Skip to content

အိမ်တော်ပါရဲ့ အဆုံး

18 March 2014

အစထုတ်သွားတဲ့ အဆုံး

ကလလရေကြည် တည်လေပြီ

ပြီးခဲ့တဲ့လက ဖော်ပြခဲ့တဲ့ “သည်ရွေးကောက်ပွဲက ကောင်းကောင်းကြီး အလုပ် အကျွေးပြုလိုက်လေတဲ့ အိမ်တော်ပါ” (မဖတ်ရသေးရင် လင့်(ခ်)ကို နှိပ်ကြည့်လိုက်လို့ရပါတယ်။) အသားပေးဖော်ပြချက် သတင်း ဆောင်းပါးက ဆောင်းပါးကောင်းလေး တစ်ပုဒ်ပါပဲ။ အလွယ်ပြောရရင် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ အိမ်ဖြူတော်မှာ စားပွဲထိုးအဖြစ် ၃၄ နှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ လူမည်းတစ်ယောက်ရဲ့ ဘဝပေါ့။ ဒါကို ဆောင်းပါး ရှင်က ဝေဝေဆာဆာ ဖော်ပြခဲ့တယ်။ အဲဒီ့လူ အိမ်ဖြူတော်မှာ ရှိနေခဲ့တဲ့ ဆယ်စု နှစ် သုံးစုအတွင်းက သမ္မတအဆက်ဆက်၊ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးသမိုင်း အပြောင်းအလဲများ၊ အထူးသဖြင့် အဲဒီ့ စားပွဲထိုးရဲ့ ဇာတိ ဖြစ်လေတဲ့ လူမည်းတို့ရဲ့ အခြေအနေ အပြောင်းအလဲများကို နောက်ခံအဖြစ် အသုံးပြုပြီး ကျကျနန ရေးပြသွားတာလေးကို နှစ်လိုဖွယ်ရာပါ။

ရုပ်ရှင်ဆိုတာက လူအများ စိတ်ဝင်စားလောက်၊ ဘဝင်ခွေ့လောက်မယ့် ဇာတ်လမ်းကို ရှာဖွေရတယ်။ ဟောလီးဝု(ဒ်) ရုပ်ရှင်လောကမှာက အပြိုင်အဆိုင်တွေက တင်းကျမ်း။ ကမ္ဘာကို ချပြရတဲ့ ရုပ်ရှင်။ တော်ရိလျော်ရိ ရိုက်ပြလို့ မရ ဘူး။ သည်တော့ ဇာတ်လမ်းတွေကို အတတ်နိုင်ဆုံး ဆန်းကျယ်အောင် စဉ်းစားကြရတယ်။ ဟာသဆိုလည်း ဟာသ ပီပီပြင်ပြင်၊ အလွမ်းဆိုလည်း မျက်ရည် ပေါက်ပေါက်ကျ၊ အပစ်အခတ် အညှစ်အသတ်ဆိုလည်း တကယ့်ကို ဆန်းကျယ်အောင် ရိုက်ပြနိုင်ပါမှ ရုပ်ရှင်လောကမှာ ရပ်တည်နိုင်မှာ။ သည်တော့ ရုပ်ရှင်ကား တစ်ကားကို ရိုက်ကူးထုတ်လုပ်ချင်သူတွေအနေနဲ့က ဇာတ်လမ်းကို မနားမနေ ရှာကြရတယ်။ ခေါင်းခြောက်ရုံမက ဦးနှောက်တွေ ပွက်ပွက်ဆူတဲ့အထိ စဉ်းစား ကြရတယ်။

သည်မှာတင် ဇာတ်ဆရာတစ်ယောက်က အဲဒီ့သတင်းဆောင်းပါးကို မျက်စိကျသွားတယ်။ ဇာတ်လမ်းတော့ တွေ့ပြီပေါ့။

သည်သတင်းဆောင်းပါးကို ဘယ်လိုလုပ် ရုပ်ရှင်ရိုက်မလဲဆိုတဲ့အခါမှာတော့ ပညာသားက ပါလာပါပြီ။

သာမန်ပြောရင် လူတစ်ယောက်ရဲ့ ဘဝဖြစ်စဉ်ပဲ။ ဒါကို ရိုက်ပြရင် ပျင်းစရာကြီးနေမှာရယ်။ အတ္ထုပ္ပတ္တိဆိုတာ စာအုပ်အနေနဲ့ ဖတ်လို့ ကောင်းမှာ ဖြစ်ပေမယ့် ရုပ်ရှင်မှာကျတော့ စာအုပ်လို လက်တွေ့တိုင်း ရေးနေလို့ ဖြစ်တာမှ မဟုတ်တာ။ အကန့်အသတ်တွေ ရှိတယ်။ အဓိကက အချိန် အကန့်အသတ်။ ရုပ်ရှင်တစ်ကားရဲ့ ပျမ်းမျှ အချိန်ဟာ မိနစ် ၁၀ဝ ဝန်းကျင်မှာပဲ ရှိတယ်။ အဲလောက်နဲ့ ပရိသတ် ငြိသွားအောင် လုပ်နိုင်မှ ရုပ်ရှင်ဖြစ်တာ။
အသက် ၈၀ ကျော်တစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိဆိုပြီး နာရီပေါင်း ၈၀ ရိုက်ပြလို့ရတဲ့ အမျိုး မဟုတ်ဘူး။

ဇာတ်ကားနာမည်

ဒါကို ရုပ်ရှင်အဖြစ် ကြည့်လိုက်ရတဲ့အခါမှာတော့ အတော် ဘဝင်ကျစရာ ကောင်းတဲ့ ကားလေးတစ်ကား ထွက်လာပါတယ်။ “အိမ်တော်ပါ”ဆိုတဲ့ နာမည်နဲ့ ဇာတ်ကားပါ။ သို့သော် ဇာတ်ကားနာမည်မှာကိုက ပြဿနာ ရှိနေတယ်။ အမေရိကန်နိုင်ငံ ရုပ်ရှင်အသင်းကြီးဆီကို ကန့်ကွက်မှုတစ်ခုက တက်လာလို့ပါ။ အဲဒီ့နာမည်နဲ့ပဲ အသံတိတ် ဇာတ်လမ်းတိုတစ်ခုကို ၁၉၁၆ ခုနှစ်က ရိုက်ခဲ့ဖူးပါသတဲ့။ အဲဒီ့ ဇာတ်လမ်းတိုက ဘယ်မှာလဲလို့ မေးရင်တော့ ပျောက်သွားပြီဆိုပဲ။

ဒါနဲ့ ဇာတ်ကားနာမည်ကို ပြောင်းဖို့ အကြောင်းဖန်လာတယ်။ ရုပ်ရှင် အသင်းက သည်ပြဿနာကို ဖြေရှင်းပေးပုံက သင်းတယ်။ ဒါရိုက်တာ့ နာမည်ကို “အိမ်တော်ပါ”ရှေ့မှာ ထည့်စေလို့ ဆုံးဖြတ်ပေးလိုက်တာပါ။ သို့သော် ဒါရိုက်တာ့ နာမည်ရဲ့ စာလုံးအရွယ်အစားသည် “အိမ်တော်ပါ”ဆိုတဲ့ စာလုံးအရွယ်ထက် ၇၅ % ငယ်ရမယ်လို့လည်း တစ်ပါတည်း သတ်မှတ်ပေးလိုက်ပါတယ်။

သည်တော့ သည်ဇာတ်ကားရဲ့ နာမည်အပြည့်အစုံက “လီ ဒယ်နစ် ယယ်(လ်)(ဇ်)ရဲ့ အိမ်တော်ပါ” ဖြစ်သွားပါတော့တယ်။

ဇာတ်ညွှန်းပိုင်း

သတင်းဆောင်းပါးကို ၂၀ဝ၈ ခုနှစ် နိုဝင်ဘာမှာ ဖော်ပြခဲ့တယ်။ ရုပ်ရှင်က ၂၀၁၃ ခုနှစ် ဩဂုတ်လထဲကျမှ ရုံတင်ပါတယ်။ အချိန်တွေ အများကြီး ယူခဲ့ရ တာကို သတိထားကြည့်ရင် မြင်ကြမှာပါ။

သည်ဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာက လူမည်းဖြစ်ပေမယ့် ဇာတ်ညွှန်းဆရာကတော့ ၁၉၇၄ ခုနှစ်ဖွား လူဖြူ ဒယ်နီယယ်(လ်) စထရော(န်)(ဂ်) ဖြစ်ပါတယ်။ သူက ခယ်လစ်ဖှောနစ်ယား တက္ကသိုလ်မှာ ရုပ်ရှင်နဲ့ ပြဇာတ်ဘာသာရပ်တွေ သင်ယူခဲ့ဖူးပါတယ်။

သတင်းဆောင်းပါးကို ရုပ်ရှင်အသွင်ပြောင်းတဲ့နေရာမှာ သည်ဇာတ်ညွှန်း ဆရာက ပါးနပ်တယ်။

ရုပ်ရှင်ဇာတ်ကားကောင်း မှန်သမျှမှာ “ပဋိပက္ခ”လို့ ခေါ်တဲ့ “အားပြိုင်မှု”ဟာ မဖြစ်မနေ ပါရတဲ့ အဓိက လိုအပ်ချက်ပါပဲ။ လူဆိုးနဲ့ လူကောင်း၊ ဇာတ်လိုက်နဲ့ ကုန်းရုပ်ဆိုတာ ရုပ်ရှင်ပေါ်ကတည်းက ယနေ့ထက်တိုင် တည်နေဆဲ ဇာတ်ကားတိုင်းရဲ့ မဟာဖော်နည်းကားကြီးပါပဲ။
သတင်းဆောင်းပါးကို သေချာစေ့ငုလိုက်မယ်ဆိုရင် အဲဒီ့ “အားပြိုင်မှု”ကို မြင်သာတယ်။

အိမ်တော်ပါသည် လူမည်း။ သမ္မတအဆက်ဆက်သည် လူဖြူ။ အဓိက ဇာတ်လိုက်ဖြစ်နေလေမယ့် အိမ်တော်ပါ ဖြတ်သန်းခဲ့ရာ ဘဝဖြစ်စဉ်ရဲ့ နောက်ခံကလည်း အမေရိကန်ပြည်ထောင်စုက လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး သမိုင်းကြောင်းကြီး ရှိနေတယ်။ ဒါဟာ အားပြိုင်မှုပဲ။ သို့ပေမယ့် ရုပ်ရှင်အနေနဲ့ ပြရခက်နေတယ်။

ရုပ်ရှင်မှာ အပြင်ပန်း ပဋိပက္ခလောက်နဲ့တင် ရပ်နေလို့က တော်သင့်ရုံ ကားတစ်ကားသာ ဖြစ်လာမှာ။ အပျံစား ကားတစ်ကား ဖြစ်လာဖို့အရေးကျတော့ အတွင်းစိတ် ပဋိပက္ခကို ထည့်ပြနိုင်မှ တန်ကာကျစမြဲဖြစ်ပါတယ်။ သည်အချက် ကို ရုပ်ရှင်သဘောကို နောကျေနေလေတဲ့ ဇာတ်ညွှန်းဆရာက သဘောပေါက်နေမှာ သေချာပါတယ်။

သတင်းဆောင်းပါးပါ အားပြိုင်မှုက ဆိုခဲ့သလို ရုပ်ရှင်အဖြစ် ရိုက်ပြရခက်နေသလို အပြင်ပန်း ပဋိပက္ခပါ။ ဇာတ်ဆောင်ရဲ့ ရင်ထဲမှာ အတွင်းစိတ် ပဋိပက္ခ မရှိနိုင်ဘူးလား၊ သိပ်ရှိနိုင်တာပေါ့။ သို့သော် အဲဒါကို ပရိသတ်မြင်သာ ထင်သာ အောင်၊ ပရိသတ် ရင်ဘတ်နဲ့ ခံစားသွားရအောင် ဘယ်လိုပြမလဲ။
ဇာတ်ညွှန်းဆရာက သူ့ရဲ့ အနုပညာလုပ်ပိုင်ခွင့်တွေကို အပြည့်အဝ အသုံးချလိုက်တယ်။ မူရင်း အိမ်တော်ပါ ယူဂျီး(န်)ရဲ့ နာမည်ကို မသုံးတော့ဘူး။ သူ့ စိတ်ကူးနဲ့သူ ဇာတ်ရုပ်သစ်တစ်ရုပ် ဖန်တီးပစ်လိုက်တယ်။ ပြီးတော့ ယူဂျီး(န်)ရဲ့ ဘဝထဲမှာ ဇာတ်ကောင်တွေ ထပ်ဖြည့်လိုက်တယ်။

သတင်းဆောင်းပါးထဲက အိမ်တော်ပါမှာက သားတစ်ယောက်ပဲ ရှိတယ်။ ဇာတ်ညွှန်းဆရာ ပုံပွားယူလိုက်တဲ့ အိမ်တော်ပါမှာကျတော့ သားနှစ်ယောက်နဲ့ ဖြစ်သွားတယ်။

သားကြီးကို လူမည်းအခွင့်အရေး တိုက်ပွဲဝင်ရာမှာ လှုပ်ရှားတက်ြွကသူ အဖြစ် ပုံဖော်ပစ်လိုက်တယ်။ အဖေလုပ်တဲ့ သူကိုတော့ သားကို ပညာတတ် ဖြစ်စေချင်သူ၊ သူ့အလုပ်က လွဲရင် နိုင်ငံရေးကို စိတ်မဝင်စားသူ တစ်ယောက်အဖြစ် ပုံဖော်လိုက်တယ်။ သည်မှာတင် အပြင်ပန်း အားပြိုင်မှုက ထင်းထင်းကြီး ထွက်ချလာပါတော့တယ်။

စိတ်ဝင်စားစရာ ကောင်းတဲ့အချက်က ရုပ်ရှင်ရဲ့ လူဆိုး-လူကောင်း ဖော်နည်းကားကို သည်ပုံနဲ့ ဖန်တီးလိုက်တဲ့အခါ သားနဲ့အဖေဟာ လူဆိုး တစ်လှည့်၊ လူကောင်းတစ်လှည့် ဖြစ်နေတဲ့ အားပြိုင်မှုကို အလိုလို ရလာတာပါပဲ။ ဖအေ့အတွက် သားသည် လူဆိုး ကုန်းရုပ်ဖြစ်နေနိုင်သလို သားအတွက် ဖအေသည်လည်း လူဆိုးဖြစ်နေနိုင်ပြန်တာကိုး။

သည်နေရာမှာ ဇာတ်ကောင်စရိုက်တွေက သိပ်ကို စကားပြောလာတယ်။ သရုပ်ဆောင်တွေရဲ့ သမ္ဘာနဲ့ ပညာတွေကလည်း စကားပြောလာလိမ့်မယ်။
သည်လို အားပြိုင်မှုကို ဖန်တီးလိုက်တဲ့အတွက် အတွင်းစိတ် ပဋိပက္ခအားပြိုင်မှုကလည်း အလိုလို ပေါ်ပေါက်လာတယ်။ သားတစ်ယောက်ကို ချစ်တဲ့ ဖခင်ရဲ့ မေတ္တာ၊ တစ်နည်းပြောရရင် နှလုံးသားက တစ်ဖက်၊ ကိုယ်ဖြစ်စေချင်သလို သားက ဖြစ်မလာဘဲ သူထင်သလိုတွေ လျှောက်လုပ်နေတဲ့အတွက် ဖြစ်လာရတဲ့ ဒေါသနဲ့ ဒေါမနဿ၊ တစ်နည်းပြောရရင် နှလုံးသားထဲက နောက်ထပ် ခံစားချက်က တစ်ဖက်။ အဲဒီ့နှစ်ဖက်ကြားမှာ ဇာတ်လိုက်က ဗျာများနေပြီ။

ဒါဟာ ရုပ်ရှင်ဇာတ်ညွှန်းကောင်းတစ်ပုဒ်ရဲ့ အသက်ဖြစ်လေတဲ့ “အားပြိုင် မှု ပဋိပက္ခ”ကို အခိုင်အမာ တည်ဆောက်လိုက်နိုင်တာပါပဲ။

သရုပ်ဆောင်များ

ဇာတ်ကားအတွက် သရုပ်ဆောင်ရွေးတာလည်း အတော့်ကို ကောင်းသွားတယ်။

အဓိက ဇာတ်ရုပ်နေရာမှာ “စခါ့ထလယ်(န်)(ဒ်)ရဲ့ နောက်ဆုံးဘုရင်” ဇာတ်ကားနဲ့ ၂၀ဝ၇ ခုနှစ်မှာ အကယ်ဒမီ ရခဲ့သူ ဖှောရက်(စ်)(ထ်) ဝစ်ထိတ်ခါကို ရွေးချယ်လိုက်ပါတယ်။ လူမည်း သရုပ်ဆောင်ထဲမှာမှ ရူပါရော၊ ကိုယ်လုံး ကိုယ်ဖန်ပါ သိပ်ပုံမလာတဲ့ သရုပ်ဆောင်ပါ။ သို့သော် သရုပ်ဆောင်ပညာမှာတော့ သူလည်း ဧတဒဂ်ပါပဲ။ သည်ဇာတ်ကားမှာ သူ့ရဲ့ မျက်လုံးအကြည့်တွေ နဲ့ သရုပ်ဆောင်သွားပုံတွေကို ကြည့်ရင် သိသာပါလိမ့်မယ်။

သူ့ဇနီးနေရာမှာတော့ နာမည်ကျော် အော်ပရာ ဝင်းဖှရေးကို ရွေးချယ် ထားလိုက်ပါတယ်။ သူကလည်း သရုပ်ဆောင်ရာမှာ တော်လွန်းလှတာမို့ သည်ကားမှာ အော်ပရာ ဝင်းဖှရေးဆိုတာကို လုံးလုံး မေ့သွားပြီး ဇာတ်ကားထဲက “ဂလိုရီယာ”ဆိုတဲ့ မိန်းမကြီးလို မြင်လာတဲ့အထိပါပဲ။ သူ့သားကြီးကို ပါးချလိုက်တဲ့အခန်းကလည်း အတော့်ကို အသက်ဝင်ပါတယ်။

အခန်းနှစ်ခန်းလောက်ပဲ မထင်မရှား ပါရတဲ့ နေရာမှာ နာမည်ကျော် အဆိုတော် မရိုင်ယာ ခါရေးကို တွေ့လိုက်ရပြန်တယ်။ စကားတစ်ခွန်းမှ မပြောဘဲ မျက်နှာပေးသက်သက်နဲ့ သရုပ်ဆောင်သွားတာပါ။ အဲဒါတောင်မှ ကောင်း နေတယ်ဆိုရင် သည်ဇာတ်ကားတစ်ကားလုံးရဲ့ သရုပ်ဆောင်ပိုင်းမှာ ဘဝင်မကျစရာ မရှိသလောက်လို့ ဆိုနိုင်သွားမယ် ထင်ပါတယ်။

သမ္မတ အိုင်ဆင်(န်)ဟောင်ဝါ နေရာမှာ နာမည်ကျော် သရုပ်ဆောင် ရော်ဘင်(န်) ဝစ်လျံ(မ်)(ဇ်)ကို တွေ့ရသလို နစ်(ခ်)ဆင်(န်)နေရာမှာလည်း ဂျော်(န်) ခူးဆက်(ခ်)ကို တွေ့ရပါတယ်။ ဂျိန်း ဖှော်(န်)ဒါက နယ်(န်)ဆီ ရီဂင်(န်) ပေါ့။

ဒါတွေကို မြင်ရတဲ့အခါ အခန်းသိပ်မများသည့်တိုင် နာမည်ကျော် သရုပ်ဆောင်တွေ ဝင်သရုပ်ဆောင်ပေးခဲ့ကြတာ၊ ကိုယ်ပါသလောက် အခန်း နည်းနည်းလေးကိုပဲ အပီပြင်ဆုံး အားထုတ်ခဲ့ကြတာတွေကို သတိမထားမိဘဲ မနေနိုင် အောင်ဖြစ်ခဲ့ရတယ်။ ရုပ်ရှင်ကားတစ်ကား ကောင်းမွန်ရေးဟာ အားလုံး ကောင်းမှ ဖြစ်မယ်၊ ငါတကော ကောလို့ မရဘူးဆိုတာကို အားလုံးက ပပ်ပပ် နပ်နပ် နားလည် သဘောပေါက်နေတဲ့ သာဓကလို့ဆိုရင် လွန်မယ် မထင်ပါဘူး။

ခယ်နယ်ဒီ၊ နစ်(ခ်)ဆင်(န်)၊ ရီဂင်(န်)တို့ကို စာနယ်ဇင်းတွေက တစ်ဆင့် ရင်းရင်းနှီးနှီးမြင်ဖူးထားတာမို့ အဲဒီ့နေရာက ဇာတ်ရုပ်တွေကို ကြည့်ရတဲ့အခါ နည်းနည်းတော့ ပေါ့နေတယ်။ တူမှ မတူတာကိုး။ ခယ်နယ်ဒီနဲ့ နစ်(ခ်)ဆင်(န်) ဆိုရင် တကယ့်လူတွေထက် ပိုချောနေတယ်။ ရီဂင်(န်)ကျပြန်တော့လည်း တကယ့် ရီဂင်(န်)က ဟန်ပိုများတယ်။ ဂိုက်ပိုကောင်းတယ်။

ကန့်လန့်ကာ နောက်ကွယ်

ဆယ်စုနှစ် သုံးစုကျော်အတွက်မို့ သရုပ်ဆောင်တွေရဲ့ မိတ်ခပ်(ပ်)နဲ့ အဝတ် အစားကလည်း အရေးကြီးသွားရပြန်ပါတယ်။

သရုပ်ဆောင်တွေကို အရွယ်ချလိုက်တဲ့ မိတ်ခပ်(ပ်)တွေက အံ့ဘနန်းပါပဲ။ အသေးစိတ်တွေကို ပေါ်လွင်အောင် လုပ်နိုင်ကြပါတယ်။ လည်ပင်းက အရေ ပြားတွေ တွန့်အောင် လုပ်ပြထားတဲ့အထိ လက်ကြားမယိုဘူး။ အဝတ်အစားပိုင်းမှာလည်း သက်ဆိုင်ရာ ခေတ်များအလိုက် ဖြစ်ပါတယ်။

အဓိကသရုပ်ဆောင် ဖှောရက်(စ်)(ထ်) ဝစ်ထိတ်ခါရဲ့ အသံတောင်မှ ဘယ်လို လုပ်ထားတယ် မသိဘူး။ ပကတိ အဘိုးကြီးအိုသံ ဖြစ်နေတာက အမှတ်ထင်ထင်ပါ။

နောက်ခံ သီချင်းတွေအားလုံးဟာလည်း အဲဒီ့ ဆယ်စုနှစ် သုံးခုစာအတွင်း ကျော်ကြားခဲ့တဲ့ သီချင်းတွေထဲက ဇာတ်နဲ့ လိုက်ဖက်မယ့် သီချင်းတွေကိုပဲ ရွေးချယ် အသုံးပြုသွားတာ ကြားလိုက်ရတယ်။ နေရာဒေသတွေ၊ ကားတွေဆို တာတော့ မပြောပါနဲ့တော့။

ခြုံပြောရရင်တော့ တော်တော်လေး ကြည့်လို့ ကောင်း၊ ရင်ထဲ ငြိစေတဲ့ ဇာတ်ကားလေး တစ်ကားပါပဲ။

ပြသချိန် ၁၃၂ မိနစ် ရှိပါတယ်။ နှစ်နာရီ ၁၂ မိနစ်ပေါ့။ သို့သော် တစ်ခန်းမှ အိုင်မသွားပါဘူး။ ပြောမယ်ဆိုရင်တော့ တချို့အခန်းတွေက မလိုအပ်ဘူးလို့ ခံစားမိရပါတယ်။ အထူးသဖြင့် ဇနီးသည်လုပ်သူ အရက်သောက်၊ ဖောက်ပြန်တဲ့ အခန်းတွေပေါ့။ ဇာတ်ကို မနာနာအောင် ဇွတ်လုပ်သလို ဖြစ်နေပါတယ်။ သူတို့လည်း တစ်ခါတလေတော့ လက်လွန်သွားတယ် ထင်ပါရဲ့။ အဲဒါတွေကို ဖြတ်လိုက်မယ်ဆိုရင် ပိုပြီး ကျစ်လစ်သပ်ရပ်သွားမှာပါ။

စရိတ်အားဖြင့် သည်ကားတစ်ကားလုံးအတွက် အမေရိကန် ဒေါ်လာ သန်း ၃၀ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ ပြန်ရတာကတော့ ၁၆၇ သန်းခွဲတောင် ဆိုတော့ ပေါက်တယ်လို့ ဆိုနိုင်ပါတယ်။ သူတို့ဆီက ဝေဖန်ရေးဆရာတွေက လည်း သည်ကားနဲ့ ပတ်သက်လို့ အကောင်းပဲ ရေးကြပါတယ်။
သို့သော် သမိုင်းကြောင်းနဲ့ ပတ်သက်လို့ အလွဲတွေကိုလည်း ထောက်ပြကြတယ်။ သည်ဇာတ်ရဲ့ အဓိက ဇာတ်ရုပ်ဖြစ်တဲ့ “အိမ်တော်ပါ” လူမည်း ဖြစ်တဲ့ အချက်တစ်ချက်သာ မှန်ပြီး ကျန်တာတွေ အားလုံးနီးပါး လွဲနေပါတယ်ပေါ့။ “အိမ်တော်ပါ” ကလေးအရွယ် ငယ်ဘဝတုန်းက သူ့မိခင်ကို လူဖြူ ခြံရှင်က အဓမ္မကျင့်တာ၊ သူ့အဖေကို ပစ်သတ်လိုက်တာများဟာ ဇာတ်မနာနာအောင် လုပ်ထားတာသာ ဖြစ်ပြီး တကယ့် “အိမ်တော်ပါ”ရဲ့ ဘဝမှာ အဲဒါမျိုး မဟုတ်ခဲ့ဘူးဆိုတာအထိ ပြောကြပါတယ်။

သို့သော် ဇာတ်ဆရာတွေက လျင်ပါတယ်။ သူတို့က အဲဒီ့လူရဲ့ နာမည်ကို ပြောင်းထားလိုက်တဲ့အပြင် ငယ်ဘဝ ချက်မြှုပ်နေရာကိုတောင် လွှဲထားလိုက်တော့လည်း ကိစ္စက အတော်ပြတ်နေပြီးသားပါ။

အပြောခံရဆုံးကတော့ သမ္မတ ရီဂင်(န်)က အိမ်ဖြူတော်က လူမည်း ဝန်ထမ်းတွေအပေါ် ဘာသိဘာသာပဲ နေခဲ့တာ မဟုတ်ဘူးလို့ ရီဂင့်(န်)သားက ဆိုသလို ရီဂင့်(န်)ကို အိမ်ဖြူတော် ဝန်ထမ်းတိုင်းက ချစ်ခင်ကြတယ်လို့လည်း အတ္ထုပ္ပတ္တိရေးဆရာ တစ်ယောက်က အကျောက်အကန် ပြောခဲ့ပါသေးတယ်။ ဇာတ်ကားထဲမှာ တောင်အာဖရိကနိုင်ငံက လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်ဖို့ အတွက် အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူမှုတွေ လုပ်မှာကို ရီဂင်(န်) လက်မခံခဲ့တာဟာလည်းပဲ တောင်အာဖရိကကို ကွန်မြူနစ်တွေ ဝါးမျိုသွားမှာ ဖြစ်လို့သာပဲဆိုပြီး အဲဒီ့ဆရာက လျှောက်လဲချက် ပေးခဲ့ပါတယ်။

နိဂုံး

ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်တာတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အပျော်ကြည့် တော်ရိ လျော်ရိ ရုပ်ရှင်မဟုတ်ဘဲ စွဲမက်ဖွယ်ရာ ကားလေးတစ်ကားလို့ဆိုရင်လည်း မမှားပါဘူး။ ဇာတ်ကားအပြီးမှာ စဉ်းစားစရာလေးတွေ ကျန်ရစ်တာလည်း အမှန်ပါ။

ဇာတ်လမ်းကောင်း တစ်ပုဒ်ရဲ့ အဆုံးဟာ ကြည့်ရှုခံစားသူအတွက် အစဖြစ်ကျန်ရစ်တာလည်း အမှန်ပါပဲ။

အင်္ဂလိပ်ဘာသာနဲ့ ဇာတ်ကားနာမည်က The Butler (အပြည့်အစုံက Lee Daniel’s The Butler) ဖြစ်ပါတယ်။

မကြည့်ရသေးသူများ ကြည့်နိုင်အောင်၊ ကြည့်ပြီးသူများလည်း ပြန်တွေး မြင်ကြည့်နိုင်အောင် စီစဉ် တင်ဆက်လိုက်တာပါပဲ။

အဆစ်

သည်ကားမကြည့်ခင် ရှေ့မှာ တစ်ကားကြည့်ဖြစ်သွားခဲ့ပါသေးတယ်။ ပေါ့aပါ့ပါးပါး အချိန်ဖြုန်းရုံသက်သက် ကြည့်ချင်ရင် ကြည့်လို့အဆင်ပြေတဲ့ကား လေးတစ်ကားပါပဲ။ ဘာအနှစ်အသားမှတော့ သိပ်မပါပါဘူး။ အပျော်ကြည့် ကားတစ်ကားအနေနဲ့တော့ နိပ်ပါတယ်။

အဲ… သို့သော် သူက “အိမ်တော်ပါ”ထက်တောင် ဝင်ငွေကောင်းတဲ့ ကားခင်ဗျ။ အရင်းက အမေရိကန်ဒေါ်လာ ၄၃ သန်း။ ပြန်ရငွေက သန်း ၂၃၀ တောင် ရှိပါသတဲ့။

နာမည်ကျော် သရုပ်ဆောင် စန္ဒြာ ဘွတ်လော့(ခ်) ခေါင်းဆောင်ပါဝင်တဲ့ ဟာသ ဇာတ်မြူးပါ။ ၂၀၁၃ ခုနှစ်က ထွက်သွားတဲ့ The Heat ဆိုတာပါပဲ။
အဓိက ဖော်ပြခဲ့တဲ့ “အိမ်တော်ပါ“” ဇာတ်ကားနည်းတူ မောင်နဲ့နှမ၊ သားနဲ့အမိ အတူတူ ထိုင်ကြည့်လို့ရတဲ့ ရုပ်ရှင်ဖြစ်ပါကြောင်း။

နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ
မန်တာခမ်း
(ရန်ကုန် – ၂၅၀၁၁၄)

၂၀၁၄ ခုနှစ် မတ်လထုတ် “စုံနံ့သာ”မဂ္ဂဇင်း
Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: