Skip to content

Democracy Reader

9 October 2012

ဒီမိုကရေစီ ဖတ်စာ

ဒီမိုကရေစီဆိုတာ

၁၉၈၈ ခုနှစ်နောက်ပိုင်း ကျွန်တော်တို့ဆီမှာ “ဒီမိုကရေစီ”ဆိုတဲ့ ဝေါဟာရက အတော်တွင်ကျယ်လာခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး လွှတ်တော်များ ပေါ်ပေါက်လာတော့ ဒီမိုကရေစီ ရပြီလို့ လူအများစုက ထင်မြင်ယူဆနေကြပါတယ်။

ပထမဆုံးအချက်က ဒီမိုကရေစီဟာ ဟင်းရွက်ကန်စွန်းလို ရော့အင့် ဆိုပြီး ပေးလို့ ယူလို့ ရတဲ့ အရာမဟုတ်ပါဘူး။ အဲဒါကို သဘောပေါက်ဖို့ သိပ်ကို အရေးကြီးပါတယ်။ တကယ်တော့ ဒီမိုကရေစီဆိုတာ နိုင်ငံရေး စနစ်တစ်ခုသာ ဖြစ်ပါတယ်။

“စနစ်“ဆိုတဲ့ ဝေါဟာရက အရေးကြီးပါတယ်။ စနစ်တစ်ခုတည်းမှာ အဲဒီ့စနစ်ကို လှုပ်ရှားလည်ပတ်နေစေတဲ့ ဆိုင်ရာ ဆိုင်ရာ အစိတ်အပိုင်းတွေ အစုံလိုက် အတွဲလိုက် ပါဝင်နေပါတယ်။ အင်ဂျင်တစ်လုံးရဲ့ လည်ပတ်မှု စနစ်ကို နမူနာဆောင်မယ်ဆိုရင် ပထမဆုံးက ဓာတ်ဆီအင်ဂျင်လား၊ ဒီဇယ်အင်ဂျင်လား၊ ဓာတ်ငွေ့အင်ဂျင်လား ဆိုတာက စပြောရတော့မှာပါ။ ဓာတ်ဆီစနစ်နဲ့ အင်ဂျင်ဆိုရင် အဲဒီ့ အင်ဂျင်“စနစ်” လှုပ်ရှား လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေဟာ ဒီဇယ်အင်ဂျင်နဲ့ မတူနိုင်တော့ပါဘူး။ အလွယ်ပြောရရင် ဒီဇယ်အင်ဂျင်မှာပါတဲ့ နော်ဇယ်တွေ၊ ဖှလန်ဂျာတွေ၊ ပန့်တွေက ဓာတ်ဆီအင်ဂျင်အတွက် ဘယ်လိုမှ အသုံးမတည့်တော့ဘူး။ အသိသာဆုံးကတော့ ဓာတ်ဆီအင်ဂျင်စနစ် လည်ပတ်ဖို့ ဒီဇယ် ထည့်မောင်းလို့ မရဘူးပေါ့။ အဲဒါဟာ စနစ်ရဲ့ သဘောပါ။

ဒါ့ကြောင့် မပြတ်တမ်း လှုပ်ရှား လည်ပတ်နေနိုင်စွမ်း ရှိမှသာလျှင် စနစ်တစ်ခု အောင်မြင်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ဒါဖြင့် ဒီမိုကရေစီဆိုတဲ့ “စနစ်”ကရော…

အထက်က ပြောခဲ့သလို ရော့၊ အင့်ဆိုပြီး ပေးလိုက်လို့ မရဘူးဆိုတာကို စာဖတ်သူ လူကြီးမင်း လက်ခံနိုင်လောက်ပြီ ထင်ပါတယ်။

ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားနေပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင်မှ အဲဒီ့စနစ်ကြီး ထဖောက်တာတွေ ရှိပါတယ်။ ပြောလက်စ နမူနာ ဖြစ်တဲ့ အင်ဂျင်စနစ် နမူနာနဲ့ ပြောရင် ဆီပြတ်တာတွေ၊ မီးပျောက်တာတွေ၊ ဆီထဲမှာ ချေးပါလာလို့ စက်သေမလို ဖြစ်တာတွေ၊ သေသွားတာတွေမျိုးပေါ့။ သည်တော့ စနစ်တစ်ခုကို နှစ်သက် လက်ခံတယ်၊ သဘောကျတယ်ဆိုရင် အဲဒီ့ စနစ် အရှိန်မပျက် မှန်မှန် လည်ပတ်နေအောင် မွမ်းမံထိန်းသိမ်းပြီး လိုအပ်တဲ့ လောင်စာများ မပြတ်ဖြည့်တင်းသွားဖို့ လိုအပ်တယ်ဆိုတာကိုလည်း သတိထားဖို့ လိုပါတယ်။

တန်ရာ တန်ရာ

ဒီမိုကရေစီ စနစ်တစ်ခု အရှိန်မပျက် မှန်မှန်လည်ပတ်နေအောင် မွမ်းမံ ထိန်းသိမ်းရာမှာ အုပ်ချုပ်သူ လူတန်းစားမှာတင် တာဝန်ရှိတာ မဟုတ်တော့ပါဘူး။ တခြား စနစ်တွေနဲ့ မတူတာက ဒီမိုကရေစီဆိုတာဟာ “အုပ်ချုပ်မှု အာဏာသည် လူထုထံမှ သက်ဆင်းသည်”ဆိုတဲ့ အခြေခံ သဘောတရားအပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီစနစ်တစ်ခု အရှိန်မပျက် လက်ပတ်နေရေးအတွက် တာဝန်ရှိသူဟာ အစိုးရတစ်ရပ်လည်း မဟုတ်ဘူး၊ နိုင်ငံရေး ပါတီတစ်ခုလည်း မဟုတ်ဘူး၊ ခေါင်းဆောင်တစ်ဦးတစ်ယောက်လည်း မဟုတ်ဘူး၊ စာနယ်ဇင်းလည်း မဟုတ်ဘူး၊ သတင်းမီဒီယာလည်း မဟုတ်ဘူး၊ အရပ်သား လူ့ဘောင်လည်း မဟုတ်တော့ပါဘူး။ အဲဒါတွေ အားလုံး ပါဝင်နေတဲ့၊ အဲဒါတွေ အားလုံးထဲမှာ ပါဝင်ပတ်သက်နေတဲ့ “လူထု” (ဝါ) နိုင်ငံသားများ အားလုံးမှာ တာဝန်ရှိပါတယ်။

ဆိုရိုးစကား တစ်ခုရှိတယ်။ မြန်မာလိုကတော့ “တန်ရာ တန်ရာ”ဆိုတဲ့ ဆိုရိုးဟာ အင်မတန် တွင်ကျယ်ပါတယ်။ မဖောက်မပြန် မပြောင်းလဲဘဲ တည်မြဲနေတဲ့ လောကရဲ့ နိယမ ဓမ္မတရားတွေအနက်မှာ အဲဒီ့ “တန်ရာ တန်ရာ”ဆိုတဲ့ တရားလည်း ပါပါတယ်။ တန်ရာ၊ တန်ရာကို ဘုရားဟောနဲ့ ပါဠိလို ရေးရင်တော့ “သဗ္ဗေသတ္တာ ကမ္မသကာ”ပေါ့ ခင်ဗျာ။ သတ္တဝါ မှန်သမျှ မိမိတို့ရဲ့ (မနောကံ၊ ဝစီကံ၊ ကာယကံဆိုတဲ့) ကံ စီမံရာအတိုင်းသာ ဖြစ်ကြစမြဲပါတဲ့။ အရပ်စကားနဲ့ ပြောရင်တော့ သတ္တဝါတိုင်းဟာ သူတို့ တွေးမြင်၊ ပြောဆို၊ ပြုမူတဲ့အတိုင်းသာ ဖြစ်လာမှာပါလို့ ပြောရမှာပါ။ သူဌေးဖြစ်ချင်တဲ့ စိတ်အတွေး (မနောကံ)ရှိတဲ့သူက သူဌေးဖြစ်ရေးကိုပဲ တစ်ရံမလပ် တွေးနေမှာပါ။ သည်အတွက် သူပြောဆိုတဲ့ စကားတွေ သူလုပ်တဲ့ အလုပ်တွေမှာလည်း သူဌေးဖြစ်ရေးအတွက် ဦးစားပေးနေတာတွေသာ ဖြစ်လာမှာပါပဲ။ ပညာရှင်ဖြစ်ချင်သူကလည်း အလားတူပါပဲ။

သည်နေရာမှာ သူများ သုံးစွဲ ခံစားနေတာကို ကြည့်ပြီး “သူ့လို ဖြစ်ချင်လိုက်တာ၊ သူ့လို ချမ်းသာချင်လိုက်တာ၊ သူ့လို တတ်ကျွမ်းချင်လိုက်တာ”ဆိုတဲ့ ခဏပန်း စိတ်ကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒီ့စိတ်ကတော့ သူသူ ကိုယ်ကိုယ် လူတိုင်း ဖြစ်စမြဲပါ။ အဲဒီ့စိတ်က “တစ်ရံမလပ်”ရှိနေပြီး ကိုယ်ဖြစ်ချင်တာနဲ့အညီ ပြောဆို ပြုမူနေသူများသာ ဖြစ်ချင်တဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်သွားကြတာကို သတိချပ်ဖို့ လိုပါတယ်။

လူ့ဘောင်တစ်ခုမှာ ဘယ်စနစ် ထွန်းကားမလဲဆိုတာဟာလည်း အလားတူပါပဲ။ အဲဒီ့ လူ့ဘောင်မှာ မှီတင်းနေထိုင်ကြသူ လူအများစုရဲ့ စိတ်နှလုံးက ဘယ်လိုရှိသလဲ၊ အဲဒီ့ လူအများစုရဲ့ ကံသုံးပါးကလည်း ဘယ်လိုမျိုး အများဆုံး ဖြစ်နေသလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်ပါတယ်။ သည်မှာလည်း “တန်ရာ တန်ရာ”သာ ဖြစ်လာမှာပါပဲ။ သိုးဆောင်းစကားမှာတော့ ဒါနဲ့ပတ်သက်တဲ့ ဆိုရိုးက အတိအကျကို ရှိတယ်။ “လူတွေဟာ သူတို့နဲ့ ထိုက်တန်တဲ့ အစိုးရ (စနစ်)ကိုသာ ရစမြဲပါ”တဲ့။

အားလုံးရဲ့ တာဝန်

ဒီမိုကရေစီ စနစ်နဲ့ ထိုက်တန်တဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ခက်တာက ကျွန်တော်တို့တွေမှာက ဒီမိုကရေစီ အလေ့အကျင့်တွေနဲ့ ဝေးနေခဲ့တာ နှစ်ပေါင်း ၅၀ ရှိခဲ့ပါပြီ။ ပြောရတာ သိပ်တော့ မကောင်းဘူး၊ ကျွန်တော်တို့ရဲ့ မိသားစု ဘဝ၊ ကျောင်းနေဘဝတွေမှာလည်း ဒီမိုကရေစီ အလေ့အထက လုံးလုံး မရှိဘူး။ မြန်မာ့သမိုင်း အစဉ်အဆက် တစ်လျှောက်လုံးမှာလည်း တစ်သွေးတစ်သံ တစ်မိန့်နဲ့သာ အသားကျ ယဉ်ပါးနေခဲ့ရတဲ့ လူ့ဘောင် ဖြစ်နေတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။

အဲဒီ့အနေအထားမှာ ကျွန်တော်တို့အားလုံးအနေနဲ့ လုပ်ရမှာက ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ အမူအကျင့်၊ အလေ့အထတွေ လူအများကြားမှာ စိမ့်ဝင်ပျံ့နှံ့လာအောင် ဆောင်ရွက်ကြဖို့လိုသလို တစ်ဦးချင်းစီကလည်း ရှေ့ကနေ စံပြအဖြစ် ဒီမိုကရေစီအလေ့အထတွေ နေရာတိုင်းမှာ ပြသ သွားကြဖို့ လိုအပ်ပါလိမ့်မယ်။ ဒါဟာ ပါတီ နိုင်ငံရေး ကိစ္စမဟုတ်ပါဘူး။ ဒါ့ကြောင့် နိုင်ငံရေးသမားတွေမှ လုပ်ဆောင်ရမယ့်အရာ မဟုတ်ပါဘူး။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ရှစ်တန်သော အရပ်မျက်နှာမှာ နေထိုင်ကြတဲ့ နိုင်ငံသားတိုင်း လုပ်ဆောင်ရမှာပါ။ အဲ… ဒီမိုကရေစီ စနစ်ကို တကယ်လည်း နှစ်သက် မြတ်နိုး တန်ဖိုးထားတယ်၊ တကယ်လည်း ယုံကြည်တယ်၊ တကယ်လည်း သည်နိုင်ငံမှာ အဲဒီ့ “စံနစ်”ထွန်းကားလာစေချင်တယ်ဆိုရင်ပေါ့ခင်ဗျာ။

ဒါဖြင့် ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ အမူအကျင့်တွေ၊ အလေ့အထတွေက ဘာတွေလဲလို့ မေးစရာ ပေါ်လာပါလိမ့်မယ်။ 

ဒီမိုကရေစီ အမူအကျင့်များ

ပညာရှင်တွေရဲ့ အလိုအရ ဒီမိုကရေစီ အမူအကျင့် ဆယ်ရပ်ရှိပါတယ်။ အဲဒါတွေကို အမှတ်စဉ် ထိုးပြီး တင်ပြဆွေးနွေးသွားပါရစေ။

(၁) နိုးကြားတက်ကြွမှု – ပါဝင်ဆောင်ရွက်လိုစိတ်၊ ပါဝင် ပြောဆို ဆွေးနွေးလိုစိတ်တွေ ရှိနေကြဖို့ ဆိုလိုပါတယ်။ ဘယ်ကိစ္စမှာမဆို အမြဲတစေ နိုးကြားတက်ကြွစွာ ပါဝင် ဆောင်ရွက်ချင်နေဖို့ မိသားစုများထဲမှာ၊ မူလတန်း၊ အလယ်တန်းအရွယ် ငယ်ဘဝကတည်းက ပျိုးထောင် လေ့ကျင့်ပေးထားလို့ ရတဲ့ အမူအကျင့် ဖြစ်ပါတယ်။ ကလေးတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ကိစ္စမျိုးတွေမှာ ကလေးတွေလည်း ပါဝင်ဆောင်ရွက်ခွင့်၊ သူတို့လေးတွေရဲ့ ဆန္ဒ၊ သဘောထားလေးတွေကို ချေချေငံငံ တင်ပြ ဆွေးနွေးခွင့်တွေ ပေးထားတာ၊ သူတို့ကို လေးလေးစားစား နေရာပေးတာများဟာ တက်ကြွတဲ့ နိုင်ငံသားတွေအဖြစ် နေတတ်ထိုင်တတ်အောင် လေ့ကျင့် ပျိုးထောင်ပေးရာ ရောက်ပါတယ်။ သူတို့လေးတွေကို လေ့ကျင့်ပေးရုံသာ မကဘူး၊ လူကြီးတွေကိုယ်တိုင်ကလည်း သည်အကျင့်တွေ ကိုယ့်မှာ မရှိရင် ရှိလာအောင် သတိထား ကျင့်ကြံ နေထိုင်သွားရမှာ ဖြစ်ပါတယ်။ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်၊ အားနာလို့ လိုက်လျောတာမျိုးတွေ၊ မကောင်းတတ်လို့ သည်းခံနေတာမျိုးတွေကို ရှောင်ကြဉ်ပြီး ကိုယ်နဲ့၊ ကိုယ်ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ နိုးနိုးကြားကြားနဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တာ၊ တင်ပြပြောဆိုတာတွေ လုပ်ကြဖို့ ဖြစ်ပါတယ်။

(၂) မျက်စိကြီး နားကြီးမှု – ဒါကတော့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လူ့ဘောင်နဲ့ ပတ်သက်တဲ့ အရေးအရာတွေမှာ ပညာရှင်တစ်ယောက်လို မဟုတ်သည့်တိုင် အခြေခံ သိသင့်တာတွေ ခိုင်ခိုင်မာမာ သိနေဖို့ အားထုတ်ထားရမှာပါပဲ။ အခု ကျွန်တော် တင်ပြနေတဲ့ ဒီမိုကရေစီအကြောင်း အခြေခံလောက်ကို သိထားတာမျိုးပေါ့။ ဒီမိုကရေစီဆိုတာ မိုးပေါ်က ကျလာတာမဟုတ်ဘူး၊ တစ်ဦးတစ်ယောက်က အားထုတ်ရုံနဲ့ လူ့ဘောင်တစ်ခုလုံး ဒီမိုကရေစီ အသီးအပွင့်တွေကို ဆွတ်ခူး စားသုံးနိုင်မှာ မဟုတ်ဘူးဆိုတာလောက်ကို သိထားရပါမယ်။ အလားတူပဲ မဲပေးတာရဲ့ အကျိုးသက်ရောက်ပုံ၊ ဝင်ရောက် ယှဉ်ပြိုင်တဲ့ နိုင်ငံရေး ပါတီတွေရဲ့ ဖွဲ့စည်းပုံတွေ၊ ရပ်တည်ချက်တွေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ အချက်အလက်တွေကို ခြုံငုံ သိရှိထားဖို့ လိုပါတယ်။ လောလောဆယ် ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အလေ့လာသင့်ဆုံးကတော့ အခွင့်အရေးတွေမှာ တာဝန်တွေပါ ပူးတွဲ ပါဝင်နေတယ်ဆိုတာသာ ဖြစ်တယ်လို့ မြင်မိပါတယ်။ ဒီမိုကရေစီမှာ မိမိတို့ရဲ့ သဘောထားကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရှိတာတော့ မှန်တယ်။ ဒါပေမယ့် တစ်ဖက်သားကို လေးလေးစားစားနဲ့ ချေချေငံငံ ဖော်ထုတ်ရမယ့် တာဝန်လည်း ပူးတွဲပါနေတယ် ဆိုတာမျိုးပေါ့။

(၃) ကိုယ်စွမ်းကိုယ်စ – ဗီဇအရရော ပတ်ဝန်းကျင်အခြေအနေရဲ့ ပုံသွင်းမှုကြောင့်ပါ ကျွန်တော်တို့ အာရှသား အတော်များများမှာ “ဘာသိ ဘာသာ”စိတ်ဓာတ်တွေ အတော် များနေတတ်ကြပါတယ်။ “နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ပါဘူးကွာ”တို့၊ “ကြက်မတွန်လို့ မိုးမလင်းပါဘူး”တို့၊ “အများညီရင် ဤလည်း ကျွဲဖြစ်သွားတာပါပဲ”ဆိုတဲ့ လက်လျှော့ထား၊ ပေယျာလကံထား ထားတတ်တဲ့ ဉာဉ်တွေက ကျွန်တော်တို့ဆီမှာ အုံနဲ့ ကျင်းနဲ့ ရှိနေပါတယ်။ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့အတွက် အဲသလိုမျိုး စိတ်တွေအစား ကိုယ်က နှမ်းတစ်လုံးသာ ဖြစ်သည့်တိုင် ဆီထွက်လာအောင် ပံ့ပိုးပေးနိုင်တဲ့ ကိုယ်စွမ်းကိုယ်စတွေ ရှိနေတယ်ဆိုတာကို နှစ်နှစ်ကာကာ လက်ခံယုံကြည်ထားဖို့ လိုပါတယ်။ မှန်ပါတယ်။ နှမ်းတစ်လုံးနဲ့တော့ ဆီမဖြစ်ပါဘူး။ သို့ပေမယ့် နှစ်အလုံးပေါင်းများစွာ စုစည်းသွားတဲ့အခါ ဆီဖြစ်တာလည်း မလွဲပါဘူး။ ရတနာရှိရာ ရတနာ စုသလိုပဲ နှမ်းလုံးများရှိရာ နှမ်းတစ်လုံးက အစပြုခဲ့တဲ့ နမူနာတွေဟာ လူ့ဘောင်တိုင်းမှာ ရှိပါတယ်။ နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ပါဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ဘေးထွက် ထိုင်နေစတမ်းသာဆိုရင် လျှပ်စစ်မီးတွေ၊ လေယာဉ်တွေ၊ ကွန်ပျူတာတွေ၊ ပါလေရာဖုန်းတွေ၊ အင်တာနက်တွေ ပေါ်ပေါက်လာမှာ မဟုတ်သလို လူ့ယဉ်ကျေးမှုကလည်း ကျောက်ခေတ်ဘဝက တက်လာမှာ မဟုတ်ပါဘူး။ အလားတူပဲ၊ အဲဒီ့ နှမ်းတစ်လုံး စိတ်ဓာတ်နဲ့သာ နေခဲ့ကြမယ်ဆိုရင် သက်ဦးဆံပိုင် ဘုရင်စနစ်၊ မြေရှင် ပဒေသရာဇ်စနစ်၊ ကိုလိုနီနယ်ချဲ့စနစ်တွေဟာလည်း ဆက်လက် ရှင်သန် ဖွံ့ဖြိုးနေခဲ့မှာပါ။ အဲဒီ့စိတ်မျိုးတွေ မရှိဘဲ မိမိရဲ့ ကိုယ်စွမ်းကိုယ်စကို ယုံကြည်ခဲ့ကြတဲ့ “နှမ်း တစ်လုံး”များစွာရဲ့ အားထုတ်မှုကြောင့်သာ လူ့ဘောင်က စဉ်ဆက်မပြတ် ခရီးတွင်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်စွမ်းကိုယ်စကို ငုပ်စေမယ့် အသိအမြင်များကို ပယ်ရှားပြီး ကိုယ်စွမ်းကိုယ်စ တိုးပွားမယ့် အသိအမြင်များကို ကိုယ်တိုင်လည်း ပျိုးထောင်၊ ကိုယ့်နောက်က မျိုးဆက်တွေကိုလည်း လေ့ကျင့်ပေးသွားရပါ လိမ့်မယ်။

(၄) အတိုက်အခံအမြင်များ၊ အတိုက်အခံ ပါတီများနဲ့ လူနည်းစုများ ရဲ့ အမြင်များကို သည်းခံနိုင်စွမ်း – သည်အချက်ကတော့ အားနာနာနဲ့ ပြောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ မြန်မာ တိုင်းရင်းသားတိုင်းမှာ အလိုအပ်ဆုံး ဒီမိုကရေစီ အမူအကျင့်လို့ ဆိုရမတတ်ပါပဲ။ ကျွန်တော်တို့က ကိုယ်နဲ့ မတူရင် ရန်သူလို့ အောက်မေ့တတ်တဲ့ အကျင့်ကြီးက အရိုးထဲ၊ သွေးသားထဲမှာ စွဲမြဲနေမိတတ်ကြပါတယ်။ ဒီမိုကရေစီ အမူအကျင့်မှာကျတော့ အဲဒီ့စိတ်နဲ့ မကိုက်ဘူး။ ကိုယ်နဲ့မတူရင် ရန်သူ၊ ကိုယ်နဲ့ ဆန့်ကျင်ဘက်အမြင် ရှိတဲ့သူတွေကို ရန်သူ၊ ကိုယ့်ကို အတိုက်အခံလုပ်သူကို ရန်သူလို့ သဘောထားခြင်းဟာ “အာဏာရှင်ဆန်တဲ့” သဘောထားသာ ဖြစ်ပါတယ်။ အဲတော့ ဒီမိုကရေစီစနစ်ကို ပုံမှန် လည်ပတ်နေစေချင်တယ်ဆိုရင် ကွဲပြားတဲ့ အမြင်အမျိုးမျိုးကို သည်းခံနိုင်စွမ်း ရှိဖို့လိုပါတယ်။ သူ့အမြင်ကို ကိုယ်လက်မခံနိုင်သည့်တိုင် သူ့မှာလည်း ကိုယ်နဲ့ မတူတဲ့ အမြင်တစ်ခု ရှိနိုင်ကြောင်း အသာတကြည် နားလည် လက်ခံပေးတတ်ဖို့ လိုပါတယ်။ သည်ကိစ္စမှာလည်း မိသားစုတွင်း၊ ကျောင်းတွင်း၊ သေးငယ်တဲ့ အခြား လူမှု အဖွဲ့အစည်းများအတွင်းမှာ ဖြည်းဖြည်းချင်း လေ့ကျင့်သွားရမယ့် အမူအကျင့်တစ်ရပ်ပါပဲ။ လက်ချောင်းတွေ အတိုအရှည် မညီကြသလို လူတွေဖြစ်နေတာနဲ့အမျှ သဘောထားချင်း တစ်ထပ်တည်းဖြစ်ဖို့က မိသားစုထဲမှာတောင် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါကို နားလည်ပြီး ဆန့်ကျင်ဘက်အမြင်တွေ၊ အတိုက်အခံတွေကို သည်းခံပေး၊ နားထောင်ပေး၊ ထည့်သွင်းစဉ်းစားပေးတတ်တဲ့ အမူအကျင့်က ဒီမိုကရေစီစနစ် အတွက် မရှိမဖြစ် လိုအပ်လှပါတယ်။ နောက်တစ်ချက်က လူနည်းစုကိစ္စပါ။ ဒီမိုကရေစီစနစ်ကို ဝေဖန်သူတွေ ထောက်စရာ ရှိနေတာက ဒီမိုကရေစီဟာ အများရဲ့ သဘောဆန္ဒကို ဦးစားအပေးလွန်သွားပြီး အနည်းစုရဲ့ သဘောဆန္ဒကို ပစ်ပယ်ထားတတ်တယ်ဆိုတဲ့ အချက်ပါပဲ။ မှန်ပါတယ်။ သိပ်ကြီးမားတဲ့ အန္တရာယ်ပါပဲ။ ဆိုကြပါစို့၊ ပါတီကြီးတစ်ခုကို အများက လှိုက်လှိုက်လှဲလှဲ သဘောကျတယ်၊ သည်အတွက် ရွေးကောက်တင်မြှောက်လိုက်တယ်၊ လွှတ်တော်မှာလည်း အဲဒီ့ ပါတီကြီးကသာ အမတ်အများစု နေရာတွေကို ရယူလိုက်နိုင်တယ်ဆိုရင် အဲဒါဟာ တစ်ပါတီစနစ် ဖြစ်သွားပါတော့မယ်။ နိုင်ငံရဲ့ အရေးအရာတွေကို အဲဒီ့ တစ်ပါတီတည်းရဲ့ ဆုံးဖြတ်ချက်၊ အဲဒီ့တစ်ပါတီတည်းရဲ့ အမြင်၊ အဲဒီ့တစ်ပါတီတည်းရဲ့ သဘောဆန္ဒနဲ့သာ ကိုင်တွယ်သွားတော့မှာလည်း ဖြစ်ပါတယ်။ အဲဒါဆိုရင် တစ်ပါတီအာဏာရှင်စနစ်ဖက် မလွဲမသွေ ယိမ်းယိုင်သွားတော့မှာပါ။ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတယ်ဆိုသော်လည်းပဲ လူနည်းစုတွေအတွက် အခွင့်သာစရာအကြောင်းလည်း လုံးဝ မရှိတော့ပါဘူး။နောက်တစ်ချက်က လမ်းသစ်ဖောက်ရင် လူကြိုက်နည်းတယ်ဆိုတဲ့ အချက်ကိုလည်း မမေ့သင့်ပြန်ဘူး။ပြောင်းပြန်ပြောရင် လူကြိုက်နည်းတိုင်း လွဲနေတယ်လို့ မဆိုနိုင်ဘူးပေါ့။ အဲတော့ လူကြိုက်နည်းသူတွေ၊ လူနည်းစုတွေကို နေရာပေးနိုင်၊ သူတို့ရဲ့ အမြင်တွေ၊ သဘောဆန္ဒတွေကို ထုတ်ဖော် ပိုင်ခွင့် ပေးနိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဖြောင့်ဖြောင့်တန်းတန်း လျှောက်နိုင်သွားမှာလည်းပဲ ဖြစ်ပါတယ်။

(၅) အစွန်းမရောက်မှု – ဘယ်အရာပဲဖြစ်ဖြစ် အလွန်အကျွံဆို မကောင်းမှန်း လူတိုင်းသိပါတယ်။ ဒါပေမယ့် အယူဝါဒနဲ့ ပတ်သက်လာရင်၊ ယုံကြည်ချက်နဲ့ ပတ်သက်လာရင် တချို့လူတွေဟာ ငါယုံကြည်တာမှ အမှန်၊ ငါ သက်ဝင်တာမှ အမှန်ဆိုပြီး ဆန့်ကျင်ဘက်အမြင်တွေကို လက်မခံတတ်တော့ပါဘူး။ အဲသလို အစွန်းရောက်လွန်းသွားရင် ဒီမိုကရေစီက အတော်ကြီး ပြဿနာတက်လာနိုင်ပါတယ်။

ဒီမိုကရေစီ အလေ့အကျင့် မရှိတဲ့ လူ့ဘောင်တွေမှာ ဒါက အတော် ပြဿနာကြီးတယ်။ ပါးစပ်က ဒီမိုကရေစီလို့ အမြှုပ်ထွက်အောင် အော်နေပေမယ့် ကိုယ်ယုံတာမှ အမှန်၊ တခြားသူတွေ ယုံကြည်တာဆိုရင် နေရာ မပေး၊ သိပ်ဆန့်ကျင်လွန်းရင် နှိပ်ကွပ်နေသမျှ အဲဒါ ဒီမိုကရေစီမဟုတ်ဘူးဆိုတာ လူတိုင်း လက်ခံနိုင်ပါလိမ့်မယ်။ သို့ပေမယ့် လူတိုင်းဟာ အစွန်းရောက်ဖို့ လွယ်တတ်နေပြန်တယ်။ အဲဒါလေးက ဒီမိုကရေစီ စနစ် ရှင်သန် နေဖို့အတွက် အင်မတန် အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။

(၆) လက်တွေ့ကျပြီး ပြောင်းလွယ်ပြင်လွယ်ရှိမှု – သည်အချက်ကလည်း အပေါ်က အစွန်းမရောက်မှုနဲ့ ဆက်စပ်နေပါတယ်။ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်ဆိုတာမျိုးက ဘယ်လောက် လက်တွေ့ကျသလဲ ဆိုတာ စဉ်းစားရမှာပေါ့။ ရည်မှန်းချက်က ကောင်းတယ်။ ဒါပေမယ့် လက်တွေ့ မကျဘူး။ အာရှမှာတောင် ကိုယ်က ခံဘက်က ရှိနေသေးလျက်နဲ့ ကမ္ဘာကြီးအထိ တက်လွှမ်းဖို့ကြံတော့ ရယ်စရာကြီး ဖြစ်နေမှာပေါ့။ ဒါက မြင်သာတဲ့ ဥပမာကို ပေးတာပါ။
အယူအဆတွေ၊ ဝါဒတွေ ဘယ်လောက်ကောင်းကောင်း လက်တွေ့ မကျရင် ခရီးမပေါက်နိုင်ဘူး။ ကောင်းမြတ်လှသော အယူဝါဒကြီးများ ခရီးမပေါက်တဲ့အပြင် ဗုံးဗုံးလဲသွားရတဲ့ သာဓကတွေ ကမ္ဘာပေါ်မှာ ရှိပါတယ်။ အဲဒါဟာ လက်တွေ့မကျလို့ပဲ၊ ပြင်လွယ်ပြောင်းလွယ် မရှိခဲ့လို့ပါပဲ။

လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ဆည်းကပ်ကိုးကွယ်ကြတယ်။ ဒါ အမှားမဟုတ်ဘူး။ ဒါပေမယ့် သူလုပ်သမျှ အကုန်မှန်တယ်၊ သူသာ အသိ၊ သူသာ အတတ်၊ သူပြောသမျှ အဟောဝတ အောက်မေ့နေရင် အဲဒါ လက်တွေ့ မကျနိုင်တော့ဘူး။ ကိုယ်ကိုးကွယ်ယုံကြည်တဲ့သူဟာ ဘုရား၊ ရဟန္တာလား။ အလုံးစုံကို ထိုးထွင်း သိမြင်နိုင်တဲ့ သဗ္ဗဉုတ ရွှေဉာဏ်တော် နဲ့ ပြည့်စုံနေသူလား။ သည်လောက်တော့ ဆင်ခြင်နိုင်စွမ်း ရှိဖို့ လိုပါတယ်။ လက်တွေ့ကျကျ ဆင်ခြင်တယ်ဆိုတာ အဲဒါမျိုးပါ။ အဲသလို သိပ်ကို ဗောင်းတော်ညိတ် စိတ်တော်သိလုပ်လွန်းရင် ဘယ်သူမဆို ငါနှင့် ငါသာ နှိုင်းစရာလို့ အောက်မေ့ကုန်ပြီး အာဏာရှင်တွေ ဖြစ်ကုန်တတ်တယ်ဆိုတာ ကို ဆင်ခြင်တတ်မှုကလည်း လက်တွေ့ကျတာပါ။

ဒီမိုကရေစီရဲ့ အကြီးဆုံး အန္တရာယ်က အဲဒါပဲ။ အထူးသဖြင့် ကျွန်တော်တို့တွေလို ဒီမိုကရေစီနဲ့ ဘယ်တုန်းကမှ အသားမကျခဲ့ကြသူတွေအတွက် တစ်ဖက်ကို အနင်းလွန်၊ တစ်ဖက်ကို အပင်းလွန်သွားမိတတ် ကြတယ်။ အပြစ်တော့ မဆိုသာဘူး၊ ပေဘဝမှာ နေခဲ့ရတာ ကြာတောင့် သိပ်ကြာသွားတဲ့ လူ့ဘောင်တွေမှာ ဒါမျိုး သိပ်ဖြစ်တတ်တယ်။

ဒါပေမယ့် လက်တွေ့ကျကျ မဆင်ခြင်တတ်ရင် ဆီပူအိုးထဲကနေ မီးထဲကျတဲ့ ဘဝတွေ ရောက်ကုန်တတ်တာကို အားလုံး သဘောပေါက်ဖို့ အလွန်လိုပါတယ်။
လက်တွေ့ကျကျ ဆင်ခြင်တတ်လာတဲ့အခါမှာ အလိုလို ပြောင်းလွယ် ပြင်းလွယ်လာတော့မှာပါ။ ဘယ်ဟာကိုမှ လှေနံဓားထစ် မအောက်မေ့ကြတော့မှာမို့ သည်အချက်က အထူးရှင်းစရာ လိုမယ် မထင်ပါဘူး ခင်ဗျား။

(၇) အပေးအယူလုပ်ချင်တဲ့စိတ်၊ အပေးအယူလုပ်ပြီး ညှိယူတဲ့အပေါ်မှာ ယုံကြည်မှု – ပြောရင်တော့ သည်အချက်တွေဟာ တစ်ခုနဲ့ တစ်ခု သံကြိုး ကွင်းဆက်လိုပဲ ဆက်စပ်နေပါတယ်။ ဒီမိုကရေစီမှာ သဘောထားတစ်ခုတည်းနဲ့ ကိစ္စမပြတ်ဘူး။ ဒီမိုကရေစီဟာ တစ်သွေး၊ တစ်သံ၊ တစ်မိန့်စနစ် မဟုတ်ဘူး။ ဒီမိုကရေစီဟာ မတူကွဲပြားမှုတွေကို အသာတကြည် လက်ခံနိုင်စွမ်း၊ ဆန့်ကျင်ဘက် အမြင်တွေကို နေရာပေးနိုင်စွမ်းရှိတဲ့စနစ်ပါ။ အလွယ်ဆုံးစကားလုံးနဲ့ ပြောရရင် ဒီမိုကရေစီဟာ “သဘောထားကြီးတဲ့ စနစ်”ပါ။ သဘောထားမမှန်သူတွေ၊ သဘောထားသေးသိမ်သူတွေဟာ ဒီမိုကရေစီနဲ့ မအပ်စပ်ဘူး။

သဘောထားကြီးရင် အပေးအယူလည်း လုပ်နိုင်လာပါလိမ့်မယ်။ သူလည်း ကျေနပ်၊ ကိုယ်လည်းအဆင်ပြေ၊ ကိုယ်လည်း စိတ်ချမ်းသာ၊ သူလည်း စိတ်အထာကျမယ့် နည်းလမ်းကို ရွေးလို့ရတယ်ဆိုတာကို ယုံကြည်နေမှ ဒီမိုကရေစီစနစ် ရှင်သန်နိုင်ပါတယ်။ သူဖြစ်ချင်တာချည်းပဲ အကုန်လိုက်လျော အလျှော့ပေးဖို့ မလိုအပ်သလို ကိုယ်ဖြစ်ချင်တာ မဖြစ်ရရင်ပဲ ဒေါသတွေထွက်၊ စိတ်တွေကောက်နေရမှာမျိုး မဟုတ်ဘူး။
တောင်အာဖရိကနိုင်ငံက နိုင်ငံရေး အသွင်ပြောင်းမှုမှာ သည်အချက်ကို အတော် အလေးအနက် ထားခဲ့ကြတယ်။ လူဖြူတွေကချည်း ကြီးစိုးထားတဲ့ နိုင်ငံရေးအာဏာကို နယ်(လ်)ဆယ်(န်) မယ်(န်)ဒဲလားနဲ့ အာဖရိကန် နိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်တို့က အပေးအယူနည်းနဲ့ ဖြေရှင်းခဲ့ကြတာ အထင်အရှားပါပဲ။ အတိတ်က ကိစ္စတွေကို တာဝန်ရှိသူတွေဘက်က ဝန်ခံပေးပါ၊ ဒါဆိုရင် အားလုံးကို သင်ပုန်းချေပေးမယ်ဆိုတဲ့ အပေးအယူကို သူတို့ ကိုင်စွဲခဲ့ကြတယ်။ တစ်ဆက်တည်းမှာပဲ အတိတ်က ဘာမတရားမှုတွေပဲ လုပ်ခဲ့လုပ်ခဲ့ သင်ပုန်းချေပေးမယ်၊ ဒါပေမယ့် အနာဂတ်မှာတော့ တရားတာကိုပဲ ရှေ့ရှုကြေးဆိုတာကိုလည်း သူတို့ရဲ့ အပေးအယူထဲမှာ ထည့်သွင်းခဲ့ကြတယ်။

သည်အချက်ဟာ အပေးအယူလုပ်ချင်တဲ့စိတ် ရှိကြောင်း ပြသခဲ့ရာ ရောက်သလို အပေးအယူ လုပ်ပြီး ညှိနှိုင်းယူရင် ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံခဲ့တာ အထူးပြောစရာ မလိုဘူး။ ဒါပေမယ့် တစ်ဖက်ကလည်း အမှတ်စဉ် ၆ မှာ ဖော်ပြထားတဲ့ လက်တွေ့ကျကျ ဆင်ခြင်သုံးသပ်နိုင်စွမ်းနဲ့လည်း သက်ဆိုင်နေတယ်။ လူဖြူတွေ မတော်မတရား လုပ်ခဲ့တာတွေကို ပြောရင် သမိုင်းနဲ့ ချီပြီး ပြောလို့ရတယ်။ သွေးစွန်းခဲ့တာတွေလည်း တစ်ပုံတစ်ပင်။ အာဏာကို အလွဲသုံးစားလုပ်ပြီး မတရား ရယူပိုင်ဆိုင်ထားတွေလည်း လက်ညှိုးထိုးမလွဲ။

ဒါတွေကို သင်ပုန်းမချေနိုင်သမျှ နိုင်ငံရေး ပြေလည်မှု မရနိုင်ဘူး ဆိုတာကို သူတို့ မြင်ခဲ့ကြတယ်။ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေကို သူတို့ လက်တွေ့ကျကျ မြင်နိုင်ခဲ့ကြတယ်။ လူမှန်သမျှ ဘယ်သူမှ အပြစ်ဒဏ် မခံချင်ဘူး။ လူမှန်သမျှ ကိုယ့်ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကာကွယ်ချင်ကြတယ်၊ လူမှန်သမျှ ကိုယ့်ကို ရန်ပြုလာမယ်လို့ ယူဆသူမှန်သမျှကို အသက်ပေးပြီး တိုက်ခိုက်ချင်တယ်။ ဒါဟာ လူတိုင်းပဲ။ အဲတော့ ကိုယ်တွေအပေါ် မတရားခဲ့သူတွေနဲ့ အပေးအယူ မလုပ်သမျှ ကိုယ်လိုချင်တဲ့လမ်းကြောင်းပေါ် မရောက်နိုင်ဘူး။ အဲဒီ့ လမ်းကြောင်းပေါ် မရောက်ရင် ဘယ်သူနာမလဲ၊ တစ်ပြည်လုံးပဲ ထိခိုက်နစ်နာမယ်။ တစ်ပြည်လုံးရဲ့ အကျိုးစီးပွားကို လက်တွေ့ကျကျ စဉ်းစားမယ်ဆိုရင် ဟိုမောင်တွေအတွက် ဂယ်ပေါက်ပေးမှ ဖြစ်မယ်။ သည်အခါမှာ သူ့ဘက်ကလည်း နည်းနည်းလျှော့၊ ကိုယ့်ဘက်ကလည်း နည်းနည်းလျှော့ဆိုတဲ့ လမ်းကြောင်းကို သူတို့ ရွေးခဲ့ကြပါတယ်။

(၈) ဟောပြောတင်ဆက်ရာမှာ ချေငံဖွယ်ရာမှု – ပြောရတာ တော်တော်ခက်တယ်။ လူထုရဲ့ အကြိုက်ကို လိုက်ပြီး လူထုကို ဖျားယောင်းတတ်တဲ့ ခေါင်းဆောင်တချို့က ဟောတဲ့ ပြောတဲ့အခါ အားနဲ့ မာန်နဲ့၊ ဒေါနဲ့ မောနဲ့၊ ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းနဲ့ ပြောတတ်ကြတယ်။ လူထုဆိုတာကလည်း သူတို့ ကြည်ညိုမိပြီဆိုရင် ဘာနဲ့မှ တားမရတော့ဘူး။ အဲဒီ့လူ လုပ်သမျှ အဟောဝတ ကောင်းလေစွချည်းပဲ မှတ်တတ်တဲ့ သဘာဝနဲ့။

အကောင်းဆုံးနမူနာကတော့ ကမ္ဘာကျော် ဖက်ဆစ်အာဏာရှင် ဟစ်တလာပါပဲ။ ဟစ်တလာ အာဏာရလာတာဟာ အဲသလို ပြောတတ် ဆိုတတ်လို့ပါ။ သူက ဘယ်တော့မှ ချေချေငံငံ မပြောဘူး။ အသံပြာပြာနဲ့ ဒေါမာန်ပါပါ ပြောတာချည်းပဲ။ အဲဒီ့အချိန်က ဂျာမန်လူထုကလည်း စီးပွားရေး ချွတ်ခြုံကျနေတဲ့အချိန်။ အဲတော့ သူ့နောက်ကို တန်းစီပြီး ပါကုန်တော့တာပေါ့။ အမြော်အမြင်ရှိတဲ့ စာနယ်ဇင်းဆရာတွေက ဟစ်တလာ အဟုတ်မဟုတ်မှန်း သိတယ်။ သတိပေးတယ်။ ဒါပေသည့် မရဘူး။ လူထုက ဟစ်တလာမှ ဟစ်တလာ လုပ်ခဲ့ကြတဲ့အတွက် နောက်ဆုံးမှာ သူရော သူ့ပါတီပါ အာဏာရသွားတယ်။

ခွက်ခွက်လန်ကုန်တော့ လူထု ဘာမှ မတတ်နိုင်တော့ဘူး။ လူထုကို ကောင်းကောင်း နှိပ်ကွပ်ထားလိုက်ပြီလေ။ စောစောတုန်းက သတိပေးခဲ့ သူတွေခမျာလည်း အသတ်ခံရသူ ခံရ၊ ထွက်ပြေးရသူ ပြေးရနဲ့။ ဆိုးချက်က ကမ်းကုန်။

အဲတော့ ဟောပြောတင်ဆက်တဲ့အခါ၊ အကျယ်တဝင့်ပြောတဲ့ ဆိုတဲ့ အခါမှာ ချေငံဖွယ်ရာမှုကို ပြောရင် တချို့နိုင်ငံရေးသမားတွေက မဲ့ကောင်း မဲ့ကြလိမ့်မယ်။ တချို့ဟောပြောသူတွေကလည်း ကြိုက်ကြမှာ မဟုတ်ဘူး။ အတူ ဟောဖူးသူ တစ်ယောက်ကိုဆို စာနာစိတ်နဲ့ သတိတောင်ပေးဖူးတယ်။ သူက ဟောပြောနေတာ မဟုတ်ဘူး၊ အော်ဟစ်နေတာ။ သူ့လည်ချောင်းက အတော် ကွဲနေပြီ။ အသံကလည်း အဲလောက် ကုန်းကုန်းအော်ထားတော့ ကြာလေ ပြာလေဖြစ်နေပြီ။ နောက်ထပ် ငါးနှစ်လောက်သာ အဲဒီ့ပုံအတိုင်း ဆက်အော်နေလို့ကတော့ သူ့လည်ချောင်းကို အသစ်လဲရတော့မယ့် သဘောရှိတယ်။ ဒါ့ကြောင့် သတိပေးမိတယ်။ ခေါင်းတော့ညိတ်သွားပါရဲ့။ သို့သော် အော်မြဲ အော်နေတာပဲ။ သို့သော် အဲဒီ့ ရှင်အာပြဲကိုမှ ဝက်ဝက်ကွဲ အားပေးတဲ့ ပရိသတ်ကလည်း မနည်းဘူး။ အဲဒီ့လူ လည်ချောင်း မကွဲကွဲအောင် ချောက်တွန်းနေသလိုပဲ။

အမှန်တော့ ဒီမိုကရေစီဆိုတဲ့ စနစ်ဟာ ယဉ်ကျေးတဲ့ လူ့ဘောင်မှာ ထွန်းကားတဲ့ စနစ်ပါ။ အော်ဟစ် ဆဲဆို မောင်းမဲနေတာဟာ အာဏာရှင်စနစ်ပါ။ အဲလောက်လေး မြင်ရင်ကို ဟောပြောတင်ပြတဲ့အခါ၊ အကျယ်တဝင့် ပြောရဆိုရတဲ့အခါမှာ ချေငံဖွယ်ရာဖို့ လိုတယ်ဆိုတာကို လက်ခံနိုင် ကြပါလိမ့်မယ်။

(၉) တခြားသူများအပေါ် ယုံကြည်မှု – တခြားသူတွေဆိုတာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ တခြားသူတွေကို ယုံကြည်ဖို့ပါပဲ။ တိုင်းပြည်ကို ကောင်းစေချင်တဲ့ စိတ် ငါတို့မှာ ရှိသလို သူတို့မှာလည်း ရှိတယ်ဆိုတာ လောက်ကလေးကိုတော့ အဖျင်းဆုံး ယုံကြည်ထားဖို့ လိုတာပါ။ ခံယူချက်တွေ၊ ချဉ်းကပ်ပုံတွေ၊ လုပ်နည်း လုပ်ဟန်တွေ ကွဲပြားနေမှာကတော့ ရှေ့ ပိုင်းမှာ အဖန်ဖန်တင်ပြခဲ့သလို လူတွေပီပီ အများအပြား ရှိနေမှာပါပဲ။ သို့သော် ဘယ်သူ့မှာမှ တိုင်းပြည်အပေါ် စိတ်ယုတ်မာ မရှိဘူးဆိုတာလောက်ကို နားလည်ခံယူပေးနိုင်ဖို့၊ ယုံကြည်ပေးနိုင်ဖို့ လိုပါလိမ့်မယ်။

ယုတ်စွအဆုံး၊ အထက်မှာ နမူနာပြခဲ့တဲ့ ဖက်ဆစ်အာဏာရှင် ဟစ်တလာတောင်မှ သူ့တိုင်းပြည်ကို ပျက်စေချင်တဲ့ စေတနာဇောအဟုန်နဲ့ လျှောက်လုပ်ခဲ့တာ မဟုတ်မှာတော့ သေချာပါတယ်။ သူယုံကြည်တာ၊ သူခံယူတာ အလွဲကြီး လွဲနေတာ၊ သူ့လုပ်ပုံကိုင်ပုံတွေ အလွဲကြီး လွဲနေတာကြောင့် နောက်ဆုံးမှာ သူတင်မက သူ့တိုင်းပြည်ပါ အထိနာသွားခဲ့ရတာပါ။

သည်နေရာမှာ သူအာဏာမရခင်အခြေအနေက သူနဲ့ အတိုက်အခံတွေ၊ သူ့ကို ဝေဖန်သူတွေ၊ အမှန်ကို မြင်နိုင်သူတွေရဲ့ သဘောထားက အရေးကြီးပါတယ်။ အဲဒီ့လူတွေ အားလုံးက သူ့ကို “ပြည်ဖျက်မယ့်သူ“လို့ မြင်ထားကြတယ်။ တစ်နည်းအားဖြင့် သူ့စေတနာကို မယုံကြည်ခဲ့ကြဘူး။ သည်တော့ သူ့ကို အတိုက်အခံ၊ အကြောက်အကန် ပြောကြတယ်၊ ငြင်းပယ်ခဲ့ကြပါတယ်။ အတိုက်အခံဖြစ်သွားကတည်းက သူကလည်း တစ်ဖက်ကို မယုံကြည်တော့ဘူး။ မယုံကြည်တော့ ပြောသမျှ နားမဝင်နိုင်တော့ဘူး။ သူ့ကို နှိပ်ကွပ်တာ၊ သူ့ကို နေရာမပေးတာ၊ သူ့ကို အပြတ်ရှင်းဖို့ ကြိုးစားနေကြတာလို့ပဲ မြင်ပြီး သူက ပြန်ရန်လိုလာပါတော့တယ်။

တစ်ဖက်မှာလည်း သူ အာဏာရအောင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ လုပ်ခဲ့တယ်။ အာဏာရတဲ့အခါမှာတော့ သူ မယုံကြည်ခဲ့သူတွေ၊ သူ့ကိုလည်း မယုံကြည်သူတွေကို အပြတ်ရှင်းပစ်ပါတော့တယ်။

ဒါက ဒုတိယကမ္ဘာစစ်မတိုင်မီက ဆိုးရွားလွန်းတဲ့ နမူနာပါ။ မကြာသေးခင်က တောင်အာဖရိကမှာကျတော့ အဲဒီ့ ယုံကြည်မှုကို ပေးခဲ့ကြတယ်။ ရာစုနဲ့ချီပြီး အုပ်ချုပ်ခဲ့သူတွေအပေါ်မှာ အတိုက်အခံ လူမည်း အင်အားစုက ယုံကြည်မှုပြခဲ့ကြတယ်။ ယုံကြည်မှုဆိုတာ တစ်လမ်းသွား မဟုတ်ဘူး။ ကိုယ့်ကို ယုံစေချင်ရင် ကိုယ်ကလည်း သူ့ကို နှစ်နှစ်ကာကာ ယုံကြည်မှဖြစ်မယ်ဆိုတာကို သူတို့ ကောင်းစွာ သဘောပေါက်တယ်။ သမိုင်း သင်ခန်းစာတွေလည်း သူတို့မှာ အများကြီး ရခဲ့ကြပြီးသား။ သည်တော့ နောက်ဆုံးမှာ ယုံကြည်ပေးတဲ့နည်းနဲ့ ချဉ်းကပ်နိုင်ခဲ့ကြတဲ့အတွက် ကနေ့ တောင်အာဖရိကနိုင်ငံမှာ နှစ်ပေါင်းများစွာ ကြီးစိုးနေခဲ့တဲ့ အသားအရောင်ခွဲခြားပြီး နှိပ်ကွပ်မှုကြီး တစ်စတစ်စ အဆုံးသတ်သွားတာ တစ်ကမ္ဘာလုံး မျက်မြင်ပါပဲ။

(၁၀) အာဏာပိုင်တွေအပေါ် ထိုက်သင့်တဲ့ သံသယစိတ် ထားရှိနိုင်စွမ်း – ဒါကလည်း ဒီမိုကရေစီမှာ အင်မတန် အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။ အာဏာပိုင်တို့ ပြောသမျှ အကုန် ဟုတ်နေတယ်၊ ဒါ့ကြောင့် အာဏာပိုင် စေသမျှ လိုက်နာမယ်ဆိုတာမျိုးလည်း မဖြစ်သင့်ဘူး။ အဲသလို မဖြစ်သင့်တဲ့ နည်းတူပဲ၊ အာဏာပိုင်တွေ လုပ်သမျှ ဘာဆို ဘာမှ မကောင်းဘူး၊ အကုန် ငြင်းပယ်ရမယ်၊ ဆန့်ကျင်ရမယ်၊ မယုံကြည်ထိုက်ဘူးဆိုတဲ့ စိတ်မျိုးလည်း မမွေးမှ ဒီမိုကရေစီစနစ် ရှင်သန် လည်ပတ်နိုင်မှာ ဖြစ်ပါ တယ်။

ထိုက်သင့်တဲ့ သံသယ ထားနည်းကတော့ ကိစ္စရပ်တိုင်းမှာ မေးခွန်းထုတ်တတ်ဖို့ပါ။ ဘခြောက်လုံး မေးခွန်းပေါ့။ ဘယ်သူ၊ ဘယ်မှာ၊ ဘယ်တော့၊ ဘာ့ကြောင့်၊ ဘယ်လို၊ ဘာဆိုတဲ့ မေးခွန်းတွေ ထုတ်ရတော့မှာပါ။ ဥပမာ ဆိုကြပါစို့။ အာဏာပိုင်က ယာဉ်ကြောကို တစ်ခုကို ပိတ်လိုက်တယ်။ ဘယ်သူ့ အကျိုးအတွက် ပိတ်တာလဲ။ ဘယ်လောက်ကြာကြာ ပိတ်မှာလဲ။ ဘာကြောင့် ပိတ်တာလဲဆိုတဲ့ မေးခွန်းမျိုးတွေ ထုတ်ခြင်းဟာ ထိုက်သင့်တဲ့ သံသယနဲ့ ချဉ်းကပ်တာပါ။ သည်အခါမှာ အာဏာပိုင်က သည်မေးခွန်းကို ဖြေတယ်။ လူထုအကျိုးအတွက် ပိတ်တာပါလို့ ပြောတယ်။ ဒါ ဟုတ်ရဲ့လား။ လူထုအတွက် တကယ်ရော အကျိုးရှိရဲ့လားဆိုတာ ဆန်းစစ်ဖို့လည်း တာဝန်ရှိပါတယ်။ ဒါမှ ထိုက်သင့်တဲ့ သံသယထားတာ ဖြစ်လာပါလိမ့်မယ်။

သည်လို မေးခွန်းတွေ ထုတ်ခြင်းဟာ လက်ခံခြင်း၊ ငြင်းပယ်ခြင်း ဘောင်ထဲမှာ မပါဝင်တော့ပါဘူး။ ဖြစ်သင့် ဖြစ်ထိုက်ခြင်း ရှိမရှိကို ဝေဖန် ဆန်းစစ်ရာ ရောက်လာပါတယ်။ သည်အခါမှာ ဒီမိုကရေစီစနစ်က ဖွံ့ဖြိုး ရှင်သန်လာတော့မှာ မလွဲတော့ပါဘူး။

နိဂုံး

ဒီမိုကရေစီစနစ်တစ်ရပ် အရှိန်မပျက် ရှင်သန်လည်ပတ်နေအောင် မောင်းနှင်ပေးနိုင်မယ့် သည်စနစ်ရဲ့ အဓိက သရုပ်လက္ခဏာဆယ်ရပ်ကို တင်ပြ ဆွေးနွေးခဲ့တာပါ။
မြန်မာလို ရေးသား တင်ပြခဲ့တာဖြစ်ပေမယ့် တကယ်တမ်းမှာ ကျွန်တော်ပြုစုထားတာ မဟုတ်ပါဘူး။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်နဲ့ နိုင်ငံရေးနဲ့က အဝေးကြီးပါ။ ဒါတွေကို သိလည်း မသိလှပါဘူး။ ပိုဆိုးတာက ကျွန်တော့်အသက် ၅၅ နှစ်တာ အတွင်းမှာ ၅၃ နှစ်လောက်က ဒီမိုကရေစီဆိုတာ လုံးသလား၊ ပြားသလားတောင် မြည်းစမ်းခွင့်မရတဲ့ စနစ်အောက်မှာ နေခဲ့ရတာ။

သို့ပေမယ့် ၁၉၈၈ ခုနှစ်က စတင်ပြီး အနောက်နိုင်ငံ သံရုံးတွေမှာ အလုပ်ဝင်ခဲ့ရတယ်။ နိုင်ငံရေးကိစ္စတွေကို စူးစမ်းရတဲ့ အလုပ်တွေ လုပ်ခဲ့ ရတယ်။ သည်အခါမှာ မျက်လုံးလည်း အထိုက်အလျောက် ပွင့်လာပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေး အလှည့်အပြောင်းတစ်ခု ပေါ်ပေါက်လာတယ်။ သည်အခါမှာ ကျွန်တော်တို့တွေ ဘုမသိ ဘမသိတွေ ဖြစ်နေတာကို ရိပ်စားမိကြတဲ့သူတွေက ကျွန်တော်တို့ သိမြင် လာအောင် ကူညီပံ့ပိုးပေးတာတွေ ရှိလာတယ်။ အဲဒီ့ ကူညီပံ့ပိုးမှုတွေကို အတွင်းကျကျ ပါဝင် ပတ်သက်ခွင့် ကြုံလိုက်တဲ့အခါ ဒါတွေကို ရေးတေးတေး မြင်လာရပါတော့တယ်။ စာတွေလည်း လျှောက်ဖတ်ဖြစ်လာတယ်ပေါ့။

အဲဒီ့ကမှ ကျွန်တော် သိလိုက်၊ မှတ်လိုက်မိတာလေးတွေကို ပြန် ဖောက်သည်ချလိုက်တာပါ။ သည်အခါမှာ ဘာသွားတွေ့ရသလဲဆိုရင် အလေ့အကျင့် လိုတယ် ဆိုတာကြီးကို သွားမြင်ရပါတယ်။ ဒီမိုကရေစီစနစ် ရှင်သန်စေချင်ရင် ငယ်ဘဝတည်းက အလေ့အကျင့် ရထားဖို့ လိုတယ်ဆို တာကို ကျွန်တော် ယုံကြည်နေမိခဲ့တာတော့ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ တစ်နည်းပြောရရင်း မိသားစုတွင်း ဒီမိုကရေစီက အခြေခံပါ။ မိသားစုထဲမှာတောင်မှာ ဒီမိုကရေစီ အလေ့အကျင့်တွေ မရှင်သန် မထွန်းကားဘဲနဲ့ နိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားစေချင်လို့ မရပါဘူး။ အဲသလောက်ကို ရိုးစင်းပါတယ်။ ကျောင်းတွင်း၊ ကိုယ်နေထိုင်ရာ အိမ်နီးချင်း ဝန်းကျင်အတွင်း၊ ကိုယ့်ရပ်ရွာအသိုင်းအဝိုင်းအတွင်းများမှာလည်း ဒီမိုကရေစီ အလေ့အကျင့်တွေ ရှင်သန်နေဖို့ လိုပါတယ်။

အစမှာ ပြောခဲ့တဲ့ စကားကိုပဲ ပြန်ကောက်ပါရစေ။ ဒီမိုကရေစီဆိုတာ ဟင်းရွက်ကန်စွန်း မဟုတ်ပါဘူး။ ရော့၊ အင့်ဆိုပြီး တစ်ယောက်ယောက်က ယူပေး၊ ကမ်းပေးလို့ ရတာမျိုး မဟုတ်ပါဘူး။ အရှိန်မပျက် လည်ပတ်နေတဲ့ စနစ်တစ်ခုသာ ဖြစ်ပါတယ်။ အဲဒီ့ စနစ် အရှိန်မှန်မှန်နဲ့လည်ပတ်ဖို့အတွက် ကျွန်တော်တို့ အားလုံး အလုပ်လုပ်ကြရမှာပါ။

ဘာအလုပ် လုပ်ရမှာလဲ။ သည် ဒီမိုကရေစီ အလေ့အထတွင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ၊ ကျွန်တော်တို့ ကြားမှာ စိမ့်ဝင်ပျံ့နှံ့နေ အောင် ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ပါပဲ။
မလုပ်ချင်လည်း နေပါ။ ပြဿနာ မရှိပါဘူး။ မလုပ်ရင် မခံစားရရုံ အပြင် ပိုမရှိပါဘူးလေ။ တန်ရာတန်ရာ ရကြမှာပဲ မဟုတ်ပါလားခင်ဗျာ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဝ၁၁၀၁၂)

(The Thanlwin Times ဂျာနယ်မှာ လေးပတ်ခွဲပြီး ဖော်ပြခဲ့တာကို တစ်စုတစ်စည်းတည်း ဖော်ပြလိုက်တာပါ။)

Advertisements
7 Comments leave one →
  1. Aung Soe U permalink
    17 October 2012 2:45 pm

    (၁၀) အာဏာပိုင်တွေအပေါ် ထိုက်သင့်တဲ့ သံသယစိတ် ထားရှိနိုင်စွမ်း ………………………
    ဒီနေရာမှာ ကျွန်တော့ လက်ရှိတွေ့နေရတာလေး နည်းနည်းပြောပါရစေ .. ဆရာ၊ အချို့အချို့သော မြန်မာနိုင်ငံသား UN & INGO ၀န်ထမ်းများပါ၊ ကျွန်တော် ( အချို့ ) လို့ပြောပါတယ်ဆရာ၊ အားလုံးလို့ မဆိုပါ၊ အဖွဲ့အစည်း ၀န်ထမ်းဖြစ်လာရင်ပဲ အန်တီမှတပါး ကိုးကွယ်ရာမရှိသလိုလို ၊ ဌာနဆိုင်ရာ ကလုပ်သမျှပဲ မကောင်းပြောနေရမလိုလို၊ ဆိုလိုတာက neutrality & democracy practice အားနည်းနေတာ တွေ့နေ ပါတယ်၊

  2. 26 October 2012 8:08 pm

    Sir,the other day I was listening to old album of Harry Linn,and strangely remebered that there was an article written by our’s truly, called ” Heavy လား , ဆဲတီးလား “,I am really your fan for that long,sir 🙂 Any chance you find that particular piece,though I doubt it very slim. Have a good day!

    • lettwebaw permalink*
      27 October 2012 12:02 pm

      What a pleasant surprise! Thank you for your comment, Mr. Reader. Unfortunately I don’t have a copy of it as it was a long, long time ago. I’m sorry.

  3. 11 November 2012 3:51 pm

    ဆရာ ဒီမိုဖတ်စာ နောက်မှာ ၁လတောင်ရှိပြီ .. အသစ်တွေ မရေးတော့ဘူးလား

    • lettwebaw permalink*
      11 November 2012 5:09 pm

      အို… ဟုတ်သလားးး တစ်လတောင်ရှိပြီလား။ ရေးရာလေးတွေ များနေလို့ သည်ဘက် မလှည့်ဖြစ်သေးတာပါ။ အခုလို သတိပေးတဲ့အတွက် ကျေးဇူးပါ။

  4. မိုးသောက်ပန်း permalink
    16 September 2013 6:01 pm

    အရမ်းကောင်းတဲ့သုံးသပ်ချက်တွေပါဆရာ။ကျေးဇူးပါပဲ။ 🙂

Trackbacks

  1. ဒီမိုကရေစီ ဖတ်စာ « Burma Democratic Concern (BDC)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: