Skip to content

A Civil Tongue

10 January 2013

နှုတ်မှုရေးရာ စဉ်းစားစရာ

IMG_2506နိဒါန်း

“ချိုချိုသာသာ ပြောရင် လေယာဉ်ပျံတောင် အလကားစီးရသတဲ့”ဆိုတဲ့ စကားက တော်တော်လေး ခေတ်စားခဲ့ဖူးပါတယ်။ သည့်ထက်စောတဲ့ မြန်မာ ဆိုရိုးစကားကတော့ “နှုတ်ချို သျှိုတစ်ပါး”ဆိုတာပါပဲ။ “သျှို”ဆိုတဲ့ စကားက သင်္သကကရိုဋ်က ဆင်းသက်တဲ့ ဝေါဟာရဖြစ်ပြီး သည်ဆိုရိုးမှာက လွဲရင် အတော် အသုံးနည်းသွားပါပြီ။ “အောင်မြင်ပြီးမြောက်မှု”ကို “သျှို”လို့ ဆိုပါသတဲ့။ အဲတော့ကာ “နှုတ်ချို သျှိုတစ်ပါး”ဆိုတာဟာ “ချိုချိုသာသာ ချေချေငံငံ ပြောဆိုခြင်းဟာ ကိစ္စအရပ်ရပ်ကို အောင်မြင် ပြီးမြောက်စေနိုင်တဲ့ အကြောင်းတရားတစ်ခုဖြစ်တယ်”လို့ ဆိုလိုပါတယ်။
သို့သော်လည်းပဲ ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝမှာ မြင်တွေ့ကြုံဆုံနေရသူတွေကတော့ အတော့်ကို မဖွယ်ရာလှပါဘူး။ ချိုချိုသာသာ ချေချေ ငံငံ ဖွယ်ဖွယ်ရာရာ မပြောတတ်ကြဘူး။ စကားပြောလိုက်ရင် “တုတ်ထိုး အိုးပေါက်“တွေ၊ “ပိဿလေးနဲ့ ဘေးပစ်သလို”တွေ၊ “ရုန့်ရင်းကြမ်းတမ်းတာ”တွေကိုသာ အကြားရ အမြင်ရ များပါတယ်။

တချို့က အဲသလို ပြောတတ်တာကို ဂုဏ်ယူတတ်ကြတယ်။ “တို့ကတော့ ချိုချိုသာသာလည်း မပြောတတ်ဘူး။ ပြောစရာ ရှိ၊ တည့်တည့်ပဲ ပြောတတ်တယ်၊ ဝမ်းထဲမှာလည်း မြုံမထားသလို ကောက်လည်း မကောက်ကျစ်ဘူး” ဘာဘူး၊ ညာဘူးနဲ့ သူတို့ နှုတ်ကြမ်းတာကို အကာအကွယ် ယူတတ်ကြပါတယ်။
ရုတ်တရက်ကြည့်ရင်တော့ ဟုတ်သလိုလိုပါ။ သို့ပေမယ့် စဉ်းစားစရာက နှစ်ချက် ရှိပါတယ်။

စဉ်းစားစရာ ပထမတစ်ချက်

ပထမတစ်ချက်က “အမိယုတ်တော့ နှုတ်ကြမ်း”ဆိုတာပါပဲ။ အဲဒီ့ မြန်မာ ဆိုရိုးစကားကလည်း နှယ်နှယ်တော့ မဟုတ်ဘူးခင်ဗျ။ ပြောရတာတော့ အလွန် အားနာစရာ ကောင်းတယ်။ မှန်တာကတော့ သွေးထွက်အောင် မှန်တဲ့ စကားမို့ပါ။

သည်လိုပြောလိုက်တော့ တချို့မအေတွေ မျက်ထောင့်နီကောင်း နီကုန်နိုင်ပါတယ်။ ဒါ့ကြောင့် အကျိုးသင့်အကြောင်းသင့် ရှင်းပြပါရစေ။

ကနေ့ စကားတွေ ပြောနေကြတဲ့ ကျွန်တော်တို့ အားလုံး အဲဒီ့စကားတွေ ဘယ်ကတတ်သလဲဆိုတာ စဉ်းစားကြည့်တော်မူဖို့ပါပဲ။ ဗမာကလေးက ဗမာစကား တတ်တယ်၊ ရှမ်းကလေးက ရှမ်းစကားတတ်တယ်၊ ချင်းကလေးက ချင်းစကားတတ်တယ်၊ တလုတ်ကလေးက တလုတ်စကား တတ်တယ်။ ဘယ်ကျောင်းမှ မနေ၊ ဘယ်သင်တန်းမှ မတက်ဘဲနဲ့ စကားကို အလိုလိုတတ်လာတာပါ။ ဒါ့ကြောင့် “မိခင်ဘာသာစကား”လို့ ဆိုတယ် မဟုတ်ပါလားခင်ဗျာ။

စကားတင် တတ်တာမဟုတ်ပါဘူး။ မိခင်ရဲ့ အမူအကျင့်၊ ဝမ်းနည်း ဝမ်းသာမှုကို တုံ့ပြန်ပုံအမျိုးမျိုးကပါ ကလေးဆီကို ရောက်လာတာချည်းပါပဲ။ အဲတော့ ငယ်စဉ်တောင်ကျေး အကလေးဘဝကတည်းက မိဘနဲ့ ခွဲမနေရသူများအတွက် လက်ဦးဆရာဟာ မိဘတွေသာ ဖြစ်ပါတယ်။ ခွဲနေခဲ့ရသူတွေဆိုရင်တော့ အနီးဆုံးမှာ ရှိနေကြတဲ့ အုပ်ထိန်းသူတွေက လက်ဦးဆရာတွေ ဖြစ်ကုန်ကြမှာပေါ့။

အဲတော့ နှုတ်ကြမ်းတာဟာလည်း မိဘဆီက ဆင်းသက်လာတဲ့ အမွေပါပဲ။

ကျွန်တော့်အမေဟာ သူ့ကို မွေးစမှာ မိခင်က ကောင်းကောင်း မကျန်းမာတာမို့ သူတို့အိမ်က အလုပ်သမားများ လက်ပေါ်မှာ ကြီးခဲ့ရရှာ ပါတယ်။ အဲဒီ့ အလုပ်သမားတွေက စာမတတ်၊ ပေမတတ်နဲ့ ရိုးသားသလောက် နှုတ်ကြမ်းကြတဲ့သူတွေပါ။ အဲတော့ မေမေဟာ အလွန်နှုတ်ကြမ်းပါတယ်။ ဖေဖေကကျပြန်တော့လည်း အခြေခံလူတန်းစားက ပေါက်ဖွားတာမို့ အဆဲအဆို၊ အအော်အဟစ်၊ အရိုက်အပုတ်တွေဟာ သူ့ပတ်ဝန်းကျင်မှာ မမြင်ချင့်အဆုံး ဖြစ်ခဲ့ပါလိမ့်မယ်။ သည်တော့ ဖေဖေလည်း ကြမ်းပါတယ်။

သူတို့က ပေါက်ဖွားလာတဲ့ ရင်နှစ်သည်းချာ ကျွန်တော်ကလေးခမျာမှာလည်း ဘာသားနဲ့ ထုထားတာမို့လဲဗျာ။ အော်တာ၊ ဟစ်တာ၊ ဆဲတာ၊ ဆိုတာ၊ ရိုက်တာ၊ ပုတ်တာတွေကို အလွန်သန်ပါတယ်။ ကျွန်တော့် သွေးထဲ သားထဲမှာ အဲသလို စရိုက်တွေက သံမှိုနှက်ထားသလို စွဲမြဲလို့ နေပါတယ်။

သို့သော် ဘယ်မိဘကတော့ ငါ့သားရေ၊ ငါ့သမီးရေ၊ ငါတို့ ဆဲသလို ဆဲဟေ၊ ငါတို့ အော်သလို အော်ဟေလို့ မသွန်သင်ပါဘူးနော်။ လိမ္မာရေးခြားရှိအောင်၊ ယဉ်ယဉ်ကျေးကျေး ပြောတတ်အောင် သွန်သင်ခဲ့ကြသူတွေလည်း အများအပြား ရှိမှာပါ။ ကျွန်တော့် မိဘတွေလည်း အဲသလိုပါ ပဲ၊ ကျွန်တော့်ကို ကျကျနန သွန်သင်ပေးခဲ့ကြပါတယ်။ သည်တော့ကာ ကျွန်တော်ဟာ ဘာမှ မဖြစ်တဲ့အခြေအနေ၊ စိတ်လက်ကြည်သာနေတဲ့ အခြေအနေမှာ အလွန်အင်မတန် ယဉ်ကျေးသိမ်မွေ့ပါတယ်။ နှုတ်ချိုပါ တယ်။ ဒါပေသည့် ကျွန်တော် စိတ်တိုသွားတဲ့အခါမှာတော့ အင်မတန် ကြမ်းတမ်းတဲ့သူ ဖြစ်သွားပါတယ်။ အင်မတန် စိတ်ပျက်စရာကောင်းသွားပါတော့တယ်။

သွားလေသူ မိဘတွေကို အတာချတာတော့ မဟုတ်ဘူးခင်ဗျ။ သို့ပေမယ့်လည်း ဆိုခဲ့တဲ့အတိုင်းပါပဲ၊ သည်အမူအကျင့်တွေက ကျွန်တော်တို့ ရဲ့ ကိုယ်တွင်းကို မိဘတွေက မျိုးစေ့ချပေးတဲ့ အကျင့်တွေပါ။

အခုဆို ကျွန်တော့်သားနဲ့ သမီးဟာလည်းပဲ ဒေါသထွက်ပြီဆိုရင် သံကုန်ဟစ်တတ်တဲ့အကျင့် အခိုင်အမာနဲ့ ဖြစ်နေပါပြီ။ ဘာပြုလို့လဲ၊ ကျွန်တော့်မှာတင် သည်အကျင့် ရှိတာမဟုတ်ဘဲ သူတို့ရဲ့ မွေးသမိခင် ကျွန်တော့်ဇနီးမှာလည်း သည်အမူအကျင့်က ရှိနေမှတော့ သူတို့လည်း ဘာသားနဲ့မှ ထုမထားတဲ့ လူသားလေးများပီပီ ဝစီစရိုက် မျိုးရိုးလိုက်ကုန်ရတော့တာပေါ့ခင်ဗျာ။

သို့သော် သူတို့က ကျွန်တော့်ထက် ကံကောင်းတယ်။ သူတို့အမေက မဆဲတတ်ဘူး။ အံ့ဩစရာ ကောင်းလောက်အောင် လုံးဝ မဆဲတတ်တဲ့ အမေဖြစ်နေတာပါပဲ။ “ဗိုင်းတာမ”လောက်၊ “ခွေးသား”လောက်တောင် မဆဲတတ်ပါဘူး။ သူ မဆဲတတ်ဆို သူ့မွေးသမိခင် ကျွန်တော့် ယောက္ခမကြီးကလည်း မဆဲတတ်ဘူးကိုခင်ဗျ။ မဆဲတတ်တဲ့အပြင် ဆဲတာကို ဘယ်လိုမှ မခံစားနိုင်သူ ဖြစ်နေပါတယ်။
အဟဲ… ခုနစ်သံချီတာနဲ့ စိတ်တိုလွယ်တာကတော့ ကျွန်တော်ကတောင် ရိုသေလာရတဲ့အထိ ကျွန်တော့်စံချိန်ကို မီရုံမက တစ်ခါတစ်ခါ ကျော်သွားချင်တတ်တယ်။ ဒါလည်း… ဟဲ… ဟဲ… ဆက်မရေး တော့ဘူးနော်… သည်လောက်ဆို သဘောပေါက်။

အဲတော့ အလွန် အဆဲသန်တဲ့ ကျွန်တော်က မွေးတဲ့ ကျွန်တော့်သား သမီးတွေဟာ ဒေါသဖြစ်လာတဲ့အခါ အော်ကြ ဟစ်ကြတာက လွဲလို့ ဆဲတာကို အလွန် အင်မတန်မှ ကြားရခဲတယ်ခင်ဗျ။ အဲဒါကြောင့် ပြောတာ ပါ။ “အမိယုတ် နှုတ်ကြမ်း”ဆိုတဲ့ စကားဟာ သွေးထွက်အောင် မှန်ပါတယ် လို့။

ဒါက ပထမတစ်ချက်။

နှုတ်မချို အလိုမပြည့်

ဒုတိယတစ်ချက် စဉ်းစားရမှာက နှုတ်ကြမ်းတဲ့အတွက် ဘယ်ကိစ္စမှာဖြစ်ဖြစ် မအောင်မြင်နိုင်တဲ့ အကြောင်းပါ။

ဒါက အတော်သတိထားသင့်တဲ့ အချက်ဖြစ်သွားပါပြီ။ ဆဲဆိုတာ မပါဘူးဘဲ ထားဦး၊ ဒေါသတကြီးနဲ့ လေသံပြတ်ပြတ်၊ လေသံမာမာနဲ့ ပြောတာ၊ ဒါမှမဟုတ် အော်လိုက် ဟစ်လိုက်တာနဲ့တင် တစ်ဖက်သားက ကိုယ့် စကားကို နားမဝင်ဖို့ ရာနှုန်းပြည့်နီးပါး သေချာသွားပါပြီ။ လူ့ရဲ့ ကိုယ်ခန္ဓာထဲမှာ ကိန်းနေတဲ့ ခုခံမှု ယန္တယားက မနှစ်မြို့စရာ တစ်ခုခုနဲ့ ဆုံလာတိုင်း သူ့ကိုယ်သူ ကာကွယ်ဖို့ အလိုလို ပိတ်ချလိုက်ပါပြီ။
အဲဒါကို ကျွန်တော်တို့ မေ့လျော့နေမိတတ်ကြပါတယ်။ ကျွန်တော်က အဲဒါကို အမေ့ဆုံးပါပဲ။

အမှန်တော့ ကျွန်တော်တို့ သတိမထားမိလို့သာပါ။ ကျွန်တော်တို့ ချေငံ ဖွယ်ရာခဲ့တဲ့အတွက် အဆင်ပြေခဲ့ပုံတွေ၊ လိုချင်တာ ရခဲ့ပုံတွေကို ကျွန်တော်တို့ မေ့နေမိခဲ့လို့သာပါ။ အခြေအနေချင်းတော့ မတူဘူးပေါ့လေ။ ဒေါသဖြစ်စရာ မကောင်းတဲ့ အခြေအနေတွေမှာ ပြေလည်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ နှုတ်စ လျှာစတွေ ရှိကြသူချည်းပဲလို့ ကျွန်တော် ယုံပါတယ်။

ကျွန်တော့်အသက်ကလည်း မငယ်တော့ဘူးဆိုတော့ အဲလိုအဖြစ်တွေလည်း ဘဝမှာ မနည်းဘူးပေါ့ခင်ဗျာ။ ပြောမဆုံးပေါင် တောသုံးထောင် ရှိပါတယ်။ သည်အထဲက နောက်အကျဆုံး နမူနာတစ်ခုကို ပြပါရစေ။

တစ်နေ့သားမှာ ကျွန်တော်မောင်းတဲ့ကားက သိန်းထောင်ချီတန်တဲ့ ကားသစ်ကြီးတစ်စီးကို ပွတ်မိသွားပါရောလား ခင်ဗျာ။ အားနာစရာ ကောင်းလိုက်တာ။ ကားဈေးတွေ သည်လောက်ကျနေတဲ့ အချိန်ပေမယ့် အဲဒီ့ကားကြီးက အသစ်ကျပ်ချွတ်ကို တင်သွင်းလာတဲ့ ကားအကောင်းစားကြီးခင်ဗျ။ ထူးရှယ်ကြီး။ ကျွန်တော့်ဗျာ၊ အားနာလိုက်တာ။ တကယ့်ကို အားနာသွားတာ။ လျော်ပေးမယ်ဆိုရင်တောင် ကျေနပ်စရာ မကောင်းဘူး။ ကျွန်တော် လောမိသွားတာရယ်၊ ကြည့်ပေးနေတဲ့ လူငယ်လေးတွေကို စိတ်ချလိုက်မိတာရယ်ကြောင့် ဖြစ်သွားတာပါ။

ကားရှင်ရဲ့ မျက်နှာဟာ ပြိုတော့မယ့် မိုးလို အုံ့မှိုင်းနေပါတယ်။ သည်ကားကို သူ မနက်ကမှ ဝယ်လာတယ်ဆိုတာကို ပြောဖြစ်အောင် ပြောပါတယ်။ ကျွန်တော် သူ့ကို တအား အားနာနေပါပြီ။ အဲတော့ ကျွန်တော့်တူအရွယ်၊ သားအရွယ်လောက်သာ ရှိသေးတဲ့ သူ့ကို အနူး အညွတ်တောင်းပန်လိုက်ပါတယ်။ သူက သူ့ကားကို စိမ်ပြေနပြေ စစ်ဆေးပါတယ်။ မျက်နှာကလည်း တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်နေ၊ ဒေါသဖြစ်နေတဲ့ မျက်နှာနဲ့ပါ။

ကျွန်တော်က မနားတမ်း တောင်းပန်နေပါတယ်။

ဟုတ်ကဲ့… ဇာတ်ပေါင်းတော့ တစ်ပြားမှ မလျော်လိုက်ရဘူး ခင်ဗျ။

တွေ့ပြီမဟုတ်လား၊ “နှုတ်ချို သျှိုတစ်ပါး”ဆိုတာ။

ဒါပေမယ့် အခြေအနေက ကျွန်တော် စိတ်တိုရမယ့် အခြေအနေ မဟုတ်ဘဲ ကျွန်တော့်ဘက်က အလျှော့ပေးရမယ့် အခြေအနေဖြစ်နေပါတယ်။ သည်တော့ ကျွန်တော် ပြေပြေလည်လည် ပြောပါတယ်။ ချေချေငံငံ ပြောမိနေခဲ့ပါတယ်။

အဆင်မပြေမှု တစ်ခုခုကြောင့် ဒေါသဖြစ်သွားချိန်မှာကျရင်တော့ ကျွန်တော် ထချဲမိတတ်တယ်။ အဲဒါ အတော်ဆိုးတာပါ။ အဲဒီ့အတွက် ပို အဆင်ပြေမလာတဲ့အပြင် ပြဿနာတွေ ပိုကြီးကုန်ရတတ်တာချည်းပါပဲ။ တုတ်ဆွဲ၊ ဓားဆွဲဖြစ်ရတာတွေ၊ ရုံးရောက် ဂတ်ရောက်ဖြစ်ရတာတွေလည်း မနည်းမနောပေါ့။

တကယ်လို့သာ အဆင်မပြေလို့ ဒေါသထွက်သွားတဲ့အချိန်မှာလည်း နှုတ်မှုကို စောင့်စည်းကြီး ချေချေငံငံ ပြောနိုင်မယ်ဆိုရင် အဆင်ပြေစရာ လမ်းစက ပေါ်လာနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ ကောင်းကောင်း သတိထားမိဖို့ လိုပါတယ်။

မချေငံပုံ နောက်တစ်မျိုး

ဒေါသတွေ ပါနေတဲ့ အခြေအနေတွေမှာ လေသံမာတာ၊ အသံကျယ်တာ၊ ဆဲမိဆိုမိတာတွေကို အသာထားဦး။ သာမန်အချိန်တွေမှာ ပြောကြ ဆိုကြတဲ့အခါမှာလည်း မချေငံမှုက ပြဿနာရှိပါတယ်။

တစ်နေ့က ကျွန်တော့်ကို လူငယ်လေး တစ်ယောက်က ပြောတယ်။ “သေချာ လေ့လာကြည့်ရင် သိမှာပါ”တဲ့။ သူပြောတဲ့ စကားထဲမှာ ရိုင်းပြ တဲ့ စကားလုံးတစ်လုံးမှ မပါပါဘူး။ သူ့လေသံကကျတော့ ငြင်းခုန်တာပေမယ့် နည်းနည်းလေး ဆတ်နေပါတယ်။ အဆိုးဆုံးကတော့ သူ ကျွန်တော့်ကို ဘာမှ မသိတာနဲ့ သူ့အသက်ဟာ ကျွန်တော့်သားနဲ့မှ မတိမ်း မယိမ်းဖြစ်နေတာပါပဲ။

သူက ကျွန်တော့်ကို သေချာလေ့လာကြည့်ရင် သိမှာပါလို့ ပြောတဲ့ အကြောင်းအရာက ကျွန်တော်နှစ် ၂၀ ကျော် လေ့လာဆည်းပူးနေတဲ့ အကြောင်းအရာဖြစ်နေပါတယ်။ သူက ဘာဆို ဘာမှ မလေ့လာဘဲ သူ့ရဲ့ ပုဂ္ဂိုလ်စွဲနဲ့သာ မဲပြောနေတာဖြစ်နေပါတယ်။ ကျွန်တော် ထောင်းခနဲ ဖြစ် သွားပေမယ့် ချေချေငံငံပဲ ပြန်ပြောဖြစ်ပါတယ်။ လူပုံအလယ်မှာ ဖြစ်နေတာမို့ ကျွန်တော့်စိတ်ကို ထိန်းဖို့ လိုမှန်း သိနေလို့သာဖြစ်ပါတယ်။ အမှန်က နားရင်းကို သုံးချက်လောက် ပိတ်တီးပြီး ပြောချင်တာမျိုးပါ။
သို့သော် ကျွန်တော့်စိတ်ကို ထိန်းပြီး သူ့ကို ချေချေငံငံ လေးလေး စားစားနဲ့ ချက်ကျ လက်ကျ ရှင်းပြနိုင်သွားတဲ့အတွက် အဲဒီ့ လူငယ်လေး ဘဝင်ကျသွားပါတယ်။ ဆက်မငြင်းတော့ပါဘူး။ သူ အများကြီး ဖတ်ဖို့ လိုသေးတယ်ဆိုတာ သိပါပြီလို့ ဝန်ခံသွားပါတယ်။

ပြောချင်တာက စကားပြောတဲ့နေရာမှာ ထိန်းဖို့ပါ။ ရိုင်းပြတဲ့ စကားမပါပေမယ့် တစ်ဖက်သားကို စွပ်စွဲရာရောက်တဲ့ စကားမျိုးပါသွားပြန်ရင်လည်း အဲဒါဟာ မချေငံတာ ဖြစ်သွားနိုင်တဲ့ အကြောင်းပါ။ “သေချာ လေ့လာကြည့်ရင် သိမှာပါ”လို့ ပြောလိုက်တာဟာ တစ်နည်းပြောရရင် “ဘာမှလည်း လေ့လာမထားဘဲ၊ မသိဘဲ မပြောနဲ့ဗျာ”ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ အဲသလို ပြောလိုက်တဲ့အတွက် သူဟာ ကျွန်တော်ဟာ ဘာမှ ဖတ်မထား၊ ဆည်းပူးမထားသူလို့ စွပ်စွဲရာ ရောက်သွားပါပြီ။
အချက်အလက်ကို ငြင်းခုန်တာ မဟုတ်တော့ဘဲ တစ်ဖက်သားကို ပုတ်ခတ်တာတွေ ပါသွားပါပြီ။ ဒါမျိုးဟာ အင်မတန် ဆင်ခြင်အပ်ပါတယ်။
ပြောမယ့်သာ ပြောရတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း အဲလို မကြာ ခဏ ပြောမိတတ်ပါတယ်။ အခုတော့ နည်းနည်း လည်လာပြီလို့ပဲ ဆိုကြပါစို့ရဲ့။ တစ်ဖက်သား နားဝင်အောင် ပြောချင်ရင် အဲသလို စကားမျိုးတွေ မပြောမိအောင် ဆင်ခြင်ဖို့ အနည်းဆုံး “စာသိ”လေးတော့ သိလာပြီလို့ ဆိုရပေမပေါ့ခင်ဗျာ။

ချေငံသော်လည်း မဖွယ်ရာ

ရိုင်းပြတာလည်း မပါ၊ မာကျော ဆတ်တောက်မှုလည်း မရှိ၊ နူးနူးညံ့ညံ့ ချိုချိုသာသာနဲ့ ပြောတာပေမယ့် ခါးသီးတဲ့ အပြောတွေလည်း ရှိသေးတယ် ခင်ဗျ။

တစ်ရက်မှာ ကျွန်တော့်ဆီကို ဖုန်းတစ်ခု ဝင်လာတယ်။ ကျွန်တော် ထူးလိုက်ချိန်မှာ တစ်ဖက်က ပြောတာက “ကျွန်တော် ဦးမျိုးသိန်းပါ”တဲ့။ လေသံချိုပါတယ်။ ပြေပြစ်ပါတယ်။ အေးဆေးပါတယ်။ ဒါပေမယ့် ကျွန်တော် မကြိုက်တော့ပါဘူး။

ကိုယ့်နာမည်ကိုယ် အဲသလို ဦးတပ်၊ ကိုတပ် ပြောတဲ့ သူတွေကို ကျွန်တော် အလွန်မုန်းပါတယ်။ ကျွန်တော်ဖုန်းဆက်လိုက်တဲ့အခါ တစ်ဖက်ကကိုင်သူက ကလေးသံလေးနဲ့ပင် ဖြစ်နေစေဦးတော့ ကိုယ်နဲ့ မသိတဲ့ကလေးဆိုရင် နာမည်ရင်းကို သည်တိုင်း ပြောလိုက်ပါတယ်။ ကလေးက ကျွန်တော် ပြောချင်တဲ့ သူ့ဖခင်၊ ဒါမှမဟုတ် သူ့မိခင်ကို ကျွန်တော့်နာမည်ရင်းအတိုင်း ဦးမပါ၊ ကိုမပါနဲ့ အော်လိုက်သံတွေ ရံဖန်ရံခါ ကြားလိုက်ရတတ်တယ်။ ဒါပေမယ့် အဲဒါ တစ်ခါပါပဲ။
တစ်ဖက် မိဘတွေအတွက် သူတို့ကလေးကို သွန်သင်ဆုံးမခွင့်တောင် ရသွားစေတာမို့ ကျွန်တော်က အဲဒီ့နည်းကိုသာ စိုက်လိုက်မတ်တတ် ကျင့်သုံးပါတယ်။

ဒါပေမယ့် လူတိုင်းဟာ ကျွန်တော်မဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဖော်ချင်သူများနဲ့ မကြာမကြာ ကြုံရတတ်တာလည်း အင်း… ဘယ်လို ပြောရမယ်မှန်းတောင် မသိပါဘူး။ အခုလည်း သူ့ကိုယ်သူ “ကျွန်တော် မျိုးသိန်းပါ”လို့ ပြောလည်း ကျွန်တော်က သူ့ကို “ငမျိုးသိန်း”လို့ သော်လည်းကောင်း၊ “မောင်မျိုးသိန်း”လို့ သော်လည်းကောင်း၊ “ကိုမျိုးသိန်း”လို့သော်လည်းကောင်း ခေါ်စရာ ဘာအကြောင်းမှ မရှိပါဘူး။ သူပြောတဲ့ သူ့ရာထူးဌာနန္တရနဲ့ သူပြန်အစဖော်လို့ သိရတဲ့ သူ့ပုံပန်းအရ သူဟာ ကျွန်တော့်ထက် အသက်ကြီးမယ့်သူမှန်း သိသာနေတဲ့အတွက် “ဦးမျိုးသိန်း”လို့သာ သူ့ကို ကျွန်တော် အလိုလို ခေါ်ဖြစ်မှာပါ။ ဒါကို စကတည်းက ယဉ်သကို လုပ်နေကတည်းက ကျွန်တော် သည်းခံနားထောင်နေပါတယ်။

သူက ကျွန်တော့်ကို အလုပ်တစ်ခုအပ်တာပါ။ ကျွန်တော်က ဈေးကို ခပ်မြင့်မြင့် တောင်းချလိုက်ပါတယ်။

သူက စကားတွေ အများကြီး ပြောနေပါတယ်။ အမှန်တော့ သူ့စကားတွေက ချိုချိုသာသာ ပြေပြေပြစ်ပြစ်ပေမယ့် မနားတမ်း တရစပ် ပြောနေတဲ့အခါ စိတ်ပျက်စရာ ကောင်းနေပါတယ်။ ဈေးဆစ်ချင်လို့ ပြောနေမှန်းလည်း ကျွန်တော် ရိပ်မိနေပါတယ်။ အဲဒီလို ပြောတဲ့အထဲမှာ စကားတစ်ခု သူကျွံလာပါတယ်။ “ခင်ဗျားကို ကျွန်တော်တို့ နောက်လည်း သုံးမှာပါ”ဆိုတဲ့ စကားပါပဲ။

ဟား…

သူက ဝန်ထမ်းတစ်ယောက်ပါ။ သူအလုပ်လုပ်တဲ့ အဖွဲ့အစည်းကတော့ ဧရာမ အဖွဲ့အစည်းကြီးဖြစ်ပါတယ်။ အဲတော့ တခြားသူသာဆိုရင်တော့ သူတို့အဖွဲ့အစည်းနဲ့ ဆက်မိတဲ့အတွက် အူတွေ ရွချင် ရွသွားပါလိမ့်မယ်။ ကျွန်တော်က အဲလို လူမဟုတ်ဘူး။ ဝန်ထမ်းလည်း မဟုတ်တော့ဘူး။ ကျွန်တော့်ဘာသာ တစ်ဦးတည်း ရပ်တည်နေတဲ့သူ။ ကျွန်တော့်အလုပ်ကို အလုပ်နဲ့တူအောင် မှန်မှန်ကန်ကန် စေတနာအပြည့်နဲ့ လုပ်ကိုင်ရင်း ရပ်တည်နေတဲ့သူ။

အဲလိုလူကို “နောက်လည်း သုံးမှာပါ”ဆိုတဲ့ စကားနဲ့ လာပြောနေတော့ ကျွန်တော် သူ့ကို ပြန်ပြောလိုက်မိရပါတော့တယ်။ “ဟုတ်ကဲ့ခင်ဗျာ၊ တခြားလူပဲ ရှာလိုက်ပါတော့။ ကျွန်တော် လူကြီးမင်းနဲ့ အလုပ်လုပ်ချင်တဲ့ ဆန္ဒ လုံးဝ မရှိတော့ပါဘူးခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျ”လို့သာပါပဲ။

သူ ကျွန်တော့်ကို ဖိပြောနေပါသေးတယ်။ ကျွန်တော် ငြိမ်နားထောင်နေလိုက်ပါတယ်။ သူ့မှာ အချိန်မရှိတော့တဲ့အကြောင်း၊ တခြားသူ ရှာဖို့ ခက်ခဲတဲ့အကြောင်း၊ ဘာညာပေါ့။ ကျွန်တော့်အဖြေက မပြောင်းတော့ပါဘူး။ သူနဲ့ ကျွန်တော် မလုပ်နိုင်တောပါ့ဘူးလို့သာ အေးအေးဆေးပြန်ပြော ဖြစ်သွားပါတော့တယ်။

သည်ဥပမာမှာကျတော့ ရိုင်းပြတာ တစ်ခုမှ မပါတဲ့အပြင် အတော် ချေချေငံငံ ပြောတာပါ။

ဒါပေမယ့် စစချင်း သူ့ “ဦး”က ကျွန်တော့်ကို စိတ်အနှောင့်အယှက် အကြီးအကျယ် ဖြစ်စေခဲ့ပါတယ်။ ဒါကို လူတချို့ရဲ့ စရိုက်ပါပဲလေလို့ ဇွတ်မှိတ်နားလည်ယူရင်း နားထောင်ပေးတဲ့အခါ ဒုတိယစိတ်အနှောင့်အယှက် ဖြစ်ရတာက သူပြောချင်တာတွေကိုပဲ နင်းကန် ပြောနေတာပါ။ ကျွန်တော့်ဘက်က ပြန်ပြောခွင့် မရလောက်အောင်ကို ဖိပြောနေတာက တော်တော် စိတ်ပျက်စရာ ကောင်းနေခဲ့ပြန်ပါတယ်။
နောက်ဆုံးကတော့ ကျွန်တော့်ကို “နောက်လည်း သုံးမှာပါ”ဆိုတဲ့ စကားက ကျွန်တော့်ကို မျက်သွားစေပါတယ်။ ရိုင်းပြတာ မပါပေမယ့် တော်တော် မပြေပြစ်တဲ့စကားပါ။ ခင်ဗျားကို နောက်လည်း ကျုပ်က ပိုက်ဆံပေးဦးမှာပါဗျလို့ ပြောတဲ့ အပေါက်ဖြစ်နေပါတယ်။ တစ်နည်းပြောရင် တော်တော်လေး တင်စီးတဲ့ အပြောပါပဲ။ ဒါဟာ စကားပြောချိုပေမယ့် မဖွယ်ရာတာမျိုးပါပဲ။

နိဂုံး

နှုတ်မှုရေးရာဟာ အနုပညာတစ်ရပ်ပါ။ နှုတ်ကြောင့် သေနိုင် ရှင်နိုင်ပါတယ်။ နှုတ်ကြောင့်ပဲ ပြဿနာတွေ တက်ကြရပါတယ်။ နှုတ်နဲ့ပဲ ပြဿနာတွေကို ပြေလည်အောင်လည်း လုပ်ဆောင်နိုင်ပါတယ်။
ကျွန်တော် တွေ့ကြုံဖူးတာနဲ့ ကျွန်တော် တွေးမိလိုက်တာလေးတွေကို အတတ်နိုင်ဆုံး ချပြဆွေးနွေးကြည့်လိုက်တာပါ။

စာဖတ်သူလူကြီးမင်းများအတွက်လည်း တွေးကြည့်စရာ တစ်စုံတစ်ရာရသွားမယ်လို့ မျှော်လင့်မိရကြောင်းပါခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၁၉၁၂၁၂ – ဝ၂၀၉ ရန်ကုန်)

(၂၀၁၃ ခုနှစ် ဇန်န၀ါရီလထုတ် သရဖူ မဂ္ဂဇင်း)
Advertisements
5 Comments leave one →
  1. Sint permalink
    10 January 2013 3:46 pm

    Thank you!

  2. မိုးသူဇာ permalink
    16 January 2013 4:52 am

    ဆရာ့ရဲ့ စာတွေကို ဖတ်ရတာ တစ်ပုဒ်ဆို ဆိုသလောက် အသိပညာရပါတယ်။ ကျေးဇူးပါ။

  3. ရဲရင့် permalink
    20 January 2013 6:25 am

    တကယ်ပါ တကယ်လေးစားပါတယ် ဆရာရယ်

  4. San Shwe permalink
    19 February 2013 5:58 pm

    ကိုယ်ကတော့”နှုတ်ကြမ်းရင် ဘာ ကိုယ်ကြမ်းရင် ဘာ” ဆိုတဲ့ ဆိုရိုးတွေကို လက်ကိုင်သုံးပြီး သားသမီးမကောင်းတာ မိဘပုံချတဲ့ ဗမာတွေရဲ့အကျင့်ကို ကြိုက်သူ လက်ခံသူ မဟုတ်ဘူး။ ဒါ ဗမာတွေ အမြင်ကျဉ်းတာ ပြရာရောက်တဲ့ ဆိုရိုးတွေ လို့ ထင်တယ်။.
    သူ လုပ်တဲ့ကိစ္စဟာ သူ့ကိစ္စပဲ။ သူ့အမျိုးကိစ္စ မဟုတ်ဘူး။ (Copy from Rita)http://ritako.blogspot.sg/2010/10/blog-post.html

    • lettwebaw permalink*
      2 March 2013 2:43 pm

      ဒါဆိုရင် တရုတ်က မွေးတဲ့ ကလေးက တရုတ်စကား အလိုလိုတတ်နေတာ၊ ပြင်သစ်က မွေးတဲ့ ကလေးက ပြင်သစ်စကား အလိုလို တတ်နေတာ၊ ဗမာက မွေးတဲ့ ကလေးက ဗမာစကား အလိုလိုတတ်နေတာလည်း အမြင်ကျဉ်းတာ ပြရာရောက်တဲ့ ဖြစ်ရပ်တွေ နေမှာပေါ့နော်။ ပြီးတော့ ကျေးညီနောင် ပုံပြင်ကို ဟောကြားတော်မူတဲ့ သဗ္ဗဥုတ ဥာဏ်တော်ရတဲ့ မြတ်စွာဘုရားလည်း အင်မတန် အမြင်ကျဉ်းနေတာပဲ ဖြစ်မှာပေါ့နော်… 😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: