Skip to content

Attachment to packing paper

5 February 2014

ထုပ်ပိုးစက္ကူကို စွဲလန်းခြင်းအား…

ချစ်ခင်လေးစားအပ်တဲ့ စာဖတ်သူများ ခင်ဗျား

???????????????????????????????ကျွန်တော် မရေးချင်ဆုံး အထိမ်းအမှတ်ကို ရေးရပါဦးမယ်။ အားနာလို့ ရေးမယ့် စာပါ။
ဖေဖော်ဝါရီလကို ရောက်လာရင် စီးပွားရေးသမားတွေ ရောဂါထပါတယ်။ နိမိတ်မရှိ နမာမရှိ၊ သေခါနီးဆဲဆဲ ခရစ်ယာန် ဘုန်းတော်ကြီးက သူကျိတ်ကြွေနေတဲ့ ဗှယ်လင်ထိုင်းဆိုသူ မိန်းကလေးဆီ စာတစ်စောင်ရေး၊ ပြီးတော့ သေသွားတာကြီးကို အထိမ်းအမှတ်ပြုပြီးသကာလ ကိုယ်တွေနဲ့လည်း ဘာမဆိုင် ညာမဆိုင် “ချစ်သူများနေ့”ဆိုပြီး ဆင်နွှဲတဲ့ အလေ့အထက ကမ္ဘာတစ်ခွင်လုံး တစ်သားတည်းလို ဖြစ်လာတဲ့ ကနေ့ ကာလကြီးမှာ ကျွန်တော်တို့ ရွှေမြန်မာများဆီကို ကူးစက်လာ ခဲ့တာတောင် နှစ် ၂၀ နား ကပ်လာခဲ့ပြီကိုး။

မဂ္ဂဇင်းဆိုတာကလည်း စီးပွားရေး ဖြစ်လေတော့ကာ သည်ကာလရောက်လာရင် သူတို့ကလည်း တစ်စခန်း ထတဲ့ပြီး ချစ်သူများနေ့ အထိမ်းအမှတ်ကလေး ရေးပေးပါဆိုတာက လာတယ်။ ပိုဆိုးတာက သည် (ဖက်တုန်းက ဖက်ခိုင်းပြီး ဖက်လိုက်တော့မှ အင်းဆို သံရှည်ဆွဲကာ မေ့သွားလို့) “ဖက်ရှင်… အင်း… မေ့”လို့ နာမည်ပေးထားတဲ့ မဂ္ဂဇင်းမှာက စိတ်ကူးယဉ်လို့ ကောင်းဆဲအရွယ် မိန်းမငယ်လေးတွေ ရှိနေလေတော့ကာ သည်နိမိတ်မရှိ နမာမရှိဖြစ်ရပ် အကြောင်းပြု စီးပွားရေးသမားကြိုက်နေ့ကို ရည်စူးထုတ်ဝေမယ့် သည်တစ်လစာအတွက် ကျွန်တော့်ကို လာရေးခိုင်းပြန်ပါတယ်။

စာမူ နပ်မှန်အောင် မရေးနိုင်ဖြစ်နေတဲ့ ကျွန်တော့်မှာ သူတို့ကို အားနာ တာနဲ့ပဲ ရာသီစာတစ်ပုဒ်ကို ရေးရပါတော့မယ်။

အချစ်အကြောင်း ရေးရမှာဆိုတော့ အချစ်နဲ့ အခုထက်ထိ မကြုံဖူးရှာသေးသူ ကျွန်တော့်ခမျာ ဘာရေးရမှန်း မသိဘူး ဖြစ်နေတယ်ခင်ဗျ။ (ချင့်ယုံနော်။) အဲတော့ ရေးမယ်ကြံပြီး ဟိုသည် လျှောက်ဖတ်ရင်းကနေ ခေါင်းထဲ တိုးဝင်လာ တဲ့ ပုံပြင်လေး တစ်ပုဒ်နဲ့ အရင် စလိုက်ပါ့မယ်။

မိုဟာမေဒင်ဒဏ္ဍာရီတစ်ပုဒ်
စွန္နီ အစ္စလာ(မ်)ဘာသာရဲ့ ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ ဆူဖှီဘာဝင်တွေမှာ အရူး အမူး ချစ်တတ်သူ “မာဂျနူး”ရဲ့ ဒဏ္ဍာရီက ပြောစမှတ်တစ်ခုပါပဲ။ အချစ်နဲ့ ပတ်သက်လို့ အင်မတန်လည်း လှတဲ့ ဇာတ်လမ်းလေးပါ။
အဲဒီ့ မာဂျနူးက “လိုင်လာ”လို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားပါတယ်။ ခက်တာက မာဂျနူးက ဆင်းရဲပြီး လိုင်လာက အချမ်းသာဆုံး မိသားစုက ဆင်းသက်တာဖြစ်နေတယ်။ အဲတော့လည်း သည်နှစ်ဦး ပေါင်းရဖို့ အရေးက ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။

ပြီးတော့လည်း မိုဟာမေဒင်ဘာသာဝင်တွေရဲ့ နိုင်ငံမှာဖြစ်နေလေတော့ ကာ မိန်းမတစ်ယောက်ရဲ့ မျက်နှာကို မြင်ရဖို့ဆိုတာကိုက အင်မတန်ခက်လှ ပါတယ်။ အဲတော့ မာဂျနူးခမျာမယ် လိုင်လာနဲ့ လက်ဆက်ဖို့ နေနေသာသာ လိုင်လာ့ကို တွေ့ဖို့၊ လိုင်လာနဲ့ စကားပြောဖို့၊ လိုင်လာနဲ့ အတူတူ ထိုင်ဖို့ ဆိုတာလေးတောင် ဘယ်လို ဖြစ်နိုင်မှာတုံး။

ဒါပေမယ့် မာဂျနူးခမျာ လိုင်လာ့ကို ချစ်လွန်းတဲ့ စိတ်နဲ့ ရူးလို့ နေပါတယ်။ ဘယ်လောက်များ ရူးသလဲဆိုရင် လိုင်လာ့အလှကို မွှမ်းထားတဲ့သီချင်းတွေကို နေ့ရော ညပါ သီကျူး မဆုံးဖြစ်နေတာပေါ့။

သူက လူကောင်းသူကောင်းလေး၊ လူလိမ္မာလေးဖြစ်တော့ တစ်မြို့လုံးက သူ့ကို ချစ်ကြတယ်။ သူ အခုလို အချစ်ရူးရူးပြီး ချစ်တေး၊ လွမ်းတေး တကြော်ကြော်နဲ့ မျှော်အော် တမ်းတနေတာကို မြင်ကြ ကြားကြရပြန်တော့လည်း တစ်မြို့ လုံးက သူ့အပေါ် ကရုဏာ သက်မဆုံးအောင် ဖြစ်နေလေတော့တာပေါ့။

ထူးဆန်းတာတစ်ခုကတော့ တကယ်တမ်းမှာ သူကြိုက်နေတဲ့ လိုင်လာက သိပ်လှတဲ့ မိန်းမတစ်ယောက် မဟုတ်ရှာတာပါပဲ။ တကယ့် သာမန် မိန်းကလေး၊ ရွက်ကြမ်းရေကျိုကလေးမျှသာပါ။

သို့သော်လည်း မာဂျနူး ရူးနေအောင်ဖြစ်နေတာ၊ တစာစာ အော်မြည် ငိုကြွေးနေတာတွေဟာ ပြည့်ရှင် ဘုရင့်နားအထိ ပေါက်ကြားသွားရုံမက တစ်ခါ တစ်လေများမှာ မာဂျနူးတစ်ယောက် ဘုရင့်နန်းတော်ဘေးက ဖြတ်သွားရင်း “လိုင်လာရေ… ဘယ်မလဲ အချစ်ရယ်… မင်းဘယ်မှာလဲ”လို့ သစ်ပင်တွေကို မေးလိုက်၊ ကြယ်တွေကို မေးလိုက် လုပ်နေပြန်တဲ့အခါ ဘုရင်မင်းမြတ်မှာလည်း စိတ်မကောင်း ဖြစ်ရလေတယ်။ မာဂျနူးလို လူကောင်း သူကောင်းလေး အခုလို ခံစားနေရတာကို မကြည့်ရက်တော်မူရှာဘူးပေါ့။

ဒါနဲ့ တစ်ရက်ကျတော့ ဘုရင်ကြီးက မာဂျနူးကို သူ့နန်းတော်ဆီ ဆင့် ခေါ်လိုက်တယ်။

“မောင်မင်းအတွက် ငါကိုယ်တော် တကယ့်ကို စိတ်မကောင်းဖြစ်ရတယ် မောင်မင်း။ အဲဒီ့ ကလေးမကိုလည်း ငါကိုယ်တော် ကောင်းကောင်း သိပါတယ်ကွဲ့။ တကယ်တော့ မောင်မင်းရဲ့ ရုပ်ရည် ရူပကာယကတောင် အဲဒီ့မိန်းမထက် အဆပေါင်းများစွာ သာလွန် တင့်တယ်ပါသေးတယ် မာဂျနူး။ အဲဒီ့မိန်းမကတော့ သာမန်မိန်းမ၊ တကယ့်ကို ဘာမဟုတ်တဲ့ မိန်းမပါကွယ်”လို့ ဘုရင်ကြီးက မိန့်လိုက်ပြီး သူ့နန်းတော်ထဲက မိန်းကလေး တစ်ဆယ်နဲ့မှ နှစ်ယောက်ကို မာဂျနူး ရှေ့ကို ထွက်လာခိုင်းလိုက်ပါတယ်။

ဘုရင်ကြီးမှာက အများသိတော်မူတဲ့အတိုင်း မိဖုယားတွေ၊ မောင်းမတွေ၊ ကိုယ်လုပ်တော်တွေ တစ်ပုံရယ်နဲ့မှ တစ်ပင်ဆိုတော့ အပျံစားမှန်သမျှ သူ့ထံပါး မှာ ခစာနေရတာကိုး။

“ကိုင်း… ကြည့် မာဂျနူး။ သည်ဆယ့်နှစ်ယောက်ထဲက မောင်မင်း ကြိုက်တဲ့ တစ်ယောက်သာ ရွေးပါကွယ်။ ကျုပ် မောင်မင်းကို စွန့်ပါ့မယ်”

အဲဒီ့ခေတ် အဲဒီ့အခါက မိုဟာမေဒင်နိုင်ငံတွေမှာ မိန်းမတွေကို လူသုံးကုန်လို သဘောထားတဲ့ ကာလကြီးပေမို့ ပေးလို့ ယူလို့ ရတယ်ပေါ့ ကလေးတို့ရယ်၊ အဲ… လူကြီးတို့ရယ်။

ဘုရင်က အဲသလိုလည်း မိန့်လိုက်ရော ဘာပြောကောင်းမလဲ၊ မာဂျနူးလည်း သူ့ရှေ့က မိန်းမတွေကို တစ်ယောက်ချင်း ကြည့်တော့တာပေါ့။ သူ အဓိက ကြည့်တာက အဲဒီ့မိန်းမတွေရဲ့ မျက်လုံးတွေကို တည့်တည့် စိုက်ကြည့်တာပါ။ တစ်ယောက်ကြည့်လိုက်၊ မကြိုက်လိုက်၊ တစ်ယောက်ကြည့်လိုက် မကြိုက်လိုက်နဲ့၊ အယောက်တိုင်းကို သူက ပယ်ချပါတယ်။ ရိုးရိုး ပယ်တာတောင် မဟုတ်ဘူး။ ပါးစပ်ကလည်း ပြောသေးတယ်။ “ဒါ လိုင်လာ မဟုတ်ဘူး၊ သူလည်း လိုင်လာ မဟုတ်ဘူး၊ ဒါလည်း လိုင်လာ မဟုတ်ဘူး”တဲ့။

ဘုရင်ကြီးက မိန့်ပြန်တယ်။

“မောင်မင်း ရူးနေတာ အမှန် သေချာနေပြီကပဲ။ သည်မိန်းမတွေအားလုံးဟာ မောင်မင်းရဲ့ လိုင်လာ့ထက် အဆပေါင်းများစွာ ပိုလှတဲ့ မိန်းမတွေချည်းပဲ မာဂျနူးရဲ့။ မောင်မင်းရဲ့ လိုင်လာကို ငါကိုယ်တော်တိုင် မြင်ဖူးပါတယ်။ သိလည်း သိပါတယ်။ သူ့ကိုသာမက သူ့မိဘတွေကိုလည်း ငါကိုယ်တော် သိတယ်။ သူ့ ဘိုးစဉ်ဘောင်ဆက်ကအစ သိတယ်ကွဲ့။ သိလို့ ပြောနေရတာ။ အဲဒီ့ သာမန် မိန်းမနဲ့ ပတ်သက်လို့ အားလုံး မေ့ပစ်လိုက်စမ်းပါ မာဂျနူးရယ်။ သည်ထဲက မောင်မင်းကြိုက်တဲ့ တစ်ယောက်သာ ရွေးပါကွယ်။ သည်ထဲက ရွေးလို့မှ အားမရသေးဘူးဆိုရင်လည်း နောက်ထပ် မိန်းမတွေ အများကြီး ခေါ်ပြပေးဦး မယ်။ ငါကိုယ်တော့် နန်းတော်မှာ သည်နိုင်ငံက အလှဆုံး မိန်းမတွေချည်း တစ်ပုံကြီး ရှိပါသကွဲ့။ ငါ့တိုင်းပြည်ထဲ ဘယ်နေရာမှာပဲ မိန်းမချော၊ မိန်းမလှ ရှိရှိ၊ ငါ့ကိုသာ ဦးဆုံး ဆက်သရတာ မောင်မင်း သိမှာပါ။ သည်တော့ ငါ့နန်း တော်ထဲက မိန်းမတွေထက် ပိုချော၊ ပိုလှတဲ့ မိန်းမဆိုတာ ဘယ်နေရာမှာမှ မရှိဘူး မောင်မင်း။ နှစ်သက်ရာသာ ရွေးပါလေ”

မာဂျနူးကလည်း မခေဘူး။ ဘုရင်ကို ပြန်လျှောက်တင်တယ်။

“အရှင်မင်းကြီး သဘောမပေါက်တာပါ ဘုရာ့။ အရှင်မင်းကြီး လိုင်လာ့ကို မမြင်နိုင်ပါဘူး။ အရှင်မင်းကြီးဆီမှာ ကျွန်တော်မျိုး မာဂျနူးရဲ့ မျက်လုံးတွေ မရှိတာမို့ လိုင်လာ့ကို မမြင်နိုင်တာပါ ဘုရား။ အရှင်မင်းကြီး လိုင်လာ့ကို မမြင်နိုင်ပါဘူး၊ ကျွန်တော်မျိုးသာ သူ့ကို မြင်နိုင်ပါတယ် ဘုရား။ သူ့မိရင်း ဘရင်းတွေတောင်မှ လိုင်လာ့ကို မမြင်နိုင်ပါဘူး။ ကျွန်တော်မျိုးတစ်ယောက်တည်းသာ လိုင်လာ့ကို ကောင်းကောင်း မြင်နိုင်ပါတယ် ဘုရား။ ဘာ့ကြောင့်လဲဆိုတော့ လိုင်လာ့ကို ကျွန်တော်မျိုး တစ်ယောက်တည်းသာ နှစ်နှစ်ကာကာ ချစ်မိရလို့ အဲသလို မြင်နိုင်စွမ်း ရှိနေရခြင်းပါပဲ ဘုရား”တဲ့။
ပြောလို့က အားမရသေးဘူး။ သူက ထပ်ဆင့် ပြောလိုက်ပါသေးတယ်။

“လိုင်လာ့ကို ချစ်လို့သာ လိုင်လာ့ကို ကျွန်တော်မျိုး ကောင်းကောင်းမြင်ဖူးသွားတာပါ ဘုရား။ ပြီးတော့လည်း လိုင်လာက လှလို့ ကျွန်တော်မျိုး လိုင်လာ့ကို ချစ်ခဲ့တာ မဟုတ်ပါဘူး ဘုရာ့။ ကျွန်တော်မျိုး သူ့ကို ချစ်မိတာက အရင်ပါ၊ ပြီးတော့မှ ကျွန်တော့်မျက်စိထဲကို အလှအပတွေ ရောက်လာတာပါဘုရာ့”

ပုံပြင်လေးကတော့ ဒါပါပဲ။

ဟုတ်ကဲ့… တကယ်သာ ချစ်သွားရင် ကိုယ့်ချစ်သူသာ အလှဆုံးထင် သွားတတ်တာလည်း ဓမ္မတာပါပဲလေ။

ဇာတ်လမ်းနောက်မှာ တွေးစရာ
သည်ဇာတ်လမ်းလေးက နိဒါန်းမှာ ဆိုခဲ့တဲ့အတိုင်း ရာသီစာလေးတစ်ပုဒ် ရေးထုတ်မယ် ကြံရင်းကနေ ကျွန်တော့်ဆီမှာ အလွယ်တကူ ရှိနေတဲ့ ရည်ညွှန်း စာအုပ်ထဲက “အချစ်”ခေါင်းစဉ်အောက်မှာ ဖတ်ကြည့်ရင်း တွေ့လိုက်တာလေးပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ “အိုရှို”ရယ်လို့ ထင်ရှားတဲ့ “ဘာဂဝန် ရှရီ ရာဂျနိ(ရှ်)”လို့ အမည်ရတဲ့ အိန္ဒိယ ဒဿနဆရာကြီးရဲ့ အဆိုအမိန့် စာအုပ်ထူကြီး သုံးအုပ်တွဲထဲက ဒဏ္ဍာရီအတိုလေးတစ်ပုဒ်ကို ကောက်နုတ်ပြီး ဘာသာ ပြန်ဆို တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

ဇာတ်လမ်းနောက်က တွေးစရာက လာပါပြီ။

လှတာတော့ လူတိုင်း သဘောကျပါတယ်။ ရူပါရုံကို မက်မောတာ့ လူ့ သဘာဝပါ။ ဘယ်သူက အနိဋ္ဌာရုံကို မက်မောပါ့မလဲလေ။ ဒါ ရှင်းနေတာပါပဲ။
သို့သော် အလှအပေါ်မှာ အခြေခံတဲ့ ချစ်ခြင်းဟာ တည်မြဲပါ့မလား၊ စစ်မှန်ပါ့မလားဆိုတာကတော့ မေးခွန်းတစ်ခု ဖြစ်လာပါတော့တယ်။

ယုတ္တိဗေဒနဲ့ စစ်ချလိုက်မယ်ဆိုရင် လှတာကို သဘောကျတယ်။ အဲဒါ လူကို သဘောကျတာ မဟုတ်ဘူးခင်ဗျ။ အဲဒီ့ လူရဲ့ အပြင်ပန်း ရုပ်ပိုင်းကို သဘောကျတာ ဖြစ်ပါတယ်။ ပစ္စည်းလို ပြောမယ်ဆိုရင် အပြင်က ထုပ်ပိုးထားတဲ့ စက္ကူလှလှကို သဘောကျမက်မောတာသာ ဖြစ်ပြီး အထဲမှာ ဘာပါတယ်ဆို တာ မတွေးထား၊ မတွက်ထားပါဘူး။ အဲဒီ့အလှအပေါ်မှာ အရူးအမူးဖြစ်နေခြင်း သည်လည်းပဲ ထုတ်ပိုးစက္ကူကို ရူးမူးနေခြင်း မတ္တသာ ဖြစ်ပါတယ်။

တကယ်လို့ နှစ်ယောက်တစ်ဘဝ ပေါင်းကြတဲ့ အချိန်ကျမှ အပေါ်ယံ ထုပ်ပိုး စက္ကူလည်း ကွာကျ၊ အထဲမှာ ထုပ်ထားတာက တညင်းသီးတွေ၊ ငါးပိ တွေဖြစ်နေ။ ကိုယ်ကလည်း တညင်းသီးမကြိုက်၊ ငါးပိမကြိုက်သူသာ ဖြစ်နေမယ်ဆို ဘယ့်နှယ့်လုပ်မတုံး။
တော်တော် စဉ်းစားစရာ ကောင်းပါတယ်။ ဒါက ပထမအချက်။

ဒုတိအချက်က လှတာကို မက်မောတာ၊ သဘောကျတာဟာ တည်မြဲပါ့မလားဆိုတဲ့ မေးခွန်းနဲ့ပဲ ဆက်စဉ်းစားရမှာပါ။ ထုပ်ပိုးစက္ကူလေးကို သဘောကျတယ်ပေါ့ ခင်ဗျာ။ နောက်ထပ် လှတဲ့ ထုပ်ပိုးစက္ကူလေးတစ်ရွက်ကို ထပ်တွေ့ရင်လည်း သဘောကျမိဦးမှာ မြေကြီးလက်ခတ်မလွဲ သေချာလို့ နေပြန်ပါတယ်။ နောက်ထပ် တစ်ရွက်၊ နောက်ထပ်တစ်ရွက်နဲ့၊ တစ်ဘဝလုံး ရွက်မဆုံးအောင် ဖြစ်နေမယ့် အလားအလာက အတော် များလှပါတယ်။

ဒါ့ကြောင့် လှလို့ ချစ်ခြင်းဟာ တာရှည်ခံပါ့မလားဆိုတာဟာ တကယ့် စဉ်းစားစရာ အချက်ဖြစ်လာပါတော့တယ်။

မိုဟာမေဒင် ဒဏ္ဍာရီထဲက “မာဂျနူး”ကတော့ ရှင်းတယ်။ “လှလို့ ချစ်တာ မဟုတ်ဘူး၊ ချစ်လို့ လှလာတာ”လို့ ဘုရင့်ကိုတောင် ရဲရဲဝံ့ဝံ့ ပြန်လျှောက်တင်ပစ်လိုက်တယ်။

ဟုတ်တယ်… ချစ်ခြင်းအစစ်မှာ တောင်းဆိုမှု မပါဘူး။ လိုလားမှု မရှိဘူး။ သူ့ဟာလေးနဲ့ သူ ပကတိအတိုင်း ရှိနေတာလေးကို ချစ်တာပါ။ အပေါ်ယံ ထုပ်ပိုး စက္ကူကို ပဓာန မထားဘူး။ အတွင်း အနှစ်သာရက အဓိက။ တညင်း သီး ကြိုက်တဲ့သူက တညင်းသီးမို့လို့ကို ကြိုက်နေတာ၊ ငါးပိကြိုက်တဲ့သူကလည်း ငါးပိမို့လို့ကို ကြိုက်နေတာ။ ပန်းကန်နဲ့ပဲ ထည့်ထားထား၊ နှုတ်ခမ်းပဲ့ ကြွေရည်သုတ် ဇလုံနဲ့ ထည့်ထားထား၊ ယုတ်စွအဆုံး ဖက်နဲ့ပဲ ထည့်ထားထား၊ ကိုယ် ကြိုက်တာလေးမို့ကို စားချင်တာ၊ မစားရ မနေနိုင်တာ။

အချစ်… အချစ်… ဪ… အချစ်
တော်တော် ကဗျာဆန်တဲ့သူပဲနော်… အချစ်ကို တညင်းသီးနဲ့ နှိုင်းလို နှိုင်း၊ ငါးပိနဲ့ နှိုင်းလိုနှိုင်းနဲ့ဆိုပြီး စာဖတ်သူ လူကြီးမင်း မဲ့များနေမိသလားဗျာ။

ဟုတ်ကဲ့… အချစ်ကို အဲသလိုကို နှိုင်းလိုက်မှ မျက်စိထဲ ကွင်းကွင်းမြင်၊ နားထဲ ဆတ်ဆတ်ရောက်မှာမို့ အဲဒါတွေနဲ့ နှိုင်းချလိုက်ရတာပါ။
ခေတ်အဆက်ဆက် ချစ်ကြ၊ လွမ်းကြသူတွေမှာက အပေါ်ယံ စက္ကူတို့၊ ထည့်ထားတဲ့ ပန်းကန်တို့အပေါ်မှာ သိပ်အာရုံများတတ်ကြပါတယ်။ ကျွန်တော်လည်း ဘာသားနဲ့မှ ထုမထားတဲ့ လူသားမို့ နုစဉ်အခါက ချစ်ခဲ့ဖူးတာများ နည်းမှတ်လို့လေ။ စာတစ်အုပ်တောင် ရေးထုတ်ယူရတဲ့အထိပါပဲ။
သို့သော် အဲဒီ့အထဲမှာ အများစုက အပေါ်ယံ ထုပ်ပိုးစက္ကူတွေကို မက်မိတာက များပါတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ အဟုတ်မှတ်လို့ပေါ့ဗျာ။ တကယ်လည်း ခွာကြည့်တော့မှ ကျွန်တော် ဘယ်လိုမှ မစားတဲ့ ငါးပိတွေ ဖြစ်လိုဖြစ်နေ၊ ကျွန်တော် ဘယ်လိုမှ မစားတဲ့ အဆိမ့်လုံးဝ မပါသော ချိုရဲရဲ မလိုင်လုံးတွေ ဖြစ်နေတာနဲ့ ကြုံရတာလည်း ခဏ ခဏပါ။

သို့သော် ကံကောင်း အကြောင်းလှတဲ့အတွက် ကျွန်တော့်ဘဝမှာ အချစ်နဲ့ တွေ့ရပါတယ်။ အဲဒီ့ အချစ်ကြီး ကိုယ့်ဆီမှာ ရှိနေမှန်း သိတာ အသက် ၄၀ နားရောက်တော့မှပါ။ အဲ… နေဦးဗျ။ စကားပြင်ပြောမှ ဖြစ်လိမ့်မယ်။ ကိုယ် ချစ်လို့ ရယူထားမှန်း ကိုယ့်ဘာသာ သိတော့တာ အသက် ၄၀ နား ရောက်တော့ မှဖြစ်ပါတယ်။

ကျွန်တော်က ထုပ်ပိုးစက္ကူတွေ၊ ပန်းကန်တွေနောက်ကို ကောက်ကောက် ပါအောင် လိုက်ခဲ့သူဖြစ်လင့်ကစား ကျွန်တော့်ချစ်သူ “လိုင်လာ”ကတော့ သာမန် ရွက်ကြမ်းရေကျိုမျှသာ ဖြစ်ပါတယ်။ ဒါပေမယ့် သူက ကျွန်တော့်မျက်စိထဲမှာ သိပ်လှနေခဲ့ပါတယ်။ ဒါ့ကြောင့် သူနဲ့ လက်ဆက်ခဲ့ပါတယ်။ ဒါပေသိ အဲဒါက မသိစိတ်နဲ့ပါ။

တကယ့် အသိစိတ်နဲ့ သူ တအားလှမှန်း ကျွန်တော် သိခွင့်ကြုံတာကတော့ ၄၀ နားကပ်တော့မှသာဖြစ်ပါတယ်။

နိဂုံး
ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အချစ်ဆိုတိုင်း မယုံစေချင်သေးပါဘူး။ တပ်မက်စွဲလန်းစိတ်ဟာလည်း မာဂျနူး ရူးသလို ရူးသွားစေနိုင်ပါ သေးတယ်။

တကယ့်အချစ်အတွက်က အကြောင်းသိဖို့ လိုပါတယ်။ သည်အတွက် ပေါင်းကြည့်ရမှာပါ။ ပေါင်းကြည့်တယ်ဆိုတာကို တလွဲ မတွေးစေချင်ပါဘူး။ မိတ်ဆွေ သူငယ်ချင်းတွေလို တရင်းတနှီး လုံးလားထွေးလားနေကြည့်ပြီးမှ အတွင်း အနှစ်သာရကို မြင်သိနိုင် ခံစားနိုင်မှာပါ။ အဲဒီ့အချိန်ကျတော့မှ အပေါ်ယုံ ထုပ်ပိုးစက္ကူတွေ ပြေသွားမှာပါ။

အဲတော့ တစ်ယောက်ယောက်ကို ချစ်မိပြီဆိုရင် ငါချစ်တာ အနှစ်လား၊ အကာလားဆိုတာ ဦးနှောက်လေးနဲ့ ချင့်ချိန်ကြည့်တော်မူကြစေချင်ပါတယ်။ အကာကို ချစ်နေမိတာမှန်း သတိထားမိရင် မချစ်နဲ့လို့ မတားပါဘူး။ ချစ်နိုင်ပါတယ်။ သို့သော် အကြောင်းဆက် ပေါင်းဖက်ဖို့အထိ အလောတကြီး မစဉ်းစားသေးဘဲ အနှစ်ကို မြင်လာရအောင် ထဲထဲဝင်ဝင် ပေါင်းသင်း ဆက်ဆံကြည့် စေချင်ပါတယ်။

အဲသလို ပေါင်းကြည့်နေခိုက်မှာ စကားလည်း မလွန်၊ လူလည်း မကျွံ အောင် ကိုယ်ရှိန်သတ်တတ်ဖို့လည်း အရေးကြီးပါတယ်။

အချိန်လေးတစ်ချိန် ရောက်လာ၊ သာမန်အားဖြင့် သုံးနှစ်လောက် အချိန် ယူပြီးသွားတဲ့အခါ အကာကိုလည်း သဘောကျ၊ အနှစ်ကိုလည်း ကိုယ့်ဘက်က လက်ခံနိုင်ပြီဆိုတာ သေချာတဲ့အခါကျတော့မှ ကျန်တာတွေ ဆုံးဖြတ်ရင် အမှား နည်းပြီး စိတ်ချမ်းသာစရာ ဘဝလမ်းကို လျှောက်လှမ်းနိုင်ကြမှာပါ။

ဒါ ကျွန်တော့်ကိုယ်တွေ့နဲ့ ပြောတဲ့ စကားပါ။ ကျွန်တော်တို့ အိမ်ထောင်သက်ဆိုရင် နှစ်အစိတ်ကို ကောင်းစွာ ကျော်လွန်လာခဲ့ပါပြီ။ အောင်မြင်တဲ့ အိမ်ထောင်ရေး၊ ချမ်းမြေ့တဲ့ အိမ်ထောင်ရေးဆိုရင် ကျွန်တော့်အကြောင်းသိတွေ က အံ့ဩကြပါလိမ့်မယ်။ သည်လောက်တောင်မှ ဣနြေ္ဒမရတဲ့ ကောင်စားမျိုးက ဘယ့်နှယ်က ဘယ့်နှယ် ဣနြေ္ဒရတဲ့ အိမ်ထောင်ရေးကို ရသွားတာလဲလို့ တွေးနေကြမှာပါ။

အမှန်တော့ ကျွန်တော်က ဦးနှောက်ကို သုံးပြီး အိမ်ထောင်ရေးကို တည်ဆောက်ခဲ့တာပါ။ ပြောလက်စနဲ့ ပြန်ချိတ်ရရင်တော့ အကာထက် အနှစ်၊ ထုပ်ပိုး စက္ကူထက် အတွင်းသားကို ပိုပြီး အလေးထား ရွေးချယ်ခဲ့လို့ အခုလို ပြောနိုင်လာရတာလည်းပဲ ဖြစ်ပါတယ်။

သည်တော့ကာ အိမ်ထောင်မရှိသေးသူများ၊ အိမ်ထောင်ပြုဖို့ တာစူနေသူများကို သည်တစ်လအထိမ်းအမှတ်အဖြစ် စကားလက်ဆောင်လေး ပေးလိုက် ချင်ပါတယ်။

ထုပ်ပိုးစက္ကူနဲ့ အတွင်းသား၊ ကွဲပြားအောင် ခွဲပြီး ချစ်တတ်ပါလေမှ တစ်ဘဝစာ စိတ်ချမ်းသာရမယ်ဆိုတဲ့အကြောင်း…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်
(ရန်ကုန် – ၂၀၁၂၁၃)

(၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလထုတ် Fashion Image မဂ္ဂဇင်း)

 

Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: