ဒီမိုကရေစီ မိတ်ဆက် (၂)
ဒီမိုကရေစီ အမူအကျင့်များ
ပညာရှင်တွေရဲ့ အလိုအရ ဒီမိုကရေစီ အမူအကျင့် ဆယ်ရပ်ရှိပါတယ်။ အဲဒါတွေကို အမှတ်စဉ် ထိုးပြီး တင်ပြဆွေးနွေးသွားပါရစေ။
(၁) နိုးကြားတက်ကြွမှု – ပါဝင်ဆောင်ရွက်လိုစိတ်၊ ပါဝင် ပြောဆို ဆွေးနွေးလိုစိတ်တွေ ရှိနေကြဖို့ ဆိုလိုပါတယ်။ ဘယ်ကိစ္စမှာမဆို အမြဲတစေ နိုးကြားတက်ကြွစွာ ပါဝင် ဆောင်ရွက်ချင်နေဖို့ မိသားစုများထဲမှာ၊ မူလတန်း၊ အလယ်တန်းအရွယ် ငယ်ဘဝကတည်းက ပျိုးထောင် လေ့ကျင့်ပေးထားလို့ ရတဲ့ အမူအကျင့် ဖြစ်ပါတယ်။ ကလေးတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ကိစ္စမျိုးတွေမှာ ကလေးတွေလည်း ပါဝင်ဆောင်ရွက်ခွင့်၊ သူတို့လေးတွေရဲ့ ဆန္ဒ၊ သဘောထားလေးတွေကို ချေချေငံငံ တင်ပြ ဆွေးနွေးခွင့်တွေ ပေးထားတာ၊ သူတို့ကို လေးလေးစားစား နေရာပေးတာများဟာ တက်ကြွတဲ့ နိုင်ငံသားတွေအဖြစ် နေတတ်ထိုင်တတ်အောင် လေ့ကျင့် ပျိုးထောင်ပေးရာ ရောက်ပါတယ်။ သူတို့လေးတွေကို လေ့ကျင့်ပေးရုံသာ မကဘူး၊ လူကြီးတွေကိုယ်တိုင်ကလည်း သည်အကျင့်တွေ ကိုယ့်မှာ မရှိရင် ရှိလာအောင် သတိထား ကျင့်ကြံ နေထိုင်သွားရမှာ ဖြစ်ပါတယ်။ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်၊ အားနာလို့ လိုက်လျောတာမျိုးတွေ၊ မကောင်းတတ်လို့ သည်းခံနေတာမျိုးတွေကို ရှောင်ကြဉ်ပြီး ကိုယ်နဲ့၊ ကိုယ်ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ နိုးနိုးကြားကြားနဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တာ၊ တင်ပြပြောဆိုတာတွေ လုပ်ကြဖို့ ဖြစ်ပါတယ်။
(၂) မျက်စိကြီး နားကြီးမှု – ဒါကတော့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လူ့ဘောင်နဲ့ ပတ်သက်တဲ့ အရေးအရာတွေမှာ ပညာရှင်တစ်ယောက်လို မဟုတ်သည့်တိုင် အခြေခံ သိသင့်တာတွေ ခိုင်ခိုင်မာမာ သိနေဖို့ အားထုတ်ထားရမှာပါပဲ။ အခု ကျွန်တော် တင်ပြနေတဲ့ ဒီမိုကရေစီအကြောင်း အခြေခံလောက်ကို သိထားတာမျိုးပေါ့။ ဒီမိုကရေစီဆိုတာ မိုးပေါ်က ကျလာတာမဟုတ်ဘူး၊ တစ်ဦးတစ်ယောက်က အားထုတ်ရုံနဲ့ လူ့ဘောင်တစ်ခုလုံး ဒီမိုကရေစီ အသီးအပွင့်တွေကို ဆွတ်ခူးစားသုံးနိုင်မှာ မဟုတ်ဘူးဆိုတာလောက်ကို သိထားရပါမယ်။ အလားတူပဲ မဲပေးတာရဲ့ အကျိုးသက် ရောက်ပုံ၊ ဝင်ရောက် ယှဉ်ပြိုင်တဲ့ နိုင်ငံရေး ပါတီတွေရဲ့ ဖွဲ့စည်းပုံတွေ၊ ရပ်တည်ချက်တွေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ အချက်အလက်တွေကို ခြုံငုံ သိရှိထားဖို့ လိုပါတယ်။ လောလောဆယ် ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အလေ့လာသင့်ဆုံးကတော့ အခွင့်အရေးတွေမှာ တာဝန်တွေပါ ပူးတွဲ ပါဝင်နေတယ်ဆိုတာသာ ဖြစ်တယ်လို့ မြင်မိပါတယ်။ ဒီမိုကရေစီမှာ မိမိတို့ရဲ့ သဘောထားကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရှိတာတော့ မှန်တယ်။ ဒါပေမယ့် တစ်ဖက်သားကို လေးလေးစားစားနဲ့ ချေချေငံငံ ဖော်ထုတ်ရမယ့် တာဝန်လည်း ပူးတွဲပါနေတယ် ဆိုတာမျိုးပေါ့။
(၃) ကိုယ်စွမ်းကိုယ်စ – ဗီဇအရရော ပတ်ဝန်းကျင်အခြေအနေရဲ့ ပုံသွင်းမှုကြောင့်ပါ ကျွန်တော်တို့ အာရှသား အတော်များများမှာ “ဘာသိ ဘာသာ”စိတ်ဓာတ်တွေ အတော် များနေတတ်ကြပါတယ်။ “နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ပါဘူးကွာ”တို့၊ “ကြက်မတွန်လို့ မိုးမလင်းပါဘူး”တို့၊ “အများညီရင် ဤလည်း ကျွဲဖြစ်သွားတာပါပဲ”ဆိုတဲ့ လက်လျှော့ထား၊ ပေယျာလကံထား ထားတတ်တဲ့ ဉာဉ်တွေက ကျွန်တော်တို့ဆီမှာ အုံနဲ့ ကျင်းနဲ့ ရှိနေပါတယ်။ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့အတွက် အဲသလိုမျိုး စိတ်တွေအစား ကိုယ်က နှမ်းတစ်လုံးသာ ဖြစ်သည့်တိုင် ဆီထွက်လာအောင် ပံ့ပိုးပေးနိုင်တဲ့ ကိုယ်စွမ်းကိုယ်စတွေ ရှိနေတယ်ဆိုတာကို နှစ်နှစ်ကာကာ လက်ခံယုံကြည်ထားဖို့ လိုပါတယ်။ မှန်ပါတယ်။ နှမ်းတစ်လုံးနဲ့တော့ ဆီမဖြစ်ပါဘူး။ သို့ပေမယ့် နှစ်အလုံးပေါင်းများစွာ စုစည်းသွားတဲ့အခါ ဆီဖြစ်တာလည်း မလွဲပါဘူး။ ရတနာရှိရာ ရတနာ စုသလိုပဲ နှမ်းလုံးများရှိရာ နှမ်းတစ်လုံးက အစပြုခဲ့တဲ့ နမူနာတွေဟာ လူ့ဘောင်တိုင်းမှာ ရှိပါတယ်။ နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ပါဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ဘေးထွက် ထိုင်နေစတမ်းသာဆိုရင် လျှပ်စစ်မီးတွေ၊ လေယာဉ်တွေ၊ ကွန်ပျူတာတွေ၊ ပါလေရာဖုန်းတွေ၊ အင်တာနက်တွေ ပေါ်ပေါက်လာမှာ မဟုတ်သလို လူ့ယဉ်ကျေးမှုကလည်း ကျောက်ခေတ်ဘဝက တက်လာမှာ မဟုတ်ပါဘူး။ အလားတူပဲ၊ အဲဒီ့ နှမ်းတစ်လုံး စိတ်ဓာတ်နဲ့သာ နေခဲ့ကြမယ်ဆိုရင် သက်ဦးဆံပိုင် ဘုရင်စနစ်၊ မြေရှင် ပဒေသရာဇ်စနစ်၊ ကိုလိုနီနယ်ချဲ့စနစ်တွေဟာလည်း ဆက်လက် ရှင်သန် ဖွံ့ဖြိုးနေခဲ့မှာပါ။ အဲဒီ့စိတ်မျိုးတွေ မရှိဘဲ မိမိရဲ့ ကိုယ်စွမ်းကိုယ်စကို ယုံကြည်ခဲ့ကြတဲ့ “နှမ်း တစ်လုံး”များစွာရဲ့ အားထုတ်မှုကြောင့်သာ လူ့ဘောင်က စဉ်ဆက်မပြတ် ခရီးတွင်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်စွမ်းကိုယ်စကို ငုပ်စေမယ့် အသိအမြင်များကို ပယ်ရှားပြီး ကိုယ်စွမ်းကိုယ်စ တိုးပွားမယ့် အသိအမြင်များကို ကိုယ်တိုင်လည်း ပျိုးထောင်၊ ကိုယ့်နောက်က မျိုးဆက်တွေကိုလည်း လေ့ကျင့်ပေးသွားရပါ လိမ့်မယ်။
(၄) အတိုက်အခံအမြင်များ၊ အတိုက်အခံ ပါတီများနဲ့ လူနည်းစုများ ရဲ့ အမြင်များကို သည်းခံနိုင်စွမ်း – သည်အချက်ကတော့ အားနာနာနဲ့ ပြောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ မြန်မာ တိုင်းရင်းသားတိုင်းမှာ အလိုအပ်ဆုံး ဒီမိုကရေစီ အမူအကျင့်လို့ ဆိုရမတတ်ပါပဲ။ ကျွန်တော်တို့က ကိုယ်နဲ့မတူရင် ရန်သူလို့ အောက်မေ့တတ်တဲ့ အကျင့်ကြီးက အရိုးထဲ၊ သွေးသားထဲမှာ စွဲမြဲနေမိတတ်ကြပါတယ်။ ဒီမိုကရေစီ အမူအကျင့်မှာကျတော့ အဲဒီ့စိတ်နဲ့ မကိုက်ဘူး။ ကိုယ်နဲ့မတူရင် ရန်သူ၊ ကိုယ်နဲ့ ဆန့်ကျင်ဘက်အမြင် ရှိတဲ့သူတွေကို ရန်သူ၊ ကိုယ့်ကို အတိုက်အခံလုပ်သူကို ရန်သူလို့ သဘောထားခြင်းဟာ “အာဏာရှင်ဆန်တဲ့”သဘောထားသာ ဖြစ်ပါတယ်။ အဲတော့ ဒီမိုကရေစီစနစ်ကို ပုံမှန် လည်ပတ်နေစေချင်တယ်ဆိုရင် ကွဲပြားတဲ့ အမြင်အမျိုးမျိုးကို သည်းခံနိုင်စွမ်း ရှိဖို့လိုပါတယ်။ သူ့အမြင်ကို ကိုယ်လက်မခံနိုင်သည့်တိုင် သူ့မှာလည်း ကိုယ်နဲ့ မတူတဲ့ အမြင်တစ်ခု ရှိနိုင်ကြောင်း အသာတကြည် နားလည် လက်ခံပေးတတ်ဖို့ လိုပါတယ်။ သည်ကိစ္စမှာလည်း မိသားစုတွင်း၊ ကျောင်းတွင်း၊ သေးငယ်တဲ့ အခြား လူမှု အဖွဲ့အစည်းများအတွင်းမှာ ဖြည်းဖြည်းချင်း လေ့ကျင့်သွားရမယ့် အမူအကျင့်တစ်ရပ်ပါပဲ။ လက်ချောင်းတွေ အတိုအရှည် မညီကြသလို လူတွေဖြစ်နေတာနဲ့အမျှ သဘောထားချင်း တစ်ထပ်တည်းဖြစ်ဖို့က မိသားစုထဲမှာတောင် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါကို နားလည်ပြီး ဆန့်ကျင်ဘက်အမြင်တွေ၊ အတိုက်အခံတွေကို သည်းခံပေး၊ နားထောင်ပေး၊ ထည့်သွင်းစဉ်းစားပေးတတ်တဲ့ အမူအကျင့်က ဒီမိုကရေစီစနစ် အတွက် မရှိမဖြစ် လိုအပ်လှပါတယ်။ နောက်တစ်ချက်က လူနည်းစုကိစ္စပါ။ ဒီမိုကရေစီစနစ်ကို ဝေဖန်သူတွေ ထောက်စရာ ရှိနေတာက ဒီမိုကရေစီဟာ အများရဲ့ သဘောဆန္ဒကို ဦးစားအပေးလွန်သွားပြီး အနည်းစုရဲ့ သဘောဆန္ဒကို ပစ်ပယ်ထားတတ်တယ်ဆိုတဲ့ အချက်ပါပဲ။ မှန်ပါတယ်။ သိပ်ကြီးမားတဲ့ အန္တရာယ်ပါပဲ။ ဆိုကြပါစို့၊ ပါတီကြီးတစ်ခုကို အများက လှိုက်လှိုက်လှဲလှဲ သဘောကျတယ်၊ သည်အတွက် ရွေးကောက်တင်မြှောက်လိုက်တယ်၊ လွှတ်တော်မှာလည်း အဲဒီ့ပါတီကြီးကသာ အမတ်အများစု နေရာတွေကို ရယူလိုက်နိုင်တယ်ဆိုရင် အဲဒါဟာ တစ်ပါတီစနစ် ဖြစ်သွားပါတော့မယ်။ နိုင်ငံရဲ့ အရေးအရာတွေကို အဲဒီ့တစ်ပါတီတည်းရဲ့ ဆုံးဖြတ်ချက်၊ အဲဒီ့တစ်ပါတီတည်းရဲ့ အမြင်၊ အဲဒီ့တစ်ပါတီတည်းရဲ့ သဘောဆန္ဒနဲ့သာ ကိုင်တွယ်သွားတော့မှာလည်း ဖြစ်ပါတယ်။ အဲဒါဆိုရင် တစ်ပါတီအာဏာရှင်စနစ်ဖက် မလွဲမသွေ ယိမ်းယိုင်သွားတော့မှာပါ။ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတယ်ဆိုသော်လည်းပဲ လူနည်းစုတွေအတွက် အခွင့်သာစရာအကြောင်းလည်း လုံးဝ မရှိတော့ပါဘူး။ နောက်တစ်ချက်က လမ်းသစ်ဖောက်ရင် လူကြိုက်နည်းတယ်ဆိုတဲ့ အချက်ကိုလည်း မမေ့သင့်ပြန်ဘူး။ ပြောင်းပြန်ပြောရင် လူကြိုက်နည်းတိုင်း လွဲနေတယ်လို့ မဆိုနိုင်ဘူးပေါ့။ အဲတော့ လူကြိုက်နည်းသူတွေ၊ လူနည်းစုတွေကို နေရာပေးနိုင်၊ သူတို့ရဲ့ အမြင်တွေ၊ သဘောဆန္ဒတွေကို ထုတ်ဖော် ပိုင်ခွင့် ပေးနိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဖြောင့်ဖြောင့်တန်းတန်း လျှောက်နိုင်သွားမှာလည်းပဲ ဖြစ်ပါတယ်။ အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၂၅၀၈၁၂)
(ဆက်လက်တင်ပြသွားပါမယ်)
The Than Lwin Times, Vol 1 No 6
In my opinion, it will be quite difficult for our people to follow the above mentioned democratic customs and regulations because we have been experiencing many restrictions to state our different opinions since childhood. For instance, at government schools, we are not able to get good grades unless we answer exactly the same as text books.Therefore, this kind of education system and background render most of the people, including me, dumb and impotent because our critical thinking skills have been frozen for many years.
ကျွန်တော့်စိတ်ထင်တော့ ဒီဆောင်းပါးလေးကို လူကြိုက်နည်းမယ်ထင်တယ် အဲဒါကိုက ဆရာပြောတဲ့ တန်ရာတန်ရာ သဘောကို ထင်ဟပ်စေပါတယ်။