Skip to content

Yours Faithfully

19 December 2012

သင်၏ သစ္စာရှိသော…

ရင်နာစရာ အကောင်းဆုံးမှာ ထိုညက ကိုရေချမ်းတစ်ယောက် ဦးနှောက် သွေးကြောပြတ်ပြီး သေဆုံး မသွားခြင်းသာ ဖြစ်ပါသည်။

😦

IMG_2469ကိုရေချမ်းမှာ မွေးချင်းပေါက်ဖော် တစ်ယောက်မှ မရှိပါ။ ညီအစ်ကို မောင်နှမ ဝမ်းကွဲပင် တစ်ဦးမျှ မရှိပါ။ အဖေနဲ့ အမေကလည်း မရှိတော့သောအခါ သည်လောကအလယ်မှာ ကိုရေချမ်းသည် တစ်ကောင်ကြွက်၊ တစ်မျက်နှာ။

သွေးသားဆိုပြီး သူ့မှာ ပြစရာ သမီးတစ်ယောက်နှင့် သားတစ်ယောက်သာ ရှိသည်။ သွေးသား မတော်စပ်သော်လည်း သည်လောကမှာ သူ အယုံကြည်ဆုံး၊ သူအားအထားဆုံး ဇနီးသည် မရွှေမိ ရှိသည်။ ဒါပါပဲ။ 

ကိုရေချမ်း၏ ဘဝက ထိုမျှ ကျဉ်းသည်။ သည်တော့ သူ့မှာ မိသားစု သာ နံပါတ်တစ်၊ မိသားစုသာ နံပါတ်နှစ်၊ မိသားစုသာ နံပါတ်သုံးဖြစ်သည်။ ကျန်တာတွေက အပရိက။ မိသားစုအတွက် ဘာပဲ လုပ်ရ လုပ်ရ သူ လုပ်ပါမည်။ ဘာပဲ စတေးရ စတေးရ သူ စတေးပါမည်။

ထိုသို့သော ကိုရေချမ်းဖြစ်သည်။

😦

အဲ… နံပါတ်လေးမှာတော့ အလုပ်ဖြစ်သည်။ နံပတ်လေးပင် ဖြစ်လင့်ကစား မိသားစု ဝမ်းဝ ခါးလှရုံအပြင် လူတန်းစေ့ နေနိုင် သုံးနိုင်ဖို့ ငွေဆိုတာက လိုအပ်နေတော့လည်း အလုပ်ကို ဖိလုပ်ရသည်။ မိုးရွာနေတုန်းမှာ ရေခံရသည်။

အခုတလော သူ့ဇာတာစန်းလဂ်ကလေးကလည်း ဖေးဖေး ထနေခိုက်မို့ အလုပ်ကလေးတွေက အဆင်ပြေနေသည်။ မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူးဟူသည့် ဆရာ စိုင်းခမ်းမလိတ် သီချင်းထဲကလိုပင် သူသည် မောမော ပျော်ပျော်နှင့်ပင် အလုပ်တွေကို ဇယ်ဆက်သလို လုပ်နေခဲ့ပါသည်။

😦

အလုပ်တစ်ခုက နေပြည်တော်မှာ ပေါ်လာသည်။ သူ တောင်းသော စရိတ်ငြိမ်း အသားတင် တစ်နေ့ ဂဏန်းခြောက်လုံး ပမာဏ အခaကြးငွေကို ရမည် ဆိုတော့လည်း ပျော်ပျော်ကြီးပင် ထ သွားလိုက်သည်။

ပျော်မည့်သာ ပျော်ရသည်၊ အလုပ်၏ သဘာဝကို နားလည်နေသော သူ့အတွက် အလွန် တာဝန်ကြီးလေးလှပြီး အလွန်လည်းပင်ပန်းသော အလုပ်ဖြစ်မည်ကို မဆွကတည်းက တွက်ဆထားပြီးလည်း ဖြစ်သည်။

ပထမနေ့တွင်ပင် သူ့အလုပ်ရှင်များ၏ ကျေနပ်မှုကိုသာမက စာနာ ထောက်ထားမှုကိုပါ သူရယူနိုင်ခဲ့သည်။ သူ မည်မျှပင်ပန်းသည်၊ သူ မည်မျှ အားထုတ်နေရသည်ကို သူတို့ အမြင်၊ သူတို့ အကြားဖြစ်သည်။

ဒုတိယနေ့အစ လုပ်ငန်းအစည်းအဝေးမှာလည်း သူ့ကို အတိအလင်း ပြောသည်။ သူ့ ဆောင်ရွက်ချက်နှင့် ပတ်သက်ပြီး ဘာမှ ပြောစရာ မရှိပါ။ ထို့ကြောင့် ထိုအစည်းအဝေးကို သူ မတက်လျှင် ရပါသည် ဟူ၍ အထိပင်။

ထိုနေ့မှာပင် သူ့ ပါလေရာဖုန်း နံပါတ်ကို နေပြည်တော်သို့ ရောက်လာကြမည့် သူ့သူငယ်ချင်းစုံတွဲအား ပေးလိုက်ကြောင်း မရွှေမိက ဖုန်းဆက်ပြီး သူ့ကို လှမ်းပြောသည်။ သူ့သူငယ်ချင်းဆိုသည်မှာ ကိုရေချမ်း သူငယ်ချင်း မဟုတ်၊ မရွှေမိ၏ ငယ်သူငယ်ချင်းဖြစ်သဖြင့် သူနှင့်ပါ အလိုလို ရင်းနှီးလာရသော သူငယ်ချင်းတွေ ဖြစ်ပါသည်။

မူအရ သူ့ ပါလေရာဖုန်းနံပါတ်ကို လူတကာ မသိစေချင်ပါ။ ကမ္ဘာပေါ်တွင် ကိုရေချမ်းတစ်ယောက် အမုန်းဆုံး၊ အရွံဆုံး၊ အကြောက်ဆုံးအရာမှာ တယ်လီဖုန်းသာ ဖြစ်သည်။ ပထမ ပါလေရာဖုန်းတုန်းက လူအတော်များများ သိကုန်သဖြင့် ထိုဖုန်းကို သားတော်မောင်အား ပေးချလိုက်သည်။ နောက် အသစ်ကိုင်သော ဖုန်းနံပါတ်ကိုမူ လူတိုင်းကို မပေး။ ဖုန်းနံပါတ်တောင်းလျှင် အိမ်ဖုန်း နံပါတ်ကိုသာ သူပေးမြဲဖြစ်သည်။

လူတွေကိုက တစ်မျိုး။ ပါလေရာဖုန်းနံပါတ် ရထားလျှင် အိမ်ဖုန်းကို လုံးဝ မဆက်ချင်ကြတော့သူက ခပ်များများပင်။ ပါလေရာဖုန်းကိုသာ ဆက်ချင်တတ်ကြမြဲဖြစ်သည်။ စာနာစိတ်တွေ ပျောက်နေသော ကာလပျက်ကြီးပေကိုး။

သူက အိမ်မှာဆိုလျှင် ပါလေရာဖုန်းကို ချချင်ရာ ချထားမိခဲ့စမြဲ ဖြစ်သည်။ ဖုန်းနှင့် လူနှင့်က တွဲမနေချေ။ တစ်ခုခု လုပ်ကိုင်နေတုန်းမှာ ဖုန်းလာတာ၊ ဖုန်းသံပဲ ကြားရပြီး ဘယ်နား ထားမိမှန်း မသိသဖြင့် လိုက်ရှာရတာများမှာ အတော် ဒုက္ခကြီးသည်။

အပြင်သွားလျှင်တော့ ဘယ်နားထားမိမှန်း မသိသော ဖုန်းကို မရမက ရှာပြီး ယူသွားရသည်ပေါ့။ အဲတော့လည်း ဒုက္ခက တစ်မျိုး။ ကားမောင်းနေခိုက် ဖုန်းဝင်လာတာမျိုးကို ကိုရေချမ်း ဘဝင်မကျချေ။ ကားမောင်းရင်း ဖုန်းပြောရတာကိုလည်း သူမကြိုက်ပါ။ သူ ပြောလိုလျှင် ကားကို လမ်းဘေး ထိုးရပ်ပြီးမှ ပြောတတ်မြဲလည်း ဖြစ်သည်။ သို့မဟုတ်ပါကလည်း အလုပ် လုပ်နေတုန်းတန်းလန်းမှာ ဖုန်းဝင်လာတာမျိုးကလည်း လုံးဝ ဟန်မကျ။ ထို့ကြောင့် အလုပ်လုပ်နေလျှင် ဖုန်းကို အသံပိတ်ထားမိစမြဲဖြစ်သည်။

အမှန်စင်စစ် ကိုရေချမ်း၏ ပါလေရာဖုန်းမှာ တစ်နေ့ နေလို့ တစ်ခါ မြည်ဖို့ ခဲယဉ်းလှပါသည်။ မြည်ပြီဆိုလျှင်လည်း အလုပ်ကိစ္စနှင့် ပတ်သက်သူ (ဝါ) သူ့ကို ပိုက်ဆံပေးမည့်သူများက ဆက်သွယ်ခြင်းသာ ဖြစ်ဖို့က ၉၅ ရာခိုင်နှုန်း သေချာပါသည်။ ထိုသို့ ဖြစ်အောင်လည်း သူ့ပါလေရာ ဖုန်းနံပါတ်သစ်ကို လူတိုင်းအား မပေးဘဲ ထားသည့်နည်းဖြင့် စီမံထားပါသည်။ တချို့ လူရင်းတွေကဆိုလျှင် သူတို့ကို ထို ဖုန်းနံပါတ် မပေးဘဲ ထားသည့်အတွက် သူ့ကို မကျေလည်ကြ၊ စကားနာ ထိုးကြသည်အထိပင် ဖြစ်သည်။ သို့တိုင်အောင် ကိုရေချမ်းသည်သည် ခေါင်းမာစွာပင် ထိုဖုန်းနံပါတ်ကို မပေးဘဲ ထားမြဲသာ ဖြစ်သည်။

ယခုတော့ သူ့အိမ်သူ သေနာပတိ ဒေါ်ရွှေမိ ကိုယ်တိုင်က လုပ်ချလိုက်လေပြီ။

ဪ… သူများ တစ်မြို့တစ်ရွာ ရောက်ခိုက် ဆုံချင်သေးသူများ၏ ခင်မင်မှု သံယောဇဉ်ကို ဆင်ခြင်မိသောကြာင့်လည်း မကြည်မလင် မဖြစ်မိပါ။ တစ်ဆက်တည်းမှာ သူ့အိမ်သူကိုလည်း သူမငြိုငြင်ခဲ့မိပါချေ။

😦

ဒုတိယနေ့မှာလည်း ပထမနေ့ ထုံးစံအတိုင်း သူ့မှာ လျှာထွက်မတတ် ပင်ပန်းရပါသည်။ သူ့အလုပ်ရှင်တွေလည်း သူ့ကို လွန်စွာ အားနာနေကြပါသည်။ နှစ်ယောက်စာ လုပ်ရမည့် အလုပ်ကို တစ်ယောက်တည်း လုပ်နေရတာကို သူတို့ စာနာကြောင်း နှုတ်မှ ထုတ်ဟ ပြောကြသည်အထိပင် ဖြစ်သည်။ ခက်တာက ရွှေဝါပြည်မှာ လူ့စွမ်းအား အရင်းအမြစ်တွေ ချွတ်ခြုံကျနေခြင်းပင်ဖြစ်သည်။ သည်တော့လည်း သူ့အလုပ်မျိုး လုပ်သူ နှစ်ယောက် ရှာမရနိုင်ဘဲ ရသည့် တစ်ယောက်နှင့် အစွမ်းကုန် ကျဲနေကြရတာသာ ဖြစ်သည်။

ကိုရေချမ်းကိုယ်တိုင်ပင် ကိုယ်ခွဲ လိုချင်လှသဖြင့် ရှာနေသည်မှာ နှစ်နှင့်ချီနေပါပြီ။ အားကိုးထိုက်စရာ လောက်လောက်လားလား တစ်ယောက်မှ မရသဖြင့် ထိုင်စိတ်ညစ်နေရပေရာ အလုပ်ရှင်များ၏ အခြေအနေကို သူနားလည်ပေးနိုင်ပါသည်။

အလုပ်ပြီးတော့ ဧည့်ခံပွဲက ဆက်နေသည်။ အလုပ်ရှင်တွေက သူ့ကို တရရ လာခေါ်ကြသည်။ မောလှပြီ၊ ဝိုင်သောက်ပါတော့ဟု ဆိုကြသည်။ သူက မိတ်ဆွေတွေနှင့် လေကောင်းနေသဖြင့် ဧည့်ခံပွဲဘက်ကို မရောက်တတ်နိုင်သေးသောကြောင့် သူတို့က တရရ ခေါ်နေကြခြင်းဖြစ်သည်။

နောက်ဆုံးတော့ ဧည့်ခံပွဲထဲ သူရောက်သွားသည်။ ဝိုင်အဖြူ အေးအေးစိမ့်စိမ့်တစ်ခွက်ကို သောက်နေခိုက်မှာ ဖုန်းဝင်လာသည်။ မရွှေမိ ဖုန်းနံပါတ်ပေးလိုက်သည့် (မရွှေမိနှင့် စပ်မှ တော်ရသော) သူငယ်ချင်းတွေ ဖြစ်သည်။ ဧည့်ခံပွဲ အလယ်မှာ ရောက်နေကြောင်း၊ ပြီးလျှင် ပြန်ဆက်ပေးပါမည့်အကြောင်း ကိုရေချမ်း ပြောလိုက်ပါသည်။

😦

အမှန်စင်စစ် ဝိုင်သည် ဝိုင်သာ ဖြစ်ပြီး ရေငတ်မပြေပါ။ အမောလည်း မပြေပါ။ ထိုအချိန်မှာ အတောင့်တဆုံးက ဘီယာအေးအေးသာဖြစ်သည်။ မနေ့ကလည်း သည်အတိုင်းပင်။ အလုပ် လုပ်၊ အလုပ်ပြီးသည်နှင့် ဧည့်ခံပွဲ။ ပြီးသည်နှင့် စားသောက်ဆိုင်သို့ ပြေးကား ဘီယာအဝသောက်သည်။ ပြီးမှ ဟိုတယ် ပြန်အိပ်သည်။
ကနေ့လည်း အလားတူပင် လုပ်ဖို့ စိတ်ကူးပြီး ကားတစ်စီး တောင်းကာ စားသောက်ဆိုင်သို့ ထွက်လာခဲ့ကြသည်။ မနေ့က အတူတွဲခဲ့ကြသော လုပ်ဖော်ကိုင်ဖက် မိတ်သစ်များနှင့် ဖြစ်သည်။

စားသောက်ဆိုင်ရောက်တော့ ဘီယာမှာသည်၊ အမြည်းမှာသည်။ မိတ်ဆွေတွေကို ဖုန်းပြန်ဆက်သေးသော်လည်း ဆက်သွယ်မှု ဧရိယာပြင်ပနှင့် တွေ့နေသဖြင့် သုံးကြိမ်မျှ ဆက်အပြီးမှာ မေ့ထားလိုက်ရပါတော့သည်။

အလုပ်ရှင်နိုင်ငံခြားသားတွေကလည်း ကိုရေချမ်းထိုင်နေသော ဆိုင်ကိုပင် ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာကြသည်။ အမှန်တော့ မဆန်းချေ။ နေပြည်တော်မှာ သောက်စရာ၊ စားစရာဆိုင် လောက်လောက်လားလားက ရှားပါးနေဆဲ မဟုတ်ပါလား။

ကိုရေချမ်းကိုတွေ့တော့ ထိုသူတွေ အပြေးရောက်လာပြီး သူတို့ ဝိုင်းအတွက် ဘီယာဖိုးတွေ အတင်းရှင်းပေးသွားကြသေးသည်။ ကိုရေချမ်း၏ အားထုတ်မှုနှင့် လုပ်ရည်ကိုင်ရညကို သူတို့နည်းနှင့် အသိအမှတ်ပြုခြင်းပင် ဖြစ်သည်ပဲလေ။

အတော်ကြာတော့ ဖုန်းဝင်လာသည်။ စောစောက ဆက်သွယ်မှု ဧရိယာ ပြင်ပရောက်နေသော မိတ်ဆွေ ဇနီးမောင်နှံပင်ဖြစ်သည်။ ကိုရေချမ်းက သူရောက်နေသော ဆိုင်ကို ပြောလိုက်သည်။ သူတို့ လိုက်လာကြမည်တဲ့။

ပြောပကော။ နေပြည်တော်မှာ သောက်စရာ၊ စားစရာဆိုင် လောက်လောက်လားလားက ရှားပါးနေဆဲပါဆိုမှ။

လိုက်လာကြမည်ဆိုတော့လည်း လာကြပေါ့။ ဘာအပန်းကြီးတာ လိုက်လို့။

😦

သူတို့ ရောက်လာကြပြီးတော့ ဆက်ထိုင်ဖြစ်ကြသည်။ ဆက်သောက်ဖြစ်သွားသည်။ ဘီယာပါပဲ။ တခြား အရက် မပါပါ။

မိတ်ဆွေအမျိုးသမီးက သူ့သူငယ်ချင်း အရင်းသုံးထပ်သားဖြစ်သူ မရွှေမိထံ လှမ်းဖုန်းဆက်သည်။ ပြီးတော့ ကိုရေချမ်း လက်ထဲကို ဖုန်းထိုး ပေးသည်။ ဇနီးသည်ကား စကားကောင်းကောင်း ပြော၍ ရသော အခြေအနေတွင် မရှိချေ။ ဒါပဲ၊ ဒါပဲက အရင်ဖြစ်နေသည်။ စကားကို ဇွတ်ဖြတ်နေသည်။

အမှန်တော့ အဲဒီ့ကတည်းက ကိုရေချမ်း ရိပ်မိခဲ့ဖို့ ကောင်းပါသည်။

😦

သို့သော် ကိုရေချမ်းကား ငတုံးပင်။

ပြောပကော။ သည်တစ်လောကလုံးမှာ မရွှေမိကိုသာ သူ အယုံကြည်ဆုံး၊ အားအထားဆုံးလေ။ ယုံကြည် အားထားသည်ဆိုခြင်းက လင်မယားဆိုတာထက် အများကြီး ပိုသည်။ မောင်နှမသဘော၊ သားအမိသဘော၊ သူငယ်ချင်းသဘော၊ သေတူ ရှင်ဖက် သဘောတွေပါ ပါဝင်နေသည်ပဲ။

ထို့ကြောင့်လည်း ကိုရေချမ်းသည် တည်းခိုရာသို့ ပြန်ရောက်သောအခါ အိမ်ကို ဖုန်းဆက်မိတော့သည်။

အိမ်က ဖုန်းကလည်း ဆက်သွယ်မှုဧရိယာပြင်ပ ဖြစ်နေသည်။

ကိုရေချမ်း အံ့အားသင့်သွားရပါသည်။ သူ့အိမ်ဖုန်းသည် ကြိုးမဲ့ ဖုန်းဖြစ်လင့်ကစား ပါလေရာဖုန်း မဟုတ်မူချေ။ စီဒီအမ်အေ အထိုင်ဖုန်းဟုခေါ်သော ခြင်းဖုန်းဖြစ်သည်။ ထိုဖုန်းသည် ဆက်သွယ်မှုဧရိယာပြင်ပသို့ မည်သည့်အခါမျှ ရောက်လေ့ မရှိ။ ဖုန်းလိုင်းပျက်နေလျှင် ဆက်သွယ်မှု ဧရိယာ ပြင်ပသို့ ရောက်နေသည်ဟူသော စကားသံ မကြားရချေ။ ဘာ သံမှ မကြားရတာ၊ ဒါမှမဟုတ် လိုင်းမအားသံ ပေးတာများသာ ဖြစ်တတ် မှန်း ထိုဖုန်းနှင့် နေခဲ့သည့် သက်တမ်း ဆယ်နှစ်ကျော်မို့ သူကောင်းစွာ သဘောပေါက်သည်။

သူ ဖိဆက်သော်လည်း ထိုဖုန်းက ထိုအတိုင်းသာ ဖြစ်နေသည်။ ဘာတုံး… ဆက်သွယ်မှု ဧရိယာပြင်ပ။

ထိုဖုန်း မရတော့လည်း ဘာအရေးလဲ။ မရွှေ၏ ပါလေရာဖုန်းကို ဆက်သည်။ ထိုဖုန်းကျတော့လည်း “စက်ပိတ်ထားသည်“တဲ့။ ဟား… မဟုတ်သေးပါဘူး။

သေချာအောင် ထပ်ဆက်ကြည့်တော့လည်း အဖြေက အတူတူ။

မဟုတ်သေးပါဘူး။

သမီး၏ ပါလေရာဖုန်းကို ဆက်ရပြန်သည်။ ဒါလည်း “စက်ပိတ်ထားသည်”နှင့်ပင် ကြုံပြန်သည်။ ထိုဖုန်းကိုလည်း သေချာအောင် ပြန်ဆက်ကြည့်သည်။ အဖြေကား ရှေးနည်းအတိုင်း။

သား၏ ဖုန်းကို ဆက်လိုက်သည်။ သားဖုန်းကကျတော့ မအားချေ။

😦

သူ့စိတ်က ထောင်းခနဲ ဖြစ်သွားသည်။ ခြင်းဖုန်းကို ငါးသိန်းပေးခဲ့ရသည်။ သူ့အတွက် သတ်သတ် ထပ်ကုန်သော အထိုင်ဖုန်း ကိရိယာ ဝယ်ရတာကို မပါသေးပါ။
မရွှေမိ၏ ပါလေရာဖုန်းလည်း ငါးသိန်းပေးရသည်။ ၇၃ နှင့်စသော စီဒီအမ်အေ ဖုန်းဖြစ်သည်။ သမီး၏ ဖုန်းက နောက်ဆုံးပေါ် နှစ်သိန်းဖုန်း။ သူက တန်ကြေး အနည်းဆုံးပင် ဖြစ်သည်။ သားကိုင်သော ဖုန်းမှာ ကိုရေချမ်း ယခင်ကိုင်ခဲ့သော ဖုန်းဖြစ်သည်။ ထိုဖုန်းက ဈေးအကြီးဆုံး၊ ၁၈ သိန်းပေးပြီး ဝယ်ခဲ့ရသော ဖုန်းဖြစ်သည်။ အဲတော့ စုစုပေါင်းလိုက်လျှင် တယ်လီဖုန်း စကားပြောကိရိယာတွေ မပါဘဲ ဖုန်းလိုင်း ဝယ်ယူထားရသည့် တန်ဖိုးချည်းပင် သိန်း သုံးဆယ်တိတိ ရှိနေလေပြီ။ သမီးကိုင်သော အိုင်ဖုန်း ဖိုး၊ သားကိုင်သော ဆယ်(မ်)ဆောင်းဖုန်းဖိုး၊ ဇနီးသည်ကိုင်သော ဟွာဝေ့ ဖုန်းဖိုးနှင့် အိမ်က အထိုင်ဖုန်း တာတာအတွက် ပေးရသော တန်ဖိုးများ ပါဆိုလျှင် ငွေကျပ် သိန်း ၅၀ မျှကို သူအပင်ပန်းဆင်းရဲခံကာ ရိုးရိုး သားသား ရှာဖွေထားသော ငွေစကြေးစလေးများဖြင့် ဆက်သွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံထားခဲ့ပါသည်။

ထိုမျှ အကုန်ခံထားသူ တစ်ယောက်က ဆက်သွယ်ချိန်တွင်မူ စက် ပိတ်ထားတာ၊ ဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေတာ၊ လိုင်းမအားတာများနှင့် ကြုံလိုက်ရသောအခါ ဒေါသသည် ငယ်ထိပ်သို့ တက်သွားပါတော့သည်။

ထိုအချိန်က သူ့အိမ်တွင် လူသုံးယောက်နှင့် တယ်လီဖုန်း လေးလုံးတိတိ ရှိနေသည် မဟုတ်တုံလော။

သို့သော် ထိုဖုန်းများမှာ တစ်လုံးမျှ ဆက်မရဖြစ်နေပါသည်။

😦

ရင်နာစရာ အကောင်းဆုံးမှာ ထိုညက ကိုရေချမ်းတစ်ယောက် ဦးနှောက် သွေးကြောပြတ်ပြီး သေဆုံး မသွားခြင်းသာ ဖြစ်ပါသည်။

😦

စာကြွင်း – ထိုနေ့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချို့ယွင်းချက် တစ်စုံ တစ်ရာ မရှိခဲ့ပါ။ တစ်ပြည်လုံးမှ ဖုန်းလိုင်းပေါင်းစုံ ပုံမှန်အတိုင်း အလုပ် လုပ်လျက်၊ ကောင်းစွာ ဆက်သွယ်နိုင်ကြောင်း တစ်ပြည်လုံး အသိပင် ဖြစ်ပါသည်။

😦

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၂၅၁၀၁၂ – ၂၃၄၇ ရန်ကုန်)

(၂၀၁၂ ခုနှစ် ဒီဇင်ဘာလထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြထားတာပါ။)

Advertisements
5 Comments leave one →
  1. 19 December 2012 8:23 am

    ဖုန်းဆက်လို့မရတာနဲ့ပဲ သေမသွားတာ ရင်နာစရာ ဖြစ်ရရောလားဆရာ။ နောက်နေ့ မနက်ဖြစ်ဖြစ် နေ့လည်ဖြစ်ဖြစ်ဆက်ပေါ့။ ဒါမှမဟုတ် ပြန်ရောက်မှ ဖုန်းဆက်လို့ မရတဲ့ အကြောင်းရင်းမေးပေါ့ .. ဧကန္တ ကိုရေချမ်းလည်း ဆရာ့လို ထစ်ကနဲဆို ဗျစ်ကနဲ့ သမားလာမှ မသိတာ.. ဒေါသလေး လျော့ပေးလိုက်ပါဆရာရယ် .. ဇတ်ကောင် ပင်ပန်းပါတယ်

    • lettwebaw permalink*
      19 December 2012 11:53 am

      အင်း… ကွန်ကရစ်သင်းခင်းနဲ့တော့ တွေ့နေပြီ။ 😦

  2. Ko Ko permalink
    19 December 2012 10:47 pm

    By ကပ္ပတိန် ငှက်ခါး
    လူနာ.။ ဒေါက်တာရေ..ကျုပ်အသက်၆၀ ရှိပြီ.ဒါပေမယ့်မိန်းမကတော့ အသက် ၂၂ လေ.အခု သူမှာကိုယ်ဝန်ရှိနေပြီဗျ.ကျုပ်အသက်မကြီးသေးပါဘူး..
    ဆရာဝန် ။ ကျနော် တစ်ခါတုန်းက တောလိုက်သွားတယ် ။လမ်းမှာကျားတစ်ကောင်နဲ့တွေ့တယ်.အဲဒါနဲ့ ရိုင်ဖယ်ထုတ်ပြီး ပစ်လိုက်တယ် ။ကံဆိုးချင်တော့ ထီးဖြစ်နေတယ်ဗျာ ။ဒါပေမယ့်ကျားကြီးသေသွားတယ်ဗျ ။
    လူနာ.။ ဘယ်လိုဖြစ်နိုင်မှာလဲ..တစ်ယောက်ယောက် ဝင်ပစ်လိုက်တာနေမှာပေါ့။
    ဆရာဝန်.။ ဟုတ်ကဲ့..ဒီသဘောပါပဲ။ { အဲဒီသဘောလားဆရာ…..}
    ဆရာဝန်.။ ဟုတ်ကဲ့..ဒီသဘောပါပဲ။

  3. 31 December 2012 10:25 pm

    အသစ်မတွေ့တော့လည်း မဖတ်ရသေးတာ ရှာဖွေ မွှေနှောက်ရတော့တာပေါ့ ဆရာရယ် ..။

  4. phyo maung maung permalink
    8 July 2014 10:01 pm

    နောက်ဆက်တွဲ ဇာတ်လမ်းေ၇ာ မ၇ှိတော.ဘူးလား ဗျာ…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: