို လုပ်ကျွေးရင်း ကျောမွဲဘဝက တက်မလာကြဘူး။

ရေရှည်မှာ ဘယ်သူက ဘယ်သူ့ကို ဝါးမျိုသွားမှာလဲ။ အဖြေက ပေါ်နေပါပြီ။ နာဂစ်က အားလုံးကို လူတန်းစား ညှိပစ်လိုက်တယ်။ အားလုံး ပြုတ်ပြုတ်ပြုန်းကုန်စေတယ်။ သူလည်း လက်မဲ့၊ ကိုယ်လည်း လက်မဲ့သာ ကျန်ရစ်တယ်။ တစ်နှစ်ကျော် ကြာသွားတယ်၊ ကိုယ်က လက်မဲ့၊ သူက လက်ရှိဖြစ်လာရင် သူက ကံကောင်းလို့လား၊ ကိုယ်က ကံဆိုးလို့လား။ အဲဒီ့ ကံက ဘာလဲဆိုတာ စဉ်းစားဖို့ သိပ်လိုပါတယ်။

ရွှေ့ပြောင်း အချေခြနေကြသူတွေ၊ တစ်ရွာပြောင်းရင်း သူကောင်း ဖြစ်နေသူတွေကို တွေ့တိုင်း ယူသင့်တဲ့ သင်ခန်းစာတွေက အများကြီးပါ။ မျက်စိရှေ့တင် ဖြစ်နေ ပျက်နေတာပါ။

ကျွန်တော်ကတော့ တောရိုင်းဥပဒေကိုပဲ ပြန်သတိရနေမိပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၂၃၀၇၁၂)

The Thanlwin Times ဂျာနယ်၊ အတွဲ ၁ ၊ အမှတ် ၄ ။ ၂၀၁၂ ဩဂုတ်လ။

Cut and paste လုပ်ပြီး ကူးယူဖော်ပြလိုက်ရမှ အားရ ကျေနပ်မယ်ဆိုရင် ဂျာနယ်အမည်နဲ့ ထုတ်ဝေတဲ့ လအထိ 
အပြည့်အစုံ ကူးပြီးမှ လက်ဆင့်ကမ်းတော်မူကြပါခင်ဗျား။
     
Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: