Skip to content

Introducing democracy

15 September 2012

ဒီမိုကရေစီ မိတ်ဆက် (၁)

ဒီမိုကရေစီဆိုတာ

၁၉၈၈ ခုနှစ်နောက်ပိုင်း ကျွန်တော်တို့ဆီမှာ “ဒီမိုကရေစီ”ဆိုတဲ့ ဝေါဟာရက အတော်တွင်ကျယ်လာခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး လွှတ်တော်များ ပေါ်ပေါက်လာတော့ ဒီမိုကရေစီ ရပြီလို့ လူအများစုက ထင်မြင်ယူဆနေကြပါတယ်။

ပထမဆုံးအချက်က ဒီမိုကရေစီဟာ ဟင်းရွက်ကန်စွန်းလို ရော့အင့် ဆိုပြီး ပေးလို့ ယူလို့ ရတဲ့ အရာမဟုတ်ပါဘူး။ အဲဒါကို သဘောပေါက်ဖို့ သိပ်ကို အရေးကြီးပါတယ်။ တကယ်တော့ ဒီမိုကရေစီဆိုတာ နိုင်ငံရေး စနစ်တစ်ခုသာ ဖြစ်ပါတယ်။

“စနစ်“ဆိုတဲ့ ဝေါဟာရက အရေးကြီးပါတယ်။ စနစ်တစ်ခုတည်းမှာ အဲဒီ့စနစ်ကို လှုပ်ရှားလည်ပတ်နေစေတဲ့ ဆိုင်ရာ ဆိုင်ရာ အစိတ်အပိုင်းတွေ အစုံလိုက် အတွဲလိုက် ပါဝင်နေပါတယ်။ အင်ဂျင်တစ်လုံးရဲ့ လည်ပတ်မှု စနစ်ကို နမူနာဆောင်မယ်ဆိုရင် ပထမဆုံးက ဓာတ်ဆီအင်ဂျင်လား၊ ဒီဇယ်အင်ဂျင်လား၊ ဓာတ်ငွေ့အင်ဂျင်လား ဆိုတာက စပြောရတော့မှာပါ။ ဓာတ်ဆီစနစ်နဲ့ အင်ဂျင်ဆိုရင် အဲဒီ့ အင်ဂျင်“စနစ်” လှုပ်ရှား လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေဟာ ဒီဇယ်အင်ဂျင်နဲ့ မတူနိုင်တော့ပါဘူး။ အလွယ်ပြောရရင် ဒီဇယ်အင်ဂျင်မှာပါတဲ့ နော်ဇယ်တွေ၊ ဖှလန်ဂျာတွေ၊ ပန့်တွေက ဓာတ်ဆီအင်ဂျင်အတွက် ဘယ်လိုမှ အသုံးမတည့်တော့ဘူး။ အသိသာဆုံးကတော့ ဓာတ်ဆီအင်ဂျင်စနစ် လည်ပတ်ဖို့ ဒီဇယ် ထည့်မောင်းလို့ မရဘူးပေါ့။ အဲဒါဟာ စနစ်ရဲ့ သဘောပါ။

ဒါ့ကြောင့် မပြတ်တမ်း လှုပ်ရှား လည်ပတ်နေနိုင်စွမ်း ရှိမှသာလျှင် စနစ်တစ်ခု အောင်မြင်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ဒါဖြင့် ဒီမိုကရေစီဆိုတဲ့ “စနစ်”ကရော…

အထက်က ပြောခဲ့သလို ရော့၊ အင့်ဆိုပြီး ပေးလိုက်လို့ မရဘူးဆိုတာကို စာဖတ်သူ လူကြီးမင်း လက်ခံနိုင်လောက်ပြီ ထင်ပါတယ်။

ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားနေပါတယ်ဆိုတဲ့ နိုင်ငံတွေမှာ တောင်မှ အဲဒီ့စနစ်ကြီး ထဖောက်တာတွေ ရှိပါတယ်။ ပြောလက်စ နမူနာ ဖြစ်တဲ့ အင်ဂျင်စနစ် နမူနာနဲ့ ပြောရင် ဆီပြတ်တာတွေ၊ မီးပျောက်တာတွေ၊ ဆီထဲမှာ ချေးပါလာလို့ စက်သေမလို ဖြစ်တာတွေ၊ သေသွားတာတွေ မျိုးပေါ့။ သည်တော့ စနစ်တစ်ခုကို နှစ်သက်လက်ခံတယ်၊ သဘောကျတယ်ဆိုရင် အဲဒီ့ စနစ် အရှိန်မပျက် မှန်မှန် လည်ပတ်နေအောင် မွမ်းမံထိန်းသိမ်း ပြီး လိုအပ်တဲ့ လောင်စာများ မပြတ်ဖြည့်တင်းသွားဖို့ လိုအပ်တယ်ဆိုတာကိုလည်း သတိထားဖို့ လိုပါတယ်။

တန်ရာ တန်ရာ

ဒီမိုကရေစီ စနစ်တစ်ခု အရှိန်မပျက် မှန်မှန်လည်ပတ်နေအောင် မွမ်းမံ ထိန်းသိမ်းရာမှာ အုပ်ချုပ်သူ လူတန်းစားမှာတင် တာဝန် ရှိတာမဟုတ်တော့ပါဘူး။ တခြား စနစ်တွေနဲ့ မတူတာက ဒီမိုကရေစီဆိုတာဟာ “အုပ်ချုပ်မှု အာဏာသည် လူထုထံမှ သက်ဆင်းသည်”ဆိုတဲ့ အခြေခံသဘော တရားအပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီစနစ်တစ်ခု အရှိန်မပျက် လက်ပတ်နေရေးအတွက် တာဝန်ရှိသူဟာ အစိုးရတစ်ရပ်လည်း မဟုတ်ဘူး၊ နိုင်ငံရေး ပါတီတစ်ခုလည်း မဟုတ်ဘူး၊ ခေါင်းဆောင်တစ်ဦးတစ်ယောက်လည်း မဟုတ်ဘူး၊ စာနယ်ဇင်းလည်း မဟုတ်ဘူး၊ သတင်းမီဒီယာလည်း မဟုတ်ဘူး၊ အရပ်သား လူ့ဘောင်လည်း မဟုတ်တော့ပါဘူး။ အဲဒါတွေ အားလုံး ပါဝင်နေတဲ့၊ အဲဒါတွေ အားလုံးထဲမှာ ပါဝင်ပတ်သက်နေတဲ့ “လူထု” (ဝါ) နိုင်ငံသားများ အားလုံး မှာ တာဝန်ရှိပါတယ်။

ဆိုရိုးစကား တစ်ခုရှိတယ်။ မြန်မာလိုကတော့ “တန်ရာ တန်ရာ”ဆိုတဲ့ ဆိုရိုးဟာ အင်မတန် တွင်ကျယ်ပါတယ်။ မဖောက်မပြန် မပြောင်းလဲဘဲ တည်မြဲနေတဲ့ လောကရဲ့ နိယမ ဓမ္မတရားတွေအနက်မှာ အဲဒီ့ “တန်ရာ တန်ရာ”ဆိုတဲ့ တရားလည်း ပါပါတယ်။ တန်ရာ၊ တန်ရာကို ဘုရားဟောနဲ့ ပါဠိလို ရေးရင်တော့ “သဗ္ဗေသတ္တာ ကမ္မသကာ”ပေါ့ ခင်ဗျာ။ သတ္တဝါ မှန်သမျှ မိမိတို့ရဲ့ (မနောကံ၊ ဝစီကံ၊ ကာယကံဆိုတဲ့) ကံ စီမံရာအတိုင်းသာ ဖြစ်ကြစမြဲပါတဲ့။ အရပ်စကားနဲ့ ပြောရင်တော့ သတ္တဝါတိုင်းဟာ သူတို့ တွေးမြင်၊ ပြောဆို၊ ပြုမူတဲ့အတိုင်းသာ ဖြစ်လာမှာပါလို့ ပြောရမှာပါ။ သူဌေးဖြစ်ချင်တဲ့ စိတ်အတွေး (မနောကံ)ရှိတဲ့သူက သူဌေးဖြစ်ရေးကိုပဲ တစ်ရံမလပ် တွေးနေမှာပါ။ သည်အတွက် သူပြောဆိုတဲ့ စကားတွေ သူလုပ်တဲ့ အလုပ်တွေမှာလည်း သူဌေးဖြစ်ရေးအတွက် ဦးစားပေးနေတာတွေသာ ဖြစ်လာမှာပါပဲ။ ပညာရှင်ဖြစ်ချင်သူကလည်း အလားတူပါပဲ။

သည်နေရာမှာ သူများ သုံးစွဲ ခံစားနေတာကို ကြည့်ပြီး “သူ့လို ဖြစ်ချင်လိုက်တာ၊ သူ့လို ချမ်းသာချင်လိုက်တာ၊ သူ့လို တတ်ကျွမ်းချင်လိုက်တာ”ဆိုတဲ့ ခဏပန်း စိတ်ကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒီ့စိတ်ကတော့ သူသူ ကိုယ်ကိုယ် လူတိုင်း ဖြစ်စမြဲပါ။ အဲဒီ့စိတ်က “တစ်ရံမလပ်”ရှိနေပြီး ကိုယ်ဖြစ်ချင်တာနဲ့အညီ ပြောဆို ပြုမူနေသူများသာ ဖြစ်ချင်တဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်သွားကြတာကို သတိချပ်ဖို့ လိုပါတယ်။

လူ့ဘောင်တစ်ခုမှာ ဘယ်စနစ် ထွန်းကားမလဲဆိုတာဟာလည်း အလားတူပါပဲ။ အဲဒီ့ လူ့ဘောင်မှာ မှီတင်းနေထိုင်ကြသူ လူအများစုရဲ့ စိတ်နှလုံးက ဘယ်လိုရှိသလဲ၊ အဲဒီ့ လူအများစုရဲ့ ကံသုံးပါးကလည်း ဘယ်လိုမျိုး အများဆုံး ဖြစ်နေသလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်ပါတယ်။ သည်မှာလည်း “တန်ရာ တန်ရာ”သာ ဖြစ်လာမှာပါပဲ။ သိုးဆောင်းစကား မှာတော့ ဒါနဲ့ပတ်သက်တဲ့ ဆိုရိုးက အတိအကျကို ရှိတယ်။ “လူတွေဟာ သူတို့နဲ့ ထိုက်တန်တဲ့ အစိုးရ (စနစ်)ကိုသာ ရစမြဲပါ”တဲ့။

အားလုံးရဲ့ တာဝန်

ဒီမိုကရေစီ စနစ်နဲ့ ထိုက်တန်တဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ခက်တာက ကျွန်တော်တို့တွေမှာက ဒီမိုကရေစီ အလေ့အကျင့်တွေနဲ့ ဝေးနေခဲ့တာ နှစ်ပေါင်း ၅၀ ရှိခဲ့ပါပြီ။ ပြောရတာ သိပ်တော့ မကောင်းဘူး၊ ကျွန်တော်တို့ရဲ့ မိသားစု ဘဝ၊ ကျောင်းနေဘဝတွေမှာလည်း ဒီမိုကရေစီ အလေ့အထက လုံးလုံး မရှိဘူး။ မြန်မာ့သမိုင်း အစဉ်အဆက် တစ်လျှောက်လုံးမှာလည်း တစ်သွေးတစ်သံ တစ်မိန့်နဲ့သာ အသားကျ ယဉ်ပါးနေခဲ့ရတဲ့ လူ့ဘောင် ဖြစ်နေတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။

အဲဒီ့အနေအထားမှာ ကျွန်တော်တို့အားလုံးအနေနဲ့ လုပ်ရမှာက ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ အမူအကျင့်၊ အလေ့အထတွေ လူအများကြားမှာ စိမ့်ဝင်ပျံ့နှံ့လာအောင် ဆောင်ရွက်ကြဖို့လိုသလို တစ်ဦးချင်းစီကလည်း ရှေ့ကနေ စံပြအဖြစ် ဒီမိုကရေစီအလေ့အထတွေ နေရာတိုင်းမှာ ပြသ သွားကြဖို့ လိုအပ်ပါလိမ့်မယ်။ ဒါဟာ ပါတီနိုင်ငံရေး ကိစ္စမဟုတ်ပါဘူး။ ဒါ့ကြောင့် နိုင်ငံရေးသမားတွေမှ လုပ်ဆောင်ရမယ့်အရာ မဟုတ်ပါဘူး။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ရှစ်တန်သော အရပ်မျက်နှာမှာ နေထိုင်ကြတဲ့ နိုင်ငံသားတိုင်း လုပ်ဆောင်ရမှာပါ။ အဲ… ဒီမိုကရေစီ စနစ်ကို တကယ်လည်း နှစ်သက် မြတ်နိုး တန်ဖိုးထားတယ်၊ တကယ်လည်း ယုံကြည်တယ်၊ တကယ်လည်း သည်နိုင်ငံမှာ အဲဒီ့ “စံနစ်”ထွန်းကားလာစေ ချင်တယ်ဆိုရင်ပေါ့ခင်ဗျာ။

ဒါဖြင့် ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ အမူအကျင့်တွေ၊ အလေ့အထတွေက ဘာတွေလဲလို့ မေးစရာ ပေါ်လာပါလိမ့်မယ်။ အဲဒါတွေကို နောက်တစ်ပတ်မှာ ဆက်လက် ဆွေးနွေးတင်ပြသွားပါ့မယ်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် ၁၂၀၈၁၂)

(၂၀၁၂ ခုနှစ် စက်တင်ဘာ လဆန်းထုတ် သံလွင်ထိုင်း(မ်)(ဇ်) ဂျာနယ် အတွဲ ၁ အမှတ် ၅ မှာ ဖော်ပြထားတာပါ။)
Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: